← Chapters

ထူးဆန်းသော ကျောက်စိမ်းပြား

Vol. 9 Ch. 89

ထူးဆန်းသော ကျောက်စိမ်းပြား

Vol. 9 Ch. 89

ကျောက်တံခါး ဖြည်းညှင်းစွာ ပွင့်လာသည်နှင့်အမျှ လုချင်းသည် အတွင်းမှ မြင်ကွင်းကို တဖြည်းဖြည်း မြင်တွေ့လိုက်ရသည်။

သူ မြင်လိုက်ရသည့်အရာက သူ့ကို လန့်ဖျပ်သွားစေခဲ့၏။

ကျောက်တံခါး၏ နောက်ကွယ်တွင် ကျောက်ခန်းငယ်တစ်ခု ရှိနေသည်။

တံခါးနှင့် မျက်နှာချင်းဆိုင်တည့်တည့် ကျောက်ကုတင်တစ်ခုပေါ်တွင် လူတစ်ဦး တင်ပလ္လင်ခွေ ထိုင်နေပါ၏။

တံခါးနောက်တွင် လူတစ်ယောက် ရုတ်တရက် ရှိနေခြင်းက လုချင်းကို အတော်လေးပင် လန့်သွားစေခဲ့သည်။

သို့သော် ထိုပုံရိပ်တွင် အသက်ရှူသံမရှိတော့ဘဲ မျက်နှာသည်လည်း အရိုးစု ဖြစ်နေပြီကို လျင်မြန်စွာ သတိပြုမိလိုက်သဖြင့် သူ သက်ပြင်းချလိုက်မိတော့သည်။

တစ်ချိန်တည်းမှာပင် သူသည် စိတ်ထဲမှ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်လိုက်မိ၏။

ချုံခိုတိုက်ခိုက်ခံရမည်ကို ကြိုတင်ကာကွယ်ထားသော်လည်း ဤထိတ်လန့်မှုကိုတော့ သူ မလွတ်မြောက်နိုင်ခဲ့ပေ။

ထိုလူ သေဆုံးနေသည်မှာ မည်မျှကြာပြီမှန်းတောင် မသိရသောကြောင့် လုချင်းသည် စိတ်ချလက်ချ ဝင်ရောက်သွားလိုက်သည်။

ထို့နောက် သူသည် အရိုးစုကို အနှောင့်အယှက်မပေးဘဲ ကျောက်ခန်းပတ်ပတ်လည်ကိုသာ ဦးစွာ လှည့်ပတ်ကြည့်ရှုလိုက်သည်။

တံခါးနောက်ရှိ နေရာသည် သိပ်မကျယ်ဝန်းလှဘဲ သာမန်အခန်းတစ်ခန်းစာ အရွယ်အစားရှိသော ကျောက်ခန်းသုံးခန်းအဖြစ် ခွဲခြားထားလေသည်။

အရိုးစုရှိသော အခန်းအပြင် ကျန်အခန်းနှစ်ခန်းအနက် တစ်ခန်းမှာ တရားထိုင်သော အခန်းဖြစ်ပုံရပြီး အခြားတစ်ခန်းမှာတော့ ဆေးဖော်စပ်သည့် အခန်းဖြစ်ပုံရသည်။

ကံမကောင်းစွာဖြင့် တရားထိုင်ခန်းနှင့် ဆေးဖော်ခန်း နှစ်ခုစလုံးမှာ ဗလာကျင်းနေပြီး တန်ဖိုးရှိသော မည်သည့်အရာမှ ကျန်ရစ်ခြင်း မရှိပေ။

ဆေးဖော်ခန်းထဲတွင် ကျောက်စိမ်းပုလင်းအချို့ ရှိသော်လည်း လုချင်း စစ်ဆေးကြည့်ရာ အားလုံးမှာ အလွတ်များသာ ဖြစ်နေသဖြင့် ဘာမှ မရရှိခဲ့ပေ။

ကျောက်ခန်းများကို စစ်ဆေးပြီးနောက် လုချင်းသည် အရိုးစုဘက်သို့ အာရုံပြန်လွှဲလိုက်သည်။

ပထမဆုံးကြည့်လိုက်ရုံဖြင့် အရိုးစု၏ အရိုးများသည် ကျောက်စိမ်းကဲ့သို့ အနည်းငယ် ကြည်လင်နေသည်ကို သူ သတိထားမိလိုက်သည်။

သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားလျက် ဤအရိုးစုသည် အသက်ရှင်စဉ်က အလွန်အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့ရမည်ဟု လုချင်း သိလိုက်ရသည်။

သိုင်းပညာကျင့်ကြံခြင်း၏ ဒုတိယအဆင့်ဖြစ်သော ကြွက်သားနှင့်အရိုးအဆင့်သည် အရိုးများနှင့် ကြွက်သားများကို အဓိကထား လေ့ကျင့်ပေးခြင်း ဖြစ်သည်။

သို့သော် လုချင်း ရရှိထားသော ဗဟုသုတများထဲတွင်ပင် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိချိန်၌ အရိုးများက ကျောက်စိမ်းကဲ့သို့ ဖြစ်လာကြောင်း ဖော်ပြထားခြင်း မရှိပေ။

ထို့ကြောင့် ဤအရိုးစုသည် ကြွက်သားနှင့်အရိုးအဆင့်ထက် များစွာကျော်လွန်နေသော ပုဂ္ဂိုလ်တစ်ဦး၊ ဖြစ်ကောင်းဖြစ်နိုင်ပါ၏။ မွေးရာပါနယ်ပယ်မှ သိုင်းပညာရှင်တစ်ဦး၏ အရိုးစု ဖြစ်ပေလိမ့်မည်။

ဒီလူက ဒီကျောက်စိမ်းဂူကို ဖန်တီးခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့သူများ ဖြစ်နေမလား။

လုချင်း၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြတ်သန်းသွားသည်။

ထို့နောက် သူသည် အရိုးစုအပေါ် အာရုံစိုက်လိုက်၏။

မကြာမီမှာပင် ထူထဲသော အနီရောင်အလင်းသည် အရိုးစုမှ ထွက်ပေါ်လာခဲ့လေသည်။

[မွေးရာပါနယ်ပယ်အထွတ်အထိပ်အဆင့် အရိုးစု - ဤအရိုးစုသည် မွေးရာပါနယ်ပယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။]

[ဝိညာဉ် ကွဲလွင့်သွားသော်လည်း အရိုးများ ကျန်ရစ်ခဲ့သည်။ မွေးရာပါနယ်ပယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အရိုးများကို မွေးရာပါနယ်ပယ်မှ ချီစွမ်းအင်ဖြင့် သန့်စင်ထားသဖြင့် နှစ်ထောင်ပေါင်းများစွာတိုင် အကောင်းအတိုင်း တည်ရှိနေနိုင်သည်။]

[ဤအရိုးစုပိုင်ရှင်သည် အဆင့်တက်လှမ်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့တာကြောင့် ၎င်း၏ စွမ်းအင်နှင့် ဝိညာဉ်တို့ ကုန်ခမ်းကာ သေဆုံးသွားခဲ့ပုံရသည်။]

အရိုးစုအပေါ်တွင် ပေါ်လာသော သတင်းအချက်အလက်များကို မြင်လိုက်ရသောအခါ ဤလူသည် ဂူကို ဖန်တီးခဲ့သော လျှို့ဝှက်ဆန်းကြယ်သူ မဟုတ်ကြောင်း လုချင်း သိလိုက်ရသည်။

ထိုအစား ဤသည်မှာ အမည်မသိ မွေးရာပါနယ်ပယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေသည်။

ဂူဖန်တီးသူ ချန်ထားရစ်ခဲ့သော ပစ္စည်းများမှာ ရွှေရောင်အလင်း တောက်ပနေသည်ကို ထောက်ရှုခြင်းအားဖြင့် အကယ်၍ ဤအရိုးများကိုသာ ထိုသူ ပိုင်ဆိုင်ခဲ့ပါက အနီရောင်မဟုတ်ဘဲ ရွှေရောင်အလင်း ထွက်ပေါ်နေမည်မှာ သေချာလှပေသည်။

သို့တိုင်အောင် ဤမွေးရာပါနယ်ပယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူသည် ဤနေရာသို့ မည်သို့ရောက်ရှိလာပြီး အဆင့်တက်လှမ်းရန် ကြိုးပမ်းရင်း မအောင်မြင်ခဲ့ရပုံကိုမူ စဉ်းစားရခက်နေဆဲပင်။

ဝမ်းနည်းစရာမှာ အကြောင်းစုံကို သိရှိနိုင်ရန် စာအုပ်များ သို့မဟုတ် အခြားသော သတင်းအချက်အလက်အရင်းအမြစ်များ ဒီနေရာတွင် မရှိတော့ခြင်း ဖြစ်သည်။

လုချင်း အနည်းငယ် စိတ်ပျက်သွားမိပါ၏။

သက်ပြင်းချပြီးနောက် သူသည် စိတ်အခြေအနေကို အမြန်ပြန်ပြင်လိုက်သည်။

ဤခရီးစဉ်တွင် သိသာထင်ရှားသော ဆုလာဘ်များကို ရရှိပြီးခဲ့ပြီပင်။

နှစ်တစ်ရာဂျင်ဆင်းမြစ်များစွာကို တွေ့ရှိခဲ့ရုံသာမက မည်သူမဆို လိုချင်တပ်မက်စိတ်ဖြင့် ရူးသွပ်သွားစေနိုင်သော ရတနာဖြစ်သည့် မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်ကိုလည်း ရရှိခဲ့လေသည်။

ဤထက်ပို၍လိုချင်နေခြင်းက လောဘကြီးရာ ကျလွန်းပေလိမ့်မည်။

စိတ်ကို တည်ငြိမ်စေပြီးနောက် လုချင်း၏ အကြည့်များသည် အရိုးစုအပေါ်သို့ ပြန်ရောက်သွားတော့သည်။

သူသည် အရိုးစုကို မြှုပ်နှံပေးသင့် ၊ မပေးသင့်ကို စဉ်းစားလိုက်၏။

ယုတ္တိကျကျစဉ်းစားရမည်ဆိုလျှင် အရိုးစုကို ဒီနေရာမှာပဲ ထားခဲ့ခြင်းက အကောင်းဆုံး ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ကျောက်ခန်းသည် အလွန်သန့်ရှင်းပြီး အရိုးစုသည် ရာစုနှစ်များစွာတိုင်အောင် အနှောင့်အယှက်မရှိ တည်ရှိနေနိုင်ပေသည်။

သို့သော် လုချင်းသည် အနာဂတ်တွင် ဤဂူသို့ မကြာခဏ လာရောက်ရန် ရည်ရွယ်ထားသဖြင့် လာတိုင်း အရိုးစုနှင့် ရင်ဆိုင်ရမည်ကိုတော့ စိတ်မသန့်ပေ။

ထို့ကြောင့် သေချာစဉ်းစားပြီးနောက်၌ အရိုးစုကို ကောင်းမွန်စွာ မြှုပ်နှံပေးဖို့သာ ဆုံးဖြတ်လိုက်တော့၏။

ဆုံးဖြတ်ချက်ချပြီးနောက်တွင်တော့ လုချင်းသည် အရိုးစုကို လေးလေးစားစားဖြင့် သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်ပြီး တောင်းပန်စကားဆိုလိုက်ကာ အပြင်သို့ ရွှေ့ပြောင်းရန် ပြင်ဆင်လိုက်သည်။

သို့သော် အရိုးစုကို ရွှေ့လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခုခု ပြုတ်ကျသွားသည့်အသံတိုးတိုးလေးကို သူ ကြားလိုက်ရသည်။

အစကတော့ သူ မတော်တဆနှင့် အရိုးတစ်ချောင်းကို ချိုးလိုက်မိပြီဟု ထင်မှတ်လိုက်ကာ တောင်းပန်ရန် ပြင်လိုက်စဉ် ပြုတ်ကျသွားသောအရာသည် အရိုးမဟုတ်ကြောင်း မြင်လိုက်ရသည်။

၎င်းကတော့ ရှည်လျားသော စတုဂံပုံသဏ္ဍာန်ရှိသည့် ကျောက်စိမ်းတုံးလေးတစ်ခုပင်။

လုချင်းမှာလည်း သိချင်စိတ်ဖြင့် ကောက်ယူလိုက်သည်။

၎င်းသည် အမှန်တကယ်ပင် လှပသော ကျောက်စိမ်းတုံးလေးတစ်ခု ဖြစ်နေပြီး ထူးခြားသော ပုံစံဒီဇိုင်းအချို့ ပါရှိနေလေ၏။

ပုံစံများကို ကြည့်ရင်း လုချင်းမှာ ရင်းနှီးနေသလို ခံစားလိုက်ရသည်။

ခဏမျှ စဉ်းစားပြီးနောက် ဤပုံစံများသည် ဂူ၏ အပြင်နံရံများပေါ်တွင် ထွင်းထုထားသော ပုံစံများနှင့် ဆင်တူနေကြောင်းကို သူ သဘောပေါက်သွားတော့သည်။

ထိုအခိုက်၌ လုချင်း၏ နှလုံးသားလေး တုန်လှုပ်သွားမိပါ၏။

ဒီကျောက်စိမ်းတုံးက ဒီဂူကို ဖန်တီးခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ပုဂ္ဂိုလ်နဲ့များ ဆက်နွှယ်နေတာလား။

လုချင်းသည် ချက်ချင်းပင် သူ၏နတ်မျက်စိစွမ်းရည်ကို အသက်သွင်းလိုက်ပြီး ကျောက်စိမ်းတုံးပေါ်တွင် အာရုံစိုက်လိုက်လေသည်။

ခဏအကြာတွင်တော့ ကျောက်စိမ်းမှ ထူထဲသော အနီရောင်အလင်းတန်း ထွက်ပေါ်လာတော့၏။

[အမွေအနှစ် ကျောက်စိမ်းပြား - အချက်အလက်များကို မှတ်တမ်းတင်ပြီး ပေးပို့နိုင်သည့် ကျောက်စိမ်းပြားတစ်ချပ် ဖြစ်သည်။]

[မိမိ၏ စိတ်ဝိညာဉ်အာရုံကို ကျင့်ကြံထားသောသူများသည် အချို့သော အထူးကျောက်စိမ်းပြားများပေါ်တွင် အချက်အလက်များကို ထွင်းထုထားနိုင်ပြီး ၎င်းတို့၏ လျှို့ဝှက်ချက်များကို အာမခံနိုင်ရန် အမွေအနှစ်များ ချန်ထားခဲ့နိုင်သည်ဟု ဆိုကြသည်။]

[စိတ်ဝိညာဉ်အာရုံနှင့် သက်ဆိုင်ရာ အသက်သွင်းနည်းလမ်းမပါဘဲ ကျောက်စိမ်းပြားပေါ်ရှိ အချက်အလက်များကို ရယူရန် အလွန်ခက်ခဲသည်။]

[အချက်အလက်များကို ဒေါင်းလုဒ်လုပ်လိုပါသလား။]

"အနီရောင်အလင်းလား။"

သူ၏လက်ထဲရှိ ကျောက်စိမ်းမှ ထွက်ပေါ်လာသော ထူးခြားသည့် အလင်းရောင်ကို မြင်လိုက်ရသောအခါ လုချင်းတစ်ယောက် ခေတ္တမျှ မှင်သက်သွားမိသည်။

ဤပစ္စည်းသည် ဂူကို ဖန်တီးခဲ့သော လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်နှင့် သက်ဆိုင်နိုင်ခြေအနည်းငယ်သာ ရှိကြောင်း သူ သိလိုက်လေသည်။

သို့သော်လည်း သူသည် စိတ်လည်းလှုပ်ရှားသလို ဝမ်းလည်းဝမ်းသာသွားမိပါ၏။

သူ၏နတ်မျက်စိစွမ်းရည်မှ ပေးသော အချက်အလက်များအရ ဤအရာသည် သူ ရှာဖွေနေသည့်အရာ ဖြစ်နိုင်ပါသည်။

ထို့ကြောင့် သူသည် ချက်ချင်းပင် အချက်အလက်များကို ဒေါင်းလုဒ်လုပ်ရန် ရွေးချယ်လိုက်တော့၏။

ထို့နောက်တွင်တော့ သူ အမြဲတမ်း လုပ်နေကျအတိုင်း သူ၏မျက်လုံးများကို ကျောက်စိမ်းပြားပေါ်တွင် စူးစိုက်ထားလိုက်သည်။

[ဒေါင်းလုဒ်လုပ်နေသည်... လက်ရှိတိုးတက်မှု - ၁%၊ ၂%၊ ၃%... ၉၇%၊ ၉၈%၊ ၉၉%၊ ၁၀၀%]

[ဒေါင်းလုဒ်လုပ်ခြင်း ပြီးစီးပါပြီ။ အချက်အလက်များကို လေ့လာလိုပါသလား။]

[သိုင်းပညာနည်းစနစ်တစ်ခု တွေ့ရှိပါသည်။ သိုင်းပညာနည်းစနစ်ကို သရုပ်ဖော်လိုပါသလား။]

ကျောက်စိမ်းပြားမှ အချက်အလက်များ ဒေါင်းလုဒ်လုပ်ခြင်းသည် လုချင်း မျှော်လင့်ထားသည်ထက်ပင် ပို၍ကြာမြင့်ခဲ့လေသည်။

ပြီးစီးရန် ၁၅ မိနစ်တိတိတောင် အချိန်ယူခဲ့ရ၏။

ဒေါင်းလုဒ်လုပ်ခြင်း ပြီးစီးသွားပြီးနောက် ရွေးချယ်စရာ နှစ်ခု ထပ်မံပေါ်လာသည်ကို သူ မြင်လိုက်ရသည်။

တစ်ခုမှာ အချက်အလက်များကို လေ့လာလိုခြင်း ရှိ ၊ မရှိ မေးခြင်း ဖြစ်ပြီး ကျန်တစ်ခုမှာ သိုင်းပညာနည်းစနစ်ကို သရုပ်ဖော်လိုခြင်း ရှိ ၊ မရှိ မေးခြင်းပင် ဖြစ်သည်။

ဤသည်က ကျောက်စိမ်းပြားတွင် သာမန်အချက်အလက်များသာမက အမွေအနှစ် သိုင်းပညာနည်းစနစ်တစ်ခုလည်း ပါဝင်နေကြောင်း ဖော်ပြနေခြင်းပင်။

ဤအခိုက်၌ လုချင်းမှာ အလွန်ပင် ဝမ်းမြောက်သွားတော့သည်။

ဤကျောက်စိမ်းပြားသည် ဂူကို ဖန်တီးခဲ့သော လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ် ချန်ထားခဲ့သည်မဟုတ်သည့်တိုင် အလွန်တန်ဖိုးရှိနေဆဲပင်။

မဟုတ်ပါက အမည်မသိ မွေးရာပါနယ်ပယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူသည် သေဆုံးသည့်တိုင် ၎င်းကို သူ၏အနီးနားတွင် ထားရှိခဲ့မည် မဟုတ်ပေ။

ထို့ကြောင့် အတွင်း၌ရှိသော အမွေအနှစ် သိုင်းနည်းစနစ်သည် တန်ဖိုးမဖြတ်နိုင်သော အရာပင် ဖြစ်ရပေလိမ့်မည်။

လုချင်းလည်း ချက်ချင်းပင် သူ၏ရွေးချယ်မှုများကို ပြုလုပ်လိုက်သည်။

အခြားအချက်အလက်များကို လေ့လာနေစဉ် သိုင်းပညာနည်းစနစ်ကို သရုပ်ဖော်ဖို့ရန် သူ ရွေးချယ်လိုက်ပါ၏။

သူ ရွေးချယ်မှုများ ပြုလုပ်လိုက်သည်နှင့်တစ်ပြိုင်နက် လုချင်း၏ စိတ်ထဲသို့ အချက်အလက်များ အလုံးအရင်းဖြင့် စီးဝင်လာသည်ကို ခံစားလိုက်ရသည်။

ဤလုပ်ငန်းစဉ်နှင့် ရင်းနှီးပြီးသားဖြစ်သော လုချင်းမှာ မျက်လုံးများကို မှိတ်လိုက်လျက် အချက်အလက်များကို တိတ်ဆိတ်စွာဖြင့် စုပ်ယူနေတော့သည်။

အချိန်အတော်ကြာပြီးနောက်၌ သူ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သူ့မျက်ဝန်းများထဲတွင် ဝမ်းမြောက်ဝမ်းသာမှုများနှင့် ပြည့်နှက်နေခဲ့လေတော့သည်။

All Chapters