← Chapters

ထူးဆန်းသော ချိုင့်ဝှမ်း

Vol. 9 Ch. 87

ထူးဆန်းသော ချိုင့်ဝှမ်း

Vol. 9 Ch. 87

[ဂျင်ဆင်း - အဖိုးတန်ဆေးဖက်ဝင်အပင်၊ အဆိပ်အတောက်မရှိ၊ စားသုံးနိုင်သည်။]

[ဤဂျင်ဆင်းသည် အချိန်ကြာမြင့်စွာ ကြီးထွားလာခဲ့ပြီး နှစ်တစ်ရာ ကျော်လွန်နေပြီ ဖြစ်သည်။]

[ဒဏ္ဍာရီများအရ ဂျင်ဆင်းသည် ထူးဆန်းသော အစွမ်းသတ္တိများကို ပိုင်ဆိုင်ထားပြီး လုံလောက်သောအချိန်ကာလတစ်ခုအထိ ကြီးထွားလာသော ဂျင်ဆင်းသည် ဉာဏ်ရည်ဉာဏ်သွေး ရရှိနိုင်စွမ်းရှိသည်ဟု ဆိုကြသည်။]

သူ့ရှေ့ရှိ ဂျင်ဆင်းကို ကြည့်ရင်း စိတ်ထဲတွင် ပေါ်လာသော သတင်းအချက်အလက်များနှင့်အတူ လုချင်း ပြုံးလိုက်မိသည်။

နှစ်ပေါင်း နှစ်ရာကျော် သက်တမ်းရှိသော ဂျင်ဆင်းကို တူးဖော်ပြီးကတည်းက သူ့ကံကြမ္မာသည် ပြောင်းလဲသွားသကဲ့သို့ပင်။

သူသည် နောက်ထပ် ဂျင်ဆင်းသုံးပင်ကိုတောင် ထပ်မံတွေ့ရှိခဲ့ပြီး အားလုံးမှာ နှစ်တစ်ရာကျော် သက်တမ်းရှိကြလေသည်။

ဤနှစ်တစ်ရာသက်တမ်းရှိသော ဂျင်ဆင်းကို ဂရုတစိုက် တူးဖော်လိုက်ပြီးနောက် ဆေးအိတ်ထဲသို့ ထည့်လိုက်ချိန်တွင် လုချင်း၏ စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေတော့၏။

ဆေးအိတ်ထဲတွင် ဂျင်ဆင်း လေးပင် ရှိနေပြီဖြစ်ပြီး ရှောင်လီ အိမ်သို့ သယ်ဆောင်လာခဲ့သော တစ်ပင်နှင့် ပေါင်းလိုက်လျှင် ငါးပင် ရှိပြီဖြစ်သည်။

ဂျင်ဆင်းငါးပင်တဲ့လား...

ထိုသည်တို့မှာ နှစ်နှစ်ရာသက်တမ်းရှိသော ဂျင်ဆင်းတစ်ပင် နှင့် နှစ်တစ်ရာသက်တမ်းရှိသော ဂျင်ဆင်းလေးပင်ဖြဟ်၏။ အားလုံးကို သွေးအားဖြည့် ချီအားတိုးဆေးလုံးများအဖြစ် ဖော်စပ်လိုက်လျှင် သူ၏ကျင့်ကြံခြင်းကို ချီနှင့်သွေးအဆင့် အထွတ်အထိပ်သို့ ရောက်အောင် ပံ့ပိုးပေးရန် လုံလောက်သည်ထက်ပင် ပိုနေပါသေး၏။

"ဒါ တကယ့် ရတနာတောင်ကြီးပဲဟေ့။"

လုချင်းသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ့ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ သက်ပြင်းချလိုက်မိသည်။

သူ ဧရိယာအများကြီးကို ရှာဖွေခဲ့ရသည် မဟုတ်သော်လည်း နှစ်တစ်ရာဂျင်ဆင်း အများအပြားကို တွေ့ရှိခဲ့ရသည်။

ဂျင်ဆင်းရှာဖွေနေစဉ် တွေ့ရှိခဲ့ရသော အခြားဆေးဖက်ဝင်အပင်များနှင့် ပေါင်းစပ်ကြည့်လိုက်လျှင် ဤတောင်ပေါ်မှ တောအုပ်တွင် ဆေးဖက်ဝင်သယံဇာတများ ကြွယ်ဝသည်မှာ ထင်ရှားလှပေသည်။

ရတနာတောင်ဟု ခေါ်ဆိုခြင်းမှာ လွန်ကဲရာ မကျပေ။

သို့သော် ဤနေရာတွင် ဆေးဖက်ဝင်အပင်များ ပေါများသော်လည်း တောထဲသို့ ဝင်ရောက်ရန်မှာ မလွယ်ကူလှချေ။

ဤကဲ့သို့သော ရှေးဟောင်းသစ်တောကြီးထဲတွင် အဆိပ်ရှိသော အင်းဆက်များနှင့် မြွေများ၊ ပုန်းကွယ်နေသော သားရဲများ ပြည့်နှက်နေပြီး အနည်းငယ် ပေါ့ဆလိုက်သည်နှင့် သေဆုံးသွားနိုင်လေသည်။

လုချင်းသည် ချီနှင့်သွေးအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည့်အပြင် မြွေများနှင့် အင်းဆက်များကို မောင်းထုတ်ရန် သူ့ဆရာ ပြင်ဆင်ပေးထားသော ဆေးအိတ်ကို ဆောင်ထားသောကြောင့်သာ အဆင်ပြေနေခြင်း ဖြစ်သည်။

ထို့အပြင် ရှောင်လီသည် ဝိညာဉ်သားရဲတစ်ကောင် ဖြစ်သည့်အတွက် တောင်ပေါ်ရှိ အခြားသတ္တဝါများကို ဟန့်တားနိုင်စွမ်း ရှိပုံရသဖြင့် ကိစ္စရပ်များက လွယ်ကူနေပုံ ပေါက်နေခြင်း ဖြစ်ပါ၏။

သာမန် ဆေးဖက်ဝင်အပင်ရှာဖွေသူတစ်ဦးအတွက်တော့ ဤမျှနက်ရှိုင်းသော တောထဲသို့ ဝင်ရောက်ရန် ကြိုးစားခြင်းသည် ကောင်းကင်ပေါ်သို့ တက်ရန် ကြိုးစားသကဲ့သို့နှယ် ခက်ခဲလှပေ၏။

ထို့ကြောင့် လူများသည် ဤနေရာတွင် ရတနာများနှင့် ဆေးဖက်ဝင်အပင်များ ပြည့်နှက်နေမှန်း သိနေလျှင်တောင်မှ တွန့်ဆုတ်စွာဖြင့် ပြန်လှည့်သွားရုံသာ တတ်နိုင်ကြလေသည်။

ဒါက လုချင်းအတွက်တော့ ကောင်းသောအချက် ဖြစ်ပေသည်။

သူတစ်ယောက်တည်းသာ ဤနေရာသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်သည် ဖြစ်ရာ လိုအပ်သော ဆေးဖက်ဝင်အပင်များကို အချိန်မရွေး လာရောက်ရှာဖွေနိုင်မည် မဟုတ်ပါလော။

ကျင့်ကြံခြင်းအတွက် လုံလောက်သော ဂျင်ဆင်းများ ရရှိပြီးနောက် လုချင်းသည် နောက်ထပ်ရှာဖွေခြင်းကို ခေတ္တရပ်နားလိုက်တော့၏။

ယခုတစ်ကြိမ် တောင်ပေါ်တက်ခြင်းမှာ ဂျင်ဆင်းတူးဖော်ခြင်းအပြင် ဆေးကျမ်းမှ ရရှိထားသော ဗဟုသုတများကို လက်တွေ့အသုံးချလိုခြင်းလည်း ပါဝင်လေသည်။

သူသည် တောင်ပေါ်ရှိ အခြားဆေးဖက်ဝင်အပင်များ၏ ကြီးထွားမှု ပတ်ဝန်းကျင်အခြေအနေများကို လေ့လာလိုခဲ့၏။

ထို့ကြောင့် လုချင်းသည် ရှောင်လီနှင့်အတူ တောင်ပေါ်တွင် လှည့်လည်ကြည့်ရှုနေခဲ့သည်။

ရှောင်လီနှင့် ဆေးအိတ်ကြောင့် အဆိပ်ရှိသော အင်းဆက်များနှင့် မြွေများသည် သူ့အနားသို့ မကပ်ရဲကြပေ။

ခဏကြာ လျှောက်ပတ်သွားကြည့်ပြီးနောက် ဤတောင်ပေါ်ရှိ ဆေးဖက်ဝင်အပင်များ ပေါများကြွယ်ဝမှုကို သူ ထပ်မံ အံ့သြရပြန်သည်။

ခဏအတွင်းမှာပင် သူသည် မတူညီသော ဆေးဖက်ဝင်အပင် ဒါဇင်ပေါင်းများစွာကို တွေ့မြင်ခဲ့ရပါ၏။

အားလုံးသည် အလွန်ကောင်းမွန်စွာ ကြီးထွားနေကြပြီး အစွမ်းထက်သော ဆေးအာနိသင်များ ရှိကြလေသည်။

ထို့ကြောင့် လုချင်းသည် အပြင်တွင် တွေ့ရခဲသော ရှားပါးအဖိုးတန် ဆေးဖက်ဝင်အပင်အချို့ကိုလည်း ခူးယူခဲ့သည်။

သူ့ဆရာသည် အနီးနားရွာများမှ ရွာသားများကို အခမဲ့ ကုသပေးလေ့ရှိသဖြင့် ဆေးဖက်ဝင်အပင် သုံးစွဲမှုမှာ အတော်လေးကို များသည်ပင်။

သာမန်ဆေးဖက်ဝင်အပင်များကိုတော့ ရွာနားရှိ တောင်ကုန်းများတွင် တွေ့ရှိနိုင်ပါသည်။

ထို့ကြောင့် လုချင်းသည် အပြင်တွင် မရှိသော သို့မဟုတ် ရှားပါးသော ဆေးဖက်ဝင်အပင်များကိုသာ အထူးတလည် ရွေးချယ်ခူးယူခဲ့ခြင်း ဖြစ်သည်။

ခဏကြာသောအခါ လုချင်းသည် နောက်ထပ် အံ့သြစရာတစ်ခုကို တွေ့ရှိလိုက်ရပြန်၏။

[ထျန်းချီ - အဖိုးတန်ဆေးဖက်ဝင်အပင်၊ အဆိပ်အတောက်မရှိ၊ ဆေးဖက်ဝင်သည်။]

[သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း၊ သွေးတိတ်စေခြင်းနှင့် နာကျင်မှုကို သက်သာစေခြင်း အာနိသင်များရှိပြီး ပြင်ပဒဏ်ရာနှင့် အတွင်းဒဏ်ရာ နှစ်မျိုးလုံးကို ကုသရာတွင် အလွန်ကောင်းမွန်သော ဆေးဖြစ်သည်။]

သူ့ရှေ့ရှိ အပင်ပေါ်မှ ထူထဲသော အဖြူရောင်အလင်းကို ကြည့်ရင်း လုချင်းတစ်ယောက် တော်တော်လေးကို စိတ်လှုပ်ရှားသွားမိသည်။

ဤနေရာ၌ ထျန်းချီကို တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဤသည်ကလည်း နောက်ထပ် အလွန်ရှားပါးသော ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်သည်။

သိုင်းလောကတွင် အနာကျက်ဆေးများ၏ ဘုရင်ဟု တင်စားကြသော နာမည်ကျော် ထိပ်တန်းရွှေအနာကျက်ဆေးတွင် အရည်အသွေးမြင့် ထျန်းချီကို အဓိကအသုံးပြုထားခြင်း ဖြစ်သည်။

ယခင်က သခင်လေးဝေ့၏ သွေးဆုံးရှုံးမှုများခြင်းကြောင့် အားနည်းနေသည်ကို ကုသရန်အတွက် သူ့ဆရာက ဝေ့မိသားစုထံမှ ထျန်းချီကို အထူးတောင်းခံခဲ့ရဖူးသည်။

ဒါက ဤဆေးပင်၏ အစွမ်းထက်မှုကို ပြသနေခြင်းပင်။

လုချင်းသည် ချက်ချင်းပင် စတင်တူးဖော်လိုက်တော့သည်။

ဤထျန်းချီမှ ထုတ်လွှတ်သော အဖြူရောင်အလင်းသည် အကောင်းဆုံးအရည်အသွေး မဟုတ်ကြောင်း ပြသနေသော်လည်း တော်တော်လေးကို တန်ဖိုးရှိနေဆဲပင်။

ဒါကိုသာ ပြန်ယူသွားပါက အရေးကြီးသောအချိန်များတွင် အသက်ကယ်ဆေးဖြစ်သည့် ရွှေအနာကျက်ဆေး ပုလင်းကြီးတစ်ပုလင်းကို ဖော်စပ်နိုင်မည် ဖြစ်ရာ လက်လွှတ်ခံ၍ မဖြစ်ပေ။

ထျန်းချီကို တူးဖော်နေစဉ် လုချင်းသည် အနည်းငယ် ဇဝေဇဝါ ဖြစ်မိသွားသည်။

ဆေးကျမ်းအရဆိုလျှင် ဂျင်ဆင်းနှင့် ထျန်းချီသည် နေရာတစ်ခုတည်းတွင် ဘယ်တော့မှ အတူမပေါက်ရောက်တတ်ပေ။

၎င်းတို့၏ ကြီးထွားမှု ပတ်ဝန်းကျင်များသည် လုံးဝကို ကွဲပြားခြားနားပါ၏။

ဂျင်ဆင်းသည် အရိပ်နှင့် အေးမြမှုကို နှစ်သက်ပြီး အပူချိန်နိမ့်ကျမှုကို ခံနိုင်ရည်ရှိကာ နေရောင်ခြည် တိုက်ရိုက်ကျရောက်မှုကို မကြိုက်ပေ။ ဤနေရာရှိ တောင်နက်ကြီးထဲမှ ရာသီဥတုသည် ၎င်းနှင့် ကိုက်ညီပါ၏။

သို့သော် ထျန်းချီမှာမူ ကွဲပြားလေသည်။ ၎င်းသည် စိုထိုင်းဆကို နှစ်သက်ပြီး အပူချိန်မြင့်မားမှု သို့မဟုတ် အလွန်အမင်း အေးစက်မှုကို မခံနိုင်ဘဲ နွေးထွေးသော ဆောင်းရာသီနှင့် အေးမြသော နွေရာသီရှိသည့် နေရာများတွင် အကောင်းဆုံး ကြီးထွားတတ်သည်။

ယုတ္တိကျကျပြောရမည်ဆိုလျှင် ၎င်းကို ဤသို့သောနေရာတွင် မတွေ့သင့်ပေ။

ကျိုးလီရွာပတ်ဝန်းကျင်တွင် ဆောင်းရာသီ၌ နှင်းကျကြောင်း လုချင်းသည် သူ၏မှတ်ဉာဏ်များအရ သိထားလေသည်။

ထျန်းချီကို ၎င်း၏သဘာဝနှင့် ဆန့်ကျင်ပြီး ဤတောထဲတွင် ပေါက်ရောက်စေသည့် အကြောင်းရင်းက ဘာကြောင့်များဖြစ်နိုင်မည်နည်း။

ထျန်းချီကို တူးဖော်ပြီး ဆေးအိတ်ထဲသို့ ထည့်လိုက်ပြီးနောက် လုချင်းသည် အတွေးနွံထဲ နစ်သွားတော့သည်။

သေချာစဉ်းစားကြည့်လိုက်လျှင် တစ်ခုခု လွဲနေသည်မှာ အမှန်ပင်။

ဤတောထဲတွင် ဆေးဖက်ဝင်အပင်များ ပေါများနေခြင်းမှာ အံ့သြစရာကောင်းလှသည်။

နှစ်တစ်ရာသက်တမ်းရှိသော ဂျင်ဆင်းများစွာကို တစ်ပြိုင်နက်တည်း တွေ့ရှိရခြင်း၊ အခြားဆေးဖက်ဝင်အပင်များ ထူးထူးခြားခြား ကောင်းမွန်စွာ ကြီးထွားနေခြင်းနှင့် ယခု ဤနေရာတွင် မရှိသင့်သော ထျန်းချီပင် ရှင်သန်ပေါက်ရောက်နေခြင်းတို့ ဖြစ်လေသည်။

အစောပိုင်းကတော့ လုချင်းသည် ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် လူသွားလူလာ နည်းပါးခြင်းတို့ကြောင့်သာ ဤနေရာတွင် ဆေးဖက်ဝင်အပင်များ ပေါများနေရခြင်း ဖြစ်လောက်သည်ဟု ထင်ခဲ့မိသည်။

သို့သော် ယခု၌ ဂျင်ဆင်းနှင့် ထျန်းချီတို့ ဧရိယာတစ်ခုတည်းတွင် အတူပေါက်ရောက်နေသည်ကို မြင်လိုက်ရသောအခါ တစ်ခုခု မှားယွင်းနေကြောင်း သူ သဘောပေါက်လိုက်သည်။

သူ့ခေါင်းထဲသို့ ပထမဆုံး ဝင်လာသော အတွေးမှာ ဤတောင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အရာတစ်ခုခု ရှိနေသလား ဆိုသည်ပင်။

စဉ်းစားရင်း လုချင်းသည် သူ့ဘေးရှိ သားရဲလေးကို ကြည့်လိုက်ပြီး မေးလိုက်သည်။ "ရှောင်လီ... မင်း ဒီတောင်ပေါ်မှာ သွားလာနေတာလည်း ကြာပြီဆိုတော့ အနီးအနားမှာ ထူးခြားတာ တစ်ခုခု သတိထားမိတာ ရှိလား"

ထူးခြားတဲ့နေရာလား။

ရှောင်လီသည် သူ့မေးခွန်းကို နားမလည်သဖြင့် ခေါင်းကို စောင်းကာ စဉ်းစားနေမိသည်။

ထိုအရာကို မြင်သောအခါ လုချင်းသည် ခဏမျှ စဉ်းစားပြီး ဆက်ပြောလိုက်သည်။

"အနီးအနားမှာ တခြားနေရာတွေနဲ့ မတူဘူးလို့ ခံစားရတဲ့ နေရာမျိုး ရှိလား... ဥပမာ ပိုပြီးတော့ အန္တရာယ်များတာတို့၊ ဒါမှမဟုတ် အထူးတလည် သက်သောင့်သက်သာ ရှိတာမျိုးတို့ပေါ့။"

ဒီတစ်ကြိမ်တွင်တော့ ရှောင်လီ အနည်းငယ် နားလည်သွားပုံရသည်။

၎င်းသည် ခေါင်းကို စောင်းကာ ခဏမျှ စဉ်းစားပြီးနောက် လုချင်း၏အဝတ်ကို ကိုက်ဆွဲ၍ ဦးတည်ရာတစ်ခုသို့ ညွှန်ပြလိုက်လေသည်။

တကယ်ပဲ အဲ့လိုနေရာမျိုး ရှိနေတာလား။

လုချင်း ထိတ်လန့်သွားမိသည်။

ရှောင်လီ၏ အပြုအမူကို ကြည့်ပြီး သူက မေးလိုက်သည်။ "မင်းနောက်ကို လိုက်ခဲ့ရမယ်လို့ ပြောချင်တာလား။"

သားရဲလေးက ခေါင်းညိတ်ပြလာသည်။

"အန္တရာယ်များလား။"

အကယ်၍ အန္တရာယ်များပါက သူ သွားရန် အစီအစဉ် မရှိပေ။

စူးစမ်းချင်စိတ်အနည်းငယ်အတွက်နှင့် သူ့အသက်ကို စွန့်စားရခြင်းက မတန်လှချေ။

သားရဲလေးက ခေါင်းခါပြသည်။

ခဏမျှ စဉ်းစားပြီးနောက် လုချင်းသည် ရှောင်လီ၏ အာရုံခံစားမှုကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီလေ... သွားကြတာပေါ့။ ဖြည်းဖြည်းလျှောက်နော်... မဟုတ်ရင် ငါ မင်းကို မမှီဘဲ နေလိမ့်မယ်။"

ထို့နောက်တွင်တော့ သားရဲလေးသည် ရှေ့မှ ခုန်ပေါက်သွားပြီး လုချင်းကလည်း သွေးချီစွမ်းအင်ကို အသက်သွင်းကာ နောက်မှ လိုက်ပါသွားလေသည်။

တောင်ပေါ်တွင် ဖြစ်သော်လည်း သူတို့၏ အရှိန်မှာ မနှေးကွေးလှပေ။

မကြာမီ လုချင်းသည် ရှောင်လီနောက်သို့ လိုက်ပါရင်း ချိုင့်ဝှမ်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

"ရှေ့နားလေးမှာလား။"

ရှောင်လီ ရပ်တန့်သွားသည်ကို မြင်သဖြင့် လုချင်း မေးလိုက်သည်။

သားရဲလေးကလည်း ခေါင်းညိတ်လိုက်ပြီး ဒါက သူပြောသော ထူးခြားသည့်နေရာဖြစ်ကြောင်း ခြေလက်ဟန်အမူအရာဖြင့် ပြသလိုက်သည်။

လုချင်းသည် ခဏမျှ လေ့လာကြည့်ရှုလိုက်ရာ မည်သည့်အန္တရာယ်မျှ ရှိပုံမပေါ်ပေ။

ဆန့်ကျင်ဘက်အားဖြင့် ဤနေရာသို့ ရောက်ရှိလာချိန်တွင် သူသည် စိတ်လက်ပေါ့ပါးသွားပြီး ငြိမ်းချမ်းမှုကို ခံစားလိုက်ရကာ သူ့စိတ်အာရုံများပင် ပိုမိုကြည်လင်လာသကဲ့သို့ ဖြစ်သွားရှာသည်။

လန်းဆန်းတက်ကြွသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် သူ နေရာမှန်သို့ ရောက်လာပြီမှန်း လုချင်း သိလိုက်ရသည်။

တခြားအရာများကို ထည့်မတွက်လျှင်တောင်မှ သူ့စိတ်ကို ကြည်လင်စေပြီး ခန္ဓာကိုယ်ကို ပြေလျော့စေသော ဤလေထုအခြေအနေကပင် ဤနေရာ၏ ထူးခြားမှုကို ပြသနေပြီပင် ဖြစ်သည်။

လုချင်း ရပ်နေသည်ကို မြင်သောအခါ ရှောင်လီသည် နားမလည်နိုင်ဖြစ်သွားပြီး သူ့အဝတ်ကို ဆွဲကာ ချိုင့်ဝှမ်းထဲသို့ ဦးဆောင်ခေါ်သွားတော့လေသည်။

လုချင်းလည်း အမြန်လိုက်ပါသွားရ၏။

ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် လုချင်း မှင်သက်သွားရသည်။

ချိုင့်ဝှမ်းအတွင်း၌ ငှက်များ တေးဆိုနေကြပြီး ပန်းများပွင့်လန်းနေကာ စမ်းချောင်းများလည်း တသွင်သွင် စီးဆင်းနေပါ၏။ မြင်ကွင်းတစ်ခုလုံးမှာ သက်ရှိတို့၏ လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်ပင်။

ချိုင့်ဝှမ်းအတွင်းနှင့် အပြင်သည် ကမ္ဘာနှစ်ခု ကွဲပြားနေသကဲ့သို့ပင်။

ရှောင်လီသည် ချိုင့်ဝှမ်းနှင့် အလွန်ရင်းနှီးပုံရသည်။ ဝင်ရောက်လိုက်သည်နှင့် ၎င်းသည် လုချင်းကို အတွင်းဘက်သို့ ပိုမိုနက်ရှိုင်းစွာ ဦးဆောင်ခေါ်သွားလေ၏။

ချိုင့်ဝှမ်း၏ အဆုံးတွင် ရေကန်တစ်ခုထဲသို့ စီးဆင်းကျနေသော ရေတံခွန်တစ်ခု ရှိနေပြီး ရေများ လွင့်စင်နေလေသည်။

"အူး..."

သားရဲလေးမှာတော့ ရေတံခွန်ရှေ့ရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ရပ်လိုက်ပြီး ရေတံခွန်ကို ညွှန်ပြကာ လုချင်းကို လှမ်းခေါ်လိုက်သည်။

"အထဲမှာ တစ်ခုခုရှိတယ်လို့ မင်း ပြောချင်တာလား။"

လုချင်းသည် ရေတံခွန်ကို အံ့သြစွာ ကြည့်လိုက်မိသည်။

ရေတံခွန်က မကြီးမားသလို ရေကန့်လန့်ကာမှာလည်း မထူထဲလှပေ။ မကြာမီ သူသည် ထူးခြားမှုတစ်ခုကို သတိထားမိလိုက်သည်။

ရေကန့်လန့်ကာ၏ နောက်ကွယ်တွင် ဂူပေါက်တစ်ခု ရှိနေပုံရသည်။

"အူး..." သားရဲလေးက ထပ်မံအော်ဟစ်လိုက်သည်။

"ငါ့ကို ဝင်သွားစေချင်တာလား။" လုချင်း မေးလိုက်၏။

သားရဲလေးကလည်း ခေါင်းညိတ်ပြလာသည်။

သို့ပေမဲ့ လုချင်း တွန့်ဆုတ်သွားမိသည်။

ရှောင်လီကို မယုံကြည်၍ မဟုတ်သော်လည်း မည်သည့်သတင်းအချက်အလက်မျှ မရှိဘဲ အမည်မသိ ဂူတစ်ခုကို စူးစမ်းလေ့လာခြင်းမှာ အန္တရာယ်များလှပေသည်။

ဤချိုင့်ဝှမ်းက ထူးဆန်းနေသည်ဖြစ်ရာ ဂူထဲတွင် ဘာတွေရှိနေမလဲဆိုတာ ဘယ်သူကများ သိနိုင်မည်နည်း။

ထူးဆန်းသော သားရဲကောင်များ ရှိနေပါက ဂူထဲသို့ ဝင်ရောက်ခြင်းသည် သေမင်းကို ဖိတ်ခေါ်ခြင်းပင် ဖြစ်သွားပေလိမ့်မည်။

"ရှောင်လီ... ငါတို့ အတူတူ ဝင်ကြရင်ရော ဘယ်လိုလဲ။"

ခဏမျှ စဉ်းစားပြီးနောက် လုချင်း ပြောလိုက်သည်။

ညဝိညာဉ်ကြောင်မြီးတိုမှာ ဝိညာဉ်သားရဲတစ်ကောင် ဖြစ်ပြီး သူ့ထက် များစွာ သန်မာလေသည်။ ၎င်းကို ဘေးနားတွင် ထားရှိခြင်းဖြင့် လုချင်းအား ပို၍လုံခြုံသည်ဟု ခံစားရစေသည်။

သားရဲလေးသည် ရေကန့်လန့်ကာကို ရွံရှာစွာကြည့်ရင်း ချက်ချင်းပင် ခေါင်းခါလိုက်သည်။

ထိုအခါမှ ဒီသတ္တဝါလေးသည် ရေကို အလွန်မုန်းတီးကြောင်း လုချင်း သတိရသွားတော့၏။ ရေကန်ထဲမှ ရေကို သောက်သုံးခြင်းမှလွဲ၍ ၎င်းသည် ရေကို ထိတွေ့မည် မဟုတ်ပေ။

ပြီးခဲ့သည့်တစ်ခေါက်တုံးကဆိုလျှင် အိမ်တွင် ရှောင်ယန်နှင့် ဆော့ကစားရင်း ဖုန်များ ပေကျံသွားသဖြင့် လုချင်းက ရေချိုးပေးရန် ကြိုးစားခဲ့ဖူးသည်။ ထိုအချိန်တုံးက ၎င်းသည် အိမ်တစ်လုံးလုံးကိုတောင် ဖြိုဖျက်လုနီးပါး ဖြစ်ခဲ့ရသည်လေ။

နောက်ဆုံးတွင်တော့ ရေစိုဝတ်ဖြင့်သာ သုတ်ပေးခဲ့ရသည်။

ထိုသို့လုပ်ပေးတာတောင်မှ ယင်းသတ္တဝါလေးသည် စိတ်ကောက်ကာ လုချင်းကို အတော်ကြာ လျစ်လျူရှုထားခဲ့သေးသည်ပင်။

“ဘာမှမဖြစ်ပါဘူးကွာ... ငါ မင်းကို ပွေ့ချီပြီး ဝင်မှာလေ၊ မင်းကို ရေတစ်စက်မှတောင် မစိုစေရဘူး။" လုချင်းက ပြုံးပြီး ပြောလိုက်သည်။ "ပြီးတော့လည်း အထဲမှာ ဘာရှိလဲဆိုတာ မင်းလည်း သိချင်တယ် မဟုတ်လား။"

ထိုအခိုက်၌ သားရဲလေးခင်ဗျာ တုံ့ဆိုင်းသွားရသည်။

ထိုအခြေအနေကို မြင်သောအခါ လုချင်း ရယ်မောလိုက်မိသည်။

ထိုသတ္တဝါလေး ရေကို အရမ်းမုန်းလွန်းသဖြင့် အထဲကို မရောက်ဖူးသေးမှန်း သူ သိလိုက်ရသည်။

ထို့အပြင် ၎င်း၏အပြုအမူအရ အတွင်းမှ တစ်စုံတစ်ရာက ၎င်းကို ဆွဲဆောင်နေပုံရသည်။

ရေကို ဤမျှလောက်အထိ မုန်းတီးနေသော သတ္တဝါလေးကိုပင် ဆွဲဆောင်နိုင်သည်ဆိုလျှင် အတွင်းမှအရာသည် သာမန်မဟုတ်သော အရာတစ်ခု ဖြစ်ရပေမည်။

ရှောင်လီသည် နှစ်တစ်ရာဂျင်ဆင်းကိုပင် ဂရုမစိုက်ခဲ့ပေ။

"စိတ်မပူပါနဲ့... ငါ့အဝတ်နဲ့ မင်းကို ထုပ်သွားမှာမို့ မင်း လုံးဝ စိုမှာ မဟုတ်ဘူး။" လုချင်းက အာမခံလိုက်သည်။

လုချင်း၏ တိုက်တွန်းမှုနှင့် အတွင်းမှအရာ၏ ဆွဲဆောင်မှုတို့ကို မြင်လိုက်ရသောအခါ သားရဲလေးသည် မလိုလားစွာဖြင့် ခေါင်းညိတ်လိုက်ရတော့သည်။

သားရဲလေး သဘောတူလာသည်ကို မြင်လိုက်ရသောအခါ လုချင်းသည် ကျောပိုးအိတ်ကို ချက်ချင်းချွတ်ပြီး ကျောက်တုံးကြီးတစ်ခုပေါ်တွင် တင်လိုက်သည်။

ထို့နောက် သူ၏အပေါ်ဝတ်အင်္ကျီကို ချွတ်လိုက်ကာ အသိုက်ပုံစံ လုပ်လိုက်၏။

သားရဲလေးသည်လည်း ချက်ချင်းပင် အတွင်းသို့ ဝင်ရောက်ခွေနေလိုက်သည်။

အဝတ်ပေါ်မှ လုချင်း၏ အနံ့ကိုတော့ ၎င်းက ဂရုပင်မစိုက်ပေ။

ပြောရလျှင် အိမ်၌ ရှောင်ယန်၊ လုချင်းတို့နှင့် အခန်းတစ်ခန်းတည်း အတူအိပ်လေ့ရှိသည်။

၎င်း၏အသိုက်ကိုပင် လုချင်း၏ အဝတ်ဟောင်းများနှင့် ပြုလုပ်ထားသဖြင့် ကျင့်သားရနေပြီ ဖြစ်သည်။

သားရဲလေး အဝတ်ထဲသို့ ရောက်သွားသည်ကို မြင်သောအခါ လုချင်းသည် သူ၏တိုက်ပွဲဝင်ဓားကို ခါးတွင် ချိတ်လိုက်သည်။

ဟုတ်ပါ၏။ ဒီတစ်ခေါက်တွင် သူသည် ဓားပါ ယူလာခဲ့သည်။

အဆိပ်ရှိသော အင်းဆက်များနှင့် မြွေများအပြင် တောင်ပေါ်တွင် တောရိုင်းတိရစ္ဆာန်များလည်း ရှိနိုင်လေသည်။

ဒီတော့ သူ့လက်စွဲတော်လက်နက်တစ်ခုကို သူ ဘယ်လိုလုပ် မယူဘဲ နေမလဲ။

ဓားနှင့် ဆေးတူးပေါက်ပြားကို ခါးတွင် လုံခြုံအောင် ချိတ်လိုက်ပြီးနောက် လုချင်းသည် သားရဲလေးကို ကောက်ချီလိုက်ပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ သွေးချီစွမ်းအင်ကို အသက်သွင်းပြီး ရေတံခွန်ဆီသို့ ခုန်ဝင်လိုက်တော့သည်။

သူ့ခန္ဓာကိုယ် ရေကန့်လန့်ကာနှင့် ထိတွေ့မိသည့်အခိုက်တွင် လုချင်းသည် ရှောင်လီကို ရင်ခွင်ထဲတွင် ကာကွယ်ထားရင်း ကိုယ်ကို ကွေးလိုက်ပြီး ရေကန့်လန့်ကာနောက်ရှိ ဂူပေါက်ထဲသို့ လှိမ့်ဝင်လိုက်လေသည်။

အတွင်းသို့ ရောက်သည်နှင့် လုချင်းသည် ချက်ချင်းပင် ဆေးတူးပေါက်ပြားကို ဆွဲထုတ်လိုက်ပြီး တိုက်ခိုက်မှုမှန်သမျှကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်၏။

ကံကောင်းထောက်မစွာပင် သူ၏ကြိုတင်ကာကွယ်မှုများ မလိုအပ်ခဲ့ပေ။ ဂူထဲမှ သူ့ဆီသို့ မည်သည့်အရာမှ ဝင်ရောက်တိုက်ခိုက်ခြင်း မရှိချေ။

လုချင်း သက်ပြင်းချလိုက်မိသည်။

ရုပ်ရှင်များထဲတွင် "တံခါးဖွင့်" ထောင်ချောက်များကို သူ အများကြီး မြင်ဖူးထားသဖြင့် ကိုယ်တိုင် မကြုံတွေ့ချင်ခဲ့ပေ။

လုချင်း ရပ်တန့်သွားသည်ကို ခံစားမိသဖြင့် သားရဲလေးသည် သူ့အဝတ်ထဲမှ ခေါင်းပြူထွက်လာသည်။

"တွေ့လား... မင်း ရေမစိုစေရပါဘူးလို့ ငါ ပြောသားပဲ။"

လုချင်း စစ်ဆေးကြည့်လိုက်ရာ သူ့အင်္ကျီအနည်းငယ် စိုသွားသည်မှလွဲ၍ သားရဲလေးမှာ လုံးဝ ခြောက်သွေ့နေသည်ကို တွေ့လိုက်ရသည်။

သူကတော့ ကြွက်စုတ်လို ရေစိုနေပြီပင်။

သို့ပေမဲ့ လုချင်းမှာ ဂရုမစိုက်ပေ။ သူသာ လိုချင်လျှင် သွေးချီစွမ်းအင်ကို အသက်သွင်းပြီး အဝတ်အစားများကို ခြောက်သွေ့အောင် လုပ်နိုင်သည်။

သို့သော် ဂူ၏အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးသဖြင့် သေးငယ်သောကိစ္စရပ်များအပေါ် သူ၏စွမ်းအင်ကို မဖြုန်းတီးချင်ပေ။

"အူး..."

သားရဲလေးမှာတော့ ရေမစိုသည့်အတွက် ဝမ်းသာအားရ ဖြစ်နေလေသည်။

"အထဲ ဝင်ကြည့်ရအောင်။"

လုချင်းသည် ဂူပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထူးထူးခြားခြားလည်း မတွေ့ရသလို အန္တရာယ်လည်း မခံစားရသဖြင့် ဆက်သွားရန် ဆုံးဖြတ်လိုက်တော့သည်။

ဘာပဲဖြစ်ဖြစ် ဒီအထိ ရောက်လာပြီးမှတော့ အထဲမှာ ဘာရှိလဲဆိုတာ ကြည့်ရပေမည်။

သူသည် မီးတုတ်တစ်ခုကို ထုတ်ယူလိုက်ကာ မီးညှိလိုက်ပြီးနောက် သားရဲလေးနှင့်အတူ ဆက်လျှောက်လာခဲ့သည်။

သို့သော် မကြာမီမှာပင် ဒါက မလိုအပ်ကြောင်း သူ သိလိုက်ရသည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီး ကွေ့လိုက်ပြီးနောက် ဂူသည် တဖြည်းဖြည်း လင်းလာခဲ့လေသည်။

ကျောက်စက်ပန်းဆွဲများနှင့် တူသော ကျောက်နံရံများသည် ဆွဲဆောင်မှုရှိသော အလင်းရောင်ဖြင့် တဖျပ်ဖျပ် လက်နေကြသည်။

သူ့လက်ထဲရှိ မီးတုတ်ကို ကြည့်ရင်း လုချင်း ပြုံးလိုက်ကာ မီးငြှိမ်းသတ်လိုက်ပြီးနောက် သားရဲလေးနှင့်အတူ ဆက်လက်ချီတက်လေသည်။

စိတ်ဝင်စားစရာကောင်းသည်မှာ ဂူပေါက်သည် ရေတံခွန်နောက်တွင် ရှိနေသော်လည်း အတွင်းပိုင်းမှာမူ ခြောက်သွေ့နေခြင်း ဖြစ်သည်။

ဒါက သားရဲလေးကို ကျေနပ်စေခဲ့ပြီး လုချင်း၏ ရင်ခွင်ထဲမှ ထွက်လာကာ ပခုံးပေါ်တွင် နေရာယူလိုက်လေသည်။

ဂူသည် နက်ရှိုင်းသော်လည်း မှောင်မနေပေ။ ခရီးဆက်လေ ကျောက်နံရံများ၏ တောက်ပမှုက ပို၍လင်းလက်လာလေ ဖြစ်သည်။

လုချင်းက သူ့နတ်မျက်စိစွမ်းရည်ကို အသုံးပြု၍ စစ်ဆေးကြည့်လိုက်ရာ ဤကျောက်တုံးများသည် ထူးခြားပြီး အန္တရာယ်ကင်းသော အလင်းထုတ်လွှတ်သည့် သတ္တုတွင်းထွက်များ ဖြစ်ကြောင်း သိရသဖြင့် ခရီးဆက်ခဲ့သည်။

အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ သူ ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်စဉ်က ခံစားခဲ့ရသော စိတ်ကြည်လင်မှုသည်လည်း ပို၍ပင်အားကောင်းလာခဲ့လေသည်။

ဂူ၏နက်ရှိုင်းသော နေရာမှ ထူးဆန်းသော ဆွဲဆောင်မှုတစ်ခုကိုပင် လုချင်း ခံစားနေရသည်။

အကွေ့အကောက်များစွာကို ကျော်ဖြတ်ပြီးနောက် လုချင်းနှင့် သားရဲလေးသည် ကျယ်ဝန်းသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။

သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ၌ လုချင်းတစ်ယောက် မှင်သက်သွားရတော့သည်။

All Chapters