ကံကောင်းခြင်းလက်ဆောင်နှင့် မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်
Vol. 9 Ch. 88
"ဒါ ဘာကြီးလဲ။"
လုချင်းသည် ရှေ့ကို ငေးကြည့်ရင်း လုံးဝ အံ့သြမှင်သက်သွားမိသည်။
သူနှင့် ရှောင်လီ၏ ရှေ့တွင် ကျယ်ဝန်းပြီး ခမ်းနားထည်ဝါသော ဂူခန်းမကြီးတစ်ခု ရုတ်တရက် ပေါ်လာခဲ့လေသည်။
အခန်း၏ နံရံများနှင့် ကြမ်းပြင်သည် ကျောက်စိမ်းကဲ့သို့သော အသားများဖြင့် ဖွဲ့စည်းထားပြီး ရှုပ်ထွေးနက်နဲသော ရှေးဟောင်းလျှို့ဝှက်စာလုံးများ ထွင်းထုထားသဖြင့် နက်ရှိုင်းသော လျှို့ဝှက်ဆန်းကြယ်မှု အငွေ့အသက်များကို ပေးစွမ်းနေလေသည်။
အခန်း၏ အလယ်ဗဟိုတွင် ကြီးမားသော ကျောက်တုံးစင်မြင့်တစ်ခု ရှိနေ၏။
အပေါ်မှ ကြည်လင်တောက်ပသော ကျောက်စက်ပန်းဆွဲတစ်ခု တွဲလျားကျနေပြီး ၎င်း၏ အချွန်သည် ကျောက်တုံးစင်မြင့်၏ အလယ်ဗဟိုတည့်တည့်သို့ ဦးတည်နေလေသည်။
လုချင်းမှာတော့ သူ့ရှေ့တွင် မြင်တွေ့နေရသော ကျောက်စိမ်းဂူခန်းမကြီးကြောင့် အံ့သြမှင်သက်နေမိသည်။
တောင်ကြီး၏ ဝမ်းဗိုက်ထဲတွင် ဤကဲ့သို့ ထူးခြားဆန်းပြားသော နေရာတစ်ခု ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ထို့ပြင် မျှော်လင့်ထားသလို မည်သည့်အန္တရာယ်မျှ မရှိခဲ့။ ဂူ၏အဆုံးတွင်တော့ စိတ်ကူးဖြင့်ပင် ပုံဖော်မကြည့်ဖူးသည့် ဤကျောက်စိမ်းခန်းမကြီး ပေါ်ထွက်လာခဲ့လေသည်။
ရှောင်လီပင်လျှင် အနည်းငယ် ကြောင်အသွားခဲ့ရ၏။
သူ တောင့်တနေခဲ့သော နေရာသည် ဤမျှ တောက်ပနေသော နေရာတစ်ခု ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ကျောက်စိမ်းခန်းမကြီး၏ အပြင်ဘက်တွင် ရပ်နေရင်း လုချင်းသည် ချက်ချင်း ဝင်မသွားသေးပေ။
ဤနေရာသို့ ရောက်ရှိလာသည်နှင့် သူ့စိတ်အာရုံ ကြည်လင်မှုက ပိုမိုအားကောင်းလာပြီး သူ့သတိထားမှုလည်း မြင့်တက်လာခဲ့သည်။
ဤခန်းမသည် သဘာဝအတိုင်း ဖြစ်ပေါ်လာဖို့ရန်အတွက်မူ လွန်စွာ ထူးခြားလွန်းနေသည်ပင်။
လူလုပ်ထားခြင်း ဖြစ်သည့်အတွက် အကာအကွယ် အစီအမံအချို့ ရှိကောင်း ရှိနိုင်ပေသည်။
လောလောဆယ်တော့ မည်သည့်အန္တရာယ်မှ မခံစားရသော်ငြား သူသည် မဆင်မခြင် ဝင်ရောက်သွားလိုစိတ် မရှိပေ။
သူ့ကို အံ့သြစေသည်မှာ ရှောင်လီသည် ရုတ်တရက် သူ့ပခုံးပေါ်မှ ခုန်ဆင်းပြီး ခန်းမကြီးဆီသို့ ပြေးသွားခြင်းပင်။
"နေဦး... ရှောင်လီ။"
လုချင်းက ထိတ်လန့်တကြား လှမ်းအော်လိုက်သည်။
ပို၍ အံ့သြစရာကောင်းသည်မှာ ရှောင်လီသည် ခန်းမထဲသို့ ဝင်ခါနီးတွင် ရှောင်လီကို တားဆီးဖို့အလားနှယ် ဖျော့တော့သော အလင်းအကာအရံတစ်ခု ပေါ်လာခဲ့၏။
ရှောင်လီ ထိခိုက်တော့မည်ဟု လုချင်း ထင်လိုက်ချိန်တွင် အနက်ရောင်အလင်းတန်းတစ်ခုက ရုတ်တရက် လက်ခနဲဖြစ်သွားကာ ယင်းအလင်းအကာအရံသည် အလွယ်တကူ စုတ်ပြဲသွားတော့၏။ ထို့နောက်၌ ပေါက်ကွဲထွက်သွားသော ပူဖောင်းတစ်ခုလို ပျောက်ကွယ်သွားတော့လေသည်။
"ဟင်..."
ရှောင်လီတစ်ယောက် ခန်းမထဲသို့ ဘေးကင်းစွာ ရောက်သွားသည်ကို မြင်လိုက်ရသောအခါ၌ လုချင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ဤအံ့ဖွယ်ကျောက်စိမ်းခန်းမကြီး၏ အကာအကွယ်များသည် အလွန်အစွမ်းထက်မည်ဟု သူ ယူဆထားခဲ့သော်လည်း ရှောင်လီကတော့ ထိုသို့ လွယ်လင့်တကူ ဖျက်ဆီးပစ်နိုင်ခဲ့သည်။
"အူး..."
ထိုစဉ် ရှောင်လီသည် ခန်းမထဲတွင် ရပ်နေပြီး လုချင်းကို နားမလည်နိုင်စွာ လှည့်ကြည့်လိုက်သည်။
သူ ဘာကြောင့် အော်လိုက်မှန်း ၎င်းက နားမလည်ပေ။
"...ဘာမှမဟုတ်တော့ပါဘူး။"
ရှောင်လီ အတွင်းသို့ ရောက်သွားပြီး မည်သည့်အန္တရာယ်မှ မရှိသည်ကို မြင်ရသဖြင့် လုချင်းသည် သူ အလွန်အကျွံ စိုးရိမ်မိနေကြောင်း သိလိုက်ရသည်။
ဝိညာဉ်သားရဲတစ်ကောင်အနေဖြင့် ရှောင်လီ၏ အန္တရာယ်အာရုံခံနိုင်စွမ်းသည် သူ့ထက် များစွာ သာလွန်လေသည်။ ၎င်းက အန္တရာယ်မရှိဟု ခံစားရလျှင် ဘေးကင်းလောက်ပေသည်။
ထို့နောက် လုချင်းသည် ခန်းမထဲသို့ တွန့်ဆုတ်စွာ ခြေလှမ်းလိုက်သည်။ အလင်းအကာအရံသည် ပြန်ပေါ်လာမလားကိုတော့မသိရသော်လည်း သူသည် မည်သည့်အတားအဆီးမှမရှိဘဲ ချောမွေ့စွာ ဖြတ်သန်းသွားနိုင်ခဲ့သည်။
ခန်းမထဲသို့ လုံးလုံးရောက်သွားသည်နှင့်တစ်ပြိုင်နက် သူ့စိတ်အာရုံမှာလည်း သိသိသာသာပင် ပို၍ကြည်လင်လာခဲ့ပြီး ဖုန်မှုန့်အလွှာတစ်ခုကို သုတ်သင်လိုက်သကဲ့သို့နှယ် သူ့စိတ်ကို ပေါ့ပါးသွားစေလေသည်။
ထို့ပြင် သူ့အတွေးများ စီးဆင်းမှုမှာလည်း ပိုမိုမြန်ဆန်လာပြီး လုချင်း၏ မျက်လုံးများတွင် အံ့သြမှုများဖြင့် တောက်ပနေတော့၏။
အခြားရတနာများ မရှိလျှင်တောင်မှ ဤခန်းမမှ ပေးစွမ်းသော စိတ်အာရုံကြည်လင်မှုသည်ပင် ကြီးမားသော အကျိုးအမြတ်တစ်ခု ဖြစ်နေပြီပင်။
ဒီနေရာမှာ ကျင့်ကြံခြင်းက သူ့ကို များစွာ အကျိုးပြုလိမ့်မည်ဟု သူ ခံစားမိသည်။
ထို့နောက် ကျင့်ကြံခြင်းကိစ္စကို နောက်မှစဉ်းစားရန် ဖယ်ထားလိုက်ကာ လုချင်း၏ စူးစမ်းလိုစိတ်သည် ခန်းမထဲမှ အရာဝတ္ထုများအပေါ်သို့ ရောက်ရှိသွားတော့သည်။
စိတ်အားထက်သန်နေသော ရှောင်လီသည် သူ့ကို အလယ်ဗဟိုရှိ ကျောက်တုံးစင်မြင့်ဆီသို့ ဆွဲခေါ်သွားလေသည်။
ရှောင်လီ၏ ဦးဆောင်မှုနောက်သို့ လိုက်ရင်း လုချင်းသည် စင်မြင့်နားသို့ ချဉ်းကပ်သွားလိုက်၏။
စင်မြင့်သည် လူတစ်ဝက်ခန့် မြင့်ပြီး ပတ်ဝန်းကျင် နံရံများနှင့် ကြမ်းပြင်ကဲ့သို့ပင် ကျောက်စိမ်းသားနှင့် လုပ်ထားသည်ပင်။
ရှုပ်ထွေးသော ပုံစံဒီဇိုင်းများဖြင့် စင်မြင့်ကို အလှဆင်ထားပါ၏။
အလယ်ဗဟိုတွင် အဖြူရောင်ကျောက်စိမ်းရည်နှင့် တူသော အရည်များ ပြည့်နေသည့် အဝိုင်းပုံစံ ခွက်နေသည့် ချိုင့်ကြီးတစ်ခု ရှိနေ၏။
ထိုအရည်ကို မြင်သောအခါ လုချင်းသည် အပေါ်မှ တွဲလောင်းကျနေသော ကျောက်စက်ပန်းဆွဲကို မော့ကြည့်လိုက်၏။ ယင်းအရည်များမှာ ထိုကျောက်စက်ပန်းဆွဲမှ တစ်စက်ချင်း ကျလာခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။
ထို့နောက် လုချင်းသည် စင်မြင့်ပေါ်ရှိ အရည်ကို အာရုံစိုက်လိုက်သည်။
ခဏအကြာတွင်တော့ အဖြူရောင်ကျောက်စိမ်းရည်ကဲ့သို့သော အရည်မှ ဖျော့တော့သော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
[မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် - ရှားပါးရတနာအရည်၊ အဆိပ်အတောက်မရှိ၊ စားသုံးနိုင်သည်။]
[ဤဝိညာဉ်အရည်သည် ရှားပါးရတနာတစ်ခု ဖြစ်ပြီး သေသူကို ပြန်ရှင်စေနိုင်ခြင်း၊ အရိုးနှင့် အသားကို ပြန်လည်ကုစားနိုင်ခြင်း၊ အသက်ရှည်စေခြင်းများကို စွမ်းဆောင်နိုင်သည်။ လူ သို့မဟုတ် သားရဲများ စားသုံးပါက မိမိ၏အရည်အချင်းကို တိုးတက်စေခြင်း၊ အလားအလာကို မြှင့်တင်ပေးခြင်းနှင့် ကံကြမ္မာကိုတောင် ပြောင်းလဲစေနိုင်သည်။]
[ဒဏ္ဍာရီများအရ မှော်စွမ်းအင်ပိုင်ရှင်များသည် မြေမျက်နှာသွင်ပြင်အလိုက် အစီအရင်များကို ရေးထိုးပြီး ကမ္ဘာမြေ၏ အနှစ်သာရကို သန့်စင်ကာ ဤရတနာအရည်ကို ဖြစ်ပေါ်စေသည်ဟု ဆိုကြသည်။]
[မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်ကို တိုက်ရိုက်စားသုံးနိုင်သလို ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုနိုင်ပြီး အဆုံးမဲ့ကောင်းကျိုးများကို ပေးစွမ်းနိုင်သည်။]
"ရွှေရောင်အလင်း..."
အရည်မှ ထွက်ပေါ်လာသော ရွှေရောင်အလင်းကို မြင်လိုက်ရသောအခါ လုချင်းတစ်ယောက် မှင်သက်သွားမိတော့သည်။
ဤသည်မှာ ရွှေရောင်အလင်းထုတ်လွှတ်သော ပစ္စည်းတစ်ခုကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ဝိညာဉ်သားရဲတစ်ကောင်ဖြစ်သော ရှောင်လီပင်လျှင် အနီရောင်အလင်းကိုသာ ထုတ်လွှတ်လေသည်။
နတ်မျက်စိစွမ်းရည်မှ ဖော်ပြလာသော သတင်းအချက်အလက်များကို ဖတ်ပြီးနောက် သူ လုံးဝကို ဆွံ့အသွားရသည်။
သေသူကို ပြန်ရှင်စေနိုင်ခြင်း၊ အရိုးနှင့် အသားကို ပြန်လည်ကုစားနိုင်ခြင်း။
အသက်ရှည်စေခြင်း။
အရည်အချင်းကို တိုးတက်စေခြင်း၊ အလားအလာကို မြှင့်တင်ပေးခြင်း၊ ကံကြမ္မာကို ပြောင်းလဲစေခြင်း။
အသုံးအနှုန်းတစ်ခုချင်းစီကပင် ပစ္စည်းတစ်ခုကို လူတိုင်းလိုချင်မက်မောသော ရတနာအဖြစ် ပြောင်းလဲသွားစေနိုင်သည်။
သို့သော် ယခု ထိုအရာများအားလုံးကို စင်မြင့်ပေါ်ရှိ အဖြူရောင်ကျောက်စိမ်းရည်ကဲ့သို့သော အရည်ကို ဖော်ပြရာတွင် အသုံးပြုထားပါ၏။
ဤသည်က မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် မည်မျှ တန်ဖိုးရှိကြောင်း ရှင်းလင်းစွာ ပြသနေခြင်းပင်။
ထိုအရည်ကို ကြည့်နေသော လုချင်း၏ အကြည့်များသည် တဖြည်းဖြည်းဖြင့် ပြင်းပြလာခဲ့သည်။
ဤကဲ့သို့သော အရည်သည် ဂျင်ဆင်းနှင့် ထျန်းချီတို့ကဲ့သို့သော အရာများကို နှိုင်းယှဉ်၍ပင် မရနိုင်လောက်အောင် သေးသိမ်သွားစေသည့် စစ်မှန်သော ရှားပါးရတနာတစ်ပါးပင် ဖြစ်ပေသည်။
အချိန်အတော်ကြာပြီးနောက် လုချင်းမှာ စိတ်လှုပ်ရှားနေရာမှ အနည်းငယ် ပြန်၍ငြိမ်သက်သွားတော့၏။
ထို့နောက်မှ အရည်ကို ခပ်ယူရန် ကြိုးစားနေသော ရှောင်လီကို သူ တားလိုက်သည်။
ထိုကဲ့သို့သော ရတနာကို ပေါ့ဆစွာ အသုံးမပြုသင့်ပေ။ တစ်စက်လောက် ဖြုန်းတီးမိလျှင်ပင် ရင်နာစရာကောင်းလောက်အောင် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။
စိတ်ကို တည်ငြိမ်အောင် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် လုချင်းသည် မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်အကြောင်း တွေးနေခြင်းကို ခေတ္တရပ်တန့်လိုက်တော့သည်။
နတ်မျက်စိစွမ်းရည်၏ ခွဲခြမ်းစိတ်ဖြာမှုမှ အရေးကြီးသော သတင်းအချက်အလက်တစ်ခုကို သူ သတိပြုမိလိုက်၏။
မှော်စွမ်းအင်ပိုင်ရှင်တစ်ဦး...
ဤခန်းမကို မှော်စွမ်းအင်ပိုင်ရှင်တစ်ဦးက ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ဘယ်လိုလူစားမျိုးကများ အဲ့ဒီလိုစွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်ပါ့မလဲ။
သူ့ဆရာ ပြောပြဖူးသော လျှို့ဝှက်ဆန်းကြယ်သည့် မဟာသခင်လား... ဒါမှမဟုတ် အဲ့ဒီထက်တောင် အဆင့်မြင့်တဲ့သူလား။
လုချင်း၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ဘာပဲဖြစ်ဖြစ် ၎င်းမှာ ဤကမ္ဘာကြီး၏ ကျင့်ကြံခြင်းအပေါ် အမြင့်မားဆုံးကန့်သတ်ချက်တွေက သူ ထင်ထားတာထက်တောင် အများကြီး ကျော်လွန်နေကြောင်း ပြသနေလေသည်။
သူ့အတွက်တော့ ဒါက အလွန်အားတက်စရာ သတင်းကောင်းပင်။
ခဏမျှ တွေးတောပြီးနောက် လုချင်းသည် ခန်းမကို စတင်စစ်ဆေးလိုက်သည်။
ဤနေရာကို မှော်စွမ်းအင်ပိုင်ရှင်တစ်ဦးက တမင်တကာ စီစဉ်ထားခြင်း ဖြစ်သောကြောင့် ဤခန်းမတစ်ခုတည်း ရှိနေခြင်းတော့ မဟုတ်တန်ရာ။
ထင်သည့်အတိုင်းပင် အတန်ကြာ ရှာဖွေပြီးနောက် လုချင်းသည် ခန်းမ၏ တစ်ဖက်တွင် လျှို့ဝှက်ယန္တရားတစ်ခုကို တွေ့ရှိလိုက်ရသည်။
[လျှို့ဝှက်တံခါး - အခြားသော လျှို့ဝှက်နေရာတစ်ခုသို့ ဦးတည်နေသည့် တမင်တကာ တည်ဆောက်ထားသော ကျောက်တံခါး။]
[ဤလျှို့ဝှက်တံခါးတွင် မည်သည့်ယန္တရားမျှ မရှိပါ။ ခွန်အားသုံးပြီး တွန်းဖွင့်လိုက်ရုံသာ။]
ယန္တရားမရှိကြောင်း မြင်လိုက်ရသဖြင့် လုချင်းသည် တံခါးရှေ့တွင် ချက်ချင်းရပ်လိုက်ပြီး သွေးချီစွမ်းအားကို စုစည်းကာ တွန်းဖွင့်လိုက်သည်။
ကျောက်စိမ်းတုံးဖြင့် ပြုလုပ်ထားသော လျှို့ဝှက်တံခါးသည် အတော်လေးကို လေးလံလှပေ၏။
ကံကောင်းစွာဖြင့် လုချင်းသည် အားစိုက်ထုတ်ပြီး တွန်းဖွင့်နိုင်ခဲ့သည်။
သူ တဖြည်းဖြည်း အားစိုက်လိုက်သည်နှင့်အမျှ လျှို့ဝှက်တံခါးသည်လည်း ဖြည်းညှင်းစွာ ပွင့်လာခဲ့တော့သည်။