← Chapters

ပေးစာများ နှင့် ငွေရောင်သံချပ်ကာတပ်ဖွဲ့

Vol. 9 Ch. 82

ပေးစာများ နှင့် ငွေရောင်သံချပ်ကာတပ်ဖွဲ့

Vol. 9 Ch. 82

"ဆရာမာ... ယစ်မူးပျော်မွေ့ခံတပ်ကိစ္စကတော့ ပြီးသွားပြီ။ ဒါပေမဲ့ ကယ်လာတဲ့ မိန်းကလေးတွေကို ဘယ်လိုလုပ်ကြမလဲဗျ။"

ဈေးကြီးရှိ မာကူး၏ နေအိမ်တွင် ညဘက်အချိန်၌ ရှောင်ထျန်းက သတင်းပို့နေပါ၏။

မာကူးက မေးလိုက်သည်။

"သူတို့ရဲ့ ဆန္ဒက ဘယ်လိုရှိလဲ။"

"ဒီမိန်းကလေးအများစုက သူတို့ရဲ့မိဘတွေ၊ ယောကျ်ားတွေကိုယ်တိုင်က ခံတပ်ကို ရောင်းစားခဲ့ကြတာလေ။ အဲ့ဒါကြောင့် သူတို့က အိမ်မပြန်ချင်ကြတော့ဘဲ ဆရာမာအနေနဲ့ သူတို့ကို တစ်ခုခုစီစဉ်ပေးဖို့ မျှော်လင့်နေကြပါတယ်ဗျ။"

မာကူးသည် ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်လေသည်။

"တချို့ကို ဈေးကြီးမှာ ကူညီဖို့ ချန်ထားလိုက်။ ကျန်တဲ့သူတွေကိုတော့ အထည်ဆိုင်ကို ပို့လိုက်ကွာ။ ဦးလေးလီကလည်း လူလိုနေတယ်လို့ ပြောနေတာပဲဟာ။ အခုလို လူတွေအများကြီး ပို့ပေးလိုက်ရင် ငါ့ကို လာပြီး ပူဆာနေတာလည်း ရပ်သွားလောက်ပြီ။"

ရှောင်ထျန်းကလည်း သဘောတူလိုက်၏။

"ဟုတ်ကဲ့ပါ။"

အထည်ဆိုင်တွင် အမျိုးသမီးများသာ ရှိသဖြင့် ထိုမိန်းကလေးများကို ထိုနေရာ၌ စီစဉ်ပေးခြင်းက အသင့်တော်ဆုံးပင် ဖြစ်သည်။

ရှောင်ထျန်းက ဆက်ပြောလိုက်၏။

"နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ် ဆရာမာ။ ငွေတွေအများကြီးအပြင် ယစ်မူးပျော်မွေ့ခံတပ်ကနေ ဒီပစ္စည်းနှစ်ခုကိုလည်း တွေ့ခဲ့သေးတယ်ဗျ။"

ရှောင်ထျန်းသည် သူ့ရင်ဘတ်ထဲမှ စာအုပ်နှစ်အုပ်ကို ထုတ်ယူပြီး ပေးလိုက်သည်။

မာကူး ကြည့်လိုက်သောအခါ အံ့ဩစွာဖြင့် ရေရွတ်လိုက်မိသည်။

"သိုင်းကျမ်းတွေလား။"

သူ စာအုပ်များကို လှန်လှောကြည့်လိုက်သောအခါ၌ ချီနှင့်သွေးအဆင့်အတွက် သိုင်းကျမ်းများဖြစ်ကြောင်း တွေ့လိုက်ရသည်။

တစ်အုပ်မှာ 'နှလုံးကို လုယူသည့် လက်ဝါး' ဖြစ်ပြီး၊ နောက်တစ်အုပ်မှာ 'အဆိပ်ဝံပုလွေလက်သီး' ဖြစ်လေသည်။

မာကူးက ပြောလိုက်သည်။

"ဝံပုလွေနက်ဂိုဏ်းရဲ့ နဝမခေါင်းဆောင် နှလုံးသားလုယူသူဝံပုလွေက ဒီသိုင်းပညာနှစ်ခုကို အားကိုးခဲ့တာ ဖြစ်ရမယ်။"

ရှောင်ထျန်းက ရှင်းပြလိုက်သည်။

"ဟုတ်လောက်တယ်ဗျ... ဒီကျမ်းတွေကို နှလုံးသားလုယူသူဝံပုလွေရဲ့ အိပ်ခန်းထဲကနေ တွေ့ခဲ့တာပါ ဆရာမာ။ စာမျက်နှာတွေက ဒီလောက်တောင်ဟောင်းနွမ်းနေပုံထောက်ရင် သူ ခဏခဏ လေ့လာထားတဲ့ပုံပဲနော်။"

မာကူးက မထီမဲ့မြင် လေသံဖြင့် ပြောလိုက်သည်။

"ကြိုးစားတော့ရော ဘာအသုံးဝင်မှာလဲကွာ။ အဝတ်အစားတောင် ညစ်ပေမသွားတဲ့ ညီလေးလုရဲ့ ပြိုင်ဘက်မှ မဟုတ်ခဲ့တာ။"

လုချင်းသည် ယစ်မူးပျော်မွေ့ခံတပ်ရှိ လူအားလုံးနီးပါးကို သတ်ဖြတ်ခဲ့သော်လည်း ဒဏ်ရာတစ်ချက်မျှပင် မရခဲ့ဘဲ အဝတ်အစားတွင် သွေးစွန်းရုံသာ ရှိသည်ကို မာကူး အစောပိုင်းကတည်းက သတိထားမိခဲ့သည်။

ဤသည်မှာ နှလုံးသားလုယူသူဝံပုလွေသည် လုချင်းအတွက် ခြိမ်းခြောက်မှု လုံးဝမဖြစ်ခဲ့ကြောင်း ထင်ရှားနေပါ၏။

ရှောင်ထျန်းက ပြောလိုက်သည်။

"ဟုတ်တယ်... အဲ့ဒီအချိန်တုန်းက ရှိနေတဲ့ မိန်းကလေးတွေ ပြောစကားအရဆိုရင် နှလုံးသားလုယူသူဝံပုလွေက ညီလေးလုရဲ့ တစ်ချက်တည်းနဲ့တင် ရှုံးသွားခဲ့တာတဲ့။"

မာကူးက သက်ပြင်းချလျက် ပြောလိုက်လေသည်။

"ငါ့ညီလေးက တကယ့်ကို ထူးခြားတဲ့သူပါလား။ သူ့ရဲ့ ကျင့်ကြံခြင်းပါရမီကတင် တော်တော်လေးကို ဩချစရာဖြစ်နေပြီလို့ ထင်ခဲ့တာ၊ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကလည်း တော်တော်လေးကို ကောင်းနေတာပဲကွာ။"

သူသည် လုချင်း ပြသခဲ့သော အစွမ်းအစကြောင့် အမှန်တကယ်ပင် တုန်လှုပ်သွားခဲ့ရသည်။

နှစ်ယောက်စလုံးက ချီနှင့်သွေးအဆင့် သိုင်းသမားချင်း ဖြစ်သော်လည်း နှစ်ပေါင်းများစွာ သိုင်းကျင့်ကြံခဲ့သော နှလုံးသားလုယူသူဝံပုလွေသည် လုချင်း၏ ပြိုင်ဘက် မဖြစ်ခဲ့ပေ။

အင်အားကွာခြားချက် ကြီးမားလွန်းလှသဖြင့် လုချင်း မည်သို့ စွမ်းဆောင်ခဲ့သည်ကို မာကူး နားမလည်နိုင်အောင် ဖြစ်နေရသည်။

သိုင်းပညာ တိုးတက်မှုသည် ပါရမီကြောင့် ဖြစ်နိုင်သော်လည်း တိုက်ပွဲအတွေ့အကြုံ ဆိုသည်မှာ မွေးရာပါ အရည်အချင်းသက်သက်ထက် ပိုလိုအပ်သည် မဟုတ်ပါလော။

ခံတပ်ရှိ တိုက်ပွဲ အစအနများကို ကြည့်ခြင်းအားဖြင့် လုချင်းသည် နှလုံးသားလုယူသူဝံပုလွေကို လွယ်ကူစွာ ချေမှုန်းခဲ့ကြောင်း သိသာနေပါ၏။

သူ ဘယ်လိုများလုပ်လိုက်တာလဲ။

မာကူး စဉ်းစား၍ပင် မရနိုင်ပေ။

ရှောင်ထျန်းက ယစ်မူးပျော်မွေ့ခံတပ်မှ သွေးချောင်းစီးနေသော မြင်ကွင်းကို ပြန်လည်အမှတ်ရရင်း ပြောလိုက်သည်။

"ညီလေးလုရဲ့ သတ်ဖြတ်လိုစိတ်က တော်တော်လေးကို ကြောက်စရာကောင်းတယ်နော် ဆရာ။"

ပုံမှန်အချိန်တွင် သိမ်မွေ့ယဉ်ကျေးသော လုချင်းသည် လူများကို ခေါင်းဖြတ်သတ်ရာ၌ ဤမျှလောက်အထိ ရက်စက်ပြတ်သားလိမ့်မည်ဟု သူ ယုံပင်မယုံကြည်နိုင်ခဲ့ပေ။

ယခုအခါ ရှောင်ထျန်းသည် လုချင်းအပေါ် လေးစားမှုနှင့်တကွ ကြောက်ရွံ့မှုတို့ရောပြွမ်းနေသော ခံစားချက်မျိုး ထားရှိနေပြီ ဖြစ်သည်။

မာကူးသည်လည်း ယစ်မူးပျော်မွေ့ခံတပ်မှ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို တွေးမိပြီး မသက်မသာ ဖြစ်သွားလေသည်။

ကြွက်သားနှင့်အရိုးအဆင့် သိုင်းသမားတစ်ဦးအနေဖြင့် သူသည်လည်း တိုက်ပွဲပေါင်းများစွာ ကြုံဖူးပြီး လူသတ်ဖူးသူ ဖြစ်သည်။

သို့သော် သူ၏ နှစ်ပေါင်းများစွာ သတ်ဖြတ်ခဲ့မှုများသည် လုချင်း၏ တစ်ညတည်း သတ်ဖြတ်မှုနှင့် နှိုင်းယှဉ်လျှင်တော့ ဘာမှမဟုတ်တော့ပေ။

သူ့ခေါင်းထဲမှ ကြမ်းတမ်းသော ပုံရိပ်များကို ဖျောက်ဖျက်ရန် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"ထားလိုက်ပါတော့ကွာ... ဒီကျမ်းတွေကို ဒီမှာပဲ ထားလိုက်။ ဒါတွေက ညီလေးလုရဲ့ စစ်နိုင်ပစ္စည်းတွေပဲဟာ။ ယစ်မူးပျော်မွေ့ခံတပ်က ရတဲ့ငွေစာရင်း ရှင်းပြီးသွားရင် ငါကိုယ်တိုင် သူ့ဆီ သွားပို့ပေးလိုက်မယ်။"

ရှောင်ထျန်းက စိုးရိမ်တကြီး မေးလိုက်သည်။

"ဆရာမာ... ဝံပုလွေနက်ဂိုဏ်းကိစ္စကိုရော ဘယ်လို ဆက်လုပ်ကြမလဲ။ ယစ်မူးပျော်မွေ့ခံတပ် ရှုံးသွားတာကို သိရင် သူတို့တွေ သေချာပေါက် စုံစမ်းကြတော့မှာလေ။"

ဝံပုလွေနက်ဂိုဏ်းသည် မာမိသားစုထက် ပိုမိုအင်အားကြီးမားသဖြင့် ရှောင်ထျန်း စိုးရိမ်နေမိပါ၏။

အကယ်၍ ပဋိပက္ခဖြစ်လာပါက သူတို့အနေဖြင့် ဖိအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

မာကူးက အေးဆေးစွာ ပြောလိုက်သည်။

"ငါတို့ ကိုင်တွယ်စရာ ဘာမှမလိုဘူးကွ။ ဝေ့မိသားစုရဲ့ အိမ်တော်ထိန်းအကြီးအကဲက ညီလေးလုကို အရမ်းတန်ဖိုးထားတာလေ၊ သူ့ကို ဘာမှ အဖြစ်ခံမှာ မဟုတ်ဘူး။ ငါ ဒီည စာတစ်စောင်ရေးလိုက်မယ်။ မင်း ဝေ့အိမ်တော်ကို သွားပို့လိုက်။ ကျန်တာကို သူတို့ ဖြေရှင်းပေးလိမ့်မယ်။"

ဆရာမာက ကြိုတင်စီစဉ်ပြီးသားဖြစ်ကြောင်း သိလိုက်ရသောအခါ ရှောင်ထျန်း၏မျက်လုံးများ အရောင်တောက်သွားလေသည်။

ထိုညတွင်ပင် ရှောင်ထျန်းသည် မြင်းကို အလျင်အမြန် စီးနှင်ပြီး ဝေ့အိမ်တော်သို့ သွားရောက်ခဲ့ရာ မိုးလင်းခါနီးတွင် ရောက်ရှိခဲ့ပြီး တံခါးစောင့်ကို စာပေးအပ်ခဲ့လေသည်။

ဝေ့မိသားစု၏ အိမ်တော်ထိန်းအကြီးအကဲက စာကို ရရှိသောအခါ၌ ဖွင့်ဖတ်ကြည့်လိုက်ရာ အံ့အားသင့်သွားတော့လေ၏။

ထို့နောက် သူသည် စာကို ယူဆောင်ပြီး အနက်ရောင်မုတ်ဆိတ်မွေးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုက်ချိကစားနေသော တိတ်ဆိတ်ငြိမ်သက်သည့် ခြံဝင်းတစ်ခုဆီသို့ သွားလိုက်သည်။

အိမ်တော်ထိန်းအကြီးအကဲက လေးစားစွာ ပြောလိုက်သည်။

"သခင်ကြီး... ဆုံးဖြတ်ပေးရမယ့် ကိစ္စတစ်ခု ရှိလို့ပါ။"

ထိုက်ချိကစားနေသော လူလတ်ပိုင်းအရွယ် အမျိုးသားက မေးလိုက်သည်။

"ဟေ... ဆုံးဖြတ်ရမယ့် ကိစ္စက ဘာများလဲ။"

"သမားတော်ကြီးချန်ရဲ့ တပည့်လေးကိစ္စပါ။"

အနက်ရောင်မုတ်ဆိတ်မွေးနှင့် လူကြီးက လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ။"

အိမ်တော်ထိန်းအကြီးအကဲက ရှင်းပြလိုက်သည်။

"မာမိသားစုက မာကူးဆီကနေ ဒီစာ ရောက်လာလို့ပါ။"

"မာကူး ဟုတ်လား... မာမိသားစုကနေ နှင်ထုတ်ခံရလုနီးနီးဖြစ်သွားတဲ့ ကောင်လေးမလား။"

"ဟုတ်ပါတယ်... အဲ့ဒီ မာကူးပါပဲ။ သခင်လေးကျိအန်း ဒဏ်ရာရတုန်းက သူ့ဆီမှာ တည်းခဲ့တာလေ။ မာကူးရဲ့ သတိပေးမှုကြောင့်သာ သခင်လေးက သမားတော်ကြီးချန်နဲ့ အချိန်မီ ကုသခွင့်ရခဲ့တာပါ။"

အနက်ရောင်မုတ်ဆိတ်မွေးနှင့် လူကြီးက ခေါင်းညိတ်လိုက်ပြီး စာကို ဖွင့်ဖတ်လိုက်လေသည်။

စာဖတ်နေရင်း သူ၏မျက်မှောင်များ ကြုတ်သွားလေ၏။

"ဒီစာထဲက အကြောင်းအရာတွေက အမှန်ပဲလား။"

စာဖတ်ပြီးနောက် သူက မော့ကြည့်ကာ မေးလိုက်သည်။

အိမ်တော်ထိန်းအကြီးအကဲကလည်း ပြန်ဖြေလိုက်သည်။

"စာကတော့ အတည်ပြုချက်မပါဘဲ ရောက်လာတာဆိုပေမဲ့ မာကူးအနေနဲ့ ဒီလိုကိစ္စမျိုးကို လိမ်ရဲမယ်လို့တော့ ကျွန်တော် မထင်ပါဘူး။"

အနက်ရောင်မုတ်ဆိတ်မွေးနှင့် လူကြီးက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"ဝံပုလွေနက်ဂိုဏ်းရဲ့ လုပ်ရပ်တွေက စည်းကျော်လွန်းနေပြီပဲ။"

အိမ်တော်ထိန်းအကြီးအကဲက သတိထားကာ မေးလိုက်သည်။

"ဝံပုလွေနက်ဂိုဏ်းကို ရှင်းပစ်ဖို့ လူလွှတ်လိုက်ရမလား သခင်ကြီး။"

ဝေ့မိသားစု၏ အင်အားဖြင့် ဝံပုလွေနက်ဂိုဏ်းကို ဖျောက်ဖျက်ပစ်ရန်မှာ အလွန်လွယ်ကူလှသည်။

ထို့ပြင် သခင်ကြီးသည် ထိုကဲ့သို့သော မတရားမှုများကို မနှစ်သက်သူပင်။

အနက်ရောင်မုတ်ဆိတ်မွေးနှင့် လူကြီးက စာကို တစ်ချက်ပြန်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"စာထဲမှာ သမားတော်ကြီးချန်ရဲ့ တပည့်အကြောင်း ပါတယ်မလား။"

"ဟုတ်ပါတယ်... ညီလေးလုက ကျွန်တော်တို့သခင်လေးကို ကယ်ဖို့ တစ်ညလုံး မအိပ်ဘဲ ဆေးဖော်ပေးခဲ့တာပါ။"

အနက်ရောင်မုတ်ဆိတ်မွေးနှင့် လူကြီးက ချီးကျူးလိုက်လေသည်။

"တကယ့်ကို ရက်စက်ပြတ်သားတဲ့ လူငယ်လေးပါလား။ တစ်ညတည်းနဲ့ လူဆိုးပေါင်း တစ်ရာနီးပါးကို သတ်ဖြတ်ခဲ့တာက ချန်ခရိုင်တစ်ခုလုံးမှာတောင် ရှားတယ်။"

အိမ်တော်ထိန်းအကြီးအကဲသည် လုချင်း၏အခြားတစ်ဖက်ကို သိလိုက်ရသဖြင့် အံ့ဩမှင်သက်ကာ တိတ်ဆိတ်နေမိသည်။

သူသည် သမားတော်ကြီးချန်၏အိမ်တွင် လုချင်းကို နေ့တိုင်း တွေ့မြင်ခဲ့ရသော်လည်း လုချင်းက လူသတ်ရာတွင် ဤမျှ ပြတ်သားလိမ့်မည်ဟုတော့ သူ တစ်ခါမှ မထင်ခဲ့မိပေ။

အစပိုင်းတွင် သူသည် မာကူး၏စာကို အမှားဟု ထင်မှတ်ကာ သံသယဝင်ခဲ့သေးသည်။

ပို၍အံ့ဩစရာကောင်းသည်မှာ လုချင်း၏ သိုင်းပညာ တိုးတက်မှုပင် ဖြစ်သည်။

သမားတော်ကြီးချန်၏အိမ်မှ သူတို့တွေ ပြန်သွားစဉ်က လုချင်းသည် ချီနှင့်သွေးအဆင့်သို့ ဝင်ရောက်ခါစသာ ရှိသေးသည်။

ထိုသို့ဆိုလျှင် အတွေ့အကြုံရင့်ကျက်သော ချီနှင့်သွေးအဆင့် သိုင်းသမား နှလုံးသားလုယူသူဝံပုလွေကို သူ မည်သို့ အနိုင်ယူခဲ့ပါသနည်း။

အနက်ရောင်မုတ်ဆိတ်မွေးနှင့် လူကြီးက မေးလိုက်သည်။

"သခင်မကြီးကို ဒီလူငယ်လေးဆီ လက်ဆောင်တွေ ပို့ပေးဖို့ မင်း အကြံပေးခဲ့တယ်မလား"

"ဟုတ်ပါတယ်... သူ့ရဲ့ ပါရမီကို မြင်ပြီး မိတ်ဆွေဖွဲ့ထားသင့်တယ်လို့ အကြံပြုခဲ့တာပါဗျ။"

"မင်းရဲ့ ဆုံးဖြတ်ချက် မှန်တယ်။ သူက တကယ်ကို ရှားပါးတဲ့ ပါရမီရှင်ပဲ။"

အနက်ရောင်မုတ်ဆိတ်မွေးနှင့် လူကြီးက ထပ်မံချီးကျူးလိုက်ပြီး ဆက်ပြောလေသည်။

"ဒါပေမဲ့ ပါရမီရှင်တွေတောင်မှ ကြီးထွားလာဖို့အတွက် ဖိအားတွေ လိုအပ်တယ်လေ။ ဝံပုလွေနက်ဂိုဏ်းက သူ့အတွက် ဓားသွေးကျောက် ဖြစ်လာလိမ့်မယ်။"

"ကျွန်တော် နားလည်ပါပြီ။"

အိမ်တော်ထိန်းအကြီးအကဲသည် သခင်ကြီး၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားလေသည်။

"သွား... စီစဉ်လိုက်တော့။"

အိမ်တော်ထိန်းအကြီးအကဲသည် ထွက်ခွာသွားပြီး အစောင့်များကို ဆင့်ခေါ်ကာ ရှောင်ထျန်းကို ပြန်ပေးရန် စာရေးပေးလိုက်သည်။

ရှောင်ထျန်း အလျင်အမြန် ပြန်သွားချိန်တွင် ဝေ့အိမ်တော်၏ ဘေးပေါက်မှ ငွေရောင်သံချပ်ကာဝတ် အစောင့်တစ်ဖွဲ့သည်လည်း မြင်းများကို စီးလျက် ထွက်ခွာလာကြလေသည်။

"အဲ့ဒါ ဝေ့အိမ်တော်က ငွေရောင်သံချပ်ကာတပ်ဖွဲ့ မဟုတ်လား။"

"ဝေ့အိမ်တော်က သူတို့ကို လွှတ်ရအောင် ဘာတွေ ဖြစ်လို့လဲဟ။"

"သခင်လေး ဒဏ်ရာရတုန်းက တစ်ခါ ထွက်လာကြပြီးပြီမလား။ အခု ဘာထပ်ဖြစ်ပြန်ပြီလဲမသိဘူးနော်။"

"ပေါက်ကရတွေ မပြောစမ်းပါနဲ့ကွာ။ သခင်လေးက အခုမှ ပြန်သက်သာလာတာလေ။ ဘယ်လိုလုပ် အပြင်ထွက်မှာလဲ။"

"အဲ့ဒါဆို သူတို့က ဘာလို့ ထွက်လာကြတာလဲ။"

ဝေ့အိမ်တော်၏ လှုပ်ရှားမှုများသည် မြို့တစ်မြို့လုံး၏ အာရုံစိုက်မှုကို အမြဲရရှိလေ့ရှိသည်။

ငွေရောင်သံချပ်ကာတပ်ဖွဲ့ကို မြင်လိုက်ရသောအခါ၌ သူလျှိုများအားလုံး သတိအနေအထားသို့ ရောက်သွားကြသည်။

ငွေရောင်သံချပ်ကာတပ်ဖွဲ့သည် အနည်းဆုံး ကြွက်သားနှင့်အရိုးအဆင့် ရှိသော သိုင်းသမားများဖြင့် ဖွဲ့စည်းထားသည့် အထက်တန်းလွှာ တပ်ဖွဲ့တစ်ခု ဖြစ်သည်။

ထိုကဲ့သို့သော အင်အားသည် အခြားဂိုဏ်းများတွင်တော့ အလွန်ကြောက်မက်ဖွယ်ကောင်းသော်လည်း ဝေ့အိမ်တော်တွင်မူ အစောင့်များအဖြစ်သာ တာဝန်ထမ်းဆောင်ကြရသည်။

ဤအချက်က မည်သည့်ဂိုဏ်းမှ မထိပါးရဲသော ဝေ့မိသားစု၏ မြင့်မြတ်သော အဆင့်အတန်းကို ပေါ်လွင်စေလေသည်။

ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင်ကပင် ဝေ့မိသားစုအကြီးအကဲနှင့် တွေ့ဆုံရန် ခွင့်ပြုချက်တောင်းခံရသည် မဟုတ်ပါလော။

အစောင့်များ ထွက်ခွာလာသည်ကို မြင်လိုက်ရသောအခါ ဂိုဏ်းအဖွဲ့များအားလုံး တုန်လှုပ်သွားကြသည်။

"ကြည့်စမ်း... သူတို့ အနောက်ဘက်ကို သွားနေကြတာ။"

ဦးတည်ရာလမ်းကြောင်းကို မြင်လိုက်ရသောအခါ ဂိုဏ်းအဖွဲ့များ ပို၍ပင် အံ့ဩသွားကြလေသည်။

အနောက်ဘက်ခြမ်းသည် လူနေထူထပ်ပြီး ရှုပ်ထွေးသော အင်အားစုများ ရောနှောနေထိုင်ရာ နေရာဖြစ်သည်။

အစောင့်များက ထိုနေရာသို့ ဘာကြောင့် သွားကြသနည်း။

အထူးသဖြင့် အနောက်ဘက်ခြမ်းရှိ ဂိုဏ်းများသည် သူတို့ကို ပစ်မှတ်ထားနေခြင်း ဖြစ်မည်လားဟု တွေးကာ စိုးရိမ်မကင်း ဖြစ်နေကြသည်။

ငွေရောင်သံချပ်ကာတပ်ဖွဲ့သည် အနောက်ဘက်သို့ မြင်းစီးသွားကြပြီး အဆောက်အဦးတစ်ခုရှေ့တွင် ရပ်တန့်လိုက်ကြသည်။

"နွေဦးလမင်းဆောင်လား"

သူတို့ ရပ်တန့်လိုက်သည့် နေရာကို မြင်သောအခါ လူတိုင်း အံ့ဩမှင်သက်သွားကြသည်။

နွေဦးလမင်းဆောင်သည် မြို့တွင် အကျော်ကြားဆုံး ပြည့်တန်ဆာရုံ ဖြစ်သည်။

ဒါပေမဲ့ အစောင့်တွေက အဲ့ဒီကို ဘာကိစ္စ ရှိလို့လဲ။ တစ်ယောက်ယောက်ကို လိုက်ပို့တာလား။

ထိုစဉ် ခေါင်းဆောင်အစောင့်ထံမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာလေသည်။

"ဝံပုလွေနက်... ထွက်ခဲ့စမ်း။"

ဝံပုလွေနက်တဲ့လား။

ထိုအသံကို ကြားလိုက်ရသောအခါ လူတိုင်း ထပ်မံ အံ့ဩသွားကြပြန်သည်။

အစောင့်များသည် ဝံပုလွေနက်ဂိုဏ်း၏ ခေါင်းဆောင် ဝံပုလွေနက်ကို လာရှာလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။

ယခုအခါ လူတိုင်း စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး အထူးသဖြင့် အနောက်ဘက်ခြမ်းရှိ ဂိုဏ်းများသည် ကျိတ်၍ ဝမ်းသာနေကြလေသည်။

ဝံပုလွေနက်က ဝေ့အိမ်တော်ကို ဘယ်လို စော်ကားမိမှန်း မသိကြသော်လည်း ဒီပွဲကို ကြည့်ရသည်မှာ ကျေနပ်စရာပင် ကောင်းလှသည်။

နွေဦးလမင်းဆောင်အတွင်း၌ အမွှေးထူထူရင်ဘတ်နှင့် မျက်နှာတွင် အမာရွတ်ရှိသော အရပ်ရှည်ရှည် ထွားကျိုင်းကျိုင်း လူတစ်ယောက်သည် တုန်လှုပ်ချောက်ချားသွားလေ၏။

"ငွေရောင်သံချပ်ကာတပ်ဖွဲ့က ငါ့ဆီ လာတာလား။"

"အစ်ကိုကြီး..."

လူအများအပြား အခန်းထဲသို့ ပြေးဝင်လာကြသည်။

"ဘာတွေ ဖြစ်ကုန်တာလဲ။ ဝေ့အိမ်တော်ရဲ့ အစောင့်တွေက ဘာလို့ အစ်ကိုကြီးကို တွေ့ချင်နေကြတာလဲ။"

သူတို့သည် ဝံပုလွေနက်ဂိုဏ်း၏ အခြားခေါင်းဆောင်များ ဖြစ်ကြသည်။

ဝံပုလွေနက်က ထိတ်လန့်တကြား ပြောလိုက်သည်။

"ငါ မသိဘူးလေ။"

သူသည် မကြာသေးမီက ဖြစ်ရပ်များကို ပြန်စဉ်းစားကြည့်သော်လည်း ဝေ့အိမ်တော်ကို စော်ကားမိမည့် ကိစ္စမျိုးကို စဉ်းစား၍ မရနိုင်ပေ။

ဒုတိယခေါင်းဆောင်က မေးလိုက်သည်။

"အစောင့်တွေက ဘာလို့ ဒီလောက် ရန်လိုပြီး အစ်ကိုကြီးကို ခေါ်နေကြတာလဲ။"

ဝံပုလွေနက်က ကြောက်လန့်တကြားနှင့် ဇဝေဇဝါ ဖြစ်နေပြီး ပြောလိုက်သည်။

"ငါလည်း သိချင်တာပေါ့ကွာ။ ဝေ့အိမ်တော်ကို ရန်စဖို့နေနေသာသာ အနောက်ဘက်ပိုင်းကနေတောင် ငါ အပြင်မထွက်တာ ကြာလှပြီ။"

အခြားခေါင်းဆောင်များလည်း တိတ်ဆိတ်သွားကြပြီး ဝံပုလွေနက်အနေဖြင့် ဝေ့အိမ်တော်ကို ရန်စရဲမည် မဟုတ်ကြောင်း သဘောတူလိုက်ကြသည်။

တစ်ယောက်က မေးလိုက်သည်။

"အခု ဘယ်လိုလုပ်မလဲ။ အပြင်ထွက်တွေ့လိုက်မလား။"

ဝံပုလွေနက်က ခါးသီးစွာ ပြောလိုက်သည်။

"ငါတို့မှာ ရွေးချယ်စရာ ရှိလို့လား။"

အပြင်ဘက်တွင် အစောင့်များ ရောက်နေသည်ကို မြင်ရသဖြင့် သူတို့တွင် ရွေးချယ်ခွင့် မရှိကြောင်း သဘောပေါက်လိုက်ကြသည်။

ဒုတိယခေါင်းဆောင်က ပြောလိုက်သည်။

"ငါတို့ ထင်ထားသလို မဆိုးရွားတာမျိုးလည်း ဖြစ်နိုင်တယ်လေ။ အစောင့်တွေက အထဲကို အတင်းဝင်မလာကြဘူးဆိုတော့ ညှိနှိုင်းလို့ ရနိုင်တဲ့ အခြေအနေ ရှိပါသေးတယ်။"

အခြားသူများကလည်း သဘောတူလိုက်ကြသည်။

"ဟုတ်တယ်။"

အကယ်၍ သူတို့သာ ဝေ့အိမ်တော်ကို ကြီးကြီးမားမား စော်ကားမိခဲ့လျှင် အစောင့်များသည် အထဲသို့ အတင်းဝင်စီးပြီးလောက်ပြီ ဖြစ်သည်။

"ကောင်းပြီလေ... ငါ ထွက်တွေ့လိုက်ပါမယ်ကွာ။"

ဒုတိယခေါင်းဆောင်၏ သုံးသပ်ချက်ကို ယုံကြည်ပြီး ဝံပုလွေနက်သည် အံကိုကြိတ်ကာ ဆုံးဖြတ်လိုက်လေတော့သည်။

All Chapters