← Chapters

အခန်း (၁၅၁)

Vol. 16 Ch. 151

အခန်း (၁၅၁)

Vol. 16 Ch. 151

မကြာမီပင်စားဖိုမှူးသူတော်စင်၏ စိတ်ဆန္ဒကိုယ်ပွားသည် ကျုံးရှန်တို့ရှိရာလွင်ပြင်အထက်၌ ပေါ်ထွက်လာ၏။ သူ၏ မျက်နှာတွင် အလွန်ပင် ကျေနပ်ပီတိဖြစ်နေသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ ဂျင်ချူရှောင်၏ စွမ်းဆောင်ရည်မှာ စားဖိုမှူးသူတော်စင်၏ အသိအမှတ်ပြုမှုကို အမှန်တကယ်ပင် ရရှိသွားခဲ့ခြင်း ဖြစ်၏။ ဤရလဒ်သည် အကောင်းဆုံးသော အဆုံးသတ်တစ်ခုပင် ဖြစ်ပြီး အကယ်၍ စားဖိုမှူးကမ္ဘာငယ်ကို ရှီဝေထျန်းကဲ့သို့သော အရူးတစ်ယောက်ကသာ ထိန်းချုပ်သွားခဲ့ပါက ဤအချက်အပြုတ်လမ်းစဉ် ကမ္ဘာကြီးမှာ ပျက်စီးခြင်းသို့ ရောက်ရှိသွားသည်အထိ အမြတ်ထုတ်ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

"ငါ့ကလေး... မင်း တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ..."

"မင်းက စားဖိုမှူးကမ္ဘာငယ်ကနေ သဘာဝအလျောက် မွေးဖွားလာတဲ့ အမွေအနှစ်ဆက်ခံသူ သားတော်ပဲ... ငါ့ရဲ့ တိုက်ရိုက်မျိုးဆက်လို့ သတ်မှတ်လို့ရတယ်..."

"ငါ ဒီစိတ်ဆန္ဒကို ချန်ထားခဲ့တာက... စစ်မှန်တဲ့ ဆက်ခံသူကို ပါရမီ ပြည့်စုံတဲ့အဆင့်ထိ ရောက်အောင် ကူညီပေးဖို့အတွက်ပဲ ဖြစ်တယ်..."

စားဖိုမှူးသူတော်စင်၏ စိတ်ဆန္ဒသည် ချီးကျူးစကား ဆိုပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရသည်။

"ကလေး... ငါ မင်းကို ပွေ့ဖက်ချင်တယ်... ရမလား..."

ဂျင်ချူရှောင်သည် ထိုစကားကို ကြားသောအခါ ကျုံးရှန် ကို လှမ်းကြည့်လိုက်၏။

သူ၏ သခင်က ကန့်ကွက်ခြင်း မရှိသည်ကို မြင်မှသာ ခေါင်းညိတ်ပြလိုက်လေသည်။ ဂျင်ချူရှောင်သည် စားဖိုမှူးကမ္ဘာငယ်တွင် မွေးဖွားကြီးပြင်းလာသူ ဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက စားဖိုမှူးသူတော်စင်၏ ဒဏ္ဍာရီများကို နားထောင်ပြီး ကြီးပြင်းခဲ့ရကာ စားဖိုမှူးကမ္ဘာငယ်၏ ပြုစုပျိုးထောင်မှုနှင့် အခွင့်အလမ်းများကို ရရှိခဲ့သူလည်း ဖြစ်၏။ ထို့ကြောင့် ဤကမ္ဘာကို ဖန်တီးခဲ့သော စားဖိုမှူးသူတော်စင်အပေါ် မိဘသဖွယ် ကျေးဇူးတရား ရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။

စားဖိုမှူးသူတော်စင်၏ စိတ်ဆန္ဒကိုယ်ပွားသည် မေတ္တာအပြည့်ဖြင့် ပြုံးလိုက်ပြီး ဂျင်ချူရှောင်ကို ပွေ့ဖက်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ဝေဝါးသွားကာ ရွှေရောင်အလင်းတန်းများအဖြစ် ဂျင်ချူရှောင်၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားတော့သည်။

စားဖိုမှူးသူတော်စင် ချန်ထားခဲ့သော နောက်ဆုံးစိတ်ဆန္ဒသည် သူတော်စင်ဝိညာဉ်၏ မှတ်ဉာဏ်နှောင်ကြိုးများအားလုံးကို စွန့်လွှတ်လိုက်ပြီး သန့်စင်သော မူလဇစ်မြစ် စွမ်းအင်များအဖြစ်ပြောင်းလဲကာ ဂျင်ချူရှောင်ကို အားဖြည့်ပေးလိုက်ခြင်းပင် ဖြစ်၏။

သို့ဖြင့်ဂျင်ချူရှောင်၏ ခန္ဓာကိုယ်အတွင်းရှိ မူလဇစ်မြစ်စွမ်းအားများမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ တစ်ခဏတွင်းမှာပင် စားဖိုမှူးကမ္ဘာငယ် တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါလာပြီး ဂျင်ချူရှောင်၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များနှင့် တူညီသော အရှိန်အဟုန်ဖြင့် တုံ့ပြန်လာသည်။ အနားတွင် ရပ်နေသော ကျုံးရှန်သည် ကောင်းကင်ကို မော့ကြည့်လိုက်ကာ သူ၏ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားသော မဟာအမှောင်ထု နတ်ဘုရားအကာအကွယ်ကို ရုပ်သိမ်းလိုက်လေသည်။

ထိုအခါ ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ စူးရှတောက်ပသော အလင်းတန်းများစွာသည် စားဖိုမှူးကမ္ဘာငယ်အတွင်းသို့ တဟုန်ထိုး ဝင်ရောက်လာသည်။ ရှီဝေထျန်း၏ ခန္ဓာကိုယ်သည်လည်း ရုတ်တရက် အပေါ်သို့ပျံတက်သွားပြီး သူ့ခန္ဓာကိုယ်အတွင်း၌ အလွန်နက်ရှိုင်းစွာ ပုန်းကွယ်နေသည့် အလင်းတန်းတစ်ခုမှာ အလိုအလျောက် ထွက်ပေါ်လာကာ ဂျင်ချူရှောင်၏ ရှေ့သို့ ပျံသန်းရောက်ရှိလာ၏။ ထိုအရာမှာ ထူးခြားသော နတ်ဘုရားအလင်းများ တောက်ပနေသည့် ယောက်မတစ်လက် ဖြစ်ပေသည်။

ယင်းမှာ ရှီဝေထျန်း ယခင်က ရရှိခဲ့ဖူးသော အနှိုင်းမဲ့ စားဖိုမှူးရတနာ တစ်ခုဖြစ်သည့် ကောင်းကင်မှောက် အရသာတစ်ရာယောက်မ ပင် ဖြစ်၏။ ဟင်းလင်းပြင်အတွင်းမှ ရောက်ရှိလာသော အလင်းတန်းများမှာလည်း အနှိုင်းမဲ့ စားဖိုမှူးရတနာများနှင့် သူတို့၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ မကြာမီမှာပင် မြေကမ္ဘာဒယ်အိုး၊ တာအိုသုံးထောင် ယောက်ချို(ရေမှုတ်) နှင့် ပြင်းထန်မီးတောက် မီးဖို တို့သည် ဂျင်ချူရှောင်၏ အနားသို့ ပျံသန်းရောက်ရှိလာကြလေသည်။

ကောင်းကင်မှောက် ရသာတစ်ရာယောက်မ အပါအဝင် ခြောက်ပါးသော အနှိုင်းမဲ့ စားဖိုမှူးရတနာများထဲမှ လေးခု စုံညီသွားပြီ ဖြစ်၏။ ကျန်ရှိသော မြစ်တစ်ရာပေါင်းဆုံ အင်တုံ နှင့် တိမ်ပင်လယ် ပန်းကန်လုံး တို့မှာမူ အပိုင်းအစများအဖြစ် ပျက်စီးသွားခဲ့ပြီး အထူးသဖြင့် တိမ်ပင်လယ် ပန်းကန်လုံးမှာ ဝမ်ရှောင်ယွီ၏ ခန္ဓာကိုယ်အတွင်း၌ အချက်အပြုတ်တာအို ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

ကျုံးရှန်သည် လက်ကို ဆန့်ထုတ်လိုက်ပြီး တိမ်ပင်လယ် ပန်းကန်းလုံး၏နောက်ဆုံး အပိုင်းအစကို ဖမ်းယူလိုက်သည်။

"ဒီ တိမ်ပင်လယ် ပန်းကန်လုံးကတော့ ရှောင်ယွီရဲ့ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားပြီ..."

"ကျန်တဲ့ မြစ်တစ်ရာပေါင်းဆုံ အင်တုံ အပိုင်းအစကိုတော့ မင်း နှစ်ပေါင်းတစ်သိန်းလောက် ပြန်ပြုစုပျိုးထောင်လိုက်ရင် မူလအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်..."

"မင်းရဲ့ ခန္ဓာကိုယ်ထဲက ရွှေရောင်ယောက်မကလည်း မင်းရဲ့ ပါရမီကနေ မွေးဖွားလာတဲ့ အရာဖြစ်လို့ သေချာ ဂရုစိုက်ပျိုးထောင်ရင် တစ်နေ့ကျရင် ထိပ်တန်း ဖန်ဆင်းခြင်းအဆင့် လက်နက်တစ်ခု ဖြစ်လာနိုင်တယ်..."

"အဲဒီအချိန်ကျရင် မင်းမှာ ကိုယ်ပိုင် အနှိုင်းမဲ့ စားဖိုမှူးရတနာ အစုံလိုက် ရှိသွားလိမ့်မယ်..."

"မင်းမှာ ကြီးမားတဲ့ ကံကောင်းမှုတွေ ရှိနေသေးတယ်... သေချာ အာရုံစိုက်ပြီး လက်ခံလိုက်ပါ..."

ကျုံးရှန်သည် ဖြည်းညင်းစွာ ပြောဆိုလိုက်ပြီးနောက် သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။

မကြာမီတွင် စားဖိုမှူးကမ္ဘာငယ် အနှံ့အပြား၌ ရောက်ရှိနေကြသော ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေမှ အဖွဲ့ဝင်များနှင့် ချင်းထျန်းတောင်ထွတ်မှ မိစ္ဆာသူတော်စင်လေးပါး၏ တည်နေရာကို ရှာဖွေတွေ့ရှိလိုက်သည်။ ကျူးကျီကို မြင်လိုက်ရသောအခါ သူသည် မရယ်ဘဲ မနေနိုင် ဖြစ်သွားရ၏။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်၌ ကျူးကျီသည် စားဖိုမှူးကမ္ဘာငယ်ရှိ ရေကန်ကြီးတစ်ခု၏ ဘေး၌ ရှိနေပြီး သူ၏ရှေ့တွင် သူတော်စင်အဆင့်ရှိသော စားဖိုမှူး ၁၁ဦးခန့်သည် ငါးဟင်းမျိုးစုံကို ချက်ပြုတ်နေကြသည်။ ကျူးကျီသည် ဟင်းလျာများ၏ အာနိသင်ကို ဂရုမစိုက်ဘဲ ပါးစပ်အရသာ ခံနိုင်ရုံသက်သက်သာ စားသောက်နေခြင်း ဖြစ်သည်။ သူအတွက်မူ စားဖိုမှူးကမ္ဘာငယ်သို့ ခဲခဲယဉ်းယဉ်း ရောက်လာသည့်အချိန်တွင် စားဖိုမှူးများကို အတင်းအကျပ် ချက်ခိုင်းရသည်မှာ အလွန်ပင် တန်ဖိုးရှိလှပေသည်။

ဝက်မည်းကြီး နှင့် အခြားသူများမှာမူ ထိုကဲ့သို့ ကြမ်းတမ်းခြင်း မရှိကြပေ။ သူတို့သည် စားဖိုမှူးကမ္ဘာငယ်၏ ထူးခြားသော ရတနာများကို လိုက်လံ စုဆောင်းနေကြ၏။ သူတော်စင်အဆင့် စားဖိုမှူးများ ချက်ပြုတ်ထားသော အားဖြည့်ဟင်းလျာများကိုလည်း အမြောက်အမြား သိမ်းဆည်းစုဆောင်းထားကြပြီး ထိုအားဖြည့်ဟင်းလျာများထဲတွင် ဝိညာဉ်စွမ်းအား ဖြည့်တင်းပေးသော ဟင်းလျာများ၊ ခွန်အားတိုးစေသော ဟင်းလျာများနှင့် ခဏတာအတွင်း စွမ်းရည်မြင့်တက်စေသော ဟင်းလျာများ ပါဝင်လေသည်။

ဆယ်နှစ်တစ်ကြိမ် ကျင်းပသော စားဖိုမှူးဘုရင် ပြိုင်ပွဲသည် ကျင့်ကြံသူ အများအပြား၏ အာရုံကို ဆွဲဆောင်ထားသော်လည်း ကျုံးရှန်နှင့် အတူရှိခဲ့သော မိစ္ဆာသူတော်စင်များမှာမူ အလွန်ပင် ပါးနပ်ကြသဖြင့် ထိုကိစ္စများထဲသို့ ဝင်ရောက်စွက်ဖက်ခြင်း မရှိကြပေ။ သူတို့၏ စွမ်းအားဖြင့်ဆိုလျှင် ထျန်းချူပေါင်ကျွင်း ကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် မတွေ့သရွေ့ စားဖိုမှူးကမ္ဘာငယ်တွင် အတားအဆီးမရှိ သွားလာနိုင်ကြ၏။ ယခုတစ်ကြိမ်တွင် သူတို့အားလုံးမှာ အမြတ်အစွန်းများစွာ ရရှိခဲ့ကြပေသည်။

အခြားတစ်ဖက်တွင် ကျုံးကျဲ ၏ ရိတ်သိမ်းမှုမှာလည်း မဆိုးလှပေ။ သူသည် စားဖိုမှူးကမ္ဘာငယ်မှ ထူးချွန်သော ပါရမီရှင်တစ်ဦးနှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့သည်။ သူတို့နှစ်ဦးသည် အတူတကွ စွန့်စားသွားလာရင်း လွန်ခဲ့သော နှစ်ပေါင်းတစ်သန်းခန့်က ကျဆုံးသွားခဲ့သော သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦး၏ ရှေးဟောင်းအမွေအနှစ် ဂူသင်္ချိုင်းတစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ကြပြီး ရတနာ အမြောက်အမြား ရရှိခဲ့ကြ၏။ အဆင့်အတန်း ကွဲပြားသည်နှင့်အမျှ ရရှိသော အခွင့်အလမ်းများမှာလည်း ကွဲပြားလှပေသည်။

ယခုအချိန်တွင် ကျုံးကျဲ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဝိညာဉ်အလင်းများ တောက်ပနေပြီး ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောမီးတောက်များမှာလည်း ပေါက်ကွဲထွက်တော့မည့်အတိုင်း ဖြစ်နေ၏။ ဤသည်မှာ နိယာမနယ်ပယ် အဋ္ဌမအဆင့် စစ်မှန်သော မီးတောက်ဖြင့် ခန္ဓာကိုယ်ကို သန့်စင်ခြင်း သို့ ရောက်ရှိတော့မည့် နိမိတ်ပင် ဖြစ်ပေသည်။

"အာကျဲ... မင်းရဲ့ စစ်ဘုရင် ပါရမီက တကယ်ကို အံ့သြစရာ ကောင်းတာပဲ..."

"ရက်ပိုင်းလောက်ပဲ ရှိသေးတယ်... အဆင့်တက်တော့မယ် ဟုတ်လား..."

"ဒါပေမဲ့ ဒီရက်ပိုင်း လောကကြီးက သိပ်မငြိမ်သက်ဘူးနော်..."

"ဘာမှန်းမသိဘဲ မြေတွေတုန်လိုက်... အမှောင်ထုကြီး ဖုံးသွားလိုက်နဲ့..."

ကျုံးကျဲ၏ ဘေးတွင် ရိုးသားသော မျက်နှာထားနှင့် ဝဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ရှိသော လူငယ်လေးတစ်ဦးက သိုးခြေထောက်ကင်ကို ကိုင်ထားရင်း အံ့အားသင့်စွာ ပြောဆိုလိုက်၏။ သူ၏ ပါးစပ်ဘေးတွင်လည်း ဆီများ ပေကျံနေလေသည်။

ကျုံးကျဲက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး သူ၏ စစ်ဘုရင်လှံရှည် ကို ဝှေ့ယမ်းလိုက်၏။

"ဖက်တီးလီ... မင်းရဲ့ ကျင့်ကြံခြင်း အရှိန်က ငါ့ထက်တောင် မြန်နေသေးတယ်..."

"လောကကြီးရဲ့ လှုပ်ရှားမှုတွေက ငါရဲ့ဘိုးဘေးကြောင့် ဖြစ်နိုင်တယ်..."

"ဒီကိစ္စပြီးရင် မင်း ငါနဲ့အတူ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို လိုက်ခဲ့... ငါတို့ စကြဝဠာအနှံ့ လျှောက်သွားပြီး အကုန်လျှောက်စားကြမယ်... တကယ့်ကို ပျော်စရာကြီး ဖြစ်မှာ"

ဤလူမှာကျုံးကျဲ ခင်မင်ခဲ့သော ပါရမီရှင် လူငယ်လေး ဖြစ်ပြီး နာမည်မှာ လီတာ့ကျွေ့ ဖြစ်ပေသည်။ သူသည် နတ်ဘုရားသားရဲ ထောင်ထျဲ့ ကဲ့သို့ ကောင်းကင်ကို ဝါးမြိုနိုင်သော စွမ်းရည်ရှိသူ ဖြစ်ပြီး သူ၏ ဗိုက်ထဲတွင် မီးဖိုကြီးတစ်ခု ရှိနေသကဲ့သို့ အရာအားလုံးကို ဝါးမြိုကာ စွမ်းအင်အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိပေသည်။ ယင်းမှာ အလွန်ပင် ကြောက်စရာကောင်းသော စွမ်းရည် ဖြစ်၏။

ကံကောင်းသည်မှာ သူသည် စိတ်ဓာတ်မဆိုးလှဘဲ ကျုံးကျဲနှင့် စရိုက်တူသဖြင့် သူငယ်ချင်းများ ဖြစ်သွားကြခြင်းဖြစ်သည်။ ဤကဲ့သို့သော ကောင်းကင်ဘုံ၏သားတော်များသည် ချန်ချန် ၊ လင်ချန် နှင့် ရှီဝေထျန်း တို့နှင့် မတူညီကြပေ။ ကမ္ဘာကြီးမှ သဘာဝအလျောက် ပေါ်ထွက်လာသော ကံတရားသားတော်များသည် ကံကောင်းခြင်းများ ရှိသည့်အပြင် စည်းကမ်းနှင့် ကျင့်ဝတ်ကိုလည်း လေးစားကြသူများ ဖြစ်ကြ၏။

သူတို့သည် ပြိုင်ဘက်များနှင့် တိုက်ခိုက်ကြသော်လည်း ကျင့်ဝတ်ကို အခြေခံကြသဖြင့် သဘာဝအလျောက်ပင် လောက၏ ဖြောင့်မတ်သော စွမ်းအားများ ကိန်းအောင်းနေကြပေသည်။ သို့သော် ချန်ချန် ကဲ့သို့သော လူမျိုးများမှာမူ လုံးဝ ခြားနားကြ၏။ သူတို့မှာ ကောင်းကင်တာအို၏အတင်းအကျပ် ဖန်တီးထားသော ရလဒ်များသာ ဖြစ်ကြသည်။ အကယ်၍ ချန်ချန် ကဲ့သို့သော သူများသာ ကြီးထွားလာပါက ဝမ်ရှန့်နတ်ဘုရား ကုန်းမြေတိုက်ကြီးအတွက် အကျိုးမရှိရုံသာမက ဘေးအန္တရာယ်ပင် ဖြစ်လာနိုင်ပေသည်။ ထို့ကြောင့် ဤကဲ့သို့သော ကောင်းကင်တာအို၏ ပုံမှန်မဟုတ်သော ထွက်ကုန်များကို သတ်ဖြတ်ရမည် ဖြစ်၏။

ကျုံးကျဲ အပါအဝင် ကျန်ရှိနေသော ထျန်ဂိုဏ်းမြင့်မြတ်နယ်မြေမှ ထိပ်သီးလူငယ် ၉၉ ဦးအနက် ၂၇ ဦး ကျဆုံးသွားခဲ့ပြီး ၇၂ ဦး အသက်ရှင် ကျန်ရစ်ခဲ့ကာ လူတိုင်းတွင် ကိုယ်ပိုင် ရိတ်သိမ်းမှုများ ရှိခဲ့ကြသည်။ ကျုံးရှန်သည် အခြေအနေကို စစ်ဆေးပြီးနောက် လက်ကို ဝှေ့ယမ်းကာ ကျုံးကျဲ၊ လီတာ့ကျွေ့ နှင့် ကျန်ရှိနေသော ဂိုဏ်းသားအားလုံးကို အနှိုင်းမဲ့ တန်ခိုးဖြင့် ပြန်လည် ခေါ်ယူလိုက်သည်။ တစ်ခဏချင်းမှာပင် လွင်ပြင်၏ ကောင်းကင်ထက်၌ လူအုပ်ကြီး တစ်အုပ် ပေါ်ထွက်လာတော့သည်။

"ဟင်..."

"ဘိုးဘေး"

"ဘိုးဘေးက ငါတို့ကို ခေါ်လိုက်တာပဲ"

"ဘိုးဘေးကို ဂါရဝပြုပါတယ်"

ပတ်ဝန်းကျင် တစ်ခွင်လုံးတွင် လေးစားသမှုဖြင့် ဒူးထောက် ဂါရဝပြုသံများ ဆူညံသွားလေသည်။

ကျုံးကျဲသည်ဘိုးဘေးကို မြင်သောအခါ အလွန်ပင် ဝမ်းသာသွားသည်။ သူသည် လီတာကျွေ့၏ လက်ထဲမှ သိုးခြေထောက်ကင်ကို ဆွဲယူလိုက်ပြီး သူ့ကိုပါ ဆွဲ၍ ဒူးထောက်ခိုင်းလိုက်လေသည်။

"ဖက်တီး... ဒါ ငါ မင်းကို ပြောပြဖူးတဲ့ ငါတို့ ကျုံးမိသားစုရဲ့ အနှိုင်းမဲ့ ဘိုးဘေးပဲ..."

"ငါနဲ့အတူ မြန်မြန် ဂါရဝပြုလိုက်..."

လီတာ့ကျွေ့သည် ထိုစကားကို ကြားသောအခါ ပါးစပ်ထောင့်မှ ဆီများကို သုတ်လိုက်ပြီး ကျုံးကျဲနှင့်အတူ လိုက်ပါ၍ ဒူးထောက် ဂါရဝပြုလိုက်သည်။

All Chapters