← Chapters

အခန်း (၂၂၂၁-၂၂၂၂)

Vol. 163 Ch. 2221-2222

အခန်း (၂၂၂၁-၂၂၂၂)

Vol. 163 Ch. 2221-2222

အခန်း(၂၂၂၁)

ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် ကျန်းချန်တို့နှစ်ဦးသား အံ့အားသင့်သွားကြသည်။

သူတို့က အသံလာရာဆီသို့ ကြည့်လိုက်ရာ ထူးခြားစွာ ဝတ်စားထားပြီး ဓားသွားကဲ့သို့ မျက်ခုံးများ ရှိသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

ထိုလူငယ်နှင့်အတူ အဘိုးအိုနှစ်ဦး လိုက်ပါလာခဲ့ပြီး သူတို့ထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့ကြသည်။

ထိုသုံးဦးထံမှ ထွက်ပေါ်နေသော သွေးမျိုးဆက် အရှိန်အဝါကို ခံစားမိလျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ့ရှေ့မှ လူသုံးဦး၏ သွေးစွမ်းအား အရှိန်အဝါသည် ခန္ဓာကိုယ်ထဲရှိ ကျန်းမျိုးနွယ်စု သွေးစွမ်းအား အရှိန်အဝါနှင့် အလွန်တရာပင် ဆင်တူနေခဲ့သည်။

“ဒီသုံးယောက်က လူသားဧကရာဇ်နန်းတော်ရဲ့ ကျန်းမျိုးနွယ်စုကများလား”

ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့၏။

ယခုတစ်ကြိမ် ထျန်းကျီမြို့တော်သို့ လာရာတွင် လူသားဧကရာဇ် နန်းတော်မှ ကျန်းမျိုးနွယ်စုဝင်များနှင့် တွေ့ဆုံရလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ထားခဲ့ပေ။

သူ၏ ဖခင် ကျန်းဝူရသည် နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာကတည်းကပင် သဲလွန်စမကျန်ရှိတော့သည် အထိ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းဝူ ကောင်းကင်နယ်မြေတွင် ရှိစဥ်က ကျန်းချန်သည် သူ၏ ဖခင် ကျန်းဝူရနှင့် အလွန်တရာ ဆင်တူသော ရှေးဟောင်းဧကရာဇ် ကောင်းကင်အရှင်နှင့် တွေ့ဆုံခဲ့ဖူးပြီး သူ့ဖခင် ပျောက်ဆုံးသွားခြင်းသည် လူသားဧကရာဇ်နန်းတော်နှင့် ဆက်စပ်နေနိုင်ဖွယ် ရှိသည်ဟု သိရှိခဲ့ရသည်။

သို့သော်လည်း ထိုအချိန်က ဖခင်ဖြစ်သူ၏ သတင်းကို ရှာဖွေရန် အလွန်တရာပင် အားနည်းလွန်းနေခဲ့၏။

ယခု လူသားဧကရာဇ်နန်းတော်မှ ကျန်းမျိုးနွယ်စုဝင်များနှင့် တွေ့ဆုံရပြီ ဖြစ်ရာ ထိုသုံးဦးထံကနေ သူ့ဖခင်နှင့်ပတ်သက်သည့် သတင်းအချို့ကို သိရှိကောင်း သိရှိနိုင်လိမ့်မည် မဟုတ်ပါလော။

ကျန်းချန်က အတွေးများ တွေးနေသော်လည်း အကြည့်ကမူ ထိုသုံးဦးထံတွင်သာ ကျရောက်နေခဲ့သည်။

ထိုသုံးဦး သူ၏ ရှေ့၌ ရုတ်တရက် ထွက်ပေါ်လာခြင်းသည် သူ၏ လက်ထဲမှ သတ္တုအပိုင်းအစကြောင့် ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

ဖြစ်နိုင်သည်မှာ ၎င်းတို့သည်လည်း ဤသတ္တုအပိုင်းအစသည် သန္ဓေတာအိုနတ်လက်နက် ဖြစ်သည့် လူသားဧကရာဇ်ဓားနှင့် ဆက်စပ်မှု ရှိနေသည်ကို သိနေကြပါသလော။

“ဒီကမိတ်ဆွေ.. ကျွန်တော်က လူသားဧကရာဇ်နန်းတော်က ကျန်းယွိပါ.. မိတ်ဆွေရဲ့လက်ထဲက သတ္တုအပိုင်းအစကို ကျွန်တော် အရမ်းစိတ်ဝင်စားနေလို့ပါ.. ကျွန်တော့်ကို လဲလှယ်ပေးနိုင်မလား”

သူ့ကိုသူ ကျန်းယွိဟု မိတ်ဆက်ပေးလိုက်သော ဓားမျက်ခုံးပိုင်ရှင်လူငယ်သည် ကျန်းချန်ကို ပြုံးရွှင်စွာကြည့်ရင်း ယဥ်ကျေးစွာ ပြောဆိုလိုက်သည်။

“အစ်ကိုကျန်းချန်.. ကျန်းယွိက ကျန်းမျိုးနွယ်စုရဲ့အထွတ်အထိပ် ပါရမီရှင် နှစ်ယောက်ထဲက တစ်ယောက်ပဲ.. သူက အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းမှာ အဆင့် ၂၁ နေရာမှာ ရှိပြီး နတ်ဘုရင်အဆင့်အောက်မှာ နံပါတ်တစ်လို့ ကျော်ကြားတယ်”

ထိုခဏတွင် ကူဖုန်းအာသည် ကျန်းချန်ကို ကျန်းယွိနှင့်ပတ်သက်၍ ရှင်းပြလိုက်သည်။

ကူဖုန်းအာသည် နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာပြီးနောက်တွင် ယွမ်ဖုန်းနတ်ဘုရင်သည် သူမကို ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုသို့ ခေါ်ဆောင်သွားခဲ့သည်။

သူမက နတ်ကုန်းမြေတိုက်တွင် ဆယ်စုနှစ်ချီ နေထိုင်လာခဲ့သူဖြစ်ရာ ကျန်းချန်ထက် ပို၍ နတ်ကုန်းမြေတိုက် အကြောင်းကို သိရှိထားခဲ့သည်။

ကျန်းယွိသည် နတ်ကုန်းမြေတိုက်တွင် အလွန်တရာ ကျော်ကြားသော ပါရမီရှင်တစ်ဦး ဖြစ်သည်။

သူက နတ်ဘုရင်အဆင့်ကို မထိုးဖောက်ရသေးသော်လည်း ကျော်ကြားမှုကမူ နတ်ဘုရင်အဆင့် ပါရမီရှင် များစွာထက်ပင် သာလွန်သည်။

အကြောင်းရင်းမှာ ကျန်းယွိက နတ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်ခဲ့လျှင် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးဆယ်ဦးထက်ပင် မနိမ့်ကျသော ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦး ဖြစ်လာလိမ့်မည်ကို လူတိုင်းက ကောင်းစွာ သိရှိထားသောကြောင့်ပင်။

သို့သော်လည်း ကျန်းချန်သည် ထိုအချက်ကို သိပ်ဂရုမစိုက်ခဲ့ပေ။

ကျန်းယွိက ထူးခြားသော ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း ကျန်းချန်၏ မျက်စိထဲတွင်မူ သာမန်မျှသာ ဖြစ်သည်။

နတ်ဘုရင် အဆင့်အောက်တွင် နံပါတ်တစ် ဆိုသည်မှာ ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်ထဲတွင် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ဟု ဆိုလိုခြင်း ဖြစ်သည်။

သူက ကြယ်လေးပွင့် ကောင်းကင်အရှင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ၏ရှေ့တွင် မည်သူက နတ်ဘုရင်အဆင့်အောက်တွင် နံပါတ်တစ်ဟု ခေါ်ဆိုဝံ့ပါအံ့နည်း။

ကျန်းယွိက နတ်ဘုရင်အဆင့်ကို မထိုးဖောက်နိုင်သေးသည်ကိုအသာထား၊ ၎င်းက အမှန်တကယ်ပင် နတ်ဘုရင်အဆင့်ကို ထိုးဖောက်ပြီး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးဆယ်ဦးနှင့် ယှဥ်နိုင်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလျှင်ပင် ကျန်းချန်သည် ကြောက်ရွံ့နေမည် မဟုတ်ပေ။

“စိတ်မကောင်းပါဘူး.. ဒီသတ္တုအပိုင်းအစကို မလဲလှယ်ပေးနိုင်ဘူး”

ကျန်းချန်က တွေဝေမနေဘဲ ကျန်းယွိကို ချက်ချင်းဆိုသလို ငြင်းပယ်လိုက်သည်။

သူက အဘိုးအိုနှင့် စာချုပ်ချုပ်ဆို၍ ဤသတ္တုအပိုင်းအစကို လဲလှယ်ခဲ့ခြင်း ဖြစ်ပြီး ထိုသတ္တုအပိုင်းအစသည် လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်း ဖြစ်နိုင်‌ခြေ အလွန်များသည်။

သို့ဖြစ်ရာ ကျန်းချန် အနေဖြင့် မည်ကဲ့သို့ အလွယ်တကူ လဲလှယ်ပေးနိုင်ပါအံ့နည်း။

“ဒီကမိတ်ဆွေ.. ကျွန်တော်က တကယ်ပဲ ဒီသတ္တုအပိုင်းအစကို စိတ်ဝင်စားလို့ပါ.. ဒီသတ္တုအပိုင်းအစသာ လဲလှယ်ပေးမယ်ဆိုရင် မိတ်ဆွေမှာ ဘယ်လို တောင်းဆိုချက်ပဲရှိရှိ ဖြည့်ဆည်းပေးနိုင်ပါတယ်”

ကျန်းချန်က သူ့ကို ငြင်းပယ်လိုက်သည်ကို မြင်လျှင် ကျန်းယွိ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။

လူသားဧကရာဇ်နန်းတော်၏ ကျန်းတော်ဝင်မျိုးနွယ်စုမှ အဓိကတပည့် တစ်ဦး အနေဖြင့် ကျန်းယွိသည် လူသားဧကရာဇ်နန်းတော်၏ သန္ဓေတာအိုနတ်လက်နက် ဖြစ်သော လူသားဧကရာဇ်ဓားအကြောင်းကို တခြားလူများထက် ပို၍ သိရှိထားခဲ့သည်။

လူသားဧကရာဇ်ဓားသည် လောကတွင် တစ်ခုတည်းသာ ရှိသည့် ပျက်စီးခြင်းစွမ်းအင် အဆီအနှစ် ကျောက်တုံးကနေ ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။

ကျန်းယွိသည် စစ်မှန်သော လူသားဧကရာဇ်ဓားကို တစ်ခါမျှ မမြင်ဖူးသော်လည်း လူသားဧကရာဇ်နန်းတော်၏ ရှေးဟောင်းကျမ်းစာများထဲတွင် ဖျက်ဆီးခြင်းစွမ်းအင် အဆီအနှစ်ကျောက်တုံးနှင့် ပတ်သက်သည့် မှတ်တမ်းများကို မြင်ဖူးခဲ့သည်။

ကျန်းချန်၏ လက်ထဲရှိ သာမန်ဟုသာ ထင်ရသော သတ္တုအပိုင်းအစသည် ရှေးဟောင်းမှတ်တမ်းများထဲရှိ ပျက်စီးခြင်းစွမ်းအင် အနှစ်သာရ ကျောက်တုံးနှင့် အလွန်တရာပင် ဆင်တူနေခဲ့သည်။

နတ်ဘုရားနယ်မြေ ကပ်ဘေးကျရောက်စဥ်က လူသားဧကရာဇ်နန်းတော်မှ ကျန်းမျိုးနွယ်စုဝင် ဘိုးဘေးတစ်ဦးသည် လူသားဧကရာဇ်နန်းတော်ကို ဦးဆောင်၍ ကပ်ဘေးကို ရင်ဆိုင်ခဲ့ရာ အဆုံးသတ်တွင် ထိုကပ်ဘေးအတွင်း ကျဆုံးသွားခဲ့ပြီး လူသားဧကရာဇ်ဓားသည်လည်း အပိုင်းပိုင်းအစစ ကြေမွသွားခဲ့သည်။

ဤနှစ်ပေါင်းများစွာအတွင်း ကျန်းမျိုးနွယ်စုသည် ကြေမွပျက်စီးသွားသော လူသားဧကရာဇ်ဓားကို ရှာဖွေခဲ့ကြသော်လည်း လူသားဧကရာဇ်ဓား၏ ဓားလက်ကိုင်ကိုသာ ပြန်လည် တွေ့ရှိခဲ့ကြသည်။

သူ့စိတ်ထင် သူ့ရှေ့မှ လူ၏ လက်ထဲရှိ သတ္တုအပိုင်းအစသည် ကြေမွပျက်စီးသွားသော လူသားဧကရာဇ်ဓား၏ အစိတ်အပိုင်း ဖြစ်နိုင်သည်မှာ သေချာသလောက်ပင်။

အကယ်၍ သူသာ လူသားဧကရာဇ်ဓား၏ အပိုင်းအစကို ကျန်းမျိုးနွယ်စုထံသို့ ပြန်လည် ယူဆောင်သွားနိုင်မည် ဆိုလျှင် သူ့တွင် ကြီးမားသော အကျိုးကျေးဇူးများကို ရရှိစေမည်မှာ သေချာ၏။

ဆိုရလျှင် ဤသတ္တုအပိုင်းအစသည် လူသားဧကရာဇ်နန်းတော်၏ ရာဇပလ္လင်ကို လုယူရာတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပေလိမ့်မည်။

“ဒီသတ္တုအပိုင်းအစကို မလဲလှယ်ပေးနိုင်ဘူးလို့ ငါ မင်းကို ပြောပြီးပြီလေ”

ထိုစကားကို ပြောပြီးသည်နှင့်ကျန်းချန်သည် သူ၏ လက်ထဲမှ သတ္တုအပိုင်းအစကို သိမ်းဆည်းလိုက်ပြီး ကူဖုန်းအာနှင့်အတူ လှည့်ထွက်သွားရန် ပြင်လိုက်သည်။

ကျန်းချန်က သူ့ရှေ့မှ သုံးဦးထံကနေ သူ့ဖခင် ကျန်းဝူရအကြောင်းကို သိရှိလိုသော်လည်း အလျင်စလို မပြုလုပ်ခဲ့ပေ။

အကြောင်းရင်းမှာ ထျန်းကျီမြို့တော်တွင် ရှိနေစဥ် တစ်စုံတစ်ရာ စတင်လုပ်ဆောင်မိလျှင် ထျန်းကျီမျှော်စင်ကို မလေးမခန့် လုပ်သလို ဖြစ်စေနိုင်ပြီး ပြဿနာတက်နိုင်သောကြောင့်ပင်။

ထို့အပြင် သူ၏ လက်ရှိစွမ်းရည်က အားမနည်းသော်လည်း လူသားဧကရာဇ်နန်းတော်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် အင်အားမလုံလောက်သေးပေ။

အကယ်၍ သူသာ တစ်စုံတစ်ရာ လုပ်ဆောင်လိုလျှင် လျှို့ဝှက်စွာသာ လုပ်ဆောင်ရလိမ့်မည် ဖြစ်၏။

ခဏအကြာတွင် သူက ထျန်းကျီမျှော်စင်သို့ သွားမည်ဖြစ်ရာ ထျန်းကျီမျှော်စင်ဆီကနေ ကျန်းယွိတို့သုံးဦး သွားမည့်နေရာကို ဝယ်ယူပြီး တိုက်ခိုက်ရန် အခွင့်အရေးကို ရှာဖွေခြင်းသည် အကောင်းဆုံး အခွင့်အရေးပင် မဟုတ်ပါလား။

“နေဦး”

ကျန်းယွိ၏ ပုံရိပ်က လက်ခနဲ ဖြစ်သွားခဲ့ပြီး ကျန်းချန်တို့ နှစ်ဦးသား ရှေ့တွင်ပေါ်လာကာ ကျန်းချန်တို့၏ သွားလမ်းကို ပိတ်ဆို့လိုက်သည်။

“ဒီကမိတ်ဆွေ.. ငါက ဒီသတ္တုအပိုင်းအစကို လဲလှယ်ဖို့ စိတ်ရင်းနဲ့ ကမ်းလှမ်းတာပါ.. အကယ်၍ မိတ်ဆွေသာ ကျွန်တော့်ကို လဲလှယ်ပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ကျန်းယွိအနေနဲ့ မိတ်ဆွေအပေါ် ကျေးဇူးကြွေး တစ်ခုတင်ရှိတယ်လို့ သတ်မှတ်မှာပါ"

"ဒါ့အပြင် မိတ်ဆွေရဲ့လက်ထဲက သတ္တုအပိုင်းအစက ကောင်းမွန်တဲ့အရာတစ်ခု ဖြစ်ပေမဲ့လည်း အဲဒါက မိတ်ဆွေ ပိုင်ဆိုင်နိုင်တဲ့အရာမျိုးတော့ မဟုတ်ဘူး.. ကျွန်တော့်ကို လဲလှယ်ပေးလိုက်တာက မိတ်ဆွေအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်မှာ သေချာပါတယ်.. အဲဒီသတ္တုအပိုင်းအစနဲ့ ယှဥ်ရင် မိတ်ဆွေရဲ့အသက်ကို ကာကွယ်ဖို့က ပိုပြီးတော့ အရေးကြီးပါတယ်”

ကျန်းယွိက ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ခြိမ်းခြောက်သည့် အရိပ်အယောင်များ ခပ်ရေးရေး ထွက်ပေါ်နေခဲ့၏။

လူသားဧကရာဇ်ဓား၏ အပိုင်းအစသည် သူ့အတွက် အလွန် အရေးကြီးသလို လူသားဧကရာဇ်နန်းတော် တစ်ခုလုံးရှိ ကျန်းမျိုးနွယ်စု အတွက်လည်း အလွန်တရာ အရေးကြီးသည်။

ယခု သူက လူသားဧကရာဇ်ဓား၏ အပိုင်းအစကို တွေ့နေခဲ့ပြီဖြစ်ရာ မည်သို့ပင် ပေးဆပ်ရပါစေ၊ ရအောင်ယူရလိမ့်မည်ဖြစ်သည်။

“ကျန်းယွိ.. ထျန်းကျီမြို့တော်က ရှင်တို့ လူသားဧကရာဇ်နန်းတော် မဟုတ်ဘူးနော်.. ရှင် တကယ်ပဲ ဒီမှာ ကျွန်မတို့ကို တစ်ခုခု လုပ်ချင်နေတာလား”

ကျန်းယွိ၏ ခြိမ်းခြောက်စကားကို ကြားလျှင် ကူဖုန်းအာသည် မျက်မှောင်ကြုတ်သွားခဲ့ပြီး ကျန်းယွိကို အေးစက်စက် ပြောလိုက်သည်။

“ကျန်းယွိ ရှင့်မှာ အရည်အချင်းရှိရင် စမ်းကြည့်လိုက်လေ.. ကူဖုန်းအာက ရှင့်ကို အဖော်ပြုပြီး ယှဥ်ပြိုင်ပေးမယ်”

“ကူဖုန်းအာလား”

ထိုနာမည်ကို ကြားလိုက်ရလျှင် ကျန်းယွိသည် အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။

“မင်းက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ ကောင်းကင်ဖီးနစ်နတ်ဘုရားမလား”

ကျန်းယွိသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ကောင်းကင်ဖီးနစ် နတ်ဘုရားမနှင့် ပတ်သက်၍ ကြားဖူးခဲ့သည်။

ထိုအမျိုးသမီးသည် ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦး ဖြစ်ပြီး နတ်ဘုရားနယ်မြေတွင် အစွမ်းအထက်ဆုံး နတ်ခန္ဓာကိုယ်များထဲမှ တစ်ခုဖြစ်သည့် ကောင်းကင်ဖီးနစ် နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပင် နတ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်ခဲ့သည်ဟု ဆိုကြသည်။

အကယ်၍သာ အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းကို အသစ်ပြန်လည် သတ်မှတ်မည် ဆိုလျှင် ကူဖုန်းအာ အနေဖြင့် ထိပ်ဆုံး ဆယ်ဦးစာရင်းတွင် မပါဝင်နိုင်စရာ အကြောင်းမရှိပေ။

အနက်ရောင်ဝတ်စုံဝတ် လူငယ်၏နောက်တွင် လိုက်ပါလာသည့် အမျိုးသမီးသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ကောင်းကင်ဖီးနစ် နတ်ဘုရားမ ဖြစ်နေလိမ့်မည်ဟု ကျန်းယွိလုံးဝ မမျှော်လင့်ထားခဲ့ချေ။

အခန်း(၂၂၂၁)ပြီး၏။

အခန်း(၂၂၂၂)

“ကောင်းကင်ဖီးနစ်နတ်ဘုရားမ ဒီကိစ္စက မင်းနဲ့မဆိုင်တဲ့ကိစ္စပဲ မင်း ဝင်မပါဖို့ ငါအကြံပေးချင်တယ်”

ကျန်းယွိ၏ မျက်နှာက အလွန်ပင် ပျက်ယွင်းနေခဲ့သည်။

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု ဆိုသည်မှာ နတ်ကုန်းမြေတိုက်၏ ထိပ်သီးအင်အားစုကြီးတစ်စု ဖြစ်သည်။

အကယ်၍ ကောင်းကင်ဖီးနစ် နတ်ဘုရားမကသာ ဤကိစ္စတွင် အတင်းအကျပ် ဝင်ရောက်စွက်ဖက်မည် ဆိုလျှင် လူသားဧကရာဇ်၏ အပိုင်းအစကို ရရှိရန်မှာ သူ့အတွက် လွယ်ကူသော အလုပ်တစ်ခု ဖြစ်နိုင်တော့မည် မဟုတ်ပေ။

“ကျန်းယွိ.. တခြားလူတွေကတော့ ရှင်တို့ လူသားဧကရာဇ်နန်းတော်ကို ကြောက်ရင် ကြောက်ကြလိမ့်မယ်.. ငါကူဖုန်အာကတော့ လုံးဝ မကြောက်ဘူး.. အစ်ကိုကျန်းချန်က ရှင်နဲ့ အလဲအလှယ်လုပ်ဖို့ အစီအစဥ် မရှိမှတော့ အဲဒီသတ္တုအပိုင်းအစကို မျက်စိမကျဖို့ အကြံပေးချင်တယ်.. ဒီလိုမှ မဟုတ်ရင် ကျွန်မ ကူဖုန်းအာက ရှင့်ကို သေချာပေါက် အလွှတ်ပေးမှာမဟုတ်ဘူး.. အစ်ကိုကျန်းချန် သွားကြစို့”

ထိုစကားကို ပြောပြီးသည်နှင့် ကူဖုန်းအာသည် ကျန်းချန်၏ လက်ကိုဆွဲကာ ကျန်းယွိ၏ နံဘေးကနေ အလျင်အမြန် ထွက်ခွာလာခဲ့သည်။

ထွက်ခွာသွားသော ကျန်းချန်တို့ နှစ်ဦး၏ ကျောပြင်ကို ငေးကြည့်ရင်း ကျန်းယွိ၏ အမူအရာသည် ချက်ချင်းပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။

သူက လူသားဧကရာဇ်ဓား၏ အပိုင်းအစကို အလွန်အမင်း လိုချင်နေသည်မှာ သံသယဖြစ်စရာ မရှိပေ။

သို့သော်လည်း သူယခု ရောက်ရှိနေသည်မှာ ထျန်းကျီမြို့တော်တွင် ဖြစ်၍ ကျန်းယွိသည် လက်ရဲဇက်ရဲ မပြုလုပ်ဝံ့ပေ။

မည်သို့ပင် ဖြစ်စေကာမူ ထျန်းကျီမျှော်စင်သည် အလွန်တရာအစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သော အင်အားစု ဖြစ်ရာ သူ၏ အဆင့်အတန်းဖြင့်ပင် ထျန်းကျီမြို့တော်၏ စည်းမျဥ်းများကို မချိုးဖောက်ဝံ့ချေ။

ထို့အပြင် ကောင်းကင်ဖီးနစ် နတ်ဘုရားမသည် နတ်ဘုရင်တတိယအဆင့် ပါရမီရှင်တစ်ဦး ဖြစ်ပြီး သူမ၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် နတ်ဘုရင် စတုတ္ထအဆင့်ထက် မနိမ့်ကျသည်မှာ သေချာသလောက် ဖြစ်၏။

သူ့တွင် နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦး ရှိနေသော်လည်း ကူဖုန်းအာကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ မထင်ပေ။

“ဟေ့ကောင်.. မင်းငါ့ကို စောင့်နေလိုက်.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ ကောင်းကင်ဖီးနစ်နတ်ဘုရားမက မင်းကို ကာကွယ်ပေးထားရင်တောင် ငါ ကျန်းယွိရဲ့ လက်ထဲကနေ မင်းဘယ်တော့မှ မလွတ်မြောက်စေရဘူး”

ကျန်းယွိ၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

ယခုအခါ လူသားဧကရာဇ်ဓား၏ အပိုင်းအစကို တွေ့ရှိခဲ့ပြီဖြစ်ရာ မည်မျှပင် ပေးဆပ်ရပါစေ၊ သူ၏လက်ထဲသို့ ရောက်ရှိအောင် လုပ်ဆောင်ရပေလိမ့်မည် မဟုတ်ပါ‌လော။

“သခင်လေးကျန်းယွိ.. အနက်ရောင်ဝတ်စုံဝတ် လူငယ်က အဲဒီသတ္တုအပိုင်းအစရဲ့ ဇာစ်မြစ်ကို သိနေပုံပဲ”

ထိုအချိန်တွင် သူနှင့်အတူ လိုက်ပါလာသည့် နတ်ဘုရင်စတုတ္ထအဆင့်အကြီးအကဲက ရုတ်တရက် ပြောဆိုလိုက်သည်။

ကျန်းယွိက နတ်ဘုရင်စတုတ္ထအဆင့် အကြီးအကဲကို မယုံကြည်နိုင်သော အမူအရာဖြင့် ချက်ချင်းဆိုသလို လှည့်ကြည့်လိုက်သည်။

“အဲဒီကောင်က အဲဒီသတ္တုအပိုင်းအစကို လူသားဧကရာဇ်ဓားရဲ့အပိုင်းအစမှန်း သိနေတယ်လို့ ဆိုလိုချင်တာလား.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လူသားဧကရာဇ်ဓား ဆိုသည်မှာ သူတို့ ကျန်းမျိုးနွယ်စု ပိုင်ဆိုင်သော သန္ဓေတာအိုနတ်လက်နက် ဖြစ်သည်။

သူတို့ ကျန်းမျိုးနွယ်စုထဲမှာပင် ထိုသတ္တုအပိုင်းအစကို လူသားဧကရာဇ်ဓား၏ အပိုင်းအစမှန်း သိမြင်နိုင်သူ လက်ချိုးရေတွက်ရအောင် ရှားပါးလှသည်။

သို့ဖြစ်ရာ ထိုကောင်လေးသည် ထိုသတ္တုအပိုင်းအစ၏ ဇာစ်မြစ်ကို မည်ကဲ့သို့ သိနိုင်ပါအံ့နည်း။

နတ်ဘုရင် စတုတ္ထအဆင့် အကြီးအကဲက လေးနက်စွာ ပြောလိုက်သည်။

“အဲဒီကောင်ကလည်း ကျန်းမျိုးနွယ်စုဝင် တစ်ယောက်ဖြစ်ဖို့များတယ်”

“ဒါတော့ မဖြစ်နိုင်ဘူး”

ကျန်းယွိက ခေါင်းခါရမ်း၍ ပြောလိုက်သည်။

“အဲဒီကောင်မှာ ကျန်းမျိုးနွယ်စုရဲ့ သွေးမျိုးဆက် စွမ်းအားလုံးဝမရှိဘူး.. သူက ဘယ်လိုလုပ်ပြီး ကျန်းမျိုးနွယ်စုဝင် ဖြစ်နိုင်မှာလဲ”

“ဒီကောင်လေးက သူ့ရဲ့ သွေးမျိုးဆက်စွမ်းအားနဲ့ အရှိန်အဝါကို ဖုံးကွယ်ထားတာ ဖြစ်နိုင်လောက်တယ်.. ဒီကောင်လေးက လူသားဧကရာဇ်နန်းတော်ကို ပြန်ရောက်လာတဲ့ ဟိုလူနဲ့ အရမ်းတူနေတာကို သခင်လေးကျန်းယွိ သတိမထားမိဘူးလား”

အကြီးအကဲထံမှ ထိုစကားကို ကြားလျှင် ကျန်းယွိ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူက အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ပုံသဏ္ဌာန်ကို ချက်ချင်းဆိုသလို ပြန်မြင်ယောင်ကြည့်လိုက်ရာ သူ၏ မှတ်ဥာဏ်ထဲရှိ အသွင်အပြင်တစ်ခုနှင့် ထပ်တူကျနေသည်ကို တွေ့လိုက်ရသည်။

“ကျန်းဝူရနဲ့ ဆင်လှချည်လား”

အစောပိုင်းက အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် လူသားဧကရာဇ်နန်းတော်ကို ပြန်လည် ရောက်ရှိလာခဲ့သည့် ကျန်းဝူရနှင့် တစ်စုံတစ်ရာ ပတ်သက်နေပါသလော။

ထိုသို့တွေးမိသည်နှင့် ကျန်းယွိ၏ မျက်နှာသည် ပို၍ပင် သုန်မှုန်လာခဲ့သည်။

အကယ်၍ အနက်ရောင်ဝတ်စုံဝတ် လူငယ်သာ ကျန်းဝူရ၏ မျိုးဆက်ဖြစ်ပြီး လူသားဧကရာဇ်ဓား၏ အပိုင်းအစသည် ထိုလူငယ်၏ လက်ထဲ ရောက်ရှိနေသည်ဆိုလျှင် ထိုလူငယ်သာ လူသားဧကရာဇ်နန်းတော်သို့ ရောက်ရှိသွားပါက သူ့အတွက် ဆိုးရွားသော အကျိုးသက်ရောက်မှုများ ရှိလာနိုင်ပေသည်။

“အကြီးအကဲခွန်.. အခုချက်ချင်း အဲဒီကောင်နဲ့ ပတ်သက်တဲ့အကြောင်းတွေကို စုံစမ်းပေးပါ.. အဲဒီကောင်နဲ့ ပတ်သက်တဲ့သတင်းအချက်အလက် မှန်သမျှကို ကျွန်တော်အမြန်ဆုံး သိချင်တယ်”

ကျန်းယွိက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

အကယ်၍ ထိုကောင်လေးသာ ကံကောင်းထောက်မ၍ လူသားဧကရာဇ်ဓား၏ အပိုင်းအစကို ရရှိသွားခြင်းဖြစ်လျှင် ကောင်းကင်ဖီးနစ် နတ်ဘုရားမက အကာအကွယ်ပေးထားလျှင်ပင် ကျန်းယွိသည် သိပ်ဂရုစိုက်နေမည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေကာမူ ကောင်းကင်ဖီးနစ် နတ်ဘုရားမသည် ထိုကောင်လေးကို ခဏတဖြုတ်သာ ကာကွယ်ပေးနိုင်မည် ဖြစ်ပြီး တစ်သက်လုံး ကာကွယ်ပေးနိုင်မည် မဟုတ်ချေ။

ကောင်းကင်ဖီးနစ် နတ်ဘုရားမက ထိုကောင်လေးနားက ထွက်သွားသည်နှင့် လူသားဧကရာဇ်ဓား၏ အပိုင်းအစကို သူ့အနေဖြင့် အလွယ်တကူ ပြန်ယူနိုင်သည် မဟုတ်ပါလော။

သို့သော်လည်း အကယ်၍သာ ထိုကောင်လေးသည် ကျန်းဝူရ၏ မျိုးဆက် ဖြစ်နေခဲ့လျှင် သူ့အနေဖြင့် သတိထား၍ သေချာပေါက် ကိုင်တွယ်ရပေတော့မည်။

“သခင်လေးကျန်းယွိ စိတ်မပူပါနဲ့.. ကျွန်တော် လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ပါ့မယ်.. ဒါပေမဲ့ ကျွန်တော်တို့ ထျန်းကျီမျှော်စင်ကို အရင်သွားရလိမ့်မယ်.. ကျွန်တော်တို့တွေ ဒီတစ်ခေါက် လာရတဲ့ ရည်ရွယ်ချက်ကို သခင်လေးကျန်းယွိ မမေ့လိုက်ပါနဲ့”

နတ်ဘုရင်စတုတ္ထအဆင့် အကြီးအကဲက သတိပေးလိုက်သည်။

“ကောင်းပြီ.. ထျန်းကျီမျှော်စင်ရဲ့ ဌာနချုပ်ကို အရင်သွားကြတာပေါ့”

“အစ်ကိုကျန်းချန်.. ကျန်းယွိကို သတိထားမှဖြစ်မယ်”

ကျန်းယွိက ကျန်းချန်တို့ ပျောက်ကွယ်သွားသည့် နေရာကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ချာခနဲလှည့်ကာ ထျန်းကျီမြို့တော်၏ ဗဟိုချက်တွင် ရှိသည့် ထျန်းကျီမျှော်စင် ရှိရာသို့ ဦးတည်ကာ ထွက်ခွာလာခဲ့သည်။

“အဲဒီကောင်က သူ့ရဲ့ ရည်မှန်းချက် မအောင်မြင်မချင်း ဘယ်လိုနည်းလမ်းမျိုးကိုမဆို အသုံးပြုလာမှာ အသေအချာပဲ.. လူသားဧကရာဇ်နန်းတော်ရဲ့ ကျန်းမျိုးနွယ်စုဝင် တစ်ယောက်အနေနဲ့ သူက အဲဒီ သတ္တုအပိုင်းအစကို လူသားဧကရာဇ်ဓားရဲ့ သတ္တုအပိုင်းအစ ဆိုတာ သိသွားလောက်ပြီ.. ဒါကြောင့် သူ အလွယ်တကူ လက်လွှတ်ခံမှာ မဟုတ်ဘူး”

ကူဖုန်းအာက ကျန်းချန်ကို ခေါ်ထုတ်လာပြီးနောက်တွင် ကတိပေးစကား ဆိုလိုက်သည်။

ကျန်းချန်၏ စွမ်းရည်ဖြင့်သာဆိုလျှင် ကျန်းယွိသည် ကျန်းချန်ကို ဘာမှလုပ်ဆောင်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ကျန်းယွိ၏ နောက်ကွယ်တွင် လူသားဧကရာဇ်နန်းတော် ကဲ့သို့ အင်အားကြီး အဖွဲ့အစည်း ရှိနေခဲ့သည်။

“စိတ်မပူပါနဲ့.. ငါသတိထားပါ့မယ်”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

တစ်ချိန်က နတ်ကုန်းမြေတိုက်ကို လွှမ်းမိုးခဲ့သော လူသားဧကရာဇ်နန်းတော်ကို ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကဲ့သို့ အင်အားတောင့်တင်းသော မျိုးနွယ်စုပင်လျှင် သတိထား၍ ဆက်ဆံရ၏။

သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ် အနည်းငယ် ဖြစ်ပေါ်လာခဲ့၏။

သူက ကျန်းယွိ ထံမှတစ်ဆင့် သူ့ဖခင် ကျန်းဝူရ၏ အကြောင်းကိုစုံစမ်းရန် စီစဥ်ထားပြီးသား ဖြစ်သည်။

ဆိုရလျှင် ကျန်းယွိက သူ့ထံသို့ လာမရှာလျှင်ပင် သူက ကျန်းယွိကို အရင်သွားရှာမည် ဖြစ်၏။

အကယ်၍ သူသာ လူသားဧကရာဇ်ဓား၏ အပိုင်းအစမှတစ်ဆင့် ကျန်းယွိကို သူ့အနားသို့ ဆွဲဆောင်နိုင်မည် ဆိုလျှင် ယင်းသည် သူ့အတွက် အလုပ်ရှုပ် သက်သာစေလိမ့်မည် မဟုတ်ပါလော။

ထို့နောက်တွင် ကျန်းချန်တို့ နှစ်ဦးသားသည် ထျန်းကျီမြို့တော်အတွင်း တစ်ခဏမျှ လှည့်ပတ် ကြည့်ရှုခဲ့ကြသည်။

သို့သော်လည်း ကျန်းချန်သည် လူသားဧကရာဇ်ဓား၏ အပိုင်းအစများနှင့် ထပ်မံ မတွေ့ခဲ့ရပေ။

ဆန့်ကျင်ဘက်အနေဖြင့် ကူဖုန်းအာကမူ အလွန်တရာ ရှားပါးသော ဖီးနစ်သစ်ပင်၏ အကိုင်းအခက် တစ်ခုကို လဲလှယ်ရရှိခဲ့သည်။

ဤဖီးနစ်သစ်ကိုင်းကို နတ်ဘုရင် နဝမအဆင့် ရှိသည့် မီးဖီးနစ်၏ နေထိုင်ရာ အရပ်ကနေ ရရှိခဲ့ခြင်း ဖြစ်ပြီး ထိုအထဲတွင်ပါဝင်သော နတ်စွမ်းအားသည် ကူဖုန်းအာ၏ ကျင့်ကြံခြင်းကို ကြီးမားသော အထောက်အပံ့ ဖြစ်စေနိုင်၏။

“အစ်ကိုကျန်းချန်.. သတင်းရပြီ”

ကူဖုန်းအာက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ကျင့်ကြံသူထံကနေ အဆုံးသတ်၌ သတင်းထူးကို ရရှိခဲ့ပြီး အံ့အားသင့်သော အမူအရာဖြင့် ကျန်းချန်ကို ပြောလိုက်သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။

“ဖုန်းအာ.. လနတ်ကျောက်တုံးရဲ့ သတင်းလား”

“အစ်ကိုကျန်းချန်.. လနတ်ကျောက်တုံးရဲ့ သတင်းကို ထျန်းကျီမျှော်စင်က သီးသန့်ရောင်းမှာ မဟုတ်ဘူးတဲ့”

ကူဖုန်းအာက နှုတ်ခမ်းများကို တွန့်ကွေးကာ ပြောလိုက်သည်။

"အကြီးအကဲကျန်းရဲ့ ပြောစကားအရတော့ လနတ်ကျောက်တုံးရဲ့ သဲလွန်စကို သိချင်ရင် သိပ်မကြာခင်မှာ ကျင်းပမဲ့ ထျန်းကျီမျှော်စင်ရဲ့ လေလံပွဲကို သွားကြည့်သင့်တယ်တဲ့”

ကျန်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

“လေလံပွဲကို သွားကြည့်ရမယ်ဟုတ်လား”

ထျန်းကျီမျှော်စင်သည် လနတ်ကျောက်တုံး၏ သတင်းကိုလေလံပွဲတွင် လူသိရှင်ကြား လေလံတင်ရန် စီစဥ်ထားခြင်း ဖြစ်နိုင်ပါသလော။

ကျန်းချန်၏ စိတ်ထဲတွင် အနည်းငယ် လေးလံသွားခဲ့သည်။

အကယ်၍ ထိုအတိုင်းသာ မှန်ကန်မည်ဆိုလျှင် လနတ်ကျောက်တုံး သတင်းကို ရရှိရန်သည် သူ့အတွက် ပို၍ ခက်ခဲသွားလိမ့်မည်မှာ သေချာသလောက်ပင်။

“သွားကြစို့ အစ်ကိုကျန်းချန်.. ညီမလေးတို့ ထျန်းကျီမျှော်စင်ရဲ့လေလံပွဲကို သွားတက်ကြမယ်”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

သူ၏မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားခဲ့၏။

ထျန်းကျီမျှော်စင်က လနတ်ကျောက်တုံး သတင်းကို လူသိရှင်ကြား လေလံတင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ ယခုတစ်ခေါက်တွင် သူသည် လနတ်ကျောက်တုံးနှင့်ပတ်သက်သည့် သတင်းကို သေချာပေါက် ရရှိအောင် လုပ်ဆောင်မည်ဖြစ်၏။

အခန်း(၂၂၂၂)ပြီး၏။

All Chapters