← Chapters

အခန်း (၂၂၂၇-၂၂၂၈)

Vol. 163 Ch. 2227-2228

အခန်း (၂၂၂၇-၂၂၂၈)

Vol. 163 Ch. 2227-2228

အခန်း(၂၂၂၇)

ကျန်းချန် ထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ခန်းမအတွင်းရှိ လူအားလုံး၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။

နတ်ဘုရားနယ်မြေ အစပျိုးကတည်းကပင် တည်ရှိလာခဲ့သော မဟာသစ်ပင်သုံးပင် အနက် တစ်ပင် ဖြစ်သည့် အသက်သစ်ပင်သည် အနှိုင်းမဲ့စွမ်းအားများကို ပိုင်ဆိုင်ထားသည့် ဒဏ္ဍာရီလာ အသက်စွမ်းအားဆိုင်ရာ ရတနာတစ်ပါးဖြစ်သည်။

သို့ဖြစ်ရာ အသက်သစ်ပင်၏ သစ်ကိုင်းတစ်ခက်ကို နတ်ဘုရားနယ်မြေ၏ တန်ဖိုးအရှိဆုံးရတနာတစ်ပါး အဖြစ် သေချာပေါက် သတ်မှတ်နိုင်၏။

ထိုကောင်လေးသည် သူတို့ရှေ့မှ သော့နှင့် လဲလှယ်ရန် အတွက် အသက်သစ်ပင်၏ သစ်ကိုင်းတစ်ခက်ကို အမှန်တကယ် အသုံးပြုလိုနေပါသလော။

သူတို့ရှေ့မှ သော့သည် လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်သည့်သော့ ဖြစ်သော်လည်း လနတ်ဘုရားနန်းတော်သည် နတ်ကုန်းမြေတိုက်တွင် ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီ ဖြစ်ပြီး မည်သူမှ လနတ်ဘုရားနန်းတော်၏ တည်နေရာကို မသိရှိကြပေ။

ဤသော့ကို ရရှိလျှင်ပင် လနတ်ဘုရားနန်းတော်ကို ရှာတွေ့နိုင်မလား ဆိုသည်မှာ မသေချာပေ။

သို့ဖြစ်ရာ လနတ်ဘုရားနန်းတော်၏ အမွေအနှစ်ကို ရရှိဖို့ဆိုသည်မှာ ပို၍ပင် ဆိုဖွယ်ရာမရှိပေ။

လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်မည့်သော့နှင့် လဲလှယ်ရန်အတွက် အသက်သစ်ပင်၏ သစ်ကိုင်းတစ်ခက်ကို အသုံးပြုခြင်းသည် အဖိုးအခ အလွန်ပင် များပြားလွန်းသည် မဟုတ်ပါလော။

“သခင်လေးကျန်းချန်.. အသက်သစ်ပင်က နတ်ဘုရားနယ်မြေရဲ့မဟာသစ်ပင်သုံးပင်ထဲက တစ်ပင်ပါ.. ဒီသော့အတွက်နဲ့ အသက်သစ်ပင်ရဲ့ အစိတ်အပိုင်းတစ်ခုနဲ့ လဲလှယ်တာက သခင်လေးအတွက် သိပ်တွက်ချေမကိုက်ဘူး ထင်တယ်”

ရှယန်ရှန်းက သတိပေးလိုက်သည်။

လနတ်ဘုရားနန်းတော်သည် ရှေးခေတ်ကာလက အုပ်စိုးသူအဆင့်အင်အားစုဖြစ်ခဲ့ပြီး ဤသော့သည် လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်မည့် သော့တစ်ချောင်း ဖြစ်သည်။

အကယ်၍ လနတ်ဘုရားနန်းတော်ကို ရှာဖွေ့တွေ့ရှိပြီး ဤသော့ဖြင့် နန်းတော်အတွင်းသို့ ဝင်ရောက်ကာ အမွေအနှစ်များရရှိခဲ့လျှင်ပင် ဤသော့၏ တန်ဖိုးသည် အသက်သစ်ပင်၏ အစိတ်အပိုင်းနှင့် နှိုင်းယှဥ်နိုင်မလား ဆိုသည်မှာ မသေချာသေးပေ။

ကူဖုန်းအာကမူ ကျန်းချန်၏ လုပ်ရပ်ကြောင့် အနည်းငယ်အံ့အားသင့်သွားသော်လည်း ဘာစကားမျှ ဝင်မပြောခဲ့ပေ။

အကြောင်းရင်းမှာ ကျန်းချန်၏ နှလုံးသားထဲတွင် အစ်မချင်းရွှယ်၏ တည်ရှိမှုက မည်မျှအ‌ရေးပါကြောင်း သူမကောင်းစွာသိရှိထားသောကြောင့်ပင်။

ဤသော့က လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်ပြီး လနတ်ကျောက်တုံးကိုပင် ရရှိနိုင်သည်ဖြစ်ရာ စျေးနှုန်းမည်မျှပင် မြင့်မားပါစေ ကျန်းချန်အနေဖြင့် တုံ့ဆိုင်းနေမည်မဟုတ်သည်မှာ သေချာသည်။

“မင်းဆီမှာ တကယ်ပဲ အသက်သစ်ပင်ရဲ့ အကိုင်းအခက် ရှိနေတယ်လား”

အဘိုးအိုထျန်းပေါင်၏ အကြည့်သည် ကျန်းချန်ဆီသို့ ကျရောက်သွားခဲ့သည်။

သူ၏မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

အသက်သစ်ပင်သည် မဟာသစ်ပင်သုံးပင်ထဲတွင် အပါအဝင်ဖြစ်ပြီး နတ်ဘုရားနယ်မြေ၏ ဒဏ္ဍာရီတစ်ခုလည်း ဖြစ်သည်။

အကယ်၍သာ ထိုလူငယ်ထုတ်ပြသော သစ်ကိုင်းသည် အသက်သစ်ပင်၏ အစိတ်အပိုင်း အမှန်တကယ် ဖြစ်နေခဲ့လျှင် မည်သည့် အသက်စွမ်းအားဆိုင်ရာ ရတနာမဆို ထိုအသက်သစ်ပင်၏ အကိုင်းအခက် ရှေ့တွင် အရောင်မှိန်သွားရလိမ့်မည် ဖြစ်သည်။

ကျန်းချန်က ခံစားချက်ကင်းမဲ့‌သော အမူအရာဖြင့် လက်ချောင်းဖြင့် အသာအယာ တောက်ထုတ်လိုက်ရာ သူ၏ လက်ထဲမှ အသက်သစ်ကိုင်းသည် အဘိုးအိုထျန်းပေါင်ဆီသို့ ရောက်ရှိသွားခဲ့သည်။

“ဒါက အသက်သစ်ပင်ရဲ့ အကိုင်းအခက်အစစ်ပဲ”

ထျန်းကျီမျှော်စင်၏ လေလံပွဲကို တာဝန်ယူထားသူ တစ်ဦးအနေဖြင့် အဘိုးအိုထျန်းပေါင်သည် အတွေ့အကြုံ ကြွယ်ဝသူတစ်ဦးဖြစ်သည်။

ထို့ကြောင့် တစ်ချက်ကြည့်ရုံဖြင့်ပင် ဤအကိုင်းအခက်က ဒဏ္ဍာရီလာ အသက်သစ်ပင်ထံမှ အမှန်တကယ် ရယူထားခြင်း ဖြစ်ကြောင်း သိရှိလိုက်၏။

“သခင်လေး.. ဒီသော့ကို အသက်သစ်ပင်ရဲ့ အစိတ်အပိုင်းတစ်ခုနဲ့ လဲလှယ်ဖို့အတွက် ငါဆုံးဖြတ်လိုက်ပြီ.. ဒါကြောင့် လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်တဲ့သော့က အခု သခင်လေး အပိုင် ဖြစ်သွားပါပြီ”

ထိုစကားကိုပြောပြီးနောက်တွင် အဘိုးအိုထျန်းပေါင်က သူ၏ လက်ဖဝါးကို အသာအယာ ဝှေ့ယမ်းလိုက်ရာ သူ၏ရှေ့မှ ကျောက်စိမ်းသေတ္တာသည် အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ဆီသို့ တန်းတန်းမတ်မတ်ပင် လွင့်ထွက်သွားခဲ့သည်။

ကျန်းချန်က ခန်းမအတွင်းရှိ မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် ကျောက်စိမ်းသေတ္တာကို ဖမ်းယူလိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။

လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်သည့် သော့အား ရရှိပြီးနောက်တွင် ကျန်းချန်သည် စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

လနတ်ဘုရားနန်းတော် ရှာတွေ့ပြီး ဤသော့ဖြင့် ဖွင့်လှစ်နိုင်သရွေ့ သူက လနတ်ကျောက်တုံးကို ရရှိနိုင်လိမ့်မည် မဟုတ်ပါလော။

“ဒီကောင်က လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်မဲ့သော့ကို ရသွားတယ်လား”

သူ၏ ရှေ့မှမြင်ကွင်းကို ကြည့်ရင်း ကျန်းယွိ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဤသော့ကို ရယူသွားသူသည် လူသားဧကရာဇ်ဓား၏ အပိုင်းအစကို ရရှိသွားသူ ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အစကတည်းပင် ကျန်းယွိသည် ကျန်းချန် ထံကနေ လူသားဧကရာဇ်ဓား၏ အပိုင်းအစကို လုယူရန် အခွင့်အရေး ရှာ‌ဖွေနေခဲ့ခြင်း ဖြစ်၏။

ဆိုရလျှင် ဤအခြေအနေသည် သူ့ကို အလုပ်များစွာ သက်သာသွားစေခဲ့သည်။

ယခု လနတ်ဘုရားနန်းတော်၏ သော့ကိုလည်း ကျန်းချန်ကပင် လေလံအောင်သွားခဲ့ပြီ ဖြစ်ရာ သူက ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ကို ပစ်ချနိုင်တော့မည် မဟုတ်ပါလော။

လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်သည့်သော့အား လေလံတင်ပြီးနောက်တွင် အဘိုးအို ထျန်းပေါင်သည် လေလံပွဲ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဤသို့ဖြင့် ခန်းမအတွင်းရှိ လူများသည် တစ်ဦးပြီးတစ်ဦး မတ်တတ်ထရပ်လိုက်ကြပြီး ခန်းမအပြင်ဘက်သို့ ထွက်ခွာသွားခဲ့ကြသည်။

“ငါတို့လည်း သွားကြရအောင်”

ကျန်းချန်က ပတ်ဝန်းကျင်မှသူ့ကို စူးစမ်းနေသော အကြည့်များအား လျစ်လျူရှုကာ နောက်သို့ လှည့်မကြည့်ဘဲ ခန်းမအပြင်ဘက်သို့ ထွက်လာခဲ့သည်။

ခန်းမအပြင်ဘက်တွင် ရှယန်ရှန်းသည် ကူဖုန်းအာကို ကြည့်ကာပြောလိုက်၏။

“နတ်ဘုရားမ.. ဆရာပေးထားတဲ့ တာဝန်ကို ပြီးမြောက်သွားပြီဆိုတော့ ကျွန်တော်ဆရာ့ဆီကို ပြန်ပြီး အခြေအနေ တင်ပြလိုက်ဦးမယ်.. နတ်ဘုရားမရော ကျွန်တော်နဲ့အတူ ဆရာ့ဆီ သွားတွေ့ဖို့ အစီအစဥ်ရှိလား”

ရှယန်ရှန်း၏စကားကို ကြားလျှင် ကူဖုန်းအာသည် ကျန်းချန်ကိုကြည့်လိုက်သည်။

“အစ်ကိုကျန်းချန်.. ညီမတို့ သွားကြမလား”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

“ဖုန်းအာ.. အစ်ကိုရှနဲ့ လိုက်သွားပြီး အကြီးအကဲကို သွားတွေ့လိုက်ပါ.. ငါ့မှာ တခြားကိစ္စရှိသေးလို့ မလိုက်နိုင်သေးဘူး”

“အစ်ကိုကျန်းချန် မသွားဘူးဆိုရင် ညီမလည်း မသွားတော့ဘူး”

ထို့နောက်တွင် ကူဖုန်းအာသည် ရှယန်ရှန်းကို ကြည့်ကာ ပြောလိုက်သည်။

“အစ်ကိုရှ.. ကျွန်မကိုယ်စား အကြီးအကဲ ဖုန်းချင်းယွမ်ကို ကျေးဇူးတင်စကားပြောပေးပါဦး.. အစ်ကိုကျန်းချန်ရဲ့ ကိစ္စတွေ ပြီးသွားရင် ကျွန်မ သေချာပေါက် လာတွေ့ပါမယ်”

ကူဖုန်းအာ၏ စကားကိုကြားလျှင် ရှယန်ရှန်းသည် ဇွတ်မတိုက်တွန်းတော့ပေ။

သူက ကျန်းချန်ကိုသာ အလေးအနက် သတိပေးလိုက်သည်။

“သခင်လေးကျန်းချန်.. သခင်လေးက လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်တဲ့သော့ကို လေလံဆွဲထားတဲ့ အတွက် မသမာတဲ့သူတွေရဲ့ စောင့်ကြည့်ခြင်းကို ခံရမှာ အသေအချာပဲ.. သခင်လေးအနေနဲ့ ကိစ္စ အထွေအထူး မရှိရင် ထျန်းကျီမြို့တော်ကနေ မထွက်သွားတာ အကောင်းဆုံးပဲ..”

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုရှ.. ကျွန်တော့်မှာ ကိုယ်ပိုင် အစီအစဥ် ရှိပါတယ်”

ထိုစကားကိုကြားလျှင် ရှယန်ရှန်းသည် ခေါင်းညိတ်လိုက်ပြီး ကျန်းချန်တို့ နှစ်ဦးကို နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။

“အစ်ကိုကျန်းချန်.. ညီမတို့ နောက်ထပ် ဘယ်သွားကြမလဲ”

ကူဖုန်းအာက ရှယန်ရှန်း ထွက်ခွာသွားသည်ကို ငေးကြည့်ရင်း ကျန်းချန်ကို မေးလိုက်သည်။

ကျန်းချန်က အနည်းငယ် စဥ်းစားဟန်ပြုပြီးမှ ပြန်‌ဖြေလိုက်၏။

“ထျန်းကျီမျှော်စင်မှာပဲ အရင်ဆုံး နေထိုင်ရအောင်.. သော့ကို အသေအချာ လေ့လာပြီးမှပဲ နောက်ထပ် အစီအစဥ် ဆွဲကြတာပေါ့”

လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်သည့် သော့သည် နတ်ကုန်းမြေတိုက်မှ ကျင့်ကြံသူများကို အလွန်တရာပင် ဆွဲဆောင်နိုင်သော ရတနာဖြစ်သည်။

အကယ်၍ သူသာ ထျန်းကျီမြို့တော်ကနေ ထွက်ခွာသွားလျှင် ပစ်မှတ်ထားခြင်းကို သေချာပေါက်ခံရလိမ့်မည် ဖြစ်၏။

သူ လက်ရှိပိုင်ဆိုင်ထားသော စွမ်းအားဖြင့်သာ ဆိုလျှင် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူနှင့် မတွေ့သရွေ့ သူ့ကို ခြိမ်းခြောက်နိုင်သူ အလွန်တရာပင် ရှားပါးသည်။

သို့သော်လည်း ကျန်းချန်သည် မလိုအပ်ဘဲ ပြဿနာများ မဖန်တီးလိုခဲ့ပေ။

ယခု သူက လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်သည့်သော့အား ရရှိထားပြီ ဖြစ်ရာ ထျန်းကျီမျှော်စင်တွင် ခဏနေထိုင်ပြီး ဤသော့ကို အသေအချာ လေ့လာ၍ လနတ်ဘုရားနန်းတော်နှင့် ပတ်သက်သည့် သဲလွန်စကို ရှာဖွေရန် ကြိုးစားကြည့်ရပေလိမ့်မည်။

အကယ်၍ သဲလွန်စ လုံးဝ မတွေ့ခဲ့လျှင်လည်း လနတ်ဘုရားနန်းတော်၏ အချက်အလက်များကို ထျန်းကျီမျှော်စင်ထံမှ ဝယ်ယူရန် စဥ်းစားနိုင်သေးသည် မဟုတ်ပါလော။

ဤအခိုက်အတန့်တွင် ကျန်းချန်တို့နှစ်ဦးသည် တုံ့ဆိုင်းမနေဘဲ ထျန်းကျီမျှော်စင်၏ ပထမထပ်သို့သွားကာ အခန်းနှစ်ခန်းကို ငှားရမ်းလိုက်ကြသည်။

ထျန်းကျီမျှော်စင်တွင် နေထိုင်ပြီးနောက်တွင် ကျန်းချန်တို့နှစ်ဦးသည် သော့ကို ထုတ်ယူကာ လေ့လာခဲ့ကြသည်။

ဤသော့၏ ကုန်ကြမ်းသည် ထူးခြားလှသော်လည်း ကျန်းချန်တို့နှစ်ဦးသည် အချိန်အတော်ကြာ လေ့လာခဲ့သည့်တိုင် သော့ထံကနေ မည်သည့် သဲလွန်စမှ မတွေ့ရှိခဲ့ကြပေ။

“ဒီသော့ကနေ လနတ်ဘုရားနန်းတော်ကို ရှာဖွေဖို့ ဆိုတာက သိပ်ပြီး လက်တွေ့မကျပုံပဲ”

ဤသော့တွင် ထူးခြားသည့်အချက် မရှိသလောက် ဖြစ်နေသည်ကို မြင်လျှင် ကျန်းချန်သည် စိတ်ထဲကနေ သက်ပြင်းချမိလိုက်သည်။

အသေအချာ ပြန်လည်စဥ်းစားကြည့်လျှင် အကယ်၍ ဤသော့သာ လနတ်ဘုရားနန်းတော်၏ တည်နေရာကို အလွယ်တကူ ရှာဖွေနိုင်မည်ဆိုလျှင် ဤသော့၏ မူလပိုင်ရှင်သည် အဘယ်ကြောင့် အလွယ်တကူ လဲလှယ်ပေးလိုက်ပါမည်နည်း။

ကျန်းချန်က သော့ကို လေ့လာသည်အား လက်လျှော့ရန် ပြင်ဆင်နေစဥ်မှာပင် စနစ်ထံမှ အသိပေးချက် နှစ်ခုသည် ကျန်းချန်၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ဒင်.. သင်က ရှေးဟောင်းလနတ်ဘုရား အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်သဘောပေါက်မှုကို စတင်လိုက်ပါပြီ”

“ဒင်.. သင်က ရှေးဟောင်းလနတ်ဘုရား အစီအရင်ကို တစ်သောင်းပုံတစ်ပုံ နားလည်သွားခဲ့ပါပြီ”

အခန်း(၂၂၂၇)ပြီး၏။

အခန်း(၂၂၂၈)

“ဒီသော့ပေါ်မှာ တားမြစ်အစီအရင်တစ်ခု ရှိနေတယ်လား”

စိတ်ထဲမှ စနစ်၏ သတိပေးသံကို ကြားလိုက်ရလျှင် ကျန်းချန်သည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

ဤနှစ်ပေါင်းများစွာ အတွင်း ကျန်းချန်သည် သူ၏ အစီအရင်ပညာရပ်ကို တကူးတက မြှင့်တင်ခဲ့ခြင်း မရှိသော်လည်း အစီအရင်နှင့် ပတ်သက်သည့် သူ၏ အသိပညာသည် အလွန်တရာ ကောင်းမွန်နေဆဲ ဖြစ်သည်။

သို့ရာတွင် ဤသော့ကို အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့် အသေအချာ လေ့လာခဲ့သည့်တိုင် သော့ပေါ်တွင် တားမြစ်အစီအရင် ရှိနေသည်ကို သတိမပြုမိခဲ့ပေ။

သို့သော်လည်း ဤသော့သည် လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်မည့်သော့ ဖြစ်နေခဲ့ရာ လနတ်ဘုရားနန်းတော်၏ အရှင်သခင် ဖြစ်သည့် လနတ်အရှင်သခင်၏လက်ရာ ဖြစ်နိုင်သည်ဟု တွေးတောမိပြီး စိတ်အေးသွားခဲ့သည်။

နတ်ဘုရင်အဆင့် အထက်မှ ပြိုင်ဘက်ကင်း ကျင့်ကြံသူ တစ်ဦးစီရင်ထားသော တားမြစ်အစီအရင်များကို သာမန်လူများသည် မည်ကဲ့သို့ အလွယ်တကူ သိရှိနိုင်ပါအံ့နည်း။

“ဖုန်းအာ.. အစ်ကို သဲလွန်စတချို့ ရှာတွေ့ထားလို့ တံခါးပိတ်ပြီး လေ့လာဖို့ လိုအပ်တယ်”

ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့သည်။

သူက ကူဖုန်းအာကို အလေးအနက်ပြောလိုက်၏။

ဤသော့ပေါ်ရှိ တားမြစ်အစီအရင် အတွင်း မည်သည့်အရာများ ဖုံးကွယ်ထားသည်ကို ကျန်းချန် မသိသော်လည်း ယင်းသည် လနတ်ဘုရားနန်း‌တော်နှင့် ဆက်စပ်နေမည်မှာ သေချာသလောက် ဖြစ်သည်။

ထို့ကြောင့် ကျန်းချန်က သော့ပေါ်ရှိ တားမြစ်အစီအရင်ကို အရင်ဆုံး နားလည်အောင်လုပ်ပြီး ဖြိုခွဲရန် တွေးထားခဲ့သည်။

ကူဖုန်းအာက အလျင်အမြန်ပင် ခေါင်းညိတ်လိုက်ပြီး ကျန်းချန်ကို ပြောလိုက်၏။

“အစ်ကိုကျန်းချန်.. စိတ်အေးအေးထားပြီး ဒီသော့ကို လေ့လာပါ.. ညီမ အစ်ကို့ကို စောင့်ရှောက်ပေးပါ့မယ်”

ထို့နောက်တွင်မူ ကျန်းချန်သည် စကားများစွာ ပြောမနေတော့ဘဲ သူ့ရှေ့ရှိ သော့ပေါ်သို့ အာရုံအပြည့်အဝ စူးစိုက်ကာ သော့ပေါ်ရှိ တားမြစ် အစီအရင်ကို နားလည်အောင် စတင် ကြိုးစားခဲ့သည်။

“ဒင်.. သင်က ရှေးဟောင်းလနတ်ဘုရား အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်သဘောပေါက်မှုကို စတင်လိုက်ပါပြီ”

“ဒင်.. သင်က ရှေးဟောင်းလနတ်ဘုရား အစီအရင်ကို တစ်‌သောင်းပုံ တစ်ပုံ နားလည်သွားခဲ့ပါပြီ”

ဤရှေးဟောင်းလနတ်ဘုရား အစီအရင်သည် အစွမ်းထက်သော်လည်း ကျန်းချန်၏ လက်ရှိစွမ်းရည်နှင့် အဆ ၁၀၀ စနစ်၏ သိမြင်နားလည်မှုကို အသုံးပြုပြီးနောက်တွင် နားလည်ရန် မခက်ခဲတော့ပေ။

အချိန်အတန်ကြာတိုင်းတွင် ကျန်းချန်သည် ရှေးဟောင်းလနတ်ဘုရား အစီအရင်၏ အစိတ်အပိုင်းအချို့ကို နားလည်လာခဲ့ပြီး တစ်ရက်အတွင်း ရာခိုင်နှုန်း တော်တော်များများကို နားလည် သဘောပေါက်လာခဲ့သည်။

သူ့အနေဖြင့် ရှေးဟောင်းလနတ်ဘုရား အစီအရင်ကို အပြည့်အဝ နားလည်ရန် သုံးလကျော်သာ အချိန်လိုအပ်သည်။

ကျန်းချန်က သော့ပေါ်မှ တားမြစ် အစီအရင်ကို နားလည်ရန် ကြိုးစားနေစဥ်တွင် ကျန်းချန်၏ လက်ထဲမှ သော့ကို ရယူလိုကြသူများသည် ထျန်းကျီမျှော်စင်ထဲကနေ ထွက်ခွာမသွားကြသေးပေ။

သူတို့က အခွင့်အရေးကို စောင့်ဆိုင်းရင်း အမှောင်ရိပ်ထဲတွင် တိတ်တဆိတ် ပုန်းအောင်းနေကြသည်။

သို့သော်လည်း လနတ်ဘုရားနန်းတော်၏ သော့ကို လေလံအောင်ထားသည့် ကျန်းချန်သည် သူတို့ကို စိတ်ပျက်သွားစေရလောက်သည်အထိ ထျန်းကျီမျှော်စင်ကနေ ထွက်လာမည့်အရိပ်အယောင် လုံးဝ မရှိခဲ့ပေ။

မသိလိုက် မသိဘာသာဖြင့်ပင် ဆယ်ရက်ဟူသော အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

သို့‌သော်လည်း ကျန်းချန်က ပေါ်မလာသေး၍ လူတချို့သည် စိတ်မရှည် ဖြစ်လာခဲ့ကြပြီး အဆုံးသတ်တွင် ထွက်ခွာသွားရန် ရွေးချယ်လိုက်ကြသည်။

သို့သော်လည်း အလွယ်တကူ လက်မလျှော့နိုင်သူများလည်း ရှိနေခဲ့ပြီး ထိုအထဲတွင် ကျန်းယွိတို့ အဖွဲ့လည်း ပါဝင်နေခဲ့သည်။

“သခင်လေးကျန်းယွိ.. အချိန်က လဝက်တောင်ကြာနေပြီ.. အဲဒီကောင်ကို ကြည့်ရတာ ထျန်းကျီမျှော်စင်ထဲမှာပဲ နေပြီး အပြင်ထွက်လာမဲ့ပုံ မပေါ်ဘူး.. ကျွန်တော်တို့ သူ့ကို ထပ်စောင့်ဦးမှာလား”

ကျန်းယွိ၏ နံဘေးမှ နတ်ဘုရင် စတုတ္ထအဆင့် အကြီးအကဲသည် ကျန်းယွိကို ပြောလိုက်သည်။

သူတို့က လနတ်ဘုရား နန်းတော်သော့ကို လိုချင်သော်လည်း ကျန်းချန်သာ ထျန်းကျီမျှော်စင်အတွင်း ပုန်းအောင်နေလျှင် သူတို့အနေဖြင့် ပြဿနာ မရှာရဲကြပေ။

အကယ်၍သာ ကျန်းချန် ထွက်မလာခဲ့လျှင် သူတို့သည် ဤအတိုင်း ထာဝရ စောင့်ဆိုင်းနေရပါမည်လော။

“ကျွန်‌တော်သာ လနတ်ဘုရားနန်းတော်ရဲ့ သော့ကို ရထားရင် ဘယ်သူမှ မရိပ်မိအောင် ထျန်းကျီမြို့တော်ကနေ ထွက်ခွာသွားမှာပဲ”

ကျန်းယွိက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ဒီကောင် ထျန်းကျီမျှော်စင်ထဲမှာ ထာဝရမနေနိုင်ဘူးလို့ ကျွန်တော် ယုံကြည်တယ်.. ဘယ်သူပိုပြီး စိတ်ရှည်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့”

ထိုစကားကိုကြားလျှင် နတ်ဘုရင် စတုတ္ထအဆင့် အကြီးအကဲက မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဒါပေမဲ့..”

ကျန်းယွိက လက်ကာပြလိုက်ပြီး နတ်ဘုရင် စတုတ္ထအဆင့် အကြီးအကဲ၏ စကားကို ဖြတ်ပြောလိုက်သည်။

“ဒါကြောင့် ကျွန်တော့်အနေနဲ့ လောဖို့မလိုပါဘူး.. စိတ်မပူပါနဲ့ အကြီးအကဲခွန်.. ကျွန်တော့်ရဲ့လက်ထဲမှာ မဟာလမ်းစဥ်ဆေးလုံး ရှိပြီဆိုတော့ နတ်ဘုရင်အဆင့်ကို အချိန်မရွေး ထိုးဖောက်နိုင်ပါတယ်”

လနတ်ဘုရားနန်းတော်၏ သော့သည် အုပ်စိုးသူအဆင့်အင်အားစု၏ အမွေအနှစ်နှင့် ဆက်စပ်နေသော ရတနာဖြစ်သည်။

အကယ်၍ သူသာ ဤသော့ကို အသုံးပြုပြီး လနတ်ဘုရားနန်းတော်ကို အမှန်တကယ် ဖွင့်လှစ်နိုင်ပြီး အတွင်းမှ အမွေအနှစ်များကို ရရှိခဲ့လျှင် နတ်ကုန်းမြေတိုက်၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်သော ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ဦး ဖြစ်လာပေလိမ့်မည်။

ထိုအချိန်သို့ရောက်လျှင် လူသားဧကရာဇ် ရာထူးသည် သူ့အတွက် အလွန်တရာ လွယ်ကူသွားပေလိမ့်မည် မဟုတ်ပါလော။

ထို့ကြောင့် ဤသော့သည် လနတ်ဘုရားနန်းတော်ကို ဖွင့်လှစ်နိုင်ရန် ဆယ်ပုံတစ်ပုံမျှ အခွင့်အရေး ရှိလျှင်ပင် သူက အလွယ်တကူ လက်လွှတ်ခံမည် မဟုတ်ပေ။

------------------------

ထျန်းကျီမျှော်စင်၏ တိတ်ဆိတ်သော အခန်းတစ်ခုအတွင်း၌ ကျန်းချန်သည် မလှုပ်မယှဥ် တင်ပျဥ်ခွေထိုင်နေခဲ့သည်။

သူ၏ အကြည့်က သူ့ရှေ့ရှိ လနတ်ဘုရားနန်းတော်၏ သော့ပေါ်သို့ ကျရောက်နေခဲ့သည်။

သူက သော့ပေါ်မှ အစီအရင်ကို နားလည်ရန် စဥ်ဆက်မပြတ်ကြိုးစားနေခဲ့၏။

“ဒင်.. ရှေးဟောင်းလနတ်ဘုရား အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်သဘောပေါက်မှုကို စတင်လိုက်ပါပြီ”

“ဒင်.. သင်က ရှေးဟောင်းလနတ်ဘုရား အစီအရင်ကို တစ်သောင်းပုံ တစ်ပုံ နားလည်သွားခဲ့ပါပြီ”

“ဒင်.. ရှေးဟောင်းလနတ်ဘုရား အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်သဘောပေါက်မှုကို စတင်လိုက်ပါပြီ”

“ဒင်.. သင်က ရှေးဟောင်းလနတ်ဘုရား အစီအရင်ကို တစ်သောင်းပုံ တစ်ပုံ နားလည်သွားခဲ့ပါပြီ”

“...........”

“ဒင်.. သင်က ရှေးဟောင်းလနတ်ဘုရား အစီအရင်ကို အောင်မြင်စွာ နားလည်သဘောပေါက်သွားခဲ့ပါပြီ”

သုံးလနှင့်ငါးရက် အကြာတွင် ကျန်းချန်သည် သော့ပေါ်မှ တားမြစ် အစီအရင်ကို အဆုံးသတ်တွင် နားလည်သွားခဲ့သည်။

အစီအရင်ကို နားလည်သွားပြီးနောက်တွင် ကျန်းချန်သည် အချိန်မဖြုန်းတော့ဘဲ လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များကို တိုက်ရိုက်ပင် ပြုလုပ်လိုက်ကာ သူ့ရှေ့ရှိ သော့ဆီသို့ စဥ်ဆက်မပြတ် ရိုက်ခတ်လိုက်သည်။

ကျန်းချန်၏ လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်များကနေ ဖြစ်ပေါ်လာသော စွမ်းအားများသည် သော့အတွင်းသို့ လျင်မြန်စွာ နစ်ဝင်သွားခဲ့သည်။

အချိန်မည်မျှ ကြာသွားမှန်းပင် မသိရချေ။

လုံးဝ မလှုပ်မယှက် ရှိနေခဲ့သော လနတ်ဘုရားနန်းတော်၏ သော့သည် အဆုံးသတ်တွင် ဆန်းကြယ်သော တုန်ခါမှုလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

မကြာမီမှာပင် အလွန်တရာ တောက်ပသော လရောင် နတ် အလင်းတန်း တစ်ခုသည် လနတ်ဘုရားနန်းတော်၏ သော့အတွင်းကနေ ထွက်ပေါ်လာခဲ့ပြီး လေထုထဲတွင် ပုံရိပ်ယောင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုပုံရိပ်ယောင်သည် စင်ကြယ်သော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနှိုင်းမဲ့ ရုပ်ရည်ချောမောကာ နတ်ဘုရင်အဆင့်ကို ကျော်လွန်နေသည့် အရှိန်အဝါများအား ထုတ်လွှတ်နေခဲ့သည်။

“ဒါက လနတ်အရှင်သခင်များလား”

သူ့ရှေ့မှ ပုံရိပ်ယောင်ကိုကြည့်ရင်း ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

ကျန်းချန် တအံ့တဩ ကြည့်နေစဥ်မှာပင် လေထဲရှိ ပုံရိပ်ယောင်သည် လရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ စိတ်ထဲသို့ ချက်ချင်းဆိုသလို တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ်တစ်ခဏတွင် နတ်သမီးတစ်ပါး၏ အသံကဲ့သို့ သာယာ နာပျော်ဖွယ် စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်လာခဲ့သည်။

“လနတ်ဘုရားနန်းတော်က လနတ်အရှင်သခင်ရဲ့ အုပ်စိုးမှုအောက်မှာရှိတယ်.. တကယ်လို့ သင်က လနတ်ဘုရားသော့အတွင်းက တားမြစ်အစီအရင်ကို ဖွင့်လှစ်နိုင်ခဲ့ရင် လနတ်ဘုရားနန်းတော်နဲ့ ရေစက်ရှိသူ တစ်ဦးအဖြစ် လနတ်ဘုရားနန်းတော်ကို အမွေဆက်ခံနိုင်လိမ့်မယ်”

ထိုအသံ အဆုံးသတ်သည်နှင့် အမျှ ကျန်းချန်၏ ဦးနှောက်ထဲသို့ များပြားလှသော အချက်အလက်များသည် တိုက်ရိုက်ပင်စီးဝင်လာခဲ့သည်။

ထိုအချက်အလက်များကို လက်ခံရရှိပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းများ၌ အလွန်အမင်း ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

အကြောင်းအရင်းမှာ ထိုအချက်အလက်များထဲတွင် လနတ်ဘုရားနန်းတော်၏ တည်နေရာ ပါဝင်နေသောကြောင့်ပင်။

ဤအချက်အလက်များသည် ကျန်းချန်ကို လနတ်ဘုရားနန်းတော်၏ တည်နေရာအား သိရှိစေသည့်အပြင် အလွန်အရေးကြီးသော သတင်းစကား တစ်ခုကိုပါ ထုတ်ဖော်ပြသခဲ့သည်။

ဆိုရလျှင် လနတ်ဘုရား နန်းတော်ကို ဖွင့်လှစ်မည့်သော့သည် တစ်ခုတည်း မဟုတ်ပေ။

ကျန်းချန်၏ လက်ထဲရှိ သော့သည် လနတ်အရှင်သခင်ချန်ထားရစ်ခဲ့သော သော့ဆယ်ချောင်းထဲမှ တစ်ချောင်းသာ ဖြစ်၏။

မဟာကပ်ဘေး အတွင်းတွင် လနတ်ဘုရားနန်းတော်သည် ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး လနတ်အရှင်သခင်သည် လနတ်ဘုရားနန်းတော်ကို ချိတ်ပိတ်ကာ ၎င်းကိုဖွင့်လှစ်ရန်အတွက် သော့ဆယ်ချောင်း ချန်ထားရစ်ခဲ့သည်။

ဆိုလိုသည်မှာ အခြားတစ်ယောက်သာ ထိုသော့ဆယ်ချောင်းထဲမှ တစ်ချောင်းကို ရရှိပြီး သော့ပေါ်ရှိ တားမြစ်အစီအရင်ကို ဖြေရှင်းနိုင်ခဲ့လျှင် ၎င်းသည်လည်း လနတ်ဘုရား နန်းတော်ကို ရှာဖွေကာ ဖွင့်လှစ်နိုင်မည် ဖြစ်သည်။

သို့ဖြစ်ရာ သူ့အနေဖြင့် လနတ်ဘုရားနန်းတော်ကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေကာ ဖွင့်လှစ်ရန် လိုအပ်နေပြီ မဟုတ်ပါလော။

အခန်း(၂၂၂၈)ပြီး၏။

All Chapters