အခန်း (၅၁၁-၅၁၃)
Vol. 35 Ch. 511-513
အပိုင်း ( 511 )
တိုက်ခိုက်မှုများကို တားဆီးရန် လက်သီးတစ်လုံး ပစ်သွင်းခြင်း
ရာထူးခန့်အပ်ခြင်း အခမ်းအနား ပြီးဆုံးသွားသည့်နောက်တွင် ချန်ကျုံပင်းသည် ရှုကျိုးကို စင်ပေါ်မှ ချက်ချင်းဆင်းသွားခွင့် မပေးခဲ့ချေ။
( ဂျုံခက် တစ်ခုက ဒုဗိုလ်ချုပ်၊ နှစ်ခုက ဗိုလ်ချုပ်၊ သုံးခုက ဒုဗိုလ်ချုပ်ကြီး၊ လေးခုက ဗိုလ်ချုပ်ကြီးပါ )
သူသည် ကျယ်လောင်စွာ စကားပြောဆိုလာခဲ့သည် “ ဒီတစ်ခါတော့ ကျုပ်က ရဲဘော်ရှုကျိုးကို အထူးတလည် ချီးကျူးချင်ပါတယ် “
“ ရဲဘော်ရှုကျိုးက တိုက်ပွဲ အစီအရင်ကို နက်နက်ရှိုင်းရှိုင်း သုတေသန လုပ်ခဲ့ပြီးတော့၊ တပ်ရင်း ၂၃ရဲ့ တိုက်ပွဲ အစီအရင်ကို ပြီးပြည့်စုံသွားအောင် တီထွင်ဆန်းသစ်နိုင်ခဲ့ပါတယ်။ အသစ်ပြင်ဆင်လိုက်တဲ့ တိုက်ပွဲ အစီအရင်ရဲ့ စွမ်းအားကလည်း သိသိသာသာ တိုးတက်လာပါတယ် ”
“ အခုဆိုရင် တပ်မတော်တစ်ခုလုံးမှာ အသစ်ပြင်ဆင်လိုက်သည့် အစီအရင်ကို စတင်အသုံးပြုပါမယ်။ အစီအရင်ကို နားလည်တတ်ကျွမ်းသွားကြတာနဲ့ ကျုပ်တို့တပ်မတော်တစ်ခုလုံးရဲ့ စုစုပေါင်းစွမ်းအားက ၃၀%ကျော်အထိ မြင့်တက်လာပါလိမ့်မယ် “
သူ၏စကားလုံးများ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် လူတိုင်း တအံ့တဩဖြစ်သွားကြသည်။
အထူးသဖြင့် တိုက်ပွဲအစီအရင်နှင့် သက်ဆိုင်သည့် ကောလဟာလများကို ကြားထားခဲ့ရဖူးသည့် ဗိုလ်ချုပ်များဖြစ်ပြီး၊ သူတို့သည် ၎င်းတို့အားလုံးက ရှုကျိုးကြောင့် ဖြစ်နေလိမ့်မယ်ဟု မမျှော်လင့်ထားခဲ့ပေ။
“ ရှုကျိုးရဲ့ ကိုယ်ရေးအကျဥ်းကို ကြည့်လိုက်ဦး၊ ဒါက သူ့ရဲ့ ဒုတိယအကြိမ်မြောက် ကွမ်ဟန်ခရီးစဥ်တဲ့၊ အဲ့တာကို သူက တိုက်ပွဲအစီအရင်ကို ပြုပြင်နိုင်ခဲ့တာလား “
အောက်ဘက်ရှိ ဗိုလ်ချုပ်တစ်ဦး၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်သွားသည့် အမူအရာတစ်ခုကို ဆင်မြန်းထားခဲ့သည် “ အမှန်ပဲ၊ လူငယ်မျိုးဆက်တွေက ကြောက်စရာကောင်းတယ် “
“ အဟုတ်ပဲဟေ့၊ တော်တော်ကြီးကို ထူးချွန်တာပဲ “
“ ဒီလိုဂျူနီယာမျိုးကို ပိုင်ဆိုင်ထားရတာက ကြယ်ပြာဂြိုဟ်အတွက် ကောင်းချီးတစ်ခုပဲ “
စင်ပေါ်ရှိ ချန်ကျုံပင်းမှာလည်း ရှုကျိုးကို ကြည့်ကာ စကားပြောလာခဲ့သည် “ အဲ့တာအတွက် စစ်ဌာနကနေ သူ့ရဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရဲဘော်ရှုကျိုးကို စစ်ပွဲအမှတ် တစ်သိန်း ချီးမြှင့်ပါတယ် “
ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
စစ်ပွဲအမှတ် တစ်သိန်းဆိုသည်မှာ ဒုဗိုလ်ချုပ်အဖြစ် တိုက်ရိုက်ရာထူးတိုးသွားခြင်းနှင့် ညီမျှသည်။
တပ်မတော်တစ်ခုလုံး သုံးစွဲကြသည့် တိုက်ပွဲအစီအရင်ကို အဆင့်မြှင့်တင်ပေးခြင်းအတွက် ဒုဗိုလ်ချုပ်အဖြစ် ရာထူးတိုးသွားခြင်းမှာ ပုံမှန်သာ ဖြစ်ပေသည်၊ သို့သော် ဗိုလ်ချုပ်ဖြစ်ရန်အတွက်မှာမူ အကျိုးဆောင်မှုကို အနည်းငယ် လိုအပ်နေစဲသာ ဖြစ်သည်။
စင်ပေါ်မှ ရှုကျိုးဆင်းသွားခဲ့ပြီးသည့်နောက်တွင် ဗိုလ်ချုပ်သည် ရာထူးတိုးအခမ်းအနားကို ဆက်လက်၍ ကျင်းပပြုလုပ်နေခဲ့သည်။
ထို့နောက်တွင် မည်သူကမှ ဒုဗိုလ်ချုပ်အဖြစ် ရာထူးမတိုးခဲ့ကြပေ၊ လူအများစုသည် ဗိုလ်ကြီးမှ ဗိုလ်မှူးများအဖြစ် ရာထူးတိုးသွားခဲ့သည်။
တစ်နာရီ အကြာတွင်
အခမ်းအနား ပြီးဆုံးသွားခဲ့သည်။
စင်မြင့်ထက်ရှိ ဗိုလ်ချုပ်သည် တလေးတနက် ပြောဆိုလာခဲ့သည် “ အခမ်းအနားက ဒီမှာတင် ပြီးဆုံးသွားပါပြီ။ အားလုံးပဲ၊ စနစ်တကျ ထွက်ခွာသွားပေးပါ၊ ဒုဗိုလ်ချုပ်နဲ့ အဲ့အထက်က အရာရှိတွေကတော့ ကျေးဇူးပြုပြီး ဆက်နေပေးကြပါ “
ထိုစကားကိုကြားလိုက်ရသောအခါတွင် ရှုကျိုးသည် ဤအခမ်းအနား ကျင်းပရခြင်း၏ တကယ့်ရည်ရွယ်ချက်အား သိရတော့မည်ဆိုသည်ကို နားလည်သွားခဲ့သည်။
ဗိုလ်ချုပ်အများစုနှင့် ၎င်း၏အထက်မှ အရာရှိများသည် သတင်းကြိုရထားပုံရပြီး၊ အမူအရာများ လေးနက်နေကြသည်။
သို့ရာတွင် ဒုဗိုလ်ချုပ်များကမူ အခြေအနေကို မသိသောကြောင့် သူတို့၏ အမူအရာများမှာ စိတ်ရှုပ်ထွေးခြင်းနှင့် သိလိုစိတ်များဖြင့် ရောထွေးနေလျက်ရှိသည်။
မည်သည့်ကိစ္စမျိုး ဖြစ်ပေါ်လာခဲ့သောကြောင့် ဗိုလ်ချုပ်အားလုံး ကျန်နေခဲ့ရန် လိုအပ်ရသနည်း။
မကြာခင် အချိန်မှာပင် ဗိုလ်ချုပ်အဆင့် အရာရှိများသာ ခန်းမထဲတွင် ကျန်နေခဲ့ကြသည်။
စင်မြင့်ထက်ရှိ ချန်ကျုံပင်းမှ လေးလေးနက်နက် စကားပြောလာခဲ့သည် “ အားလုံးပဲ၊ ခင်ဗျားတို့အားလုံးကို ဆက်နေပေးဖို့ တောင်းဆိုခဲ့ရတဲ့ အကြောင်းအရင်းကတော့ တောင်ပိုင်းစစ်နယ်မြေမှာ အပြောင်းအလဲကြီး တစ်ခု ဖြစ်လာလို့ပါပဲ “
“ အော်၊ အဲ့ကိစ္စကိုး “ ရှုကျိုး၏ ရင်ခုန်သံပင် မြန်ဆန်သွားခဲ့သည်။
လွန်ခဲ့သော နှစ်ရက်ခန့်က မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေသည် တောင်ပိုင်းစစ်နယ်မြေသို့ တပ်ဖွဲ့များ စေလွှတ်ခဲ့ပြီး၊ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုများကို သုတ်သင်ရှင်းလင်းခဲ့ကြသည်။
သို့သော် နောက်ဆက်တွဲ ရှာဖွေတွေ့ရှိမှုများသည် မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။
ထိုကိစ္စသည် အဖြေတစ်ခုကို ရှာဖွေရန်အတွက် မျိုးနွယ်စုတစ်သောင်း၏ အဆင့်မြင့် ပညာရှင်တို့အား လူသားတို့၏ အဆင့်မြင့် အရာရှိများကို ချက်ချင်းဆက်သွယ်လာရန် ဖိအားပေးခဲ့လေသည်။
ချန်ကျုံပင်းမှ ဆက်ပြောလာခဲ့သည် “ တောင်ပိုင်းစစ်နယ်မြေတစ်ခုလုံးကို ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက သိမ်းပိုက်ထားပြီးတော့၊ သူတို့က အဲ့နေရာမှာ နယ်မြေဖြတ်ကျော် အမှောင်ဝိညာဥ် အစီအရင်ကို တည်ဆောက်ဖို့အတွက် အစီအရင်တွေကို သန်းဆယ်နဲ့ချီပြီးတော့ မြှုပ်ထားကြတယ်လို့ အခုလေးတင် သတင်းရခဲ့တယ် “
“ အဲ့ဒီစုပေါင်း အစီအရင်ကြီးက ကြယ်ပြာဂြိုဟ်နဲ့ အမှောင်နယ်မြေကြားမှာ အကာအရံတစ်ခု ဖွင့်ပေးနိုင်ပြီးတော့ အမှောင်နယ်မြေရဲ့ အင်အားကြီး ရန်သူတွေက စကြာဝဠာ ဖြတ်ကျော်ခြင်းရဲ့ နိယာမစည်းမျဥ်းဖိနှိပ်မှုကို မခံရစေဘဲ ငါတို့ကြယ်ပြာဂြိုဟ်ထဲ တိုက်ရိုက်ဝင်လို့ရအောင် လုပ်ပေးနိုင်တယ် “
“ အခုဆိုရင် အမှောင်နယ်မြေ ရောက်လာဖို့အတွက် အချိန်တစ်နှစ်ပဲ ကျန်တော့တယ် “
ချန်ကျုံပင်း၏ အမူအရာသည် အလွန်တရာ လေးနက်နေခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူအုပ်ကြီး၏ အမူအရာများမှာ လုံးဝပြောင်းလဲသွားကြသည်။
“ အမှောင်နယ်မြေက အင်အားကြီး ရန်သူတွေလား “
“ ကမ္ဘာ့ကြယ် နောက်ကွယ်မှာရှိနေတဲ့ ကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေကို ပြောတာလား “
“ အမှောင်နယ်မြေက ရန်သူတွေက စကြာဝဠာ စည်းမျဥ်းတွေကို လျစ်လျူရှုပြီးတော့ ကျုပ်တို့ ကမ္ဘာဆီကို တိုက်ရိုက်ရောက်လာမယ်လို့ ပြောနေတာလား။ ကျုပ်တို့မှာ အချိန်ဘယ်လောက် ကျန်နေသေးလဲ “
ဗိုလ်ချုပ်တစ်ချို့သည် အထိတ်တလန့်ဖြစ်နေသည့် အမူအရာများကို ဆင်မြန်းထားကြသည်။
သို့ရာတွင် ဒုဗိုလ်ချုပ်တစ်ချို့ကမူ အနည်းငယ် ဇဝေဇဝါ ဖြစ်နေကြသေးသည် “ အမှောင်နယ်မြေလား။ အဲ့တာက ဘာကြီးလဲ “
စင်ပေါ်ရှိ ဗိုလ်ချုပ်မှ ရှင်းပြလာခဲ့သည် “ အမှောင်နယ်မြေဆိုတာက ကမ္ဘာ့ကြယ်နောက်ကွယ်မှာ ရှိနေတဲ့ နယ်မြေတစ်ခုပဲ “
“ နောက်တစ်မျိုးပြောရမယ်ဆိုရင်တော့ ကမ္ဘာ့ကြယ်က အမှောင်နယ်မြေ ဖျက်စီးတာကို ခံထားရပြီးတော့ ကမ္ဘာ့ကြယ်ပေါ်မှာရှိတဲ့ သက်ရှိအကုန်လုံးက အမှောင်နယ်မြေက ကျွန်ပြုတာကို ခံထားရပြီးပြီ “
“ ခင်ဗျားတို့အားလုံး သိထားကြသလိုပဲ အရင်တုန်းက ကမ္ဘာ့ကြယ်ကလည်း ကြယ်ပြာဂြိုဟ်လိုပဲ သမုဒ္ဒရာလေးစင်းနဲ့ တိုက်ကြီးခုနစ်တိုက်ရှိတယ်၊ အရာအားလုံးနီးပါးက ကြယ်ပြာဂြိုဟ်နဲ့ တူတယ်။ မကြာခင်ကမှ သိခဲ့ရတဲ့ သုတေသန အချက်အလက်တွေအရတော့ ကမ္ဘာ့ကြယ်ဆိုတာက ကြယ်ပြာဂြိုဟ်ရဲ့ ပုံစံတူ ကမ္ဘာတစ်ခုပဲတဲ့ “
ထိုစကားလုံးများသည် ဒုဗိုလ်ချုပ်များကို တအံ့တဩဖြစ်သွားစေခဲ့သည်။
အမှောင်နယ်မြေအကြောင်းကို သိထားသည့် ရှုကျိုးကပင် ထိုစကားကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ချန်ကျုံပင်းမှ ဆက်ပြောလာခဲ့သည် “ ကျုပ်တို့က ကမ္ဘာ့ကြယ်သားတွေရဲ့ အလောင်းတွေကို ခွဲစိတ်ခဲ့ကြပါတယ်၊ မကြာခင်က တွေ့ခဲ့ရတဲ့ သုတေသန အချက်အလက်တွေအရ ကမ္ဘာ့ကြယ်သားတွေရဲ့ သွေးမျိုးဆက်က လူသားသိုင်းပညာရှင်တွေနဲ့ ဇစ်မြစ်တူနိုင်တယ်လို့ ညွှန်းဆိုနေတယ်၊ အဲ့တာကြောင့်ပဲ သူတို့က ကျုပ်တို့ လူသားတွေနဲ့ အများကြီးတူညီနေတာပဲ “
တစ်စုံတစ်ဦးမှ မေးမြန်းလာခဲ့သည် “ အဲ့တာဆိုရင် ကမ္ဘာကြယ်သားတစ်ချို့က ဘာလို့ ဖောက်ခွဲနိုင်ရတာလဲဗျ “
ဖောက်ခွဲဆိုသည်မှာ စစ်မြေပြင်သို့ ရောက်ခဲ့ဖူးသည့် လူများအတွက် ထူးဆန်းသောစကားလုံးတစ်ခု ဟုတ်မနေခဲ့ပေ။
ကမ္ဘာ့ကြယ်သားတို့၏ ဖောက်ခွဲခြင်းဆိုသည်မှာ ပုံစံပေါင်းများစွာအဖြစ် အသွင်ပြောင်းနိုင်ပြီး၊ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားကို ပိုင်ဆိုင်နိုင်ကြသည်။
ဖောက်ခွဲခြင်းဖြစ်ရပ်သည် တစ်ဦးချင်းတိုက်ပွဲများတွင်သာ ပေါ်ပေါက်လေ့ရှိသည်။
ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့၏ ဖောက်ခွဲခြင်း စွမ်းရည်သည် ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်များကို မနာလိုအားကျဖြစ်သွားစေခဲ့သည်။
ချန်ကျုံပင်းမှ စကားဆက်ပြောလာခဲ့သည် “ ကမ္ဘာ့ကြယ်ကလူတွေ ဖောက်ခွဲနိုင်ရတဲ့ အကြောင်းအရင်းက အမှောင်နယ်မြေကြောင့်ပါ။ အမှောင်နယ်မြေရဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ချို့က သူတို့ရဲ့ပုံစံကို လိုသလို အသွင်ပြောင်းလို့ရတယ် “
ရှုကျိုးသည် ထိုအချက်နှင့်ပတ်သက်၍ အတော်လေးသဘောတူ ထောက်ခံနေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူ၏ ခြေထောက်လေးခုပါ ကျောက်စိမ်းမီးဖိုနှင့် ခြေထောက်သုံးခုပါ ဒယ်စောက်ငယ်တို့က အမှောင်နယ်မြေ၏ အစွမ်းထက် ပုဂ္ဂိုလ်များထံမှ ရရှိထားသော အရာများဖြစ်ပြီး၊ ၎င်းတို့က သူ၏ကိုယ်ပိုင် မူလအရှိန်အဝါကို ပြောင်းလဲပေးနိုင်သောကြောင့် ဖြစ်သည်။
“ အဲ့တာတွေ အဓိကအချက်မဟုတ်ဘူး “ ဗိုလ်ချုပ် ချန်ကျုံပင်းမှ ဆက်လက်၍ပြောပြလာခဲ့သည် “ ကမ္ဘာ့ကြယ်က ကြယ်ပြာဂြိုဟ်ရဲ့ ပုံစံတူ ကမ္ဘာတစ်ခုဖြစ်တယ်လို့ ကျွန်တော်ပြောခဲ့တယ်၊ အဲ့တာက အခုလက်ရှိ ကြယ်ပြာဂြိုဟ်ရဲ့ ပုံစံတူ ကမ္ဘာ မဟုတ်ဘဲ ရှေးခေတ်က ကြယ်ပြာဂြိုဟ်ရဲ့ ပုံရိပ်ဖြစ်နေပါတယ် “
( လွန်ခဲ့တဲ့ နှစ်သန်း(သို့) သိန်း(သို့) သောင်းဂဏန်းလောက်က ကြယ်ပြာဂြိုဟ်ရဲ့ ပုံစံအတိုင်း ဖြစ်နေတာမျိုးပါ )
“ ရှေးခေတ်က ပုံရိပ်လား “
ချန်ကျုံပင်းမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကမ္ဘာ့ကြယ်ရဲ့ အဆင့်မြင့် စစ်တပ်ခေါင်းဆောင် တစ်ချို့က ကြယ်ပြာဂြိုဟ်ရဲ့ ရှေးခေတ်မှတ်တမ်းတွေထဲက ခေါင်းဆောင်တွေနဲ့ တော်တော်လေး တူနေတာကို သိခဲ့ရပါတယ် “
………………………………………………………………………………………………………………………………………..
အပိုင်း ( 512 )
တိုက်ခိုက်မှုများကို တားဆီးရန် လက်သီးတစ်လုံး ပစ်သွင်းခြင်း ၂
“ အဲ့တာကြောင့် ယနေ့ခေတ်ကမ္ဘာ့ကြယ်က ကြယ်ပြာဂြိုဟ်ရဲ့ ရှေးခေတ်က ကမ္ဘာတစ်ခုဖြစ်တယ်လို့ သံသယဝင်နေပါတယ် “
ထိုစကားလုံးများသည် လူအုပ်ကြီးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
“ မဖြစ်နိုင်ဘူး။ ကမ္ဘာ့ကြယ်က ကမ္ဘာ့ကြယ်၊ ကြယ်ပြာဂြိုဟ်က ကြယ်ပြာဂြိုဟ်ပဲလေ။ ကမ္ဘာ့ကြယ်က ကြယ်ပြာဂြိုဟ်ရဲ့ ရှေးခေတ်ကမ္ဘာတစ်ခုဆိုတာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “
“ ငါတို့က ဘိုးဘေးတွေနဲ့ တိုက်ခိုက်နေခဲ့တာလား “
“ တကယ်လို့ အဲ့တာက ပုံစံတူကမ္ဘာတစ်ခုဆိုရင် အဲ့တာက လက်တွေ့ဘဝမှာ လုံးဝ မရှိသင့်ဘူးလေ။ ဘယ်လိုလုပ် ဒီလောက်တောင် အသက်ဝင်နေရတာလဲ “
ဗိုလ်ချုပ်နှင့် ၎င်း၏အထက်မှ အရာရှိများမှာ တိတ်ဆိတ်ငြိမ်သက်နေကြပြီး၊ ဒုဗိုလ်ချုပ်များမှာ ပွက်လောရိုက် ဆူညံနေလျက်ရှိသည်။
ချန်ကျုံပင်းမှ စကားဆက်ပြောလာပြန်သည် “ ကျွန်တော်ပြောခဲ့တဲ့ ပုံစံတူကမ္ဘာဆိုတာက ပုံရိပ်ယောင် မဟုတ်ဘူး၊ ကမ္ဘာ့ကြယ်က တကယ်တည်ရှိပါတယ်။ ကြယ်ပြာဂြိုဟ်ရဲ့ ရှေးလူကြီးက ဘာလို့အဲ့ဒီမှာ ရှိနေရလဲဆိုတာနဲ့၊ ကမ္ဘာ့ကြယ်က ကြယ်ပြာဂြိုဟ်နဲ့ ဘာလို့ တော်တော်ကြီး တူနေရတာလဲဆိုတာတွေအတွက်ကတော့၊ ကျွန်တော်တို့လည်း အဖြေရှာမတွေ့သေးပါဘူး “
“ တကယ်တော့ အဲ့တာတွေ အားလုံးက အမှောင်နယ်မြေကြောင့် ဖြစ်နေနိုင်ပါတယ် “
ချန်ကျုံပင်းမှ လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ ရှေးမှတ်တမ်းတွေအရ ရှေးခေတ်အခါတုန်းက အမှောင်နယ်မြေက ကြယ်ပြာဂြိုဟ်ကို ကျူးကျော်သိမ်းပိုက်ဖို့ ကြိုးစားလာခဲ့ဖူးပါတယ်။ အဲ့ဒီတိုက်ပွဲမှာ အစွမ်းထက် ပုဂ္ဂိုလ်တွေက အမှောင်နယ်မြေကို ဖိနှိပ်ပြီးတော့ ဒီနယ်မြေကနေ ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်ခဲ့တယ်လို့ သိရပါတယ် “
“ ရှေးခေတ်ကတည်းက ကြယ်ပြာဂြိုဟ်က အမှောင်နယ်မြေရဲ့ သိမ်းပိုက်မှုကို တစ်ကြိမ်တစ်ခါမှ မခံခဲ့ရဖူးပါဘူး “
“ အခုအမှောင်နယ်မြေက ကျုပ်တို့ကမ္ဘာကို သိမ်းပိုက်ဖို့ ကြံစည်နေတယ်ဆိုတာက တော်တော်လေးကို သိသာနေပါပြီ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် အားလုံးသည် ဤကိစ္စ၏ အတိမ်အနက်ကို နားလည်သွားကြသည်။
ထိုအချိန်တွင် တစ်စုံတစ်ဦးမှ မေးမြန်းလာခဲ့သည် “ ကျင့်ကြံရေး ကွာဟမှုတွေက ရှေးခေတ်က တိုက်ပွဲနဲ့ ဆိုင်နေတာလားဗျ “
ချန်ကျုံပင်းမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ တကယ်တော့ အမှောင်နယ်မြေရဲ့ စွမ်းအားက တော်တော်ကြီးကို ကြောက်ဖို့ကောင်းပါတယ်၊ အဆင့်၉အထက်က ပညာရှင်တွေတောင် ရှိနေနိုင်ပါတယ်။ လမ်းကြောင်းကို အပြည့်အဝ တည်ဆောက်နိုင်တာနဲ့တစ်ပြိုင်နက် အမှောင်နယ်မြေရဲ့ ပညာရှင်တွေက ကြယ်ပြာဂြိုဟ်ကို တိုက်ခိုက်လာမှာ သေချာပါတယ်။ ကျုပ်တို့ရဲ့ နိယာမ စည်းမျဥ်းဖိနှိပ်မှု အားသာချက်လည်း ရှိနေတော့မှာ မဟုတ်ပါဘူး။ အဲ့ဒီအချိန်ကျရင် ကျုပ်တို့က ကမ္ဘာ့ကြယ်က လူတွေထပ် အဆ ၁၀၀လောက် ပိုစွမ်းတဲ့ ရန်သူတွေကို ရင်ဆိုင်ရတော့မှာပါ “
ခန်းမတစ်ခုလုံး၏ လေထုမှာ မှုန်မှိုင်းသွားတော့သည်။
အားလုံးသည် အခြေအနေက ပိုမိုဆိုးရွားလာမည်ကို နားလည်နေကြသည်။
သူတို့ထံတွင် အချိန်တစ်နှစ်သာလျှင် ကျန်ရှိနေတော့သည်။
တစ်နှစ်အကြာတွင် အမှောင်နယ်မြေ ဆင်းသက်လာခြင်းကို မတားဆီးနိုင်ခဲ့ဘူးဆိုပါက သူတို့သည် ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။
ဒုဗိုလ်ချုပ်တစ်ဦးမှ လေးလေးနက်နက် မေးမြန်းလာခဲ့သည် “ အဲ့တာဆိုရင် ကျွန်တော်တို့က အမှောင်နယ်မြေ ဆင်းသက်လာတာကို ဘယ်လိုတားကြမှာလဲဗျ “
တစ်ခြားလူများမှာလည်း ချန်ကျုံပင်းကို လှမ်းကြည့်လာကြသည်။
ရှုကျိုးမှာလည်း ချွင်းချက်မဟုတ်ပေ၊ သူသည် စစ်ဌာနက အစွမ်းထက် ပုဂ္ဂိုလ်များကို ဆင့်ခေါ်ကာ တုံ့ပြန်ရေး ဗျူဟာတစ်ခုအား ရေးဆွဲခဲ့ပြီးပြီလားဆိုသည်ကို သိချင်နေခဲ့သည်။
ချန်ကျုံပင်းမှ ဖြည်းဖြည်းချင်း စကားဆက်ပြောလာခဲ့သည် “ တောင်ပိုင်းစစ်နယ်မြေရဲ့ နယ်မြေ ၅၅က အစီအရင်ကြီးတစ်ခုလုံးရဲ့ အဓိကနေရာဖြစ်တယ်လို့ ကျွန်တော်တို့ သတင်းရထားပါတယ်။ အဲ့တော့ ကျုပ်တို့ရဲ့ ထိပ်တန်းအင်အားစုတွေကို စုစည်းပြီးတော့ နယ်မြေ ၅၅က အစီအရင်တွေကို ဖျက်ဆီးနိုင်သရွေ့တော့ ကျုပ်တို့က အမှောင်နယ်မြေ ဆင်းသက်လာတာကို တားဆီးနိုင်လောက်ပါတယ် “
ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်နေတော့သည်။
နယ်မြေ ၅၅နှင့် ပတ်သက်သည့် သတင်းကမူ နဂါးသားရဲကြီးက မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေကို ပြောပြလိုက်ခြင်းပင် ဖြစ်သည်။
ယခုတွင် သားရဲမျိုးနွယ်စုမှ အဆင့်မြင့် ပုဂ္ဂိုလ်မျာသည် လူသားမျိုးနွယ်စု၏ အဆင့်မြင့် အရာရှိများထံသို့ ထိုသတင်းကို မျှဝေလာခဲ့ပုံရသည်။
ချန်ကျုံပင်းမှ စကားဆက်ပြောလာခဲ့သည် “ ဒါပင်မဲ့ အစီအရင်တွေကို ဖျက်စီးရတာက အဆင့်၉ ပညာရှင်တွေပဲ လုပ်နိုင်ပါတယ်၊ အစီအရင်တစ်ခုကို ဖျက်စီးဖို့အတွက် နေ့တစ်ဝက်ကနေ တစ်နေ့လုံးအထိ အချိန်ယူရပါတယ် “
“ နယ်မြေ ၅၅မှာက အစီအရင် သုံးသိန်းနီးပါး ရှိပါတယ်၊ ဆိုတော့ ကြယ်ပြာဂြိုဟ်မှာရှိတဲ့ အဆင့်၉ ပညာရှင်အများစုကို စုစည်းပြီးတော့ သူတို့က တောင်ပိုင်းနယ်မြေမှာ နောက်နှစ်အထိ နေပြီးတော့ အစီအရင်တွေ ဖျက်ဆီးမဲ့ တာဝန်ကို ထမ်းဆောင်ရပါမယ် “
“ ဒီနည်းလမ်းတစ်ခုတည်းနဲ့ပဲ နယ်မြေ ၅၅မှာရှိတဲ့ အစီအရင်တွေ အကုန်လုံးကို တစ်နှစ်အတွင်းမှာ ဖျက်စီးနိုင်ပါတယ် “
ထိုစကားလုံးများသည် လူအုပ်ကြီးကို ရုတ်တရုတ်သဲသဲ ထပ်ဖြစ်သွားစေခဲ့သည်။
ရှုကျိုးမှာလည်း အတွေးနက်သွားခဲ့သည်။
ကြယ်ပြာဂြိုဟ်ပေါ်ရှိ နဝမအဆင့် ပညာရှင် အရေအတွက်သည် သားရဲမျိုးနွယ်စုကိုပါ ထည့်တွက်မည်ဆိုလျှင်တောင်မှ တစ်ထောင်ကျော်ကျော်မျှသာ ရှိနေခဲ့သည်။
အဆိုပါ နဝမအဆင့် ပညာရှင် အကုန်လုံး နေ့ရောညပါ အလုပ်လုပ်မှသာလျှင် အဆိုပါ အစီအရင်များကို တစ်နှစ်အတွင်း ဖျက်ဆီးနိုင်လိမ့်မည် ဖြစ်သည်။
အစီအရင်တစ်ခုကို ဖျက်ဆီးရန်အတွက် နေ့တစ်ဝက်မှ တစ်ရက်လုံးအထိ အချိန်ယူရတတ်ပြီး၊ ဖျက်ဆီးရမည့် အစီအရင် ပမာဏမှာ သုံးသိန်းဝန်းကျင် ဖြစ်နေခဲ့သည်။
အဓိက အချက်ကား နဝမအဆင့် ပညာရှင်များထံမှာပင် ချီ-သွေးကုန်ဆုံးချိန်များ ရှိတတ်သောကြောင့် ဖြစ်သည်။
တစ်နှစ်တိတိ မရပ်မနား အလုပ်လုပ်ကာ တစ်ချိန်လုံး အင်အားအပြည့် ထိန်းသိမ်းထားရန်မှာ ဖြစ်နိုင်ခြေ မရှိသော အရာဖြစ်သည်။
“ အဲ့ဒီတောင်းဆိုမှုက အဆင့်၉ ပညာရှင်တွေအတွက် ပြင်းထန်လွန်းနေတယ် မဟုတ်ဘူးလား။ သူတို့က သဘောတူပါ့မလား “
ဒုဗိုလ်ချုပ်များသည် တီးတိုးပြောဆိုနေကြသည်။
ဗိုလ်ချုပ်နှင့် ဒုဗိုလ်ချုပ်ကြီးတို့မှာလည်း တလေးတနက် ဖြစ်နေကြသည်။
“ ကြယ်ပြာဂြိုဟ်ကို စောင့်ကြပ်ရတာက ကျွန်တော်တို့ရဲ့ တာဝန်ပဲ၊ တကယ်လို့ အဆင့်၉ ပညာရှင် အကုန်လုံးက တောင်ပိုင်းစစ်မြေပြင်ကို သွားနေတဲ့ အချိန်မှာ ကမ္ဘာ့ကြယ်ဘက်က အဆင့်မြင့် ပညာရှင်တွေက ရုတ်တရက် တိုက်ခိုက်လာမယ်ဆိုရင်ကော ဘယ်လိုလုပ်ကြမှာလဲဗျ “
ဗိုလ်ချုပ်တစ်ဦးမှ မေးမြန်းလာခဲ့သည်။
တစ်ခြားလူများကလည်း သဘောတူညီစွာဖြင့် ခေါင်းတငြိမ်ငြိမ့်ဖြစ်သွားကြသည်။
ကမ္ဘာ့ကြယ်နှင့် ဖြစ်ပွားနေသည့် စစ်ပွဲမှာ လုံးဝမပြီးဆုံးသေးပေ။
အကယ်၍ နဝမအဆင့် ပညာရှင် အကုန်လုံးက အစီအရင်များကို ဖျက်စီးရန် ထွက်သွားမည်ဆိုပါက၊ ကမ္ဘာ့ကြယ်ဘက်မှ နောက်ထပ်ကျူးကျော်ရေး စစ်ပွဲကြီးတစ်ခု ပြုလုပ်လာနိုင်ပေသည်။
စင်မြင့်ထက်ရှိ ချန်ကျုံပင်းမှ စကားပြောလာခဲ့သည် “ အဲ့တာက ကျုပ်တို့ ခေါင်းအခဲနေရဆုံး ကိစ္စပါ “
“ အဲ့တာကြောင့် အစီအရင်တွေကို မဖျက်စီးခင် အချိန်မှာ ကျုပ်တို့က ကွမ်ဟန်စစ်မြေပြင်ကို အပြည့်အဝ ဖိနှိပ်ထားရပါမယ် “
“ ကံကောင်းထောက်မစွာနဲ့ ရဲဘော်ရှုကျိုးရဲ့ အစီအရင်အသစ်က ကျုပ်တို့တပ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ၃၀%အထိ မြှင့်တင်ပေးနိုင်ပါပြီ “
ချန်ကျုံပင်းသည် ကျေးဇူးတင်နေသည့် အမူအရာမျိုးဖြင့် ရှုကျိုးရှိရာဘက်သို့ လှည့်ကြည့်လာခဲ့သည် “ အခုအချိန်မှာ အနောက်ပိုင်းစစ်မြေပြင်က နယ်မြေအများစုမှာ ရှိတဲ့ ကမ္ဘာ့ကြယ်သားတွေကို မောင်းထုတ်ခဲ့ပြီးပါပြီ “
“ ကျုပ်တို့ရဲ့ နောက်ထပ် တာဝန်တစ်ခုကတော့ ၃၈မျဥ်းပြိုင်ကို ကျော်ဖြတ်ပြီးတော့ ကမ္ဘာ့ကြယ်သားတွေကို ဖိအားပေးဖို့နဲ့ သူတို့ရဲ့ နယ်မြေတွေကို သိမ်းယူဖို့ပါပဲ “
အဆိုပါ ကြေညာချက်မှာလည်း လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့ပြန်သည်။
၃၈မျဥ်းပြိုင်ဟု ခေါ်ဆိုသော အရာမှာ ကွမ်ဟန်နှင့် ကောင်းကင်ဂိတ်ကြားတွင် တည်ရှိသည့် နယ်နိမိတ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။
အဆိုပါ နယ်နိမိတ်သည် ကွမ်ဟန်နယ်မြေနှင့် ကမ္ဘာ့ကြယ်နယ်မြေအကြားတွင် တည်ရှိသည်။
လွန်ခဲ့သော ရာစုနှစ်များစွာ ကမ္ဘာ့ကြယ်က ကြယ်ပြာဂြိုဟ်ကို ကျူးကျော်လာခဲ့သည့် အချိန်ကတည်းက ကြယ်ပြာဂြိုဟ် စစ်တပ်သည် ၃၈မျဥ်းပြိုင်ကို တစ်ကြိမ်တစ်ခါမှ မဖြတ်ကျော်ခဲ့ဖူးပေ။
ကမ္ဘာ့ကြယ်ကသာလျှင် ကြယ်ပြာဂြိုဟ်ကို ကျူးကျော်ရန်အတွက် ၃၈မျဥ်းပြိုင်ကို အကြိမ်ကြိမ် အခါအခါ ဖြတ်ကျော်သွားလာနေခဲ့ခြင်း ဖြစ်သည်။
ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်တို့သည် ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့ထပ် အားနည်းနေခဲ့သောကြောင့် ခုခံစစ်ဆင်နွှဲနေရုံမှတစ်ပါး တစ်ခြားသော ရွေးချယ်စရာများကို မပြုလုပ်နိုင်ခဲ့ပေ။
ထို့ကြောင့် ချန်ကျုံပင်ပြောခဲ့သည့် စကားက လူတိုင်းကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်တစ်ချို့ကပင် တအံ့တဩဖြစ်သွားကြသည် “ အဲ့တာက ….. ရန်လိုမနေလွန်းဘူးလား “
“ ရန်လိုတာလား “
ချန်ကျုံပင်းမှ ခေါင်းခါပြလာခဲ့သည်။ သူက ဗိုလ်ချုပ်တစ်ဦးသာ ဖြစ်နေခဲ့သော်လည်း၊ စစ်ဌာနရှိ သူ၏ရာထူးမှာ အတော်လေး မြင့်မားနေသောကြောင့် သူသည် ဗိုလ်ချုပ်များနှင့် ၎င်း၏အထက်မှ အရာရှိများကိုပင် ယုံကြည်မှုရှိရှိ စကားပြောဆိုနိုင်ပေသည် “ အခုကြယ်ပြာဂြိုဟ်က လိုအပ်နေတဲ့ အရာက ရန်လိုတဲ့ နည်းလမ်းတစ်ခုပဲ “
“ ရန်သူကို ကြောက်သွားအောင်၊ ဒါမှမဟုတ် အရှုံးပေးလာအောင် အနိုင်ယူနိုင်မှ ကျုပ်တို့အတွက် အခွင့်အရေး ရလာမှာ “
“ အားကောင်းတဲ့ လက်သီးတစ်လုံးက နောက်မှရောက်လာမဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ပေးနိုင်တယ် “
သူ၏စကားလုံး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
မကြာခင် အချိန်မှာပင် ဒုဗိုလ်ချုပ်ကြီးတစ်ဦးမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ မင်းပြောတာ မှန်တယ် “
“ အားကောင်းတဲ့ လက်သီးတစ်လုံးက နောက်ဆက်တွဲ တိုက်ခိုက်မှုတွေက တားဆီးပေးနိုင်တယ် “
“ အဲ့တာက အဓိပ္ပါယ်ရှိတယ် “
အားလုံး၏ အသိအမှတ်ပြုမှုကို မြင်လိုက်ရသောအခါတွင် ချန်ကျုံပင်းသည် စကားဆက်ပြောလာခဲ့သည် “ ဒါဆိုရင် ကျုပ်တို့ တပ်ဖွဲ့တွေကို အခုကြေညာမဲ့အတိုင်း နေရာချထားမယ် “
“ အမှတ် ၁ စစ်တပ်က ၃၈မျဥ်းပြိုင်ကို ချက်ချင်း ကျော်ဖြတ်မယ်။ တပ်ရင်း ၁၁၊ တပ်ရင်း ၁၃နဲ့ အမှတ် ၂ စစ်တပ်တွေကို အနောက်မြောက်ပိုင်းမှာ နယ်စပ်/နယ်နိမိတ် လုံခြုံရေးအတွက် တာဝန်ချထားမယ် “
( တပ်ရင်း နှစ်ခု ဒါမှမဟုတ် နှစ်ခုနဲ့အထက်ကို ပေါင်းလိုက်ရင် တပ်မဟာဖြစ်ပါတယ်၊ တပ်မဟာကို အင်အားနည်းနည်း ထပ်ထည့်ရင် တပ်မပါ၊ တပ်မ နှစ်ခု ဒါမှမဟုတ် နှစ်ခုနဲ့အထက်ကို ပေါင်းလိုက်ရင် တပ်မကြီးပါ၊ အဲ့လိုပဲ နှစ်ခု ဒါမှမဟုတ် နှစ်ခုနဲ့အထက်ကို ပေါင်းလိုက်ရင် စစ်တပ်၊ တပ်မတော် အသီးသီး ဖြစ်သွားတာပါ )
“ တပ်ရင်း ၂၊ ၃၊ ၄၊ သံချပ်ကာ တပ်ရင်းသုံးခုနဲ့ အနောက်တောင်ဘက်က စစ်တပ်နှစ်ခု၊ အားလုံး ပူးပေါင်းပြီးတော့ ကမ္ဘာ့ကြယ်ရဲ့ အမှတ် ၁ တပ်မကြီးကို ဝိုင်းရံရမယ် “
( ကမ္ဘာ့ကြယ် အမှတ် ၁ တပ်မကြီးရှိတဲ့ နေရာ/ဒေသကို ပိတ်ဆို့ထားတာပါ )
“ တပ်ရင်း ၉၊ ၁၀၊ ၁၁နဲ့ တပ်မတစ်ခုကတော့ ကမ္ဘာ့ကြယ်ရဲ့ အမှတ် ၂ တပ်မကြီးကို ဝိုင်းရံရမယ် “
( ဒီဝိုင်းရံကတော့ နေရာဒေသတစ်ခုလုံး မဟုတ်ဘဲ၊ အမှတ် ၂တပ်မကြီးကိုပဲ ပိတ်ဆို့တာပါ )
“ တပ်ရင်း ၂၃၊ ၁၂၊ ၁၃နဲ့ တပ်မတစ်ခုက ကမ္ဘာ့ကြယ်ရဲ့ အမှတ် ၃ တပ်မကြီးကို ဟေးလော်တောင်တန်းမှာ တားဆီးပိတ်ဆို့ထားရမယ် “
“ … “
ချန်ကျုံပင်းသည် ဗိုလ်ချုပ်နှင့် ဒုဗိုလ်ချုပ်တစ်ဦးချင်းစီတိုင်းကို ကြည့်ကာ တာဝန်များစတင်၍ ခွဲဝေပေးလာခဲ့သည်။
ဒုဗိုလ်ချုပ်ကြီးများကပင် အာရုံစိုက်၍ နားထောင်နေလျက်ရှိသည်။
စင်မြင့်ထက်တွင် ရပ်နေသည့်လူမှာ စစ်ဦးစီးချုပ်ဖြစ်ပြီး၊ တပ်မတော် တစ်ခုလုံးမှာ သူ၏အမိန့်အောက်တွင် တည်ရှိသည်။
ဤတစ်ကြိမ်တွင် ရှုကျိုးသည် တပ်မတော်တစ်ခုလုံးကို အမိန့်ပေးနေသည့် မြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။
“ သူက စစ်ဌာနရဲ့ စစ်ဦးစီးချုပ် ဖြစ်လာတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ ဒီလိုအမိန့်ပေးနိုင်စွမ်းက သာမန်မဟုတ်ဘူး “
ချန်ကျုံပင်းသည် တပ်ဖွဲ့များ နေရာချထားခြင်းကို ပြီးဆုံးသွားစေရန်အတွက် ဆယ်မိနစ်တိတိ စကားပြောနေခဲ့သည်။
၎င်းမှာ သံချပ်ကာ တပ်ဖွဲ့များ၊ တပ်ရင်းနှင့် တပ်မများကိုသာလျှင် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။ စစ်ပွဲအရှိန်မြင့်လာသည်နှင့်တစ်ပြိုင်နက် ဝါရင့်ဗိုလ်ချုပ်များနှင့် ဒုဗိုလ်ချုပ်ကြီးများက ဦးစီးသည့် တပ်မကြီးနှင့် စစ်တပ်များလည်း ပါဝင်လာမည် ဖြစ်သည်။
တပ်မတော်တစ်ခုတွင် မည်သည့်ပေါ့ဆမှုမျိုးကိုမှ ခွင့်ပြု(သို့) ခွင့်လွှတ်မည် မဟုတ်ပေ။
အထူးသဖြင့် တပ်မတော်နှစ်ခုကြားရှိ ကွာဟချက်က မကြီးမားသော အချိန်တွင် ဖြစ်ပြီး၊ သေးငယ်သော အချက်လေးတစ်ချက်ပင် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုကို ဖြစ်ပေါ်သွားစေနိုင်သည်။
“ တပ်ရင်း ၂၃က ကမ္ဘာ့ကြယ်ရဲ့ အမှတ် ၃ တပ်မကြီးကို ပိတ်ဆို့ရမှာလား “
ရှုကျိုးသည် ချန်ကျုံပင်း ပြောခဲ့သည့် စကားကို အမှတ်ရသွားကာ၊ စိတ်နှလုံးသား လှုပ်ခါသွားခဲ့သည်။
တပ်ရင်း ၂၃သည် သူ၏အမိန့်အောက်တွင် ရှိသည့် ယူနစ်တစ်ခုဖြစ်သည်။
“ ကမ္ဘာ့ကြယ်ရဲ့ အမှတ် ၃ တပ်မကြီး၊ သူတို့ဆီမှာ လူအင်အား အယောက် သုံးသောင်းရှိတယ် “ ရှုကျိုးမှာ ရေရွတ်ပြောဆိုနေတော့သည်။
ငါ့ရဲ့ တပ်ရင်း ၂၃ကို အဲ့ကို ပို့လိုက်တာက သေကြောင်းကြံခိုင်းနေတာ မဟုတ်ဘူးလား
သို့သော် ဤစုဝေးပွဲပြီးဆုံးတော့မည့် အချိန်တွင် ချန်ကျုံပင်းမှ ထုတ်ပြန်ကြေညာလာခဲ့သည့် ကြေညာချက်တစ်ခုကြောင့် ရှုကျိုးမှာ တအံ့တဩ ဖြစ်သွားခဲ့ရလေသည်။
…………………………………………………………………………………………………………………………………………..
အပိုင်း ( 513 )
ပေါင်းစပ် သံချပ်ကာ တပ်မဟာ၊ တန်ချိန်သောင်းနှင့်ချီသော လက်သီးချက်
၃၈မျဥ်းပြိုင်သည် အလွန်တရာ ရှည်လျားသော နယ်နိမိတ်တစ်ခုဖြစ်ပြီး၊ နေရာအများစုမှာ ဖြတ်သန်းသွားလာ၍ မရသော နေရာများဖြစ်သည်။ ဖြတ်သန်းသွားလာနိုင်သည့် နေရာမှာ အနည်းငယ်မျှသာ ရှိနေခဲ့ပြီး၊ ထိုနေရာများတွင် ကမ္ဘာ့ကြယ် တပ်တော်မှ အစောင့်အကြပ် ထူထူထဲထဲ ချထားခဲ့သည်။
ပုံမှန်အားဖြင့် လမ်းကြောင်းတစ်ခုချင်းစီတိုင်းကို တပ်မကြီးတစ်ချင်းစီတိုင်းက ကာကွယ်စောင့်ကြပ်နေလျက်ရှိသည်။
ထို့ကြောင့် ချန်ကျုံပင်းမှ တပ်များ ဖြန့်ကျက်ထားကာ၊ ဝိုင်းရံ၊ ဝိုင်းရံနှင့် ကြားဖြတ်ဟူသည့် အသုံးအနှုန်းများကို အသုံးပြုကာ တာဝန်ခွဲဝေပေးခဲ့ခြင်း ဖြစ်သည်။
( ခုနက ကျွန်တော် ပြောထားခဲ့သလိုပဲ၊ နေရာဒေသ ဝိုင်းရံတာနဲ့၊ တပ်မကို ဝိုင်းရံတာနှစ်မျိုးပါ၊ typing error မဟုတ်ပါဘူး )
၎င်းမှာ အဆိုပါ တပ်ဖွဲ့များသည် ၃၈မျဥ်းပြိုင်ကို ထိုးဖောက်ဝင်ရောက်စရာ မလိုအပ်ဘဲ၊ ရန်သူ့အင်အားစုများ၏ စစ်ကူပေးလာခြင်းကို တားဆီးပိတ်ဆို့ရန်သာ ပြုလုပ်ထားရမည်ဟု ညွှန်းဆိုနေခြင်း ဖြစ်သည်။
သို့ရာ၌ အမှတ် ၂ စစ်တပ်၏ စစ်အင်အား အများစုကမူ ကမ္ဘာ့ကြယ်၏ အမှတ် ၉ တပ်မကြီးကို တိုက်ရိုက် တိုက်ခိုက်ကာ ပြင်းထန်သော ထိုးစစ်တစ်ခုကို ဆင်နွှဲရမည် ဖြစ်သည်။
“ အမှတ် ၂ စစ်တပ်တစ်ခုလုံးကို ကမ္ဘာ့ကြယ်ရဲ့ အမှတ် ၉ တပ်မကြီးကို တိုက်ခိုက်ခိုင်းတာကတော့၊ ထန်းကျီရဲ့ မြင်းလောင်းပွဲလို ထက်မြက်တဲ့ နည်းဗျူဟာတစ်ခုပဲ “
ရှုကျိုးသည် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။
၎င်းမှာ ကမ္ဘာ့ကြယ်၏ အမှတ် ၉ တပ်မကြီးက အားနည်းနေသည်ဟု ဆိုလိုနေခြင်း မဟုတ်ပေ။
ထိပ်တန်းတပ်မကြီး ဆယ်ခုအနက်မှ တစ်ခုဖြစ်သည့် အမှတ် ၉ တပ်မကြီးသည် စစ်အင်အား တစ်ထောင်ကျော် ပိုင်ဆိုင်ထားခဲ့သည်။
သို့သော် အင်အား တစ်သိန်းဝန်းကျင်ပါဝင်သည့် စစ်တပ်တစ်ခု အရှေ့တွင်မူ ၎င်းမှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာ ဖြစ်နေပုံရသည်။
“ ဒါပင်မဲ့ ငါတို့ရဲ့ ကြားဖြတ်ပိတ်ဆို့မဲ့ တပ်ဖွဲ့တွေကတော့ တကယ့်ဆရာကောင်တွေနဲ့ ယှဥ်ရတော့မှာ “ ရှုကျိုးသည် သူ၏အခြေအနေကို တွေးပူနေစဲပင် ဖြစ်သည်။
ချန်ကျုံပင်း၏ စီစဥ်ပေးမှုအရ တပ်ရင်းသုံးခုနှင့် တပ်မ တစ်ခုသည် ကမ္ဘာ့ကြယ်၏ အမှတ် ၃ တပ်မကြီးကို တားဆီးပိတ်ဆို့ထားရမည် ဖြစ်သည်၊ တားဆီးပိတ်ဆို့ရမည်ဟုသာ အမည်ခံထားသော်လည်း ရင်ဆိုင်ရမည့် အခက်အခဲမှာ အိမ်မက်ဆိုးအဆင့်ထိ ရောက်ရှိနေမည်သာ ဖြစ်သည်။
သို့ရာတွင် ရှုကျိုးသည် ကမ္ဘာ့ကြယ် အမှတ် ၃ တပ်မကြီးက အင်အား သုံးသောင်းရှိသည့် ယူနစ်တစ်ခု ဖြစ်သည်ကိုသာ သိရှိထားပြီး၊ အသေးစိတ်အကြောင်းအရာများကို တပ်စခန်းသို့ သူပြန်ရောက်သည့် အချိန်မှသာလျှင် ထောက်လှမ်းရေး သတင်းများမှတစ်ဆင့် လေ့လာရမည် ဖြစ်သည်။
ဆယ်မိနစ် ကျော်လွန်သွားခဲ့သည်။
ချန်ကျုံပင်း၏ တာဝန်ခွဲဝေပေးမှုမှာလည်း ပြီးဆုံးသွားခဲ့သည်။
စုဝေးပွဲပြီးဆုံးသွားသည့် အချိန်တွင် သူသည် ရှုကျိုးကို ကြည့်ကာ စကားပြောလာခဲ့သည် “ ရဲဘော်ရှုကျိုး၊ ဆက်နေနေပါဦး “
“ ဟုတ်ကဲ့ “ ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်သော်လည်း စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်နေခဲ့သည်။
စစ်ဦးစီးချုပ်ဆီမှာ ပြောစရာ ကိစ္စတစ်ခုခု ရှိနေသေးတာလား
ဘာလို့ ငါတစ်ယောက်တည်းကိုပဲ ဆက်နေခိုင်းခဲ့ရတာလဲ
မိနစ်ပိုင်းမျှအကြာတွင် အားလုံးသည် ခန်းမထဲမှ ထွက်သွားကြတော့သည်။
ချန်ကျုံပင်းသည် ရှုကျိုးဆီသို့ လျှောက်လှမ်းလာခဲ့ကာ အပြုံးဖြင့် ပြောလာခဲ့သည် “ ရဲဘော်ရှုကျိုး၊ အခုမင်းက ဒုဗိုလ်ချုပ် အဖြစ် ရာထူးတိုးသွားပြီဆိုတော့ လူအင်အား တစ်သောင်းကျော်ရှိတဲ့ တပ်မအဆင့် ယူနစ်တစ်ခုကို ထိန်းချုပ်ဖို့ အဆင့်မှီသွားပြီ “
“ ဒါပင်မဲ့ အခုလက်ရှိ အချိန်မှာ ယူနစ်တစ်ခုချင်းစီတိုင်းရဲ့ တပ်မမှူးရာထူးအတွက် လစ်လပ်နေရာ မရှိသေးဘူးဖြစ်နေတယ် “
ရှုကျိုးသည် စစ်ဦးစီးချုပ်က မည်သည့်အတွက်ကြောင့် သူ့ကို ခန်းမထဲတွင် ဆက်နေရန် ပြောခဲ့လဲဆိုသည်ကို နားလည်သွားခဲ့သည်။
သူသည် အပြုံးဖြင့် ချက်ချင်းပြန်ပြောလိုက်သည် “ ပြဿနာမရှိပါဘူး၊ ကျွန်တော်က တပ်ရင်း ၂၃မှာပဲ ဆက်နေနေလိုက်ပါ့မယ် “
ချန်ကျုံပင်းသည် ခေါင်းငြိမ့်ပြကာ စကားဆက်ပြောလာခဲ့သည် “ မင်းရဲ့ ရာထူးနဲ့ လူအင်အား လေးထောင်ပဲရှိတဲ့ တပ်ရင်းလေးတစ်ခုကို ထိန်းချုပ်နေရတာက အသုံးမဝင်သလို ဖြစ်နေပုံရတယ်။ အဲ့တာကြောင့် အမှတ် ၃ စစ်တပ်မှာ ပြင်းပြင်းထန်ထန် ထိခိုက်ထားတဲ့ သံချပ်ကာ တပ်ရင်းတွေရှိတယ်၊ အခု သူတို့တွေက တပ်ရင်း ၂၃နဲ့ ပူးပေါင်းလာကြလိမ့်မယ်၊ မင်းရဲ့ တပ်က ပေါင်းစပ်သံချပ်ကာ တပ်မဟာတစ်ခု ဖြစ်လာလိမ့်မယ်၊ ဘယ်လိုထင်လဲ “
“ ပေါင်းစပ် သံချပ်ကာ တပ်မဟာလား “
ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်၊ လူအင်အား ရှစ်ထောင်ပါဝင်သည့် တိုက်ပွဲ အစီအရင်ကို ထိန်းချုပ်ရခြင်းမှာ လူအင်အား လေးထောင်ပါဝင်သည့် တိုက်ပွဲ အစီအရင်ကို ထိန်းချုပ်ရခြင်းနှင့် လုံးဝကွဲပြားနေမည် ဖြစ်သည်။
အင်အားနှစ်ဆသာ ကွဲပြားသွားခြင်းဖြစ်သော်လည်း တိုက်ပွဲ အစီအရင်က ထုတ်လွှတ်သည့် စွမ်းအားကမူ နှစ်ဆထပ်ပိုနေမည်မှာ သိသာလှသည်။
သို့ရာတွင် ရှုကျိုးသည် နောက်ထပ် ပြဿနာတစ်ခုကိုပါ စဥ်းစားမိသွားခဲ့သည်။
“ ခေါင်းဆောင်၊ တပ်ရင်း ၂၃က ဗိုလ်မှူးကြီး ကျုံးချန်ရဲ့ တပ်လေ၊ အခု သံချပ်ကာ တပ်ရင်းတွေပါ ထပ်ရောက်လာမယ်ဆိုတော့ နောက်အနာဂတ်မှာ အဲ့တပ်ကို ဘယ်သူက အုပ်ချုပ်မှာလဲဗျ “
သူသည် တပ်ရင်း၂၃၏ တပ်မှူးဖြစ်နေခဲ့သော်လည်း ၎င်းမှာ ကျုံးချန်မှ ယာယီလွှဲပြောင်းပေးအပ်ထားခြင်းသာ ဖြစ်သည်။
အကယ်၍ ရှုကျိုးကသာ အဆိုပါ တပ်ကို ထိန်းချုပ်လိုက်မည်ဆိုပါက ကျုံးချန်အတွက် မမျှတသကဲ့သို့ ဖြစ်သွားလိမ့်မည် ဖြစ်သည်။
ချန်ကျုံပင်းမှ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ အဲ့တာ ရိုးရှင်းပါတယ်၊ မင်းအတွက် သင့်တော်တဲ့ တပ်မအဆင့် ယူနစ်တစ်ခုရှိလာခဲ့ရင် မင်းက တပ်ရင်း ၂၃ကနေ အချိန်မရွေးထွက်သွားလို့ရတယ်၊ အဲ့ဒီအချိန်ကျရင် ကျုံးချန်ကလည်း အကျိုးအမြတ် ကြီးကြီးမားမား ရသွားလိမ့်မယ် “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ်၊ ဆရာ “
…
စစ်ဌာနအတွင်းမှ ထွက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ကျုံးချန်က သူ့အား ဝင်ပေါက်တွင် စောင့်ဆိုင်းနေသည်ကို မြင်တွေ့လိုက်ရသည်။
“ မဂ်လာပါ၊ ဗိုလ်ချုပ် “
သူ့ကို မြင်လိုက်ရသောအခါတွင် ကျုံးချန်သည် ချက်ချင်း မတ်တပ်ထရပ်ကာ သူ့ကို အလေးပြုလာခဲ့သည်။
ရှုကျိုးမှ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ ကောင်းပြီ၊ ကောင်းပြီ၊ ခင်ဗျားနဲ့ ကျွန်တော့်ကြားမှာ ဒီလိုတွေ လုပ်နေစရာလိုလို့လား “
ကျုံးချန်မှ လေးလေးနက်နက် ပြန်ပြောလာခဲ့သည် “အခုဆိုရင် မင်းက ဒုဗိုလ်ချုပ် ဖြစ်နေပြီလေ၊ ပေါ့ပေါ့ဆဆနေနေလို့ မရတော့ဘူး “
ဒုဗိုလ်ချုပ်နှင့် ဗိုလ်မှူးကြီးကြားတွင် အဆင့်တစ်ဆင့်မျှသာ ကွာခြားသည်။
သို့သော် အဆိုပါ ကွာဟချက်မှာ ဆယ်စုနှစ်များ (သို့) ရာစုနှစ်များအထိပင် ကြာရှည်သွားနိုင်ပေသည်။
စစ်သည်တော် ဘီလီယံပေါင်းများစွာအနက် လူတစ်ချို့ကသာလျှင် ထိုကဲ့သို့သော အဆင့်အတန်းမျိုးကို ရယူနိုင်ကြသည်။
ထို့ကြောင့် ကျုံးချန်သည် ရွှတ်နောက်နောက် ဖြစ်နေခဲ့သော်လည်း သူ၏ လေးစားမှုကိုပါ ပြသနေခဲ့သည်။
“ တော်လိုက်တော့ “
ရှုကျိုးသည် ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ ကံလေး နည်းနည်းလောက် ကောင်းသွားလို့ပါဗျာ “
“ … “
နှစ်ဦးသား အပြန်အလှန် စကားပြောဆိုနေရင်းဖြင့် တစ်ခဏ အကြာတွင် ကျုံးချန်မှ စိတ်အားထက်သန်စွာ မေးမြန်းလာခဲ့သည် “ ညီအစ်ကိုရှု၊ ခုနက အထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ “
သူ ဤနေရာတွင် စောင့်နေခဲ့ရသည်မှာ အတော်လေး ကြာနေခဲ့ပြီဖြစ်သောကြောင့် သူသည် အထဲတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို အတော်လေး သိချင်နေခဲ့သည်။
ရှုကျိုးသည် လေးလေးနက်နက်ဖြစ်နေသော မျက်နှာထားမျိုးဖြင့် ပြန်ပြောလာခဲ့သည် “ စစ်တပ် လျှို့ဝှက်ချက်လေ “
“ စစ် … စစ်တပ် လျှို့ဝှက်ချက်လား “ ကျုံးချန်သည် ၎င်းကို ယုံကြည်သွားကာ သူ၏ပါးစပ်ကို အလောတကြီး ဖုံးအုပ်လိုက်သည်။
ထိုကဲ့သို့သော ကိစ္စမျိုးများကို ပေါ့ပေါ့တန်တန် မေးမြန်း ပြောဆိုခြင်းမျိုး မပြုလုပ်ရပေ၊ ထိုကဲ့သို့သော မဟုတ်ဘူးဆိုပါက အလွယ်တကူ ခေါင်းပြုတ်သွားရလိမ့်မည် ဖြစ်သည်။
ရှုကျိုးမှ ထပ်ပြောလာခဲ့သည် “ ငါမင်းကို ပြောပြမယ် “
“ မပြောနဲ့ “ ကျုံးချန်သည် သူ၏နားနှစ်ဖက်ကို အလောတကြီး ဖုံးအုပ်လိုက်သည်။
ရှုကျိုးသည် သူ၏လက်ကို ဖယ်လိုက်ကာ ဆက်ပြောလာခဲ့သည် “ မကြောက်ပါနဲ့၊ တကယ်တော့ အဲ့တာက …… “
“ မင်းရူးနေတာလား။ စစ်တပ်ရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ပြောလို့ မရဘူးလေ “ ကျုံးချန်သည် တလေးတနက်ဖြစ်နေသော အမူအရာမျိုးဖြင့် ပြန်ပြောလာခဲ့သည်။
“ ငါဘာမှ မပြောပါဘူး၊ ဒါပင်မဲ့ မင်းကတော့ သိထားသင့်တယ်၊ ငါတို့က ကမ္ဘာ့ကြယ်ကို ထိုးစစ်ဆင်တော့မှာ “ ဟုရှုကျိုးမှ ပြောလာခဲ့သည်။
“ … “
ကျုံးချန်သည် တစ်ခဏခန့် မှင်သက်နေခဲ့ပြီးမှ၊ ဒေါကြီးမောကြီးဖြင့် ပြန်ပြောလာခဲ့သည် “ မင်းက ငါ့ကို လာစနေတာလား “
“ ဒီတစ်ခေါက်သုံးမဲ့ စစ်အင်အားက တော်တော်လေးကို များတယ်ဆိုတော့ စနောက်တယ်လို့ ပြောလို့မရပါဘူး “ ရှုကျိုးမှ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ စစ်ဦးစီးချုပ်က အမိန့်ပေးလိုက်တယ်၊ အခုအချိန်ကနေစပြီးတော့ အမှတ် ၁နဲ့ အမှတ် ၂ စစ်တပ်တွေက အကြီးစား စစ်ရေးလှုပ်ရှားမှု လုပ်ပြီးတော့ ၃၈ မျဥ်းပြိုင်ကို ကျော်ဖြတ်သွားကြလိမ့်မယ် “
“ ၃၈ မျဥ်းပြိုင်ကို ကျော်ဖြတ်ကြမှာလား “
ကျုံးချန်၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။
ရှုကျိုးသည် အစီအစဥ်ကို အကျဥ်းချုံး၍ ရှင်းပြလိုက်သည်။
သူသည် တပ်ရင်း ၂၃၏ အဓိက တာဝန်အကြောင်းခကို ဦးစားပေးရှင်းပြခဲ့ပြီး၊ တစ်ခြားသော ယူနစ်များအတွက်မူ လျှို့ဝှက်ချက်တစ်ချို့ ပါဝင်နေသောကြောင့် အတိုချုံ့၍သာ ရှင်းပြခဲ့သည်။