အခန်း (၂၂၂၃-၂၂၂၄)
Vol. 163 Ch. 2223-2224
အခန်း(၂၂၂၃)
ထျန်းကျီမြို့တော်၏ ဗဟိုချက်တွင် မီတာရာပေါင်းများစွာ မြင့်မားသော အဆောက်အဦးကြီးတစ်ခု ထီးထီးကြီး တည်ရှိနေခဲ့သည်။
ထိုအဆောက်အဦးကြီးကို မည်သည့်အရာမှန်း မသိရသော လျှို့ဝှက်ဆန်းကြယ်သည့် အပြာရောက် ကျောက်တုံးများဖြင့် တည်ဆောက်ထားသည်။
ရှေးခေတ်ကာလ၏ အရှိန်အဝါများသည် ထိုအဆောက်အဦးအတွင်း ပျံ့နှံ့နေခဲ့ပြီး ထာဝရတည်တံ့နေမည့် အလား မြင်ရသူကို လျှို့ဝှက်ဆန်းကြယ်၍ ခန့်မှန်းရခက်သော ခံစားချက်ကို ပေးစွမ်းနေခဲ့၏။
ဆိုရလျှင် ထိုကြီးမားသော အဆောက်အဦးသည် ထျန်းကျီမျှော်စင်၏ ဌာနချုပ်ပင် ဖြစ်သည်။
ကျန်းချန်နှင့် ကူဖုန်းအာတို့ ထျန်းကျီမျှော်စင်၏ အပြင်ဘက်သို့ ရောက်ရှိလာချိန်တွင် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကျန်းချန်တို့နှစ်ဦးကို လာရောက် ကြိုဆိုခဲ့သည်။
ထို အနီရောင်ဝတ်စုံ ကိုဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ ကျင့်ကြံခြင်းအဆင့်သည် မမြင့်မားပေ။
၎င်းက ကောင်းကင်အရှင် အဆင့်သာ ရှိသော်လည်း ခန္ဓာကိုယ်ကနေ ပြင်းထန်သောဆေးရနံ့များ ခပ်ရေးရေး ထွက်ပေါ်နေသဖြင့် ဆေးဝါးများနှင့် အမြဲတစေ ထိတွေ့နေရသော အဂ္ဂိရတ်သခင်တစ်ဦး ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။
အနီရောင်ဝတ်စုံဝတ် အမျိုးသားက ကျန်းချန်တို့၏ ရှေ့သို့ လျှောက်လာခဲ့ပြီး ကူဖုန်းအာကို ဦးညွှတ်၍ ပြောလိုက်သည်။
“နတ်ဘုရားမ ကျွန်တော့်နာမည်က ရှယန်ရှန်းပါ.. ဆရာ့ရဲ့အမိန့်နဲ့ နတ်ဘုရားမကို ဒီနေရာမှာ စောင့်နေတာပါ”
ကူဖုန်းအာက ပြုံး၍ ပြောလိုက်သည်။
“ကျွန်မကို လာကြိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“နတ်ဘုရားမက အားနာလွန်းနေပါပြီ.. ထျန်းကျီမျှော်စင်ရဲ့လေလံပွဲက သိပ်မကြာခင်မှာ စတင်တော့မှာမို့ ကျွန်တော် အထဲကို ခေါ်သွားပေးပါရစေ”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ရှယန်ရှန်းသည် ကျန်းချန်တို့နှစ်ဦးကို ထျန်းကျီမျှော်စင် အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် ကူဖုန်းအာသည် ရှယန်ရှန်း၏ အထောက်အထားကို ကျန်းချန်အား ရှင်းပြခဲ့သည်။
ရှယန်ရှန်းသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ အကြီးအကဲတစ်ဦး၏ တပည့် ဖြစ်သည်။
ထိုအကြီးအကဲ၏ နာမည်မှာ ဖုန်းချင်းယန် ဖြစ်ပြီး ကူဖုန်းအာ၏ ဆရာ ဖြစ်သူ ယွမ်ဖုန်းနတ်ဘုရင်နှင့် ခေတ်ပြိုင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကာ ပါရမီအရာတွင်လည်း ယွမ်ဖုန်းနတ်ဘုရင်ထက်ပင် ပို၍ ကောင်းမွန်ခဲ့သည်။
သို့သော်လည်း အကြီးအကဲ ဖုန်းချင်းယန်သည် အဂ္ဂိရတ်အပေါ်တွင်သာ စွဲလမ်းနှစ်သက်ပြီး ရှေးဟောင်နတ်ဖီးနစ် မျိုးနွယ်စု၏ ကိစ္စရပ်များကို လုံးဝ စိတ်မဝင်စားသလောက်ပင် ဖြစ်၏။
ဆိုရလျှင် အကြီးအကဲဖုန်းချင်းယန်၏ အဂ္ဂိရတ်လမ်းစဥ်တွင် ရရှိထားသော အောင်မြင်မှုများသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိနေခဲ့ချေပြီ။
နတ်ကုန်းမြေတိုက်တွင် ဆေးလုံး အဆင့်အတန်းကို ၁၂ဆင့် ခွဲခြားထားသည်။
ဖုန်းချင်းယန်သည် လွန်ခဲ့သော နှစ်ပေါင်း သိန်းချီကတည်းကပင် လောကတွင် အကောင်းဆုံး ဖြစ်သည့် အဆင့်၁၁ ဆေးလုံးများကို ဖော်စပ်နိုင်ခဲ့သူ ဖြစ်၏။
သို့သော်လည်း ဖုန်းချင်ယန်သည် ထိုအဆင့်နှင့် မကျေနပ်နိုင်သေးဘဲ ဒဏ္ဍာရီလာ အဆင့်၁၂ ဆေးလုံးများကို ဖော်စပ်ချင်ခဲ့သည်။
ရှေးခေတ်ကာလကတည်းကနေ အမွေဆက်ခံလာခဲ့သော မျိုးနွယ်စုကြီးတစ်ခု ဖြစ်သည့်အလျောက် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် အဆင့် ၁၂ဆေးလုံးကို ဖော်စပ်သည့် ဆေးညွှန်းတစ်ခု ကျန်ရှိနေခဲ့သည်။
သို့သော်လည်း အဆင့် ၁၂ ဆေးလုံးကို ဖော်စပ်ရန် ကုန်ကြမ်းများသည် အလွန်တရာ ရှားပါးသော မှော်ဆေးပင်များဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ထို့ကြောင့် အဆင့် ၁၂ ဆေးလုံးကို ဖော်စပ်ရန်အတွက် လိုအပ်သည့် ဆေးဖက်ဝင် ပစ္စည်းများကို စုဆောင်းရန် ဖုန်းချင်းယန်သည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကနေ ထွက်ခွာလာခဲ့ပြီး ထျန်းကျီ မြို့တော်သို့ ရောက်ရှိလာခဲ့ကာ ဤနေရာတွင် နှစ်ပေါင်း တစ်သိန်းတိုင်တိုင် နေထိုင်ခဲ့သည်။
ကူဖုန်းအာ၏ ရှင်းပြမှုကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
နတ်ကုန်းမြေတိုက်တွင် အဆင့် ၁၁ ဆေးလုံးများကို နတ်ဘုရင်အဆင့်ဆေးလုံးအဖြစ် သတ်မှတ်ထားပြီး ထိုဆေးလုံးများသည် နတ်ဘုရင်အဆင့် ကျင့်ကြံသူများ အပေါ်တွင် အလွန်တရာ သက်ရောက်မှု ပေးစွမ်းနိုင်စွမ်း ရှိသည်။
အဆင့် ၁၂ ဆေးလုံးကမူ နတ်ဘုရင်အဆင့် ဆေးလုံးကိုပင် ကျော်လွန်သော တည်ရှိမှု ဖြစ်၏။
ရှေးခေတ်မှတ်တမ်းများအရ အဆင့် ၁၂ ဆေးလုံးတိုင်းသည် မယုံကြည်နိုင်လောက်သော စွမ်းအားများ ရှိကြပြီး အစွမ်းထက် အရှင်သခင်တစ်ပါးကိုပင် ဖန်တီးပေးနိုင်စွမ်းရှိသည်ဟု ဆိုကြသည်။
သို့သော်လည်း အဆင့် ၁၂ ဆေးလုံးဆိုသည်မှာ အုပ်စိုးသူအဆင့်ကဲ့သို့ပင် နတ်ကုန်းမြေတိုက်တွင် ဒဏ္ဍာရီတစ်ခုလို ဖြစ်လာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
ထို့ကြောင့်လည်း ဖုန်းချင်းယန်သည် ဒဏ္ဍာရီလာ အဆင့် ၁၂ ဆေးလုံးကို အရူးအမူး ဖော်စပ်လိုနေခဲ့ခြင်း ဖြစ်သည်။
ရှယန်ရှန်းသည် ဆရာဖြစ်သူ ဖုန်းချင်းယန်နှင့် အတူ ထျန်းကျီမြို့တော်တွင် တစ်နှစ်ပတ်လုံး နေထိုင်လာခဲ့သူ ဖြစ်ရာ ထျန်းကျီမျှော်စင်၏ ဌာနချုပ်နှင့် ပတ်သက်၍ အလွန်တရာပင် ရင်းနှီးကျွမ်းဝင်နေခဲ့သည်။
သူက ကျန်းချန် တို့ကို ထျန်းကျီမျှော်စင်၏ တတိယထပ်သို့ တိုက်ရိုက်ပင် ခေါ်ဆောင်သွားခဲ့သည်။
တတိယထပ်ရှိ ခန်းမတစ်ခုတွင် ကျန်းချန်သည် ခန်းမအဝင်ဝကို စောင့်ကြပ်နေသည့် အနက်ရောင် သံချပ်ဝတ်စုံဝတ် အစောင့်နှစ်ဦးကို တွေ့လိုက်ရသည်။
ထိုအစောင့်နှစ်ဦးသည် ဓားများကို ကိုင်ဆောင်ထားပြီး ရုပ်ထုနှစ်ခုအလား လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်စွာ ရပ်နေခဲ့ကြသည်။
ထိုအစောင့်နှစ်ဦး၏ ခန္ဓာကိုယ်ကနေ အလွန်တရာ အစွမ်းထက်သော မဟာလမ်းစဥ် အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
ဆိုရလျှင် ၎င်းတို့သည် နတ်ဘုရင်တတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။
ထိုကဲ့သို့ ကျင့်ကြံသူများသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုကဲ့သို့ ထိပ်သီး အင်အားစုများတွင်ပင် အနည်းဆုံး အကြီးအကဲ အဆင့်တွင် ရှိကြသည်။
သို့သော်လည်း ထျန်းကျီမျှော်စင်ကမူ လေလံပွဲတွင် တံခါးစောင့်ရန် အတွက် နတ်ဘုရင် တတိယအဆင့် နှစ်ဦးကို စေလွှတ်ထားခဲ့သည်။
ဤအချက်ကိုကြည့်၍ ထျန်းကျီမျှော်စင်၏ အဆင့်အတန်းက မည်မျှ မြင့်မားကြောင်း သိရှိနိုင်ပေသည်။
ထျန်းကျီမျှော်စင်မှ ကျင်းပပြုလုပ်သော လေလံပွဲသို့ လူတိုင်းဝင်ရောက်နိုင်မည် မဟုတ်ဘဲ ထျန်းကျီမျှော်စင်၏ အထူးဖိတ်စာ ရရှိသူများသာ ဝင်ရောက်ခွင့် ရှိကြသည်။
ဖုန်းချင်းယန် ကဲ့သို့ ပုဂ္ဂိုလ်မျိုးအတွက် ထျန်းကျီမျှော်စင်ထံကနေ အထူး ဖိတ်စာကို ရရှိရန်မှာ သဘာဝကျစွာပင် မခက်ခဲပေ။
ရှယန်ရှန်းက ကျန်းချန်တို့ နှစ်ဦးကို ဦးဆောင်၍ ခေါ်သွားခဲ့ပြီး တံခါးစောင့်နှစ်ဦးကို “ထျန်းကျီ”ဟူသော စာလုံးအား ရေးထိုးထားသည့် တံဆိပ်ပြားတစ်ခု ထုတ်ပြလိုက်သည်။
“ကြွပါ”
အစောင့်နှစ်ဦးက ရှယန်ရှန်း၏ လက်ထဲမှ တံဆိပ်ပြားကို မြင်လျှင် ဖော်ရွေသော အမူအရာဖြင့် အထဲသို့ ဖိတ်ခေါ်လိုက်သည်။
ခန်းမ၏ ဗဟိုတွင် ကြီးမားသော ကျောက်စင်မြင့်ကြီး တစ်ခုရှိနေခဲ့ပြီး ထိုကျောက်စင်မြင့်ကြီးကို ဝိုင်းရံထားသော ကျောက်ကုလားထိုင် များစွာလည်း ရှိနေခဲ့သည်။
ထိုကျောက်ကုလားထိုင်များပေါ်တွင် ထိုင်နေကြသော လူများစွာ ရှိနှင့်နေပြီ ဖြစ်၏။
ထိုလူများ၏ အရှိန်အဝါများသည် အားမနည်းလှပေ။
ကျန်းချန်က အကဲခတ်လိုက်ရာ ထိုကျောက်ကုလားထိုင်များပေါ်တွင် နတ်ဘုရင်ဆယ်ဦးထက်မနည်း ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။
နတ်ဘုရင်အဆင့် ကျင့်ကြံသူများ အပြင် ကျန်ရှိသူ အများစုသည် ကောင်းကင်အရှင်အဆင့်ကို ရောက်ရှိနေသော လူငယ်ပါရမီရှင်များ ဖြစ်ကြသည်။
ကျန်းချန်သည် ရင်းနှီးသော အရှိန်အဝါသုံးခုကိုပင် တွေ့ရှိခဲ့သည်။
ထိုသုံးဦးမှာ သူ၏ လူသားဧကရာဇ်ဓား အပိုင်းအစကို လိုချင်တပ်မက်ခဲ့ကြသော ကျန်းယွိတို့ သုံးဦးပင် ဖြစ်သည်။
“ဒီကောင်လည်း ထျန်းကျီမျှော်စင်ရဲ့လေလံပွဲကို လာလိမ့်မယ်လို့ မထင်ထားမိဘူး”
ကျန်းယွိတို့ သုံးဦးကိုမြင်လျှင် ကျန်းချန်၏ အမူအရာသည် အနည်းငယ် လေးနက်သွားခဲ့သည်။
ကျန်းချန်တို့သုံးဦး ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ခန်းမအတွင်းရှိ လူအများအပြား၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
အထူးသဖြင့် ကူဖုန်းအာ၏ အစွမ်းထက် အရှိန်အဝါကို ခံစားမိပြီးနောက်တွင် ၎င်းတို့သည် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။
ဆိုရလျှင် ကူဖုန်းအာ ကဲ့သို့ အသက်အရွယ်ဖြင့် နတ်ဘုရင်အဆင့်သို့ ရောက်ရှိခြင်းသည် နတ်ကုန်းမြေတိုက် တစ်ခုလုံးမှာပင် အလွန်တရာ ရှားပါးသောကြောင့် ဖြစ်သည်။
ထိုအကြည့်များနှင့် ပတ်သက်၍ ကျန်းချန်တို့ သုံးဦးသည် သဘာဝကျစွာပင် ဂရုမစိုက်ခဲ့ကြပေ။
သူတို့က တိတ်ဆိတ်သော နေရာတစ်ခုကို ရွေးချယ်ကာ ထိုင်လိုက်ကြသည်။
“စီနီယာအစ်ကိုရှ.. လေလံပွဲနဲ့ ပတ်သက်ပြီး ဘာတွေသိထားတာရှိလဲ”
လေလံပွဲ မစသေးသည်ကိုမြင်လျှင် ကူဖုန်းအာသည် နံဘေးရှိ ရှယန်ရှန်းကို မေးလိုက်သည်။
“ဆရာက ဆေးဖက်ဝင် ပစ္စည်းအချို့ကို စုဆောင်းဖို့ လိုအပ်နေတဲ့အတွက် ကျွန်တော်က ထျန်းကျီမျှော်စင်ရဲ့ လေလံပွဲတိုင်းကို အာရုံစိုက်နေကြပါ”
ရှယန်ရှန်းက ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
“ကျွန်တော် သိထားသလောက်ဆိုရင် ဒီလေလံပွဲမှာ ပစ္စည်းကောင်းတွေ အများကြီးကို လေလံတင်လိမ့်မယ်.. အဓိကပစ္စည်းကတော့ ပျောက်ကွယ်နေတာ ကြာပြီဖြစ်တဲ့ မဟာလမ်းစဥ်ဆေးလုံးပဲ.. ဒီကိုလာကြတဲ့ ပရိသတ်အများစုက ဒီဆေးလုံးအတွက် လာကြတာပဲ”
“မဟာလမ်းစဥ်ဆေးလုံး ဟုတ်လား”
ရှယန်ရှန်း၏စကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် တုန်လှုပ်သွားမိသည်။
ထိုဆေးလုံးသည် အလွန်တရာ ရှားပါးသော အဆင့် ၁၁ ဆေးလုံးဖြစ်သည်။
ကျန်းချန်နှင့် ကူဖုန်းအာ တို့သည် မဟာလမ်းစဥ်ဆေးလုံးနှင့်ပတ်သက်၍ သဘာဝကျစွာပင် ကြားဖူးခဲ့ကြသည်။
ဆေးလုံး၏ အာနိသင်သည် အလွန် ထူးခြားဆန်းပြားပြီး ကောင်းကင်အရှင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးကို နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာစေရန် ၁၀၀ ရာခိုင်နှုန်း အထောက်အပံ့ ပေးနိုင်သည်ဟု ဆိုကြသည်။
ရှေးခေတ်ကာလက နတ်ဘုရားနယ်မြေတွင် နတ်ဘုရင်အဆင့်ကျင့်ကြံသူ အလွန်တရာ များပြားခဲ့သည့် အဓိကအကြောင်းအရင်းမှာ မဟာလမ်းစဥ်ကောင်းကင်ဆေးလုံးကြောင့်ဖြစ်သည်။
ကံဆိုးစွာဖြင့် ရှေးခေတ်ကာလက မဟာကပ်ဘေးကြီး ကျရောက်လာပြီးနောက်တွင် မဟာလမ်းစဥ်ဆေးလုံး ဖော်စပ်နည်းသည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ယခု ထျန်းကျီမျှော်စင်ကနေ လေလံတင်မည့် မဟာလမ်းစဥ်ဆေးလုံးသည် ရှေးခေတ်ကာလကနေ ကျန်ရှိနေခဲ့သောဆေးလုံး ဖြစ်နိုင်ခြေ အလွန်များ၏။
ကျန်းချန်က ယခုတစ်ကြိမ် လေလံပွဲတွင် ကောင်းကင်အရှင်အဆင့် လူငယ်ပါရမီရှင်များစွာ အဘယ်ကြောင့်ပေါ်လာသည်ကို အဆုံးသတ်၌ နားလည်သွားခဲ့သည်။
ဆိုရလျှင် လူသားဧကရာဇ်နန်းတော်မှ ကျန်းယွိပင်လျှင် မဟာလမ်းစဥ် ကောင်းကင်ဆေးလုံး အတွက် ဤနေရာသို့ ရောက်လာခြင်း ဖြစ်နိုင်လောက်၏။
အခန်း(၂၂၂၃)ပြီး၏။
အခန်း(၂၂၂၄)
မဟာလမ်းစဥ်ဆေးလုံးသည် ကောင်းကင်အရှင်အထွတ်အထိပ်အဆင့်မှ နတ်ဘုရင်အဆင့်သို့ တစ်ရာ ရာခိုင်နှုန်း ရောက်ရှိစေနိုင်သည့် ကောင်းကင်ကိုပင် အလွန်အမင်း ဆန့်ကျင်နေသော နတ်ဆေးလုံး ဖြစ်သည်။
ဆိုရလျှင် နတ်ဘုရားနယ်မြေတစ်ခုလုံးရှိ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ မည်သူမဆို မဟာလမ်းစဥ်ဆေးလုံး၏ ဆွဲဆောင်မှုကို တွန်းလှန်နိုင်စွမ်း မရှိသလောက်ပင်။
ကောင်းကင်အရှင်အဆင့်ကနေ နတ်ဘုရင်အဆင့်ကို ထိုးဖောက်ရန်သည် အလွန်တရာပင် ခက်ခဲသည်။
နတ်ဘုရားနယ်မြေတွင် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ အနည်းဆုံး ကိုးဆယ် ရာခိုင်နှုန်းခန့်သည် သူတို့၏ တစ်သက်တာလုံး အားထုတ်သည့်တိုင် မဟာလမ်းစဥ်ကို သဘောပေါက်၍ နတ်ဘုရင်အဆင့်သို့ ထိုးဖောက်ရန် ခက်ခဲကြလေ့ ရှိသည်။
အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းထဲရှိ ပါရမီရှင်များပင်လျှင် နတ်ဘုရင်အဆင့်ကို ထိုးဖောက်နိုင်လိမ့်မည်ဟု ၁၀၀ ရာခိုင်နှုန်း စိတ်မချရပေ။
ထိုအချက်ကြောင့်လည်း မဟာလမ်းစဥ်ဆေးလုံးသည် ပို၍ပင် တန်ဖိုးကြီးမားခြင်း ဖြစ်သည်။
သို့ရာတွင် မဟာလမ်းစဥ်ဆေးလုံးသည် ရှားပါး၍ အဖိုးတန်သော အနှိုင်းမဲ့ဆေးလုံး ဖြစ်သော်လည်း ကျန်းချန်တို့ နှစ်ဦးအတွက်မူ ဆွဲဆောင်မှု သိပ်မရှိလှပေ။
ကူဖုန်းအာသည် နတ်ဘုရင်အဆင့်ကို ထိုးဖောက်ပြီးသား ဖြစ်ရာ မဟာလမ်းစဥ်ဆေးလုံးသည် သဘာဝကျစွာပင် သူမအတွက် အဓိပ္ပါယ်သိပ်မရှိပေ။
ကျန်းချန်အတွက်မူ ခန္ဓာကိုယ်ထဲတွင် အဆ ၁၀၀ စနစ် ရှိနေ၍ အဆင့်တစ်ဆင့်မှ တစ်ဆင့်သို့ ထိုးဖောက်သည့် အခါတိုင်းတွင် မည်သည့် ကန့်သတ်ချက်မှ မရှိချေ။
ဆိုရလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်အရှင်အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် နတ်ဘုရင်အဆင့်သို့ ထိုးဖောက်ရန်မှာ လေပြေတစ်ချက်ဝှေ့ယမ်းလိုက်သကဲ့သို့ပင် လွယ်ကူလှ၏။
ထို့ကြောင့် ကျန်းချန်က မဟာလမ်းစဥ် ဆေးလုံးကို ဂရုစိုက်မနေဘဲ အဓိကကျသော မေးခွန်းတစ်ခုကို တိုက်ရိုက်ပင် မေးလိုက်သည်။
“အစ်ကိုရှ.. ဒီလေလံပွဲမှာ လနတ်ကျောက်တုံးလို့ ခေါ်တဲ့ ပစ္စည်းပါလား”
“ကျွန်တော် ထျန်းကျီမျှော်စင်ရဲ့ လေလံပစ္စည်းကို စစ်ကြည့်ပြီးပြီ.. ဒါပေမဲ့ ညီနောင်ရှာနေတဲ့ လနတ်ကျောက်တုံးကိုတော့ မတွေ့မိဘူး”
ရှယန်ရှန်းက ခေါင်းခါရမ်းလိုက်ပြီး ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ ဆရာက လေလံပွဲမှာ လနတ်ကျောက်တုံးနဲ့ ပတ်သက်တဲ့ သဲလွန်စ ရှိလိမ့်မယ်လို့ ပြောခဲ့မှတော့ သေချာပေါက်ရှိမှာပါ”
ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး နောက်ထပ် ဘာစကားမျှထပ်မပြောတော့ဘဲ လေလံပွဲ စတင်တော့မည့် အချိန်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။
ဤကဲ့သို့ တိတ်တဆိတ် စောင့်ဆိုင်းရင်းဖြင့်ပင် တစ်နာရီဟူသော အချိန်သည် တိတ်တဆိတ် ကုန်ဆုံးသွားခဲ့သည်။
ယင်းအချိန်တွင် ခန်းမထဲသို့ ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာခဲ့ကြသည်။
အဆုံးသတ်တွင် ခန်းမတစ်ခုလုံး၌ လူတစ်ရာကျော် ရောက်ရှိနေခဲ့ပြီး ထိုအထဲတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ အနည်းဆုံး သုံးဆယ်ခန့် ပါဝင်နေခဲ့သည်။
ဤမြင်ကွင်းကိုမြင်လိုက်ရလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
ထျန်းကျီမျှော်စင်၏ လေလံပွဲသည် သတင်းကျော်ကြားသည့်အတိုင်းပင် ဤမျှများပြားသော အစွမ်းထက် ကျင့်ကြံသူများကို ဆွဲဆောင်နိုင်စွမ်း ရှိနေခဲ့၏။
“ဒေါင်..”
ကျန်းချန် အံ့အားသင့်နေစဥ်မှာပင် တိတ်ဆိတ်နေသော ခန်းမအတွင်း၌ သာယာကြည်လင်သော ခေါင်းလောင်းသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့၏။
မကြာမီမှာပင် ခန်းမအလယ်ဗဟိုရှိ ကျောက်စင်မြင့်ပေါ်တွင် ထူးခြားသော နေရာလွတ် လှိုင်းလုံးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပြီး ဆံပင်နှင့်မုတ်ဆိတ်များ ဖြူဖွေးနေသော အဘိုးအိုတစ်ဦး၏ ပုံရိပ်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုရုတ်တရက် ပေါ်ထွက်လာသော အဘိုးအိုကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် လေးနက်သွားခဲ့သည်။
“ဒီအဘိုးကြီးက အရှိန်အဝါ အတော်အားကောင်းတာပဲ”
သူ့ရှေ့မှ အဘိုးအို၏ စွမ်းရည်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မြောက်ပိုင်းမင်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည့် နတ်ဘုရင် ပဉ္စမအဆင့် ပိုင်မင်ဟန် ပင်လျှင် သူ့ရှေ့မှ အဘိုးအိုကို ယှဥ်နိုင်မည် မဟုတ်ပေ။
သူမြင်ဖူးသမျှ အစွမ်းထက် ကျင့်ကြံသူများထဲတွင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှ နတ်ဘုရင် သတ္တမအဆင့် အဘိုးကြီးသာလျှင် ဤလူကို ယှဥ်နိုင်လိမ့်မည်ဟု ထင်ရသည်။
သူ၏ ခန့်မှန်းချက်အရ ထိုအဘိုးအိုသည် အနည်းဆုံး နတ်ဘုရင် ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်နိုင်လောက်သည်။
လေလံပွဲတစ်ခုတွင် နတ်ဘုရင် တတိယအဆင့် ကျင့်ကြံသူ နှစ်ဦးက တံခါးစောင့်ပြီး နတ်ဘုရင် ဆဋ္ဌမအဆင့် ကျင့်ကြံသူ တစ်ဦးက ဦးဆောင်နေခဲ့သည်။
ဆိုရလျှင် ထျန်းကျီမျှော်စင် တစ်ခုတည်းသာလျှင် ဤကဲ့သို့ အစီအစဥ်မျိုးကို လုပ်ဆောင်နိုင်ပေလိမ့်မည်။
“အားလုံးပဲ မင်္ဂလာပါ.. ထျန်းကျီမျှော်စင်ရဲ့ လေလံပွဲကို လာရောက်ကြတဲ့အတွက် အားလုံးကို ကြိုဆိုပါတယ်.. ကျုပ်ထျန်းပေါင်က ဒီလေလံပွဲရဲ့ တင်ဆက်သူ ဖြစ်ပါတယ်”
အဘိုးအိုထျန်းပေါင်က ခန်းမထဲမှလူများကို ဝေ့ကြည့်လိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
“အားလုံးပဲ စောင့်နေကြတာ ကြာပြီဆိုတော့ အပိုစကားတွေ သိပ်မပြောတော့ဘူး.. လေလံပွဲကို စတင်လိုက်ကြရအောင်”
အဘိုးအိုထျန်းပေါင် ထိုစကားကို ပြောလိုက်သည်နှင့် ခန်းမအတွင်းရှိ လူတိုင်းသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
မျက်စိမှိတ်၍ အနားယူနေကြသော လူများစွာသည်ပင် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ကြပြီး အဘိုးအိုထျန်းပေါင်ဆီသို့ အာရုံ စူးစိုက်လိုက်ကြသည်။
“ကဲ ဒီနေ့ရဲ့ ပထမဆုံး လေလံပစ္စည်းကို စတင်လိုက်ရအောင်”
အဘိုးအိုထျန်းပေါင်က သူ၏လက်ဖဝါးကို လှုပ်ရှားလိုက်ရာ သူ၏ရှေ့ရှိ လေထုထဲတွင် လက်ဖဝါးအရွယ်အစား ရှိသည့် ဖောက်ထွင်းမြင်နေရသော ကျောက်စိမ်းပုလင်း တစ်လုံး ပေါ်လာခဲ့သည်။
ထိုကျောက်စိမ်းပုလင်းထဲတွင် ရွှေရောင်အရည်တစ်စက် ရှိနေခဲ့၏။
ကျောက်စိမ်းပုလင်းက ရွှေရောင်အရည်၏ အရှိန်အဝါကို လုံးဝ ပိတ်ဆို့ထားသော်လည်း ကျန်းချန်သည် ရွှေရောင်အရည်ထံမှ နဂါးအရှိန်အဝါကို ခပ်ရေးရေး ခံစားမိခဲ့သည်။
“ဒီရွှေရောင်အရည်က ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက အစွမ်းထက် ကျင့်ကြံသူ တစ်ဦးရဲ့ သွေးအဆီအနှစ်များလား”
ကျောက်စိမ်းပုလင်းထဲမှ ရွှေရောင်အရည်ကို စိုက်ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“ဒီလေလံပွဲမှာ ပထမဆုံး လေလံတင်မဲ့ ပစ္စည်းက သူတောင်စင်နဂါး သွေးအဆီအနှစ်ပဲ.. ဒီသူတော်စင်နဂါး သွေးအဆီအနှစ်တစ်စက်က ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုရဲ့ နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူ တစ်ဦး ချန်ထားရစ်ခဲ့တာပဲ.. ဒီသွေးအဆီအနှစ် တစ်စက်က နတ်ဘုရင်သတ္တမအဆင့်အောက်မှာရှိတဲ့ ဘယ်လိုကျင့်ကြံသူအတွက် မဆို အနှိုင်းမဲ့ အာနိသင် ရှိတယ်.. ဒီသူတော်စင်နဂါးသွေးအဆီအနှစ်ရဲ့ ကြမ်းခင်းစျေးက အဆင့်မြင့် နတ်ခရစ္စတယ် တစ်သိန်း ဖြစ်ပါတယ်”
အဘိုးအိုထျန်းပေါင်က ပြုံးရွှင်စွာ ကြေညာလိုက်သည်။
သူမှန်းဆထားသလိုပင် ထိုအသွေးအဆီအနှစ်သည် သူတော်စင်နဂါး သွေးအဆီအနှစ် ဖြစ်နေခဲ့သည်။
ကျန်းချန်က စိတ်ထဲတွင် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
ထျန်းကျီမျှော်စင်မှာ ကျင်းပပြုလုပ်သော လေလံပွဲသည် သာမန်ထက် အဆင့်အတန်း မြင့်မားလှပြီး ပထမဆုံးလေလံပစ္စည်းပင်လျှင် အလွန်တရာ ရှားပါးသော ရတနာ ဖြစ်နေခဲ့သည်။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုဆိုသည်မှာ နတ်ကုန်းမြေတိုက်ကြီးရှိ ထိပ်သီးအင်အားစုကြီး တစ်စု ဖြစ်ပြီး နတ်ကုန်းမြေတိုက်၏ ထိပ်ဆုံးအင်အားစု ဆယ်ခုစာရင်းဝင်လည်းဖြစ်သည်။
ဆိုရလျှင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် ၎င်းတို့၏ သွေးအဆီအနှစ်ကို အလွန်တရာ တန်ဖိုးထားသော မျိုးနွယ်စု ဖြစ်သည်။
မည်သူမဆို ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ သွေးအဆီအနှစ်ကို ရယူရန် ကြိုးစားပြီး ယင်းကို ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုက သိရှိသွားခဲ့လျှင် အဆုံးသတ်သည် အလွန်တရာပင် ဆိုးရွားသွားပေလိမ့်မည်။
သို့သော်လည်း ယနေ့တွင် ထျန်းကျီမျှောင်စင်သည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ သွေးအဆီအနှစ်ကို လေလံတင်ရန် ထုတ်ယူခဲ့သည်။
နတ်ကုန်းမြေတိုက် တစ်ခုလုံးတွင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုမှ ကျင့်ကြံသူ၏ သွေးအဆီအနှစ်ကို ဤမျှအထိ လူသိရှင်ကြား လေလံတင်ရဲသည်မှာ ထျန်းကျီမျှော်စင်တစ်ခုတည်းသာ လုပ်ဆောင်နိုင်ပေလိမ့်မည်။
“အဆင့်မြင့် နတ်ခရစ္စတယ် တစ်သိန်း”
“တစ်သိန်းနှစ်သောင်း”
“...........”
ပတ်ဝန်းကျင်မှ စျေးပြိုင်ပေးသံများကို ကြားလျှင် ကျန်းချန်သည် အံ့အားသင့်နေခဲ့သည်။
သူတော်စင်နဂါး သွေးအဆီအနှစ်သည် ရှာဖွေရခက်သော အရာဖြစ်ရာ ခန်းမထဲရှိ လူအများအပြားသည် အလွန်တရာ စိတ်လှုပ်ရှားသွားကြပြီး စျေးပြိုင်ပေးကြတော့သည်။
သူတော်စင်နဂါး သွေးအဆီအနှစ်သည် ကောင်းမွန်သောအရာဖြစ်သော်လည်း စျေးနှုန်းမှာ အလွန်တရာပင် မြင့်မားနေခဲ့၏။
ကြမ်းခင်းစျေးပင်လျှင် အဆင့်မြင့် နတ်ခရစ္စတယ် တစ်သိန်း ဖြစ်သည်။
ဆိုရလျှင် သာမန် နယ်မြေနတ်ဘုရား အင်အားစုများ အတွက် ဤသူတော်စင်နဂါး သွေးအဆီအနှစ် တစ်စက်ကို ဝယ်ယူနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
ကျန်းချန် အံ့အားသင့်နေစဥ်မှာပင် သူတော်စင်နဂါး သွေးအဆီအနှစ်ကို ကောင်းကင်အရှင်အဆင့် လူငယ်ပါရမီရှင် တစ်ဦးသည် နတ်ခရစ္စတယ် တစ်သိန်းခြောက်သောင်းဖြင့် အဆုံးသတ်၌ လေလံအောင်သွားခဲ့သည်။
ထျန်းကျီမျှော်စင်မှ ကျင်းပပြုလုပ်သော အဆင့်မြင့် လေလံပွဲများတွင် အဆင့်နိမ့်နှင့် အဆင့်လတ် နတ်ခရစ္စတယ်များကို အသိအမှတ်မပြုဘဲ အဆင့်မြင့်နှင့် အထွတ်အထိပ် နတ်ခရစ္စတယ်များဖြင့်သာ အရောင်းအဝယ် ပြုလုပ်ကြသည်။
အဘိုးအိုထျန်းပေါင်က လေလံပွဲကို ဆက်လက် ကျင်းပနေခဲ့၏။
လေလံပွဲတွင် ပေါ်လာသော ပစ္စည်းများသည် တစ်ခုထက်တစ်ခု ပို၍ပင် မျက်စိကျစရာ ကောင်းလာခဲ့သည်။
လေလံပွဲတွင် ပေါ်လာသမျှ ပစ္စည်းတိုင်းသည် တန်ဖိုးမဖြတ်နိုင်သောအရာများ ဖြစ်ကြပြီး နတ်ဘုရင်အဆင့် ကျင့်ကြံသူများပင် တပ်မက်ကြသော ပစ္စည်းများ ဖြစ်ကြသည်။
လေလံပွဲမှပစ္စည်းများက အလွန်တရာ ရှားပါးသော်လည်း ကျန်းချန်သည် အလွယ်တကူ လေလံဆွဲခြင်း မပြုခဲ့ပေ။
ဆိုရလျှင် သူ ယနေ့ လာရောက်ရသည့် အဓိကအကြောင်းအရင်းမှာ လနတ်ကျောက်တုံး သတင်းအတွက်သာ ဖြစ်၏။
အကယ်၍ ထျန်းကျီမျှော်စင်သာ ဤသတင်းကို လေလံတင်လိုက်မည် ဆိုလျှင် ကြီးမားသော လှုပ်ခတ်မှုကို သေချာပေါက် ဖြစ်ပေါ်စေပေလိမ့်မည်။
ကျန်းချန်က မဟာနဂါးနန်းတော်၏ ပိုင်ရှင် ဖြစ်ပြီး အဆင့်မြင့်နတ်ခရစ္စတယ် များစွာကို ပိုင်ဆိုင်သော်လည်း နတ်ကုန်းမြေတိုက်ပေါ်ရှိ အခြားသော အင်အားကြီး အဖွဲ့အစည်းများနှင့် ယှဥ်လျှင် အသာစီးရရန် မသေချာပေ။
ဆိုရလျှင် သူက လနတ်ကျောက်တုံးသတင်းကို လေလံဆွဲရာတွင် အနိုင်ရရှိရန် အတွက် အဆင့်မြင့်နတ်ခရစ္စတယ်များကို မဖြုန်းတီးခဲ့ခြင်း ဖြစ်သည်။
အခန်း(၂၂၂၄)ပြီး၏။