ဆူပွက်နေသော သတ်ဖြတ်လိုစိတ်နှင့် သွေးမြေကျသောလမ်း
Vol. 8 Ch. 76
"ဒေါ်လေးကျောင်း၊ သူတို့ကို ဒီလိုသာဆက်ပြီးအငတ်ထားထားရင် သေသွားမှာမဟုတ်ဘူးလား။ ကျွန်တော်တို့ ဒီကောင်မလေးတွေကို ဝယ်ဖို့ ငွေအများကြီးကုန်ထားတာနော်။ တစ်ယောက်လောက် သေသွားရင်တောင် အိမ်တော်ရဲ့အကြီးအကဲတွေက ကျွန်တော်တို့ကို အလွှတ်ပေးမှာမဟုတ်ဘူး။"
အနည်းငယ်မှောင်မိုက်သောအခန်းတစ်ခန်းတွင် ယစ်မူးပျော်မွေ့ ခံတပ်မှ လူမိုက်တစ်ဦးက မေးလိုက်သည်။
"စိတ်မပူနဲ့၊ ငါ့မှာ အတွေ့အကြုံရှိပါတယ်။ ဒီကောင်မလေးတွေက အရမ်းခေါင်းမာတယ်လေ။ သူတို့ကို လိမ္မာလာတဲ့အထိ အငတ်မထားရင်၊ သူတို့ရဲ့ပုန်ကန်လိုစိတ်ကိုလည်း ဖျောက်နိုင်မှာမဟုတ်ဘူး။ အဲ့လိုသာဆို ဧည့်သည်တွေကို လက်ခံချိန်မှာ ပြဿနာဖြစ်လိမ့်မယ်လေ။ ဒင်းတို့တွေကြောင့် ဖောက်သည်တွေ ဒေါသထွက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ကုန်မှာပေါ့။"
မိတ်ကပ်အထူကြီးလိမ်းထားသော သက်လတ်ပိုင်းအရွယ် မိန်းမက အော်ဟစ်လိုက်သည်။ "မင်းတို့က အတွေ့အကြုံမရှိသေးလို့ပါ။ စိတ်မပူနဲ့၊ သူတို့ သေမှာမဟုတ်ဘူး။ ဒီကောင်မလေးတွေက ဈေးပေါတဲ့အရိုးတွေလေ။ သူတို့မှာ သောက်စရာ ရေနည်းနည်းရှိနေသရွေ့ ရက်နည်းနည်းလောက် အငတ်ထားထားရင်တောင် သူတို့ မသေဘူး။"
လူမိုက်က မြှောက်ပင့်လိုက်သည်။ "ဟုတ်တာပေါ့၊ ဒေါ်လေးရဲ့အတွေ့အကြုံအများကြီးကို ဘယ်သူကများ ယှဉ်နိုင်မှာမို့လို့လဲ ဒေါ်လေးကျောင်းရယ်။ ဒေါ်လေးက တစ်ချိန်ကဆို နွေဦးလရောင်ဆောင်ကြာမြိုင်ရဲ့ ထိပ်တန်းပြည့်တန်ဆာတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ လူတိုင်း သိတယ်လေ။ ကျွန်တော်တို့ထက် အများကြီးပိုသိနေတာ မဆန်းပါဘူး။"
အခြားလူမိုက်တစ်ဦးကလည်း ဖားဖားယားယားလေသံဖြင့် ဝင်ပြောလာ၏။ "ဟုတ်တယ်၊ ကျွန်တော်တို့ခံတပ်က ကောင်မလေးတွေကို ကြည့်စမ်း။ ဒေါ်လေး လေ့ကျင့်ပေးလိုက်တာနဲ့ နောက်ဆုံးကျ ဘယ်တစ်ယောက်ကများ စကားနားမထောင်ဘဲ နေလို့လဲ။ ဒါတွေအားလုံးက ဒေါ်လေးရဲ့ကျေးဇူးကြောင့်ပေါ့။”
"ဟားဟားဟား... မင်းတို့ကောင်လေးတွေကတော့လေ တကယ်အပြောကြွယ်ကြတာပဲ။"
ဒေါ်လေးကျောင်းသည် တစ်ကိုယ်လုံးတောင် တုန်ခါသည်အထိ စူးရှသောရယ်သံတစ်ခုကို ထုတ်လွှတ်လိုက်တာကြောင့် သူမ၏မျက်နှာပေါ်မှ မိတ်ကပ်တောင် ကြွေကျသွားလေ၏။
သို့သော် နောက်တစ်ခဏတွင်တော့ ရယ်သံသည် ရုတ်တရက်ရပ်တန့်သွားသည်။
အဘယ်ကြောင့်ဆိုသော် ဓားတစ်စင်း၏ထိပ်သည် သူမ၏ရင်ဘတ်မှ ထွက်ပေါ်လာကာ သူမကိုယ်အား ထိုးဖောက်သွားသောကြောင့်ပင်။
"ဒေါ်လေးကျောင်း၊ ဘာဖြစ်တာလဲ။"
အမှောင်ထုထဲတွင် လူမိုက်နှစ်ဦးသည် ဘာဖြစ်သွားသည်ကို မသိရသေးပေ။ သူမ ရုတ်တရက်တိတ်ဆိတ်သွားသည်ကို ကြားလိုက်ရ၍သာ ရှုပ်ထွေးစွာဖြင့် မေးလိုက်ကြသည်။
ထို့နောက်တွင်တော့ ဒေါ်လေးကျောင်း၏ခန္ဓာကိုယ်သည် အနောက်သို့ ပျံဝဲတတ်သွားရာ ကျောက်တုံးနံရံကို တိုက်မိသည်အထိပင်။ ထို့နောက်၌ သူ့ကိုယ်ကနေ သွေးများစင်ထွက်လာကာ မြေပြင်ပေါ်သို့ ကျသွားသည်ကို ထိုလူမိုက်နှစ်ဦးလုံး ထိတ်လန့်စွာဖြင့် တွေ့မြင်လိုက်ရ၏၊
ထိုမိန်းမ အသက်ရှင်လား ၊ သေပြီလားကိုတော့ မသိရ။
ထိုအခိုက်တွင်ပဲ ပုံရိပ်တစ်ခုသည် ဒေါ်လေးကျောင်း၏နောက်မှ ထွက်ပေါ်လာသည်။
"ဘယ်သူလဲ"
လူမိုက်နှစ်ဦးသည် ရန်သူတစ်ဦးခိုးဝင်လာကြောင်း ချက်ချင်း သိလိုက်ကြသော်ငြား သူတို့ မတုံ့ပြန်နိုင်ခင်မှာပဲ ဓားသည် လက်ခနဲဖြတ်ပြေးသွားရာ သူတို့၏လည်ချောင်းများကို ဖောက်ဖြတ်သွားတော့လေ၏။
အကူအညီတောင်းလိုသော လူမိုက်နှစ်ဦးမှာ နောက်ထပ် မည်သည့်အသံကိုမှ မပြုလုပ်နိုင်တော့ဘဲ သူတို့၏လည်ပင်းများကို ထိတ်လန့်စွာ ဆုပ်ကိုင်ရင်း မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
ပါးစပ်များဟောင်းလောင်းဖြင့် စကားပြောရန် ကြိုးစားလိုက်ကြသော်လည်း ဘာမှထွက်မလာပေ။ သွေးများသည် သူတို့၏လက်ချောင်းများမှတစ်ဆင့် ဒလဟော စီးကျလာကာ နောက်ဆုံးတွင်တော့ မျက်လုံးများမှာ တဖြည်းဖြည်းဖြင့် မှိန်ကျသွားတော့၏။
ရုတ်တရက်ပြောင်းလဲမှုသည် လူတိုင်းကို အံ့အားသင့်သွားစေခဲ့ပါသည်။
အော်ဟစ်လိုက်မိသည့် အသစ်ရောက်ရှိလာသော မိန်းကလေးမှလွဲ၍ အခြားသူများသည် ထောင့်များတွင် စုပြုံနေကြပြီး ထိုမြင်ကွင်းကို ကြောက်ရွံ့စွာဖြင့် ကြည့်နေကြသည်။
မကြာသေးမီကမှ ကြုံတွေ့ခဲ့ရသော ကြမ်းတမ်းလှသည့်သင်ခန်းစာများသည် သူတို့အား ဘယ်လိုပဲဖြစ်နေနေ ၊ အော်ဟစ်ဖို့ရန် ကြောက်ရွံ့စေသွားသည့်ပုံပင်။
ထိုမိန်းကလေးမှာလည်း တစ်ခုခုကို လျင်မြန်စွာ သဘောပေါက်သွားတာကြောင့် သူမ၏ပါးစပ်ကို ဖုံးအုပ်လိုက်ကာ နောက်ထပ်အသံတစ်သံမျှမပြုလုပ်ဝံ့တော့ပေ။
လူဆိုးသုံးဦးကို သတ်ပြီးနောက် လုချင်း၏မျက်နှာပေါ်တွင် ဝမ်းမြောက်သောအမူအရာ တစ်စွန်းတစ်စမျှပင် မရှိပေ။
မှောင်မိုက်သော ညဘက်တွင်တောင် အရှင်းသားမြင်ရနိုင်သည့် အမြင်အာရုံစွမ်းရည်နှင့်အတူ လုချင်းသည် ထူထပ်သောခြံစည်းရိုးဖြင့် ပိုင်းခြားထားသော မှောင်မိုက်သောထောင့်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါ၏။
သံကြိုးများဖြင့် ချည်နှောင်ခံထားရသော မိန်းကလေးမှာ ခုနစ်ယောက်၊ ရှစ်ယောက်လောက် ရှိပေသည်။ သူတို့၏အသွင်အပြင်အရ အကြီးဆုံးသည် ၁၆ နှစ် ၊ ၁၇ နှစ် လောက်ပဲ ရှိဦးမည်ဖြစ်ရာ အငယ်ဆုံးမှာတော့ ၈နှစ်၊ ၉နှစ်လောက်သာ ရှိလောက်သည်။
အသစ်ဖမ်းဆီးခံရသူမှလွဲ၍ ထိုမိန်းကလေးများအားလုံးသည် ဆံပင်များ ဖွာလန်ကျဲနေကာ ပိန်လှီနေပြီး လူနှင့်တောင် မတူတော့ချေ။ သို့သော် တစ္ဆေသရဲနှင့်လည်း မတူပေ။
ကြောက်ရွံ့နေသော ထိုမိန်းကလေးများကို ကြည့်ရင်း လုချင်းသည် သူတို့အား မည်သို့နှစ်သိမ့်ရမည်ကို မသိပေ။
သူ ပြောလိုက်သည်။ "ဒီမှာပဲ နေ ၊ ဘယ်မှ လျှောက်မသွားကြနဲ့။ ငါ ခဏနေရင် မင်းတို့ကို ကယ်ဖို့ ပြန်လာမယ်။"
ထိုသို့ပြောပြီးနောက် လုချင်းသည် အခန်းထဲမှ ထွက်သွားလိုက်ကာ တံခါးကို ပိတ်လိုက်တော့သည်။
အပြင်ဘက်တွင် ရပ်ကာ တောက်ပသောမီးများကို ကြည့်ရင်း လုချင်း၏အကြည့်သည် အေးစက်မှုဖြင့် ပြည့်နှက်နေသည်။
လူဆိုးသုံးဦးကို သတ်လိုက်ရုံဖြင့်တော့ သူ၏နှလုံးသားကို အနည်းငယ်မျှတောင်မှ သက်သာရာမရစေခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏နှလုံးသားထဲမှသတ်ဖြတ်လိုစိတ်သည် ပို၍ပင်ဆူပွက်လာခဲ့လေသည်။
အခန်းထဲမှ မိန်းကလေးများ၏ဆင်းရဲဒုက္ခသည် လုချင်းအား ဟန်လောင်ဝူနှင့် သူ၏အဖွဲ ယနေ့ ကျိုးလီရွာသို့ ရှောင်ယန်ကို ဖမ်းဆီးရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ပုံကို တွေးမိစေသည်။
အကယ်၍ သူ့မှာသာ ခွန်အားအချို့မရှိခဲ့ပါက ရှောင်ယန်လေး ဖမ်းဆီးခံရပေတော့မည်။ ထိုသို့ဖမ်းဆီးခံရပြီး ဤနေရာသို့ ခေါ်ဆောင်ခံလာရပါက ဘာဖြစ်သွားမည်ကို သူ စဉ်းစားကြည့်၍တောင်မရတော့။
"ရှောင်လီ၊ ဒီခံတပ်ထဲက အားအကောင်းဆုံးလူ ဘယ်မှာလဲဆိုတာ မင်း ခံစားမိလား။"
အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် လုချင်းက တည်ငြိမ်စွာမေးလိုက်သည်။
ရှောင်လီကလည်း ခေါင်းစောင်းကာ ခဏစဉ်းစားပြီးနောက် နေရာတစ်ခုကို ညွှန်ပြလိုက်၏။
လုချင်းကလည်း သူညွှန်ပြသည်ကို ကြည့်လိုက်ရာ ၎င်းသည် ခံတပ်၏အလယ်ဗဟိုရှိ အမြင့်ဆုံးနှင့် အထင်ရှားဆုံးသစ်သားအဆောက်အဦးဖြစ်နေကြောင်းကို တွေ့လိုက်ရသည်။
"ဒါဆိုရင် အဲ့ဒီမှာပေါ့ ဟုတ်လား။"
ထို့နောက်တွင်တော့ လုချင်းသည် သူ၏ဓားကို ကိုင်ဆွဲလျက် သစ်သားမျှော်စင်မြင့်ကြီးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်တော့သည်။
ဤတစ်ကြိမ်တွင်တော့ သူသည် သူ၏ပုံရိပ်ကို မဖုံးကွယ်တော့ပေ။
သူ၏ရင်ဘတ်ထဲတွင် လောင်ကျွမ်းနေသောသတ်ဖြတ်လိုစိတ်သည် သူ့ကို နောက်ထပ်ပုန်းအောင်းလိုစိတ် မရှိအောင် လုပ်လိုက်ပြီပင်။
သူ ယခုလိုအပ်သည်မှာ ဤဆူပွက်နေသောသတ်ဖြတ်လိုစိတ်ကို လွှတ်ထုတ်ရန်ဖြစ်သည်။
ထို့နောက် သူ၏နတ်မျက်စိစွမ်းရည်ကို ဖွင့်လိုက်လျက် လုချင်းသည် သစ်သားအဆောက်အဦးဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။
ရုတ်တရက် မီးအိမ်များကို သယ်ဆောင်ရင်း သစ်သားတုတ်များကို ကိုင်ဆောင်ထားသောလူနှစ်ဦးသည် ထောင့်တစ်နေရာမှ လှည့်ထွက်လာကာ ထိုနေရာတစ်ဝိုက်ကို ကင်းလှည့်နေကြောင်း လုချင်း တွေ့လိုက်ရသည်။
သူတို့တွေမှာလည်း ဓားတစ်လက်နှင့် လုချင်းကို မြင်လိုက်ရသည့်အပြင် သူ၏ပခုံးပေါ်မှ ထူးဆန်းသောသားရဲငယ်လေးတစ်ကောင်ကိုပါ မြင်လိုက်ရ၍ မတုန်လှုပ်ဘဲမနေနိုင်တော့ချေ။
ချက်ချင်းပင် သူတို့ထဲက တစ်ယောက်က အော်လိုက်သည်။ "ရပ်စမ်း။ မင်း ဘယ်သူလဲ။"
သို့သော် သူ့စကားမဆုံးမီမှာပဲ လုချင်း၏ပုံရိပ်သည် ထိုလူ့နှစ်ဦးကြားမှ လက်ခနဲ ဖြတ်ပြေးသွားလေသည်။
နောက်တစ်ခဏတွင်တော့ လုချင်း၏နောက်မှာ ကျန်ရစ်ခဲ့သော ထိုလူနှစ်ဦးမှာ မည်သည့်အသံမျှမပြုလုပ်နိုင်တော့ပေ။
အကြောင်းမှာ သူတို့နှစ်ယောက်၏ ဦးခေါင်းနှစ်လုံးစလုံးသည် သွေးများနှင့်အတူ လေထဲတွင် ပျံဝဲတတ်သွားပြီဖြစ်သောကြောင့်ပင်။ ထို့နောက်၌ ယစ်မူးပျော်မွေ့ ခံတပ်မှ ကင်းလှည့်လူမိုက်နှစ်ဦးသည် သူတို့ကိုယ်သူတို့ သေသွားမှန်းတောင် မသိလိုက်ရဘဲ မြေပြင်ပေါ်သို့ ဦးခေါင်းမဲ့လျက်သားဖြင့် လဲကျသွားကြတော့သည်။
လူမိုက်နှစ်ဦး၏ဦးခေါင်းများကို တစ်ချက်တည်းဖြင့် ခုတ်ပစ်လိုက်ပြီးနောက် လုချင်းသည် နောက်သို့ တစ်ချက်လေးပင် လှည့်မကြည့်ဘဲ ရှေ့သို့သာ ဆက်လက်လျှောက်သွားလိုက်သည်။
ခြေလှမ်းအနည်းငယ်ထပ်လျှောက်ပြီးနောက် သူသည် သစ်သားအဆောက်အဦးဘက်မှ လျှောက်လာသောလူတစ်ဦးကို တွေ့လိုက်ရ၏။ "မိမစစ်ဖမစစ်ကောင်" ၊ "သောက်ဖြစ်မရှိလိုက်တာကွာ" နှင့် "ဒါလေးတောင် သောက်ဖြစ်ရှိအောင်မလုပ်နိုင်ဘူး" စသောဆဲရေးတိုင်းထွာသံများကိုပါ လုချင်း ကြားလိုက်ရသည်။
ထိုလူသည် တစ်စုံတစ်ယောက်က သူ၏လမ်းကို ပိတ်ဆို့နေသည်ကိုမြင်သောအခါ သူက မော့ကြည့်လာပြီး ကျိန်ဆဲလိုက်သည်။ "ဘာလုပ်နေတာလဲ၊ လမ်းဖယ်လေ။ ငါ လာနေတာ မင်းသောက်လုံးက မမြင်ဘူးလား..."
သူ၏ကျိန်ဆဲနေတုံးတစ်ဝက်တစ်ပျက်တွင်ပဲ လုချင်း၏လက်ထဲမှ ဓားကို မြင်လိုက်ရ၍ သူသည် လည်ပင်းညစ်ခံထားရသော ဘဲတစ်ကောင်ကဲ့သို့ ရုတ်ချည်း တိတ်ဆိတ်သွားတော့၏။
လုချင်းသည် အမာရွတ်နှင့်လူကို ကြည့်လိုက်ပြီးနောက် သူ အစောပိုင်းက ခံတပ်အပြင်ဘက်တွင် ကြားခဲ့သောစကားဝိုင်းကို သတိရသွားသည်။
ထို့နောက်တွင်တော့ လုချင်းသည် တစ်ချက်လေးမျှပင် တုံ့ဆိုင်းခြင်းမရှိခဲ့ချေ။ သူ့လက်ကို ပေါ့ပေါ့ပါးပါးသာ လွှဲလိုက်သော်ငြား နောက်ထပ်ခေါင်းတစ်လုံး ပျံတက်သွားခဲ့ပြန်ပြီပင်။
ထိုသို့ဖြင့် အမာရွတ်နှင့်လူမှာ အသနားခံဖို့ အခွင့်အရေးပင်မရလိုက်ဘဲ ခေါင်းဖြတ်သတ်ဖြတ်ခံလိုက်ရတော့သည်။
ပန်းထွက်လာသော သွေးများကို ရှောင်ရှားလိုက်ရင်း လုချင်းသည် သစ်သားအဆောက်အဦးဆီသို့ ဆက်လက်လျှောက်သွားလိုက်သည်။
ဤအချိန်တွင်တော့ သူသည် သစ်သားအဆောက်အဦးနှင့် အလွန်နီးကပ်နေပြီပင်။
ဓားနှင့် တုတ်ကို ကိုင်ဆောင်ထားသောလူနှစ်ဦးသည် အဆောက်အဦး၏ခြေရင်းရှိ တံခါးကြီးကို စောင့်ကြပ်နေရာ ထိုမြင်ကွင်းကို မြင်လိုက်ရချိန်၌ သူတို့နှစ်ယောက်လုံး တုန်လှုပ်သွားကြပြီး ချက်ချင်း သူ့ဆီသို့ ပြေးလာကြသည်။
"မင်း ဘာလုပ်တာလဲကွ"
လုချင်းကတော့ သူ့ဆီ ပြေးလာသောလူနှစ်ဦးကို မြင်နေရတာတောင်မှ ဤတစ်ကြိမ်တွင်တော့ သူ၏ဓားကို မဆွဲထုတ်ခဲ့ပေ။
ထိုအစား သူသည် အနည်းငယ်ဒူးကွေးလိုက်ကာ နောက်တစ်ခဏတွင်တော့ သူ၏အားကောင်းသောသွေးချီစွမ်းအားများ ပေါက်ကွဲထွက်လာတော့၏။ သူ၏ခြေထောက်များသည် မြေပြင်မာမာပေါ်တွင်တောင် ခြေရာနှစ်ခုကို ကျန်ရစ်စေခဲ့ပါ၏။
နောက်တစ်စက္ကန့်တွင်တော့ သူ၏ခန္ဓာကိုယ်သည် ထိုနေရာမှ ပျောက်ကွယ်သွားကာ အရှိန်အဟုန်ပြင်းပြင်းဖြင့် ထိုလူနှစ်ဦးဆီသို့ ပြေးသွားလေသည်။
ထို့နောက်တွင်တော့ အသံကျယ်ကျယ်နှစ်ခု ပေါ်ထွက်လာကာ အရိုးများကျိုးကြေသွားသောအသံများနှင့်အတူ အစောင့်နှစ်ဦးမှာလည်း အလွန်လျင်မြန်သောအရှိန်ဖြင့် အနောက်သို့ ပျံဝဲထွက်သွားကြတော့၏။
သူတို့နှစ်ယောက်လုံး သစ်သားအဆောက်အဦး၏တံခါးကိုတောင် ကျိုးပဲ့သွားသည်အထိ ဝင်တိုက်မိကာ ပျံထွက်သွားပြီးနောက် အော်ဟစ်သံများစွာကို ဖြစ်ပေါ်စေခဲ့ပါသည်။
အော်ဟစ်သံများကြားတွင် လုချင်းသည် သစ်သားအဆောက်အဦးထဲသို့ လျှောက်ဝင်သွား၏။ သူ့ပခုံးပေါ်ရှိ သားရဲငယ်လေးကတော့ ပျောက်ကွယ်သွားပြီပင်။
အတွင်းသို့ ရောက်သောအခါ၌ လုချင်းသည် ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ကာ သူ့ရှေ့ရှိမြင်ကွင်းကို လျင်မြန်စွာ ရိပ်မိလိုက်သည်။
သစ်သားအဆောက်အဦး၏မြေညီထပ်သည် အလွန်ကျယ်ဝန်းလှပါ၏။
၎င်းသည် လောင်းကစားရုံတစ်ရုံနှင့် တူသော်လည်း အလယ်ဗဟိုရှိ စားပွဲကြီးကတော့ လောင်းကစားကိရိယာအမျိုးမျိုးဖြင့် ပြည့်နှက်နေလေ၏။ သို့သော် ယခုတွင်တော့ ၎င်းမှာ သူ ကန်ကျောက်လိုက်သောအစောင့်နှစ်ဦး၏ခန္ဓာကိုယ်များကြောင့် အစိတ်စိတ်အမွှာမွှာကြေမွသွားခဲ့ပြီပင်။ ဒင်္ဂါးပြားများနှင့် ကျိုးပဲ့နေသောငွေများသည် နေရာအနှံ့ပြန့်ကျဲနေပါ၏။
အမျိုးမျိုးသောလောင်းကစားသမားများနှင့် ဝတ်လစ်စားလစ်ဖြစ်လုနီးပါးထိ ဝတ်ဆင်ထားသော မိန်းကလေးများသည် ထိတ်လန့်တကြားဖြစ်နေကြကာ ဘေးနှစ်ဖက်တွင် ပုန်းအောင်းနေကြသည်။
လုချင်း ဝင်လာသည်ကို မြင်လိုက်ရချိန်၌ လူတိုင်းသည် သူ့ကို မကြည့်ဘဲ မနေနိုင်ကြပေ။
ထိုစဉ် အပေါ်မှ ဒေါသဖြင့် ပြည့်နှက်နေသောအသံတစ်ခု ထွက်ပေါ်လာသည်။
"ဘယ်ကောင်က ငါ့ယစ်မူးပျော်မွေ့ ခံတပ်မှာ ပြဿနာရှာရဲတာလဲကွ"
လုချင်းလည်း အသံလားရာသို့ မော့ကြည့်လိုက်ရာ ဒုတိယထပ်မှ ထွက်လာသောလူအနည်းငယ်ကို တွေ့မြင်လိုက်ရပါ၏။ ထို့နောက် သူ၏အကြည့်ကို ထိုလူအနည်းငယ်အား ဦးဆောင်နေသော အရပ်ရှည်ရှည်ပုံရိပ်အပေါ် အာရုံစိုက်လိုက်တော့သည်။
လုချင်းမှာ ရုတ်ချည်း ပြုံးလိုက်လေသည်။ "မင်းတို့အားလုံးကို သတ်ဖို့ လာတဲ့လူတစ်ယောက်ပေါ့"