အခန်း (၁၅၂)
Vol. 16 Ch. 152
ဤရက်ပိုင်းအတွင်း သူသည် ကျုံးကျဲနှင့်အတူ သေဘေးကို အတူတကွ ကျော်ဖြတ်ခဲ့ကာ နက်ရှိုင်းသောသံယောဇဉ်တစ်ခု တည်ဆောက်ခဲ့ပြီဖြစ်သည်။ ကျုံးကျဲ၏ စစ်ဘုရင်အရှိန်အဝါကိုလည်း လေးစားမိကာ သူသည် ကျုံးကျဲကို အစ်ကိုကြီးတစ်ယောက်သကဲ့သို့ စိတ်ထဲမှ တိတ်တဆိတ် သတ်မှတ်ထားသည်။
ကျုံးမိသားစု ဘိုးဘေး၏အကြောင်းကိုလည်း ကျုံးကျဲထံမှ မရေမတွက်နိုင်အောင် ကြားခဲ့ပြီဖြစ်သည်။ သူ၏ စိတ်ထဲတွင်လည်း ဘိုးဘေးအပေါ် အထင်ကြီးအားကျမှုများ ရှိနေခဲ့သည်။ ယခုအချိန်တွင်မူ သူသည် ဘာကိုမျှ တွန့်ဆုတ်နေခြင်းမရှိဘဲ တခြားအရာများကို ဂရုမစိုက်တော့ဘဲ ဒူးထောက်လိုက်တော့၏။
ကျုံးမိသားစု၏ ဘိုးဘေးသာ စိတ်ပျော်ရွှင်သွားပါက သူ့ကိုလည်း ထူးခြားဆန်းကြယ်သော ခန္ဓာကိုယ်တစ်ခုခု ဆုချချင် ဆုချပေးနိုင်သည် မဟုတ်ပါလော။
ယခုအခါ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေမှ တပည့်များအားလုံးသည် ကျုံးရှန်၏ ဘေးတွင် ဒူးထောက်နေကြပြီ ဖြစ်သည်။ ထိုစဉ် မလှမ်းမကမ်းရှိ ဂျင်ချူရှောင်ထံ၌ အပြောင်းအလဲသစ်တစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်၏။ သူ၏ နောက်ကျောဘက်ရှိ မြင့်မြတ်သောတံခါးမကြီး သို့ သူတော်စင်ဘုံတံခါးသည် ရုတ်တရက် ပေါ်ထွက်လာပြီးနောက် လုံးဝပွင့်သွားလေသည်။
ထိုတံခါးအတွင်းမှ များပြားလှသောသူတော်စင်အလင်းရောင်များထွက်ပေါ်လာပြီး ပင်လယ်လှိုင်းလုံးကြီးများသကဲ့သို့ စားဖိုမှူးကမ္ဘာငယ် တစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။ ထို့နောက်သူတော်စင်အလင်းတန်းများနှင့် စားဖိုမှူးကမ္ဘာငယ်တို့ လုံးဝ ပေါင်းစည်းသွားသောအခါ ဂျင်ချူရှောင်၏ ရင်ဘတ်အတွင်း၌ ကမ္ဘာတစ်ခု၏ ပုံရိပ်ယောင် ပေါ်ထွက်လာ၏။
ကျုံးရှန်အတွက်မူ ဤပုံရိပ်ယောင်မှာ စိမ်းသက်နေခြင်း မရှိပေ။ သူသည် ရှီးရွှယ်ငရဲဘုံ၌ နတ်ဘုရားသန္ဓေသား မျိုးစေ့ချစဉ်ကလည်း ငရဲဘုံ၏ ပုံရိပ်ယောင်ကို အရင်ဆုံး ပုံဖော်ပြီးမှ မျိုးစေ့ချခဲ့ခြင်း ဖြစ်သည်။ ဤအခြေအနေသည် စားဖိုမှူးကမ္ဘာငယ်မှာ ဂျင်ချူရှောင်နှင့် မကြာမီ ပေါင်းစည်းတော့မည် ဖြစ်ကြောင်း ပြသနေခြင်းပင် ဖြစ်၏။
ယင်းသည်ဂျင်ချူရှောင်အတွက်လည်း ကောင်းမွန်သောအရာ ဖြစ်သည်။ စားဖိုမှူးကမ္ဘာငယ်သည် မူလကပင် စားဖိုမှူးသူတော်စင်၏ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ဘုံမှ ပြောင်းလဲလာသောကမ္ဘာငယ်တစ်ခု ဖြစ်သည်။ နှစ်ပေါင်းများစွာ သဘာဝအလျောက် ပြုစုပျိုးထောင်လာခဲ့သဖြင့် ဤကမ္ဘာ၏ နိယာမစည်းမျဉ်းများမှာ အလွန်ပင် ပြည့်စုံနေပြီ ဖြစ်၏။
ယခုအခါ ဂျင်ချူရှောင်နှင့် ပေါင်းစည်းကာ သူတော်စင်ဘုံအဖြစ် ပြန်လည်ပြောင်းလဲသွားခြင်းမှာ ဂျင်ချူရှောင်အတွက် ကြီးမားသော ကောင်းချီးပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတော်စင်အဆင့်၏ အထက်တွင် ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ဘုံ၏ ကြံ့ခိုင်မှုသည် ကျင့်ကြံသူ၏ အစွမ်းကို အဓိက ဆုံးဖြတ်ပေးသောကြောင့် ဖြစ်၏။ သူတော်စင်ဘုံအတွင်းရှိ နိယာမများ ပြောင်းလဲခြင်းနှင့် သက်ရှိများ၏ ဖြစ်တည်မှု၊ ပျက်စီးမှုများမှာ ကျင့်ကြံသူအပေါ် များစွာ သက်ရောက်မှု ရှိပေသည်။
သာမန် သူတော်စင်အဆင့် ကျင့်ကြံသူများသည် အနည်းဆုံး ဆဋ္ဌမအဆင့်သို့ ရောက်ရှိမှသာ သူတော်စင်ဘုံတံခါးကို လုံးဝ ဖွင့်လှစ်နိုင်ပြီး နိယာမများကို စတင် ပြောင်းလဲနိုင်ကြခြင်း ဖြစ်၏။ သို့သော်လည်း စားဖိုမှူးကမ္ဘာငယ်မှာမူ အရာအားလုံး ပြည့်စုံနေပြီ ဖြစ်သဖြင့် သာမန်အဆင့်၉ သူတော်စင်တစ်ယောက်၏ သူတော်စင်ဘုံ ထက်ပင် များစွာ သာလွန်နေပေသည်။
ပေါင်းစည်းခြင်းလုပ်ငန်းစဉ်မှာ အလွန်ပင် လျင်မြန်လှ၏။ သူတော်စင်ဘုံတံခါးအတွင်းမှ အလင်းတန်းများ စားဖိုမှူးကမ္ဘာငယ်အတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်သွားသောအခါ စားဖိုမှူးကမ္ဘာငယ်၏ အရှိန်အဝါမှာ ဂျင်ချူရှောင်နှင့် ထပ်တူထပ်မျှ ဖြစ်သွားလေသည်။ အချိန်အတော်ကြာပြီး နောက် ဂျင်ချူရှောင်၏ စားဖိုမှူးကမ္ဘာငယ်နှင့် ပေါင်းစည်းခြင်းမှာ အောင်မြင်စွာ ပြီးဆုံးသွားကာ သူ၏ အရှိန်အဝါမှာလည်း ပြောင်းလဲသွားသည်။ ထို့နောက် သူသည် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ တစ်စုံတစ်ခုကို လက်ခံလိုက်၏။ ပတ်ဝန်းကျင်ရှိ မြစ်တစ်ရာပေါင်းဆုံ အင်တုံ၏ အပိုင်းအစများသည် ပြန်လည် စုစည်းလာပြီး မှေးမှိန်သော အင်တုံပုံသဏ္ဌာန် စားဖိုမှူးရတနာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
တိမ်ပင်လယ် ပန်းကန်လုံးမှလွဲ၍ ကျန်ရှိသော စားဖိုမှူးရတနာ ငါးခုတို့သည် ဂျင်ချူရှောင်ကို ဗဟိုပြုကာ စတင် လည်ပတ်နေကြ၏။ ယင်းတို့သည် တစ်စုံတစ်ခုကို ခေါ်ယူနေသကဲ့သို့ ရှိနေလေသည်။
....
ပြင်ပကမ္ဘာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်။
အလယ်ပိုင်း သူတော်စင်ကုန်းမြေတိုက်ရှိ သေမျိုးများ ဖွင့်လှစ်ထားသော ဝိုင်ဆိုင်တစ်ခု၏ မြေအောက်ခန်းထဲမှ ဝိညာဉ်စွမ်းအားများ ပြည့်ဝနေသော သူတော်စင် မူလဇစ်မြစ်တစ်ခုသည် ဖုံးကွယ်ထားသော အတားအဆီးများကို ဖောက်ထွက်ပြီး ဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။
ထို့နောက် ကောင်းကင်နှင့်မြေကြီးကြားတွင် ထူးခြားဖြစ်စဉ်များ ပေါ်ထွက်လာရာ ရှေးဟောင်းကမ္ဘာဦးခေတ်မှပုဂ္ဂိုလ်များစွာသည် ထပ်မံ၍ တုန်လှုပ်သွားကြပြန်၏။
"ကြည့်ရတာ... တံခါးပိတ် ကျင့်ကြံရာကနေ မထွက်လို့ မရတော့မယ့် အချိန်ရောက်လာပြီ ထင်တယ်..."
"အဖိုးကြီးတွေ ဘယ်နှယောက်လောက် အသက်ရှင်ကျန်ဦးမလဲ မသိဘူး..."
အတိုင်းအဆမဲ့သော ဟင်းလင်းပြင်အတွင်း၌ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အစွန်းကို ဝန်းရံထားသော မြစ်ကြီး တစ်စင်း ရှိသည်။ ထိုမြစ်ကြီးမှာ ကြယ်စင်စုကြီးကဲ့သို့ အလွန်ပင် ကြီးမားလှ၏။ ရုတ်တရက် ထိုမြစ်ရေစီးဆင်းမှုမှာ နှေးကွေးသွားပြီး ခန့်မှန်းရခက်သော တန်ခိုးအာဏာပါဝင်သည့် အသံတစ်ခု မြစ်ပြင်ထက်၌ ပဲ့တင်ထပ်သွားလေသည်။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ အရှေ့ဘက်အစွန်းဆုံးအရပ်၌ ရွှေရောင်ကျောင်းတော်တစ်ခု ရှိ၏။ ကျောင်းတော်၏ အပြင်ဘက်တွင် ပန်းပေါင်းသုံးထောင်ဖြင့် ဖုံးကွယ်ထားသဖြင့် မည်သူမျှ ရှာမတွေ့နိုင်ပေ။ ထို့နောက် ရုတ်တရက်ကျောင်းတော်အတွင်း၌ တည်ရှိသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူသည် မျက်လုံးများ ပွင့်လာပြီး သူ၏ဦးခေါင်းပေါ်ရှိ ရဟန္တာဓာတ်တော်မှ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ကမ္ဘာများ၏ ပုံရိပ်များကို ထင်ဟပ်စေ၏။
"အမိတာဘ..."
"ငါတို့ ဗုဒ္ဒက ကရုဏာတော် ကြီးမားလှပါတယ်... ကပ်ကမ္ဘာတစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်နေခဲ့ပြီးပြီဆိုတော့... စကြဝဠာအနှံ့ တရားဓမ္မ ပြန်လည်ဖြန့်ဝေဖို့ အချိန်တန်ပြီပဲ..."
ဗုဒ္ဓရုပ်ပွားတော်သည် စကားဆုံးသည်နှင့် လက်အုပ်ချီကာ တရားစာများ ရွတ်ဖတ်လိုက်လေသည်။ နှစ်ပေါင်းများစွာ အိပ်ပျော်နေသော ဗုဒ္ဓလမ်းစဉ်များကို ပြန်လည်နှိုးဆော်လိုက်ခြင်း ဖြစ်၏။
ဤနေရာနှစ်ခုအပြင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ နေရာအနှံ့အပြားတွင်လည်း ထူးခြားသော လှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။ ဟင်းလင်းပြင် အနက်ရှိုင်းဆုံးနေရာတွင် အခြားကမ္ဘာများကို တိုက်ခိုက်နေသော ဖာရိုဘုရင် တူတန်ခါမွန် နှင့် ကျိန်စာနတ်ဘုရားမ အာမန်ရာ တို့သည် တစ်စုံတစ်ခု၏ ဆွဲဆောင်မှုကို ခံလိုက်ရ၏။
"ဒီကမ္ဘာကို သိမ်းပိုက်တာ ပြီးပြီ... သက်ရှိအားလုံးကို ယဇ်ပူဇော်လိုက်..."
"ငါတို့ ဟွမ်ရှားလူမျိုးစုရဲ့ မြင့်တက်ချိန်သေချာပေါက်ရောက်လာစေရမယ်..."
ဖာရိုဘုရင်သည် ပျက်စီးနေသော ကမ္ဘာတစ်ခုကို လက်ဖြင့် ချေဖျက်လိုက်၏။ သူ၏ စကြဝဠာအရွယ်အစားရှိသော ခန္ဓာကိုယ်ကြီးမှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ဆီသို့ လှည့်ပြန်လာလေသည်။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သည် ငြိမ်းချမ်းခြင်း မရှိတော့ပေ။ ဟွမ်ရှားလူမျိုးစုအပြင် အခြားသော မျိုးနွယ်စုပေါင်းစုံမှ နတ်ဘုရားများသည် လူသားများကို ဖမ်းဆီး၍ ယဇ်ပူဇော်ပါက ဆုလာဘ်များ ရရှိပြီး စွမ်းအား လျှင်မြန်စွာတိုးတက်လာမည် ဖြစ်ကြောင်း အမိန့်တော်များ ထုတ်ပြန်လိုက်ကြသည်။ ယင်းကြောင့် မရေမတွက်နိုင်သော လူသားမဟုတ်သည့် မျိုးနွယ်စုများမှာ သောင်းကျန်းလာကြပြီး လူသားများကို ဖမ်းဆီးကာ နေရာအနှံ့ ယဇ်ပူဇော်နေကြသဖြင့် လူသားမျိုးနွယ်မှာ ဘေးဒုက္ခနှင့် ကြုံတွေ့နေရချေသည်။
ကျုံးရှန်သည် ယခင်က ဟွမ်ရှားလူမျိုးစု၏ တိုက်ခိုက်မှုကို အကြိမ်ကြိမ် နှိမ်နင်းခဲ့သော်လည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခုလုံးတွင် ဖြစ်ပေါ်နေသော မျိုးနွယ်ခြားများ၏ ပုန်ကန်မှုကိုမူ တားဆီးရန် ခက်ခဲနေဆဲ ဖြစ်သည်။ သို့ဖြစ်ရာ ယခုအချိန်၌ တစ်ကမ္ဘာလုံးဗြောင်းဆန်နေလေသည်။
...
ဟင်းလင်းပြင်ကိုဖောက်ထွက်ပျံသန်းသွားသော သူတော်စင်ဇစ်မြစ်သည် စားဖိုမှူးကမ္ဘာငယ်အတွင်းရောက်ရှိလာပြီး ဂျင်ချူရှောင်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။ ထို့နောက် မည်သည့်အဟန့်အတားမျှ မရှိဘဲ ဂျင်ချူရှောင်၏ခန္ဓာကိုယ်နှင့် တစ်သားတည်းပေါင်းစည်းသွား၏။ မူလဇစ်မြစ် ဝင်ရောက်သွားပြီးနောက် ဂျင်ချူရှောင်၏ ပုံစံမှာ ပိုမို ခန့်ညားထည်ဝါလာသည်။ သူတော်စင်ဇစ်မြစ်၏စွမ်းအားမှာ သူနှင့် အလွန် ကိုက်ညီလွန်းသဖြင့် အချိန်ပေး၍ လေ့ကျင့်ရန်ပင် မလိုလိုက်ဘဲ တိုက်ရိုက် အသုံးပြုနိုင်သွားသည်။
ဂျင်ချူရှောင်၏ နဖူးထက်တွင် သူတော်စင် အမှတ်အသားတစ်ခု ပေါ်လာပြီး မြင့်မြတ်သော အရှိန်အဟုန်များ ထွက်ပေါ်လာသည်။ စားဖိုမှူးကမ္ဘာငယ်ရှိ သက်ရှိတိုင်း ထိုအရှိန်အဝါ၏ လွှမ်းမိုးမှုကို ခံစားလိုက်ရကာ မြေပြင်ပေါ်တွင် ဒူးထောက် ဂါရဝပြုလိုက်ကြ၏။ ဂျင်ချူရှောင်သည် ကောင်းကင်ကို မော့၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ယခုအခါ သူသည် လောက၏ အသိအမှတ်ပြုခြင်းကို ခံရသော စစ်မှန်သော သူတော်စင်တစ်ဦး ဖြစ်သွားရာ သူ၏ စိတ်ထဲတွင် အလွန်ပင် ပျော်ရွှင်နေသည်။
အရာအားလုံး ပေါင်းစည်းခြင်း ပြီးဆုံးသွားပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ သူတော်စင်အဆင့် ၂ သာ ရှိသေးသော်လည်း တိုက်ခိုက်နိုင်စွမ်းမှာ နတ်ဘုရားရာထူးမရှိသေးသော နတ်ဘုရားအဆင့်များကိုပင် အလွယ်တကူ နှိမ်နင်းနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း ဆက်လက် ဖြစ်ပေါ်လာသော မြင်ကွင်းကမူ လူတိုင်းကို တုန်လှုပ်သွားစေသည်။
ထို သူတော်စင်စစ်စစ် အသစ်စက်စက်သည် ကျုံးရှန်၏ ရှေ့မှောက်သို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး ကျယ်လောင်သောမြည်သံနှင့်အတူ ဒူးထောက်ချလိုက်သည်။
"ဒုန်း..."
"သခင်... သူတော်စင် မူလဇစ်မြစ်ကို ပေါင်းစည်းလို့ ပြီးပါပြီ... အမိန့်ပေးတော်မူပါ..."
ဂျင်ချူရှောင်၏စိတ်ထဲတွင် မည်သည့် ထောင်လွှားမှုမျှ မရှိဘဲ ကျုံးရှန်အပေါ်တွင် ကျေးဇူးတရားများနှင့်သာ ပြည့်နှက်နေ၏။
ကျုံးရှန်သည် ပြုံးလျက် ခေါင်းညိတ်လိုက်ကာ သူ့လက်ထဲရှိ တိမ်ပင်လယ်ပန်းကန်လုံးအမှတ်အသား အပိုင်းအစကို ဝမ်ရှောင်ယွီ၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်ပေးလိုက်ကာ သူ၏ တိမ်ပင်လယ် ခန္ဓာကိုယ်ပါရမီကို ပြည့်စုံသွားစေသည်။
"ကောင်းပြီ... အားလုံး ထကြတော့..."
ကျုံးရှန်၏ စကားအဆုံးတွင် လူတိုင်းမှာ မနေနိုင်ဘဲ မတ်တတ်ရပ်လိုက်ကြရသည်။ ယခုအခါ အစွမ်းထက်နေသော ဂျင်ချူရှောင်ပင်လျှင် ထိုအမိန့်ကို မလွန်ဆန်နိုင်ပေ။
"ကဲ... ဂျင်ချူရှောင်... မင်းက စားဖိုမှူးကမ္ဘာငယ်ကို မင်းရဲ့ သူတော်စင်ဘုံအဖြစ် ပြောင်းလဲလိုက်ပြီဆိုတော့..."
"ငါတို့ကို စားဖိုမှူးကမ္ဘာငယ်ရဲ့ အပြင်ဘက်ကို ပို့ပေးဦး..."
ကျုံးရှန်က ထိုသို့ ပြောသောအခါ ဂျင်ချူရှောင်သည် မနှောင့်နှေးဘဲ လုပ်ဆောင်လိုက်၏။
ယခုအခါ စားဖိုမှူးကမ္ဘာငယ်ရှိ အရာအားလုံးကို သူ စိတ်ကြိုက် ထိန်းချုပ်နိုင်ပြီဖြစ်သည်။ သူသည် စိတ်ကူးလိုက်ရုံဖြင့် လူတိုင်းကို စားဖိုမှူးကမ္ဘာငယ်၏ အပြင်ဘက်သို့ ပို့ဆောင်ပေးလိုက်သည်။ လူတိုင်းသည် ပတ်ဝန်းကျင် တဖြည်းဖြည်း ပြောင်းလဲသွားသည်ကို မြင်လိုက်ရပြီး ခဏအကြာတွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ စကြဝဠာ ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားကြ၏။
ကျုံးရှန်သည် ခေတ္တရပ်တန့်ကာ ဝမ့်ရှန့်ကုန်းမြေတိုက်ကြီး၏ ပြောင်းလဲမှုများကို အကြမ်းဖျင်းတွက်ချက်လိုက်ပြီး အခြေအနေကိုနားလည်လိုက်သည်။ သူသည် လက်ကို ဝှေ့ယမ်းကာ သူတော်စင်အလင်း ရွှေရောင်စစ်သင်္ဘော ကို ထုတ်လိုက်ပြီး လက်ဝါးအရွယ်အစားခန့်ရှိသော ရုပ်တုတစ်ခုကို ထပ်မံ ထုတ်ယူလိုက်ပြန်၏။ ထိုရုပ်တုမှာ အကြမ်းထည်သာ ဖြစ်ပြီး မည်သူ့ပုံစံမှန်း မသိရသေးပေ။ သူသည် လက်ဖြင့် ထိုရုပ်တုပေါ်တွင် ကျုံးဟူသော စာလုံးကို ရေးထွင်းလိုက်ကာ သူ၏ ပုံရိပ်ယောင်တစ်ခုကိုပါ ထည့်သွင်းလိုက်သည်။
ထိုအခါ ရုပ်တုပေါ်တွင် ဆန်းကြယ်သော အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။ ထိုအရှိန်အဝါတွင် နတ်ဘုရားစွမ်းအားများ ပါဝင်နေပြီး သံသရာမှ လွတ်မြောက်နေသောခံစားချက်မျိုးပေးစွမ်းနေ၏။ ထို့အပြင် ရုပ်တုသည် ကောင်းကင်တာအို၏ ပြင်ပ၌ သီးခြားရပ်တည်နေသော မြင့်မြတ်လှသည့် တည်ရှိမှုတစ်ခုသဖွယ် မြင်ရသူအပေါင်းကို ဒူးထောက်ကိုးကွယ်ချင်စိတ်ပေါက်သွားစေနိုင်သည့် ထူးခြားဆန်းကြယ်သော နတ်ဘုရားအငွေ့အသက်များ ထုတ်လွှတ်နေသည်။ ကျုံးရှန်သည် ထိုရုပ်တုကို ဂျင်ချူရှောင်ထံသို့ ကမ်းပေးလိုက်ပြီး အလေးအနက်စတင်မှာကြားလိုက်၏။