ငွေခွဲဝေခြင်း
Vol. 9 Ch. 85
"အဘိုးကျန်း... ဒီငွေနှစ်ရာကို ဘယ်လို ခွဲဝေပေးဖို့ စီစဉ်ထားလဲဗျ။"
လုချင်းက မေးလိုက်သည်။
"သေချာတာပေါ့... ညီတူမျှတူ ခွဲဝေရမှာပေါ့။ ရွာထဲက အိမ်ထောင်စုတိုင်း ညီတူမျှတူ ရရမယ်။"
အဘိုးကျန်းက ဖြစ်သင့်ဖြစ်ထိုက်သည့်အတိုင်း ပြောလိုက်သည်။
လုချင်းလည်း ခေါင်းညိတ်လိုက်၏။
"မိမိဝေစုနည်းမှာကို မကြောက်နှင့် ၊ ညီတူညီမျှမဖြစ်မှာကိုသာ ကြောက်ပါ" ဟူသော ဆိုရိုးစကားရှိသည်မဟုတ်ပါလော။ ငွေကြေးကိစ္စနှင့် ပတ်သက်လာလျှင် အကြောက်ရဆုံးအရာမှာ မျက်နှာလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ညီတူမျှတူ ခွဲဝေခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်သည်။
"ဒါပေမဲ့ ဒီငွေစက္ကူတွေကို ငွေဒင်္ဂါးနဲ့ လဲလှယ်ဖို့ကျတော့ မလွယ်ဘူး။"
အဘိုးကျန်းက အခက်အခဲတစ်ခုကို ပြောပြလိုက်သည်။
လုချင်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် အဘိုးအို၏ စိုးရိမ်မှုကို နားလည်သွားလေသည်။
ဤငွေစက္ကူများကို ငွေဒင်္ဂါးများဖြင့် လဲလှယ်ရန်အတွက် ငွေတိုက်သို့ သွားရမည် ဖြစ်သည်။
သို့သော် ငွေတိုက်များသည် ခရိုင်မြို့တွင်သာ ရှိသည်။
ထို့ပြင် ရွာသားများအား ငွေစက္ကူများကို ယူဆောင်ခိုင်းပြီး မြို့သို့ ကိုယ်တိုင်ကိုယ်ကျ ငွေဒင်္ဂါးတွေ သွားရောက်လဲခိုင်းဖို့ဆိုသည်မှာလည်း သူတို့ကိုယ်တိုင် မသွားရဲသည်သာမက လုချင်းကိုယ်တိုင်လည်း စိတ်ချမည် မဟုတ်ပေ။
ခရိုင်မြို့သည် အလွန်ဝေးကွာလှသည်။ ဤမျှ များပြားသော ငွေပမာဏကို သယ်ဆောင်သွားရင်း မသမာသူများ၏ ပစ်မှတ်ထားခြင်း ခံရပါက ဘေးကင်းစွာ ပြန်လာနိုင်မည် ဟုတ်၊ မဟုတ် မသေချာပေ။
"ကျွန်တော် ဒါကို သတိမထားမိလိုက်ဘူး။ အဘိုးကျန်း... အဲ့ဒီငွေတွေကို ကျွန်တော့်ပဲ ပေးထားလိုက်ပါ။"
လုချင်းက ပြောလိုက်သည်။
"မနက်ဖြန်ကျရင် ကျွန်တော် ဆရာမာကို သွားရှာပြီး ဒီငွေတွေကို ငွေဒင်္ဂါးနဲ့ လဲခဲ့လိုက်မယ်။"
"အေး... အဲ့ဒါ အကောင်းဆုံးပဲ။"
ထိုစကားကို ကြားသောအခါ အဘိုးကျန်းသည် ငွေစက္ကူနှစ်ရွက်ကို လုချင်းထံ ချက်ချင်း ပေးလိုက်လေသည်။
"မနက်ဖြန်ကျရင် ငွေတွေကို ကျွန်တော် လာပေးပါ့မယ်ဗျ။"
အဘိုးကျန်း ပြန်သွားပြီးနောက် လုချင်းသည် သူ့အခန်းထဲသို့ ပြန်ဝင်လာပြီး သေတ္တာငယ်လေးတစ်လုံးကို ဖွင့်လိုက်ရာ ပြိုးပြိုးပြက်ပြက် တောက်ပနေသော ငွေဒင်္ဂါးများကို တွေ့လိုက်ရသည်။
ဤငွေသေတ္တာသည် မကြာသေးမီကမှ မာကူး ယူလာပေးသော လက်ဆောင်များထဲမှ တစ်ခုဖြစ်သည်။
မနေ့ညက မာကူးနှင့် သူ့လူများသည် ယစ်မူးပျော်မွေ့ခံတပ်ကို မွှေနှောက်ခဲ့ကြသည်။
ယစ်မူးပျော်မွေ့ခံတပ်သည် ဌာနချုပ်သို့ ငွေမပို့ဘဲ မည်မျှကြာအောင် စုဆောင်းထားသည်ကို မသိရသော်လည်း မာကူးနှင့် သူ့လူများကတော့ တော်တော်လေးကို စုဆောင်းရရှိခဲ့ကြသည်ပင်။
ရေတွက်ပြီးနောက်၌ မာကူးသည် လုချင်း၏ ဝေစုဟု သူယူဆသော ပမာဏကို ယူဆောင်လာပေးခဲ့ခြင်း ဖြစ်သည်။
လုချင်းမှာလည်း ငြင်းပယ်၍ မရသဖြင့် လက်ခံခဲ့ရပါ၏။
လုချင်းသည် သေတ္တာထဲမှ ငွေဒင်္ဂါးများကို စတင်ထုတ်ယူလိုက်သည်။
မာကူးသည် သေတ္တာကို သေချာစွာ ထုပ်ပိုးလာခဲ့ပြီး ထိုအထဲရှိ ပစ္စည်းအများစုမှာ ငွေဒင်္ဂါးများသာ ဖြစ်သည်။
ငွေဒင်္ဂါးအကြီးများက တစ်ပြားလျှင် ဆယ်ကျပ်တန်ဖိုးရှိပြီး ၊ ငွေဒင်္ဂါးအသေးလေးများကတော့ ငါးကျပ်တန်ဖိုးရှိလေသည်။
လုချင်းသည် ငါးကျပ်တန်ဖိုးရှိသော ငွေဒင်္ဂါးအပြားလေးဆယ်ကို ထုတ်ယူလိုက်ရာ သေတ္တာထဲရှိ ငွေဒင်္ဂါးအသေးလေးများ ကုန်လုနီးပါးတောင် ဖြစ်သွားရလေသည်။
နောက်တစ်နေ့ မနက်စောစောတွင် လုချင်းသည် ငွေများကို သယ်ဆောင်ပြီး အဘိုးကျန်း၏ အိမ်သို့ သွားခဲ့၏။
"အဘိုးကျန်း..."
အဘိုးကျန်းအိမ်ရှေ့တွင် ရပ်လျက် လုချင်း လှမ်းခေါ်လိုက်သည်။
"အားချင်း ရောက်လာပြီလား... လာ လာ အထဲဝင်ခဲ့။"
အဘိုးကျန်းသည် မနေ့ညက ကောင်းစွာ အိပ်မပျော်ခဲ့ဘဲ လုချင်း သူ့ကို လာရှာလျှင် လွဲသွားမည် စိုးသဖြင့် တစ်မနက်လုံး အိမ်မှာပင် စောင့်နေခဲ့သည်။
သူသည် ငွေကို မက်မောလွန်း၍ မဟုတ်ဘဲ ဤငွေများသည် ရွာသားများကို ခွဲဝေပေးရမည့် အရေးကြီးကိစ္စ ဖြစ်သောကြောင့် ပေါ့ပေါ့ဆဆ မနေရဲခြင်းပင်။
လုချင်းမှာ ငွေများကို သယ်ဆောင်လျက် အဘိုးကျန်းနှင့်အတူ အထဲသို့ ဝင်လာခဲ့သည်။
"အားချင်း... ဘာကိစ္စရှိလို့လဲ။"
တိုက်ဆိုင်စွာဖြင့် အဘိုးကျန်း၏ မိသားစုတစ်ခုလုံးဖြစ်သော သားနှစ်ယောက်နှင့် ချွေးမနှစ်ယောက်စလုံး အိမ်တွင် ရှိနေကြသည်ပင်။
လုချင်း ဝင်လာသည်ကို မြင်သောအခါ သူတို့အားလုံး တအံ့တဩဖြင့် မတ်တပ်ရပ်လိုက်ကြ၏။
အထူးသဖြင့် အဘိုးကျန်း၏ သားနှစ်ယောက်သည် လုချင်းကို အနည်းငယ် ရိုသေလေးစားသော အမူအရာဖြင့် ကြည့်နေကြသည်။
မနေ့တုံးက ဟန်လောင်ဝူနှင့် သူ့လူများ ရောက်လာခဲ့စဉ်၌ သူတို့လည်း ရှိနေခဲ့ပြီး လုချင်းက ထိုလူဆိုးများကို မည်သို့ သတ်ဖြတ်ခဲ့ကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်ပင်။
ထို့ကြောင့် ယခုအခါ၌ သူတို့နှစ်ဦးစလုံးသည် လုချင်းအပေါ် လေးစားမှု တစ်စုံတစ်ရာ ထားရှိနေကြခြင်း ဖြစ်သည်။
"ကျွန်တော် ငွေလာပို့တာပါဗျ။"
လုချင်းက ပြုံးလျက် ပြောလိုက်သည်။
"ငွေလာပို့တာ ဟုတ်လား။"
အဘိုးကျန်း၏ သားများနှင့် ချွေးမများ ဇဝေဇဝါ ဖြစ်သွားကြသည်။
ထို့နောက်၌ လုချင်းသည် အဝတ်အိတ်ထဲမှ ငွေဒင်္ဂါးများကို စားပွဲပေါ်သို့ သွန်ချလိုက်ရာ ငွေရောင်အလင်းတန်းများသည် အခန်းထဲရှိ လူတိုင်းကို မျက်စိပင်ကျိန်းသွားစေတော့သည်။
အဘိုးကျန်း၏ မိသားစုဝင်များ၏ မှင်သက်နေသော အကြည့်များအောက်တွင် လုချင်းက ပြောလိုက်လေသည်။
"အဘိုးကျန်း... ကျွန်တော် ငွေနှစ်ရာကို ငွေဒင်္ဂါးနဲ့ လဲခဲ့ပြီးပါပြီဗျ။ ဒီမှာ ငါးကျပ်တန်ဖိုးရှိတဲ့ ငွေဒင်္ဂါး အပြားလေးဆယ် ရှိပါတယ်ဗျ။ အဘိုးပဲ လူတိုင်းကို ခွဲဝေပေးလိုက်ပါတော့နော်။"
"အေးအေး။ ဒီလိုဆို ငွေခွဲဖို့ ငါ လူတိုင်းကို ခုပဲ လူစုခိုင်းလိုက်တော့မယ်။"
အဘိုးကျန်းသည်လည်း ငွေပုံကြီးကို မြင်ပြီး ခဏတာ မှင်သက်သွားခဲ့သော်ငြား သူ့သားသမီးများထက်တော့ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ပိုကောင်းလှကာ အသက်အရွယ်ကြီးရင့်သူပီပီ လျင်မြန်စွာပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
"အဖေ... ငွေခွဲတယ်ဆိုတာ ဘာကို ပြောတာလဲ။"
ဤအချိန်တွင်မှ အဘိုးကျန်း၏ သားအကြီးဆုံးက သတိပြန်ဝင်လာပြီး မေးလိုက်သည်။
"မနေ့က ဟိုလူဆိုးတွေဆီကနေ ရလာတဲ့ ငွေတွေကို အားချင်းက ရွာသားတွေကို ဝေပေးဖို့ ဆုံးဖြတ်လိုက်တာလေ။ ဒီငွေဒင်္ဂါးတွေက သူ ဈေးကြီးမှာ သွားလဲလာတဲ့ဟာတွေပေါ့။"
အဘိုးကျန်းက ရှင်းပြလိုက်သည်။
"ငွေတွေ ဒီလောက်အများကြီးကို အကုန် ပေးပစ်လိုက်တာလား။"
အဘိုးကျန်း၏ သားများနှင့် ချွေးမများမှာ အံ့ဩတကြီး ဖြစ်သွားကြရသည်။
"ပေါက်ကရတွေ မပြောစမ်းနဲ့။ မင်းတို့နှစ်ယောက်လုံး လူတိုင်းကို ဘိုးဘွားကန်တော့ခန်းမမှာ စုဖို့ သွားခေါ်ချေ။ ငွေခွဲမယ်လို့ မပြောနဲ့ဦး၊ အရေးကြီးကိစ္စ ဆွေးနွေးစရာ ရှိတယ်လို့ပဲ ပြောလိုက်။"
အဘိုးကျန်းက သူတို့ကို မျက်လုံး ပြူးကြည့်လျက် ပြောလိုက်သည်။
"ဟုတ်ဟုတ်... ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ် အဖေ။"
ထို့နောက်၌ သားနှစ်ယောက်သည် အလျင်အမြန်ဖြင့် ပြေးထွက်သွားကြတော့၏။
လုချင်းကတော့ မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။
"အဘိုးကျန်း... ကျွန်တော်ကတော့ ငွေခွဲတဲ့နေရာမှာ မပါတော့ဘူးနော်။ အဘိုးပဲ စီမံလိုက်ပါ။"
"ဘယ်လိုလုပ် ဖြစ်မှာလဲ။ ငွေက မင်းပိုင်တာလေ။ မင်းမရှိဘဲနဲ့ဆို ဘယ်ကြည့်ကောင်းပါ့မလဲဟ။"
အဘိုးကျန်းက အလျင်အမြန် တားလိုက်သည်။
"ငွေနည်းနည်းပါးပါးပါဗျာ... အရမ်းကြီးစိတ်မပူပါနဲ့ အဘိုးရယ်။ ပုံမှန်အတိုင်းသာ ခွဲဝေပေးလိုက်ပါ။ ကျွန်တော့်မှာ ဆရာနဲ့ လုပ်စရာ အရေးကြီးကိစ္စ ရှိနေလို့ ဒီမှာ ဆက်နေနေလို့မရတော့လို့ပါဗျာ။"
လုချင်းသည် ရွာသားများကို ပျော်ရွှင်စွာဖြင့် ငွေခွဲဝေယူစေချင်သည်။ အကယ်၍ သူသာ ထိုသို့ ရောက်သွားပါက ကျေးဇူးတင်စကားများနှင့် မလွဲမသွေ ရင်ဆိုင်ရပေလိမ့်မည်။
ထို့ကြောင့် လုံးဝ မသွားဘဲ နေလိုက်ခြင်းကသာ ပိုကောင်းသည်။
လုချင်းက အလွန် ပြတ်သားနေသည်ကို မြင်သောအခါ အဘိုးကျန်းလည်း ပြောလိုက်ရတော့သည်။
"အေးပါ... သမားတော်ကြီးနဲ့ အရေးတကြီး ကိစ္စရှိတယ်ဆိုရင်လည်း သွားတော့လေ။"
လုချင်း ထွက်ခွာသွားသည်ကို ကြည့်ရင်း အဘိုးကျန်း သက်ပြင်းချလိုက်မိသည်။
လုချင်းသည် ရှက်တတ်ပြီး ရွာသားများ၏ ကျေးဇူးတင်မှုကို မရင်ဆိုင်ချင်သောကြောင့် ဘိုးဘွားကန်တော့ခန်းမသို့ မသွားလိုခြင်း ဖြစ်ကြောင်း သူ ခန့်မှန်းမိပါသည်။
မည်သို့ ဖျောင်းဖျရမည်ကို မသိသဖြင့် အဘိုးကျန်းမှာ သူ့သဘောအတိုင်းသာ လွှတ်ထားလိုက်ရတော့သည်။
အဘိုးကျန်းသည် ရွာထဲတွင် အလွန် လေးစားကြည်ညိုခံရသူ ဖြစ်သည်။
အရေးကြီးကိစ္စ ဆွေးနွေးစရာရှိသည်ဟု ကြားလိုက်ရသည်နှင့် မကြာမီမှာပင် လယ်ထဲ၌ အလုပ်လုပ်နေသူများအပါအဝင် ရွာသားများအားလုံးသည် ဘိုးဘွားကန်တော့ခန်းမ၌ စုဝေးရောက်ရှိလာကြသည်။
"ကျန်းကြီး... ဘာဖြစ်လို့လဲ။ ဘာလို့ အရေးတကြီး လူစုခိုင်းရတာလဲ။"
ဘိုးဘွားကန်တော့ခန်းမတွင် အိမ်ထောင်စုအားလုံး၏ လူကြီးသူမများအား အဘိုးကျန်းက ခေါ်ယူထားသည်ကို မြင်သောအခါ ရွာသားများ အံ့ဩသွားကြပြီး ကြီးလေးသော ကိစ္စတစ်ခုခု ဖြစ်ပြန်ပြီဟု ထင်မှတ်လိုက်ကြသည်။
သက်ကြီးရွယ်အို ရွာသားအချို့က ချက်ချင်း လှမ်းမေးလိုက်ကြသည်။
မနေ့က အဖြစ်အပျက်ကြောင့် စိုးရိမ်ပူပန်နေဆဲ ဖြစ်သော ကျန်လူများလည်း စတင် စိုးရိမ်လာကြတော့သည်။
"စိတ်မလှုပ်ရှားကြပါနဲ့။ ဒီတစ်ခါ လူစုခိုင်းတာက သတင်းကောင်း ပြောမလို့ပါ။"
အဘိုးကျန်းက လူတိုင်းကို တည်ငြိမ်ရန် လက်ပြရင်း ပြောလိုက်သည်။
သူ့အနောက်ဘက်မှ စားပွဲပေါ်တွင် ဖောင်းပွနေသော အဝတ်အိတ်တစ်လုံး ရှိနေပြီး အတွင်း၌ ဘာပါသည်ကို မသိရပေ။
ယင်း၏ဘေးတွင်တော့ ချိန်ခွင်ငယ်တစ်ခုနှင့် ကတ်ကြေးတစ်လက် ရှိနေပြီး ဘာအတွက်မှန်း မရှင်းလင်းပါချေ။
"ဘာသတင်းကောင်းလဲဗျ။"
သတင်းကောင်းဟု ကြားလိုက်ရမှသာ လူတိုင်း စိတ်သက်သာရာ ရသွားကြပြီး အလျင်အမြန် မေးလိုက်ကြသည်။
"မနေ့က အားချင်းရယ် သူသတ်လိုက်တဲ့ လူဆိုးတွေဆီကနေ ငွေနည်းနည်း ရခဲ့တယ်လေ။ အဲ့ဒီထဲက အများစုကို လူတိုင်းအတွက် ခွဲဝေပေးဖို့ သူ ဆုံးဖြတ်လိုက်တယ်လေ။"
အဘိုးကျန်းက ပြောရင်း အိတ်ထဲမှ ငွေဒင်္ဂါးများကို ဂရုတစိုက် သွန်ချလိုက်သည်။
"ဒါတွေက အားချင်း လဲလာပေးတဲ့ ငွေဒင်္ဂါးတွေပဲ။ စုစုပေါင်း ငွေနှစ်ရာတန်ဖိုး ရှိတယ်။ ငါတို့ရွာမှာ အားချင်းတို့ မိသားစုကို ဖယ်လိုက်ရင် အိမ်ထောင်စု သုံးဆယ့်ခုနစ်စု ရှိတယ်။ ညီတူမျှတူ ခွဲလိုက်ရင် အိမ်တစ်အိမ်ကို ငွေ ငါးကျပ်လောက်စီတော့ ရကြလိမ့်မယ်။"
ဘိုးဘွားကန်တော့ခန်းမရှိ လူတိုင်းသည် ဖြူဖွေးတောက်ပနေသော ငွေဒင်္ဂါးများကို မြင်လိုက်ရသဖြင့် ဦးစွာ မှင်သက်သွားကြသည်။
ထို့နောက် အဘိုးကျန်း၏ စကားကို ကြားလိုက်ရသောအခါ အံ့ဩဝမ်းသာစွာဖြင့် မအော်ဘဲ မနေနိုင်ကြတော့ပေ။
မလှမ်းမကမ်းရှိ သမားတော်ကြီးချန်၏အိမ်သို့ သွားရာ တောင်ကုန်းပေါ်တွင်တော့ လုချင်းသည် ထိုဆူညံသံများကို ကြားလိုက်ရပြီး ပြုံးလိုက်မိလေသည်။