ဆရာ့အတွက် အံ့အားသင့်စရာအသေးစားလေး
Vol. 10 Ch. 95
"ကိုကို ပြန်ရောက်လာပြီပဲ"
လုချင်း သူ့ဆရာအိမ်သို့ ရောက်ရောက်ချင်းပင် အိမ်ထဲမှ ကိုယ်လုံးသေးသေးလေးက ပြေးထွက်လာပြီး သူ့ရင်ခွင်ထဲသို့ ခုန်ဝင်လာလေသည်။
လုချင်းသည် ထိုကောင်မလေးကို ညင်သာစွာပွေ့ဖက်လိုက်ပြီး ပွေ့မြှောက်လိုက်ကာ ရှောင်ယန်၏ ပျော်ရွှင်နေသော မျက်နှာလေးကို ကြည့်ရင်း စိတ်သက်သာရာရသွားတော့၏။
ကံကောင်းထောက်မစွာဖြင့် ညီမလေးမှာ ငိုမနေခဲ့ပေ။
လုချင်းက သူ့ညီမလေးကို ပွေ့ချီထားရင်း ချစ်ခင်ကြင်နာစွာ မေးလိုက်သည်။ "ဟုတ်တယ်... ကိုကို ပြန်ရောက်ပြီ။ ညီမလေး အိမ်မှာ လိမ္မာရဲ့လား။"
"ဒါပေါ့ လိမ္မာတာပေါ့။ ဒီတစ်ခါ ကိုကို ညဘက်အိမ်ပြန်မလာတာတောင်မှ ညီမလေး မငိုဘူး သိလား" ညီမလေးက ကြွားဝါစွာ ပြောလိုက်လေသည်။
"ညီမလေးက တကယ်တော်တာပဲ" လုချင်းက တုံ့ဆိုင်းမနေဘဲ ချီးကျူးလိုက်သည်။
ညီမလေး မငိုသည်မှာ အတော်လေး အံ့သြစရာကောင်းလှပါ၏။
"အဘိုးချန်က ပြောတယ်၊ ကိုကိုက အခု အရမ်းသန်မာနေပြီမို့လို့ ဘာမှဖြစ်မှာမဟုတ်ဘူးတဲ့။ ကိုကို ပြန်လာမယ်ဆိုတာ သိလို့ ညီမလေး မငိုတော့တာ" ညီမလေးက လေးလေးနက်နက် ရှင်းပြလာသည်။
"ဟုတ်တာပေါ့... ကိုကိုက အခု အရမ်းသန်မာနေပြီလေ" လုချင်းက ပြောရင်း ညီမလေး၏ ခေါင်းကို ပွတ်ပေးလိုက်သည်။
"မင်း ပြန်ရောက်လာပြီပဲ။ ဒီတစ်ခါ ဘာလို့ တောင်ပေါ်မှာ ဒီလောက်တောင်ကြာနေရတာလဲ။"
ထိုအချိန်တွင် သမားတော်ကြီးချန်သည် ခြံဝင်းထဲသို့ ထွက်လာခဲ့လေသည်။
"ဆရာ..."
လုချင်းသည် ရှောင်ယန်ကို အောက်ချပေးလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "မထင်မှတ်ထားတဲ့ အခြေအနေတချို့ နဲ့ ကြုံလိုက်ရလို့ အချိန်ကြန့်ကြာသွားတာပါဗျ။"
သမားတော်ကြီးက လက်ကာပြလိုက်ပြီး "စိတ်ပူစရာ မလိုပါဘူးကွာ။ တောင်ပေါ်မှာ ဆေးရှာရတာ လွယ်မှမလွယ်တာ၊ အချိန်မှန် ပြန်မရောက်နိုင်တာက ပုံမှန်ပါပဲ။"
သမားတော်ကြီးကိုယ်တိုင်လည်း ဆေးရှာရန် တောင်ပေါ်သို့ မကြာခဏ သွားလေ့ရှိသဖြင့် တောင်ပေါ်မှအခြေအနေများကို ကောင်းစွာ နားလည်ပါ၏။
တစ်ခါတစ်ရံ တောင်အပြင်ဘက်တွင် နေသာနေသော်လည်း အတွင်းပိုင်း၌ ရုတ်တရက် မိုးရွာသွန်းနိုင်သည် မဟုတ်ပါလော။
အချိန်မရွေး ကျဆင်းလာနိုင်သော တောင်ပေါ်မြူများကိုမူ ဆိုဖွယ်ရာ မရှိတော့ပေ။
အနည်းငယ် ပေါ့ဆလိုက်ရုံမျှဖြင့် ရက်အတော်ကြာ ပိတ်မိနေခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စပင်ဖြစ်သည်။
အကယ်၍ လုချင်းသာ ချီနှင့်သွေးအဆင့်၏ အောင်မြင်မှုအသေးစားအဆင့်သို့ မရောက်သေးဘဲ ထူးဆန်းသော ဝိညာဉ်သားရဲ ရှောင်လီသာ မရှိခဲ့ပါက သမားတော်ကြီးသည် သူ့အား တောင်ပေါ်သို့ တစ်ယောက်တည်းလွှတ်မည် မဟုတ်ချေ။
"ဒါနဲ့... မင်းရဲ့ အနက်ရောင်သားရဲလေးရော။ သူကော ဘာလို့ မင်းနဲ့အတူ ပြန်မပါလာတာလဲ" သမားတော်ကြီးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်
လွန်ခဲ့သည့်ရက်တွေကတည်းက သမားတော်ကြီးသည် ရှောင်လီကို မြင်ဖူးနေပြီဖြစ်ပြီး ရှောင်လီသည်လည်း သမားတော်ကြီး၏ သဘာဝအလျောက် ကြင်နာတတ်သော အရှိန်အဝါကို အာရုံခံမိပုံရသဖြင့် သူ့ကို ငြင်းဆန်ခြင်း မရှိခဲ့ပေ။
"ဟုတ်တယ် ကိုကို... ရှောင်လီရော။ သူ အိမ်ပြန်မလာဘူးလား" ရှောင်ယန်ကလည်း မေးလိုက်သည်။
"အူးးး"
လုချင်း ပြန်မဖြေနိုင်ခင်မှာပင် အသံတစ်သံ ထွက်ပေါ်လာပြီး ရှောင်ယန်၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်တော့သည်။
"ရှောင်လီပဲ"
ညီမလေးသည် ရှောင်လီနှင့် နေ့တိုင်းကစားပြီး အတူတူပင် အိပ်စက်ကြသဖြင့် ၎င်း၏အသံနှင့် အလွန်ရင်းနှီးနေလေပြီပင်။
ထိုအသံကို ကြားလိုက်သည်နှင့် သူမက ချက်ချင်း ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး မေးလာ၏။ "ရှောင်လီ... နင် ဘယ်မှာလဲ"
သို့သော် သူမ ဘယ်လောက်ပင် ရှာပါစေ ၊ ရှောင်လီ၏ ပုံရိပ်ကို ရှာမတွေ့သဖြင့် ခေါင်းလေးကို စောင်းကာ စဉ်းစားနေရှာသည်။
သူမဘေးနားမှာတင် အသံကို ကြားလိုက်ရသော်လည်း ရှောင်လီက ဘယ်မှာ ပုန်းနေသနည်း။
သမားတော်ကြီးမှာမူ လုချင်းကို မသေချာသောအကြည့်ဖြင့် ကြည့်နေလေ၏။
အသံသည် လုချင်း၏ ဘေးနားမှ လာကြောင်း သူ သိလိုက်သည်။
သို့သော် ရှောင်လီ၏ ပုံရိပ်ကို မမြင်ရသလို လုချင်းကလည်း အနက်ရောင်သားရဲကို ဝှက်ထားပုံ မရပေ။
ဆေးလွယ်အိတ်ထဲမှာများ ဝှက်ထားတာလား။
သမားတော်ကြီးသည် လုချင်း၏ ကျောပေါ်ရှိ ဆေးလွယ်အိတ်ကို ကြည့်လိုက်သည်။
"ရှောင်လီ... မဆော့နဲ့တော့။ ထွက်လာခဲ့တော့။"
ဆရာနှင့် ရှောင်ယန်တို့ ဇဝေဇဝါဖြစ်နေသည်ကို မြင်သောအခါ လုချင်းက ပြုံးလိုက်ပြီး သူ့ပခုံးကို ပုတ်ပြလိုက်သည်။
ထို့နောက် သမားတော်ကြီးနှင့် ရှောင်ယန်တို့၏ စောင့်ကြည့်နေမှုအောက်တွင် ရှောင်လီသည် ၎င်း၏ ကိုယ်ဖျောက်စွမ်းရည်ကို ဖြေလျှော့လိုက်တော့သည်။
လုချင်း၏ ပခုံးပေါ်တွင် မာန်ပါပါဖြင့် ရုတ်တရက် ပေါ်လာသော ရှောင်လီကို မြင်လိုက်ရသောအခါ သမားတော်ကြီးရော ရှောင်ယန်ပါ ကြက်သေသေသွားကြတော့၏။
အထူးသဖြင့် ရှောင်ယန်မှာ အံ့အားသင့်လွန်းသဖြင့် မျက်လုံးများတင်ပြူးကျယ်ရုံမက ၊ ပါးစပ်အဟောင်းသားပါ ဖြစ်သွားလေ၏။
ဒါကို မြင်သောအခါ ရှောင်လီသည် ပို၍ပင် ဂုဏ်ယူသွားပြီး ၎င်း၏ အမြီးကို မြင့်မြင့်ထောင်လိုက်သည်။
"အားချင်း... ဒါက..."
သမားတော်ကြီးမှာလည်း အလွန်အံ့သြသွားလေသည်။ စောစောက လုချင်း၏ ပခုံးပေါ်တွင် ရှောင်လီ ရှိနေသည်ကို သူ လုံးဝ သတိမထားမိခဲ့ကြောင်း သေချာပေါက် ပြောနိုင်ပါ၏။
ဤမျှ နီးကပ်သော အကွာအဝေးတွင် ရှိနေတာတောင်မှ ကိုယ်တွင်းအင်္ဂါအဆင့်သို့ရောက်နေသော သူ့ကဲ့သို့ လူတစ်ယောက်ကပင် သတိမထားမိလိုက်ရအောင် ရှောင်လီ၏ ပုန်းကွယ်နိုင်စွမ်းက ဘယ်အချိန်တုန်းက ဒီလောက်တောင် အစွမ်းထက်သွားရသနည်း။
"ဒီကောင်လေးက ဒီတစ်ခါ တောင်ပေါ်မှာ ကံကောင်းမှုတချို့ ရခဲ့တယ်လေ။ အဲ့လိုနဲ့ သူ့မှာ အရမ်းကောင်းတဲ့ ပါရမီတစ်ခု နိုးထလာခဲ့တာဗျ။ ခုကတော့ သူ ဆရာတို့ကို ကြွားနေတာပေါ့" လုချင်းက ပြုံးရင်း ပြောလိုက်သည်။
ရွှပ်ခနဲမြည်သံနှင့်အတူ ရှောင်လီသည် ရှောင်ယန်၏ ရှေ့သို့ ခုန်ဆင်းလိုက်ပြီး ညီမလေး၏ ချီးကျူးမှုကို စောင့်မျှော်နေသည့်အလား ဂုဏ်ယူဝင့်ကြွားစွာ ကြည့်နေလေသည်။
ရှောင်ယန်သည်လည်း ၎င်းကို စိတ်ပျက်အောင် မလုပ်ဘဲ ချက်ချင်း ကောက်ချီလိုက်ပြီး မယုံနိုင်သော မျက်နှာဖြင့် ပြောလိုက်သည်။
"ရှောင်လီ... နင်က အရမ်းတော်တာပဲ ဘယ်လိုလုပ်လိုက်တာလဲဟင်။"
"အော ~"
ချီးကျူးခံရသဖြင့် ရှောင်လီမှာ ပို၍ပျော်ရွှင်သွားလေသည်။
၎င်းသည် ရှောင်ယန်၏ လက်မောင်းထဲမှ ခုန်ဆင်းလိုက်ပြီး သူမပတ်လည်တွင် ပတ်ပြေးကာ မျက်လှည့်ပြသကဲ့သို့ လေထုထဲတွင် ဖောက်ဝင်လိုက် ၊ ဖောက်ထွက်လိုက် လုပ်ပြလိုက်ရာ ရှောင်ယန်မှာလည်း အကြိမ်ကြိမ်အခါခါ အာမေဋိတ်သံများကို ပြုလုပ်နေမိလေ၏။
လေထဲရှိ နေရာလွတ်ထဲကို သွားလိုက် ပြန်လာလိုက် လုပ်နေသော ရှောင်လီ၏ ပြကွက်ကို ကြည့်ရင်း သမားတော်ကြီးမှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။
သူသည် တိုက်ခိုက်ရေးတွင် မကျွမ်းကျင်သော်လည်း ရှောင်လီ၏ စွမ်းရည် မည်မျှ ကြောက်စရာကောင်းကြောင်းကိုမူ မြင်နိုင်လေသည်။
သမားတော်ကြီးက မနေနိုင်တော့ဘဲ မေးလိုက်သည်။ "အားချင်း... မင်း တောင်ပေါ်မှာ ဘာတွေ တွေ့ခဲ့လို့ ရှောင်လီက ဒီလောက်တောင် အပြောင်းအလဲကြီး ဖြစ်သွားရတာလဲ။"
"အိမ်ထဲကျမှ ပြောကြတာပေါ့ ဆရာ" လုချင်းက ပြောရင်း သူ့ကျောပေါ်ရှိ ဆေးလွယ်အိတ်ကို သေချာပြန်လွယ်လိုက်သည်။
ခြံဝင်းထဲတွင် ရှောင်လီနှင့် ရှောင်ယန်တို့ တူတူပုန်းတမ်း ကစားနေကြစဉ် လုချင်းနှင့် ဆရာဖြစ်သူတို့မှာတော့ အိမ်ထဲသို့ ဝင်လာကြသည်။
"ဆရာ... ဒီတစ်ခါ တောင်ပေါ်ခရီးစဉ်မှာ ကျွန်တော်နဲ့ ရှောင်လီတို့ အများကြီး ရခဲ့တယ်။ ပထမဆုံးကတော့ ဒီဆေးဖက်ဝင်အပင်တွေပေါ့။"
လုချင်းသည် ကျောပေါ်ရှိ ဆေးလွယ်အိတ်ကို ချလိုက်ပြီး ဆေးပင်များကို တစ်ခုပြီးတစ်ခု ထုတ်လိုက်သည်။
"ထျန်းချီ၊ တန်ကွေ့၊ ထျန်းချီ၊ ဂျင်ဆင်း... နေပါဦး၊ ဒီဂျင်ဆင်းက"
လုချင်း ထုတ်ပြလာသော ဆေးပင်များကို ကြည့်ရင်း သမားတော်ကြီးမှာ အံ့အားသင့်သွားရသည်။
ဆေးပင်များ၏ အရည်အသွေးမှာ အလွန်ကောင်းမွန်သည်ကို ထားလိုက်ဦး၊ ထျန်းချီ တစ်မျိုးတည်းနှင့်ပင် သူ့ကို အံ့သြစေရန် လုံလောက်နေပြီ ဖြစ်သည်။
ကျိုးလီရွာ နောက်ဘက်ရှိ တောင်တန်းများတွင် ထျန်းချီဆေးပင်များ ဘယ်အချိန်ကတည်းက ပေါက်ရောက်နေသနည်း။
လုချင်း ထုတ်လိုက်သော ဂျင်ဆင်းကို မြင်လိုက်ရသောအခါ သမားတော်ကြီးမှာ ထခုန်မိမတက် ဖြစ်သွားရလေ၏။
အဘယ်ကြောင့်ဆိုသော် ဂျင်ဆင်း၏ အမြစ်များနှင့် အမွှေးအမျှင်များသည် ပြီးပြည့်စုံနေပြီး လူပုံသဏ္ဍာန် ဖြစ်လုနီးပါး ဖြစ်နေသောကြောင့်ပင်။
သူ၏ အတွေ့အကြုံအရ ဤကဲ့သို့အရည်အသွေးရှိသော ဂျင်ဆင်းသည် အနည်းဆုံး နှစ်ပေါင်း လေးရာ သို့မဟုတ် ငါးရာ သက်တမ်း ရှိရမည်ဖြစ်ပြီး တကယ့်ရတနာတစ်ပါးပင် ၊ ထို့ပြင် တန်ဖိုးမဖြတ်နိုင်သော ရှားပါးပစ္စည်းလည်း ဖြစ်ပါသည်။
သို့သော် ဒါအကုန်မဟုတ်သေးပေ။ ထိုရတနာဂျင်ဆင်းကို ထုတ်ပြီးနောက်တွင်လည်း လုချင်းသည် ဆေးလွယ်အိတ်ထဲမှ ဆေးပင်များကို ဆက်လက် ထုတ်ယူနေဆဲပင်။
ထိုအရာအားလုံးမှာ ဂျင်ဆင်းများဖြစ်ပြီး တစ်ပင်စီတိုင်းတွင် အနည်းဆုံး နှစ်တစ်ရာသက်တမ်းရှိကာ နှစ်ပင် ၊ သုံးပင်ခန့်မှာတော့ ထိုသက်တမ်းထက်ပင် ကျော်လွန်နေလေ၏။
"ဆရာ... ဒီတစ်ခါ တောင်ပေါ်မှာ ဒီဆေးပင်တွေ ကျွန်တော် ခူးခဲ့တယ်" လုချင်းက နောက်ဆုံးဂျင်ဆင်းကို ထုတ်ပြီး ကြမ်းပြင်ပေါ် ချလိုက်ရင်း ပြောလိုက်သည်။
"ဒါတွေချည်းပဲလား။"
သမားတော်ကြီးသည် ကြမ်းပြင်ပေါ်ရှိ တန်းစီထားသော နှစ်တစ်ရာသက်တမ်းရှိသည့် ဂျင်ဆင်းများကို ကြည့်ပြီး သူ့တပည့်ကို ဘာပြောရမှန်းမသိ ဖြစ်သွားတော့သည်။
"ဒီဂျင်ဆင်းတွေကိုဆို ငါ့တစ်သက်လုံးမှာတောင် နည်းနည်းငယ်လောက်ပဲ ရှာတွေ့ဖူးတာ။ မင်းက တောင်ပေါ် တစ်ခေါက်တက်တာနဲ့ ဒီလောက်အများကြီး တူးလာနိုင်တယ်ပေါ့။ မင်း ဂျင်ဆင်းအသိုက်ကိုများ တွေ့ခဲ့တာလားဟေ။"
လုချင်းက ရယ်မောလိုက်ပြီး "အဲ့သဘောပါပဲ ဆရာ။ ရှောင်လီ ခေါ်သွားတဲ့ နေရာမှာ ဂျင်ဆင်းတွေ အများကြီး ရှိနေတာလေ။ ကျွန်တော်က သက်တမ်းပြည့်တဲ့ အပင်တွေကိုပဲ ရွေးခူးလာတာ။"
"မင်း တကယ်ပဲ ဂျင်ဆင်းအသိုက်ကို တွေ့ခဲ့တာလား" သမားတော်ကြီးက တအံ့တဩဖြင့် မေးလိုက်သည်။ "ဒီလို ရတနာသိုက်ကို ရှာတွေ့နိုင်ဖို့ဆိုတာကြီးက………။ ဒီလိုသာဆို ရှောင်လီက တကယ့်ကို အံ့မခန်းပါပဲကွာ။"
လုချင်း ဘာကြောင့် တောင်ပေါ်မှာ ဒီလောက်ကြာနေရသလဲ ဆိုသည်ကို သူ နောက်ဆုံးတော့ နားလည်သွားလေပြီ။
ဒီလောက် အဖိုးတန်လှသည့် ဆေးပင်တွေ အများကြီးကို တွေ့နေမှတော့ သူသာဆိုရင်လည်း တောင်ပေါ်ကနေ အမြန်ပြန်ဆင်းချင်မှာ မဟုတ်ပေ။
သမားတော်တစ်ယောက်အနေဖြင့် ကောင်းမွန်သော ဆေးပင်များကို မြင်လိုက်ရလျှင် ခြေလှမ်းရခက်သည်မှာ ဓမ္မတာပင် ဖြစ်သည်။
"ဆရာ... ဒီဂျင်ဆင်းတွေကို သွေးအားဖြည့် ချီအားတိုးဆေးလုံးတွေအဖြစ် ဖော်စပ်ပေးဖို့ ဆရာ့ကို အကူအညီတောင်းချင်လို့ပါ။"
"ဒီဂျင်ဆင်းတွေ အကုန်လုံးကို သွေးအားဖြည့် ချီအားတိုးဆေးလုံး လုပ်မလို့လား" သမားတော်ကြီးက ဇဝေဇဝါ ဖြစ်သွားသည်။ "မင်းက အခု ချီနဲ့သွေးအဆင့်ရဲ့ အောင်မြင်မှုအသေးစားအဆင့်ကိုတောင် ရောက်နေပြီလေ။ အများဆုံး နှစ်လေး၊ငါးရာ သက်တမ်းရှိတဲ့ ဂျင်ဆင်းဆိုရင် မင်း ချီနဲ့သွေးအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ဖို့ လုံလောက်နေပြီလေ။ ဘာလို့ သွေးအားဖြည့် ချီအားတိုးဆေးလုံးတွေကို ဒီလောက်အများကြီး ဖော်စပ်ချင်နေရတာလဲ။"
"အဲ့ဒါကလေ တောင်ပေါ်မှာ ရခဲ့တဲ့ နောက်ထပ် ကံကောင်းမှုတစ်ခုကြောင့်လို့ ပြောရမှာပေါ့ ဆရာရယ်။"
ထို့နောက် လုချင်းသည် သူ့အိတ်ကပ်ထဲမှ ကျောက်စိမ်းပုလင်းလေးတစ်လုံးကို ထုတ်လိုက်သည်။
"ဆရာ... တောင်ပေါ်က ဂူတစ်ခုထဲမှာ အံ့ဩစရာကောင်းတဲ့ ဝိညာဉ်အရည်တစ်မျိုးကို ကျွန်တော် တွေ့ခဲ့တယ်။"