အခန်း (၅၁၄-၅၁၆)
Vol. 35 Ch. 514-516
အပိုင်း ( 514 )
ပေါင်းစပ် သံချပ်ကာ တပ်မဟာ၊ တန်ချိန်သောင်းနှင့်ချီသော လက်သီးချက် ၂
ဒုဗိုလ်ချုပ်၏ အောက်အဆင့်မှ အရာရှိများအတွက်မူ ဤတိုက်ပွဲ အစီအစဥ်ကို အပြည့်အဝ လျှို့ဝှက်ထားခဲ့သည်။
သူတို့ကို မပြောပြရသည့် အကြောင်းအရင်းမှာ တပ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်ထားသည့် သူလျှိုများနှင့် နည်းဗျူဟာ ပေါက်ကြားခြင်းတို့ကို ကာကွယ်ရန်အတွက် ဖြစ်သည်။
ရှုကျိုးသည် ယခုလက်ရှိ အချိန်တွင် အမှတ် ၁နှင့် အမှတ် ၂ စစ်တပ်ရှိ အင်အားအများစုက လျင်မြန်စွာ ရွှေ့ပြောင်းနေကြပြီး၊ တစ်ချို့သော ယူနစ်များက ၃၈မျဥ်းပြိုင်ကိုပင် ကျော်ဖြတ်သွားကြလောက်ပြီဟု ထင်ကြေးပေးမှန်းဆနေခဲ့သည်။
အကယ်၍ သူလျှိုများက သတင်းရသွားမည်ဆိုလျှင်တောင်မှ ၎င်းက ကမ္ဘာ့ကြယ်ဘက်သို့ ပြန်ရောက်သွားသည့် အချိန်တွင် သူတို့သည် အချိန်မှီ တုံ့ပြန်နိုင်ကြလိမ့်မည် မဟုတ်ပေ။
စစ်တပ်၏ ချီတက်မှု အမြန်နှုန်းကို ဘယ်သောအခါမှ လျှော့မတွက်မိပါစေနှင့်။
အဆင့်မြင့် ပညာရှင်၏ ဦးဆောင်မှုအောက်တွင် စစ်တပ်အဆင့် ယူနစ်များ၏ ချီတက်မှုအမြန်နှုန်းသည် တစ်စက္ကန့်လျှင် မိုင်ထောင်နှင့်ချီပေသည်။
ထိုအချိန်၌ ကျုံးချန်သည် ရှုကျိုး၏ စကားကို ကြားခဲ့ရပြီးသည့်နောက်တွင် အံ့ဩတုန်လှုပ်သွားခဲ့သည် “ ဒီလိုအရေးကြီး ကိစ္စမျိုးကို မင်းက ငါနဲ့ငြင်းခုန်နေတာလား။ လာမြန်မြန်ပြန်ကြမယ် “
ရှုကျိုးကမူ အလွန်တရာ တည်ငြိမ်နေခဲ့သည် “ လောဖို့ မလိုပါဘူး။ စစ်ဦးစီးချုပ်က ပြောထားတယ်၊ ဖျက်စီးခံလိုက်ရတဲ့ သံချပ်ကာ တပ်ရင်းက ယူနစ်တွေက ငါတို့နဲ့ လာပြီးတော့ ပေါင်းစည်းလိမ့်မယ်တဲ့၊ အဲ့တာက တော်တော်လေး အချိန်ယူရလောက်တယ် “
“ ဒါပင်မဲ့ အချိန်က အရေးကြီးဆုံးပါပဲကွာ၊ ပြန်ကြမယ် “
သူတို့နှစ်ဦးသည် အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ထက်သို့ ပြန်တက်လာခဲ့ပြီး၊ တပ်ရင်း ၂၃ရှိရာဘက်သို့ ဦးတည်ပျံသန်းသွားတော့သည်။
…
အနောက်ပိုင်း စစ်နယ်မြေ၊ တပ်ရင်း ၂၃ အခြေစိုက်စခန်း
ရှုကျိုးနှင့် ကျုံးချန်တို့က ဤနေရာသို့ ရောက်သည့် အချိန်တွင် တပ်ဖွဲ့တစ်ခုက စခန်းသို့ ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
ဖျက်စီးခံလိုက်ရသော/ပျက်စီးသွားသော တပ်ရင်းဆိုသည်မှာ ထိခိုက်ဒဏ်ရာရရှိသွားခြင်းကို ညွှန်းဆိုနေခြင်း မဟုတ်ဘဲ၊ အစကနဦးတွင် အင်အားထောင်နှင့်ချီ၍ ပါဝင်သော တပ်ရင်းက အင်အား ရာဂဏန်းမျှသာ ကျန်ရှိသည်အထိ ဖွဲ့စည်းပုံ ပျက်ပြားသွားခြင်း/ဖျက်စီးခံလိုက်ရခြင်းကိုသာ ညွှန်းဆိုနေခြင်း ဖြစ်သည်။
အဆိုပါ ယူနစ်ကို ဦးဆောင်လာသောလူသည် အနက်ရောင် ဝတ်စုံနှင့် ရွှေရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် လူတစ်ဦးဖြစ်ပြီး၊ သူသည် အရှေ့သို့လျှောက်လှမ်းလာခဲ့ကာ ရှုကျိုးကို အလေးပြုလာခဲ့သည်။
“ မဂ်လာပါ၊ ဗိုလ်ချုပ် “
ကျုံးချန်သည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါတွင် မအောင့်ထားနိုင်တော့ဘဲ စိတ်ထဲတွင် ရေရွတ်ပြောဆိုနေခဲ့သည်၊ ငါကမှ တပ်ရင်း ၂၃ရဲ့ တပ်မှူးအစစ်ကွ။
သို့သော် သူသည် မည်သည့်စကားမှ မပြောလိုက်ပေ၊ သူက ဗိုလ်မှူးကြီးတစ်ဦးသာဖြစ်ပြီး၊ ရှုကျိုးမှာ ဒုဗိုလ်ချုပ်တစ်ဦး ဖြစ်နေခဲ့လေသည်။
တစ်ဖက်လူမှာလည်း ဗိုလ်မှူးကြီးအဆင့်ဖြစ်သောကြောင့် ရာထူးတူနေသည့်လူကို သူ၏ အထက်လူကြီးအဖြစ် သတ်မှတ်ထားလိမ့်မည် မဟုတ်ပေ။
ရှုကျိုးသည် ထိုလူ့ကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည် “ ခင်ဗျားက ဘယ်ယူနစ်ကလဲ “
“ သတင်းပို့ပါတယ်၊ ကျွန်တော်တို့က အမှတ် ၃ စစ်တပ်ရဲ့ ပေါင်းစပ် သံချပ်ကာ တပ်ရင်း ၁၁ကပါ၊ ကျွန်တော်က ဒုတပ်ရင်းမှူး ကျန်းယွမ်တုန်ပါ “
“ ဒုတပ်ရင်းမှူးလား “
ရှုကျိုး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်၊ ဒုတပ်ရင်းမှူးက ဗိုလ်မှူးကြီး ရာထူးကို ကိုင်ဆောင်ထားသောကြောင့် တပ်ရင်းမှူးမှာ အနိမ့်ဆုံးအနေဖြင့် ဒုဗိုလ်ချုပ်အဆင့်ကို ကိုင်ဆောင်ထားနိုင်ပေသည်။
၎င်းမှာ ဤပေါင်းစပ် သံချပ်ကာ တပ်ရင်း၁၁၏ မူလစစ်အင်အားက ခုနစ်ထောင်မှ ရှစ်ထောင်ကြားတွင် ရှိနေလိမ့်မည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
သို့သော် သူသည် မည်သည့်မေးခွန်းကိုမှ ဆက်မမေးလိုက်ပေ၊ အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့သော တပ်ရင်းတစ်ခုက ဤမျှ အတိုင်းအတာအထိ ပျက်စီးသွားခဲ့ရခြင်းကြောင့် တပ်ရင်းမှူးကပါ ကျဆုံးသွားနိုင်ခြေများသည်ကို သူသိနေသောကြောင့် ဖြစ်သည်။
ရှုကျိုးမှ ဤတပ်ရင်းကို ငေးမောကြည့်လိုက်ရာ၊ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီတိုင်းက လေးလံသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြပြီး၊ သူတို့၏နောက်ကျောဘက်တွင် ဒိုင်းများ(သို့) မြှားပုံစံ လက်နက်များကို သယ်ဆောင်ထားသည်ကို မြင်တွေ့သွားခဲ့သည်။
လူရာဂဏန်းမျှသာ ရှိနေခဲ့သော်လည်း သူတို့သည် ထိုနေရာတွင် မတ်တပ်ရပ်နေရင်းဖြင့် အားကောင်းသည့် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။
“ သံချပ်ကာ တပ်ရင်းရဲ့ အဖွဲ့ဝင်တိုင်းက အထူးချပ်ဝတ်တန်ဆာတွေကို ဝတ်ဆင်ထားကြပြီး၊ အဲ့တာတွေက သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားကို ၂၀%အထိ မြှင့်တင်ပေးနိုင်ပါတယ် “ ဟုကျုံးချန်မှ ရှင်းပြလာခဲ့သည်။
“ ၂၀% တိုးမြှင့်ပေးတာလား “ ရှုကျိုးသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
သူသည် သူပြင်ဆင်လိုက်သည့် တိုက်ပွဲ အစီအရင်က စွမ်းအားကို ၃၀%မျှသာ မြှင့်တင်ပေးနိုင်သည်ကို သိနေခဲ့သည်။
အခုတော့ ချပ်ဝတ်တန်ဆာလေးတစ်ခုတည်းနဲ့ ၂၀%အထိ မြှင့်တင်ပေးနိုင်နေတာလားဟ
သူအံ့ဩသွားသည်ကို မြင်လိုက်ရသောအခါတွင် ကျုံးချန်သည် ကူရာကယ်ရာမဲ့စွာဖြင့် ပြုံးနေတော့သည် “ သံချပ်ကာတပ်ဖွဲ့တွေက ဘာတွေ လုပ်ကြတယ်လို့ ထင်လဲ။ သူတို့တွေက တပ်ရင်းအဆင့်မှာ ကြောက်စရာ အကောင်းဆုံး တည်ရှိမှုတွေပဲ “
“ သူတို့ရဲ့ ပစ္စည်းတွေက တော်တော်ကြီးကို ခေတ်ရှေ့ပြေးတယ် “
ရှုကျိုးသည် ထိုအကြောင်းကို ပထမဦးဆုံးအကြိမ်အဖြစ် ကြားသိလိုက်ရသောကြောင့် ချက်ချင်းမေးမြန်းလာခဲ့သည် “ ပေါင်းစပ် တပ်ရင်းကရော “
“ စုပေါင်းတပ်ရင်းကတော့ တိုက်ခိုက်ရေး နည်းဗျူဟာတစ်ခုတည်းကို လေ့ကျင့်ထားတဲ့ သာမန်တပ်ရင်းတွေ မဟုတ်ဘူး၊ သူတို့က စွယ်စုံရတွေပါ၊ တိုက်ခိုက်တာ၊ ခုခံတာ အကာအကွယ်ပေးတာ အမျိုးမျိုး လုပ်နိုင်ကြတယ် “
ကျုံးချန်မှ ချီးမွမ်းပြောဆိုလာခဲ့သည် “ ကျွန်တော်တို့ တပ်ရင်း၂၃ကလည်း စွယ်စုံရ တပ်ရင်းတစ်ခုပဲလေ၊ အံ့ဩဖို့ကောင်းတဲ့ ပစ္စည်းတွေတော စုံစုံလင်လင် မရှိဘူးပေါ့ “
မလှမ်းမကမ်းရှိ ကျန်းယွမ်တုန်မှာလည်း ရှုကျိုးက ဤတပ်ဖွဲ့အား ပထမဦးဆုံး အကြိမ်အဖြစ် မြင်တွေ့ဖူးသည်ဆိုသည်ကို သတိပြုမိသွားပုံရကာ၊ အော်ပြောလာခဲ့သည် “ ညီအစ်ကိုတို့၊ ပုံစံပြင်ကြ၊ ငါတို့ရဲ့ တပ်မှူးအသစ်က ငါတို့ရဲ့ စွမ်းအားကို မြင်ချင်နေတယ် “
“ ဟုတ် “
ကျန်းယွမ်တုန်၏ အမိန့်အောက်တွင် ရာနှင့်ချီသော စစ်သည်တော်များသည် တစ်ညီတစ်ညာတည်း အော်ဟစ်လာခဲ့ပြီး၊ အစီအရင်တစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းနေတော့သည်။
သူတို့၏ ချပ်ဝတ်တန်ဆာများသည် သူတို့၏ အသွင်အပြင်များကို ပေါ်လွင်စေသည့် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာခဲ့ကာ၊ သိသိသာသာ ကြီးမားလာခဲ့သည်။
သိပ်မကြာခင် အချိန်မှာပင် သူတို့၏နောက်ကျောဘက်မှ လက်နက်များကို ဆွဲထုတ်ကာ တစ်ပြိုင်နက် အော်ဟစ်လာကြသည်။
“ ဘိုးဘေးများက ကျွန်ုပ်တို့ကို ကောင်းချီးပေးပါစေ “
“ အမိမြေကို ကာကွယ်ကာ သေသည်အထိ တိုက်ခိုက်ကြမည် “
ရာပေါင်းများစွာသော အော်သံများသည် တစ်ပြိုင်နက် ဟိန်းထွက်လာခဲ့ပြီး၊ ၎င်းသည် သူတို့က လူလေးထောင်ပါဝင်သည့် မူလကနဦး တပ်ရင်း၂၃ထပ် သာလွန်အားကောင်းသည်ဟု ထင်သွားရလောက်စေသည်အထိ အလွန်တရာ အားကောင်းနေခဲ့သည်။
ရှုကျိုးသည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် မအံ့ဩဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။
လူရာဂဏန်းသာ ပါဝင်သည့် သံချပ်ကာ တပ်ဖွဲ့တစ်ခုက ဤမျှအတိုင်းအတာအထိ စွမ်းဆောင်နိုင်မည်ဆိုပါက လူထောင်နှင့်ချီသော သံချပ်ကာ တပ်ရင်းတစ်ခုက မည်မျှအတိုင်းအတာအထိ စွမ်းဆောင်နိုင်မလဲဆိုသည်ကို မည်သူက သိနိုင်လိမ့်မည်နည်း။
ထို့နောက်တွင် ကျန်းယွမ်တုန်သည် ရှုကျိုးကို စကားပြောလာခဲ့သည် “ တပ်မှူးက ဒုဗိုလ်ချုပ်တစ်ယောက် ဖြစ်တာကြောင့် ဒီလို တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာမျိုးကို စစ်ဌာနဆီကနေ ဝယ်ယူနိုင်ပါတယ်၊ အဲ့တာက ကျွန်တော်တို့ဟာတွေထပ်တောင် အကျိုးသက်ရောက်မှု ပိုရှိပါတယ် “
“ အို့ “ ရှုကျိုး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူ၏နယ်ပယ်တွင် ချပ်ဝတ်တန်ဆာတို့၏ မြှင့်တင်ပေးမှုက အလွန်တရာ နည်းပါးနေသောကြောင့် သူသည် တိုက်ခိုက်ရေး စွမ်းအားကို ၂၀%အထိ မြှင့်တင်ပေးနိုင်သည့် အဆိုပါ ချပ်ဝတ်တန်ဆာကို အတော်လေး စိတ်ဝင်တစား ဖြစ်သွားခဲ့သည်။
“ ငါက ဘယ်နေရာမှာ ဝယ်ရမှာလဲ “ ဟုရှုကျိုးမှ မေးမြန်းလာခဲ့သည်။
ကျန်းယွမ်တုန်မှ ပြန်ဖြေလာခဲ့သည် “ စစ်ပွဲအမှတ် လဲလှယ်ရေး စာမျက်နှာမှာ ကြည့်လို့ရပါတယ် “
“ သိပြီ “
ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်ကာ တဲအတွင်းသို့ ဝင်သွားပြီး၊ သူ၏လက်ပတ်ကို ဖွင့်လိုက်သည်။
သူသည် လဲလှယ်ရေး စာမျက်နှာကို ကြည့်ရှုခဲ့ဖူးသော်လည်း သူအလိုရှိသည့် ပစ္စည်းများကို ရှာမတွေ့ခဲ့ပေ။ ယခုတွင် စစ်ဌာနသည် ပစ္စည်းကောင်းတစ်ချို့ကို ထုတ်ပေးလာခဲ့ပုံရသည်။
မကြာခင် အချိန်မှာပင် ရှုကျိုးသည် ကျန်းယွမ်တုန် ပြောခဲ့သည့် ချပ်ဝတ်တန်ဆာကို ရှာတွေ့သွားခဲ့သည်။
[ ထူထဲသော ချပ်ဝတ်တန်ဆာ : စစ်ဘက်ဆိုင်ရာ အသုံးပြုမှု : ဗိုလ်ချုပ်အဆင့် ] ဈေးနှုန်း : စစ်ပွဲရမှတ် ၁သိန်း
အချက်အလက်များသည် အတော်လေး ရိုးရှင်းနေခဲ့ကာ မည်သည့်ဖော်ပြချက်/ရှင်းပြချက်မှ ပါဝင်မနေခဲ့ပေ။
ဈေးနှုန်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် အံ့ဩတကြီး ဖြစ်သွားခဲ့သည် “ စစ်ပွဲအမှတ် တစ်သိန်း၊ တော်တော်ကြီးကို ဈေးကြီးတာပဲဟ “
ကံကောင်းထောက်မစွာဖြင့် သူ့ထံတွင် စစ်ပွဲရမှတ် နှစ်သိန်းကျော် ရှိနေခဲ့သည်။
ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ချပ်ဝတ်တန်ဆာတစ်ခုကို မှာယူလိုက်သည်။
[ ရှုကျိုး
ရာထူး : ဒုဗိုလ်ချုပ်
စစ်ပွဲရမှတ် : ၁၂၁၅၀၀ ]
ထို့နောက်တွင် ရှုကျိုးသည် လဲလှယ်ရေး စာမျက်နှာကို ထပ်မံ၍ ရှာဖွေမွှေနှောက်နေခဲ့သော်လည်း စိတ်ဝင်စားဖွယ်ကောင်းသည့် ပစ္စည်းများကို ရှာမတွေ့ခဲ့ပေ။
ငါးမိနစ်အကြာတွင် ဆဌမအဆင့် ပညာရှင်တစ်ဦးက ချပ်ဝတ်တန်ဆာ အသစ်ကို လာရောက်ပေးပို့လာခဲ့သည်။
“ ကျေးဇူးတင်ပါတယ် “
ရှုကျိုးသည် စစ်ဌာနက ဆဌမအဆင့် ပညာရှင်တစ်ဦးကို ပစ္စည်းပို့ခိုင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ရှုကျိုးကိုပို၍ အံ့အားသင့်သွားစေခဲ့သည့် အရာမှာ ချပ်ဝတ်တန်ဆာကို သယ်ဆောင်ထားချိန်၌ ထိုဆဌမအဆင့် ပညာရှင်၏ မျက်နှာပေါ်တွင် တောင့်ခံရန် ကြိုးစားနေရသည့် အရိပ်အငွေ့များ တည်ရှိနေခြင်းပင် ဖြစ်သည်။
“ ဘုမ်းးး “
ချပ်ဝတ်တန်ဆာ ထည့်ထားသည့် သေတ္တာကို မြေပြင်ပေါ်သို့ ချလိုက်သောအခါတွင် ၎င်းသည် ကျယ်လောင်သော အသံတစ်သံကို ထုတ်လွှတ်လာခဲ့ပြီး၊ မြေပြင်ကိုပင် အနည်းငယ် လှုပ်ခါသွားစေခဲ့သည်။
ဆဌမအဆင့် ပညာရှင်သည် စိတ်သက်သာရာရသွားပုံရကာ အမောတကော အသက်ရှူနေတော့လေသည်။
၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ ဒီချပ်ဝတ်တန်ဆာက အဲ့လောက်တောင် လေးတာလား “
“ ကီလိုဂရမ် တစ်သိန်းလောက် လေးတယ်လေ၊ မင်းက ဘယ်လိုထင်နေလို့လဲ “ ဆဌမအဆင့် ပညာရှင်မှ မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် ပြန်ပြောလာခဲ့သည်။
“ ကီလိုဂရမ် တစ်သိန်းလား “
ရှုကျိုးမှာ အံ့ဩတုန်လှုပ်သွားတော့သည်။
ဒီလောက်တောင် လေးနေတဲ့ ချပ်ဝတ်တန်ဆာကို ဘယ်လို ဝတ်ရမှာတုန်းဟ
ဆဌမအဆင့် ပညာရှင်တစ်ဦးအတွက်ပင် အလေးချိန် ကီလိုဂရမ် တစ်သိန်းရှိသော ပစ္စည်းတစ်ခုကို မယူခြင်းမှာ လွယ်ကူသော ကိစ္စရပ်တစ်ရပ် ဟုတ်မနေခဲ့ပေ။ ထိုကဲ့သို့သော ချပ်ဝတ်တန်ဆာကို တစ်ချိန်လုံး ဝတ်ဆင်ထားရခြင်းမှာ အလွန်တရာ ခက်ခဲပေသည်။
ဆဌမအဆင့် ပညာရှင်သည် သူ၏ သံသယများကို သိနေပုံရကာ ရှင်းပြလာခဲ့သည် “ မင်းရဲ့ သွေးစက်ကို ချပ်ဝတ်တန်ဆာပေါ်ကို ချလိုက်၊ အဲ့တာဆိုရင် ဝတ်လို့ရပြီ “
“ ကောင်းပြီလေ “
ရှုကျိုးမှ လက်ကို မြှောက်လိုက်ရာ၊ သွေးစက်တစ်စက်သည် မြေပြင်ပေါ်ရှိ ချပ်ဝတ်တန်ဆာပေါ်သို့ ကျဆင်းသွားတော့သည်။
“ ဗွီ “
ချက်ချင်းဆိုသလိုပင် သေတ္တာထဲတွင် ရှိနေသည့် ချပ်ဝတ်တန်ဆာသည် သွေးကို စုပ်ယူလိုက်ဖြင့် ၎င်းမှာ တောက်ပလာခဲ့ပြီး အနည်းငယ် လှုပ်ရမ်းလာခဲ့ကာ၊ သေတ္တာကို လှည့်ပတ်နေတော့သည်။
“ ခလစ် “
ထို့နောက်တွင် ချပ်ဝတ်တန်ဆာသည် သေတ္တာထဲမှ ခုန်ထွက်လာခဲ့ကာ ရှုကျိုးဆီသို့ အလိုအလျောက် ပျံသန်းလာခဲ့သည်။
“ ခလစ် ခလစ် “
ချပ်ဝတ်တန်ဆာသည် ရှုကျိုးကို အလိုအလျောက် တွယ်ဆက်လာခဲ့သည်။
“ ဒါက … “
ရှုကျိုး၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ ဝတ်လိုက်ရတော့ လုံးဝ မလေးသလိုပဲနော် “
“ အော် ဒီလိုကိုး …… ဒီကောင်က ငါ့ရဲ့ ချီ-သွေးစွမ်းအားနဲ့ ပဲ့တင်ထပ်နိုင်တာပဲ “
သိပ်မကြာခင် အချိန်မှာပင် ရှုကျိုးသည် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။
ချပ်ဝတ်တန်ဆာက သူ၏သွေးနှင့် ချိတ်ဆက်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းသည် သူ၏ချီ-သွေးနှင့် လိုက်ဖက်ညီစွာ ပေါင်းစည်းသွားပြီး၊ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကဲ့သို့ ဖြစ်နေသည့်အလား ပေါ့ပါးသွားစေခဲ့ခြင်း ဖြစ်သည်။
သို့သော် အမှန်တိုင်းပြောရမည်ဆိုပါက အဆိုပါ ချပ်ဝတ်တန်ဆာ၏ အလေးချိန်မှာ အနည်းဆုံးအနေဖြင့် ကီလိုဂရမ် တစ်သိန်း ရှိသည်။
“ ဒီချပ်ဝတ်တန်ဆာကို ဝတ်ထားမယ်ဆိုရင် ငါက တန်ချိန်သောင်းနဲ့ချီတဲ့ ခွန်အားကို ထုတ်လွှတ်နိုင်တယ် “
ရှုကျိုးသည် သူ့ခန္ဓာကိုယ်၏ စွမ်းအားကို ခံစားနေရင်းဖြင့် အံ့ဩတကြီးဖြစ်သွားခဲ့သည်။
သံချပ်ကာ တပ်ဖွဲ့၏ တိုက်ပွဲအစီအရင်ကို ကျွမ်းကျင်သွားသည့် အချိန်တွင် သူထုတ်လွှတ်သည့် စွမ်းအားသည် အဆင့်မြင့် ပညာရှင်တစ်ဦးကိုပင် အလွယ်တကူ သတ်ဖြတ်နေနိုင်မည်ဖြစ်သည်။
ဤချပ်ဝတ်တန်ကို ဝယ်ယူရခြင်းမှာ ပေးရသော ဈေးနှုန်းနှင့် အမှန်ပင် ထိုက်တန်နေခဲ့သည်။
……………………………………………………………………………………………………………………………………
အပိုင်း ( 515 )
နယ်မြေကျော်ဖြတ်ခြင်း တိုက်ပွဲ၊ ထောင်နှင့်ချီသော စစ်သည်တော်များကို ကွပ်ကဲခြင်း
ရှုကျိုးက တပ်စခန်းထဲမှ ထွက်လာသည့် အချိန်တွင် တစ်ခြားသော အကြွင်းအကျန် ယူနစ်များကပါ ရောက်ရှိနေပြီဆိုသည်ကို မြင်တွေ့သွားခဲ့သည်။
ချန်ကျုံပင်း ပြောထားခဲ့သည့်အတိုင်းပင် တပ်ရင်း ၂၃နှင့် ပူးပေါင်းလာသည့် တပ်ဖွဲ့တိုင်းသည် သံချပ်ကာ တပ်ဖွဲ့များသာ ဖြစ်နေခဲ့ပြီး၊ တပ်ရင်း ၂၃၏ မူလ စစ်သည်တော် အယောက်လေးထောင်မှတစ်ပါး ကျန်ရှိနေသည့် စစ်သည်တော် အယောက်လေးထောင်စလုံးမှာ လေးလံသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြသည်။
ဤအအချိန်၌ လူအယောက် ရှစ်ထောင်စလုံးသည် တစ်ညီတစ်ညာတည်း မတ်တပ်ရပ်နေကြပြီး၊ သူတို့၏ အရှိန်အဝါများကလည်း ပင်လယ်ပြင်ကဲ့သို့ ကြီးမား အားကောင်းနေခဲ့ကာ ကျားများကို မောင်းထုတ်ကာ ဝံပုလွေတို့ကို ဝါးမြိုနိုင်သည့်အလား ဖြစ်နေခဲ့သည်။
“ အခုဆိုရင် တပ်ရင်း ၂၃က အင်အားကြီး ယူနစ်တစ်ခု ဖြစ်သွားပြီ “
ရှုကျိုးသည် ထိုမြင်ကွင်းကို ငေးမောကြည့်ရှုနေရင်းဖြင့် မှတ်ချက်ပေးလာခဲ့သည်။
ထိုအချိန်တွင် အသစ်ရောက်လာကြသည့် တပ်ဖွဲ့များမှ စစ်သည်တော်များသည် ရှုကျိုးကို ကြည့်လာခဲ့ပြီး၊ သူ၏ရာထူးအဆင့်အတန်းကို မြင်တွေ့သွားကြကာ သူက တပ်ရင်း၂၃၏ တပ်မှူးဆိုသည်ကို နားလည်သွားကြသည်။
“ ငါတို့ရဲ့ တပ်မှူး အသစ်က အဆင့်၅ ပညာရှင်တစ်ယောက်လား “
“ ဘာလို့ သူ့ရဲ့ နယ်ပယ်က ငါ့ထပ်တောင် နိမ့်နေပြီးတော့ အဆင့်၅နယ်ပယ်မှာပဲ ရှိနေရသေးတာလဲ “
“ အဆင့်၅ ပညာရှင်၊ သူက စစ်သည်တော် ရှစ်ထောင်ရှိတဲ့ ပေါင်းစပ် သံချပ်ကာ တပ်မဟာကို အမိန့်ပေးနိုင်ပါ့မလား “
ရှုကျိုး၏ နယ်ပယ်ကို မြင်လိုက်ရသောအခါတွင် အားလုံး၏ အကြည့်များ ပြောင်းလဲသွားခဲ့သည်။
ဤစစ်သည်တော်များသည် ထိပ်တန်းတပ်ဖွဲ့များမှ ရောက်လာခဲ့ခြင်း ဖြစ်ပြီး၊ သူတို့၏ တပ်ဖွဲ့များ ပြိုကွဲသွားသည့်နောက်မှ တပ်ရင်း ၂၃သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူတို့ထဲမှ လူတော်တော်များများသည် ပဥ္စမအဆင့် အထွတ်အထိပ် ပညာရှင်များဖြစ်ပြီး၊ တစ်ချို့သည် ဆဌမအဆင့်သို့ပင် ရောက်ရှိနေကြသည်။
ယခု၌ တပ်မှူးဖြစ်သူက နှောင်းပိုင်း ပဥ္စမအဆင့်တွင်သာ ရှိနေသေးသည်ကို မြင်တွေ့လိုက်ရာသောအခါတွင် သူတို့သည် မကျေမနပ်ဖြစ်သွားကြသည်။
ငါတို့က အင်အားကြီး တပ်ဖွဲ့က ပညာရှင်တွေ ဖြစ်ခဲ့ဖူးပါတယ်၊ စစ်ဌာနက ဒီလောက်တောင် အားနည်းနေတဲ့ တပ်မှူးအသစ်ကို ဘာလို့ခန့်လိုက်ရတာလဲဟ
ငါတို့ကို စစ်မြေပြင်မှာ သွားအသေခံခိုင်းနေတာလား
“ တိတ်ကြစမ်း “
ကျန်းယွမ်တုန်မှ ရုတ်တရက် အော်ပြောလာခဲ့သည်။ ဗိုလ်မှူးကြီးတစ်ဦးဖြစ်သကဲ့သို့ အလယ်အလတ် ဆဌမအဆင့် ပညာရှင်တစ်ဦးဖြစ်သည့် သူ၏ ဂုဏ်သိက္ခာမှာ အလွန်တရာ မြင့်မားနေခဲ့သည်။
ထို့ကြောင့် သူ၏အမိန့်သံကို ကြားလိုက်ရသောအခါတွင် တပ်မဟာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
သို့ရာတွင် ရှုကျိုးကို ကြည့်လိုက်ပြီးသည့်နောက်တွင် ကျန်းယွမ်တုန်၏ မျက်ဝန်းများမှာလည်း အနည်းငယ် လှုပ်ခါသွားခဲ့သည်။
သူ့အတွက် ရှုကျိုး၏ နယ်ပယ်မှာ အမှန်ပင် နိမ့်ကျနေခဲ့သည်။
သို့သော် ကျန်းယွမ်တုန်သည် စစ်ဌာန၏ ဒုဗိုလ်ချုပ် ရာထူးအဆင့်အတန်းကို အဆက်အသွယ်များ (သို့) ဖြတ်လမ်းနည်းတို့ဖြင့် မြှင့်တင်၍ မရဘူးဆိုသည်ကို ကောင်းစွာသိနေခဲ့သည်။ ထို့ကြောင့် ရှုကျိုးက ဒုဗိုလ်ချုပ်တစ်ဦး ဖြစ်လာခြင်းမှာ သူက ကြီးမားသော အောင်မြင်မှုများကို ယူဆောင်ပေးခဲ့သည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
သို့သော် ရှုကျိုး၏ နယ်ပယ်ကမူ လူထုကို သိမ်းသွင်းရန် အမှန်ပင် အခက်တွေ့စေလေသည်။
“ အဆင့်၅၊ နည်းနည်းလေး ခက်နေမှာကို ငါကြောက်မိတယ် “ ကျန်းယွမ်တုန်သည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့လေသည်။
တစ်ချိန်တည်းမှာပင် ကျုံးချန်မှာလည်း ဤမြင်ကွင်းကို မြင်တွေ့သွားကာ အမူအရာ မည်းမှောင်သွားတော့သည်။
သူသည် ရှုကျိုးနှင့် အချိန်အတော်ကြာ ပခုံးချင်းယှဥ် တိုက်ခိုက်ခဲ့ဖူးသောကြောင့်၊ သူ့ကို ဤကဲ့သို့ မလေးမစား ပြုလုပ်နေကြသည်ကို မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။
သို့ရာ၌ သူစကားပြောတော့မည့် အချိန်တွင် ရှုကျိုးမှ လက်မြှောက်ပြလာခဲ့သည် “ တိုက်ပွဲကြီးက စောင့်ကြိုနေပြီ၊ ငါတို့ကလည်း ၃၈ မျဥ်းပြိုင်ကို ကျော်ဖြတ်ရတော့မယ်။ ဒါက လူသားမျိုးနွယ်စုရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်နေတဲ့ ကိစ္စတစ်ခုပဲ “
“ တိုက်ပွဲမစခင် အချိန်မှာ ဒီလိုဆူညံသံတွေ ရှိမနေသင့်ဘူး။ စစ်တပ်ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ဘယ်မြောင်းထဲမှာ သွားထားလိုက်တာလဲ။ ထိပ်တန်း ယူနစ်တစ်ခုရဲ့ အသွင်သဏ္ဍာန်က ဘယ်မှာလဲ “
“ ထိပ်တန်းယူနစ်တစ်ခုဆိုရင် သံမဏိလို စည်းမျဥ်းစည်းကမ်းတွေ ရှိရမယ်၊ အမိန့်ကို အကြွင်းမဲ့ နာခံရမယ် “
“ တကယ်လို့ မလုပ်နိုင်ဘူးလို့ ကိုယ့်ကိုကိုယ် ထင်နေကြတယ်ဆိုရင်၊ ချက်ချင်းရှေ့ထွက်လာခဲ့ကြ၊ ပြီးရင်တော့ အထုတ်အပိုးပြင်ပြီး တပ်မဟာ ၂၃ကနေ လစ်တော့ “
ထိုစကားလုံးများ ပြီးဆုံးသွားသည့်နောက်၌ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုသည် ရှုကျိုးထံမှ ပေါက်ထွက်လာခဲ့သည်။
များပြားလွန်းလှသော သတ်ဖြတ်မှုတို့ကြောင့် ရရှိလာခဲ့သည့် ကျောချမ်းဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခုသည် အဆိုပါ အရှိန်အဝါနှင့် ရောစပ်နေကာ လေအနှင့်အတူ လျင်မြန်စွာ ပျံ့လွင့်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် စစ်သည်တော် ရှစ်ထောင်စလုံးသည် မြင့်မားသော တောင်ကြီးတစ်လုံးကဲ့သို့ သူတို့၏ ရင်ဘတ်များပေါ်သို့ ကျဆင်းလာခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ခံစားလိုက်ရကာ မအီမသာ ဖြစ်သွားကြသည်။
ကျန်းယွမ်တုန်သည် ၎င်းကို တောင့်ခံနိုင်ခဲ့သော်လည်း၊ ခြေထောက်များ အနည်းငယ် တုန်ရင်နေခဲ့ကာ သူ၏မျက်လုံးများထဲတွင်လည်း ကြောက်လန့်တကြားဖြစ်နေသည့် အရိပ်အငွေ့များ တည်ရှိနေခဲ့သည်။
“ ဒါ ….. ဒါက …. နှောင်းပိုင်း အဆင့်၅လား “
ရှုကျိုးထုတ်လွှတ်ထားသော အရှိန်အဝါသည် ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦး၏ အရှိန်အဝါနှင့် တူညီနေခဲ့သည်။
မဟုတ်ပေ၊ ၎င်းထပ်ပင် ပိုမိုသာလွန်အားကောင်းနေသေးသည်။
ကျန်းယွမ်တုန်သည် စစ်တပ်အတွင်းရှိ သတ္တမအဆင့် ပညာရှင်တစ်ဦးက ဒေါသတကြီးဖြစ်သွားခဲ့သည်ကို တစ်ကြိမ်မျှ မြင်တွေ့ခဲ့ဖူးသည်၊ ယခုလက်ရှိ ရှုကျိုးမှာ ထိုပညာရှင်၏ အရိပ်နှင့် ပေါင်းစပ်နေသည့်အလား ဖြစ်နေခဲ့သည်။
“ တော်တော်ကြီးကို အားကောင်းတာပဲ “
“ ဒီလူ .. သူ့ရဲ့ တကယ့်နယ်ပယ်က အဆင့်၅ကို ကျော်ကိုကျော်နေမှာ သေချာတယ် “
ဤအချိန်တွင် တပ်မဟာ ၂၃ တစ်ခုလုံးသည် သိသိသာသာ တုန်လှုပ်သွားကြသည်။
ရှုကျိုးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် အသာအယာ ခေါင်းငြိမ့်နေတော့သည်။
နှောင်းပိုင်း ပဥ္စမအဆင့်သို့ ရောက်ရှိခဲ့သည်မှာ အချိန်အနည်းငယ် ကြာနေခဲ့ပြီဖြစ်သောကြောင့် သူ၏ဓာတ်ကြီးငါးပါး ထိန်းချုပ်မှုမှာ ပိုမိုကျွမ်းကျင်ပိုင်နိုင်လာခဲ့ပြီ ဖြစ်သည်။
ကလီစာငါးခု နတ်သန္ဓေသား၏ လမ်းညွှန်မှုအောက်တွင် သူသည် ဓာတ်ကြီးငါးပါးကို တစ်ခုတည်းအဖြစ် အလွယ်တကူ ပေါင်းစည်းနေနိုင်ပြီဖြစ်သည်။
ဓာတ်ကြီးငါးပါး ပေါင်းစည်းခြင်းမှ ရရှိလာသည့် အကျိုးအမြတ်သည် ရှုကျိုး၏ ခန္ဓာကိုယ်ကို အလွန်တရာ သန့်စင်သွားစေကာ၊ သူ့အား ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအားကို လွယ်လွယ်ကူကူ စုပ်ယူနိုင်စေသည်။
ယခုလေးတင် သူထုတ်လွှတ်ခဲ့သည့် အရှိန်အဝါသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအင်ကို ထိန်းချုပ်ခြင်း ဖြစ်ရပ်တစ်ခုသာ ဖြစ်သည်။
ပုံမှန်အားဖြင့် ထိုကဲ့သို့သော စွမ်းရည်မျိုးကို သတ္တမအဆင့်သို့ ရောက်ရှိသည့် အချိန်မှသာ ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
ထို့ကြောင့်ပင် ကျန်းယွမ်တုန်က ရှုကျိုးပေါ်တွင် သတ္တမအဆင့် ပညာရှင်တစ်ဦး၏ အရိပ်ကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
“ ဘယ်သူမှ ရှေ့ထွက်မလာခဲ့တဲ့အတွက် ဒီကိစ္စက ဒီနေရာမှာတင် ပြီးပြီ “
ရှုကျိုးမှ ဖြည်းဖြည်းချင်း စကားပြောလာခဲ့သည် “ တကယ်လို့ တစ်ယောက်ယောက်က စစ်တပ်ရဲ့ စိတ်ဓာတ်ကို ထပ်ပြီးတော့ ပျက်ပြားစေခဲ့မယ်ဆိုရင်၊ ဒီတပ်မှူးက ရက်စက်တယ်လို့ အပြစ်လာမတင်ကြနဲ့ “
သူ့ဘေးနားရှိ ကျုံးချန်မှာလည်း အချိန်ကိုက် ဖြည့်စွက်ပြောကြားလာခဲ့သည် “ တပ်မှူးရဲ့ အမိန့်တွေက အကြွင်းမဲ့ပဲ။ အဲ့တာကို မလိုက်နာရင် စစ်ဥပဒေအတိုင်း ဆောင်ရွက်ရလိမ့်မယ် “
“ ဟုတ် “
စစ်သည်တော် အယောက် ရှစ်ထောင်စလုံးသည် တစ်ညီတစ်ညာတည်း အော်ပြောလာခဲ့သည်။
ဤအချိန်တွင် စစ်သည်တော် ရှစ်ထောင်စလုံးသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့ပြီ ဖြစ်ပြီး၊ တိုက်ခိုက်သည့် အချိန်မှသာလျှင် သူတို့၏ စွမ်းအားကို ထုတ်ဖော်ပြသနိုင်မည် ဖြစ်သည်။
ရှုကျိုးသည် အပိုစကားများကို ပြောမနေတော့ဘဲ လက်သီးလက်မောင်းတန်း၍ အော်ပြောလာခဲ့သည် “ တပ်မဟာတစ်ခုလုံး အမိန့်ကို လိုက်နာကြ၊ ချီတက်ရေး ပုံစံပြင်၊ ၃၈ မျဥ်းပြိုင်ကို ပစ်မှတ်ထား၊ ဟေးလော်တောင်တန်းဆီကို အရှိန်ကုန်တင်မယ် “
“ ဟုတ် “
စစ်သည်တော် ရှစ်ထောင်သည် လျင်မြန်စွာ ပြင်ဆင်နေကြကာ၊ ကောင်းကင်ထက်သို့ စနစ်တကျ ပျံသန်းသွားကြတော့သည်။
…
ရှုကျိုးသည် အစီအရင်ထိပ်တွင် ထိုင်နေကာ ပစ်မှတ်ဆီသို့ လျင်မြန်စွာ ဦးတည်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ကမ္ဘာ့ကြယ် အမှတ် ၃ တပ်မကြီးနှင့် သက်ဆိုင်သည့် ထောက်လှမ်းရေး အချက်အလက်များကို ဖတ်ရှုသုံးသပ်နေခဲ့သည်။
“ ကမ္ဘာ့ကြယ် အမှတ် ၃ တပ်မကြီးမှာ စစ်အင်အား သုံးသောင်းနှစ်ထောင်ရှိတယ်။ တပ်မမှူးက အလယ်အလတ် အဆင့်၇နယ်ပယ်မှာရှိပြီးတော့ ဒုတပ်မမှူး နှစ်ယောက်က အစောပိုင်း အဆင့်၇နယ်ပယ် ပညာရှင်တွေ “
“ အဲ့တာရဲ့ အမိန့်အောက်မှာ တပ်မဟာ သုံးခုရှိပြီးတော့ တပ်မှူးနဲ့ ဒုတပ်မှူးတွေ အကုန်လုံးက အဆင့်၆ အထွတ်အထိပ် ပညာရှင်တွေချည်းပဲ။ ပြီးတော့ အမှတ် ၃ တပ်မကြီးမှာ အဆင့်၆ ပညာရှင် တစ်ရာကျော်နဲ့ အဆင့်၅ ပညာရှင် အယောက် တစ်သောင်းကျော်ရှိပြီးတော့ ကျန်တဲ့လူတွေကလည်း အဆင့်၄ ပညာရှင်တွေချည်းပဲ “
“ ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ လူစာရင်းလဲ “
ရှုကျိုးသည် သက်ပြင်းမချဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။
သတ္တမအဆင့် ပညာရှင်သုံးဦး၊ ဆဌမအဆင့် ပညာရှင် တစ်ရာကျော်နှင့် ပဥ္စမအဆင့် ပညာရှင် တစ်သောင်းကျော်ပါဝင်သည့် တပ်မတစ်ခု …….
၎င်းမှာ ကမ္ဘာ့ကြယ်၏ ထိပ်တန်း တပ်မများ၏ စွမ်းအားပင် ဖြစ်သည်။
အကယ်၍ ယခင်က တပ်ရင်း ၂၃သာဆိုပါက ၎င်းက အနည်းငယ် အားစိုက်ထုတ်လိုက်ရုံဖြင့် စိစိညက်ညက် ကြေသွားမည် ဖြစ်သည်။
…………………………………………………………………………………………………………………………………………..
အပိုင်း ( 516 )
နယ်မြေကျော်ဖြတ်ခြင်း တိုက်ပွဲ၊ ထောင်နှင့်ချီသော စစ်သည်တော်များကို ကွပ်ကဲခြင်း ၂
ယခုလက်ရှိ စစ်အင်အား ရှစ်ထောင်ပါဝင်သည့် ပေါင်းစပ် သံချပ်ကာ တပ်မဟာကပင် ကမ္ဘာ့ကြယ်၏ အမှတ် ၃ တပ်မကြီးကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် တပ်မဟာ ၂၃ထံတွင် မဟာမိတ်များ ရှိနေခဲ့သည်။
“ တပ်မဟာ ၂၃၊ ၁၂၊ ၁၃နဲ့ သံချပ်ကာ တပ်မတစ်ခု “ ရှုကျိုးသည် တိုက်ပွဲအစီအစဥ်ကို ကြည့်နေခဲ့သည်။
နောက်ထပ် တပ်မဟာနှစ်ခုမှာလည်း တပ်မဟာ ၂၃ကို ယှဥ်နိုင်သည့် လူအင်အား ရှိနေခဲ့သည်၊ သို့သော် လာမည့်တိုက်ပွဲအတွက် အဓိကအင်အားစုမှာ ထိုသံချပ်ကာ တပ်မသာလျှင် ဖြစ်ပေလိမ့်မည်။
“ အရှေ့မြောက် အမှတ် ၁ သံချပ်ကာ တပ်မ၊ ကုဒ်နာမည်က ၁၀၈၊ အဲ့တပ်မမှာ နှောင်းပိုင်း အဆင့်၇ ပညာရှင်တစ်ယောက်၊ အလယ်အလတ် အဆင့်၇ ပညာရှင်နှစ်ယောက်၊ အဆင့်၆ ပညာရှင် ရာဂဏန်းနဲ့ ကျန်တဲ့လူတွေကတော့ အဆင့်၅ ပညာရှင်တွေချည်းပဲ “
“ အမှတ် ၁ တပ်မကတော့ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ၊ ဒီလိုလူစာရင်းမျိုးက အနောက်ပိုင်း စစ်နယ်မြေရဲ့ တစ်ဝက်ကျော်လောက်ကို ချေမှုန်းဖို့ လုံလောက်တယ် “
အရှေ့မြောက် အမှတ် ၁ သံချပ်ကာ တပ်မတွင် လူအင်အား ပေါကြွယ်ဝပုံရသော်လည်း၊ နယ်ပယ်တူတွင် ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်များက ကမ္ဘာ့ကြယ် သိုင်းပညာရှင်များကို မယှဥ်နိုင်ဘူးဆိုသည့် အချက်ကို မမေ့လိုက်သင့်ပေ။
သတ္တမအဆင့် အထက်တွင် ကွာဟချက်များက ပိုမိုကြီးမားနေမည် ဖြစ်သည်။
ထို့ကြောင့် ဤလူစာရင်းက တောင့်တင်းပုံရသော်လည်း၊ ကမ္ဘာ့ကြယ်၏ အမှတ် ၃ တပ်မကြီးနှင့် ရင်ဆိုင်ရာတွင် ဖိအားများရင်ဆိုင်ရဦးမည် ဖြစ်သည်။
သူ့ဘေးနားရှိ ကျုံးချန်မှ စကားပြောလာခဲ့သည် “ စိတ်မပူပါနဲ့၊ ငါတို့က ကြားဖြတ်တိုက်ခိုက်ရုံပါပဲ၊ ထိပ်တိုက် မရင်ဆိုင်ရပါဘူး “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ဤတစ်ကြိမ်၌ အမှတ် ၁ စစ်တပ်၏ အမိန့်အောက်တွင် ရှိနေသည့် လူများသည် ကြားဖြတ်တိုက်ခိုက်ရေး မစ်ရှင်များကို ပြုလုပ်ရမည် ဖြစ်သည်။
တကယ့်တိုက်ခိုက်ရေး အင်အားစုကမူ အမှတ်၂ စစ်တပ်ဖြစ်ပြီး၊ ၎င်းသည် ၃၈မျဥ်းပြိုင်ကို ကျော်ဖြတ်တိုက်ခိုက်ကြမည် ဖြစ်သည်။
“ ဟိုဘက်က သားရဲမျိုးနွယ်စုက ယာယီအခြေကျသွားပြီ၊ မျိုးနွယ်စုတစ်သောင်းရဲ့ အဆင့်မြင့် ပညာရှင်တွေ အကုန်လုံးက အစီအရင်တွေကိုင်တွယ်တာကို အာရုံစိုက်နေကြတယ် “
ရှုကျိုး အတွေးနက်သွားတော့သည်။
ကိုယ်ပွားမှာလည်း ဤရက်ပိုင်းအတွင်းတွင် စားသောက်ရင်းဖြင့်သာ အလုပ်များနေခဲ့ပြီး၊ တစ်နေ့လျှင် ကီလိုဂရမ် ငါးသောင်းဟူသည့် နှုန်းထားဖြင့် ကြီးထွားတိုးတက်နေလျက်ရှိသည်။
ကိုယ်ပွားက တိုးတက်ကြီးထွားလာသည်နှင့်အမျှ ရှုကျိုးသည် သူ၏မူလကိုယ်က ပဥ္စမအဆင့် အထွတ်အထိပ် ပိုမိုနီးကပ်လာနေပြီဟု ခံစားနေခဲ့ရသည်။
“ ဒီတိုက်ပွဲပြီးသွားတာနဲ့၊ ငါပြန်ပြီးတော့ အဆင့်၉ကို မရောက်ခင် အချိန်အထိ အပတ်တကုတ် ကြိုးစားနေတော့မယ် “ ရှုကျိုးသည် တိတ်တဆိတ် စီစဥ်တွေးတောနေခဲ့သည်။
…
၁၅မိနစ် အကြာတွင်
စစ်တပ်သည် ၃၈မျဥ်းပြိုင်အနီးသို့ ရောက်ရှိလာခဲ့သည်။
၎င်းမှာ တောင်တန်းတို့၏ ဝိုင်းရံခြင်းကို ခံထားရသည့် အနက်ရောင် နယ်မြေတစ်ခုဖြစ်ပြီး တောင်တန်းအားလုံးမှာလည်း ထူးဆန်းသော အသွင်အပြင်များကို ပိုင်ဆိုင်ထားကြသည်။
ဤအရာသည် ကွမ်ဟန်နယ်စပ်ပင် ဖြစ်သည်။
ဤနေရာနှင့် မလှမ်းမကမ်းတွင် ဆယ်မိုင်ကျယ်ဝန်းပြီး တိုင်းတာ၍ မရလောက်အောင် နက်ရှိုင်းသည့် ဧရာမ ချောက်နက်ကြီး တစ်ခုရှိနေခဲ့သည်။
၎င်းမှာ ကွမ်ဟန်နှင့် ကောင်းကင်ဂိတ်ကို ပိုင်းခြားထားသည့် ၃၈မျဥ်းပြိုင်ပင် ဖြစ်သည်။
တပ်မဟာ ၂၃က ဤနေရာသို့ ရောက်လာသည့် အချိန်တွင် သူတို့သည် တစ်ခြားသော ယူနစ်များကပါ ဤနေရာသို့ ရောက်ရှိနေပြီဆိုသည်ကို မြင်တွေ့လိုက်ရသည်။
တပ်မဟာ ၁၂၊ ၁၃နှင့် ၁၀၈ သံချပ်ကာ တပ်မ၊ စုစုပေါင်း လူနှစ်သောင်းကျော် ပါဝင်သည့် ကြီးမားသော လူအုပ်ကြီးတစ်အုပ်ပင်။
တပ်မဟာ ၂၃ ရောက်ရှိလာသည်ကို ထိုသုံးဖွဲ့က မြင်လိုက်ရသည့် အချိန်တွင် သူတို့၏ အကြည့်များသည် သူတို့ထံသို့ ကျရောက်လာခဲ့သည်။
“ အဲ့တာက တပ်မဟာ ၂၃လား။ သူတို့က ဘာလို့ ဒီလောက်တောင်နောက်ကျနေရတာလဲ “
“ ငါကြားတာတော့ သူတို့က ရှုံးနိမ့်သွားခဲ့တဲ့ တပ်ဖွဲ့တွေကနေ လူစုပြီးတော့ ယာယီပြန်တည်ဆောက်ထားတာတဲ့၊ လမ်းမှာ အချိန်အတော်ကြာ ကုန်ဆုံးခဲ့တဲ့ပုံပဲ “
“ ရှုံးနိမ့်သွားတဲ့ တပ်ဖွဲ့တွေနဲ့ လုပ်ထားတဲ့ ယူနစ်လား။ သူတို့နှေးကွေးနေပြီးတော့ အချိန်ကို မလေးစားတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “
“ သူတို့အားလုံးက အကြွင်းအကျန် တပ်ဖွဲ့တွေ ဖြစ်နေတာကိုး၊ သူတို့က စည်းစနစ်ကျနေလိမ့်မယ်လို့ ဘယ်လိုလုပ် မျှော်လင့်ထားလို့ရမှာလဲ “
အရှေ့မြောက် အမှတ် ၁ တပ်မ၏ တပ်မမှူးဖြစ်သူ၊ နှောင်းပိုင်း သတ္တမအဆင့် ပညာရှင် ဝမ်ပေ့ဝမ်သည် အရှေ့တွင် မတ်တပ်ရပ်နေလျက်ရှိကာ တပ်မဟာ ၂၃ကို ကြည့်ရှုအကဲခတ်နေခဲ့သည်။
“ ဟမ်။ သူလား “
ထိုအချိန်တွင် ဝမ်ပေ့ဝမ်သည် တပ်မဟာ ၂၃၏ တပ်မှူးကို မြင်တွေ့သွားပြီး၊ တအံ့တဩ ဖြစ်သွားခဲ့သည်။
ဒုဗိုလ်ချုပ်အဆင့် တပ်မမှူးတစ်ဦးအနေဖြင့် သူသည် ယခင်က ရာထူးတိုးခြင်း အခမ်းအနားတွင် ပါဝင်ခဲ့သည်၊ ထို့ကြောင့် သူသည် ရှုကျိုး၏ အောင်မြင်မှုများကို သတိပြုမိနေခဲ့သည်။
“ ဆိုတော့ သူက တပ်မဟာ ၂၃ရဲ့ တပ်မှူးပေါ့ ……… သူ့ရဲ့ တိုက်ပွဲ အစီအရင်ကို နားလည်နိုင်စွမ်းက တော်တော်လေးကောင်းနေပင်မဲ့၊ သူ့ရဲ့နယ်ပယ်က တော်တော်လေး နိမ့်နေတာကတော့ နှမြောစရာပဲ။ စစ်ဦးစီးချုပ်က အကြွင်းအကျန် တပ်ဖွဲ့တွေကို တပ်မဟာ ၂၃နဲ့ ပူးပေါင်းခိုင်းလိုက်တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “
၎င်းကို တွေးမိသွားသောအခါတွင် ဝမ်ပေ့ဝမ်သည် ချက်ချင်းအော်ပြောလာခဲ့သည် “ တပ်မဟာ ၂၃၊တပ်မဟာ ၁၂နဲ့ ၁၃အနောက်ကနေ လိုက်ခဲ့ပြီးတော့ ပင်မတပ်ကို အနောက်ဘက်ကနေ ကာကွယ်စောင့်ကြပ်ပါ “
“ အားလုံးပဲ၊ ၃၈မျဥ်းပြိုင်ကို ကျော်ဖြတ်ဖို့ ငါ့နောက်ကနေ လိုက်ခဲ့ကြ “
နှောင်းပိုင်း သတ္တမအဆင့် ပညာရှင်၏ အမိန့်သံ ပေါ်ထွက်လာသည့် အချိန်မှသာလျှင် တပ်ဖွဲ့ကြီးတစ်ခုလုံး စတင်၍ ရွေ့လျားလာခဲ့သည်။
တပ်ဖွဲ့ကြီးတစ်ခုသည် ၃၈မျဥ်းပြိုင်ဆီသို့ ခမ်းခမ်းနားနား ချီတက်လာခဲ့သည်။
တပ်မဟာ ၂၃အတွင်း၌ လူတစ်ချို့သည် မကျေမနပ် ဖြစ်နေကြသည်။
“ ငါတို့ရဲံ ပေါင်းစပ် သံချပ်ကာ တပ်မဟာကို၊ အနောက်မှာ နေဖို့ ပြောတယ်ပေါ့ “
“ သူတို့က ငါတို့ကို အထင်သေးနေကြတာလား “
“ အမှန်ပဲ၊ တော်တော်ကြီးကို လွန်နေပြီ “
ယခင်က ရှုကျိုး၏ အမိန့်ကြောင့် သူတို့သည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေရုံသာ တတ်နိုင်ကြသည်။
ရှုကျိုးကမူ ၎င်းတို့ကို လျစ်လျူရှုထားပြီး၊ ၃၈မျဥ်းပြိုင်ကို ကျော်ဖြတ်ကာ ကောင်းကင်ဂိတ်ဆီသို့ ဦးတည်နေတော့သည်။
မကြာခင်မှာပင် သူတို့သည် ဧရာမ ချောက်နက်၏ အပေါ်ဘက်သို့ ရောက်ရှိလာခဲ့သည်။
“ ယူနစ်အားလုံး၊ အသင့်ပြင် “
အရှေ့ဘက်ရှိ တပ်မမှူး ဝမ်ဝေ့ဝမ်သည် လက်သီးမြှောက်၍ အော်ပြောလာခဲ့သည်။
တပ်ဖွဲ့တစ်ခုလုံး ချက်ချင်း ရပ်တန့်သွားကာ ချောက်နက်အထက်တွင် မျောလွင့်နေတော့သည်။
ယခင်က အစီအစဥ်အရ သူတို့သည် ထိပ်တိုက်ရင်ဆိုင်ရမည် မဟုတ်ဘဲ ကြားဖြတ်တိုက်ခိုက်မှုကိုသာ ပြုလုပ်ရမည် ဖြစ်သည်။
မည်သည့်အချိန်တွက် ကြားဖြတ်တိုက်ခိုက်ရမလဲဆိုသည်ကမူ အမှတ် ၂ စစ်တပ်က ကောင်းကင်ဂိတ်သို့ ထိုးဖောက်ဝင်ရောက်ကာ ကမ္ဘာ့ကြယ်က စစ်ကူပို့ရန် ပြင်ဆင်လာသည့်အချိန်မျိုးတွင် ကြားဖြတ်တိုက်ခိုက်ရမည် ဖြစ်သည်။
ရှုကျိုးသည် အောက်ဘက်ရှိ အဆုံးမဲ့ချောက်နက်ကြီးကို ငုံ့ကြည့်ကာ အတွေးနက်သွားတော့သည်။
“ ဒီချောက်က လကို နှစ်ပိုင်းပိုင်းထားတယ် …… “
သူ့ဘေးနားရှိ ကျုံးချန်မှ တီးတိုးပြောပြလာခဲ့သည် “ ဒါက ကမ္ဘာနှစ်ခုရဲ့ နယ်နိမိတ်စည်းဆိုလည်း ဟုတ်တယ်၊ ဒီဟာကို ကျော်လိုက်တာနဲ့ ကမ္ဘာ့ကြယ်ဘက်ကို ရောက်ပြီ “
တစ်နည်းဆိုရသော် ဤနယ်နိမိတ်စည်းကို ကျော်ဖြတ်ခြင်းသည် စကြာဝဠာ အတားအဆီးတစ်ခုကို ကျော်ဖြတ်ခြင်းပင် ဖြစ်သည်။
စိတ်ဝင်စားဖွယ်ကောင်းပုံပေါ်သော်လည်း ၎င်းသည် ကြောက်မက်ဖွယ်ရာ ကိစ္စတစ်ခုကို ဖုံးကွယ်ထားခဲ့သည်။
ကျုံးချန်မှ စကားဆက်ပြောလာခဲ့သည် “ တစ်စုံတစ်ယောက် မေးခွန်းသုံးခုကို အဆိုပြု မေးခွန်းထုတ်ခဲ့ဖူးတယ်၊ ဒီနယ်နိမိတ်စည်းက ဘယ်လို ပေါ်လာလဲ “
“ ဘာလို့ ဒီဟာပေါ်လာတာလဲ “
“ ဒါက ဆက်ပြီးတော့ ကြီးထွားလာဦးမှာလားတဲ့ “
ကျုံးချန်သည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ အဲ့ဒီမေးခွန်းသုံးခုက အားလုံးရဲ့ နှလုံးသားတွေကို ဖိထားတဲ့တောင်တန်းကြီးသုံးခုပဲ၊ အသက်ရှူဖို့တောင် မနည်းရုန်းကန်နေရတယ် “
ရှုကျိုး၏ အမူအရာမှာလည်း အနည်းငယ် လှုပ်ခတ်သွားခဲ့သည် “ ဆက်ပြီးတော့ ကြီးလာတာလား “
ကျုံးချန်မှ ရှင်းပြလာခဲ့သည် “ အဲ့ဒီ သံသယ ဖြစ်လာရတဲ့ အကြောင်းအရင်းက ၃၈မျဥ်းပြိုင်လို့ခေါ်တဲ့ ဒီချောက်နက်က ကြီးမားကျယ်ပြန့်လာတဲ့ လက္ခဏာတွေ ပြလာလို့ပဲ “
“ ဥပမာပေးရရင် လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်တုန်းက ဒီကောင့်ရဲ့ အကျယ်က ၅မိုင်လောက်ပဲ ရှိတယ်၊ အဲ့တာ ၁၀မိုင်အထိ ရောက်လာခဲ့ပြီးတော့ အခုဆိုရင် ၁၃မိုင်အထိ ဖြစ်သွားပြီ ”
“ ဒီဟာကြီး ကြီးကြီးလာနေတာက လူတွေကို နိုးနိုးကြားကြား ဖြစ်သွားစေတယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
ကြယ်ပြာဂြိုဟ်နှင့် ကမ္ဘာ့ကြယ်ကို ချိတ်ဆက်ထားခဲ့သည့် ဤအတားအဆီးသည် ကမ္ဘာနှစ်ခုကြားတွင် စစ်ပွဲများ ဖြစ်ပွားစေခဲ့သည်။
ယခုတွင် ၎င်းသည် ဆက်လက်၍ ကြီးမားကျယ်ပြန့်လာခဲ့ပြီး၊ နောင်အနဂတ်တွင် မည်သည့်အရာများ ဖြစ်ပျက်လာမလဲဆိုသည်ကို မည်သူက သိနိုင်မည်နည်း
သို့ရာ၌ ရှုကျိုးသည် ဤအတားအဆီးက အမှောင်နယ်မြေမှ ဖန်တီးထားခြင်းဖြစ်သည်ဟု မှန်းဆမိနေခဲ့သည်။
ဤလမ်းကြောင်းကို ဖန်တီးခဲ့ပြီးသည့်နောက်မှသာလျှင် အမှောင်နယ်မြေသည် ကြယ်ပြာဂြိုဟ်ထဲသို့ ဝင်ရောက်ခြင်းမှာ သူတို့၏နယ်ပယ်များကို ဖိနှိပ်သွားခဲ့သည်ကို သိရှိသွားခဲ့သည်၊ ထို့ကြောင့်ပင် သူတို့က နောက်ထပ်လမ်းကြောင်းတစ်ခု ဖောက်လုပ်ရန် စီစဥ်ပြင်ဆင်နေခြင်းပင် ဖြစ်ပေလိမ့်မည်။
၎င်းမှာ ယခင်က အပိုင်းများတွင် ဖော်ပြခဲ့သည့် အမှောင်နယ်မြေ လမ်းကြောင်း/ အမှောင်ဝိညာဥ် နယ်စပ်ဖြတ်ကျော် အစီအရင်ပင် ဖြစ်သည်။
အဆိုပါ အစီအရင်ကို ကမ္ဘာနှစ်ခု၏ လမ်းကြောင်းနှင့် ပေါင်းစည်းလိုက်ခြင်းသည် အမှောင်နယ်မြေအပေါ်တွင် ရှိနေသည့် စကြဝဠာ နိယာမစည်းမျဥ်းတို့၏ ဖိနှိပ်မှုကို ပျောက်ကွယ်သွားစေမည် ဖြစ်သည်။
“ အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူးပဲ “ ရှုကျိုးသည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေခဲ့သည်။
သူသည် တောင်ပိုင်းစစ်နယ်မြေတွင် ရှိနေသည့် အစီအရင်က အရေးအကြီးဆုံးသော ကိစ္စတစ်ခုဆိုသည်ကို သိနေခဲ့သည်။
သို့ရာတွင် နဝမအဆင့် ပညာရှင်တို့က အဆိုပါ အစီအရင်များကို စိတ်လိုလက်ရ ဖယ်ရှားနိုင်ရန်အတွက် သူတို့သည် ယခုတွင် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်တို့ကို ဤနေရာတွင် ဖိနှိပ်ထားကာ ကမ္ဘာ့ကြယ် အဆင့်မြင့် ပညာရှင်တို့က ကြားဝင်စွက်ဖက်လာမည်ကို တားဆီးထားရမည် ဖြစ်သည်။
…
နာရီဝက်ကုန်ဆုံးသွားခဲ့သည်။
ရုတ်တရက်ဆိုသလိုပင် ဝမ်ပေ့ဝမ်သည် သူ၏မျက်လုံးများကို ဖွင့်ကာ ရုတ်တရက် အော်ပြောလာခဲ့သည် “ အင်အားကြီး တိုက်ခိုက်ရေး အစီအရင် ဖွဲ့ပြီးတော့ ချီတက်မယ် “
“ ဟုတ် “
တပ်မဟာ ၁၂၊ ၁၃နှင့် ၁၀၈ သံချပ်ကာ တပ်မတို့သည် အမိန့်ကို ချက်ချင်း တုံ့ပြန်လိုက်ပြီး၊ အင်အားကြီး တိုက်ခိုက်ရေး အစီအရင်များကို တစ်ခုပြီးတစ်ခု ဖွဲ့စည်းနေကြတော့သည်။
တပ်မဟာ ၂၃မှာလည်း ချွင်းချက်မဟုတ်ဘဲ၊ အစီအရင်ကို လျင်မြန်စွာ ဖွဲ့စည်းလိုက်သည်။
တစ်ခဏ အကြာတွင် ရှုကျိုးသည် သူ့ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာသည့် ကြီးမားသော စွမ်းအားကို ခံစားမိသွားခဲ့သည်။
သူ၏အရှိန်အဝါသည် တဟုန်ထိုး မြင့်တက်လာခဲ့သည်။
“ ဒါက လူရှစ်ထောင်ပါတဲ့ ပေါင်းစပ် သံချပ်ကာ တပ်မဟာရဲ့ စွမ်းအားလား “
ရှုကျိုးသည် မအံ့ဩဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်၊ အကယ်၍ ယခုတွင် သူကသာ လက်သီးတစ်လုံး ပစ်သွင်းလိုက်မည်ဆိုပါက သူသည် အဆင့်မြင့် ပညာရှင်တစ်ဦးကိုပင် သေသည်အထိ ချေမှုန်းသွားနိုင်ပေသည်။
“ သံချပ်ကာ တပ်ဖွဲ့က တကယ်ကို ထူးခြားတာပဲ၊ အခုလက်ရှိ ငါ့ရဲ့နယ်ပယ်နဲ့ ငါက အစီအရင်ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးတဲ့ပုံပဲ “ ရှုကျိုးသည် ၎င်းကို ခံစားမိနေခဲ့သည်။
သို့သော် ၎င်းမှာ ယာယီအခြေအနေတစ်ခုသာ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအင်ထိန်းချုပ်နိုင်စွမ်းကြောင့် ရှုကျိုး ထိန်းချုပ်နိုင်သည့် တိုက်ပွဲ အစီအရင်၏ စွမ်းအားမှာ အလွန်တရာ အားကောင်းနေခဲ့ပြီ ဖြစ်သည်။
ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးကပင် ဤအစီအရင်ကို ထိန်းချုပ်ရာတွင် ပိုမိုကြီးမားသော စွမ်းအားကို ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ပေ။
“ တက် “
ရှုကျိုး၏ ထိန်းချုပ်မှုအောက်တွင် တပ်မဟာ ၂၃သည် လျင်မြန်စွာ ရွေ့လျားလာခဲ့ပြီး၊ ချောက်နက်၏ တစ်ခြားတစ်ဘက်သို့ ပျံသန်းသွားတော့သည်။
“ ဗွီ “
၎င်းသည် သူတို့က ကမ္ဘာ့အမြှေးပါးတစ်ခုကို ဖောက်ထွက်သွားရသည့်အလား ခံစားနေခဲ့ရပြီး၊ ထို့နောက်တွင် အားလုံးသည် သူတို့အရှေ့ရှိ ကမ္ဘာက ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်တွေ့သွားကြသည်။
အရှေ့ဘက်တွင် ကြီးမားသော ရှေးဦး တောအုပ်တစ်ခု ရှိနေခဲ့သည်။
ကောင်းကင်ထက်တွင် အံ့ဖွယ်ကောင်းအောင် ကြီးမားသည့် မြေကမ္ဘာရောင် ဂြိုဟ်တစ်လုံးရှိနေခဲ့ပြီး၊ ၎င်း၏ သမုဒ္ဒရာလေးစင်းနှင့် တိုက်ကြီးခုနစ်တိုက်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေခဲ့ရသည်။
၎င်းမှာ ကမ္ဘာ့ကြယ်ပင် ဖြစ်သည်။
“ နောက်ဆုံးတော့ ကမ္ဘာ့အပြင်ဘက်ကို ရောက်လာခဲ့ပြီပဲ “
ရှုကျိုးသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့ပြီး၊ တပ်မဟာ ၂၃၏ စစ်သည်တော် အယောက် ရှစ်ထောင်စလုံးကလည်း ဤနေရာသို့ ရောက်ရှိနေခဲ့ကာ တိုက်ခိုက်ရေး အစီအရင်ကို ထိန်းချုပ်ထားစဲဆိုသည်ကို မြင်တွေ့သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် တစ်ခြား ယူနစ်များသည် ရှေ့သို့ ချီတက်သွားကြပြီ ဖြစ်ပြီး၊ တိုက်ခိုက်ရန်အတွက် စည်တီးကာ အသံပြုလာခဲ့သည်။
ခမ်းနားထည်ဝါသော တပ်ဖွဲ့ကြီးသည် ဟေးလော်တောင်တန်းတစ်လျှောက်တွင် စခန်းချထားသည့် ကမ္ဘာ့ကြယ် အမှတ် ၃ တပ်မကြီး၏အာရုံကို ချက်ချင်းစွဲဆောင်သွားခဲ့သည်။
“ အတင့်ရဲလိုက်တာ “
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ကမ္ဘာ့ကြယ်သား အားလုံး အံ့ဩတကြီး ဖြစ်သွားကြသည်။
သူတို့သည် ကြယ်ပြာဂြိုဟ်က ၃၈မျဥ်းပြိုင်ကို ကျော်ဖြတ်ကာ သူတို့ကို တိုက်ခိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ ရန်သူ လာတိုက်နေပြီဟေ့ “
များပြားလွန်းလှသော ပုံရိပ်များသည် ဟေးလော်တပ်စခန်းအတွင်းမှ ထွက်လာခဲ့ကာ ကောင်းကင်ထက်သို့ ပျံသန်းလာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ပြင်သည် လူအုပ်ကြီးဖြင့် ပြည့်နှက်သွားခဲ့သည်။
တိုက်ပွဲကြီးတစ်ခုမှာ စတင်လာတော့မည် ဖြစ်သည်။