← Chapters

ရေခဲကြွက်သား ကျောက်စိမ်းအရိုး၊ ငါတစ်ယောက်တည်းပဲ အသုံးမကျနေတာလား

Vol. 10 Ch. 98

ရေခဲကြွက်သား ကျောက်စိမ်းအရိုး၊ ငါတစ်ယောက်တည်းပဲ အသုံးမကျနေတာလား

Vol. 10 Ch. 98

"ကိုကို... ဒါ ဘာလဲဟင်။"

ညနေခင်း လုမိသားစုအိမ်တွင် ညစာစားပြီးနောက် လုချင်း ထုတ်ပြလိုက်သော ကျောက်စိမ်းပုလင်းကို ရှောင်ယန် ကြည့်ရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ကောင်းတဲ့ဟာလေ... ညစာစားပြီး အချိုပွဲအနေနဲ့ ညီမလေးစားဖို့" လုချင်းက ပြုံးရင်း ပြန်ဖြေလိုက်သည်။

"ချိုလားဟင်" ညီမလေး၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။

သူမက အချိုကြိုက်သည်။

"အင်း... နည်းနည်းချိုတယ်။ မြည်းကြည့်။"

ရှောင်ယန်က လိမ္မာစွာဖြင့် ပါးစပ်ဟပေးလိုက်ပြီး လုချင်းကလည်း မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် တစ်စက်ကို သူမပါးစပ်ထဲသို့ ချပေးလိုက်သည်။

"တကယ်ပဲ ချိုတာပဲနော်"

ရှောင်ယန်သည် ပျော်ရွှင်စွာဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။

ထို့နောက် သူမက လုချင်းကို မျှော်လင့်တကြီး ကြည့်ပြီး မေးလိုက်၏။ "ကိုကို... တစ်စက်တည်းပဲလား"

"ဒါက အများကြီး စားလို့မရဘူး။ ညီမလေးက အချိုကြိုက်မှတော့ မနက်ဖြန်ကျရင် ကိုကို မုန့်လုပ်ပေးမယ်လေ။"

ရှောင်ယန်က ငယ်လွန်းသေးပြီး မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်၏ စွမ်းအင်မှာ ထူးကဲလှသည်။ ဆေးအာနိသင်က နူးညံ့သော်လည်း လုချင်းမှာ သူမကို တစ်ခါတည်း အများကြီး ပေးရန် မရဲပေ။

တစ်စက်တည်းနှင့် အကျိုးသက်ရောက်မှုကို အရင် ကြည့်ချင်သေးသည်။

အကယ်၍ သူမ ကောင်းကောင်း ချေဖျက်နိုင်မှ နောက်ပိုင်း ထပ်ပေးမည်။

"ကတိနော် ကိုကို" ရှောင်ယန် ချက်ချင်း ပျော်သွားလေသည်။

မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် တစ်စက် သောက်ပြီးနောက် ရှောင်ယန် လျင်မြန်စွာ အိပ်ငိုက်လာသည်။

မကြာမီမှာပဲ သူမ၏ မျက်ခွံများ လေးလံလာပြီး သူမကိုကို၏ ဘေးတွင် ဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။

လုချင်းက သူမကို ပွေ့ချီပြီး ကုတင်ငယ်လေးပေါ် တင်ပေးကာ စောင်ခြုံပေးလိုက်သည်။

ရှောင်လီသည်လည်း ခုန်တက်လာပြီး ကုတင်ခေါင်းရင်းရှိ ၎င်း၏ ဝါးခြင်းတောင်းအသိုက်လေးထဲတွင် ဝပ်လျက် ခြေနှစ်ချောင်းသတ္တဝါလေးကို တိတ်တဆိတ် စောင့်ကြပ်ပေးနေလေသည်။

ရှောင်ယန်ကို သေချာ စောင်ခြုံပေးပြီးနောက်၌ သူမ၏ ပုံမှန်အသက်ရှူသံကို ကြားလိုက်ရမှ လုချင်း စိတ်အေးသွားပြီး အခန်းထဲမှ ထွက်လာလိုက်ကာ ခြံဝင်းထဲရှိ သူအကြိုက်ဆုံး ပက်လက်ကုလားထိုင်တွင် ထိုင်လိုက်သည်။

အချိန်သည်ကား နေဝင်ရီတရော အချိန် ရောက်နေပြီ ဖြစ်သည်။ လုချင်းသည် အဝေးမှ နေဝင်ဆည်းဆာကို ကြည့်ရင်း ငြိမ်းချမ်းမှုကို ခံစားလိုက်ရသည်။

သူ့တောင်ပေါ်ခရီးစဉ်သည် အလွန်အကျိုးရှိခဲ့ပြီး အခြားသူများ အိပ်မက်ပင် မမက်ရဲသော အခွင့်အရေးများ ရခဲ့သော်လည်း တောင်ပေါ်တွင် သူ့စိတ်များ အတော်လေး တင်းမာနေခဲ့ရသည်။

ဘာပဲပြောပြော တောင်ပေါ်တွင် အဆိပ်ရှိသော အင်းဆက်များနှင့် မြွေများ ပြည့်နှက်နေသည်။ သူသာ သတိလက်လွတ်ဖြစ်သွားပါက ကံဆိုးမိုးမှောင်ကျသွားနိုင်သည်။

အခုတော့ အိမ်ပြန်ရောက်ပြီဖြစ်၍ သူ နောက်ဆုံးတော့ အပြည့်အဝ အနားယူနိုင်ပြီပင်။

နေဝင်ချိန်ကို ကြည့်ရင်း သူ့စိတ်ကို ခေတ္တမျှ လွှတ်ထားလိုက်ပြီးနောက် ပြန်လည် စဉ်းစားခန်း ဖွင့်လိုက်သည်။

သူ့ဆရာသည် ယခုအခါ သွေးအားဖြည့် ချီအားတိုးဆေးလုံးများကို သူ့အတွက် ဖော်စပ်ပေးနေသည်။

မူလက သူ ဝင်ကူပြီး သူ့ဆေးဖော်စပ်ခြင်းစွမ်းရည်ကို လေ့ကျင့်ချင်ခဲ့ပါ၏။

သို့သော် အဆင့်တက်ခါစ ဖြစ်ပြီး အားအင်များ ပြည့်ဝနေသော သူ့ဆရာက သူ့ကို အနှောင့်အယှက်ဟု ယူဆကာ ဆေးခန်းထဲမှ ကန်ထုတ်လိုက်လေသည်။

သွေးအားဖြည့် ချီအားတိုးဆေးလုံး အနည်းငယ် ဖော်စပ်ခြင်းက ရိုးရှင်းကြောင်းနှင့် အကူအညီ မလိုကြောင်း သူ့ဆရာက ပြောလာခဲ့၏။

ထို့အပြင် ဆေးဖော်စပ်ခြင်း လေ့ကျင့်ရန် နှစ်တစ်ရာ ဂျင်ဆင်းကို အသုံးပြုခြင်းသည် ဖြုန်းတီးလွန်းရာကျသည်။ လုချင်းက ထိုကဲ့သို့ ကောင်းမွန်သော ဆေးဖက်ဝင်ပစ္စည်းများကို ဖြုန်းတီးနေသည်အား သူ မကြည့်ရက်ပေ။

လုချင်းလည်း အတင်းမတောင်းဆိုတော့ပါချေ။

ဘာပဲဖြစ်ဖြစ် သွေးအားဖြည့် ချီအားတိုးဆေးလုံး ဖော်စပ်နည်းကို သူ သိထားပြီးသားလေ။ နောက်မှ လေ့ကျင့်လို့ ရပါတယ်။

သူ့ဆရာ ဆေးဖော်ပြီးသွားသည်နှင့် သူ ကျင့်ကြံခြင်းကို အပြည့်အဝ အာရုံစိုက်နိုင်ပြီဖြစ်၏။

အဲ့ဒီအခါကျရင် သူ့ခွန်အားတွေလည်း မြန်မြန်ဆန်ဆန်နဲ့ တိုးတက်လာတော့မှာပေါ့။

အခုတော့ သူ နှစ်ရက် သုံးရက်လောက် အေးအေးဆေးဆေး စောင့်နေလိုက်ဦးမယ်။

သိုင်းပညာ ကျင့်ကြံခြင်းအပြင် ဂါထာမန္တန် လေ့လာခြင်းကိုလည်း လျစ်လျူရှုထား၍ မရပေ။

ဂါထာမန္တန် လမ်းစဉ်သည် အစပိုင်းတွင် အားနည်းသော်လည်း၊ အမှန်တကယ် ကျွမ်းကျင်သွားပါက လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားအမျိုးမျိုးကို ထိန်းချုပ်နိုင်ပြီး သိုင်းပညာနှင့် နှိုင်းယှဉ်၍ မရနိုင်တော့ပေ။

ဤကဲ့သို့ အံ့ဩဖွယ်ကောင်းသည့် စွမ်းအားကို လုချင်းက ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မည်နည်း။

ထိုသည်ကို တွေးမိရင်း လုချင်းသည် အိတ်ကပ်ထဲမှ ငွေဒင်္ဂါးအကျိုးအပဲ့လေး တစ်ခုကို ထုတ်ယူလိုက်ပြီး နတ်မျက်စိစွမ်းရည်ကို အသက်သွင်းကာ "စိတ်ကိုတည်ငြိမ်စေပြီး နှလုံးသားကို သန့်စင်ခြင်း" အခြေအနေသို့ ဝင်ရောက်၍ ဖြည်းဖြည်းချင်း လေ့လာလိုက်သည်။

ယခင်က ကျောက်စိမ်းဂူထဲတွင် သူ ထိုးထွင်းသိမြင်မှု အချို့ ရခဲ့သော်လည်း ရှောင်လီ နိုးလာသဖြင့် ပြတ်တောက်သွားခဲ့ရသည်။

အခုတော့ သူ ဆက်လက်ပြီး နားလည်သဘောပေါက်အောင် လုပ်နိုင်ပြီပင်။

ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်လာသည်နှင့်အမျှ နားလည်သဘောပေါက်ခြင်း အခြေအနေတွင် ရှိနေသော လုချင်းသည်လည်း အချိန်ကုန်ဆုံးသွားသည်ကို မခံစားမိပေ။

ကောင်းကင်ယံထက်၌ စန္ဒာလမင်းကြီးနှင့်အပြိုင် ကြယ်များ တောက်ပနေသည့်အချိန်မှသာ သူ ရုတ်တရက် သတိပြန်ဝင်လာခဲ့သည်။

သူ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်ရာ အနည်းငယ် ကြောင်အသွားလေ၏။

"ဒီအချိန်တောင် ရောက်သွားပြီပဲ။ ဂါထာမန္တန် လေ့လာခြင်းက တကယ်ကို အချိန်ကုန်လို့ကုန်မှန်းတောင် မသိလိုက်အောင် လုပ်နိုင်တာပဲ။"

ကျောက်စိမ်းဂူထဲတုန်းက နာရီအနည်းငယ်လောက်ပဲ ကုန်သွားသည်ဟူ သူ ထင်ခဲ့သော်ငြား လက်တွေ့မှာတော့ တစ်ရက်နှင့် တစ်ညတောင် ကုန်ဆုံးသွားခဲ့တာပင်။

"ဒါပေမဲ့ ပေးဆပ်ရတဲ့ အချိန်နဲ့တော့ တန်ပါတယ်။"

လုချင်းသည် လက်ထဲရှိ ငွေဒင်္ဂါးကို ကြည့်ပြီး ပြုံးလိုက်သည်။

ငွေဒင်္ဂါးပေါ်ရှိ ပုံစံများနှင့် ပတ်သက်၍ သူ နားလည်မှု အချို့ ရရှိခဲ့ပါ၏။

နောက်ထပ် အကြိမ်နည်းနည်းလောက် ထပ်ကြိုးစားကြည့်လျှင် အပြည့်အဝ နားလည်သဘောပေါက်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။

သေချာတာပေါ့၊ ငွေဒင်္ဂါးတစ်ပြားပေါ်က ပုံစံတွေကို နားလည်တာက ဂါထာမန္တန် လမ်းစဉ်ကို ကျွမ်းကျင်သွားပြီလို့တော့ ဆိုလိုလို့မရသေးဘူးလေ။

ဂါထာမန္တန် လမ်းစဉ်သာ ထိုကဲ့သို့ ရိုးရှင်းနေလျှင် ယခုကဲ့သို့ ပျောက်ကွယ်သွားမှာ မဟုတ်သလို ကျောက်စိမ်းဂူတစ်ခုတည်း၌သာ ကျန်ရစ်ခဲ့မည် မဟုတ်ပါချေ။

ဤအမွေအနှစ်က နက်ရှိုင်းလှသည့်အပြင်ကိုမှ လျှို့ဝှက်ဆန်းကြယ်လှပါသေး၏။ လုချင်းအနေနှင့် တကယ် ကျွမ်းကျင်ပိုင်နိုင်ဖို့ဆိုလျှင် လျှောက်လှမ်းရမည့် ခရီးက အဝေးကြီး ကျန်ပါသေးသည်။

ငွေဒင်္ဂါးကို သိမ်းလိုက်ပြီးနောက် လုချင်းသည် ထရပ်လိုက်ရာ သူ့အဝတ်အစားများ နှင်းစိုနေသည်ကို တွေ့လိုက်ရသည်။

ကံကောင်းသည်မှာ သူသည် ယခုအခါ၌ သန်မာသော ခန္ဓာကိုယ်ရှိသည့် ချီနှင့်သွေးအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်နေခြင်းပင်။

ခန္ဓာကိုယ် အားနည်းသော သာမန်လူတစ်ယောက်သာဆိုလျှင် ခြံဝင်းထဲတွင် ညတစ်ဝက်လောက် ထိုင်နေခဲ့မိပါက ခုချိန်လောက်ဆို အအေးမိသွားလောက်ပြီဖြစ်၏။

ခေါင်းခါလိုက်ပြီးနောက် လုချင်းသည် သူ့သွေးနှင့်ချီကို လည်ပတ်စေကာ ခန္ဓာကိုယ် အပူချိန်ကို မြှင့်တင်လိုက်ပြီး အစိုဓာတ်ကို လျင်မြန်စွာ အငွေ့ပျံစေလိုက်သည်။ ထို့နောက် အနားယူရန် အိမ်ထဲသို့ ပြန်ဝင်သွားတော့လေ၏။

နောက်တစ်နေ့ မနက်စောစောတွင်တော့ လုချင်းတစ်ယောက် အိပ်ရာမှထလာသည်နှင့် လက်သီးသိုင်း အနည်းငယ် လေ့ကျင့်ကာ မနက်စာ ပြင်ဆင်လေသည်။

မနက်စာ လုပ်ပြီးသည်နှင့် အခန်းထဲတွင် ရှောင်ယန်နှင့် ရှောင်လီတို့ ဆော့ကစားနေသံကို ကြားလိုက်ရသည်။

သူ အခန်းထဲ ဝင်သွားသောအခါ ကလေးနှစ်ကောင် ကုတင်ပေါ်တွင် လူးလိမ့်နေကြသည်ကို တွေ့လိုက်ရ၏။

"ကိုကို"

လုချင်း ဝင်လာသည်ကို မြင်သောအခါ ရှောင်ယန်ကလည်း ချက်ချင်း လှမ်းခေါ်လိုက်သည်။

"နိုးပြီလား။ တစ်ညလုံး အိပ်ပြီးတော့ ဘယ်လို ခံစားရလဲ။"

"ကိုကို... ညီမလေး ဖြူသွားသလိုပဲ"

ညီမလေးသည် လက်ကို ဆန့်ထုတ်လိုက်ပြီး အင်္ကျီလက်ကို ပင့်တင်ကာ သူမ၏ ဖောင်းကားနေသော လက်မောင်းလေးကို လုချင်းအား ပြလိုက်သည်။

မူလက အနည်းငယ် ညိုနေသော လက်မောင်းလေးသည် ယခုအခါ၌ ကြာစွယ်လေးကဲ့သို့နှယ် ဖြူဖွေးနုဖတ်နေပြီး အလွန်ချစ်စရာကောင်းနေလေ၏။

တကယ်တော့ သူမ မပြခင်ကတည်းက ရှောင်ယန်၏ အပြောင်းအလဲများကို လုချင်း သတိထားမိပြီးသားပင်။

မကြာသေးမီကစပြီး အိမ်တွင် အစားအသောက်ပိုင်းမှာ အတော်လေး ကောင်းမွန်လာခဲ့သည့်အပြင် လုချင်း၏ သေချာဂရုစိုက်မှုတို့ကြောင့် ရှောင်ယန်၏ ခန္ဓာကိုယ်မှာ လုချင်း စတင်ကူးပြောင်းလာစဉ်ကထက် များစွာ ပိုကောင်းလာခဲ့သည်။

သူမမှာ ကိုယ်အလေးချိန်လည်း အများကြီး တက်လာပြီး မူလက ဝါဖျော့ဖျော့ ဆံပင်တွေတောင်မှ အများကြီး ကောင်းလာခဲ့သည်။

ကောင်းလာသည်ဆိုပေမဲ့ သေချာဂရုတစိုက်ပြုစုပျိုးထောင်ချိန်က သိပ်အကြာကြီးမဟုတ်သေးတာကြောင့် ဆံပင်တွေက နည်းနည်းတော့ ဝါနေသေးသည်ပင်။

ထို့ပြင် နေ့တိုင်း အပြင်ထွက်ဆော့နေတာကြောင့် သူမ၏အသားအရေက နည်းနည်းလေး ညိုနေပါ၏။

သို့ပေမဲ့ ယခုတွင်တော့ သူမ၏ဆံပင်လေးတွေမှာ နက်မှောင်တောက်ပနေပြီး အသားအရေကလည်း ဖြူဖွေးနုဖတ်သွားပြီပင်။

သူမက ပိုလို့တောင် ချစ်စရာကောင်းပြီး နှစ်လိုဖွယ်ဖြစ်လာခဲ့ပါ၏။

"ဟုတ်တယ်... ညီမလေး အသားဖြူသွားတာတင် မဟုတ်ဘူး၊ ဆံပင်တွေလည်း နက်သွားတယ်" လုချင်းက ခေါင်းညိတ်လိုက်သည်။

"တကယ်လား။ ညီမလေး ဆံပင်တွေ နက်သွားပြီလား" ရှောင်ယန်လေ’၏ မျက်လုံးများ အရောင်လက်သွားလေသည်။

သူမနှင့် ကစားဖော်ကစားဖက်များက သူမ၏ဆံပင်အား ရုပ်ဆိုးသည်ဟု ပြောဖူးကတည်းက ရှောင်ယန်လေးမှာ သူမဆံပင်နှင့်ပတ်သက်ပြီး အရမ်း စိတ်အားငယ်တတ်သည်ပင်။

ထို့ကြောင့် သူမဆံပင်တွေ နက်သွားပြီဟု သူမအစ်ကိုပြောတာကို ကြားလိုက်ရချိန်၌ သူမမှာ အရမ်းကို စိတ်ဝင်စားသွားတော့သည်။

"ဒါပေါ့... မျက်နှာသစ်ရင် ကြည့်ကြည့်လိုက်လေ" လုချင်းက ခေါင်းညိတ်လိုက်သည်။

ရှောင်ယန်လည်း ချက်ချင်း ကုတင်ပေါ်မှ ဆင်းလိုက်သည်။ "ကိုကို... ညီမလေး သွားတိုက် မျက်နှာသစ်လိုက်ဦးမယ်နော်"

ထို့နောက် သူမ အပြင်ဘက်ရှိ မျက်နှာသစ်ဇလုံဆီသို့ ပြေးသွားလိုက်ပြီး ရေထဲတွင် သူမပုံရိပ်ကို ကြည့်လိုက်သည်။ ခဏအကြာတွင်တော့ သူမက ပျော်ရွှင်စွာ အော်ပြောလိုက်၏ "ကိုကို... ညီမလေး ဆံပင်တွေ တကယ် နက်သွားပြီ"

"ကိုကို ပြောသားပဲ... ကောင်းကောင်းစား ကောင်းကောင်းအိပ်ရင် ဆံပင်တွေ မကြာခင် လှလာမှာပါလို့" လုချင်းက ပြုံးရင်း ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ညီမလေး၏ သတင်းအချက်အလက်များကို တိတ်တဆိတ် စစ်ဆေးရန် နတ်မျက်စိစွမ်းရည်ကို အသက်သွင်းလိုက်သည်။

မကြာမီ ရှောင်ယန်၏ ခန္ဓာကိုယ်ပေါ်တွင် ဖျော့တော့သော အနီရောင်အလင်းတန်းတစ်ခု ပေါ်လာခဲ့၏။

[လုရှောင်ယန် - လူသားကလေးငယ်၊ အမျိုးသမီး။]

[ကံကောင်းသော ကလေးငယ်တစ်ဦး။ မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်ကို သောက်သုံးပြီးနောက် သူမသည် အထူးပါရမီတစ်ခုကို နိုးထလာပုံရသည်။]

[ရေခဲကြွက်သား ကျောက်စိမ်းအရိုး (အပြည့်အဝ မနိုးထသေးပါ) - အညစ်အကြေးကင်းစင်သော ခန္ဓာကိုယ်၊ ရေခဲနှင့် ကျောက်စိမ်းကဲ့သို့ သန့်စင်သည်၊ သဘာဝ ကျင့်ကြံခြင်း မျိုးစေ့ဖြစ်ပြီး ရေနှင့် အအေးဓာတ်ဆိုင်ရာ နည်းစနစ်များကို လေ့ကျင့်ပါက အကျိုးသက်ရောက်မှု နှစ်ဆရှိသည်။]

ရှောင်ယန်၏ ခန္ဓာကိုယ်ပေါ်ရှိ သတင်းအချက်အလက်များကို မြင်သောအခါ လုချင်းတစ်ယောက် အလွန်အံ့သြသွားတော့သည်။

ရှောင်လီ၏ စွမ်းရည်နှင့် အဆင့်တူညီသော အနီရောင်အလင်းတန်းကြောင့်သာမက ဖော်ပြချက်နှစ်ခုကြောင့်ပါ ဖြစ်သည်။

မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်၏ လှုံ့ဆော်မှုအောက်တွင် ရှောင်ယန်သည် "ရေခဲကြွက်သား ကျောက်စိမ်းအရိုး" ဟုခေါ်သော ပါရမီတစ်ခုကို တကယ်ပဲ နိုးထလာစေခဲ့ပါသည်။

ပြီးတော့လည်း ထိုပါရမီက ဖော်ပြချက်တွေအရဆိုရင် အတော်လေး စွမ်းအားကြီးလှသည်။

ဒါက ရိုးရိုးလေး ပြောရရင် သဘာဝ သိုင်းပညာ ပါရမီရှင် တစ်ယောက်ပင်။

ဒါပေမဲ့...

အပြည့်အဝ မနိုးထသေးပါတဲ့လား

လုချင်းသည် တတိယဖော်ပြချက်မှစာလုံးများကို ကြည့်ပြီး စဉ်းစားလိုက်သည်။

သူ့ညီမလေးက မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် တစ်စက်ပဲ သောက်ရသေးလို့များလား။

ယင်းအတွေးမှာ ဖြစ်နိုင်ချေ ရှိသည်ဟု လုချင်း ခံစားမိသည်။

ရှောင်လီက မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် ငါးစက် သောက်ပြီးမှ သူ့ရဲ့ ကိုယ်ပျောက်ပါရမီကို နိုးထလာစေခဲ့တာလေ။

ရှောင်ယန်က တစ်စက်ပဲ သောက်ရသေးတော့ သေချာပေါက် မလုံလောက်ဘူးပေါ့။

ဒီ ရေခဲကြွက်သား ကျောက်စိမ်းအရိုး ပါရမီကို အပြည့်အဝ နိုးထစေချင်ရင် နောက်ထပ် အရည်နည်းနည်းလောက် လိုဦးမယ် ထင်တယ်။

လုချင်းတွင် မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်အများကြီး ရှိပါသေး၏။

လုချင်းသည် ကျောက်စိမ်းဂူထဲကနေ စုစုပေါင်း မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် အစက် လေးဆယ်လောက် ရခဲ့ပါ၏။

သူ့အတွက်သူ သုံးစက် သုံးခဲ့၏။ ထို့နောက် ရှောင်လီနှင့် သူ့ဆရာ့ကို ငါးစက်စီ ပေးခဲ့သည်၊ မနေ့ညက ရှောင်ယန်ကို တစ်စက် ပေးခဲ့ရာ စုစုပေါင်း ၁၄စက်ပဲ သုံးရသေးပါ၏။

အခု သူ့မှာ မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် အစက်နှစ်ဆယ်ကျော်လောက် ကျန်နေသေးသည်။

ရှောင်ယန်အတွက် နောက်ထပ်လေးစက်လောက် ထပ်သုံးလိုက်ရင်တောင် သူ့တွင် အစက်နှစ်ဆယ်လောက် ကျန်ဦးမှာပင်။

ဤမြေကမ္ဘာသွေးကြော ဝိညာဉ်အရည် အစက်နှစ်ဆယ်ထဲကမှ မြင့်မြတ်သော ဂါထာမန္တန်ဂိုဏ်း၏ "ဝိညာဉ်စွမ်းအားဖွဲ့စည်းခြင်း နည်းစနစ်" လေ့ကျင့်ဖို့အတွက် ဆယ်စက် ချန်ထားရမည်ဆိုရင်တောင် အရေးပေါ်အတွက် နောက်ထပ် ဆယ်စက် ကျန်နေပါသေး၏။

ထို့ကြောင့် လုချင်းက မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် ပြတ်လပ်သွားမှာကို မပူပါချေ။

ပြောင်းပြန်အနေနှင့် ရှောင်ယန်က မထင်မှတ်စွာဖြင့် ဤကဲ့သို့ထူးခြားလှသည့် ကျင့်ကြံခြင်း ပါရမီမျိုး နိုးထလာတာကို မြင်လိုက်ရချိန်၌ လုချင်း ပျော်ရွှင်ပေမဲ့လည်း နည်းနည်းတော့ ဘာပြောရမှန်းမသိ ဖြစ်နေမိသည်။

မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် သောက်ပြီးနောက် ရှောင်လီရော ရှောင်ယန်ပါ ပါရမီတွေ နိုးထလာကြသည်၊ ဆရာ၏ကျင့်ကြံမှုမှာလည်း တိုးတက်လာခဲ့ကာ မကြာခင် မွေးရာပါနယ်ပယ်သို့ ရောက်တော့မည်ပင်။

သူတစ်ယောက်တည်းပဲ အလားအလာ နည်းနည်း တိုးလာတာကလွဲရင် ဘာထူးခြားတဲ့ အကျိုးကျေးဇူးမှ မရခဲ့ပါချေ။

နောက်ဆုံးတော့ လူတိုင်းက ပါရမီရှင်တွေ ဖြစ်ကုန်ကြပြီး သူတစ်ယောက်တည်းပဲ အသုံးမကျတဲ့သူအဖြစ် ကျန်နေခဲ့တာလား။

လုချင်း၏ ခံစားချက်များမှာ အတော်လေး ရောထွေးနေပါ၏။

နောက်နှစ်ရက်အတွင်း လုချင်းသည် ရှောင်ယန်ကို မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် နောက်ထပ် အနည်းငယ် ဆက်တိုက်ခဲ့သည်။

ရှောင်ယန်လေး ပဉ္စမမြောက် အစက်ကို သောက်ပြီး နိုးထလာသောအခါ၌ လုချင်းသည် သူမ၏ သတင်းအချက်အလက်များကို နတ်မျက်စိစွမ်းရည်ဖြင့် ထပ်မံ စစ်ဆေးကြည့်လိုက်သည်။

ထို့နောက်၌ ရှောင်ယန်၏ ခန္ဓာကိုယ်ပေါ်တွင် ကြွယ်ဝသော အနီရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။

[ရေခဲကြွက်သား ကျောက်စိမ်းအရိုး - အညစ်အကြေးကင်းစင်သော ခန္ဓာကိုယ်၊ ရေခဲနှင့် ကျောက်စိမ်းကဲ့သို့ သန့်စင်သည်၊ သဘာဝ ကျင့်ကြံခြင်း မျိုးစေ့ဖြစ်ပြီး ရေနှင့် အအေးဓာတ်ဆိုင်ရာ နည်းစနစ်များကို လေ့ကျင့်ပါက အကျိုးသက်ရောက်မှု နှစ်ဆရှိသည်။]

ဖော်ပြချက်များထဲမှ "အပြည့်အဝ မနိုးထသေးပါ" ဆိုသည့် စာသား ပျောက်သွားသည်ကို မြင်လိုက်ရသဖြင့် လုချင်း အခုမှသက်ပြင်းချနိုင်တော့သည်။

သူထင်ထားသည့်အတိုင်းပင် ရှောင်ယန်၏ ပါရမီသည်လည်း အပြည့်အဝ နိုးထရန် မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် ငါးစက် လိုအပ်သည်ပင်။

"ကိုကို... ဘာဖြစ်လို့လဲဟင်။"

ရှောင်ယန်သည် မျက်နှာသစ်ပြီးကာစဖြစ်ပြီး လုချင်း ဆံပင်စည်းပေးမည်ကို စောင့်နေခြင်းဖြစ်သည်။ သူမကိုကိုက သူမကို ငေးကြည့်ရင်း တွေဝေနေသည်ကို မြင်သောအခါ သူမ ထူးဆန်းသလို ခံစားလိုက်ရသည်။

"ဘာမှမဟုတ်ပါဘူး... ကိုကို စဉ်းစားစရာလေး ရှိလို့ပါ။"

လုချင်းသည် ရှောင်ယန်၏ ဆံပင်ကို နှစ်ဖက်ခွဲပြီး အမြန် စည်းပေးလိုက်သည်။

စည်းပေးပြီးနောက် သူ လှည့်ပတ်ကြည့်လိုက်ရာ အလွန်ပင်ကျေနပ်အားရသွားလေသည်။

သူမ၏ နက်မှောင်တောက်ပသော ဆံပင်၊ ဖြူဖွေးနုဖတ်သော မျက်နှာနှင့် လှပလှသည့် မျက်လုံးဝိုင်းဝိုင်းကြီးများ။

မူလကတည်းက ချစ်စရာကောင်းသော ရှောင်ယန်သည် မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် သောက်ပြီးနောက် ကြွေရုပ်လေးတစ်ရုပ်လို ဖြစ်လာပြီး အလွန် နှစ်လိုဖွယ်ကောင်းနေလေသည်။

ဒီရက်ပိုင်း သူမ အပြင်ထွက် ဆော့သည့်အခါတိုင်း အဘိုးကျန်းနှင့် တခြားလူတွေက သူမကို အမြဲ ချီးကျူးကြပြီး မုန့်တွေ အများကြီး ပေးကြသဖြင့် သူမ အရမ်း ပျော်နေသည်ဟု သူ့ကို ပြောဖူးသည်။

"ကဲ... မနက်စာ စားကြရအောင်။"

အိမ်ထဲတွင် မောင်နှမနှစ်ယောက် အသားဆန်ပြုတ်ကို အတူစားနေကြပြီး ရှောင်လီကတော့ ဘေးနားတွင် ငါးလတ်လတ်ဆတ်ဆတ်တစ်ကောင်ကို အရသာခံရင်း စားနေလေသည်။

ပြောရမည်ဆိုလျှင် ညဝိညာဉ်ကြောင်မြီးတိုက ငါးကို တကယ်ကြီး ကြိုက်နှစ်သက်တာပင်။

ရှောင်လီက တစ်နေ့ သုံးနပ်လုံး ငါးချည်းပဲ စားရရင်တောင် ဘယ်တော့မှ ရိုးသွားမည် မဟုတ်။

ဆန်ပြုတ်သောက်ရင်း လုချင်းသည် အခြားကိစ္စတစ်ခုကို စဉ်းစားနေမိသည်။

အခု ရှောင်ယန်က ဤကဲ့သို့ထူးခြားလှသည့် ကျင့်ကြံခြင်း ပါရမီ နိုးထလာပြီဆိုတော့ သူလည်း သူ့အစီအစဉ်တချို့ကို ပြောင်းလဲဖို့ လိုလာပြီပင်။

မူလက လုချင်းသည် ရှောင်ယန်ကို ကြီးကျယ်သော အောင်မြင်မှုများကို မလိုက်စားဘဲ အေးအေးချမ်းချမ်း နေသွားစေချင်ခဲ့သည်။

ဒါပေမဲ့ အခုတော့ ရှောင်ယန့်မှာ ဒီလောက်ကောင်းသည့် ပါရမီ ရှိနေမှတော့ ဒါကို အသုံးမချရင် နှမြောစရာ ဖြစ်လိမ့်မည်ပင်။

သိုင်းပညာရှင်တွေကို လေးစားကြသည့် ဒီလောကကြီးမှာ သိုင်းပညာ ကျွမ်းကျင်ဖို့ဆိုတာ လူအများစု၏ အိပ်မက်တစ်ခုဖြစ်သည်။

ဒါပေမဲ့ လူအများစု၌ အရည်အချင်း မရှိကြပါချေ။

ရှောင်ယန်တွင် ထိုသို့ပါရမီရှိနေမှတော့ သူသည်လည်း သူမကို ပံ့ပိုးပေးသင့်ပါ၏။

ထို့ကြောင့် ရှေ့လျှောက်၌ ရှောင်ယန်ကို ကျင့်ကြံခြင်းဆိုင်ရာ ဗဟုသုတတချို့ စပြီး သင်ပေးရတော့မည်။

လုချင်း၏ နတ်မျက်စီစွမ်းရည်ဖြင့် ကြည့်ရှုစစ်ဆေးချက်အရ ရှောင်ယန်အတွက် လေ့ကျင့်ရန် အသင့်တော်ဆုံးမှာ ရေဓာတ်နှင့် အအေးဓာတ် သိုင်းပညာရပ်များ ဖြစ်နေပေသည်။

သို့သော် တိုက်ဆိုင်စွာပင် သူ့ထံ၌ ထိုကဲ့သို့သော သိုင်းပညာရပ်မျိုး ရှိမနေခဲ့ပေ။

လီဝေ့ထျန်း၏ အမွေအနှစ်များထဲတွင် မွေးရာပါနယ်ပယ်အဆင့် သိုင်းပညာရပ်များ အားလုံးပါဝင်သော်လည်း ရေဓာတ် သို့မဟုတ် အအေးဓာတ်ပါဝင်သော ပညာရပ်တစ်ခုမျှ ပါမလာခဲ့ချေ။ ထို့ကြောင့် ရှောင်ယန်နှင့် မသင့်တော်ပေ။

နောင်ကျရင် ရှောင်ယန်အတွက် ရေဓာတ် ဒါမှမဟုတ် အအေးဓာတ်ပါတဲ့ အမွေအနှစ်တစ်ခုခုကို ရှာပေးဖို့ လိုမှာပဲ...

လုချင်း တွေးတောမိလိုက်သည်။

သို့သော် ဤကိစ္စသည် အလောတကြီး လုပ်ဆောင်ရန် မလိုသေးပေ။

မွေးရာပါနယ်ပယ်သို့ မရောက်ရှိမီ မွေးဖွားပြီးနယ်ပယ်၌ ကျင့်ကြံရာတွင် ဓာတ်သဘာဝ ခွဲခြားထားခြင်း မရှိသေးသောကြောင့် ဖြစ်လေ၏။

လူတိုင်းသည် ချီနှင့်သွေး၊ ကြွက်သားနှင့် ကိုယ်တွင်းအင်္ဂါများကို သံချေးချွတ်ဆေးကြောသည့် အဆင့်များကိုသာ အစဉ်လိုက် ဖြတ်သန်းရပေသည်။

မွေးရာပါနယ်ပယ်သို့ ရောက်ရှိပြီး ထူးခြားသော ကိုယ်ပိုင်မွေးရာပါနယ်ပယ်ချီစွမ်းအင်ကို ကျင့်ကြံမှသာလျှင် ဓာတ်သဘာဝ ကွဲပြားမှုသည် အရေးပါလာမည် ဖြစ်ပေသည်။

ရှောင်ယန်သည် ကလေးငယ်တစ်ဦးသာ ဖြစ်သေးပြီး ကျင့်ကြံခြင်း၏ ပထမအဆင့်ကိုပင် မစတင်ရသေးချေ။ ပါရမီထူးကဲသည်ဆိုလျှင်ပင် မွေးရာပါနယ်ပယ်သို့ မည်သည့်အချိန်မှ ရောက်ရှိမည်ကို မည်သူမျှ မသိနိုင်ပေ။

ထို့ကြောင့် သိုင်းပညာရပ်ရှာဖွေခြင်းကို ဖြည်းဖြည်းချင်းသာ လုပ်ဆောင်နိုင်ပါ၏။

လတ်တလောအတွက်မူ ဆရာသင်ကြားပေးထားသော ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းသည် သူမအတွက် လုံလောက်မှု ရှိနေပေသည်။

ဤအကြောင်းများကို တွေးတောပြီးနောက် လုချင်းက မေးလိုက်သည်။

"ရှောင်ယန်... ညီမလေး စာဖတ်ချင်လား။"

"စာဖတ်တာလား..."

ရှောင်ယန်က နားမလည်စွာဖြင့် မျက်လုံးလေး ကလည်ကလည် လုပ်နေလေသည်။

"ဟုတ်တယ်... စာဖတ်တာလေ။ ညီမလေးက မျောက်လေးပုံပြင်ကို နားထောင်ရတာ ကြိုက်တယ်မလား။ အပြင်လောကမှာ မျောက်လေးထက် ပိုကောင်းတဲ့ ပုံပြင်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ အဲ့ဒါတွေအကုန်လုံးကို စာအုပ်တွေထဲမှာ ရေးထားတာလေ။ ညီမလေး စာဖတ်တတ်မှ အဲ့ဒါတွေကို နားလည်နိုင်မှာ။"

နောက်ပိုင်းတွင် လုချင်းသည် ရှောင်ယန်အား ရံဖန်ရံခါ ပုံပြင်များ ပြောပြပေးရလေ့ရှိသည်။

ရှောင်ယန်သည် မျောက်လေးပုံပြင်ကိုပဲ ထပ်ခါထပ်ခါ နားထောင်နေရသည်အား အဘယ်ကြောင့် မငြီးငွေ့ဘဲ နေနိုင်သည်ကို သူ နားမလည်နိုင်အောင် ဖြစ်ရပေသည်။

ရှောင်လီသည်ပင်လျှင် သူ ပုံပြင်ပြောပြတိုင်း မျက်လုံးများ အရောင်တောက်လာပြီး ငြိမ်သက်စွာ ထိုင်ကာ အာရုံစိုက် နားထောင်လေ့ရှိသည်။

ထို့ကြောင့် ရှောင်ယန်အား စာသင်ကြားချင်စိတ် ဖြစ်ပေါ်လာစေရန်အတွက် ဤအချက်ကို အသုံးချကာ မြှူဆွယ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေ၏။

ထင်မှတ်ထားသည့်အတိုင်းပင် ရှောင်ယန်သည် ချက်ချင်း စိတ်ဝင်စားသွားခဲ့သည်။

ရှောင်လီသည်ပင် နားရွက်များ ထောင်လာခဲ့လေ၏။

"ကိုကို... အပြင်မှာ မျောက်လေးထက် ပိုကောင်းတဲ့ ပုံပြင်တွေ တကယ်ပဲ အများကြီး ရှိတာလားဟင်။"

"ဒါပေါ့... ဒါပေမဲ့ အဲ့ဒီပုံပြင်တွေအကုန်လုံးက စာအုပ်တွေထဲမှာ ရေးထားတာလေ။ စာမဖတ်တတ်တဲ့လူတွေက အဲ့ဒါတွေကို နားမလည်နိုင်ကြဘူး။"

"ညီမလေး သင်ချင်တယ်... ကိုကို၊ ညီမလေး စာဖတ်တတ်အောင် သင်ချင်တယ်။"

ရှောင်ယန်က ချက်ချင်းပင် ပြောလိုက်သည်။

"ကောင်းပြီလေ... ဒီနေ့ကစပြီး ကိုကိုက ညီမလေးကို စာသင်ပေးမယ်။ တကယ်လို့ ကိုကို မအားရင် အဘိုးချန်ဆီမှာလည်း သင်လို့ရတယ်။"

ရှောင်ယန် စိတ်ဝင်စားသွားသည်ကို မြင်လိုက်ရသောအခါ လုချင်းက ပြုံးလိုက်သည်။

ထိုအချိန်၌ သူ၏ဘောင်းဘီစကို တစ်စုံတစ်ခု ဆွဲသကဲ့သို့ ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်သောအခါ ရှောင်လီက သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။

"ဘာဖြစ်လို့လဲ ရှောင်လီ... မင်းလည်း စာဖတ်ချင်လို့လား။"

လုချင်း အံ့အားသင့်သွားရသည်။

ရှောင်လီ ခေါင်းညိတ်ပြသည်ကို မြင်သောအခါ လုချင်း စကားပင်မပြောနိုင်တော့ချေ။

ပုံပြင်များ၏ ဆွဲဆောင်မှုသည် အလွန်ပြင်းထန်လှသဖြင့် ညဝိညာဉ်ကြောင်မြီးတိုလေးပင် စာသင်ချင်စိတ် ပေါက်သွားလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။

သို့သော် တိရစ္ဆာန်လေးတစ်ကောင်ကို စာဖတ်တတ်အောင် ဘယ်လိုသင်ပေးရမည်နည်း။

သူ့တွင် အတွေ့အကြုံမှ မရှိဘဲ။

"ဒါဆိုရင် အဆင်ပြေသွားပြီပေါ့ ကိုကိုရဲ့။ ရှောင်လီနဲ့ ညီမလေးနဲ့ အတူတူ သင်ကြမယ်လေ။"

ရှောင်ယန်က ပျော်ရွှင်စွာ ပြောလိုက်သည်။

စာသင်ဖော် ရှိနေခြင်းသည် အကောင်းဆုံးပင် ဖြစ်ပေသည်။

"ကောင်းပြီလေ..."

ကလေးငယ်နှစ်ဦး၏ မျှော်လင့်တကြီး ကြည့်နေသော အကြည့်များကို ရင်ဆိုင်လိုက်ရသဖြင့် လုချင်းမှာ သဘောတူကာ ခေါင်းညိတ်လိုက်ရတော့သည်။

All Chapters