မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ဦးအတွက် လေ့ကျင့်ရေးစီမံကိန်း
Vol. 10 Ch. 97
"ဆရာ... ဘာဖြစ်လို့လဲ။"
လုချင်းက သူ့ဆရာကို မြင်လိုက်သည်နှင့် သူ့ဆရာ အများကြီး ပိုနုပျိုသွားသည်ကို ချက်ချင်း သတိထားမိလိုက်သည်။
သူ့အရေပြားများသည် ပိုမိုတင်းရင်းလာပြီး တစ်ချိန်က ဖြူနေသော ဆံပင်များသည်ပင် ယခု၌ သိသိသာသာကို နက်မှောင်သွားခဲ့ပြီပင်။
သို့သော် ဆရာဖြစ်သူမှာ တစ်စုံတစ်ခု ပျောက်ဆုံးနေသကဲ့သို့ ဖြစ်နေပြီး သူ့အပြောင်းအလဲများနှင့် ပတ်သက်၍ မသေချာသည့်ပုံစံဖြင့် ဇဝေဇဝါ ဖြစ်နေလေသည်။
"ငါ အဆင့်တက်သွားပြီထင်တယ်" သမားတော်ကြီးက တွေဝေစွာဖြင့် ပြောလိုက်သည်။
"အဆင့်တက်သွားပြီ ဟုတ်လား ဆရာ" လုချင်းမှာ အစပိုင်းတွင် ကြောင်သွားသော်ငြား ထို့နောက်၌ အလွန်ပင် ဝမ်းသာသွားတော့သည်။ "ဆရာ... ဆရာ ကိုယ်တွင်းအင်္ဂါအဆင့် အထွတ်အထိပ်ကို ရောက်သွားပြီလို့ ပြောချင်တာလား။"
သူ့ဆရာ၏ သိုင်းပညာအဆင့်သည် မူလက ကိုယ်တွင်းအင်္ဂါအဆင့်၏ အောင်မြင်မှုအကြီးစားအဆင့်တွင် ရှိနေပြီး ကိုယ်တွင်းအင်္ဂါအဆင့်၏ အထွတ်အထိပ် ဖြစ်သော မဟာသခင်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်း လုချင်း မှတ်မိလိုက်သည်။
ယခု အဆင့်တက်သွားပြီ ဆိုပါက မွေးဖွားပြီးနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်း ဖြစ်ရပေမည်။
သို့သော် သမားတော်ကြီးမှာ ဇဝေဇဝါ ဖြစ်နေဆဲပင်။ "ကိုယ်တွင်းအင်္ဂါအဆင့်ရဲ့ အထွတ်အထိပ်အဆင့်လို့တော့ ခံစားရတယ်၊ ဒါပေမဲ့ ဟုတ်တိပတ်တိ မဟုတ်သလိုပဲ။"
"ဗျာ" လုချင်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားရတော့၏။
ထို့နောက် သူသည် သူ့နတ်မျက်စိစွမ်းရည်ကို တိတ်တဆိတ် အသက်သွင်းလိုက်ပြီး ဆရာ့ကို ကြည့်လိုက်သည်။
မကြာမီမှာပဲ သူ့မြင်ကွင်းထဲတွင် ဆရာ့ပတ်လည်၌ ထူထပ်သော အနီရောင်အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။
ထို့နောက်တွင်တော့ သတင်းအချက်အလက် အချို့ ပေါ်လာလေသည်။
[ချန်စုန့်ချင် - ထူးချွန်သော ဆေးပညာကျွမ်းကျင်မှုနှင့် ကြင်နာတတ်သော နှလုံးသားရှိသူ ၊ လူအများ၏လေးစားမှုကို ခံရသူ၊ သမားတော်ကောင်းတစ်ဦး။]
[ကျင့်ကြံမှု - ချီပေါက်များ လျော့ရဲနေပြီး ဝိညာဉ်စွမ်းအား မဖွဲ့စည်းရသေး၊ မွေးရာပါနယ်ပယ်သို့ ခြေတစ်လှမ်းအလို။]
[ဘဝတစ်လျှောက်လုံး ဆေးကုသပေးခဲ့ပြီး အသက်ပေါင်းများစွာ ကယ်တင်ခဲ့သည်၊ များပြားလှသော ကုသိုလ်နှင့် နက်ရှိုင်းသော ကောင်းချီးများ ပိုင်ဆိုင်သည်။]
မွေးရာပါနယ်ပယ်သို့ ခြေတစ်လှမ်းအလိုတဲ့ ဟုတ်လား။ အဲ့ဒီလို နယ်ပယ်မျိုး ရှိလို့လား။
လုချင်းမှာ အစပိုင်းတွင် ကြက်သေသေသွားပြီးနောက် ထိုစကားလုံးများကို စဉ်းစားကြည့်လိုက်သည်။
ချီပေါက်များ လျော့ရဲနေပြီး ဝိညာဉ်စွမ်းအားက မဖွဲ့စည်းရသေးဘူးတဲ့။
"ဆရာ... အခု ဘယ်လို ခံစားရလဲဗျ"
ခဏလောက် စဉ်းစားပြီးနောက် လုချင်း မေးလိုက်သည်။
"ငါ နယ်ပယ်သစ်တစ်ခုကို ထိတွေ့မိလိုက်တယ်လို့ ဝိုးတိုးဝါးတား ခံစားနေရတယ်၊ ဒါပေမဲ့ အဲ့ဒီတံခါးကို ဘယ်လိုဖွင့်ရမလဲ ဆိုတာ မသိဘူး" သမားတော်ကြီးက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
သူ ဘယ်နယ်ပယ်ကို အာရုံခံမိနေလဲဆိုတာ သူ သိတာပေါ့။
၎င်းက သူ တောင့်တခဲ့ရသော မွေးရာပါနယ်ပယ်ပင်။ တစ်နည်းအားဖြင့် မရေမတွက်နိုင်သော သိုင်းပညာရှင်များ အိပ်မက်မက်ကြသည့် အထွတ်အထိပ်နယ်ပယ်ပင်။
သို့သော် အထွတ်အထိပ်နယ်ပယ်သည် မျက်စိရှေ့မှောက်တွင် ရှိနေလျက်နှင့် ထိုခြေလှမ်းကို မည်သို့လှမ်းရမည်ကို မသိခြင်းသည် အတော်လေးကို ခံရခက်သော ခံစားချက်ပင် ဖြစ်သည်။
လုချင်း စဉ်းစားလိုက်သည်။
ဆရာ့လက်ရှိ အခြေအနေကို သူ နည်းနည်းတော့ နားလည်သွားပြီပင်။
လီဝေ့ထျန်း ချန်ထားခဲ့သော အမွေအနှစ်အရ မွေးရာပါနယ်ပယ်သို့ ဝင်ရောက်ရန်အတွက် အရင်ဆုံး ဝိညာဉ်စွမ်းအားကို ဖွဲ့စည်းရမည်။
ထို့နောက် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ချီပေါက်များကို ဖောက်ထွက်ခြင်း၊ ချီစွမ်းအင်ကို ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းခြင်းနှင့် ပထမဆုံး မွေးရာပါချီအစစ်အမှန် အမျှင်တန်းကို သန့်စင်ခြင်းတို့ ပြုလုပ်မှသာ မွေးရာပါနယ်ပယ်သို့ တရားဝင် တက်လှမ်းနိုင်မည် ဖြစ်သည်။
လက်ရှိတွင် သူ့ဆရာ၏ ချီပေါက်များသည် ပွင့်လုနီးပါး ဖြစ်နေသော်လည်း ဝိညာဉ်စွမ်းအား မဖွဲ့စည်းရသေးသဖြင့် ချီစွမ်းအင်ကို ခန္ဓာကိုယ်ထဲသို့ မဆွဲသွင်းနိုင်ခြင်း ဖြစ်သည်။
"ဆရာ... မွေးရာပါနယ်ပယ်ကို ဘယ်လို ဖောက်ထွက်ရမလဲဆိုတာ မသိဘူးလားဗျ" လုချင်းက မေးလိုက်သည်။
"ငါသိတာက မွေးဖွားပြီးနယ်ပယ် အထွတ်အထိပ်က်ုရောက်နေတဲ့ သိုင်းပညာရှင်တစ်ယောက် မွေးရာပါနယ်ပယ်ကို ဖောက်ထွက်ဖို့ဆိုရင် လမ်းပြပေးမယ့် မွေးရာပါနယ်ပယ်လမ်းစဉ်တစ်ခု ရှိရမယ်။ အဲ့ဒါမှသာ အတားအဆီးကို ဖောက်ထွက်ပြီး နက်ရှိုင်းတဲ့ နယ်ပယ်ကို တက်လှမ်းနိုင်မှာလေ။"
"ဒါပေမဲ့ မွေးရာပါနယ်ပယ်လမ်းစဉ်က ဘယ်လိုပုံစံလဲ ဆိုတာကို ငါ တစ်ခါမှ မြင်ခွင့်မရခဲ့ဖူးဘူး။"
"ဒါ့အပြင် အဲ့လို လျှို့ဝှက်နည်းစနစ်တွေက မွေးရာပါနယ်ပယ်ရဲ့ လျှို့ဝှက်ချက်တွေနဲ့ သက်ဆိုင်နေတာလေ။ ဘယ်သူကများ သူများကို အလွယ်တကူ ပြပါ့မလဲ။"
"မွေးရာပါနယ်ပယ် ကျွမ်းကျင်သူတွေကို မွေးထုတ်ပေးနိုင်တဲ့ ဂိုဏ်းကြီးတွေနဲ့ အထက်တန်းလွှာ မိသားစုတွေတောင်မှ ထူးချွန်တဲ့ အဓိကတပည့်တွေနဲ့ ဆက်ခံသူတွေကိုပဲ ကြည့်ခွင့်ပေးတာ။"
"မင်းဆရာကတော့ ဒီတိုင်း လှည့်လည်သွားလာနေတဲ့ သမားတော်တစ်ယောက်ပဲလေ၊ ဒီလောက် နက်ရှိုင်းတဲ့ နည်းစနစ်တွေကို မြင်တွေ့ခွင့်ရဖို့ ငါ့မှာ ဘယ်လိုလုပ် ကံပါပါ့မလဲ။"
သမားတော်ကြီး၏ လေသံတွင် နောင်တများ ပြည့်နှက်နေလေသည်။
သူ့တစ်သက်တာလုံးတွင် မွေးရာပါနယ်ပယ်ကို ထိတွေ့ခွင့်ရလိမ့်မည်ဟု သူ တစ်ခါမှ မထင်ခဲ့မိပေ။
မွေးဖွားပြီးနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရန်ပင် သူ မမျှော်လင့်ရဲခဲ့ပါချေ။
တကယ်တော့ သူက အတော်လေး အိုမင်းနေပြီဖြစ်ပြီး သူ့အသက်စွမ်းအားများသည်လည်း အထွတ်အထိပ်ကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ ကိုယ်တွင်းအင်္ဂါအဆင့်၏ အောင်မြင်မှုအကြီးစားအဆင့်ကို ထိန်းထားရန်ပင် မလွယ်ကူတော့ရာ၊ ထပ်မံ တိုးတက်ရန်မှာ ဆိုဖွယ်ရာ မရှိတော့။
မမျှော်လင့်ဘဲ သူ့တပည့်၏ ကံကောင်းမှုမှ အကျိုးကျေးဇူးရရှိကာ မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်ကို သောက်သုံးခွင့် ရခဲ့သည်။
နှစ်ပေါင်းများစွာတိုင်အောင် အဆင့်တိုးခြင်းမရှိခဲ့သော သူ့သိုင်းပညာအဆင့်သည်လည်း ရုတ်တရက် တိုးတက်လာခဲ့ကာ မွေးဖွားပြီးနယ်ပယ်နှင့် မွေးရာပါနယ်ပယ်ကြားရှိ အတားအဆီးကိုပင် အာရုံခံမိလာခဲ့သည်။
ကံမကောင်းစွာဖြင့် တိုးတက်မှုအတွက် အခွင့်အရေးသည် မျက်စိရှေ့မှောက်တွင် ရှိနေသော်လည်း တံခါးဖွင့်ရန် သော့မရှိ ဖြစ်နေရပါ၏။
သာမန်အားဖြင့် ဂရုမစိုက်တတ်သော သမားတော်ကြီးပင်လျှင် ယခုအချိန်၌ နောင်တ မရဘဲ မနေနိုင်တော့ပေ။
ဆရာ့မျက်နှာပေါ်ရှိ နောင်တများကို မြင်သောအခါ လုချင်းက အနည်းငယ် ပြုံးလိုက်သည်။
"ဆရာ... စိတ်ဓာတ်မကျပါနဲ့။ ကျွန်တော်တို့မှာ ဂိုဏ်းကြီးတွေနဲ့ အထက်တန်းလွှာမိသားစုတွေရဲ့ အခြေခံအုတ်မြစ် မရှိပေမဲ့ မွေးရာပါနယ်ပယ်လမ်းစဉ်လေးတစ်ခုလောက် ရဖို့က အဲ့လောက် မခက်ပါဘူး။"
"ဟင် မင်း ဘာပြောလိုက်တာလဲ။"
သမားတော်ကြီးသည် လုချင်းကို အံ့သြတကြီး ကြည့်လိုက်သည်။
"ကျွန်တော် ဆရာ့ကို အရင်က မပြောခဲ့ဘူးလား။ အဲ့ဒီထူးဆန်းတဲ့ ဂူထဲမှာ အမွေအနှစ်တချို့ ရခဲ့တယ်လို့လေ။ အဲ့ဒီထဲမှာ တိုက်တိုက်ဆိုင်ဆိုင်ကို မွေးရာပါနယ်ပယ်လမ်းစဉ်တစ်ခု ပါလာတယ်လေ။"
"အားချင်း... မင်းပြောတာ တကယ်လား" သမားတော်ကြီးခင်ဗျာ ကြက်သေသေသွားရလေ၏။
"တကယ်ပေါ့ဗျာ။ အခုပဲ ဆရာ့အတွက် မွေးရာပါနယ်ပယ်လမ်းစဉ်ကို ကျွန်တော် ကူးရေးပေးမယ်။"
ထို့နောက် လုချင်း ထရပ်လိုက်ပြီး ဆေးဗီရိုဆီသို့ သွားလိုက်သည်။
တစ်ခါတစ်ရံ လူနာများအတွက် ဆေးစာရေးပေးရန် လိုအပ်သဖြင့် သမားတော်ကြီးသည် မှင်၊ စက္ကူနှင့် စုတ်တံတို့ကို ထိုနေရာတွင် ထားလေ့ရှိသည်။
လုချင်းက ၎င်းတို့ကို ထုတ်ယူလိုက်ပြီးနောက် မှင်အိုးထဲ ရေထည့်ကာ မှင်သွေးလိုက်ပြီးမှ စက္ကူကို ဖြန့်လိုက်၍ လျင်မြန်စွာ စတင်ရေးသားတော့သည်။
လေ့ကျင့်မှုအချို့ ပြုလုပ်ပြီးနောက် ခန္ဓာကိုယ်ခွန်အားကို ပို၍ထိန်းချုပ်လာနိုင်သဖြင့် လုချင်း၏ လက်ရေးသည် များစွာ တိုးတက်လာခဲ့သည်။
မြန်မြန် ရေးနေသော်လည်း သူ့လက်ရေးများမှာ ရှုပ်ပွမနေပေ။
မကြာမီမှာပဲ လီဝေ့ထျန်း ချန်ထားခဲ့သော မွေးရာပါနယ်ပယ်လမ်းစဉ်ကို သူ ကူးရေးပြီးသွားခဲ့လေသည်။
"ဆရာ... မွေးဖွားပြီးနယ်ပယ်ကနေ မွေးရာပါနယ်ပယ်ကို တက်လှမ်းဖို့ အဓိက သော့ချက်က ကိုယ့်ရဲ့ ဝိညာဉ်စွမ်းအားကို ဖွဲ့စည်းဖို့ပါပဲ။ ပြီးရင် ဝိညာဉ်စွမ်းအားကို သုံးပြီး ချီပေါက်တွေကို ဖောက်ထွက်ရမယ်၊ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီကို အာရုံခံရမယ်၊ ပြီးတာနဲ့ ချီကို ခန္ဓာကိုယ်ထဲ ဆွဲသွင်းပြီး ဒျန်ထျန်ထဲမှာ ပထမဆုံး မွေးရာပါချီအစစ်အမှန် အမျှင်တန်းကို သန့်စင်ရမှာပါဗျ။"
"မွေးရာပါနယ်ပယ်လမ်းစဉ်ဆိုတာက တကယ်တော့ ဝိညာဉ်စွမ်းအားကို ဖွဲ့စည်းနိုင်တဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုပါပဲဗျ။ အမွေအနှစ်ထဲမှာ အဲ့လိုနည်းစနစ်တစ်ခု ပါလာတာက ကျွန်တော်တို့ ကံကောင်းသွားတယ်လို့ပဲ ပြောရမှာပေါ့ဗျာ။"
"ဆရာ ကိုယ်တွင်းအင်္ဂါအဆင့်အထွတ်အထိပ်ကို ရောက်မှ ဆရာ့ကို အံ့သြသွားအောင် လုပ်ပေးမလို့ စိတ်ကူးထားတာ၊ ဒါပေမဲ့ အဲ့ဒီနေ့က ဒီလောက် မြန်မြန် ရောက်လာမယ်လို့ မထင်ထားမိဘူး။"
"ဒီ 'ဝိညာဉ်စွမ်းအားဖွဲ့စည်းခြင်း နည်းစနစ်'ကို ဆရာ့အတွက် ပေးပါတယ်ဗျ။"
ထို့နောက် လုချင်းသည် ကူးရေးထားသော မွေးရာပါနယ်ပယ်လမ်းစဉ်ကို သူ့ဆရာထံ ပေးလိုက်သည်။
သမားတော်ကြီးမှာလည်း ၎င်းကို တွေဝေစွာ ယူလိုက်ပြီး ဖြည်းဖြည်းချင်း ဖတ်ရှုလိုက်လေ၏။
ဖတ်နေရင်းဖြင့် သူ့မျက်လုံးများမှာ ပို၍ပင်တောက်ပလာခဲ့သည်။
သမားတော်ကြီးသည် တိုက်ခိုက်ရတာကို မနှစ်သက်သော်လည်း ထိုအရာသည် သူတစ်ပါး၏ အသက်ကို ထိခိုက်စေမည်ကို မလိုလားသောကြောင့်သာ ဖြစ်ပြီး သိုင်းပညာကို မလေ့ကျင့်ချင်သောကြောင့် မဟုတ်ပေ။
တကယ်တော့ သူ၏သိုင်းပညာပါရမီမှာလည်း အလွန်မြင့်မားသည်။
သို့မဟုတ်ပါက အမည်မရှိသော သိုင်းပညာအပိုင်းအစတစ်ခုမှနေ၍ ကိုယ်တွင်းအင်္ဂါအဆင့် နည်းစနစ်တစ်ခုဖြစ်သော ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို ပုံဖော်နိုင်မည် မဟုတ်သလို ကိုယ်တွင်းအင်္ဂါအဆင့် အောင်မြင်မှုအကြီးစားအဆင့်အထိ ကျင့်ကြံနိုင်မည်လည်း မဟုတ်ပေ။
ထို့အပြင် ဘဝ၏သက်တမ်းတစ်ဝက်ကျော်လောက်အထိ ဆေးကုသလာခဲ့သဖြင့် လူ့ခန္ဓာကိုယ်၏ သွေးကြောများနှင့် အပ်စိုက်မှတ်များအပေါ် သူ၏ နားလည်မှုမှာ နက်ရှိုင်းလှပြီး ကျန်းမာရေး ကျင့်ကြံမှုအတွက်လည်း ကြီးမားသော ထိုးထွင်းသိမြင်မှုကို ပေးစွမ်းလေသည်။
ထို့ကြောင့် လုချင်း ကူးရေးပေးသော မွေးရာပါနယ်ပယ်လမ်းစဉ်သည် မည်မျှ နက်ရှိုင်းကြောင်း သူ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပါ၏။
မိမိ၏အသွေးအသားတို့ကို မည်သို့ လည်ပတ်စေပြီး ဝိညာဉ်စွမ်းအားကို ဖွဲ့စည်းရမည် ဆိုသည့် အသေးစိတ် ဖော်ပြချက်များသည် သူ တစ်ခါမှ စိတ်ကူးမယဉ်ဖူးသော အရာများ ဖြစ်နေသည်။
သမားတော်ကြီးမှာ တစ်ခဏမျှ စိတ်ပါဝင်စားသွားခဲ့လေ၏။
ဖတ်ပြီးနောက် သူသည် နောက်ထပ် နှစ်ကြိမ်ထပ်ဖတ်လိုက်ကာ ထို့နောက်မှ သက်ပြင်းရှည်ကြီး ချလိုက်သည်။
သူက သက်ပြင်းချပြီး ပြောလာခဲ့၏။ "မွေးရာပါနယ်ပယ်လမ်းစဉ်လို့ ခေါ်ကြတာ အံ့သြစရာ မဟုတ်ပါဘူးလေ၊ တကယ်ကို မယုံနိုင်စရာပဲ။ လူ့ရဲ့အသွေးအသားနဲ့ ဝိညာဉ်စွမ်းအားကြားမှာ ဒီလို သိမ်မွေ့တဲ့ ဆက်နွယ်မှုမျိုး ရှိနေမယ်လို့ ငါ တစ်ခါမှ မတွေးခဲ့ဖူးဘူး"
"ဆရာ... ဘယ်လိုလဲဟင်။ ဒီမွေးရာပါနယ်ပယ်လမ်းစဉ်က ဆရာ့ကို အထောက်အကူ ဖြစ်ရဲ့လားဗျ" လုချင်းက မေးလိုက်သည်။
"အထောက်အကူဖြစ်လားတဲ့လား။ ဒါက အထောက်အကူ ဖြစ်တာထက်တောင် ပိုသေးတယ်ကွ။ ဒါက အရှင်ဘုရားကိုယ်တိုင် ကိုယ်ထင်ပြပြီး တရားပြသွားသလိုပဲ။ ငါ့ကိုယ်ငါ ဆေးပညာနယ်ပယ်မှာ အတိုင်းအတာတစ်ခုထိ အောင်မြင်နေတယ်လို့ အမြဲ ထင်ခဲ့ဖူးပေမဲ့၊ ဒီနေ့ ဒီမွေးရာပါနယ်ပယ် လျှို့ဝှက်နည်းစနစ်ကို မြင်လိုက်ရမှ လူ့ခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ချက်တွေက တော်တော်လေးကို ကျယ်ပြန့်ပြီး နက်ရှိုင်းမှန်း ငါ သိလိုက်ရတယ်လေ။ ငါ့မှာ အရင်က ဆေးပညာဗဟုသုတတွေကြွယ်ဝလှပြီထင်နေတာ။ ခုတော့ ဗွက်အိုင်ကို ပင်လယ်လို့ ထင်နေတဲ့ ပုရွက်ဆိတ်လိုမျိုးဖြစ်နေပါရောလားကွာ။"
သမားတော်ကြီးသည် အလွန်ကျေနပ်အားရစွာဖြင့် ရိုးသားစွာ သက်ပြင်းချလိုက်သည်။
ဤမွေးရာပါနယ်ပယ်လမ်းစဉ်မှ ဝိညာဉ်စွမ်းအား ဖွဲ့စည်းနည်းသာမက လူ့အသွေးအသားနှင့် ဝိညာဉ်စွမ်းအား ဆက်နွယ်မှုဆိုင်ရာ ထိုးထွင်းသိမြင်မှုအမျိုးမျိုးကိုလည်း သူ ရရှိခဲ့သည်။
ဒါက သူ့ဆေးပညာစွမ်းရည်အတွက် ကြီးမားသော အကျိုးကျေးဇူးပင်။
တကယ်တော့ နောက်အချက်က သူ့ကို ပို၍ပျော်ရွှင်စေသည်။
သမားတော်တစ်ဦးအနေဖြင့် သမားတော်ကြီးသည် ဆေးပညာစွမ်းရည်အပေါ် နက်နက်ရှိုင်းရှိုင်းနှင့် ချစ်မြတ်နိုးမှု ရှိသည်ပင်။
သူ့ဆေးပညာကို တိုးတက်အောင် လုပ်ပေးသည့်အရာမှန်သမျှက သူ့ကို ပျော်ရွှင်စေသည်။
"ဆရာ... ဒီမွေးရာပါနယ်ပယ်လမ်းစဉ် အကူအညီနဲ့ဆိုရင် ဆရာ မွေးရာပါနယ်ပယ်ကို တက်လှမ်းဖို့ ဘယ်လောက် ကြာမလဲဗျ" လုချင်းက ဆက်မေးလိုက်သည်။
"ပြောရခက်တယ်။ ငါ ထင်တာကတော့ တစ်နှစ်အတွင်း ဝိညာဉ်စွမ်းအားကို အောင်အောင်မြင်မြင်နဲ့ ဖွဲ့စည်းနိုင်လောက်တယ်၊ မြန်ရင်တော့ ခြောက်လလောက်ပေါ့။"
"အဲ့လောက်တောင် ကြာမှာလား" လုချင်းက အနည်းငယ် အံ့အားသင့်သွားသည်။
"ဟေ့ကောင်လေး... မင်းက ကျင့်ကြံခြင်းရဲ့ခက်ခဲမှုကို တကယ် နားမလည်ပါလား။"
"ကိုယ်တွင်းအင်္ဂါအဆင့် အထွတ်အထိပ်ကို ရောက်နေတဲ့ ဘယ်သိုင်းပညာရှင်ကိုမဆို မေးကြည့်လိုက်။ သူတို့သာ တစ်နှစ် ဒါမှမဟုတ် ခြောက်လအတွင်း ဝိညာဉ်စွမ်းအား ဖွဲ့စည်းပြီး မွေးရာပါနယ်ပယ်ကို တက်လှမ်းနိုင်မယ်လို့ သေချာနေရင် ဘယ်လောက်တောင် ပျော်သွားမလဲဆိုတာ စဉ်းစားကြည့်လေ။"
"ကိုယ်တွင်းအင်္ဂါအဆင့် အထွတ်အထိပ်ကို ရောက်နေတဲ့ မဟာသခင်ဘယ်နှယောက်များ သူတို့တစ်သက်တာလုံး အဲ့ဒီမွေးရာပါနယ်ပယ်ရဲ့အတားအဆီးကို မထိတွေ့နိုင်ဘဲ ဖြစ်နေကြလဲဆိုတာ မင်း သိရဲ့လား။"
"ငါ့အသက်အရွယ်ကြီးနဲ့ဆိုရင် မင်းပေးတဲ့ မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် အစက်နည်းနည်းသာ မရှိခဲ့ရင်၊ အတားအဆီးကို အာရုံခံမိပြီး မွေးရာပါနယ်ပယ်လမ်းစဉ်ကို ရခဲ့ရင်တောင်မှ ဝိညာဉ်စွမ်းအား ဖွဲ့စည်းဖို့ သုံးနှစ်ကနေ ငါးနှစ်လောက် ကြာမှာကွ။"
"အဲ့ဒါကို မင်းက နှေးတယ်လို့ ထင်နေသေးတာလား။"
သမားတော်ကြီးမှာ ပြောနေရင်းဖြင့် အနည်းငယ် လက်လျော့ချင်သလိုတောင် ဖြစ်သွားသည်။
သူ့တပည့်က သိုင်းပညာမှာ ပါရမီပါလွန်းသဖြင့် ကျင့်ကြံခြင်းတွင် အခက်အခဲမရှိဘဲ တစ်လျှောက်လုံး ချောချောမွေ့မွေ့ဖြင့် တိုးတက်နေခဲ့သည်။
ရလဒ်အနေဖြင့် လုချင်းသည် သိုင်းလမ်းစဉ်၏ ခက်ခဲကြမ်းတမ်းမှုကို ကိုယ်တွေ့ မခံစားဖူးပေ။
သူ့လမ်းကြောင်းက ချောမွေ့လွန်းနေခြင်းသည် သူ့အတွက် ကောင်းချင်မှ ကောင်းပေလိမ့်မည်။
"ကျွန်တော် မစဉ်းစားဘဲ ပြောလိုက်မိတာပါ ဆရာ" လုချင်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။
သူ့နတ်မျက်စိစွမ်းရည်က ပြသသော သတင်းအချက်အလက်များအရ ဆရာသည် မွေးရာပါနယ်ပယ်သို့ ခြေတစ်လှမ်းအလိုတွင် ရောက်နေပြီ ဖြစ်ကြောင်း သူ သိပါသည်။
ထို့ကြောင့် ဆရာက မွေးရာပါနယ်ပယ်လမ်းစဉ်ကို ရလိုက်သည်နှင့် ဝိညာဉ်စွမ်းအားကို လျင်မြန်စွာ ဖွဲ့စည်းပြီး မွေးရာပါနယ်ပယ်သို့ တက်လှမ်းနိုင်မည်ဟု သူ ထင်ခဲ့မိတာပင်။
ထိုသို့ဖြစ်ခဲ့ပါက သူ့မှာ အားကိုးစရာ မွေးရာပါနယ်ပယ်ဆရာတစ်ယောက် ရှိလာမှာဖြစ်ပြီး ဒါက စိတ်လှုပ်ရှားစရာကောင်းသည့် မျှော်လင့်ချက်တစ်ခုပင်။
သို့သော် သူ အကောင်းဘက်က တွေးလွန်းခဲ့သည်ကိုတော့ သတိမထားမိလိုက်ပေ။
"မင်းကတော့လေ..."
သမားတော်ကြီးမှာ ဘာပြောရမှန်းမသိတော့ဘဲ ခေါင်းသာ ခါလိုက်တော့သည်။
"ဆရာ... ဆရာ မွေးရာပါနယ်ပယ်ကို တရားဝင် တက်လှမ်းနိုင်ပြီဆိုရင် ဆရာ့အဆင့်တက်တာကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော့်မှာ နောက်ထပ် နည်းစနစ်တစ်ခု ရှိပါသေးတယ်" လုချင်းက ပြောလိုက်သည်။
"အားချင်း... မင်း ဘယ်လိုအမွေအနှစ်မျိုးကိုများ ရခဲ့တာလဲကွာ။ မွေးရာပါနယ်ပယ်နည်းစနစ်တွေ ဒီလောက်အများကြီးကို ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်း မှတ်မိနေတာလဲ။"
သမားတော်ကြီးသည် စူးစမ်းလိုစိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်မိသည်။
ထို့အပြင် စောစောကလည်း လုချင်းတစ်ယောက် မွေးရာပါနယ်ပယ်လမ်းစဉ်ကို ကူးရေးခဲ့ပုံကြောင့် သူ အံ့အားသင့်ခဲ့မိသေးပါ၏။
လုချင်းနှင့် အချိန်အကြာကြီး အတူနေခဲ့သဖြင့် သူ့တွင် ဓာတ်ပုံရိုက်ထားသလိုမျိုး ထူးချွန်သော မှတ်ဉာဏ်ရှိကြောင်း သိသော်လည်း၊ 'ဝိညာဉ်စွမ်းအားဖွဲ့စည်းခြင်း နည်းစနစ်' သည် ထူးကဲစွာဖြင့် နက်ရှိုင်းလှသည့်အပြင် အတိအကျဖြစ်ဖို့လည်းလိုသည်။ အမှားတစ်ခု လုပ်မိရုံဖြင့် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ပါ၏။
သို့သော် လုချင်းကတော့ အမှားမရှိဟူသော ယုံကြည်မှုအပြည့်ဖြင့် ကူးရေးခဲ့လေသည်။
အခုလည်း နောင်ကျရင် နောက်ထပ် မွေးရာပါနယ်ပယ် နည်းစနစ်တစ်ခု ပေးဦးမည်ဟု ပြောနေပြန်သည်။
လုချင်းက တောင်ပေါ်မှာ ဘယ်လောက်ကြာကြာ နေခဲ့လို့လဲ၊ ပြီးတော့ မွေးရာပါနယ်ပယ် နည်းစနစ်တွေ အများကြီးကို ဘယ်လိုလုပ် မှတ်မိနေရတာလဲ။
"အဲ့ဒီဂူထဲမှာ ကျွန်တော် ရခဲ့တဲ့ အမွေအနှစ်က စက္ကူတို့ ၊ ဝါးပြားတို့ပေါ်မှာ ရေးမှတ်ထားတာမျိုး မဟုတ်ဘူးဗျ။"
ဆရာ့သံသယများအတွက် လုချင်းမှာ ရှင်းပြချက်တစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီးသားပင်။
"လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်သူတစ်ယောက်က ဝိညာဉ်စွမ်းအားကို သုံးပြီး ကျွန်တော့်စိတ်ထဲကို တိုက်ရိုက် ရိုက်သွင်းပေးလိုက်တာပါဗျ။ ကျွန်တော် မေ့ချင်ရင်တောင် မေ့လို့မရပါဘူး၊ ဒါကြောင့် ဆရာ စိတ်ပူစရာ မလိုပါဘူး။"
"ဝိညာဉ်စွမ်းအားနဲ့ ရိုက်သွင်းတယ်ဟုတ်လား။ ဒီလောကကြီးထဲမှာ အဲ့လိုအံ့ဖွယ်နည်းလမ်းမျိုးတွေလည်း ရှိတယ်လား။"
သမားတော်ကြီးမှာ မအံ့သြဘဲမနေနိုင်ပေ။
သို့သော် မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်ကဲ့သို့သော အရာကို ဖန်တီးနိုင်သူတွင် သာမန် မွေးဖွားပြီးနယ်ပယ်မှ သူကိုယ်တိုင်တောင် နားမလည်နိုင်သည့် ဘုရားပေးသော နည်းလမ်းများ ရှိနေမည်မှာ သဘာဝကျကြောင်း သူ သဘောပေါက်လိုက်သည်။
"အဲ့ဒါကြောင့် ဆရာ... နောက်ပိုင်း နည်းစနစ်တွေအတွက် စိတ်မပူဘဲ နောက်ရက်တွေမှာ ဆရာ့ရဲ့ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပါနော်" လုချင်းက ပြောလိုက်သည်။
"နည်းစနစ်တွေကို ငါ့ဆီ လက်ဆင့်ကမ်းတာ ပြဿနာမရှိလောက်ဘူးမလား" သမားတော်ကြီးက စိုးရိမ်စွာ မေးလိုက်သည်။
ဂိုဏ်းကြီးများနှင့် အထက်တန်းလွှာ မိသားစုအများစုသည် သူတို့၏ အမွေအနှစ်များကို အလွန်အလေးထားကြောင်း သူ သိထားသည်။
လုချင်း၏ အမွေအနှစ်သည် လျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်းတစ်ခုခုမှ ဖြစ်လောက်သည်။
ခွင့်ပြုချက်မရှိဘဲ နည်းစနစ်များကို လက်ဆင့်ကမ်းခြင်းသည် မည်သည့်ဂိုဏ်းတွင်မဆို ကြီးလေးသော ပြစ်မှုတစ်ခုပင်။
"စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော့်ကို နည်းစနစ်တွေ လက်ဆင့်ကမ်းပေးခဲ့တဲ့ စီနီယာက ဆုံးပါးသွားတာ နှစ်ပေါင်းများစွာတောင် ကြာနေပါပြီဗျ၊ ပြီးတော့လည်း နည်းစနစ်တွေကို မျှဝေခြင်း မပြုရဘူးဆိုတဲ့ ညွှန်ကြားချက်လည်း ချန်မထားခဲ့ဘူးလေ။ ဒီတော့ အကုန်လုံးက ကျွန်တော့်သဘောပါပဲ" လုချင်းက သူ့ဆရာ စိတ်ချလက်ချဖြစ်စေရန် ပြောလိုက်သည်။
လီဝေ့ထျန်း သေဆုံးခဲ့သည်မှာ နှစ်ပေါင်း ခုနစ်ရာ ၊ ရှစ်ရာတောင် ရှိနေပြီဖြစ်ပြီး သူ့အရိုးများပင် အရိုးစု ဖြစ်နေခဲ့ပြီပင်။
နည်းစနစ်များကို ဆက်ခံမည့်သူ ရှိနေခြင်းကပင် ကံကောင်းခြင်း ဖြစ်နေပြီမို့ သူ ရွေးချယ်နေစရာ အကြောင်းမရှိပေ။
သမားတော်ကြီးမှာလည်း နောက်ဆုံးတော့ စိတ်အေးသွားလေသည်။
သူက ပြုံးရွှင်စွာဖြင့် "ငါ့နှယ် ဒီအသက်အရွယ်ကြီးမှ ငါ့တပည့်ရဲ့ ကံကောင်းမှုကနေ အကျိုးကျေးဇူးရပြီး မရေမတွက်နိုင်တဲ့ သိုင်းပညာရှင်တွေ အိပ်မက်မက်ကြတဲ့ မွေးရာပါနယ်ပယ်ကို မြင်တွေ့ခွင့် ရလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ခဲ့မိဘူး။ ဒီလောကကြီးက တကယ်ကို အံ့သြစရာတွေနဲ့ ပြည့်နှက်နေတာပဲ"
လုချင်းကို ကြည့်ရင်း သမားတော်ကြီး၏စိတ်ထဲတွင် ခံစားချက်ပေါင်းစုံပြည့်နှက်လာသည်။
သူ့စိတ်ကူးပေါက်သလို လက်ခံလိုက်သော တပည့်လေးက သူ့အတွက် ဒီလောက်ကြီးမားသည့် အခွင့်အရေးတွေ ယူဆောင်လာပေးလိမ့်မည်ဟု သူ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။
သူ့အသက်ကို ဆယ်စုနှစ်များစွာ ရှည်စေရုံသာမက ယခုအခါတွင် မွေးရာပါနယ်ပယ်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးတောင် ရရှိခဲ့ချေပြီ။
သူ အိပ်မက်များမက်နေတာလားဟု သမားတော်ကြီးမှာ သံသယဝင်လုနီးပါး ဖြစ်နေမိသည်။
ဆရာဖြစ်သူ ပျော်ရွှင်နေသည်ကို မြင်ရသဖြင့် လုချင်းလည်း အလွန်ဝမ်းသာမိသည်။
ဆရာ အဆင့်တက်သွားသည်နှင့် သူ့မှာ ကျောထောက်နောက်ခံအဖြစ် မွေးရာပါနယ်ပယ် ဆရာတစ်ယောက် ရှိလာတော့မည်ပင်။
ဆရာက တိုက်ခိုက်တာ မကျွမ်းကျင်ရင်တောင်မှ မွေးရာပါနယ်ပယ် သိုင်းပညာရှင်ကတော့ မွေးရာပါနယ်ပယ် သိုင်းပညာရှင်ပဲပင်။ မည်သို့ပင်ဆိုစေ ၊ ဘယ်မွေးဖွားပြီးနယ်ပယ် ကျင့်ကြံသူကမှ သူ့ကို ရန်စရဲမှာ မဟုတ်တော့။
ထိုအချိန်ကျရင် ဆရာ့ကို ပိုပြီးစွမ်းအားကြီးသော နည်းစနစ်တစ်ခုကို လက်ဆင့်ကမ်းပေးလို့ ရသွားပြီဖြစ်ရာ ထိုနည်းစနစ်နှင့်သာဆို မွေးရာပါနယ်ပယ် ကျင့်ကြံသူတွေကြားမှာတောင် ဆရာက သန်မာသည့်သူတစ်ယောက် ဖြစ်လာမှာပင်။
ဘာပဲဖြစ်ဖြစ် ၊ ဒါက လီဝေ့ထျန်း ချန်ထားခဲ့တဲ့ နည်းစနစ်ပဲလေ။
သူ့ခေတ်သူ့အခါတုံးက လွှမ်းမိုးနိုင်ခဲ့တဲ့ ပါရမီရှင်ကြီး တစ်နည်းအားဖြင့် မွေးရာပါနယ်ပယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူကြီးက လက်ဆင့်ကမ်းပေးခဲ့တာလေ။
အဲ့ဒါကို ရတဲ့ ဘယ်မွေးရာပါနယ်ပယ် သိုင်းပညာရှင်မဆို မွေးရာပါနယ်ပယ်ရဲ့ ထိပ်တန်းအဆင့်ကို ရောက်သွားမှာ ကျိန်းသေပေါက်ပဲ။
ဒီလောက်စွမ်းအားကြီးတဲ့ ဆရာတစ်ယောက်နဲ့ဆိုရင် ငါလည်း ချန်းခရိုင်မှာ ခေါင်းမော့ရင်ကော့နဲ့ လမ်းလျှောက်လို့ ရပြီကွ။
ဝံပုလွေနက်ဂိုဏ်းဆိုတာကလည်း ဟာသတစ်ခုသာသာပဲ ဖြစ်သွားတော့မှာလေ။
ဝေ့မိသားစုတောင်မှ မွေးရာပါနယ်ပယ် ကျွမ်းကျင်သူကို ရန်စရဲမှာ မဟုတ်ဘူး။
ထိုသည်တို့ကို တွေးမိရင်း လုချင်းမှာ စိတ်လှုပ်ရှားလာတော့သည်။
ဒါကို ပုံစံကွဲပြားတဲ့ ပြုစုပျိုးထောင်ခြင်းနည်းတစ်မျိုးလို့ သတ်မှတ်လို့ ရလောက်မလား
လုချင်းမှာ အနည်းငယ် ရယ်ချင်စိတ်ဖြင့် တွေးလိုက်သည်။
တခြားသူတွေက ကလေးငယ်တွေ ဒါမှမဟုတ် တိရစ္ဆာန်လေးတွေကို ပြုစုပျိုးထောင်ကြပေမဲ့၊ သူကတော့ သူ့ဆရာကို မွေးရာပါနယ်ပယ်ကျွမ်းကျင်သူ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးနေတာလေ။
၎င်းတို့ကြားမှ ကွာခြားချက်ကတော့ အတော်လေး ကြီးမားလှပါ၏။