ပြန်လာခြင်း
Vol. 9 Ch. 81
ဝမ်တာ့အန်းသည် မီးရောင်ထိန်ထိန်လင်းနေသော ဘိုးဘွားကန်တော့ခန်းမဆီသို့ အပြေးအလွှား သွားရောက်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"အဘိုး... အဘိုး... လုချင်း ပြန်ရောက်လာပြီဗျ။"
ထိုအသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဘိုးဘွားကန်တော့ခန်းမတစ်ခုလုံး ဆူညံသွားကြပြီး ရွာသားအများအပြားမှာလည်း အထဲမှ ပြေးထွက်လာကြတော့သည်။
"ဘာ... လုချင်း ပြန်ရောက်လာပြီလား။"
"လုချင်း ဘာမှမဖြစ်ဘူးမလား။"
"ဒီကောင်စုတ်လေး... မင်း ပြောတာမမှားဘူးဆိုတာ သေချာရဲ့လား။"
ဝမ်တာ့အန်းက စိတ်မရှည်သလို ခံစားလိုက်ရပြီး အနောက်ဘက်သို့ လက်ညှိုးထိုးပြကာ အော်ပြောလိုက်လေသည်။
"ကျွန်တော်က ဘယ်လိုလုပ် မှားရမှာလဲ။ ကြည့်လိုက်ပါဦး... အဲ့ဒါ လုချင်း မဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲလို့။"
သူ လက်ညှိုးထိုးညွှန်ပြရာအတိုင်း လူတိုင်း လိုက်ကြည့်ကြသောအခါ၌ လူတစ်ယောက် ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ကြရလေသည်။ လရောင်အောက်တွင် မျက်ခုံးနှင့် မျက်လုံးများကိုသာ ဝေဝါးစွာ မြင်နေရသော်လည်း ထိုလူမှာ လုချင်းမှလွဲ၍ မည်သူဖြစ်နိုင်ပါမည်နည်း။
ရွာသားများက အလွန်ဝမ်းသာအားရ ရေရွတ်လိုက်ကြသည်။
"တကယ်ပဲ လုချင်းပါလား။"
လုချင်းသည် ဘိုးဘွားကန်တော့ခန်းမရှေ့သို့ လျှောက်သွားလိုက်ပြီးနောက် ရွာသားများကို ညင်သာစွာ ဦးညွှတ်လိုက်ကာ ပြောလိုက်သည်။
"လူတိုင်းကို စိတ်ပူအောင်လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ။"
အဘိုးကျန်းက သက်ပြင်းချကာ စိတ်သက်သာရာရစွာ ပြောလိုက်လေသည်။
"ပြန်ရောက်လာတာ ကောင်းပါတယ်ကွာ... ပြန်ရောက်လာတာပဲ တော်ပါသေးရဲ့။"
အခြားရွာသားများကလည်း ထောက်ခံပြောဆိုလိုက်ကြသည်။
"ဟုတ်တာပေါ့... မင်း ဘေးကင်းကင်းနဲ့ ပြန်ရောက်လာရင်ပဲ ကျေနပ်ပါပြီ။"
တစ်နေ့ကုန်လုံး သူတို့သည် ကြောက်ရွံ့ပူပန်သောစိတ်ဖြင့် နေထိုင်ခဲ့ကြရသည်မဟုတ်ပါလော။
လုချင်းတစ်ယောက် ဘယ်တော့များမှ ပြန်လာမလဲ ၊ ရွာကို ပြန်မလာနိုင်တော့ဘူးများလား ဟူသောအတွေးများဖြင့် သူတို့အားလုံး စိုးရိမ်ခဲ့ကြသည်။
ထို့ပြင် ရောက်လာမည့်သူများသည် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေနက်ဂိုဏ်းမှ လူများဖြစ်နေမည်ကိုလည်း သူတို့ ကြောက်ရွံ့နေခဲ့ကြ၏။
ယခုအခါ လုချင်းတစ်ယောက် ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်လိုက်ရမှသာ သူတို့ရင်ထဲမှ လေးလံနေသော ကျောက်တုံးကြီး ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
လုချင်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး ရှောင်ယန်ကို မတွေ့ရသဖြင့် မေးလိုက်၏။
"အဘိုးကျန်း... ညီမလေးရောဗျ။"
အဘိုးကျန်းက ပြန်ဖြေလိုက်သည်။
"သူ အထဲမှာ အိပ်ပျော်နေတယ်။ မင်း တစ်နေကုန်လုံး ပြန်မရောက်လာတော့ ညနေဘက်ကျ ကိုကို့ကို တွေ့ချင်တယ်ဆိုပြီး ငိုနေတာလေ။ ညစာတောင် မစားရှာဘူး။ အဲ့ဒါနဲ့ သမားတော်ကြီးချန်က သူ့ကို အပ်နှစ်ချောင်း စိုက်ပြီး အိပ်ပျော်အောင် လုပ်ပေးထားရတယ်။"
လုချင်းက မေးလိုက်ပြန်သည်။
"ဆရာရော အထဲမှာပဲလားဗျ။"
"အေး... ဟုတ်တယ်။ သမားတော်ကြီးချန်က မင်း ပြန်မရောက်လာသေးတာမြင်တော့ ရှောင်ယန်ကိုခေါ်ပြီး တောင်ပေါ်ကနေ ဆင်းလာခဲ့တာလေ။"
လုချင်း တိတ်ဆိတ်သွားမိလေသည်။
ဆရာသည် သူ့ကို စိတ်ပူရုံသာမက ကျိုးလီရွာသားများကိုပါ ကာကွယ်ပေးရန် တောင်အောက်သို့ ဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သူ သိလိုက်လေသည်။
လုချင်းက ပြောလိုက်သည်။
"အဘိုးကျန်း... ကျွန်တော် အထဲဝင်ပြီး ဆရာ့ကို တောင်းပန်လိုက်ပါဦးမယ်။ ဆရာ့ကို ဒီလောက်ထိ စိတ်ပူအောင် လုပ်မိတာက တကယ်ကို ခွင့်မလွှတ်သင့်တဲ့ကိစ္စပါဗျာ။"
အဘိုးကျန်းက အလျင်အမြန် ပြောလိုက်သည်။
"အေးပါ... လုပ်သင့်တာပေါ့။ သမားတော်ကြီးချန်က နှုတ်ကတော့ ဘာမှမပြောပေမဲ့ မင်းအတွက် သူ အရမ်းစိတ်ပူနေတယ်ဆိုတာ ငါတို့အားလုံး မြင်နေရတယ်လေ။"
ထို့နောက် လုချင်းသည် ဘိုးဘွားကန်တော့ခန်းမထဲသို့ ဝင်သွားလိုက်ရာ သမားတော်ကြီးသည် သစ်ပင်အောက်ရှိ ကျောက်တုံးပေါ်တွင် ထိုင်လျက် ရှောင်ယန်ကို ပွေ့ဖက်ထားသည်ကို တွေ့လိုက်ရလေသည်။
သမားတော်ကြီးသည် လုချင်းကို မြင်လိုက်ရသောအခါမှ မျက်နှာထား လျော့ကျသွားပြီး ပြောလိုက်သည်။
"ပြန်ရောက်လာပြီလား။"
လုချင်းက ခေါင်းငုံ့လျက် ပြောလိုက်၏။
"တပည့် မဆင်မခြင် လုပ်မိတဲ့အတွက် ဆရာ စိတ်ပူသွားရပါပြီ။ ကျေးဇူးပြုပြီး တပည့်ကို အပြစ်ပေးပါ ဆရာ။"
သမားတော်ကြီးက သက်ပြင်းချလျက် ပြောလိုက်သည်။
"မင်း ဘေးကင်းကင်းနဲ့ ပြန်ရောက်လာရင်ပဲ တော်ပါပြီကွာ။"
လုချင်း၏ မနက်ခင်းက ဆုံးဖြတ်ချက်သည် မဆင်မခြင်နိုင်လွန်းသည်ဟု သူ ထင်ခဲ့သော်လည်း မိဘများ သေဆုံးရခြင်း အကြောင်းရင်းမှန်ကို ရုတ်တရက် သိလိုက်ရသော သားလိမ္မာတစ်ဦးအနေဖြင့် မည်သူကများ တည်ငြိမ်စွာ နေနိုင်ပါမည်နည်း။
သူ လုချင်းကို သိုင်းပညာ စတင်သင်ကြားပေးခဲ့ခြင်းမှာလည်း ဤကဲ့သို့သော နေ့တစ်နေ့ ရောက်လာမည်ကို စိုးရိမ်သောကြောင့်ပင်။
သမားတော်ကြီးက လုချင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏အဝတ်အစားပေါ်တွင် သွေးကွက်အချို့ ရှိနေသည်ကို သတိထားမိလိုက်သော်လည်း တပည့်ဖြစ်သူ၏ ခန္ဓာကိုယ်ပေါ်တွင်မူ မည်သည့် ဒဏ်ရာဒဏ်ချက်မှ မတွေ့ရပေ။ သူက မေးလိုက်သည်။
"ကိစ္စတွေ အကုန် ပြီးသွားပြီလား။"
လုချင်းကလည်း ပြန်ဖြေလိုက်သည်။
"ဟုတ်... ယာယီအနေနဲ့တော့ ဖြေရှင်းပြီးသွားပါပြီ ဆရာ။ ဘယ်သူမှ ရွာကို လာပြီး ပြဿနာ မရှာလောက်တော့ပါဘူး။"
သမားတော်ကြီးသည် တပည့်ဖြစ်သူ၏ ယုံကြည်မှုရှိသော စကားကြောင့် အနည်းငယ် အံ့ဩသွားပြီး မေးလိုက်သည်။
"ဟေ... မင်းက ဘာလုပ်ခဲ့လို့လဲ။"
နေ့ခင်းတုန်းက ရွာသားများ ပြောစကားအရ ရွာကို ဒုက္ခပေးနေသည်မှာ ဝံပုလွေနက်ဂိုဏ်းဖြစ်ကြောင်း သူ ကြားသိခဲ့ရသည်။
ခရိုင်မြို့သို့ မကြာခဏ သွားလေ့ရှိသော သမားတော်ကြီးအနေဖြင့် ဝံပုလွေနက်ဂိုဏ်းက မည်မျှအရှိန်အဝါကြီးကြောင်းကို ဘယ်လိုလုပ်ပြီး မသိဘဲ နေပါမည်နည်း။
၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော အပြုအမူများကို သိထားသောကြောင့်သာ ကျိုးလီရွာသားများကို ကာကွယ်ရန် တောင်ပေါ်မှ ဆင်းလာခဲ့ခြင်း ဖြစ်သည်။
ယခု လုချင်းက ကိစ္စပြီးသွားပြီဟု ပြောလာရာ သူ မည်သို့ မအံ့ဩဘဲ နေနိုင်ပါမည်နည်း။
လုချင်းသည် ဆရာ၏မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်လေသည်။
"ဆရာ... ဒီနားမှာ ယစ်မူးပျော်မွေ့ခံတပ် ဆိုတဲ့ နေရာရှိတာကို သိပါသလား။"
သမားတော်ကြီးက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါကာ ပြောလိုက်သည်။
"ယစ်မူးပျော်မွေ့ခံတပ် ဟုတ်လား... မကြားဖူးပါဘူးကွာ။"
လုချင်းခင်ဗျာ စကားပြောစရာပျောက်သွားလေသည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင် သူ၏ဆရာသည် လူနာအား ဆေးကုခြင်းနှင့် ဆေးကျမ်းပြုစုခြင်းမှလွဲ၍ အခြားကိစ္စများကို စိတ်ဝင်စားသူ မဟုတ်ပေ။ ထို့ကြောင့် ယစ်မူးပျော်မွေ့ခံတပ်ကို မကြားဖူးသည်မှာ ပုံမှန်ပင် ဖြစ်လေသည်။
လုချင်းက ဆက်ရှင်းပြလိုက်သည်။
"ယစ်မူးပျော်မွေ့ခံတပ် ဆိုတာက ဝံပုလွေနက်ဂိုဏ်း ခေါင်းဆောင်တွေထဲက တစ်ယောက် ဖွင့်ထားတဲ့ လောင်းကစားဝိုင်းနဲ့ ပြည့်တန်ဆာအိမ်တော်ပါဗျ။ ဒီကနေဆို မိုင် ငါးဆယ်၊ ခြောက်ဆယ်လောက် ဝေးတယ်။ ကျွန်တော့်အဖေက ယစ်မူးပျော်မွေ့ခံတပ်က လူတွေရဲ့ ဂုံးချောမှုကို ခံလိုက်ရပြီး အကြွေးတွေ အများကြီး တင်သွားခဲ့တာလေ။ အဲ့လူတွေက ကျွန်တော်တို့ မိသားစု လယ်ကွက်တွေကို သိမ်းချင်တာရယ်၊ ကျွန်တော့်အမေကို ခံတပ်ထဲ ဖမ်းခေါ်သွားချင်တာရယ်ကြောင့် လုပ်ကြံကြတာ။ ဒါပေမဲ့ ကျွန်တော့်မိဘတွေက သူတို့စကားကို လက်မခံခဲ့ကြဘူးလေ။ နောက်ဆုံးကျတော့ ရေထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြတာပဲ။"
ထိုအခါမှသာ သမားတော်ကြီးသည် တပည့်ဖြစ်သူက ဤနေရာအကြောင်းကို ဘာကြောင့် ရုတ်တရက် ထပြောလာသည်ကို သဘောပေါက်သွားတော့သည်။
ရွာသားများကလည်း လုမင်နှင့် သူ့ဇနီးသည်တို့ မည်သို့ သေဆုံးခဲ့ရကြောင်းကို အမှန်အတိုင်း သိလိုက်ကြရလေသည်။
သမားတော်ကြီးက မေးလိုက်သည်။
"အဲ့ဒါဆို အခု အဲ့ဒီ ယစ်မူးပျော်မွေ့ခံတပ်က..."
လုချင်းက ပြတ်သားစွာ ပြောလိုက်၏။
"ယစ်မူးပျော်မွေ့ခံတပ်ဆိုတာ မရှိတော့ပါဘူးဗှ။ ကျွန်တော့်မိဘတွေအတွက် ကျွန်တော်ကိုယ်တိုင် လက်စားချေခဲ့ပြီးပါပြီ။"
သမားတော်ကြီးသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
"အဲ့လိုမျိုး လူတွေကို ဒုက္ခပေးတဲ့နေရာမျိုးက ပျောက်ကွယ်သွားတာပဲ ကောင်းပါတယ်။"
သမားတော်ကြီးမှာတော့ လုချင်းက ခေါင်းဆောင်ကို သတ်ပြီး ခံတပ်ကို ဖျက်သိမ်းလိုက်သည်ဟုသာ ထင်မှတ်လိုက်လေသည်။
သူသည် အကြမ်းဖက်မှုကို မနှစ်သက်သော်လည်း မိဘများအတွက် လက်စားချေခြင်းမှာ သားသမီးတို့၏ တာဝန်ဖြစ်သဖြင့် ဆန့်ကျင်ဘက်စကား မဆိုလိုပေ။
ထိုအချိန်၌ သူ၏တပည့်သည် ခံတပ်တစ်ခုလုံးရှိ ကံဆိုးမိုးမှောင်ကျနေသော မိန်းကလေးများမှလွဲ၍ ကျန်လူအားလုံးကို သတ်ဖြတ်ခဲ့သည်အထိ သွေးဆာနေခဲ့ကြောင်းကိုတော့ သမားတော်ကြီး လုံးဝ မသိခဲ့ချေ။
လုချင်းသည်လည်း တစ်ညတည်းနှင့် လူပေါင်းတစ်ရာနီးပါးကို သတ်ဖြတ်ခဲ့ကြောင်းကို ထုတ်မပြောခဲ့ပေ။
ဆရာဖြစ်သူက သူ့ကို အပြစ်မတင်သည်ကို မြင်မှသာ သူ သက်ပြင်းချနိုင်တော့သည်။
သို့သော် အခြားရွာသားများမှာမူ လုချင်းက ခံတပ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ကြောင်းကို ကြားလိုက်ရသောအခါ၌ အလွန်ပင် အံ့အားသင့်သွားကြတော့သည်။
လုချင်းသည် သိုင်းပညာ ကျွမ်းကျင်ကြောင်း မနက်ကတည်းက သိထားကြသော်လည်း တောင်ပေါ်စခန်းတစ်ခုလုံးကို တစ်ယောက်တည်း ဖျက်ဆီးပစ်လိုက်ခြင်းမှာ သူတို့၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်သွားပြီပင်။
လုချင်းသည် ရွာသားများ၏ အမူအရာကို သတိပြုမိလိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် သူက ပြောလိုက်လေသည်။
"အဘိုးကျန်း... ကျွန်တော့်မိဘတွေကို ဒုက္ခပေးတဲ့ ခံတပ်ကို ဖျက်ဆီးပစ်လိုက်ပြီဆိုပေမဲ့ ဒီကိစ္စကို အပြင်မှာ လျှောက်မပြောကြပါနဲ့ဦး။ ခံတပ်ရဲ့ နောက်ကွယ်မှာ မြို့ပေါ်က ဝံပုလွေနက်ဂိုဏ်း ရှိနေတာဆိုတော့ သူတို့ လူလွှတ်ပြီး စုံစမ်းမလား မသိနိုင်ဘူးလေ။ ဒါ့ကြောင့် ခုတလောတော့ ဘယ်သူမှ ဒီကိစ္စကို မပြောကြပါနဲ့နော်။"
မာကူးက ယစ်မူးပျော်မွေ့ခံတပ်ကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု လုချင်း ယုံကြည်သော်လည်း ရွာသားတွေကိုတော့ သူ သတိပေးထားရပေဦးမည်ပင်။
အဘိုးကျန်းကလည်း အလျင်အမြန် တုံ့ပြန်လိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်... မင်းတို့အားလုံး ကြားတယ်မှတ်လား။ အပြင်ထွက်ရင် လုချင်းအကြောင်း ဘာမှမပြောကြနဲ့။ ဒီကာလအတွင်း လယ်ထဲ ဆင်းတာကလွဲရင် ဘယ်မှ မသွားကြနဲ့၊ ဈေးကြီးဘက်ကိုတောင် မသွားကြနဲ့။ နားလည်ကြလား။"
ရွာသားများကလည်း တညီတညွတ်တည်း ဖြေကြားလိုက်ကြသည်။
"နားလည်ပါတယ်။"
ဘိုးဘွားကန်တော့ခန်းမတွင် ကျန်ရှိနေသေးသူများမှာ ရွာမှ တည်ငြိမ်ရင့်ကျက်သော လူကြီးများသာ ဖြစ်ကြသဖြင့် အခြေအနေ၏ လေးနက်မှုကို သဘာဝကျကျ နားလည်ကြလေသည်။
အဘိုးကျန်းက ဆက်ပြောလိုက်၏။
"ကဲ... လုချင်းလည်း ပြန်ရောက်ပြီဆိုတော့ လူစုခွဲကြစို့။ တစ်နေကုန် စိတ်ပူပြီး ညစာလည်း မစားရသေးတော့ အကုန်လုံးလည်း ပင်ပန်းနေကြလောက်ပြီ။ ကျန်တဲ့ကိစ္စတွေကို မနက်ဖြန်မှ ဆက်ပြောကြတာပေါ့။"