← Chapters

အခန်း (၂၂၂၉-၂၂၃၀)

Vol. 163 Ch. 2229-2230

အခန်း (၂၂၂၉-၂၂၃၀)

Vol. 163 Ch. 2229-2230

အခန်း(၂၂၂၉)

ကျန်းချန်သည် လနတ်နန်းတော်၏ သော့ပေါ်ရှိ အစီအရင်ကို ဖြိုခွဲပြီးနောက်တွင် ထျန်းကျီမျှော်စင်၌ ဆက်လက်နေရန် အစီအစဥ် မရှိတော့ပေ။

သူက ကူဖုန်းအာကို ခေါ်ဆောင်ကာ လနတ်ဘုရားနန်းတော်ကို ရှာဖွေရန်အတွက် ထျန်းကျီမျှော်စင်ကနေ ထွက်ခွာလာခဲ့သည်။

“အစ်ကိုကျန်းချန်.. ကျွန်မတို့ကို တစ်ယောက်ယောက်က ပစ်မှတ်ထားနေသလိုပဲ”

ထျန်းကျီမျှော်စင်ကနေ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကူဖုန်းအာသည် တစ်စုံတစ်ရာကို ချက်ချင်းဆိုသလို ခံစားမိလိုက်ပြီး ကျန်းချန်ကို လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဂရုစိုက်မနေနဲ့ သွားကြစို့”

ကျန်းချန်က သူ့နောက်ကနေ အားနည်းသော အရှိန်အဝါတချို့ လိုက်ပါလာသည်ကို ခံစားမိလိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ဖြစ်ပေါ်နေခဲ့၏။

သူက သော့ပေါ်ရှိ တားမြစ်အစီအရင်ကို နားလည်အောင်လုပ်ရန် အတွက် ထျန်းကျီမျှော်စင်တွင် သုံးလကျော်ကြာ အချိန်ယူခဲ့ရ‌သော်လည်း သူ့ကို စောင့်ဆိုင်းနေသူများ ရှိနေဆဲပင်။

ဤလူများသည် အမှန်တကယ်ပင် စိတ်ရှည်သည်ဟု ဆိုရပေတော့မည်။

သို့ရာတွင် ကျန်းချန်သည် သိပ်ဂရုမစိုက်ခဲ့ပေ။

နတ်ဘုရင် သတ္တမအဆင့်နှင့် မဆုံတွေ့သရွေ့ မည်သူကမျှ သူ့လက်ထဲရှိ လနတ်ဘုရားနန်းတော်၏ သော့ကို လုယူနိုင်မည်မဟုတ်ချေ။

ထို့ကြောင့် ကျန်းချန်က ပုန်းလျှိုးကွယ်လျှိုး သွားရန် လုံးဝ စိတ်မကူးဘဲ ထျန်းကျီမြို့ကနေ ပေါ်ပေါ်ထင်ထင် ထွက်လာခဲ့ပြီး ထျန်းကျီမြို့၏ တောင်ဘက်အရပ် ဆီသို့ ကောင်းကင်ယံကနေ ပျံသန်းသွားခဲ့သည်။

ထျန်းကျီမြို့တော်ကနေ ကျန်းချန် ထွက်သွားပြီး သိပ်မကြာမီမှာပင် ပုံရိပ်လေးခုသည် ကျန်းချန်တို့ ထွက်သွားသည့် ဦးတည်ချက်အတိုင်း လိုက်ပါသွားခဲ့ကြသည်။

ကျန်းချန်က တောင်ဘက်အရပ်သို့ တောက်လျှောက် ခရီးနှင်ခဲ့ပြီး ထျန်းကျီမြို့တော်နှင့် မိုင်ပေါင်းတစ်သိန်း အကွာရှိ တောင်တန်းတစ်ခု ပေါ်တွင် ရပ်တန့်လိုက်သည်။

သူက ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေရင်း သူ၏ အနောက်ဘက်ရှိ လေထုတစ်နေရာကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

ထိုအခိုက်အတန့်တွင် သူ၏ အေးစက်စက် အသံသည် ကောင်းကင်နှင့်မြေကြီး အကြားတွင် ပဲ့တင်ထပ်သွားခဲ့၏။

“မင်းတို့ ရောက်နေမှတော့ ဘာလို့အမှောင်ထဲမှာ ဆက်ပြီး ပုန်းလျှိုးကွယ်လျှိုး လုပ်နေဦးမှာလဲ”

ကျန်းချန်၏ စကားဆုံးသည်နှင့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး၏ ပုံရိပ်သည် ပေထောင်ချီအကွာရှိ နေရာလွတ်တွင် တစ္ဆေတစ်ကောင်နှယ် ရုတ်တရက် ပေါ်လာခဲ့သည်။

သူက ကျန်းချန်တို့နှစ်ဦးကို ကြည့်ကာ‌ လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။

“ဟားဟား ကောင်လေး.. မင်းရဲ့အာရုံခံနိုင်စွမ်းက ဒီလောက်အထိကောင်းပြီး ငါရဲ့တည်ရှိမှုကို သိနိုင်မယ်လို့ မထင်ထားခဲ့ဘူး”

ကျန်းချန်က ရုတ်တရက် ပေါ်ထွက်လာသောအနက်ရောင်ဝတ်စုံဝတ် အဘိုးအိုးကို ကြည့်လိုက်သည်။

သူ၏ အမူအရာက လုံးဝ ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်နေခဲ့၏။

“မင်းက ဘယ်သူလဲ.. ဘာလို့ ငါတို့နောက်ကိုလိုက်လာတာလဲ”

“ကောင်လေး ငါတို့ မင်းနောက်ကို ဘာလို့ လိုက်လာတာလဲဆိုတာ မင်းရဲ့စိတ်ထဲမှာ အသိဆုံးဖြစ်မှာပဲ.. လနတ်ဘုရားနန်းတော်ရဲ့ သော့က မင်းလို မလောက်လေးမလောက်စား ကောင်လေးတစ်ယောက် ပိုင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး.. ကဲ ငါမင်းနဲ့ စကားအများကြီး မပြောချင်ဘူး.. မင်းအသက်ရှင်ချင်တယ်ဆိုရင် လနတ်ဘုရားနန်းတော်ရဲ့သော့ကို ငါ့ဆီအလိုက်တသိ အပ်လိုက်ပါ”

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ကျန်းချန်ကို ရက်စက်လိုသောအကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“အဘိုးကြီး မင်းက နတ်ဘုရင် တတိယအဆင့်လောက်နဲ့ငါ့ရဲ့လက်ထဲက လနတ်ဘုရားနန်းတော်ရဲ့သော့ကို လုချင်နေတယ်လား.. မင်းက အဲဒီလောက်အထိ အရည်အချင်းမရှိသေးဘူး”

“ကောင်လေး မင်းရဲ့ဘေးမှာ နတ်ဘုရင် တတိယအဆင့် ပါရမီရှင်တစ်ယောက် ရှိနေတာကို ငါသိပါတယ်.. ငါတစ်ယောက်တည်း ဆိုရင်တော့ မင်းတို့နှစ်ယောက်ကို ဘယ်ယှဥ်နိုင်ပါ့မလဲ”

အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ စကားဆုံးသည်နှင့် ပုံရိပ်သုံးခုသည် လေထဲတွင်‌ ပေါ်လာခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုနှင့် ပူးပေါင်းလိုက်သည်။

ထိုပုံရိပ်သုံးခုထဲတွင် တစ်ဦးသည် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုနှင့် ခွန်အားချင်း တူညီကြကာ နှစ်ဦးစလုံးသည် နတ်ဘုရင် တတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ကျန်နှစ်ဦးကမူ ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့် လူငယ်ပါရမီရှင်များဖြစ်ကြသည်။

“အစ်ကိုကျန်းချန် သူတို့က သံမဏိဓားနတ်ဂိုဏ်းနဲ့ အမှောင်အရိပ်နတ်ဂိုဏ်းက လူတွေပဲ”

ကူဖုန်းအာက ထိုသုံးဦးကို အကဲခတ်လိုက်ပြီးနောက်တွင် ကျန်းချန်ကို လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာပြီးနောက်တွင် ကူဖုန်းအာသည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် တစ်နှစ်ပတ်လုံး နေထိုင်ကာ ကျင့်ကြံခဲ့သော်လည်း နတ်ဘုရားနယ်မြေရှိ အင်အားစုများ အကြောင်းကို အနည်းငယ် သိရှိထားခဲ့သည်။

အထူးသဖြင့် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းမှ လူငယ်ပါရမီရှင်များ အကြောင်းကို ကောင်းစွာ သိရှိထား၏။

ဆိုရလျှင် သူတို့ရှေ့ရှိ လူငယ်နှစ်ဦးထဲမှ တစ်ဦးသည် သံမဏိဓားနက်ဂိုဏ်း၏ နတ်ဘုရားသားတော် ထျယ်လီ ဖြစ်ပြီး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၄၆ နေရာ၌ ရှိသူ ဖြစ်သည်။

ကျန်တစ်ဦးကမူ အမှောင်အရိပ်နတ်ဂိုဏ်း၏ နတ်ဘုရားသားတော် ချိုးဝူရင် ဖြစ်ပြီး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၄၁နေရာ၌ ရှိသူ ဖြစ်သည်။

ဤအခိုက်အတန့်တွင်ကျန်းချန်၏ အကြည့်သည် အလွန်တရာ အေးစက်သွားခဲ့သည်။

သူ၏ လနတ်ဘုရားနန်းတော်သော့ကို ကြံစည်ရဲလျှင် မည်သူပင် ဖြစ်စေကာမူ သူက ၎င်းတို့ အားလုံးကို ကြီးလေးသောအဖိုးအခအား ပေးဆပ်စေမည် ဖြစ်၏။

“ညီနောင်မို.. ငါတို့နှစ်ယောက်က နတ်ဘုရင်တတိယအဆင့်မိန်းကလေးကို တားဆီးထားမယ်.. ဂျူနီယာနှစ်ယောက်ကိုတော့ အဲဒီကောင်လေးကို ရှင်းခိုင်းပြီး လနတ်ဘုရားနန်းတော်ရဲ့သော့ကို လုခိုင်းလိုက်မယ်”

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက စကားများစွာ ပြောမနေတော့ဘဲ မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို တိုက်ရိုက်ပင် ပြောလိုက်သည်။

သူတို့၏ မျက်နှာချင်းဆိုင်မှ မိန်းကလေးသည် ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် နတ်ဘုရင် တတိယအဆင့်သို့ ရောက်ရှိနေပုံထောက်လျှင် သာမန် နတ်ဘုရင် တတိယအဆင့် မဟုတ်သည်မှာ သေချာသလောက် ဖြစ်၏။

အကယ်၍ တစ်ယောက်ချင်းသာ ဆိုလျှင် သူတို့နှစ်ဦးစလုံးသည် ထိုမိန်းကလေး၏ ပြိုင်ဘက် မဖြစ်နိုင်မည်ကို စိုးရိမ်နေမိကြသည်။

သို့သော်လည်း သူတို့နှစ်ဦးက ထိုမိန်းကလေးကို ထိန်းထားနိုင်သရွေ့ ကောင်းကင်အရှင် အဆင့်ရှိ ထိုကောင်လေးသည် စိုးရိမ်စရာ မဟုတ်ပေ။

သိထားရမည့်အချက်မှာ သူတို့ဘက်မှ လူငယ်နှစ်ဦးသည် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် ထိပ်ဆုံးအယောက် ငါးဆယ်စာရင်းဝင် လူငယ်ပါရမီရှင်များ ဖြစ်ကြသည်။

ထိုနှစ်ဦးသာ ပူးပေါင်းလိုက်လျှင် ကောင်းကင်အရှင် အဆင့်တွင် ကျန်းယွိ ကဲ့သို့ပြိုင်ဘက်ကင်း လူငယ်က လွဲ၍ မည်သူကမျှ ထိုနှစ်ဦး၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ချေ။

ဆိုရလျှင် လူငယ်နှစ်ဦး၏ ခွန်အားသည် သူတို့ရှေ့ရှိ ကောင်းကင်အရှင်အဆင့် ကောင်လေးကို ရှင်းပစ်ရန် အလွန်တရာ လွယ်ကူလွန်းသည် မဟုတ်ပါလော။

“အမြန်လှုပ်ရှားတော့.. အချိန်ကြာနေရင် အခြေအနေတွေ ပြောင်းလဲသွားမှာ စိုးရိမ်ရတယ်”

မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ လင်းလက်သွားခဲ့သည်။

သူက ‌ရှေ့သို့ တိုးထွက်ကာ ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားလမ်းစဥ် စွမ်းအားများဖြင့် ကူဖုန်းအာကို ဖိနှိပ်လိုက်သည်။

ဤအခိုက်အတန့်တွင် ကူဖုန်းအာ၏ လှပသော မျက်နှာလေးသည် အေးစက်သွားခဲ့သည်။

သူမသည် ခန္ဓာကိုယ်ကနေ အလွန်တရာပူပြင်းသော ကောင်းကင်မီးလျှံများကို ချက်ချင်းဆိုသလို ထုတ်လွှတ်ကာ သူမကို ဖိနှိပ်လာသည့် ဓားလမ်းစဥ်နတ်စွမ်းအားများကို လောင်ကျွမ်းစေခဲ့၏။

ယင်းနောက်တွင် သူမသည် မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

ထိုခဏဝယ် သူမ၏ အေးစက်စက် အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

“မင်းတို့တွေ အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်.. သံမဏိဓားနတ်ဂိုဏ်းနဲ့ အမှောင်အရိပ်နတ်ဂိုဏ်းလို ဒုတိယတန်းစားနတ်ဘုရင် အင်အားစုတွေကများ ငါကူဖုန်းအာကို တိုက်ခိုက်ရဲတယ်လား”

ကူဖုန်းအာ၏ စကားကိုကြားလျှင် မီးခိုးရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူနှင့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတို့၏ မျက်နှာအမူအရာများသည် ပြောင်းလဲသွားခဲ့သည်။

“ကောင်းကင်ဖီးနစ်နတ်ဘုရားမ ကူဖုန်းအာလား”

ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုက သိပ်မကြာသေးမီကမှ နတ်ဘုရားမ အဖြစ် တင်မြှောက်ထားသော ကောင်းကင်ဖီးနစ်နတ်ဘုရားမ ကူဖုန်းအာ အကြောင်းကို သူတို့ ကြားဖူးသော်လည်း တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။

ဤကဲ့သို့ ဂုဏ်အရှိန်အဝါ ကြီးမားသော ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စု၏ ကောင်းကင်ဖီးနစ် နတ်ဘုရားမသည် ကောင်းကင်အရှင်အဆင့် ကောင်လေး တစ်ယောက်၏ နောက်သို့ လိုက်ပါနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။

“ကောင်းကင်ဖီးနစ်နတ်ဘုရားမ.. ဒီနေ့ ကျွန်တော်တို့က ဒီကောင်လေးအတွက် လာတာပါ...ဒီကိစ္စက နတ်ဘုရားမနဲ့ ဘာမှမဆိုင်ပါဘူး.. ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ကိစ္စကို ဝင်မစွက်ဖက်ပါနဲ့”

မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး ကူဖုန်းအာကို အလေးအနက် ပြောလိုက်သည်။

“မင်းတို့တွေက ငါ့ရဲ့ အစ်ကိုကို ဒုက္ခပေးပြီး ငါ့ကို ရှောင်ဖယ်ခိုင်းချင်တယ်ပေါ့”

ကူဖုန်းအာက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။

“နင်တို့ကို အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်.. အခုချက်ချင်းငါ့ရှေ့ကနေ ထွက်သွားကြ.. မဟုတ်ရင်တော့ ငါ့ကိုမညှာတာဘူးဆိုပြီး အပြစ်မတင်နဲ့”

“ကောင်းကင်ဖီးနစ်နတ်ဘုရားမ.. နတ်ဘုရားမက ဒီကိစ္စမှာ ဝင်ရောက်စွက်ဖက်နေမယ် ဆိုရင်တော့ ကျွန်တော်တို့ မယဥ်ကျေးမှုကိုသာ ခွင့်လွှတ်ပေးပါတော့”

မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူနှင့်အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတို့သည် တစ်ဦးကို တစ်ဦးကြည့်လိုက်ကြပြီး သွားများကို အံတင်းတင်းကြိတ်ကာ ကူဖုန်းအာဆီသို့ တစ်ပြိုင်နက်တည်း ပြေးဝင်သွားခဲ့ကြသည်။

သူတို့က ယနေ့တွင် တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီ ဖြစ်ရာ အလွယ်တကူ လက်လျှော့ရန် အစီအစဥ် မရှိကြပေ။

သူတို့နှစ်ဦးက ကူဖုန်းအာကို ထိန်းထားနိုင်သရွေ့ ဂျူနီယာနှစ်ယောက် ဖြစ်သည့် နတ်ဘုရားသားတော် နှစ်ပါးသည် ကောင်းကင်အရှင်အဆင့် ကောင်လေးကို အလွယ်တကူ ရှင်းပစ်နိုင်ပြီး လနတ်ဘုရားနန်းတော်၏ သော့ကို လုယူနိုင်လိမ့်မည် မဟုတ်ပါလား။

“ရှင်တို့ကို ကျွန်မကိုတောင် တိုက်ခိုက်ရဲတယ်လား”

ကူဖုန်းအာ၏ လှပသော မျက်နှာလေးသည် အေးစက်သွားခဲ့သည်။

သူမက ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ရာကောင်းသော မီးလမ်းစဥ် နတ်စွမ်းအားများကို ထုတ်လွှတ်လိုက်ရာ ပတ်ဝန်းကျင် တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် မီးပင်လယ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကူဖုန်းအာတို့ သုံးဦး တိုက်ခိုက်နေချိန်တွင် ထျယ်လီနှင့် ချိုးဝူရင် တို့သည် တုံ့ဆိုင်းမနေဘဲ ကျန်းချန်ကို သတ်ဖြတ်ရန်အတွက် ရှေ့သို့ တိုးထွက်လာကြသည်။

အခန်း(၂၂၂၉)ပြီး၏။

အခန်း(၂၂၃၀)

“ကောင်လေး လနတ်ဘုရားနန်းတော်ရဲ့သော့ကို လိမ်လိမ်မာမာအပ်လိုက်စမ်း.. ဒါဆို မင်းအသက်ကိုချမ်းသာပေးမယ်”

ထျယ်လီက အေးစက်စက် ကြုံးဝါးလိုက်သည်။

သူက လက်ထဲတွင် အနက်ရောင် သံမဏိဓားတစ်လက်ကို ကိုင်ဆောင်ထားခဲ့၏။

သူ၏ ကြောက်မက်ဖွယ်ရာကောင်းသော ဓားအရှိန်အဝါများသည် ဓားဆန္ဒများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန် ရှိနေသည့် နေရာလွတ်တစ်ခုလုံးကို အစိတ်စိတ်အမြွှာမြွှာ ပိုင်းဖြတ်ပစ်တော့မည့် အလား ဖြစ်နေခဲ့၏။

ကျန်းချန်က ထျယ်လီ၏ ဓားအရှိန်အဝါကို လုံးဝမခံစားရသည့်နှယ် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

“ငါ့အသက်ကို ချမ်းသာပေးမယ် ဟုတ်လား”

ကျန်းချန်က နှာခေါင်းရှုံ့ကာ မထီမဲ့မြင် လေသံဖြင့် ပြောလိုက်သည်။

“အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ လုံကျိုးဟန်တောင် ငါ့ရဲ့ရှေ့မှာ ဒီလိုစကားမျိုး မပြောရဲဘူး.. မင်းတို့လို ပုရွက်ဆိတ် နှစ်ကောင်က ငါ့ရှေ့မှာ ဘယ်လိုအရည်အချင်းနဲ့ ဒီလို အသံထွက်ရတာလဲ”

စကားဆုံးသည်နှင့် ကျန်းချန်က သူ၏ လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ သူ့ကို ဖိနှိပ်ထားသော ကောင်းကင်ယံရှိ ဓားအရှိန်အဝါများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အစအနပင် မကျန်ရှိတော့သည် အထိ ပျောက်ကွယ်သွားခဲ့သည်။

“မင်း မင်းဘယ်သူလဲ”

သူ၏‌‌ ရှေ့မှ မြင်ကွင်းကြောင့် ထျယ်လီသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၄၀ ကျော်နေရာတွင် ရှိသူ ဖြစ်ရာ နတ်ကုန်းမြေတိုက် တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် အဆင့်တူအတွင်း သူ့ကို ယှဥ်နိုင်သူမှာ အနည်းငယ်မျှသာ ရှိသည်။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် မပါဝင်ဘဲ အဘယ်ကြောင့် ဤမျှအထိ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းရည်မျိုး ရှိနေရပါသနည်း။

“ငါက ဒီနေ့ မင်းကို သတ်မဲ့လူပဲ”

ကျန်းချန်က အေးစက်စက် ပြန်ဖြေလိုက်ပြီး လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်။

“ဝုန်း..”

ကျန်းချန်၏ လက်ဖဝါးအတွင်းမှ တောက်ပသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး အဆုံးသတ်တွင် နတ်စည်းတံဆိပ် တစ်ခုအဖြစ်သို့ စုစည်းသွားခဲ့ကာ ဥက္ကာခဲတစ်ခုနှယ် ထျယ်လီ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားခဲ့သည်။

ထျယ်လီသည် ခုခံရန်ပင် အချိန်မရလိုက်ဘဲ ကျူးရှန်းစည်းတံဆိပ်ကြောင့် လေထဲတွင် လွင့်ထွက်သွားခဲ့ပြီး သွေးမြူများအဖြစ် ပြောင်းလဲကာ လေထုထဲ၌ ပေါက်ကွဲသွားခဲ့သည်။

တစ်ကွက်တည်းဖြင့်ပင် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် အဆင့် ၄၆ နေရာ၌ ရှိသော ထျယ်လီသည် အမှုန့်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

ဤအခိုက်အတန့်တွင် ကျန်းချန်ကို စိုက်ကြည့်နေသည့် ချိုးဝူရင်၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

ကောင်းကင်အရှင်အဆင့်ဖြင့် ထျယ်လီကို တစ်ကွက်တည်းဖြင့် သတ်နိုင်သောစွမ်းရည် ရှိပြီး‌ ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စု၏ နတ်ဘုရားမ ဖြစ်သူ ကောင်းကင်ဖီးနစ် နတ်ဘုရားမနှင့် နီးကပ်စွာ ပတ်သက်နေသောသူ။

ထိုအခိုက်အတန့်တွင် ချိုးဝူရင်သည် အဆုံးသတ်၌ လူတစ်ယောက်ကို သတိရသွားခဲ့သည်။

“ဒီကောင်က ကျန်းချန်ပဲ”

ဤကောင်လေးသည် မကြာသေးမီက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုတွင် ကောင်းကင်အရှင်အဆင့်ဖြင့် လုံကျိုးဟန်ကို အနိုင်ယူခဲ့သည့် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ပါရမီရှင် ဖြစ်နေခဲ့သည်။

“ငါထွက်ပြေးမှဖြစ်မယ်”

ချိုးဝူရင်သည် လိပ်ပြာလွင့်မတတ်ပင် ထိတ်လန့်သွားခဲ့ပြီး အဝေးရှိ ကောင်းကင်ယံသို့ ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့သည်။

အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် သူ၏အဆင့်သည် ထျယ်လီထက် အဆင့်အနည်းငယ်သာ မြင့်၏။

သူ့ရှေ့မှ လူသည် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်ဆုံးဆယ်ယောက်စာရင်းတွင် အဆင့် ၇နေရာ၌ ရှိသော လုံကျိုးဟန်ကိုပင် အနိုင်ယူနိုင်ခဲ့သူ ဖြစ်ရာ သူ့ကို သတ်ဖြတ်ရန်မှာ အလွန်တရာ လွယ်ကူနေလိမ့်မည် မဟုတ်ပါ‌လော။

“င့ါကို ပြဿနာလာရှာရဲမှတော့ မင်းရဲ့အသက်ကို ငါ့ဆီမှာပဲ ထာဝရ ထားခဲ့ရလိမ့်မယ်”

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏ လက်ညှိုးမှ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်သည်။

တောက်ပသော ရွှေရောင်ဓားအလင်း တစ်ခုသည် ကောင်းကင်ဓား တစ်လက်နှယ် လေထုကို ထိုးခွင်းသွားခဲ့ပြီး ကြောက်လန့်တကြား ထွက်ပြေးနေသော ချိုးဝူရင် ဆီသို့ တန်းတန်းမတ်မတ်ပင် ဦးတည်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် ချိုးဝူရင်သည် ဓားအလင်း၏ ကြောက်မက်ဖွယ်ရာအရှိန်အဝါဖြင့် တိုက်ရိုက်ပင် ချုပ်နှောင်ခံလိုက်ရသည်။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အရှိန်အဟုန်မြှင့်၍ ပျံသန်းနေရာကနေ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

“အကြီးအကဲ.. ကျွန်တော့်ကို ကယ်ပါဦး”

ချိုးဝူရင်က ထိတ်လန့်တကြားဖြစ်ကာ အော်ဟစ် အကူအညီတောင်းလိုက်၏။

သူက ကြောက်မက်ဖွယ် ဓားအရှိန်အဝါ၏ ချုပ်နှောင်မှုကနေ ရုန်းထွက်ရန် အတွက် သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အစွမ်းကုန် အသုံးချလိုက်သည်။

သို့‌သော်လည်း ဤအခိုက်အတန့်မှာပင် တောက်ပသော ရွှေရောင်အလင်းတန်းသည် အရာအားလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားဖြင့် သက်ရောက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်သည်။

ဤသို့ဖြင့် အကူအညီမရခင်မှာပင် ချိုးဝူရင်၏ ခန္ဓာကိုယ်နှင့်ဝိညာဥ်သည် ရွှေရောင်ဓားအလင်း၏ အောက်တွင် လုံးဝ‌ ပျောက်ကွယ်သွားခဲ့၏။

ယင်းအချိန်တွင် ကူဖုန်းအာနှင့် အစွမ်းကုန် တိုက်ခိုက်နေကြသည့် အစွမ်းထက် ကျင့်ကြံသူနှစ်ယောက်သည် အလွန်အမင်း ထိတ်လန့်သွားခဲ့ကြသည်။

ကောင်းကင်အရှင်အဆင့်ရှိ ကောင်လေးသည် ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ပေ။

ဒုတိယတန်းစား ဂိုဏ်းကြီးနှစ်ဂိုဏ်း၏ နတ်ဘုရားသားတော် နှစ်ပါးသည် ထိုကောင်လေး၏ လက်ချက်ဖြင့် အလွယ်တကူပင် သတ်ဖြတ်ခံလိုက်ရသည် မဟုတ်ပါလော။

သို့ရာတွင် သူတို့၏ စိတ်နှလုံးထဲတွင် အလွန်အမင်း ထိတ်လန့်နေသော်လည်း ဤအခိုက်အတန့်တွင် သူတို့အနေဖြင့် ဘာမှမတတ်နိုင်ခဲ့ပေ။

ကူဖုန်းအာသည် နတ်ဘုရားနယ်မြေရှိ အစွမ်းအထက်ဆုံး နတ်ခန္ဓာကိုယ်များထဲမှ တစ်ခုကို ပိုင်ဆိုင်ထားပြီး ပါရမီ အရာတွင်လည်း နတ်ကုန်းမြေတိုက် တစ်ခုလုံးကို ကြည့်လျှင်ပင် သူမနှင့်ယှဥ်နိုင်သူ အနည်းငယ်မျှသာ ရှိသည်။

ကြယ်သုံးပွင့် ကောင်းကင်အရှင်အဆင့်ကနေ နတ်ဘုရင် တတိယအဆင့်သို့ တစ်ထိုင်တည်း ထိုးဖောက်သွားခဲ့ပြီးနောက်တွင် သူမ၏ အဆင့်အတန်းသည် အလယ်ပိုင်းဒေသပါရမီရှင်စာရင်း၏ ထိပ်ဆုံး ဆယ်ယောက်စာရင်းတွင် ပါဝင်ရန် လုံလောက်နေပြီ ဖြစ်သည်။

ထို့ကြောင့် နတ်ဘုရင်တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူ နှစ်ဦးနှင့် ရင်ဆိုင်နေရသော်လည်း ကူဖုန်းအာသည် ထိုနှစ်ဦးကို ကောင်းစွာ ယှဥ်နိုင်ရုံသာမက ပြန်လည် ဖိနှိပ်ထားနိုင်သည့် အနေအထားတွင်ပင် ရှိနေခဲ့သည်။

ဤအတိုင်းသာ ဆက်သွားနေလျှင် သူတို့ နှစ်ဦးစလုံးသည် ကူဖုန်းအာ၏ လက်ချက်ဖြင့် အနှေးနှင့်အမြန် ရှုံးနိမ့်သွားရမည်ဖြစ်၏။

ယင်းအခိုက်အတန့်တွင် သူတို့နှစ်ဦးသည် သူတို့၏ အစီအစဥ်က ကျဆုံးသွားပြီ ဖြစ်ကြောင်း သိရှိခဲ့ကြသည်။

ထို့ကြောင့် ထွက်ပြေးရန် အတွက် လက်ဝါးရိုက်ချက်ကို တစ်ပြိုင်နက်တည်း ထုတ်ဖော်ကာ ကူဖုန်းအာကို နောက်သို့ ဆုတ်သွားစေရန် တိုက်ခိုက်လိုက်ကြ၏။

“ကောင်လေး.. မင်းက ငါ့ရဲ့ နတ်ဘုရားသားတော်ကို သတ်ရဲတယ်လား သေဖို့သာ ပြင်ထားလိုက်တော့”

ကူဖုန်းအာကို နောက်ဆုတ်အောင် တိုက်ခိုက်ပြီးနောက်တွင် မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် ကျန်းချန်ကို ဒေါသတကြီး ကြည့်ကာ ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဓားအလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ဦးခေါင်းအထက်တွင် ပေါ်လာခဲ့ကာ လေထဲကနေ ကျန်းချန်ကို ဓားကွက်တစ်ကွက် ထုတ်ဖော်၍ တိုက်ခိုက်လိုက်သည်။

“မင်းတို့သာ တစ်ခါတည်း ထွက်ပြေးသွားမယ်ဆိုရင် အသက်ရှင်ဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်ဦးမယ်.. ဒါပေမဲ့ မင်းက ကိုယ့်သေတွင်း ကိုယ်တူးပြီး ငါ့ကို သတ်ချင်နေသေးတယ်.. ဘာလဲ ကောင်းကင်အရှင်အဆင့်ပဲ ရှိတယ်ဆိုပြီး ငါ့ကို အနိုင်ကျင့်လို့ လွယ်မယ်များ ထင်နေတာလား”

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက်အပြုံး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“လူသားအဖြစ်ပြောင်းလဲစေသောဓားချက်”

ကျန်းချန်က ကြုံးဝါးလိုက်ပြီး သူ၏ လက်ထဲမှ ရှေးဟောင်းရွှေရောင်ဓားဖြင့် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ကာ မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို တိုက်ခိုက်လိုက်သည်။

သူ၏ ဓားချက်သည် စီးဆင်းနေသော ရေအလျင် ကဲ့သို့ပင် မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ ထုတ်ဖော်လိုက်သော ဓားအလင်းကို အလွယ်တကူပင် ချေမှုန်းပစ်လိုက်ပြီး မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် သူ၏ ဓားချက်သည် ၎င်း၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။

ထိုဓားချက် ထိမှန်သွားသော အခိုက်အတန့်မှာပင် မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် တောင့်တင်းသွားခဲ့၏။

နောက်ထပ် တစ်ခဏတွင် သူ၏ နတ်ဘုရင်တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံမှုသည် တောင်တန်းနှင့်မြစ်များ ပြိုကျသကဲ့သို့ပင် အစအနပင် မကျန်ရှိအောင် ပျောက်ကွယ်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် အရှိန်အဟုန်ဖြင့် ထိုးဆင်းသွားခဲ့သည်။

အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် နတ်ဘုရင်အဆင့်ကနေ နယ်မြေနတ်ဘုရားအဆင့်၊ ထို့နောက် နယ်မြေနတ်ဘုရားအဆင့်ကနေ ကောင်းကင်နတ်ဘုရားအဆင့် အထိ ကျဆင်းသွားခဲ့ပြီး အဆုံးသတ်တွင် ပကတိနတ်ဘုရား အဆင့်ပင် မရှိတော့ဘဲ သာမန် လူသားတစ်ဦး အဖြစ်သို့ တိုက်ရိုက်ပင်ပြောင်းလဲသွားခဲ့သည်။

ဓားကွက်တစ်ကွက်သည် နတ်ဘုရင်တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးကို သာမန်လူသားတစ်ဦးအဖြစ် တစ်ခဏအတွင်းမှာပင် ပြောင်းလဲပစ်လိုက်၏။

“သွားသေလိုက်တော့”

ကျန်းချန်က မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ထိတ်လန့်တကြား ဖြစ်နေသော အမူရာကို ဂရုစိုက်မနေခဲ့ပေ။

ထိုခဏမှာပင် ကျန်းချန်ထုတ်ဖော်ထားသော ဓားချက်သည် မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို အစအနပင် မကျန်ရှိတော့သည် အထိ ဖျက်ဆီးပစ်လိုက်သည်။

“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သူ၏‌‌ရှေ့မှ ကြောက်မက်ဖွယ်ရာကောင်းသော မြင်ကွင်းကို ကြည့်ရင်း အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်အောင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

သိထားရမည့်အချက်မှာ မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် သူကဲ့သို့ပင် နတ်ဘုရင်တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော အစွမ်းထက် ကျင့်ကြံသူ ဖြစ်သည်။

သူ၏‌ရှေ့မှ ကောင်းကင်အရှင်အဆင့်ရှိ ကောင်လေးသည် မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ကျင့်ကြံမှုကို ဓားချက် တစ်ချက်တည်းဖြင့်ပင် ဖြတ်တောက်ပြီး အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ကောင်းကင်အရှင်အဆင့်သည် နတ်ဘုရင်တတိယအဆင့်ကို ဓားချက်တစ်ချက်တည်းဖြင့်ပင် သတ်ဖြတ်နိုင်ပါသလော။

“ဒီကမ္ဘာပေါ်မှာ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ နတ်ဆိုးတစ်ကောင် ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ”

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် စိတ်နှလုံးထဲတွင် အလွန်အမင်း ကြောက်လန့်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူ၏အရှိန်အဟုန်ကို အစွမ်းကုန်မြှင့်တင်ကာ လျင်မြန်စွာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော်လည်း အနက်‌ရောင်ဝတ်စုံဝတ် အဘိုးအို တစ်ယောက် မိုင်ပေါင်းတစ်ထောင်ပင် မပြေးရသေးမီမှာပင် ဆန်းကြယ်သောစွမ်းအားများ ကိန်းအောင်းနေသည့် ထူးဆန်းသော ဓားအလင်း တစ်ခုသည် အဘိုးအို၏ ခန္ဓာကိုယ်ပေါ်သို့ အတားအဆီးမရှိ သက်ရောက်သွားခဲ့သည်။

အခန်း(၂၂၃၀)ပြီး၏။

All Chapters