ဆရာ့ကျေးဇူးကို ပြန်လည်ဆပ်ခြင်း
Vol. 10 Ch. 96
"ဆရာ... ကျွန်တော် တောင်ပေါ်မှာ ဆေးပင်ရှာထွက်ရင်းနဲ့ ထူးဆန်းတဲ့ ဂူတစ်ခုကို တွေ့ခဲ့တယ်။ အဲ့ဒီမှာ ဒီဝိညာဉ်အရည်ကို တွေ့ခဲ့ရတာ။ ရှောင်လီရဲ့ ထူးခြားတဲ့ စွမ်းရည်ကလည်း အဲ့ဒါကို သောက်ပြီးမှ နိုးထလာတာပါဗျ" လုချင်းက လက်ထဲတွင် ကျောက်စိမ်းပုလင်းလေးကို ကိုင်ထားရင်း ပြောလိုက်သည်။ "ကျွန်တော်လည်း နည်းနည်းလောက် သောက်ကြည့်လိုက်တော့ အကျိုးကျေးဇူးတွေ အများကြီး ရခဲ့တယ်လေ။"
"ဟေ... ဘယ်လို ဝိညာဉ်အရည်မျိုးမလို့ ဒီလောက်တောင် အစွမ်းထက်ရတာလဲကွ" သမားတော်ကြီးက စိတ်ဝင်တစား မေးလိုက်သည်။
"ဂူထဲက မှတ်တမ်းတွေအရဆိုရင်တော့ မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်လို့ ခေါ်တယ်တဲ့ ဆရာ" လုချင်းက ပြန်ဖြေလိုက်သည်။
သူ မထင်မှတ်ထားသည်မှာ ထိုအမည်ကို ကြားလိုက်သည်နှင့် ဆရာဖြစ်သူမှာ အလွန်အံ့သြသွားပြီး ချက်ချင်း မတ်တတ်ထရပ်လိုက်ခြင်းပင်။ "ဘာ... မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် ဟုတ်လား။"
"ဆရာက မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်အကြောင်း သိနေတာလား" လုချင်းက ဆရာဖြစ်သူ၏ ဗဟုသုတကြွယ်ဝမှုကို အံ့သြစွာ မေးလိုက်သည်။
"မူလကတော့ ငါ မသိပါဘူး။ ဝိညာဉ်အရည်ဆိုတာမျိုး ရှိတယ်ဆိုတာကို မကြာသေးခင်ကမှ သိခဲ့ရတာ" သမားတော်ကြီးက ပြောလိုက်ပြီးနောက် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ကာ ပြန်ထိုင်လိုက်လေသည်။ "မကြာသေးခင်တုံးက ဝေ့မိသားစုက ငါ့ကို 'ချင်းနန် ဆေးကျမ်း' ကို လက်ဆောင်ပေးခဲ့တယ်လေ။ အဲ့ဒီကျမ်းထဲမှာ အရမ်းကိုဆန်းကြယ်တဲ့ ဆေးဝါးတချို့အကြောင်း ဖော်ပြထားတာကွာ။ အဲ့ဒီအထဲမှာ မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်လည်း ပါနေတယ်လေ။"
" 'ချင်းနန် ဆေးကျမ်း' ထဲမှာ မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်ကို တော်တော်လေးကို ချီးမွမ်းခန်းဖွင့်ထားတာကွ။ သေလူကို ပြန်ရှင်စေနိုင်တယ်၊ အရိုးတွေကို ကုစားနိုင်တယ်၊ သက်တမ်းကို ရှည်စေနိုင်တယ်၊ ပြီးတော့ ဘယ်ဆေးဝါးနဲ့မှ မယှဉ်နိုင်လောက်အောင်ထိကို အံ့ဩစရာကောင်းတဲ့ ဆေးလို့ ပြောထားတယ်။"
"ဒါပေမဲ့ ဒီဆန်းကြယ်တဲ့ အရည်ကို ထုတ်လုပ်တဲ့နည်းလမ်းက ပျောက်ကွယ်နေတာ ကြာပြီလေ။ မင်း ဘယ်လိုလုပ်ပြီး ရှာတွေ့ခဲ့တာလဲ။"
လုချင်းက ပြုံးလိုက်ပြီး ပြောလိုက်သည်။ "အဓိကကတော့ ကံကောင်းလို့ ရလာတာပဲ ပြောရမှာပေါ့ ဆရာရယ်။ ရှောင်လီက အဲ့နေရာကို ရှာတွေ့ခဲ့တာလေ"
ထို့နောက် သူက ဆက်လက်ပြီးပြောလိုက်ပြန်၏။ " 'ချင်းနန် ဆေးကျမ်း' မှာ မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်အကြောင်းကို အပြည့်အစုံ မဖော်ပြထားဘူးပဲ။ အဲ့ဒါက သေလူကို ပြန်ရှင်စေနိုင်တာ၊ အရိုးတွေကို ကုစားနိုင်တာ၊ သက်တမ်းရှည်စေတာအပြင်ကိုမှ လူတစ်ယောက်ရဲ့ အလားအလာနဲ့ ပါရမီကိုလည်း မြှင့်တင်ပေးနိုင်သေးတယ်တဲ့။"
"ရှောင်လီရဲ့ လျှို့ဝှက်ပါရမီကလည်း ဒီအရည်ကို သောက်ပြီးမှ နိုးထလာတာလေ။ ကျွန်တော်ဆိုလည်း ပါရမီပိုင်းမှာ သိသိသာသာ တိုးတက်လာတာကို ခံစားရတယ်။ အဲ့ဒါကြောင့် ချီနဲ့သွေးအဆင့်ရဲ့ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ဖို့ အရင်းအမြစ်တွေ ပိုလိုလာတာပါ ဆရာ။ အဲ့ဒါကြောင့်မို့ ဆရာ့ကို သွေးအားဖြည့် ချီအားတိုးဆေးလုံးတွေ ပိုဖော်စပ်ပေးဖို့ တောင်းဆိုရတာပါဗျ။"
"အဲ့လိုလား" သမားတော်ကြီးမှာ အံ့အားသင့်သွားလေသည်။ သူက သူ့တပည့်ကို ကြည့်ပြီး ပြောလိုက်၏။ "မင်းက မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်ရဲ့ အာနိသင်ကို ကောင်းကောင်း သိနေတဲ့ပုံပဲ။ သေချာတာကတော့ မင်း ရခဲ့တာက ဝိညာဉ်အရည်တစ်ခုတည်း မဟုတ်ဘူးမလား"
"ဟုတ်တယ် ဆရာ... မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်အကြောင်း သတင်းအချက်အလက်တွေ ပါဝင်တဲ့ အမွေအနှစ်တချို့ကိုလည်း ကျွန်တော် ရခဲ့ပါသေးတယ်ဗျ" လုချင်းက ဝန်ခံလိုက်သည်။
"ဒီလို ဝိညာဉ်ပစ္စည်းမျိုးကို ရှာတွေ့နိုင်တာက မင်း တကယ်ကြီး ကံကောင်းလွန်းနေတာပဲ လုချင်း" သမားတော်ကြီးက ခေါင်းညိတ်လိုက်သည်။ သူ၏တပည့် အဆင်သင့်ဖြစ်လျှင် ယင်းအမွေအနှစ်အကြောင်းတို့အား ပြောပြလာမည်ကို သိသောကြောင့် သူလည်း ထိုသည်နှင့်ပတ်သက်ပြီး ဆက်မမေးတော့ပေ။
"အဓိကကတော့ ရှောင်လီရဲ့ ကျေးဇူးကြောင့်လို့ပဲ ဆိုရမှာပေါ့။" လုချင်းက နှိမ့်ချစွာ ပြောလိုက်သည်။ "ရှောင်လီသာ လမ်းမပြရင် အဲ့ဒီထူးဆန်းတဲ့နေရာကို ကျွန်တော် ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး။"
"ရှောင်လီက တကယ်ကို ဝိညာဉ်သားရဲလေးပဲ။ အဲ့ဒီတုန်းက သူ့ကို မောင်းထုတ်မယ့်အစား ငါးကျွေးဖို့ ရွေးချယ်ခဲ့တာက တကယ်ကောင်းတဲ့ ကြင်နာမှုတစ်ခုပဲကွာ" သမားတော်ကြီးက ကျေနပ်စွာ ပြောလိုက်သည်။
လုချင်းသည် တိတ်တဆိတ် ရယ်မောလိုက်ပြီး ထိုအချိန်တုန်းက ရှောင်လီကို ရန်စဖို့တောင် မရဲခဲ့ကြောင်းကို စိတ်ထဲတွင် တွေးလိုက်မိသည်။ ထို့နောက် သူက လက်ထဲရှိ ကျောက်စိမ်းပုလင်းလေးကို လှုပ်ပြလိုက်သည်။ "ဆရာ... ဒီမြေကမ္ဘာသွေးကြော ဝိညာဉ်အရည်က သေလူကို ပြန်ရှင်စေနိုင်ပြီး အရိုးတွေကို ကုစားပေးနိုင်သလို သက်တမ်းကိုလည်း ရှည်စေနိုင်ပါတယ်ဗျ။ ဆရာ့ရဲ့ သွန်သင်ဆုံးမမှု ကျေးဇူးတွေကို ပြန်ဆပ်တဲ့အနေနဲ့ ဆရာ့ကို ဒါလေး ပေးချင်ပါတယ်။"
သမားတော်ကြီးသည် ကျောက်စိမ်းပုလင်းကို ကြည့်လိုက်သည်။ သက်တမ်းကို တိုးစေနိုင်သော ဆေးဝါးတစ်ခုအပေါ် စိတ်မလှုပ်ရှားဘဲ နေရန်မှာ မဖြစ်နိုင်ပေ။ သူကဲ့သို့ လောကီစည်းစိမ်ကို မမက်မောသူပင်လျှင် အသက်အနည်းငယ် ပိုရှည်ချင်သော ဆန္ဒ ရှိပေလိမ့်မည်။
"ဒီလောက် အဖိုးတန်တဲ့ အရည်ကို ငါ့လို လူအိုကြီးအတွက် သုံးတာ နှမြောစရာကြီးကွာ။ မင်းဘာသာမင်းပဲ သိမ်းထားလိုက်ပါ" သမားတော်ကြီးက ခေတ္တ စဉ်းစားပြီးနောက် ပြောလိုက်သည်။
လုချင်း ကြက်သေသေသွားသော်လည်း ဆရာဖြစ်သူက သူ့အတွက် အဖိုးတန် အရည်ကို သိမ်းထားစေချင်ကြောင်း နားလည်လိုက်သည်။ စိတ်ထဲတွင် ကြည်နူးသွားလျက်ဖြင့် လုချင်းသည် ပြုံးလိုက်ကာ ပြောလိုက်သည်။ "ဆရာ... စိတ်မပူပါနဲ့။ မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်ကို ကျွန်တော် အတော်များများ ရခဲ့ပါတယ်ဗျ။ ဒီကျောက်စိမ်းပုလင်းအပြင် ကျွန်တော့်မှာ နောက်ထပ် ရှိပါသေးတယ်ဗျ။"
"ဒါ့အပြင် မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်က ပါရမီကို မြှင့်တင်ပေးတာမှာ အကန့်အသတ်လည်း ရှိတယ် ဆရာ။ သက်ရှိတစ်ကောင်က ငါးစက်အထိပဲ အကျိုးကျေးဇူး ရနိုင်တာပါ။ အဲ့ဒါထက် ပိုရင် ကုသရေး အထောက်အကူအနေနဲ့ပဲ အသုံးဝင်တော့မှာ။"
"ဒါကြောင့်... ကျေးဇူးပြုပြီး ဒီငါးစက်ကို ယူလိုက်ပါ ဆရာ။ ဒါက ကျွန်တော့်ကို မထိခိုက်ပါဘူး။"
"တကယ်လား" သမားတော်ကြီးက သံသယဖြင့် မေးလိုက်သည်။ သူ့အမြင်တွင် ထိုကဲ့သို့သော ရှားပါးဆေးဝါးသည် အလွန် ရှားပါးလွန်းလှပေမည်။
လုချင်းက လေးလေးနက်နက် ပြန်ဖြေလိုက်သည်။ "ကျွန်တော်က ဆရာ့ကို ဘယ်လိုလုပ် လိမ်ပြောရက်မှာလဲ။ မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်က ဆေးကျောက်တွေနဲ့ ဖော်စပ်ထားတာမျိုး မဟုတ်ဘဲ ဂူလိုမျိုး ထူးဆန်းတဲ့နေရာမှာ ပေါ်တာမျိုးပါ။ တစ်စက်ထွက်ဖို့ နှစ်ပေါင်းနှစ်ဆယ် ကြာပါတယ်ဗျ။"
"ရာစုနှစ်တော်တော်ကြာတဲ့အထိ ဘယ်သူမှ အဲ့ဒီဂူကို မသွားကြတော့ ဝိညာဉ်အရည်တွေကလည်း တော်တော်လေးကို စုမိနေတာလေ။ အဲ့တာကို ကျွန်တော် ယူလာခဲ့တာပါဗျ။"
လုချင်း၏ ရိုးသားမှုကို မြင်သောအခါ သမားတော်ကြီးသည် နောက်ဆုံးတော့ ယင်းကျောက်စိမ်းပုလင်းကို လက်ခံလိုက်တော့၏။ "ဒါဆိုရင်တော့ ငါ မငြင်းတော့ပါဘူး။ ငါ လက်ခံလိုက်ပါ့မယ်။"
ထိုအခါ စိတ်သက်သာရာရသွားသော လုချင်းက ပြုံးလိုက်ပြီး "ဆရာ... ဒီအရည်ကို အမြန် သောက်လိုက်ပါနော်။ မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်က သက်တမ်းကို နှစ်ငါးဆယ်လောက် ရှည်စေနိုင်ပြီး ခန္ဓာကိုယ်ကိုလည်း အကောင်းဆုံးအခြေအနေကို ပြန်ရောက်စေနိုင်ပါတယ်ဗျ။"
"မလောပါနဲ့ကွာ။ ငါ အရင် လေ့လာကြည့်ဦးမယ်" သမားတော်ကြီးက ပြောလိုက်ပြီး အရည်ကို စစ်ဆေးရန် ပိုစိတ်ဝင်စားနေလေသည်။
ဆရာဖြစ်သူ၏ ဆေးပညာအပေါ် စိတ်အားထက်သန်မှုကို နားလည်သဖြင့် လုချင်းလည်း ဘာမှမပြောတော့ပေ။ သို့သော် ဤအရည်၏ ဖန်တီးမှုသည် သူတို့၏နားလည်နိုင်စွမ်းထက် ကျော်လွန်သော လျှို့ဝှက်ဆန်းကြယ်သည့် နည်းလမ်းများ ပါဝင်နေသဖြင့် ဆရာ့ကြိုးပမ်းမှု အရာထင်မည် မဟုတ်ကြောင်း သူ သိနေသည်။
တကယ်လည်း အချိန်ကြာမြင့်စွာ လေ့လာပြီးနောက် သမားတော်ကြီးသည် မည်သည့်အရာကိုမျှ အဖြေရှာမရခဲ့ပေ။ "ဆေးပညာရှင်တွေ ဒီဆေးကို အရမ်းချီးကျူးကြတာ အံ့သြစရာ မဟုတ်တော့ပါဘူးလေ။ တကယ်ကို ဆန်းကြယ်လွန်းတယ်"
သူက သက်ပြင်းချကာ သုတေသနကို လက်လျော့လိုက်တော့လေသည်။
"ဆရာ..." လုချင်းက သတိပေးလိုက်သည်။
"ငါ ဒါကို သောက်တာ မမြင်ရမချင်း မင်း စိတ်ချမှာ မဟုတ်ဘူးမလား" သမားတော်ကြီးက ရယ်မောလိုက်သည်။ "ငါ ဒါကို မျိုထားမှာ စိုးရိမ်နေတာလား။ ကောင်းပြီလေ... ငါ အခုပဲ ကျင့်ကြံခန်းကို ဝင်လိုက်ပါမယ်ကွာ။"
ထိုသို့ပြောပြီးနောက် သမားတော်ကြီးသည် ကျင့်ကြံခန်းထဲသို့ ဝင်သွားတော့သည်။ လုချင်းသည်လည်း မည်သည့် အနှောင့်အယှက်မှ မရှိစေရန် အပြင်မှ စောင့်ကြပ်ပေးနေလိုက်၏။
ကံကောင်းထောက်မစွာဖြင့် ယနေ့တွင် သမားတော်ကြီးချန်၏အိမ်မှာ တိတ်ဆိတ်နေခဲ့ကာ ရွာသားများလည်း ဆေးလာကုခြင်းမျိုး မရှိပေ။
နေ့ဝက်ခန့် ကြာသောအခါ ကျင့်ကြံခန်း တံခါးပွင့်လာသံကို လုချင်း ကြားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်သောအခါ၌ သူ့ဆရာ ထွက်လာသည်ကို မြင်လိုက်ရတော့၏။ ဆရာ့ပုံစံမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေပုံပင်။