မင်းရဲ့အချစ်လေးက အခုမအားသေးဘူး
Vol. 2 Ch. 150
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ကြောက်လန့်သွားကြသဖြင့် ထွက်ပြေးကုန်ကြတော့သည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း ကမူ သူတို့၏လမ်းကိုပိတ်ချင်ပါသော်လည်း ပိုင်ရှောင်ချန်း၏ဆေးလုံးကြောင့် သူတို့မှာလည်း ထိတ်လန့်နေကြသည်။
ပိုင်ရှောင်ချန်းမှာ သူ၏ရောင်းရင်း ဂိုဏ်းသားများ ကြောက်ကြောက်လန့်လန့် ထွက်ပြေးသွားသည်ကိုမြင်လိုက်ရ၍ ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ ဆေးလုံးများမှားထုတ်မိလေသလားဟု တွေးလိုက်ပြီး သူလက်ထဲကိုင်ထားသည့်ဆေးလုံးကို ငုံ့ကြည့်လိုက်လေသည်။ ထို့နောက် သူကချောင်းဟန့်လိုက်ကာ မာန်ပါပါအော်လိုက်ပြီး ဆေးလုံးကိုလေထဲသို့ပစ်တင်လိုက်သည်။ ထိုဆေးလုံးမှာ မြောက်တက်သွားပြီး ပေါက်ကွဲသွားသောအခါ အနက်ရောင်မြူခိုးများဖြစ်သွားပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားသည်။
လေ့ရှန်းကမူ မျက်မှောင်ကြုတ်လိုက်ပြီး ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများကမူ ထိုမြူခိုးမှာ အဆိပ်ရှိမည်ကို စိုးသဖြင့် ထိုနေရာမှထွက်ပြေးသွားကြသည်။ ထိုနေရာနားရှိ အဆိပ်သားရဲ များကမူ ဆေးလုံးမှုန်များ၏ အနံ့ကိုရလျှင်ရခြင်းပင် မျက်လုံးများမှာ ရူးသွပ်မှုများနှင့်အတူ အရောင်တောက်လာပြီး အကုန်လုံးမှာ အော်ဟစ်လိုက်ကြတော့သည်။
တချိန်ထဲမှာပင် ပိုင်ရှောင်ချန်းက အရှိန်ကုန်ထွက်ပြေးရန်ပြင်နေသည်ကို မြင်လိုက်ရ၍ လေ့ရှန်း၏မျက်လုံးများမှာ အရောင်လက်သွားသည်။
အေးစက်စက်နှာမှုတ်လိုက်ရင်း သူက ရေရွတ်လိုက်လေသည်။ " မင်းဒီလိုမျိုး ထွက်ပြေးလို့ရမယ်မှတ်နေလားကွ။ မင်းရဲ့တာအိုပုလင်းကို ထားခဲ့စမ်း။" ထိုသို့အော်လိုက်ပြီး သူက အင်္ကျီလက်ကိုခါလိုက်သောအခါ တဝုန်းဝုန်းမြည်ဟည်းသံများထွက်လာပြီး သူ့ဘေးနားရှိ အနက်ရောင်မြူခိုးများမှာ ပျောက်ကွယ်သွားလေသည်။
ထို့နောက်သူက ပိုင်ရှောင်ချန်းနောက်သို့ အံ့အားသင့်စရာကောင်းသည့် အမြန်နှုန်းဖြင့် လိုက်သွားတော့သည်။ သူ၏ဘေးတွင် လျှပ်စီးများမှာ လည်ပတ်နေပြီး ခြေထောက်အောက်တွင်မူ မီးများကလောင်ကျွမ်းနေသည်။
သူက ပိုင်ရှောင်ချန်းနှင့်နီးလာသောအခါ သူ၏ညာလက်မှ လက်ချောင်းကို လေထဲတွင် ဝှေ့ယမ်းလိုက်လေသည်။ ထိုအခါ ထစ်ချုန်းသံများထွက်လာပြီး မီးပင်လယ်ကြီးတစ်ခုပေါ်လာကာ နံရံကြီးတစ်ခုအသွင် မြင့်တက်သွားပြီး ပိုင်ရှောင်ချန်း၏ လမ်းကိုပိတ်သွားလေသည်။ ထိုမီးနံရံများထဲမှ လျှပ်စီးတန်းများထွက်လာပြီး ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားတော့သည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများက ထိုမြင်ကွင်းကိုမြင်လိုက်သောအခါ သူတို့၏မျက်လုံးများမှာ သရော်လှောင်ပြောင်သည့်အရိပ်အယောင်များနှင့် တောက်ပလာသည်။ သူတို့အမြင်တွင်မူ လေ့ရှန်း၏လက်မှလွတ်မြောက်လိမ့်မည်ဟု ပိုင်ရှောင်ချန်းကတွေးနေခြင်းမှာ သူအိပ်မက်မက်နေခြင်းပင် ဖြစ်မည်ဟု ထင်နေတော့သည်။
" အခြေခိုင်မာခြင်းအဆင့် လူဆိုးတစ်ယောက် တစ်ခါတုံးက ဂိုဏ်းတူအစ်ကိုလေ့ရှန်းကို ခုနစ်ရက်တိတိလိုက်ဖမ်းတာ လုံးဝမမိဘူးနော်။ အကြီးဆုံးဂိုဏ်းတူအစ်ကို ကျုံးတာအိုတောင်မှ သူ့ရဲ့ လျင်မြန်မှုကို အရင်တုံးက ချီးကျူးဖူးတယ်။"
" ပြီးတော့ သူ့မှာ မီးတောက်လျှပ်စီး မှော်ပညာရပ်ကလည်း ရှိသေးတယ်။ ဂိုဏ်းတူအစ်ကို လေ့ရှန်းက ထိပ်ဆုံးအဆင့်ကို ရောက်နေပြီကွ။ ဒီမျိုးဆက်မှာ သူ့ကိုဘယ်သူမှ ယှဥ်မချနိုင်လောက်ဘူး။ ပိုင်ရှောင်ချန်းကတော့ သေပြီပဲ။"
ထိုသို့ လှောင်ပြောင်သံများကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ ပို၍ပင် စိုးရိမ်သွားတော့သည်။ သူက အဆိပ်ဝိညာဥ် များမှာ အချိန်မရွေးပေါ်ထွက်လာနေကြောင်း သိသဖြင့် အကောင်းဆုံးအချက်မှာ ဤနေရာမှ တတ်နိုင်သမျှ အမြန်ဆုံးထွက်ပြေးချင်နေခြင်းဖြစ်သည်။ သူ၏လမ်းကိုပိတ်ထားသည်အား မြင်လိုက်ရသောအခါ သူ၏မျက်လုံးများမှာ အရောင်လက်သွားပြီး သူ့ဆီပြေးလာနေသော လျှပ်စီးတန်းများကို ဝင်တိုက်တော့သည်။
ဒုန်းဒုန်းဒုန်း.....
ထိုလျှပ်စီးတန်းများက သူနှင့်ထိသွားသောအခါ မရေမတွက်နိုင်သော လျှပ်စီးမှုန်လေးများအဖြစ် ပြိုကွဲသွားပြီး အရပ်မျက်နှာပေါင်းစုံသို့ ပြန့်ကျဲသွားတော့သည်။ ပိုင်ရှောင်ချန်းမှာမူ ခြစ်ရာလေးတစ်ခုပင် မထင်ပေ။ သူက မီးတောက်နံရံကြီးဆီသို့ ဆက်၍ပျံသန်းသွားပြီး ဝင်တိုက်လိုက်သောအခါ ထိုနံရံမှာလည်း ပေါက်ကွဲသွားကာ ပိုင်ရှောင်ချန်းကမူ ဖြတ်ပျံသွားလေသည်။
" မဖြစ်နိုင်တာ။" လေ့ရှန်းက မျက်လုံးပြူးကြီးများနှင့် အံ့အားသင့်ကာ မယုံမကြည်ဖြစ်နေသည်။ သူ၏မှော်အတတ်များကို သူကအပြည့်အဝယုံကြည်သည်ဖြစ်ရာ ကျုံးတာအို၊ ဝိညာဥ်စွယ်၊ စုန့်ချွဲနှင့်ဖန်လင်းမှလွဲ၍ အခြားမည်သည့်ချီစုစည်းမှုအဆင့်ဂိုဏ်းသားကမှ သူ၏ မီးတောက်လျှပ်စီးကို ဒဏ်ရာမရဘဲ မဖြတ်သန်းနိုင်ကြောင်း ယုံကြည်ထားလေသည်။
သို့သော်လည်း ပိုင်ရှောင်ချန်းမှာ မထင်မှတ်ထားပဲ ဖြတ်သန်းပြလိုက်ခြင်းဖြစ်သည်။
" ဒီကောင်က...." သူ၏စကားပင်မဆုံးလိုက်ပေ။ ဖော်ပြ၍မရနိုင်သည့် အန္တရာယ်ကြီးတစ်ခုကို သူ ခံစားလိုက်ရလေသည်။ နောက်သို့လှည့်ကြည့်လိုက်သောအခါ ခပ်လှမ်းလှမ်းတွင် လေထုများမှာ ဂယက်ထကာ များစွာသော အဆိပ်ဝိညာဥ် များပေါ်လာပြီး သူ့ဆီသို့ ဆာလောင်နေသည့်အမူအရာများဖြင့် ပြေးလာနေသည်ကို မြင်လိုက်ရသည်။
" အဆိပ်ဝိညာဥ် တွေပါလား။" သူက မှင်တက်သွားတော့သည်။ သေမလောက်ကြောက်ရွံ့နေသည့် အမူအရာဖြင့် သူကထွက်ပြေးရန်ကြံလိုက်တော့သည်။
" သေစမ်း…အများကြီးပါလား " သူ့ဆီပြေးလာနေသည့် အဆိပ်ဝိညာဥ် များမှာ နှစ်ကောင်သုံးကောင်ပင် မကပေ။ လေထုကြီးမှာ ဆက်တိုက်ဂယက်ထကာ တုန်ရီနေပြီး အဆိပ်ဝိညာဥ် ဒါဇင်များစွာမှာ သူနှင့်နီးနီးလာပြီး သူတို့နောက်တွင် ထပ်၍ ပေါ်ပေါ်လာပြန်သည်။ ရေတွက်ကြည့်လိုက်ပါက အကောင်တစ်ရာလောက်ပင် ရှိမည်ဖြစ်သည်။
ထို အဆိပ်ဝိညာဥ် များထဲတွင် အဖြူရောင်ဝတ်စုံဝတ်ထားပြီး ဝက်ဝံရုပ်လေးတစ်ခုကိုင်ထားသော ကြောက်မက်ဖွယ် မိန်းကလေးတစ်ယောက် ပါလေသည်။ သူမ၏မျက်လုံးများမှာ မြေအောက်ကမ္ဘာ၏ အလင်းရောင်များဖြင့် တောက်ပနေပြီး သူမ၏မျက်နှာမှာ အသက်မဲ့နေပါသော်လည်း လေ့ရှန်းနှင့် အခြား ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသား ဒါဇင်များစွာမှာ သူတို့၏နားထဲတွင် တခစ်ခစ်ရယ်နေသံများကို ကြားလိုက်နေရသည်။
ထိုရယ်သံကြီးမှာ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းလှသဖြင့် သူတို့မှာ နှလုံးခုန်မြန်လာတော့သည်။ ခပ်လှမ်းလှမ်းရှိ အဆိပ်သားရဲ အုပ်ကြီးကြားထဲမှ ဖန်လင်း၏ မျက်လုံးများမှာ ပြူးသွားပြီး အသက်ရှူများမြန်လာကာ ထွက်ပြေးရန်ပြင်လိုက်တော့သည်။
ပိုင်ရှောင်ချန်းကမူ အသက်လုပြေးနေသည်ဖြစ်ရာ ပို၍ ဝေးဝေးသို့ပင် ရောက်နေတော့သည်။ သူလည်း ထိုရယ်သံများကိုကြားနေရသဖြင့် ကြောက်လန့်ကာ ခေါင်းခဲနေတော့သည်။ သူ၏နောက်ကျောပေါ်ရှိ ဒယ်အိုးနက်ကြီးနောက်တွင် တောင်ပံများပေါ်လာပြီး သူက အရှိန်ကုန် ထွက်ပြေးသွားတော့သည်။
" ဟွန်း မင်းတို့က ငါ့ရဲ့ အဆိပ်သားရဲ တွေကိုခိုးနိုင်မယ်များထင်နေလား။ အဲ့တာ ကိုယ်တော်ပိုင်ရဲ့ အဆိပ်သားရဲ တွေကွ။ ဘယ်သူမှ မယူသွားစေရဘူး။" သူက အေးစက်စက်နှာမှုတ်လိုက်ရင်း ရှေ့သို့ ပို၍လျင်မြန်စွာပင် ပြေးသွားလိုက်သည်။
လေ့ရှန်းကမူ တံတွေးများမျိုချနေပြီး သူ၏မျက်နှာမှာ ဖြူဆုတ်နေပြီဖြစ်သည်။ သားရဲအုပ်ကြီးထဲရောက်နေသည့် သူ၏ရောင်းရင်းဂိုဏ်းသားများကို ဂရုမစိုက်န်ိုင်တော့ဘဲ သူက ပြေးထွက်ခဲ့ရတော့သည်။
ထိုအချိန်တွင် အဖြူရောင်ဝတ်စုံဝတ်ထားသည့် ကလေးမလေးမှာ အဆိပ်ဝိညာဥ် အုပ်၏ရှေ့သို့ထွက်လာပြီး ဆေးလုံးပေါက်ကွဲသွားသည့်နေရာသို့ ပထမဆုံးရောက်ရှိသွားသည်။ ထိုနေရာတွင် သူမက အသက်ပြင်းပြင်းရှူလိုက်သောအခါ ဘေးနားရှိ အနက်ရောင်မြူခိုးများက သူမ၏ မျက်လုံး၊ နား၊နှာခေါင်းနှင့် ပါးစပ်ထဲသို့ စုပ်ယူခြင်းကို ခံလိုက်ရသည်။
တချိန်ထဲမှာပင် ဘေးနားရှိ အဆိပ်သားရဲ များက တုန်ရီလာပြီး ပေါက်ကွဲသွားကြကာ ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွားသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှဂိုဏ်းသား ဒါဇင်အနည်းငယ်ကမူ သူတို့၏ခန္ဓာကိုယ်ကို ထိန်းချုပ်၍မရကြတော့ပေ။ သူတို့၏ မျက်လုံး၊နား၊နှာခေါင်းနှင့် ပါးစပ်များထဲမှ အဖြူရောင်မြူခိုးများထွက်လာပြီး အနက်ရောင်မြူခိုးများနှင့်အတူ ကလေးမလေး၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
" အချစ်လေး….အတူတူဆော့ရအောင်လေကွာ...."
သူမက ဆိုလိုက်လေသည်။ သူမ၏မျက်နှာမှာ အသက်မဲ့မနေတော့ချေ။ သူမ၏နှုတ်ခမ်းမှာ ကွေးညွှတ်နေပြီး ကျင့်ကြံသူတိုင်း တုန်ရီသွားစေမည့် အပြုံးတစ်ချက် ပြုံးလိုက်လေသည်။
သူမ၏ သူမတူသော ကြောက်မက်ဖွယ် အသံမှာ လေထဲတွင် ပဲ့တင်ထပ်နေပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားလေသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများမှာ သူတို့၏ဝိညာဥ်များကို သူတို့၏ခန္ဓာကိုယ်ထဲမှ ဆွဲယူနေသည့်အလား ခံစားနေရသည်။ သူတို့၏ အသွေးအသားများမှာ ခြောက်ခမ်းသွားပြီး အရိုးခြောက်များအဖြစ်ပြောင်းလဲသွားကာ ကလေးမလေး၏ ဘေးသို့ခုန်သွားကြပြီး သူမနှင့်ဆော့ကစားနေသည့်အလား ကခုန်နေကြတော့သည်။
သူတို့၏ခြောက်ကပ်နေသော ခန္ဓာကိုယ်များနှင့် တောင့်တောင့်ကြီးဖြစ်နေသော ခြေထောက်များကြောင့် မြင်ကွင်းကြီးမှာ ထူးဆန်းနေသဖြင့် ခပ်လှမ်းလှမ်းရှိ လေ့ရှန်းနှင့် ဖန်လင်းတို့မှာ ဖြူဆုတ်နေသည့် မျက်နှာများဖြင့် လှမ်းကြည့်နေကြသည်။ သူတို့၏ နှလုံးများမှာ တုန်ရီလာပြီး ကြောက်ကြောက်လန့်လန့်နှင့် ထွက်ပြေးကြလေတော့သည်။
" အဲ့တာ ဘယ်လို အဆိပ်ဝိညာဥ် ကြီးလဲဟ။"
"ဂိုဏ်းကပေးတဲ့ အချက်အလက်ထဲမှာ ဒီလို အဆိပ်ဝိညာဥ် မျိုးမပါပါဘူး။ ဒီကောင်က စကားတောင်ပြောနိုင်နေပါ့လား။ မဖြစ်နိုင်တာ။"
လေ့ရှန်းနှင့် ဖန်လင်းတို့နှစ်ယောက်လုံးမှာ တဆတ်ဆတ်တုန်နေကြပြီး တစ်ယောက်တစ်ပေါက်နှင့် အသက်ကယ်မှော်ပညာရပ်များ ထုတ်သုံးကာ အရှိန်ကုန် ထွက်ပြေးကြလေတော့သည်။
မိန်းကလေးဘေးနားရှိ အခြားအဆိပ်ဝိညာဥ် များမှာ အနက်ရောင်မြူခိုးများကို မစုပ်ယူနိုင်သဖြင့် မကြာမီတွင် ငြိမ်ကျသွားကြပြီး အသက်မဲ့နေသော မျက်နှာအမူအရာများဖြင့် ဦးတည်ရာမဲ့ လွင့်မျောနေကြတော့သည်။.
မိန်းကလေးက သူတို့၏အလယ်တည့်တည့်တွင် ထူးထူးဆန်းဆန်းပုံစံကြီးဖြင့် ရပ်နေတော့သည်။ ယခုတွင်မူ သူမ၏မျက်လုံးများမှာ နက်မှောင်နေပြီဖြစ်သည်။ ထွက်ပြေးနေသည့် လေ့ရှန်းနှင့် ဖန်လင်းတို့ကို သူမက လျစ်လျူရှူကာ ပိုင်ရှောင်ချန်းထွက်ပြေးသွားသည့်ဘက်သို့ လှည့်လိုက်လေသည်။ ထို့နောက် သူမ၏နှုတ်ခမ်းများမှ ကွေးညွှတ်သွားကာ ပြုံးလာပြီး လေ့ရှန်းနောက်သို့ ပျံသန်းကာ လိုက်သွားတော့သည်။
မြေခဓားကမ္ဘာ၏ နက်ရှိုင်းသောနေရာတစ်ခုတွင်မူ ပိုင်ရှောင်ချန်းမှာ နှစ်ရက်တာတိတိ အမြန်ဆုံးပျံသန်းပြီးနောက် အရှိန်လျှော့လိုက်လေသည်။ အဖြူရောင်ဝတ်စုံဝတ်ထားသည့် မိန်းကလေးကြောင့် သူ ကြောက်ဒူးတုန်နေတော့သည်။
သို့သော်လည်း ခဏအကြာတွင် သူ၏ တာအိုပုလင်းကို ကိုးဆယ်ရာခိုင်နှုန်းကျော်ဖြည့်ပြီးပြီဖြစ်ကြောင်း သတိရသွားသဖြင့် မြေစီးကြောင်းဆွဲငင် သလင်းကျောက်ကိုဖန်တီးရန် မြေစီးကြောင်းစွမ်းအင် အနည်းငယ်သာထပ်လိုကြောင်း သူ သိလိုက်လေသည်။ ထို့ကြောင့် သူက ဆေးလုံးများကို ဂရုတစိုက်သုံးကာ အဆိပ်သားရဲ များကို မြှူဆွယ်လိုက်ပြီး နောက်ဆုံးလိုအပ်သည့် မြေစီးကြောင်းစွမ်းအင်ကို စုဆောင်းလိုက်တော့သည်။
နှစ်ရက်ကြာသောအခါ လူသူကင်းမဲ့သည့်နေရာတစ်ခုတွင် သူက အဆိပ်သားရဲ ဒါဇင်အနည်းငယ်ကို သူက စုမိပြီးဖြစ်သွားတော့သည်။ ထိုတစ်အုပ်လုံးကိုသတ်ပြီးနောက် သူ၏တာအိုပုလင်းမှာ အပြည့်ဖြစ်သွားတော့သည်။ ခဲရောင်အရည်များ အမြုပ်ထကာ ဆူပွက်လာပြီး ခဲသွားလေသည်။ ခဏအကြာတွင် အက်ကွဲသံများထွက်လာပြီး ပုလင်းမှာ ကွဲသွားတော့သည်။
ခဲရောင်သလင်းကျောက်တစ်ခု ပေါ်ထွက်လာသဖြင့် ပိုင်ရှောင်ချန်း လှမ်းယူလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူတစ်ခါမှမခံစားဖူးသည့် ပဲ့တင်သံတစ်ခုအလား ဘေးနားရှိ ကမ္ဘာကြီးနှင့်ချိတ်ဆက်မှုတစ်ခုကို ခံစားလိုက်ရလေသည်။ ထိုသလင်းကျောက်မှာ သူနှင့် ထိုကမ္ဘာကြီးကြားရှိသည့် အကာအရံကြီးကို ဖွင့်သော သော့တစ်ချောင်းကဲ့သို့ပင်။
" အောင်မြင်ပြီ " သူက ထအော်လိုက်လေသည်။ သူက စွမ်းအင်အလုံအလောက်စုပ်ယူနိုင်ပါက အခြေခိုင်မာခြင်းအဆင့်သို့ ရောက်နိုင်မည်ဖြစ်ကြောင်း ပို၍ပင် ယုံကြည်မှုများ ပြင်းထန်လာတော့သည်။ သို့သော်လည်း လက်လွတ်စပယ်မလုပ်သင့်မှန်း သူကသိလေသည်။ ထို့ကြောင့် ကျင့်ကြံနေစဥ် လုံခြုံသောနေရာတစ်ခုကို ရှာရန် လိုအပ်ကြောင်း သူသိသည်။ တစ်စုံတစ်ယောက်သာ ကျင့်ကြံနေချိန် ဝင်ရောက်နှောင့်ယှက်၍ သူ ကျရှုံးသွားပါက သူ့တစ်ဘဝလုံးနောင်တရနေရမည် မဟုတ်ပါလော။
" အခြေခိုင်မာခြင်းအဆင့်။ အခြေခိုင်မာခြင်းအဆင့်ကွ။ ဟားဟားဟား။" သူက စိတ်လှုပ်ရှားမှုများကို တတ်နိုင်သမျှ ချုပ်တည်းကာ လုံခြုံသောနေရာတစ်ခုရှာရန် ပြင်လိုက်ချိန်တွင် သူ၏နောက်ကျောမှ လည်ပင်းအထိ အေးစက်မှုတစ်ခုကို ခံစားလိုက်ရလေသည်။ သူက ဘာမှတွေးမနေပဲ နောက်သို့လှည့်ကြည့်လိုက်သောအခါ နောက်တည့်တည့်တွင် မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
ထိုမျက်နှာမှာ မိန်းကလေး၏မျက်နှာဖြစ်ပြီး သူမ၏နှုတ်ခမ်းမှာ ထူးဆန်းစွာ ပြုံးနေလေသည်။ သူ၏ဘေးနားရှိ အရာအားလုံးမှာ သုဿာန်တစပြင်အလား တိတ်ဆိတ်နေသည်။ ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားပြီး ဆံပင်မွှေးများ ထောင်လာတော့သည်။ သူ၏မသိစိတ်ထဲမှာ ဤမိန်းကလေးက အလွန့်အလွန် အန္တရာယ်ရှိသည်ဟု သတိပေးနေသည်။
" အချစ်လေး…အတူတူကစားကြမယ်လေကွာ " သူမက ကြောက်မက်ဖွယ်လေသံကြီးနှင့် ပြောလိုက်လေသည်။ ထိုအချိန်မှာပင် လေအေးတစ်ခုက တိုက်ခတ်သွားပြီး ထိုမိန်းကလေးက အရေခွံမပါသည့် သွေးရောင်ဝက်ဝံရုပ်လေးကို ကိုင်မထားတော့မှန်း သိလိုက်လေသည်။
သူမသည် တခြားအရာတစ်ခုကိုကိုင်ထားပြီး ထိုအရာကို ပိုင်ရှောင်ချန်းသိလိုက်သောအခါ နှလုံးခုန်မြန်လာတော့သည်။ ထိုအရာမှ ကျင့်ကြံသူ အသေးစားလေးဖြစ်ပြီး ဝက်ဝံရုပ်ကဲ့သို့ပင် အရေခွံဆုတ်ခံထားရလေသည်။ ချက်ချင်းပင် မည်သူမှန်းပြောရန်မလွယ်သော်လည်း ထိုကျင့်ကြံသူမှာ လေ့ရှန်းမှလွဲပြီး တခြားသူမဖြစ်နိုင်ချေ။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ကြီးကျယ်ခန်းနားသည့် နံပါတ်နှစ် လက်ရွေးစင်မှာ မိန်းကလေး၏ လက်များထဲသို့ ရောက်နေတော့သည်။ သူက မသေသေးသည်မှာတော့ အသိအသာပင်။ သူသည် နာကျင်မှုကြောင့် တုန်ရီနေကြီး လျှာဖြတ်ခံထားရ၍ စကားမပြောနိုင်ပေ။
ပိုင်ရှောင်ချန်းမှာ လည်ချောင်းနှင့်အာခေါင်များ ခြောက်လာပြီး တုန်တုန်ရီရီနှင့် နောက်သို့ဆုတ်လိုက်လေသည်။ ထို့နောက် ထိုမိန်းကလေး သူ့နောက်သို့ မည်မျှကြာကြာပင်လိုက်နေသည်အား သူကလုံးဝမသိသည်ကို ရုတ်ချည်း သတိထားမိလိုက်သည်။
သူက ငိုမဲ့မဲ့နှင့် ပြောလိုက်လေသည်။
" အာ.. မင်းရဲ့အချစ်လေးက အခု မအားသေးဘူး "
" တခြားလူနဲ့သွားဆော့ပါလားဟင်။ စုန့်ချွဲဆိုတဲ့ကောင်နဲ့ ကျုံးတာအိုဆိုတဲ့ကောင်ရှိတယ်။ အော်ပြီးတော့။ ဖန်လင်းဆိုတာလည်းရှိသေးတယ်။ မင်း...မင်း သူတို့နဲ့ သွားဆော့လိုက်လေ နော်။"
သိူ့သော်လည်း ထိုမိန်းကလေးမှာ ရယ်မောကာ သူ့ဆီသို့ ပြေးလာနေတော့သည်။ နီးကပ်လာသောအခါ သူမက ရုတ်တရက် အသက်ပြင်းပြင်းရှူလိုက်လေသည်။
ချက်ချင်းပင် ပိုင်ရှောင်ချန်းမှာ ချာချာလည်သွားပြီး သူ၏သက်စောင့်အားများ ပရမ်းပတာဖြစ်နေပြီး သူ၏ခန္ဓာကိုယ်ထဲမှ ဖောက်ထွက်တော့မည့်အလား ခံစားလိုက်ရသည်။ ထိုအချိန်တွင် အခြားသူဆိုလျှင် သူတို့၏သက်စောင့်အားကို ဆုံးရှုံးသွားမည်မှာ ဧကန်ပင်။
သို့သော်လည်း ပိုင်ရှောင်ချန်းက အပြင်အားကောင်းမွန်သူဖြစ်သည်။ ထာဝရအသက်ရှည်နည်းပညာရပ်၏ ငွေရောင်အလင်းတန်းများက ခုခံနေသည့်အလား တလက်လက်တောက်ပလာသည်။ ပိုင်ရှောင်ချန်းမှာ သေတော့မည်ဟုခံစားလိုက်ရ၍ အော်ဟစ်လိုက်လေသည်။ သူက တွန့်ဆုတ်မနေဘဲ သူ၏ တတိယမြောက် ထူးဆန်းေသာဆေးလုံးကိုထုတ်ကာ ခပ်ဝေးဝေးသို့ ပစ်လိုက်လေသည်။
ထိုအခါ မိန်းကလေး၏ မျက်လုံးများမှာ ထူးဆန်းသောအရောင်များ လက်သွားလေသည်။ ပိုင်ရှောင်ချန်းကို ပျော်ပျော်ရွှင်ရွှင်ပင် လျစ်လျူရှူကာ ထိုဆေးလုံးနောက်သို့ လိုက်သွားလေသည်။
ဖြူဆုတ်နေသည့် မျက်နှာဖြင့် ပိုင်ရှောင်ချန်းကမူ ထိုအခွင့်အရေးကိို အသုံးချကာ တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးလိုက်လေသည်။ မိန်းကလေးက သူ့နောက်ကို မလိုက်ပေ။ ဆေးလုံးကိုရယူပြီး ပါးစပ်ထဲထည့်လိုက်သောအခါ သူမ၏ မျက်လုံးများမှာ ပို၍ပင်နက်မှောင်သွားတော့သည်။ ထို့နောက် သူမက ပိုင်ရှောင်ချန်းပြေးထွက်သွားသည့်ဘက်သို့ကြည့်ကာ သွားဖြဲကြီးနှင့် ပြုံးနေတော့သည်။