← Chapters

အခန်း (၂၂၂၅-၂၂၂၆)

Vol. 163 Ch. 2225-2226

အခန်း (၂၂၂၅-၂၂၂၆)

Vol. 163 Ch. 2225-2226

အခန်း(၂၂၂၅)

အပြင်လောကတွင် ရှားပါးသော ရတနာများအတွက် စျေးပြိုင်ပေးရင်းဖြင့်ပင် ခန်းမထဲရှိ အခြေအနေသည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။

သို့သော်လည်း လနတ်ကျောက်တုံးနှင့် ပတ်သက်၍ သတင်းကမူ ပေါ်မလာခဲ့သေးပေ။

“ဒီတစ်ခါ လေလံတင်မဲ့ပစ္စည်းကတော့ ဒီလေလံပွဲရဲ့ အဓိကပစ္စည်းပဲ”

ထိုစကားကို ပြောပြီးသည်နှင့် ဆေးလုံးတစ်လုံး ပါရှိသော ကျောက်စိမ်းပုလင်း တစ်ပုလင်းသည် အဘိုးအိုထျန်းပေါင်၏ လက်ဖဝါးထဲတွင် ထွက်ပေါ်လာခဲ့သည်။

ကျောက်စိမ်းပုလင်းထဲမှ ဆေးလုံးသည် ကြက်ဥ အရွယ်အစားခန့်ရှိပြီး ဆေးလုံးတစ်ခုလုံးသည် ဖန်သားပြင်ကဲ့သို့ ကြည်လင်နေကာ ဆန်းကြယ်သော သလင်းကျောက်တစ်ခုနှင့်ပင် ဆင်တူနေခဲ့သည်။

ဆေးလုံးပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများပါရှိနေ၍ သာမန်ဆေးလုံး မဟုတ်သည်မှာ ထင်ရှားနေခဲ့၏။

သူတို့၏ မျက်ဝန်းထဲတွင် လိုချပ်တပ်မက်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

ခန်းမအတွင်းရှိ ကောင်းကင်အရှင်အဆင့် လူငယ်ပါရမီရှင် အများအပြားသည် အဘိုးအို ထျန်းပေါင်၏ လက်ဖဝါးထဲမှ ဆေးလုံးကို စူးစိုက်၍ ကြည့်လိုက်ကြ၏။

“ဒီလေလံပွဲရဲ့ နောက်ဆုံးပစ္စည်းက မဟာလမ်းစဥ်ဆေးလုံးပဲ.. ဒီဆေးလုံးက ကောင်းကင်အရှင် အထွတ်အထိပ် အဆင့်ကို နတ်ဘုရင်အဆင့်ဆီ ထိုးဖောက်ဖို့အတွက် တစ်ရာ ရာခိုင်နှုန်း အထောက်အပံ့ပေးနိုင်တယ်”

ခန်းမအတွင်းမှ လူငယ်ပါရမီရှင်များ၏ တုံ့ပြန်မှုကိုမြင်လျှင် အဘိုးအို ထျန်းပေါင်သည် ပြုံးရွှင်သောအမူအရာဖြင့် ကြေညာလိုက်သည်။

“ဒီမဟာလမ်းစဥ်ဆေးလုံးရဲ့ ကြမ်းခင်းစျေးက အဆင့်မြင့်နတ်ခရစ္စတယ် တစ်သန်း ဖြစ်ပါတယ်”

အဘိုးအိုထျန်းပေါင်၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် စျေးပြိုင်ပေးသည့် လူငယ်ပါရမီရှင်များ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာခဲ့သည်။

“အဆင့်မြင့်နတ်ခရစ္စတယ် တစ်သန်းနဲ့ တစ်သောင်း”

“အဆင့်မြင့်နတ်ခရစ္စတယ် နှစ်သန်း”

“..........”

တစ်ခဏအတွင်းမှာပင် မဟာလမ်းစဥ်ဆေးလုံး၏ စျေးနှုန်းသည် အဆင့်မြင့် နတ်ခရစ္စတယ် ငါးသန်းပမာဏကို ကျော်လွန်သွားခဲ့သည်။

မဟာလမ်းစဥ်ဆေးလုံး၏ နတ်ဘုရင်အဆင့်သို့ တစ်ရာ ရာခိုင်နှုန်း ထိုးဖောက်စေနိုင်သည့် အာနိသင်သည် ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်လောက်သည် အထိ အလွန်တရာပင် ထူးခြားလှ၏။

ထိုဆေးလုံးသည် ကောင်းကင်အရှင် အထွတ်အထိပ် အဆင့်ရှိ ကျင့်ကြံသူများနှင့် အလယ်ပိုင်းဒေသရှိ ပါရမီရှင် စာရင်းဝင် လူငယ်များ အတွက် သေမတတ် ဆွဲဆောင်မှုရှိသော ရတနာတစ်ပါး ဆိုလည်းမမှားပေ။

အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းမှ ပါရမီရှင်များသည် နတ်ဘုရင်အဆင့်သို့ ထိုးဖောက်နိုင်စွမ်း ရှိသည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိကြသည်။

သို့သော်လည်း မဟာလမ်းစဥ်ဆေးလုံးဖြင့်သာ ဆိုလျှင် နတ်ဘုရင်အဆင့်ကို ထိုးဖောက်သည့်အခါတွင် ကြုံတွေ့ရနိုင်သည့် အခြေအနေများကို ဖယ်ရှားနိုင်မည့် အပြင် နတ်ဘုရင်အဆင့်သို့ ထိုးဖောက်နိုင်မည့် အခြေအနေကိုလည်း များစွာ တိုတောင်းစေမည် ဖြစ်သည်။

ဆိုရလျှင် အလယ်ပိုင်းဒေသ လူငယ်ပါရမီရှင်များ အတွက် အချိန်သည် သံသယဝင်စရာမရှိ အလွန်တရာ တန်ဖိုးရှိသော ရတနာ ဖြစ်သည်။

ထိုအချက်ကြောင့်ပင် မဟာလမ်းစဥ်ဆေးလုံးသည် ခန်းမအတွင်းရှိ လူငယ်ပါရမီရှင်များ အသည်းအသန် စျေးပြိုင်ပေးနေရသော ရတနာ ဖြစ်နေခြင်းပင်။

ယေဘုယျအားဖြင့် ဆိုရလျှင် ၎င်းတို့သာ နတ်ဘုရင်အဆင့်သို့ စောစီးစွာ ထိုးဖောက်နိုင်လေလေ၊ အနာဂတ်တွင် နတ်ဘုရင်အဆင့်၌ ပိုမို ဝေးကွာသောခရီးကို သွားနိုင်လေလေ ဖြစ်ပြီး ဒဏ္ဍာရီလာ အုပ်စိုးသူ အဆင့်သို့ပင် တက်လှမ်းရန် အခွင့်အရေး ရှိနိုင်လောက်၏။

“အဆင့်မြင့်နတ်ခရစ္စတယ်ရှစ်သန်း”

ထိုအချိန်တွင် ကျန်းယွိသည် သူ၏ ထိုင်ခုံမှ ရုတ်တရက် ထရပ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

“..........”

“ဒီမှာရှိတဲ့ ပါရမီရှင်တွေအနေနဲ့ ငါကျန်းယွိရဲ့ မျက်နှာကို ထောက်ထားပြီး ဒီမဟာလမ်းစဥ်ဆေးလုံးကို ငါ့ကို ပေးနိုင်မလားလို့ သိချင်ပါတယ်”

ကျန်းယွိက ထိုသို့ ပြောလိုက်သောအခါတွင် လူအများအပြား၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ခန်းမတစ်ခုလုံးသည် ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။

လူသားဧကရာဇ်နန်းတော်၏ ကျန်းမျိုးနွယ်စုဝင် ဖြစ်သည့် ကျန်းယွိသည် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၂၁ နေရာ၌ ရှိပြီး နတ်ဘုရင်အဆင့်အောက်တွင် နံပါတ်တစ်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။

ပါရမီဖြစ်စေ၊ နောက်ခံအင်အားဖြစ်စေ ကျန်းယွိသည် ခန်းမအတွင်းရှိ လူငယ်များထဲတွင် အထူးချွန်ဆုံးများထဲမှ တစ်ဦးဖြစ်သည်။

ကျန်းယွိ၏ စကားကိုကြားလျှင် အချို့သောသူများသည် မကျေမနပ်ဖြင့် လက်လျှော့ရန် ရွေးချယ်လိုက်ကြသည်။

ကျန်းယွိ၏ အနေအထားကို ကြည့်ရုံဖြင့် ကျန်းယွိသည် ဤမဟာလမ်းစဥ်ဆေးလုံးကို သေချာပေါက် ရယူလိုနေခဲ့သည်မှာ ထင်ရှားနေခဲ့၏။

သူတို့အနေဖြင့် နောက်ခံအင်အားဖြစ်စေ၊ ငွေကြေးဖြစ်စေ ကျန်းယွိကို မည်သို့မျှ ယှဥ်ပြိုင်နိုင်မည်မဟုတ်ပေ။

ထို့အပြင် ကျန်းယွိသည် လူကောင်းတစ်ယောက် မဟုတ်ချေ။

ကျန်းယွိ၏ အငြိုးထားခြင်းကို ခံရလျှင် အဆုံးသတ်သည် မလှမပ ဖြစ်သွားနိုင်လောက်၏။

“ဟမ့် ကျန်းယွိ.. လေလံပွဲမှာ စျေးပြိုင်ပေးတာက လူတိုင်းရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲ.. မင်းက နောက်ခံအင်အားကို သုံးပြီး အနိုင်ကျင့်ချင်နေတာလား.. တခြားသူတွေက မင်းကျန်းယွိကို ကြောက်ချင်ကြောက်ကြလိမ့်မယ်.. ငါ ယွမ်ထျန်းကတော့ မင်းကို မကြောက်ဘူး.. ဒီ မဟာလမ်းစဥ်ဆေးလုံးအတွက် ငါအဆင့်မြင့် နတ်ခရစ္စတယ် ကိုးသန်း ပေးတယ်”

ကျန်းယွိ၏ စကားကြောင့် လူတိုင်းက လက်လျှော့ရန် ရွေးချယ်လိုက်စဥ်မှာပင် ငွေရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ထရပ်လိုက်ပြီး နှာခေါင်းရှုံ့၍ ပြောလိုက်သည်။

“ထိုက်ယွမ်ဂိုဏ်းက ယွမ်ထျန်းပါလား.. သူက အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းရဲ့ အဆင့် ၂၃နေရာက ပါရမီရှင်ပဲ.. မမျှော်လင့်ဘဲ မဟာလမ်းစဥ်ဆေးလုံး ပြိုင်ပွဲထဲကို ယွမ်ထျန်းလည်း ပါဝင်လာခဲ့ပြီ.. ဒီတစ်ခါတော့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ်ထင်တယ်”

ငွေရောင်ဝတ်စုံဝတ်လူငယ်နှင့် ကျန်းယွိတို့ ထိပ်တိုက်တွေ့နေသည်ကိုမြင်လျှင် ခန်းမထဲရှိ လူများ၏ မျက်ဝန်းထဲတွင် စိတ်ဝင်တစား အမူအရာများ ပေါ်လာခဲ့သည်။

ထိုက်ယွမ်ဂိုဏ်းသည် နတ်ကုန်းမြေတိုက်တွင် ရှေးဟောင်းအမွေအနှစ်ကို ဆက်ခံထားသည့် ထိပ်တန်းအင်အားစု တစ်စုဖြစ်သည်။

ထိုဂိုဏ်းသည် နတ်ကုန်းမြေတိုက်တွင် အလွန်တရာ လူမသိသူမသိ နေထိုင်တတ်ပြီး သူတို့၏ အစွမ်းအစကို ထုတ်ပြလေ့မရှိပေ။

သို့သော်လည်း နတ်ကုန်းမြေတိုက် တစ်ခုလုံးသည် ထိုက်ယွမ်ဂိုဏ်းကို အနည်းငယ်မျှပင် အထင်မသေးရဲကြပေ။

ဆိုရလျှင် သူတို့နှစ်ဦးသည် နောက်ခံအင်အားတွင် အတူတူနီးပါး ဖြစ်ကြသည်။

ယခုအခါ နှစ်ယောက်လုံးက မဟာလမ်းစဥ် ဆေးလုံးကို ရယူလိုနေခြင်းဖြစ်ရာ နောက်ဆက်တွဲ ပြိုင်ပွဲသည် သံသယဖြစ်ဖွယ်ရာ အလွန်တရာ စိတ်လှုပ်ရှားစရာ ကောင်းပေလိမ့်မည်။

“အဆင့်မြင့်နတ်ခရစ္စတယ် ဆယ်သန်း”

ယွမ်ထျန်းက သူနှင့်အပြိုင် စျေးပြိုင်ပေးနေသည်ကို မြင်လျှင် ကျန်းယွိ၏ မျက်နှာသည် အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။

ထိုအကောင်သည် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် သူနှင့်အဆင့်နှစ်ဆင့်သာ ကွာခြားပြီး နောက်ကွယ်ရှိ ထိုက်ယွမ်ဂိုဏ်းသည်လည်း နတ်ကုန်းမြေတိုက်၏ ထိပ်တန်းအင်အားစုကြီးတစ်ခု ဖြစ်သည်။

ဤအတိုင်းဆိုလျှင် သူ့အနေဖြင့် အခြားသူများကို ဖိနှိပ်ရန် အင်အားသုံး၍ မရနိုင်တော့သည်မှာ ထင်ရှားနေခဲ့ပြီး ငွေကြေးအင်အားကိုသာ အသုံးပြု၍ မဟာလမ်းစဥ်ဆေးလုံးကို စျေးပြိုင်ပေးရတော့မည် ဖြစ်သည်။

လက်ရှိအချိန်တွင် လူသားဧကရာဇ်နန်းတော်သည် ခေါင်းဆောင်မဲ့နေခဲ့ပြီး ဖရိုဖရဲ ဖြစ်ခဲ့သည်။

အကယ်၍ သူက လူသားဧကရာဇ်နေရာ အတွက် ယှဥ်ပြိုင်လိုလျှင် နတ်ဘုရင်အဆင့်ကို အလျင်မြန်ဆုံး ထိုးဖောက်ရလိမ့်မည် ဖြစ်၏။

ကျန်းတော်ဝင်မျိုးနွယ်စုများသည် လူသားဧကရာဇ်နန်းတော်ကို ပြန်လည် အသက်သွင်းချင်နေကြပြီး လူသားဧကရာဇ်အသစ် တင်မြှောက်ရန်အတွက် လူသားဧကရာဇ်နန်းတော်မှ အခြားသော မျိုးနွယ်စုများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေခဲ့ကြသည်။

ကျန်းယွိသည် နတ်ဘုရင်အဆင့်အောက်တွင် နံပါတ်တစ်အဖြစ် ချီးကျူးခံထားရပြီး ကောင်းကင်အရှင် အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော်လည်း နတ်ဘုရင်အဆင့်ကိုထိုးဖောက်ရန်မှာ နေ့ချင်းညချင်း လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။

သူက နတ်ဘုရင်အဆင့်ကို အမြန်ဆုံး ထိုးဖောက်လိုလျှင် ထျန်းကျီမျှော်စင်ကနေ လေလံတင်နေသော မဟာလမ်းစဥ်ဆေးလုံးသည် သံသယဖြစ်ဖွယ်ရာမရှိ သူ့အတွက် အလွန်တရာ ကောင်းမွန်သော အခွင့်အရေးပင် ဖြစ်၏။

ဤတစ်ခေါက် ထျန်းကျီမျှော်စင်မှ ကျင်းပပြုလုပ်သော လေလံပွဲသို့ တက်လာခဲ့သည် အဓိက အကြောင်းအရင်းမှာလည်း မဟာလမ်းစဥ် ဆေးလုံးအတွက်သာ ဖြစ်သည်။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ သူက မဟာလမ်းစဥ်ဆေးလုံးကို သေချာပေါက် ရယူမည် ဖြစ်၏။

“အဆင့်မြင့်နတ်ခရစ္စတယ် တစ်ဆယ့်ငါးသန်း”

ယွမ်ထျန်းက အလျှော့မပေးဘဲ ချက်ချင်းဆိုသလို လေလံစျေးကို ဆွဲမြှင့်လိုက်သည်။

ခန်းမအတွင်းရှိ လူအများအပြားသည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်မိလိုက်ကြ၏။

ဤနှစ်ဦးသည် နတ်ကုန်းမြေတိုက်၏ ထိပ်တန်းအင်အားစုများမှ ဖြစ်သည့်အလျောက် အမှန်တကယ်ပင် ကြွယ်ဝကြသည်။

“နတ်ခရစ္စတယ် တစ်ဆယ့်ခြောက်သန်း”

အဆင့်မြင့်နတ်ခရစ္စတယ် ဆယ်သန်းကျော်ဟူသော ပမာဏသည် သာမန် နတ်ဘုရင်အင်အားစုများကိုပင် အကြီးအကျယ်ထိခိုက်စေနိုင်လောက်သော ပမာဏ ဖြစ်သည်။

ယွမ်ထျန်းက အဆင့်မြင့် နတ်ခရစ္စတယ် ငါးသန်းကို တစ်ပြိုင်တည်း တိုးမြှင့်လိုက်ခြင်းကြောင်း ကျန်းယွိ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသော်လည်း ဆက်လက်၍ စျေးပြိုင်ပေးလိုက်သည်။

သူတို့နှစ်ဦးကြား ပြင်းထန်သော တိုက်ပွဲအပြီးတွင် ကျန်းယွိသည် အဆုံးသတ်၌ မဟာလမ်းစဥ်ဆေးလုံးကို အဆင့်မြင့်နတ်ခရစ္စတယ် နှစ်ဆယ့်တစ်သန်းဖြင့် လေလံအောင်သွားခဲ့သည်။

“အားလုံးပဲ.. ငါတို့ ထျန်းကျီမျှော်စင်ရဲ့လေလံပွဲက ဒီနေရာမှာပဲ ပြီးဆုံးသင့်ပါပြီ.. ဒါပေမဲ့ မကြာသေးခင်ကပဲ ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ဦးက သူ့ရဲ့ ရတနာတစ်ခုကို လေလံတင်ဖို့အတွက် ငါတို့ ထျန်းကျီမျှော်စင်ကို အပ်နှံခဲ့တယ်.. ဒါကြောင့် နောက်ဆက်တွဲ အနေနဲ့ ဒီလေလံပွဲရဲ့ တကယ့် နောက်ဆုံးပစ္စည်းကို လေလံတင်ပေးပါတော့မယ်”

လူတိုင်းက လေလံပွဲပြီးပြီဟု ထင်မှတ်နေစဥ်မှာပင် အဘိုးအိုထျန်းပေါင်၏ စကားသံသည် ခန်းမအတွင်း ထပ်မံထွက်ပေါ်လာခဲ့သည်။

“လေလံပွဲမှာ နောက်ဆုံးပစ္စည်း ကျန်သေးတယ်လား”

အဘိုးအိုထျန်းပေါင်၏စကားကိုကြားလျှင် လူတိုင်းသည် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ကြသည်။

လေလံပွဲများ၏ ထုံးစံအရ ပို၍ တန်ဖိုးရှိသောပစ္စည်းများကို နောက်ဆုံးတွင် ထားလေ့ရှိသည်။

သို့ဆိုလျှင် ဤနောက်ဆုံးလေလံပစ္စည်း၏ တန်ဖိုးသည် မဟာလမ်းစဥ်ဆေးလုံးထက်ပင် သာလွန်နေပါသလော။

“ဒါက လနတ်ကျောက်တုံးနဲ့ ပတ်သက်နေမယ်ထင်တယ်”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။

အကယ်၍ ဖုန်းချင်းယန် သူတို့ကို ပေးခဲ့သည့် သတင်းသာ မှန်ကန်မည်ဆိုလျှင် ဤနောက်ဆုံး လေလံတင်သောပစ္စည်းသည် လနတ်ကျောက်တုံးနှင့် သေချာပေါက် ပတ်သက်နေလောက်၏။

အခန်း(၂၂၂၅)ပြီး၏။

အခန်း(၂၂၂၆)

အဘိုးအိုထျန်းပေါင်က တုံ့ဆိုင်းမနေဘဲ ကျောက်စိမ်းသေတ္တာကို တစ်ခါတည်း ဖွင့်လိုက်သည်။

ခန်းမထဲရှိ လူအားလုံး၏ စောင့်ကြည့်မှုအောက်မှာပင် အဘိုးအိုထျန်းပေါင်က သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ တစ်ပေခန့်ရှည်လျားသည့် ကျောက်စိမ်းသေတ္တာ တစ်လုံးသည် သူ၏ လက်ဖဝါးထဲတွင် တစ္ဆေတစ်ကောင်နှယ် ရိပ်ခနဲထွက်ပေါ်လာခဲ့သည်။

ထိုအခါ အလွန်တရာမြင့်မြတ်သန့်စင်သော အရှိန်အဝါတစ်ခုသည် ကျောက်စိမ်းသေတ္တာထဲကနေ ပျံ့လွင့်လာခဲ့၏။

ကျောက်စိမ်းသေတ္တာထဲရှိ ရတနာသည် သော့တစ်ချောင်းဖြစ်နေသည်ကို အားလုံးက တွေ့လိုက်ရသည်။

ထိုသော့သည် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသကဲ့သို့ ကြည်လင်နေခဲ့ပြီး သော့ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော လခြမ်းပုံသဏ္ဌာန် သင်္ကေတများကို ထွင်းထုထား၏။

ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသော မြင့်မြတ်သောအရှိန်အဝါသည် ထိုသော့ထံမှ ထွက်ပေါ်လာခြင်း ဖြစ်ရာ အလွန်တရာပင် အံ့အားသင့်ဖွယ် ကောင်းနေခဲ့သည်။

“အကြီးအကဲထျန်းပေါင်.. ဒီသော့ရဲ့ဇာစ်မြစ်ကို ရှင်းပြလို့ရမလား”

လူတချို့က အဘိုးအို ထျန်းပေါင်၏ လက်ထဲမှ သော့ကို စူးစမ်းသော အကြည့်များဖြင့်ကြည့်ကာ မေးလိုက်ကြသည်။

အကြီးအကဲ ထျန်းပေါင်၏ လက်ထဲရှိ သော့သည် အလွန်တရာပင် ထူးခြားကြောင်းသိသော်လည်း ထိုသော့က မည်သည့်အရာ ဖြစ်သည်ကိုမူ ခန့်မှန်းရန် ခက်ခဲနေကြ၏။

“ဒီသော့က ထူးခြားတဲ့ ကုန်ကြမ်းနဲ့ပြုလုပ်ထားတဲ့ သော့ပဲ.. ငါတို့ ထျန်းကျီမျှော်စင်ရဲ့ လေ့လာချက်တွေအရတော့ ဒီသော့က ရှေးခေတ်ကာလက လနတ်ဘုရားနန်းတော်လို့ ခေါ်တဲ့အင်အားစုနဲ့ ဆက်စပ်နေပြီး လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်တဲ့သော့ ဖြစ်ရမယ်လို့ အဆုံးသတ်မှာ ကောက်ချက်ချနိုင်ခဲ့တယ်”

အဘိုးအိုထျန်းပေါင်က လက်ထဲမှ ကျောက်စိမ်းသေတ္တာကို ‌မြှောက်ပြကာ ရှင်းပြလိုက်သည်။

အဘိုးအိုထျန်းပေါင်၏ စကားကိုကြားလျှင် ခန်းမတစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်း၏ အကြည့်သည် အဘိုးအိုထျန်းပေါင်၏ လက်ထဲမှ သော့အပေါ်သို့သာ ကျရောက်နေခဲ့ကြသည်။

သိထားရမည့်အချက်မှာ ထျန်းကျီမျှော်စင်၏ လေလံပွဲသို့ လာရောက်ကြသူများသည် သာမန်လူများ မဟုတ်ကြပေ။

ထို့ကြောင့် ၎င်းတို့သည် ရှေးခေတ်ကာလမှ လနတ်ဘုရားနန်းတော်၏ အကြောင်းကို ကြားဖူးနားဝ ရှိထားကြ၏။

လနတ်ဘုရားနန်းတော် ဆိုသည်မှာ ရှေးခေတ်ကာလက နတ်ဘုရားနယ်မြေတွင် အင်အားအကြီးဆုံး အုပ်စိုးသူ အင်အားစုများထဲမှတစ်စု ဖြစ်ပြီး လနတ်အရှင်သခင်ဟု ခေါ်သည့် ကျင့်ကြံသူ တစ်ယောက်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

နတ်ဘုရားနယ်မြေ ကပ်ဘေးကျရောက်ပြီးနောက်ပိုင်းတွင် လနတ်အရှင်သခင်နှင့် ၎င်းတည်ထောင်ခဲ့သော လနတ်နန်းတော်သည် နတ်ကုန်းမြေတိုက်ကနေ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ထျန်းကျီမျှော်စင်မှ ယခုတစ်ကြိမ် ကျင်းပပြုလုပ်သည့် လေလံပွဲ၏ နောက်ဆုံး လေလံပစ္စည်းသည် လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်မည့် သော့ ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ပေ။

လနတ်ဘုရားနန်းတော် ဆိုသည်မှာ ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် အင်အားစု ဖြစ်သည်။

အုပ်စိုးသူအဆင့် အင်အားစု ဆိုသည်မှာ နတ်ဘုရင်အဆင့်ထက်ပင် ပိုမြင့်သော အင်အားစု ဖြစ်၍ လနတ်ဘုရားနန်းတော်ကိုသာ ဖွင့်လှစ်နိုင်ပြီး အထဲမှ ရတနာများနှင့် အမွေအနှစ်များကိုသာ ရရှိနိုင်မည် ဆိုလျှင် နတ်ကုန်းမြေတိုက်၏ ထိပ်ဆုံးနေရာတွင် သေချာပေါက် ရပ်တည်နိုင်မည် ဖြစ်ပြီး ဒဏ္ဍာရီလာ အုပ်စိုးသူ အဆင့်သို့ တက်လှမ်းရန်ပင် မဖြစ်နိုင်ဟု မဆိုနိုင်ပေ။

အကယ်၍ ထိုသတင်းသာ ပျံ့နှံ့သွားခဲ့လျှင် နတ်ကုန်းမြေတိုက် တစ်ခုလုံးကို ရူးသွပ်သွားစေရန် လုံလောက်လိမ့်မည်ဖြစ်၏။

“လနတ်ဘုရားနန်းတော်ရဲ့ သော့လား”

ကျန်းချန်က အဘိုးအိုထျန်းပေါင်၏ လက်ထဲမှ သော့ကို အသေအချာ စူးစိုက်ကြည့်နေခဲ့သည်။

သူ၏မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။

လနတ်ဘုရားနန်းတော်သည် လနတ်အရှင်သခင်တည်ထောင်ခဲ့သော အင်အားစုဖြစ်သည်။

ထို့ကြောင့် လနတ်အရှင်သခင် ပိုင်ဆိုင်ခဲ့သော လနတ်ကျောက်တုံးသည် လနတ်ဘုရားနန်းတော် ထဲတွင် ရှိနိုင်ရန် အခွင့်အရေး အလွန်များ၏။

အကယ်၍သာ လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်သည့် ဤသော့ကို ရရှိမည်ဆိုလျှင် လနတ်ကျောက်တုံးကို ရှာဖွေတွေ့ရှိနိုင်လောက်သည် မဟုတ်ပါလော။

ထို့ကြောင့် ကျန်းချန်က ဤသော့ကို မရရအောင် လေလံဆွဲရန် ဆုံးဖြတ်ထားလိုက်သည်။

ကျန်းချန်အနေဖြင့် ဆယ်စုနှစ်အနည်းငယ် အတွင်းမှာပင် ယနေ့ကဲ့သို့ ‌အောင်မြင်မှုမျိုးကို ရရှိခဲ့ခြင်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ အဆ ၁၀၀ စနစ် အပြင် မဟာနဂါးနန်းတော်၏ အမွေအနှစ်ကလည်း များစွာ အထောက်အကူ ပြုခဲ့သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

နတ်ဘုရင်တစ်ပါး၏ အမွေအနှစ်ကပင် ကျန်းချန်အတွက် အတိုင်းအဆမရှိ အကျိုးကျေးဇူး ရှိခဲ့သည် ဖြစ်ရာ ရှေးခေတ်ကာလမှ အုပ်စိုးသူ အင်အားစု ဖြစ်သည့် လနတ်ဘုရားနန်းတော်က ချန်ထားရစ်ခဲ့သော အမွေအနှစ်သည် မည်မျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းလိုက်ပါမည်နည်း။

ခန်းမအတွင်းရှိ လူတိုင်းက သူ၏ လက်ထဲမှ သော့ကို စိတ်ဝင်တစား ရှိနေသည်အားမြင်လျှင် အဘိုးအိုထျန်းပေါင်၏ မျက်နှာတွင် ကျေနပ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကျင့်ကြံသူအားလုံးသည် တပ်မက်သော အကြည့်များဖြင့် အဘိုးအိုထျန်းပေါင်၏ လက်ထဲမှသော့ကို စိုက်ကြည့်နေခဲ့ကြပြီး ၎င်းတို့၏ အပိုင်အဖြစ် ချက်ချင်းဆိုသလို ရယူလိုစိတ်များ ပြင်းထန်နေခဲ့ကြသည်။

ရှေးခေတ်ကာလက မဟာကပ်ဘေး အပြီးတွင် နတ်ဘုရားနယ်မြေ၌ အုပ်စိုးသူအဆင့် ကျင့်ကြံသူများ ပျောက်ကွယ်သွားခဲ့သည်။

ဤနှစ်များအတွင်း လူသားဧကရာဇ် နန်းတော်တွင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ဦး ရှိခဲ့ဖူးသည်က လွဲလျှင် နတ်ကုန်းမြေတိုက်ကြီး၌ ဒုတိယမြောက် အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ဦးမျှ မပေါ်ထွက်ခဲ့ပေ။

ဆိုရလျှင် အုပ်စိုးသူအဆင့်သည် နတ်ဘုရားနယ်မြေ၏ ဒဏ္ဍာရီတစ်ခုပင် ဖြစ်လာခဲ့သည်။

သူတို့ရှေ့မှ ဤသော့သည် လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်ပြီး အုပ်စိုးသူအဆင့်အင်အားစု၏ အမွေအနှစ်များကို ရရှိနိုင်သည်ဖြစ်ရာ သူတို့အနေဖြင့် အဘယ်ကြောင့် မတပ်မက်ဘဲ နေပါအံ့နည်း။

လနတ်ဘုရားနန်းတော်သည် နတ်ကုန်းမြေတိုက်ကြီးကနေ ပျောက်ကွယ်သွားသည်မှာ ကြာပြီ ဖြစ်သည်။

လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်ဖို့ အခွင့်အရေး ဆယ်ပုံတစ်ပုံမျှသာ ရှိလျှင်ပင် ယင်းသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ အတွက် စွန့်စားရန် လုံလောက်သော အကြောင်းပြချက်ပင် ဖြစ်သည်။

“အားလုံးပဲ.. ဒီသော့က ထျန်းကျီမျှော်စင်ရဲ့ ဂုဏ်သရေရှိဧည့်သည်တစ်ဦးက အပ်နှံထားတဲ့ လေလံပစ္စည်းပါ.. သူက ဒီသော့ကို နတ်ခရစ္စတယ်တွေနဲ့ မလဲလှယ်ချင်ဘဲ အသက်စွမ်းအားဆိုင်ရာ ရတနာတွေနဲ့ပဲ လဲလှယ်ဖို့ မှာကြားထားတယ်”

အဘိုးအိုထျန်းပေါင်က ပရိသတ်ကို ဝေ့ကြည့်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။

“ကဲ အခုကနေ စပြီး စျေးစတင် ကမ်းလှမ်းနိုင်ပါပြီ”

အဘိုးအိုထျန်းပေါင်၏ စကားဆုံးသည်နှင့် နတ်ဘုရင် တတိယအဆင့် အဘိုးအိုတစ်ဦးသည် အော်ဟစ် ပြောဆိုလိုက်သည်။

“အဆင့် ၁၁ မဟာကောင်းကင်ဆေးလုံး တစ်လုံး”

“အဆင့် ၁၁ အင်မော်တယ်ဆေးလုံး ငါးလုံး”

“အသက်အဆီအနှစ် ဆယ်စက်”

“...........”

ခန်းမအတွင်းရှိ လူအများအပြားသည် သူတို့ တန်ဖိုးထား သိမ်းဆည်းထားသော အသက်စွမ်းအား ဆိုင်ရာ ရတနာများကို ထုတ်ယူလာကြပြီး ရူးသွပ်စွာ စျေးပြိုင်ပေးခဲ့ကြသည်။

ဤအခိုက်အတန့်တွင် အသက်စွမ်းအားဆိုင်ရာ ရတနာများမရှိသူများ၏ မျက်နှာထက်၌ စိတ်ပျက်လက်ပျက် ဖြစ်နေသည့်အမူအရာများ အထင်းသား ပေါ်လွင်နေခဲ့၏။

“ချီးထဲမှပဲ.. ထျန်းကျီမျှော်စင်က ဒီနောက်ဆုံးလေလံပစ္စည်းကို ကြိုတင် အသိမပေးခဲ့ဘူး”

ပတ်ဝန်းကျင်မှ စျေးပြိုင်ပေးသံများကို ကြားလျှင် ကျန်းယွိ၏ အမူအရာသည် အလွန်တရာပင် သုန်မှုန်နေခဲ့သည်။

အကယ်၍ ဤလေလံပွဲတွင်သာ လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်သည့် သော့ ပါလာမည်ကို ကြိုသိခဲ့လျှင် လူသားဧကရာဇ်နန်းတော်၏ အင်အားဖြင့်ဆိုလျှင် ဤသော့ကို သေချာပေါက် ရယူနိုင်မည် ဖြစ်၏။

သို့သော်လည်း ယခုအခါတွင် အသက်စွမ်းအားဆိုင်ရာ ရတနာများ မပါရှိခဲ့ရာ သူ့အနေဖြင့် မည်ကဲ့သို့ ပါဝင်ကာ လေလံဆွဲနိုင်တော့မည်နည်း။

“သခင်လေးကျန်းယွိ စိတ်အေးအေးထားပါ.. ဒီသော့ကို ဘယ်သူပဲရသွားရသွား ဘေးကင်းကင်းနဲ့ ယူသွားဖို့ မလွယ်လောက်ဘူး.. ပြောရရင် ကျွန်တော်တို့မှာ အခွင့်အ‌ရေး မရှိတာ မဟုတ်ပါဘူး”

နတ်ဘုရင်စတုတ္ထအဆင့်အကြီးအကဲက ကျန်းယွိကို ခပ်တိုးတိုး ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းယွိ၏ မျက်ဝန်းများထဲတွင် ကောက်ကျစ်သော အပြုံးရိပ်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့၏။

ဤလောကရှိ မည်သည့် ကျင့်ကြံသူမဆို အုပ်စိုးသူအဆင့် အင်အားစု ဖြစ်သည့် လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်သည့် ဤသော့၏ ဆွဲဆောင်မှုကို တွန်းလှန်နိုင်လိမ့်မည်ဟု သူ မထင်ပေ။

အဆုံးသတ်တွင် ဤသော့ကို မည်သူပင် ရရှိသွားပါစေ၊ ထိုလူသည် လူအများ၏ ပစ်မှတ် သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ထိုအချိန်သို့ရောက်လျှင် သူက အခွင့်အရေးရှာကာ ဤသော့ကို အရယူနိုင်လိမ့်မည် မဟုတ်ပါလော။

“အစ်ကိုကျန်းချန်.. ဒီသော့ကို အသက်စွမ်းအားဆိုင်ရာ ရတနာတွေနဲ့ လဲလှယ်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ကြိုပြီးသာ သိခဲ့ရင် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုရဲ့ ရတနာသိုက်ထဲက အသက်စွမ်းအားဆိုင်ရာ ရတနာတွေကို ယူလာခဲ့ပါတယ်”

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ စျေးအပြိုင်အဆိုင် ပေးနေကြသည်ကို ကြည့်ရင်း ကူဖုန်းအာ၏ လှပသော မျက်လုံးထဲတွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။

ရှယန်ရှန်းက အနည်းငယ် စဥ်းစားဟန်ပြုပြီးမှ ကူဖုန်းအာကို ပြောလိုက်သည်။

“နတ်ဘုရားမ.. ကျွန်တော့်ဆရာနဲ့ ဆက်သွယ်လိုက်ရမလား.. ဆရာ့ဆီမှာ အသက်စွမ်းအားဆိုင်ရာ ရတနာတွေ အများကြီးရှိတယ်”

“အဲဒီလိုဆိုရင် နောက်ကျသွားလိမ့်မယ်”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်မဲ့သော့ကို ငါ သေချာပေါက်ရမှ ဖြစ်မယ်”

စကားဆုံးသည်နှင့် ကျန်းချန်သည် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ သုံးလက်မခန့် ရှည်လျားသော သစ်ကိုင်းတစ်ခုသည် သူ၏ လက်ထဲတွင်‌ ပေါ်လာခဲ့သည်။

ထိုသစ်ကိုင်းမှာ အသက်သစ်ပင်ကနေ ရရှိသော အသက်သစ်ကိုင်းပင် ဖြစ်၏။

လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်မည့်သော့အား ရရှိရန်အတွက် ကျန်းချန်သည် သူ ရရှိထားသော အသက်သစ်ကိုင်း၏ သုံးပုံတစ်ပုံကို ထုတ်ယူလိုက်ခြင်း ဆိုလည်းမမှားပေ။

“အကြီးအကဲ.. ငါ အသက်သစ်ပင်ရဲ့ အစိတ်အပိုင်းတစ်ခုနဲ့ သော့ကို လဲလှယ်မယ်”

အခန်း(၂၂၂၆)ပြီး၏။

All Chapters