← Chapters

အစောင့်များ၏ စကားပြောဆိုမှုနှင့် မိဘများသေဆုံးမှု၏ အကြောင်းအရင်း

Vol. 8 Ch. 74

အစောင့်များ၏ စကားပြောဆိုမှုနှင့် မိဘများသေဆုံးမှု၏ အကြောင်းအရင်း

Vol. 8 Ch. 74

"ဒါက ယစ်မူးပျော်မွေ့ ခံတပ်လား။"

လုချင်းသည် သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ရပ်ကာ ရှေ့မှခံတပ်ကို သူ၏မျက်လုံးများတွင် လျှို့ဝှက်ဆန်းကြယ်သောအမူအရာဖြင့် ကြည့်နေသည်။

ရှောင်လီကတော့ သူ၏ပခုံးပေါ်တွင် ထိုင်နေပြီး ၎င်း၏အနက်ရောင်ပုံရိပ်မှာ သစ်ပင်၏အရိပ်နှင့် ပြီးပြည့်စုံစွာပင် ရောနှောနေလေသည်။

ဈေးကြီးမှထွက်ခွာပြီးနောက် လုချင်းသည် မာကူး၏ညွှန်ကြားချက်များကို လိုက်နာပြီး ချိုင့်ဝှမ်းတစ်ခုထဲတွင် တည်ရှိသော ခံတပ်တစ်ခုကို လျင်မြန်စွာရှာဖွေတွေ့ရှိခဲ့သည်။

သို့သော် သူသည် အလျင်အမြန်မလှုပ်ရှားခဲ့ပေ။ ထိုအစား လုချင်းမှာ ညအချိန်ရောက်မှ ခိုးဝင်ဖို့ စီစဉ်ခဲ့သည်။

တိတ်ဆိတ်စွာပင် လုချင်းသည် ခံတပ်၏ဝင်ပေါက်အနီးရှိ သစ်ပင်တစ်ပင်သို့ ရွှေ့သွားပြီး ထိုပေါ်သို့ တက်ကာ တိတ်ဆိတ်စွာဖြင့် ပုန်းအောင်းနေလိုက်သည်။

ချီနှင့်သွေးအဆင့်၏ အောင်မြင်မှုအသေးစားအဆင့်သို့ တက်လှမ်းပြီးနောက် သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမှာလည်း သိသိသာသာပင် တိုးတက်လာခဲ့ပါ၏။

သူ၏အသက်ရှုပုံကိုတောင် တမင်ထိန်းချုပ်ထားသောကြောင့် မည်သူမျှ သူ့ကို မတွေ့ရှိနိုင်ပေ။

ရှောင်လီအတွက်မူ ၎င်း၏စွမ်းအင်များကို ပြောစရာပင် မလိုပေ။

ညဝိညာဉ်ကြောင်မြီးတိုသည် သဘာဝအလျောက် အမဲလိုက်သူဖြစ်ပြီး ၎င်း၏ပုန်းအောင်းနိုင်စွမ်းသည် လူသားများထက် များစွာသာလွန်လှပါသည်။

အကယ်၍ ၎င်းသာ အမှန်တကယ်ပုန်းအောင်းလိုပါက အနီးကပ်အကွာအဝေးမှပင် တွေ့ရှိရန် ခက်ခဲပေလိမ့်မည်။

အကယ်၍ လုချင်းသည် ရှောင်လီ၏တည်နေရာအတိကအကျကိုသာ မသိပါက သူပင်လျှင် လှည့်ဖြားခံရပေလိမ့်မည်။

ဖြစ်နိုင်သည်မှာ သူတို့သည် ပြဿနာကို ဘယ်တော့မှမမျှော်လင့်သောကြောင့် ခံတပ်၏ကာကွယ်ရေးသည် အတော်လေးကို လျော့ရဲနေလေ၏။

ဝင်ပေါက်တွင် လူနှစ်ဦးဖြင့်သာ ပေါ့ပေါ့တန်တန်နှင့် လျော့ရဲစွာ အစောင့်ချထားသည်။

လုချင်းသည် သူ၏နတ်မျက်စိစွမ်းရည်ကို အသုံးပြု၍ စစ်ဆေးကြည့်လိုက်သောအခါ၌ ဤနှစ်ယောက်သည်လည်း ဝံပုလွေနက်ဂိုဏ်း၏အပြင်စည်းအဖွဲ့ဝင်များဖြစ်ကြောင်း သိရှိခဲ့ရပြီး နေရာမှန်ကို ရှာနိုင်ခဲ့ကြောင်းကိုပါ အတည်ပြုနိုင်ခဲ့လေ၏။

လုချင်းသည် သူ၏အသက်ကို အောင့်ထားလျက် ညအချိန်ရောက်သည်အထိ သစ်ပင်ပေါ်တွင်ပဲ တိတ်ဆိတ်စွာဖြင့် ပုန်းအောင်းနေလိုက်သည်။

"သောက်ချီးလိုပဲ။ ပျင်းစရာကောင်းလိုက်တာကွာ ၊ ဘာလို့ ငါတို့ နှစ်ယောက်က ထပ်ပြီးစောင့်ရတာလဲလို့။"

လုချင်းသည် သူ၏မျက်လုံးများကို မှိတ်ပြီး အနားယူတော့မည့်အချိန်တွင် ရုတ်တရက်အစောင့်တစ်ဦးက စိတ်ပျက်စွာဖြင့် တံတွေးထွေးလိုက်သည်ကို ကြားလိုက်ရသည်။

ထိုစဉ် အခြားအစောင့်က ပျင်းရိစွာဖြင့် ပြန်ဖြေလာခဲ့သည်။ "တိုးတိုးသာသာလုပ်ပါဟ။ ငါတို့က ဒီမှာအတွေ့အကြုံအနည်းဆုံးပဲလေ။ ငါတို့ မစောင့်လို့ ဘယ်သူက လာစောင့်မှာလဲ။"

ပထမအစောင့်ကတော့ မကျေမနပ်ဖြစ်နေဆဲပင်။ "ဒါဆိုရင် အဲ့ဒီခွေးယုတ်မာလေး အားကုံကကျ ဘာလို့ အထဲထဲမှာ ပျော်နေရတာလဲ။"

ဒုတိယအစောင့်က ဆက်ပြောသည်။ "သူ့အစ်မက အခု ငါတို့ခံတပ်ရဲ့ ထိပ်တန်းလေ။ ငါတို့က အဲ့ဒါနဲ့ ယှဉ်လို့ရမလားကွ။"

ပထမအစောင့်က လှောင်ရယ်လိုက်သည်။ "ထိပ်တန်းဟုတ်လား။ ငါ့ဖင်ကိုပဲ ထိပ်တန်းနေလိုက်။ ဒီတိုင်း ပြည့်တန်ဆာတစ်ယောက်ပဲဟာကို၊ သူ့ဟာသူ အထက်တန်းပြည့်တန်ဆာတစ်ယောက်လို ဟန်ဆောင်နေတာလေ။ ပြီးတော့ ငါ ကြားတာတော့ အားကုံရဲ့အစ်မကို သူတို့မိဘတွေက ငါတို့ဆီကို ရောင်းလိုက်တာတဲ့။ အဲ့ရောင်းလို့ရတဲ့ပိုက်ဆံနဲ့ ဘာလုပ်တယ်ထင်လဲ။ အိမ်အသစ်နှစ်လုံးဆောက်တယ်တဲ့လေ။"

"အားကုံက သူ့အစ်မကို ပြန်ရွေးဖို့ မကြိုးစားရုံတင်မကဘူး၊ သူက ဒီကိုလာပြီး အစ်မဆီကနေတောင် အခွင့်အရေးယူနေသေးတယ်လေ။ သူတို့က တကယ်ကို လူတွေမဟုတ်ဘူးကွ။ သူတို့တစ်မိသားစုလုံးကကို လူတွေ မဟုတ်ဘူးဟေ့။"

ထို့နောက်တွင်တော့ ဒုတိယအစောင့်မှာ တိတ်ဆိတ်သွားတော့သည်။

သူကိုယ်တိုင်က လူကောင်းတစ်ယောက်မဟုတ်သော်လည်း သူသည်လည်း အားကုံ၏မိသားစုသည် အမှန်တကယ့်ကို လူမဆန်ကြောင်း ခံစားရသည်။

ထိုစဉ် လုချင်းကတော့ သစ်ပင်ပေါ်မှ တိတ်ဆိတ်စွာဖြင့် နားထောင်နေရင်း အသံတစ်သံမျှမပြုပေ။

အစောင့်နှစ်ဦးသည် အားကုံအကြောင်းဆက်လက်ပြောဆိုဖို့ အရမ်းကို စက်ဆုပ်ရွံရှာလွန်းကြောင့်လား သို့မဟုတ် စိတ်ဝင်စားမှုပျောက်ဆုံးသွားခြင်းကြောင့်လားဆိုတာ မသိရသော်လည်း သူတို့သည် အချိန်အတော်ကြာတိတ်ဆိတ်နေကြသည်။

လုချင်းက သူတို့တွေ တိတ်ဆိတ်နေဦးမည်ဟု ထင်နေစဉ်မှာပဲ ပထမအစောင့်က ထပ်မံပြောလာပြန်သည်။

"ဒါပေမဲ့ ဝမ်ဖူက ပိုကောင်းတယ်၊ သခင်လေး ငါး နဲ့ သခင်လေး ၇ကိုတောင် အမှီလိုက်နိုင်တယ်လေ။ ဘယ်လိုကိစ္စကောင်းပဲဖြစ်ဖြစ် သူက အမြဲ ဝေစုရတယ်။ ငါ ကြားတာတော့ ဒီနေ့မနက်စောစောမှာလည်း သူတို့နဲ့အတူတူ ထပ်ထွက်သွားတယ်တဲ့။ ကြည့်ရတာ နောက်ထပ်အကျိုးအမြတ်ရမဲ့ အလုပ်တစ်ခုခုအတွက် နေမယ်။"

ထိုအခါ၌ လုချင်း၏နှလုံးသားသည် လှုပ်ရှားသွားသည်။ သူတို့ ပြောနေသော သခင်လေး ၅နှင့် သခင်လေး ၇သည် ဟန်လောင်ဝူနှင့် ကျောက်ရှုံးတို့ဆိုတာ လုချင်း သိပါ၏။

ဒုတိယအစောင့်က ပြောလိုက်သည်။ "ငါ အဲ့ဒီကိစ္စကို သိတယ်။ ကျိုးလီရွာမှာ ပြဿနာတစ်ခုခုရှိတဲ့ပုံပဲ။ သခင်လေး ၅က အဲ့ဒါကို ကိုင်တွယ်ဖို့ သွားတာလေ။"

ပထမအစောင့်က စပ်စပ်စုစုဖြင့် မေးလိုက်သည်။ "ကျိုးလီရွာလား။ အဲ့ဒါက အဲ့ဒီအရူးကောင် လုမင်ရဲ့ရွာမဟုတ်လား။ အဲ့မှာ ဘာဖြစ်ခဲ့တာလဲ။"

ဒုတိယအစောင့်က ရှင်းပြလိုက်သည်။ "သခင်လေး ၅တို့က လုမင်ရဲ့လယ်ယာမြေကို ယူဖို့ သွားတာလေ။ ဒါပေမဲ့ ရွာသားတွေက ပိုက်ဆံတချို့ကို သူတို့ကိုယ်တိုင်အတွက် သိမ်းထားတယ်တဲ့။ သခင်လေး ၅တို့ဆီကို အကုန်လုံး မပေးခဲ့ဘူးတဲ့လေ။ အဲ့တာကို သခင်လေး ၅က သိသွားတာ။"

ပထမအစောင့်က တုန်လှုပ်သွားသည်။ "အဲ့ဒီကျိုးလီရွာသားတွေကတော့ သခင်လေး ၅ကို လိမ်နိုင်တဲ့အထိ တော်တော်လေးကို မိုက်ရူးရဲဆန်တာပဲ။ အခု သခင်လေးက သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးနေလောက်ပြီ။ သေချာတယ်။ သူက အလိမ်ခံရတာကို အမုန်းဆုံးပဲလေ။"

ထိုအခါ ဒုတိယအစောင့်က အံ့ဩသွားသည်။ "အဲ့ဒါကြောင့် သခင်လေး ၅နဲ့ သခင်လေး ၇က ဝမ်ဖူနဲ့တခြားသူတွေကို ဒီနေ့မနက်စောစော ခေါ်ထုတ်သွားတာကို။ သူတို့ အခုလောက်ဆို ပြန်ရောက်နေသင့်ပြီမလား၊ ဒါပေမဲ့ ငါတော့ သူတို့ကို မတွေ့သေးဘူးနော်။"

ပထမအစောင့်က လျစ်လျူရှုစွာ ပြောလိုက်သည်။ "သခင်လေး ၅ အပျော်ရှာနေတုန်းမို့နေမှာပေါ့။ သူ စိတ်အခြေအနေမကောင်းရင် လူတွေကို ညှဉ်းပန်းနှိပ်စက်ရတာကို ကြိုက်တယ်ဆိုတာ မင်းလည်း သိသားနှယ့်။ အခုချိန်လောက်ဆို သခင်လေးက အဲ့ရွာသားတွေကို အပြစ်ပေးနေလောက်ပြီ"

ဒုတိယအစောင့်သည်လည်း ထိုသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ထင်သည်။ ခေါင်းဆောင်များထဲတွင် သခင်လေး ၅ သည် ခန့်မှန်းရအခက်ဆုံးနှင့် စိတ်အပြောင်းအလဲအမြန်ဆုံးပင်။

အကယ်၍ သူ ပြန်လာတာနောက်ကျနေပါက သူ့တွင် အကြောင်းပြချက်ရှိပေလိမ့်မည်။ ၎င်းသည် သူတို့ ခန့်မှန်းဖို့ မဟုတ်ပေ။

ပထမအစောင့်က မနာလိုစွာပြောလိုက်သည်။ "ငါတော့ ဝမ်ဖူနဲ့ တခြားသူတွေကို မနာလိုဖြစ်တယ်ကွာ။ သခင်လေး ၅နဲ့အတူတူ ကျိုးလီရွာကို လိုက်သွားကြတော့ သူတို့တွေ ခုချိန်လောက်ဆို ရွာသားတွေဆီကနေ လုထားတဲ့ ပစ္စည်းတွေ အများကြီး ရနေလောက်ပြီလေ။"

ပထမအစောင့်က သက်ပြင်းချလိုက်သည်။ "ငါတို့ကတော့လား၊ အကျိုးအမြတ်မရှိတဲ့ဟာတွေနဲ့ပဲ အချိန်ကုန်နေရတယ်။"

ထိုစကားကြောင့် ဒုတိယအစောင့်မှာ တိတ်ဆိတ်သွားပါ၏။ သူသည်လည်း မနာလိုဖြစ်မိသော်ငြား မတတ်နိုင်ပေ။

ထိုစဉ် လုချင်းသည် သူတို့၏စကားပြောဆိုမှုမှ သတင်းအချက်အလက်များစွာကို စုဆောင်းခဲ့သည်။

သို့သော် သူတို့၏အသံများတွင် မနာလိုမှုကို ကြားလိုက်ရ၍ သူသည် အနည်းငယ်ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။

ဤနှစ်ယောက်သာ ဟန်လောင်ဝူ၏လက်ရှိအခြေအနေကို သိပါက မည်သို့တုံ့ပြန်လောက်မည်ကို သူ တွေးတောလိုက်မိသည်။

အစောင့်နှစ်ဦးသည် သူတို့၏အလုပ်မရှိအကိုင်မရှိ ၊ စကားစမြည်ပြောဆိုမှုကို ဆက်လက်လုပ်ဆောင်နေစဉ် လုချင်းကတော့ ထိုသည်တို့ကို နားထောင်ရင်း ယစ်မူးပျော်မွေ့ ခံတပ်သည် မည်မျှတောင်ယိုယွင်းနေသည်ကို တဖြည်းဖြည်းသဘောပေါက်လာခဲ့သည်။

သူတို့၏စကားပြောဆိုမှုကို ကြားလိုက်ရသဖြင့် သူ၏သတ်ဖြတ်လိုစိတ်မှာလည်း တစ်ဆတစ်ဆဖြင့် တိုးပွားလာသည်။

ထို့နောက် အောက်မှ အစောင့်နှစ်ဦးဆီသို့ ကြည့်နေလေသော သူ၏အကြည့်သည်လည်း အေးစက်သွားတော့သည်။

ဤနှစ်ဦးသည် တံခါးစောင့်များသာ ဖြစ်လောက်သော်လည်း သူတို့၏စကားများမှတစ်ဆင့် သူတို့သည်လည်း လူကောင်းများမဟုတ်ကြောင်းကို လုချင်း သိလိုက်၏။

သူတို့နှစ်ယောက် မကောင်းတာတွေကို မလုပ်သေးသည်မှာ မလုပ်ချင်သောကြောင့် မဟုတ်ဘဲ အခွင့်အခါမပေးသေးသောကြောင့်ပင်။

ဤအခိုက်တွင်တော့ လုချင်းသည် ညတာ လျင်မြန်စွာရောက်ရှိလာဖို့ရန် ပြင်းပြစွာဖြင့် ဆန္ဒရှိလာတော့၏။

All Chapters