အခန်း (၁၅၃)
Vol. 16 Ch. 153
"ဂျင်ချူရှောင်... ဒီ ဝူးနတ်ဘုရားရုပ်တုကိုယူလိုက်....
ပြီးတော့ ထျန်းဂိုဏ်းက တပည့်တွေကို ခေါ်ပြီး သူတော်စင်အလင်း ရွှေရောင်စစ်သင်္ဘောနဲ့ နန်ယန်ပြည်နယ်မှာရှိတဲ့ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို အမြန်ဆုံး သွားကြ..."
"ဒါ့အပြင်...ငါ့အမိန့်ကိုပါ ပြောလိုက်..."
"ကောင်းကင်နဲ့မြေကြီး ပြောင်းလဲနေတဲ့ ဒီလိုအချိန်မျိုးမှာ... ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက မျိုးနွယ်ခြားတွေကို သတ္တိရှိရှိ သတ်ဖြတ်ချေမှုန်းရမယ်..."
"ထျန်းဂိုဏ်းတပည့်တိုင်းက သတ်ဖြတ်ထားတဲ့ မျိုးနွယ်ခြားတွေရဲ့ ဝိညာဉ်နဲ့ အသွေးအသားတွေကို.. ဒီ ဝူးနတ်ဘုရားရုပ်တုဆီမှာ ယဇ်ပူဇော်ပြီး... အဲဒီကနေတစ်ဆင့် ရလာတဲ့ ယုံကြည်မှုစွမ်းအားနဲ့ ယဇ်ပူဇော်မှုစွမ်းအားတွေကို ငါ့ဆီက ဆုလာဘ်တွေနဲ့ လဲလှယ်လို့ရတယ်လို့..."
"ယဇ်ပူဇော်တဲ့ ဂါထာကိုတော့ ငါ မင်းကို ပေးလိုက်မယ်... မင်းကပဲ သူတို့ကို ပြန်သင်ပေးလိုက်..."
ကျုံးရှန်သည် အလေးအနက် မှာကြားပြီးနောက် ရိုးရှင်းသော ဂါထာတစ်ခုကို သူ၏နတ်ဘုရားအာရုံဖြင့် ဂျင်ချူရှောင်၏ ဦးနှောက်အတွင်းသို့ ထည့်သွင်းပေးလိုက်သည်။
ကျုံးရှန်၏ နောက်ကျောဘက်တွင် ရှိနေသော ကျူးကျီ အပါအဝင် ချင်းထျန်းတောင်ထွတ်မှ မိစ္ဆာသူတော်စင်များ၊ ထျန်းဂိုဏ်းတပည့် ၇၂ ဦးနှင့် လီတာ့ကျွေ့တို့သည် လေထု၏ တည်ငြိမ်လေးနက်မှုကို ခံစားလိုက်ရ၏။
ယဇ်ပူဇော်ခြင်းနှင့်ယုံကြည်ခြင်း စွမ်းအားများကို အသုံးပြုခြင်းသည် နတ်ဘုရားရာထူးရှိသော နတ်ဘုရားစစ်စစ်များသာ လုပ်ဆောင်နိုင်သည့် ဆန်းကြယ်သော နည်းလမ်းများ ဖြစ်သည်။ သို့သော် ကျုံးရှန်သည် သေးငယ်သော ရုပ်တုတစ်ခုဖြင့် ထိုအရာများကို လုပ်ဆောင်နိုင်နေပြီ ဖြစ်၏။ ဤ ဝူးနတ်ဘုရားရုပ်တု သည် ကမ္ဘာဦးအစ ခေတ်ကာလက တည်ရှိခဲ့သော ကမ္ဘာတစ်ခုမှ ရရှိထားခြင်း ဖြစ်သည်။
ထိုကမ္ဘာတွင် ဝူးလမ်းစဉ် ထွန်းကားခဲ့ပြီးကောင်းကင်နှင့် မြေပြင်အကြားကပြောင်းလဲမှုများကို လွှမ်းမိုးနိုင်စွမ်းရှိ၏။ ယင်းသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင် မရှိသော တာအိုလမ်းစဉ် တစ်မျိုးဖြစ်သည်။ ဤရုပ်တုသည် ကျုံးရှန် နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ် မှ ရရှိခဲ့သော တာအိုအဆင့် ပစ္စည်းတစ်ခု ဖြစ်ပြီး ကျုံးရှန်၏ ဝိညာဉ်အာရုံ တစ်စိတ်တစ်ပိုင်းကို လက်ခံထားနိုင်ကာ နတ်ဘုရားပုံရိပ်အဖြစ် ပြောင်းလဲပေးသည်။ ထိုမှတစ်ဆင့် ယုံကြည်မှုနှင့် ယဇ်ပူဇော်မှု စွမ်းအားများကို ကျုံးရှန်နှင့် ချိတ်ဆက်ပေးနိုင်စွမ်း ရှိသည်။
ဤသည်က ဆုလာဘ်များကို ပြန်လည်ပေးသနားနိုင်သော ထူးခြားသည့် ရတနာတစ်ခုပင် ဖြစ်သည်။ ကျုံးရှန်သည် သူတော်စင်တစ်ပိုင်းအဆင့်သာ ရှိသေးသော်လည်း ရုပ်တုမှတစ်ဆင့် ယုံကြည်မှုစွမ်းအားများ၏ အချက်အချာနေရာအဖြစ် လုပ်ဆောင်နိုင်ပေသည်။ ကံမကောင်းသည်မှာ ယင်းသည် ကျိန်စာဖြေရတနာ မဟုတ်သောကြောင့် သူသည် နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ယခုအခါ ကောင်းကင်တာအို ပြောင်းလဲလာပြီဖြစ်သဖြင့် သူသည် ဖုံးကွယ်ထားသော အစီအစဉ်များကို စတင်အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက် လေသည်။ ဤကဲ့သို့သော မျိုးနွယ်ခြားများ သောင်းကျန်းနေသည့် ကာလတွင် ယဇ်ပူဇော်ခြင်း နည်းလမ်းသည် နောက်လိုက်များ၏ အစွမ်းကို မြှင့်တင်ရန် အမြန်ဆုံးသော လမ်းစဉ်ဖြစ်၏။ များပြားလှသော စွမ်းအားများကို တပည့်များထံ ပြန်လည် ပေးသနားခြင်းဖြင့် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေရှိ ဂိုဏ်းသားများကို တိုက်ပွဲဝင်စေကာ ပိုမို အစွမ်းထက်လာစေရန် ရည်ရွယ်ထားခြင်းပင် ဖြစ်၏။
တပည့်များ၏ စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေသော်လည်း မည်သူမျှ ထုတ်ဖော် မမေးရဲကြချေ။ သူတို့၏ စိတ်ထဲတွင် ဘိုးဘေး၏ ပုံရိပ်မှာ အလွန်ပင် ကြီးကျယ်မြင့်မြတ်နေပြီ ဖြစ်သည်။ အကယ်၍ ဘိုးဘေးက သူတို့ကို မီးပင်လယ်ထဲသို့ ဆင်းခိုင်းလျှင်ပင် သူတို့သည် မျက်မှောင်ကြုတ်ကြမည် မဟုတ်ချေ။
ဂျင်ချူရှောင်သည် လေးနက်သော တာဝန်ကို လက်ခံရရှိသဖြင့် အလေးအနက် ခေါင်းညိတ်ပြလိုက်ပြီး ဂါထာများကို သေချာ မှတ်သားထားလိုက်လေသည်။
"သခင်... သခင်ကရော ဘယ်သွားမှာလဲ..."
"ငါ လုပ်စရာ ကိစ္စလေးတွေ ရှိသေးတယ်... ကြာရင် ၇ နှစ် ၈ နှစ်... မြန်ရင် ၁ လ လောက်ဆို ပြန်လာခဲ့မယ်..."
ဂျင်ချူရှောင်သည် ထိုစကားကို ကြားသောအခါ နားလည်သွားပြီး ကျုံးရှန်ပေးသည့်ဆန်းကြယ်သော ရုပ်တုကို သေချာစွာ သိမ်းဆည်းလိုက်၏။
ထို့နောက် သူသည် လူတိုင်းကို ခေါ်ဆောင်ကာ စစ်သင်္ဘောပေါ်သို့ တက်သွားလေသည်။ သူသည် စစ်မှန်သော သူတော်စင်အဖြစ် တိုးတက်သွားပြီးနောက် လောကအပေါ် နားလည်မှုမှာ အဆပေါင်းများစွာ မြင့်တက်လာခဲ့၏။ သူပို၍တိုးတက်လာလေလေ ကျုံးရှန်၏ နက်ရှိုင်းမှုကို ပိုမို ခံစားမိလာလေလေ ဖြစ်၏။
ကျုံးရှန်ကို ကြည့်ရသည်မှာ လူတစ်ယောက်ကို ကြည့်နေရသည်နှင့် မတူဘဲ အတိုင်းအဆမဲ့သော ဖန်တီးမှုများ ရှိသည့် ကမ္ဘာဦးအစက စကြဝဠာကြီးတစ်ခုကို ကြည့်နေရသကဲ့သို့ ဖြစ်သည်။ နက်ရှိုင်းလွန်းလှသဖြင့် ခန့်မှန်း၍ပင် မရနိုင်ပေ။ အမိန့်ရပြီးသည်နှင့် သူတို့သည် လျင်မြန်စွာ လှုပ်ရှားလိုက်ကြသည်။
ထိုအချိန်တွင် ကျုံးရှန်သည် ကျုံးကျဲ၏ ရှေ့သို့ ရောက်ရှိလာ၏။
"ရှောင်ကျဲ... မကြာခင်မှာ မင်းက နိယာမနယ်ပယ် အဋ္ဌမအဆင့်ဖြစ်တဲ့ စစ်မှန်တဲ့မီးတောက်နဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို ရောက်တော့မယ်... အဲ့ဒီအချိန်ကျရင် ကံတရား လမ်းညွှန်မှု ပေါ်လာလိမ့်မယ်..."
"ဧကရာဇ်ယင် ရဲ့ ဘဏ္ဍာတိုက်က အဲဒီထဲမှာ ဝှက်ထားတာ ဖြစ်နိုင်တယ်..."
"မင်းက ကံတရားရဲ့ စောင့်ရှောက်မှုကို ခံရသူ ဖြစ်ပေမဲ့ မကောင်းတဲ့ စိတ်အာရုံတွေရဲ့ လွှမ်းမိုးမှုကိုတော့ မခံရစေနဲ့..."
"ကျင့်ဝတ်နဲ့အညီ လုပ်ဆောင်ပြီး လောကရဲ့ ဖြောင့်မတ်တဲ့ စွမ်းအားတွေကို ကျင့်ကြံမှသာ မင်းရဲ့ လမ်းစဉ်က ရှည်ကြာတည်တံ့လိမ့်မယ်..."
"မကြာခင်မှာ မင်းရဲ့ ညီမလေး ယွဲ့အာ လည်း တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာလိမ့်မယ်... မင်းတို့ မောင်နှမနှစ်ယောက် အပြန်အလှန် ဖေးမကူညီကြ..."
"ငါတို့ ကျုံးမိသားစုရဲ့ ဂုဏ်ကို မြှင့်တင်ပေးကြ..."
ကျုံးရှန်သည် အလေးအနက် သတိပေးစကား ပြောကြားလိုက်၏။
ထို့နောက် ကျုံးရှန်သည် ဘေးနားရှိ လီတာ့ကျွေ့ ကို ကြည့်လိုက်သည်။
"နတ်ဘုရားသားရဲ ထောင်ထျဲ့ရဲ့ အမွေအနှစ်လား..."
"မဟုတ်ဘူး... ဒါက ကြယ်တာရာဝါးမြိုခြင်း ခန္ဓာကိုယ်ပဲ..."
"ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှာ ကောင်းကောင်း လေ့ကျင့်ပါ... အနာဂတ်မှာ ငါ မင်းကို ပေးစရာ အခွင့်အလမ်းတစ်ခု ရှိကောင်း ရှိလိမ့်မယ်..."
ကျုံးရှန်၏ အားပေးစကားကြောင့် လီတာ့ကျွေ့နှင့် ကျုံးကျဲတို့သည် အလျင်အမြန်ပင် ခေါင်းညိတ်လိုက်ကြ၏။
"ဘိုးဘေးရဲ့ ဆုံးမစကားကို နာခံပါ့မယ်"
သူတို့သည် ထပ်မံ ဂါရဝပြုလိုက်ကြသည်။
ထို့နောက် ကျုံးရှန်သည် သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာ ဟင်းလင်းပြင် အနက်ရှိုင်းဆုံးဆီသို့ လျှောက်လှမ်းသွားတော့သည်။ ဂျင်ချူရှောင်သည်လည်း လူတိုင်းကို ခေါ်ဆောင်ကာ သူတော်စင်အလင်း ရွှေရောင်စစ်သင်္ဘောဖြင့် ဟင်းလင်းပြင်ကို ဖောက်ထွက်၍ နန်ယန်ပြည်နယ်ဆီသို့ ဦးတည်သွားလိုက်၏။
....
ကျုံးရှန်သည် ဟင်းလင်းပြင်ထဲတွင် လျှောက်လှမ်းနေရင်း ခန္ဓာကိုယ်အတွင်းရှိ ရှီးရွှယ်ငရဲဘုံ ၏ ပုံရိပ်ယောင်မှတစ်ဆင့် တည်နေရာ အမြဲပြောင်းလဲနေသော ဟင်းလင်းပြင် အက်ကွဲကြောင်းကို ရှင်းလင်းစွာ အာရုံခံမိလိုက်သည်။ ယခုအခါ သူသည် ငရဲဘုံသို့ နောက်တစ်ကြိမ် သွားရောက်ရန် ပြင်ဆင်နေခြင်း ဖြစ်၏။ သူ၏ လက်ရှိ ခန္ဓာကိုယ် ကြံ့ခိုင်မှုအရ နောက်ထပ် မူလနတ်ဘုရားသန္ဓေသား တစ်ခုကိုသာ ထပ်မံ စိုက်ပျိုးနိုင်ပေတော့မည်ဖြစ်ပြီး ထိုထက် ပိုပါက သူ၏ ခန္ဓာကိုယ်မှာ ခံနိုင်ရည်ရှိတော့မည် မဟုတ်ချေ။
ကျုံးရှန်သည် အစွမ်းထက်လှသော်လည်း နဂါးမဲ့ နှလုံးသား ကျင့်စဉ် အပေါ်တွင် အဓိက အမှီပြုထားခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏သူတော်စင်တစ်ပိုင်းအဆင့် ကျင့်ကြံခြင်းဖြစ်သည့် နိယာမနယ်ပယ် အဆင့် ၂၈ အထွတ်အထိပ် သည် ခန္ဓာကိုယ်အတွက် ကန့်သတ်ချက် တစ်ခုကဲ့သို့ဖြစ်နေသည်။ နတ်ဘုရားသန္ဓေသားကို ခန္ဓာကိုယ်ထဲတွင် အမြစ်တွယ်စေခြင်းသည် ကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်မောင်းနှင်ခြင်းနှင့် တူညီပြီး ကြီးမားသော စွမ်းအားများကို ထိန်းသိမ်းထားခြင်း ဖြစ်ပေသည်။
ခန္ဓာကိုယ်အတွင်းပိုင်း၌ နဂါးမဲ့ နှလုံးသား ကျင့်စဉ်နှင့် ဟင်းလင်းပြင် နတ်ဘုရားတံဆိပ် ရှိနေသဖြင့် ခံနိုင်ရည် ရှိသော်လည်း ပြင်ပ ခန္ဓာကိုယ်အနေဖြင့်မူ အကန့်အသတ် ရှိနေသေးသည်။ ကမ္ဘာများစွာကို မိမိခန္ဓာကိုယ်အတွင်းတည်ဆောက်လိုပါက စစ်မှန်သော နတ်ဘုရား၏ ခန္ဓာကိုယ်ထက်ပင် ပိုမိုကြံခိုင်ရန် လိုအပ်သည်။ ထိုသည်က ကျုံးရှန်အနေဖြင့် ကျင့်ကြံခြင်း အဟန့်အတားများကို ချိုးဖျက်ပြီး သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ပိုမို မြှင့်တင်ရန် လိုအပ်နေကြောင်း ပြသနေခြင်းပင် ဖြစ်၏။
'ကြည့်ရတာ... ကောင်းကင်ဘုံကို အမြန်ဆုံး သွားပြီး ဒဏ္ဍာရီလာ ခန္ဓာကိုယ်ကို သွားရှာမှ ဖြစ်မယ်... အဲဒါမှ ငါ့ရဲ့ ခန္ဓာကိုယ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီး တာအိုအဆင့် ကျိန်စာဖြေ ပစ္စည်း မလိုဘဲ ကောင်းကင်တာအို ကျိန်စာကို ချိုးဖျက်နိုင်လိမ့်မယ်...'
'ဒါမှမဟုတ်ရင်တော့...ခန္ဓာကိုယ် ကြံ့ခိုင်အောင်လုပ်တဲ့ နည်းလမ်းတွေနဲ့ပဲ အဆင့်မြှင့်တင်ရမှာပဲ...'
'ကောင်းကင်တက်လှမ်းမျှော်စင်က ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် လုပ်ပေးနိုင်သလို ကောင်းကင်ဘုံကို သွားတဲ့ လမ်းကြောင်းလည်း ရှိတယ်လို့ သတင်းကြားထားတယ်... နောက်ထပ် ငရဲဘုံတစ်ခုကို သိမ်းပိုက်ပြီးရင် အဲဒီနေရာကို သွားလေ့လာကြည့်ရမယ်...'
ကျုံးရှန်သည် တွေးတောရင်း ဟင်းလင်းပြင် အက်ကွဲကြောင်း ရှိရာသို့ ရောက်ရှိလာသည်။
သူသည် အတွေ့အကြုံရှိပြီးသား ဖြစ်သဖြင့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာအက်ကွဲကြောင်း အတွင်းသို့ တိုးဝင်သွားလိုက်ကာ တစ်ခဏချင်းမှာပင် သူသည် ရှီးရွှယ် မိစ္ဆာနန်းတော် အတွင်းသို့ ရောက်ရှိသွားလေသည်။
ရှီးရွှယ်ငရဲ၏အရှင်သခင် ရှီမင် မှာ တရားထိုင် ကျင့်ကြံနေစဉ် သူ၏ သခင် ရောက်ရှိလာသည်ကို အာရုံခံမိသဖြင့် အမြန်ပင် ဂါရဝပြုလိုက်၏။
"သခင်... မတွေ့တာ ရက်ပိုင်းပဲ ရှိသေးပေမယ့်... သခင့်ရဲ့ အရှိန်အဝါက ပိုပြီး သန်မာလာတယ်..."
နတ်ဘုရားသန္ဓေသားကို လက်ခံထားသူ ဖြစ်သည့်အားလျော်စွာ ရှီမင်သည် ကျုံးရှန်၏ အရှိန်အဝါ ပြောင်းလဲမှုကို ရှင်းလင်းစွာ ခံစားသိရှိနိုင်သည်။ ယခု ကျုံးရှန်သည် လွန်ခဲ့သော ရက်အနည်းငယ်ကထက် များစွာ ပိုမို စွမ်းအားကြီးမားလာခဲ့ပြီ ဖြစ်ကာ အလွန်မြန်ဆန်လွန်းသည့်တိုးတက်မှုပင်ဖြစ်သည်။
ကျုံးရှန်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် ပြုံးလိုက်သည်။
"မင်းလည်း မဆိုးပါဘူး... တကယ်ကို ကြိုးစားတာပဲ..."
"ဒီ မော်တျန်ပြောင်းလဲခြင်းဆေးလုံးကို မင်းကို ဆုလာဘ်အဖြစ် ပေးမယ်..."
"ကဲ... မင်း ဆက်ပြီး ကျင့်ကြံနေတော့... ငါ အပြစ်ငရဲ ကို သွားဦးမယ်... ပြီးမှ ကောင်းကင်တက်လှမ်းမျှော်စင် ပွင့်မယ့်အချိန်ကို စောင့်ရတာပေါ့..."
ပြောပြီးသည်နှင့် ကျုံးရှန်သည် အဆင့်မြင့် ဟင်းလင်းပြင် နည်းလမ်းများကို အသုံးပြုကာ ရှီးရွှယ်မိစ္ဆာနန်းတော်မှ ထွက်ခွာသွားလေသည်။
ရှီမင်သည် လက်ထဲရှိ မည်းနက်နေသော ဆေးလုံးကို ကြည့်ရင်း အလွန်ပင် တုန်လှုပ်နေမိ၏။ ဤဆေးလုံးမှာ ငရဲဘုံ၏ ဒဏ္ဍာရီလာ နတ်ဆေးများထဲမှ တစ်ခု ဖြစ်သည်။ ယင်းကို သုံးစွဲလိုက်ပါက မိစ္ဆာနတ်ဘုရား အတုအယောင် ရာထူး တစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်၏။ စစ်မှန်သော ငရဲမိစ္ဆာနတ်ဘုရားများကို မယှဉ်နိုင်သော်လည်း သာမန် နတ်ဘုရားအဆင့် ကျင့်ကြံသူများထက်မူ များစွာ သာလွန်ပေသည်။ ထိုသည်က ဖြတ်လမ်းနည်းဖြင့် နတ်ဘုရားဖြစ်စေသော ဆေးဝါးတစ်မျိုးပင် ဖြစ်သည်။
သူသည် ထိုဆေးလုံးကို တိုက်ရိုက်ပင် မျိုချလိုက်ပြီးနောက် ကျုံးရှန် ထွက်ခွာသွားသည့်ဘက်သို့ ဦးညွှတ်လိုက်သည်။ သူ၏ စိတ်ထဲတွင် ကျုံးရှန်အပေါ် သစ္စာရှိမှုမှာ ပိုမို နက်ရှိုင်းသွားလေသည်။ အကယ်၍ ငရဲဘုံ၏ မဟာမိစ္ဆာအရှင်သခင် သုံးဦး ပေါ်လာလျှင်ပင် ရှီမင်သည် ကျုံးရှန်၏ ဘက်မှသာ ခိုင်ခိုင်မာမာ ရပ်တည်လိမ့်မည် ဖြစ်၏။ နတ်ဘုရားသန္ဓေကြောင့်သာမက ကျုံးရှန်တွင် သူ နှစ်ပေါင်းသန်းချီ စောင့်မျှော်ခဲ့ရသော မျှော်လင့်ချက် ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။