အခန်း (၁၅၄)
Vol. 16 Ch. 154
ငရဲမျိုးနွယ်စုများအတွက် သတ်ဖြတ်ခြင်းသည် မွေးရာပါ ပင်ကိုဗီဇ ဖြစ်ပြီး သူတို့၏ ယှဉ်ပြိုင်မှုမှာ အလွန် ပြင်းထန် ရက်စက်လှ၏။ ငရဲဘုံ၏ သန်မာသူတိုင်းသည် အလောင်းတောင်ပုံရာပုံနှင့် သွေးပင်လယ်များကို ကျော်ဖြတ်၍ တက်လှမ်းလာကြသူများသာ ဖြစ်ကြသည်။ ဤအချက်ကို ရှီမင် နက်နက်ရှိုင်းရှိုင်း နားလည်ထားသည်။
သူသည်လည်း ရှီးရွှယ်ငရဲအရှင် မဖြစ်လာမီက ငရဲဘုံ၏ အောက်ခြေရှိ အဆင့်နိမ့်မိစ္ဆာငယ်လေး တစ်ကောင်ဖြစ်ပြီး ထိုဘဝမှ တစ်ဆင့်ချင်း အဆင့်ဆင့် ကျင့်ကြံတက်လှမ်းလာခဲ့ရသူ ဖြစ်သည်။ နှစ်ပေါင်း သန်းချီ၍ အခွင့်အရေးကို စောင့်ဆိုင်းခဲ့ပြီးနောက် အချိန်ကျမှသာ အရင်ငရဲဘုရင်အားနည်းလာသည်ကို အခွင့်ကောင်းယူပြီး နေရာလု သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အနည်းငယ်မျှ မှားယွင်းသွားခဲ့လျှင် သူသည်လည်း သူတစ်ပါး၏ ခြေနင်းတုံးဘဝဖြင့် နိဂုံးချုပ်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ရှီမင်သည် ငရဲအရှင် ဖြစ်လာခဲ့သော်လည်း ကံမကောင်းသည်မှာ အတားအဆီးတစ်ခု၌ တစ်ဆို့နေခဲ့ရသည်။ ရှီးရွှယ်ငရဲဘုံ၏ မူလဇစ်မြစ် စွမ်းအားကို အသုံးပြုမှသာ နတ်ဘုရားအဆင့် စွမ်းအားကို အတင်းအဓမ္မ ထုတ်ဖော်နိုင်ခြင်း ဖြစ်ပြီး လက်တွေ့တွင်မူ စစ်မှန်သော နတ်ဘုရားတစ်ဦး၏ အဆင့်အတန်းသို့ ရောက်ရှိခြင်း မရှိသေးပေ။
ယခုအခါကျုံးရှန်၏နောက်သို့ လိုက်ပါခဲ့ပြီး ကျွန်တစ်ဦး ဖြစ်သွားသော်လည်း သူ၏ရှေ့ဆက်တက်လှမ်းနိုင်မည့် မျှော်လင့်ချက်ကို တွေ့မြင်ရပြီ ဖြစ်သည်။ ဤအချက်တစ်ခုတည်းဖြင့်ပင် သူသည် ကျုံးရှန်အတွက် အသက်ပေးရန် လုံလောက်ပေသည်။
....
ကျုံးရှန်သည် ရှီးရွှယ်ငရဲဘုံနှင့် အပြစ်ဒဏ်ငရဲဘုံ တို့ကို ချိတ်ဆက်ထားသော ဟင်းလင်းပြင် လမ်းကြောင်းသို့ ရောက်ရှိလာ၏။ ထိုလမ်းကြောင်းမှာ ဂြိုဟ်တစ်လုံးမျှ ကြီးမားပေသည်။ ငရဲကမ္ဘာကြီးတစ်ခုတည်းအောက်ရှိ ကမ္ဘာငယ်များ ဖြစ်ကြသဖြင့် ကမ္ဘာနှစ်ခုကြားရှိ အလွှာမှာ အလွန်ပင် ပါးလွှာလှ၏။ ကမ္ဘာ့တည်နေရာကိုသာ တိကျစွာ သိရှိပါက ဟင်းလင်းပြင်ကို ဆွဲဖြဲ၍ တိုက်ရိုက် ဖြတ်ကျော်နိုင်ပေသည်။
ယခုအခါ လမ်းကြောင်းမှာ အလင်းရောင် ကင်းမဲ့နေပြီး ပိတ်ထားသော အခြေအနေ၌ ရှိနေသည်။ ဤကဲ့သို့သော အကြီးစား လမ်းကြောင်းများသည် တစ်ဖက်နှင့်တစ်ဖက် တစ်ပြိုင်နက်တည်း ဖွင့်လှစ်မှသာ သွားလာ၍ ရနိုင်ခြင်း ဖြစ်၏။ သို့သော် ကျုံးရှန်သည် ထိုလမ်းကြောင်းမှ သွားရန် စိတ်ကူးမရှိပေ။ သူသည် ထိုနေရာကို အသုံးပြု၍ တစ်ဖက်ကမ္ဘာ၏ တည်နေရာ အတိအကျကို အာရုံခံကြည့်ခြင်းသာ ဖြစ်သည်။
သူ၏ နတ်ဘုရားစိတ်အာရုံသည် ဟင်းလင်းပြင် နတ်ဘုရားတံဆိပ်၏ အားဖြည့်မှုကြောင့် စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံနိုင်လောက်အောင်ပင် ကြီးမားကျယ်ပြန့်လာပြီ ဖြစ်၏။ သူသည် စိတ်အာရုံကို လှုပ်ရှားလိုက်သည်နှင့် မရေမတွက်နိုင်သော ရေဘဝဲလက်တံများကဲ့သို့ ဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျံ့နှံ့သွား၏။ ထို့နောက် တည်နေရာကို သိရှိသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်ကို ဖောက်ထွက်၍ လျှောက်လှမ်းသွားဝင် ရောက်သွားလိုက်သည်။
ကမ္ဘာနှစ်ခုမှာ ဝေးကွာခြင်း မရှိပေ။ မိနစ်အနည်းငယ် ကြာပြီးနောက် ကျုံးရှန်သည် အပြစ်ငရဲဘုံ၏ အပြင်ဘက်သို့ ရောက်ရှိသွား၏။ သူသည် လက်နှစ်ဖက်ဖြင့် ဟင်းလင်းပြင် အလွှာကိုဆွဲဖြဲလိုက်ရာ လူတစ်ကိုယ်စာ အပေါက်တစ်ခု ပေါ်ထွက်လာလေသည်။
ဟင်းလင်းပြင် အက်ကွဲကြောင်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပြင်းထန်လှသော သွေးညှီနံ့များနှင့် သတ်ဖြတ်ခြင်း အငွေ့အသက်များမှာ အပြင်သို့ လွင့်ပျံလာ၏။ ကျုံးရှန်သည် မျက်မှောင်ကြုတ်လိုက်ပြီး နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ အတွင်းသို့ ဝင်ရောက်လိုက်သည်။ ခဏအကြာ၌ သူသည် သွေးရောင်လွှမ်းနေသော ရေကန်ကြီးတစ်ကန်၏ အထက်တွင် ပေါ်လာ၏။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး သွေးညှီနံ့များနှင့် သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖုံးလွှမ်းနေသည်။
သူသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ ရေကန်အတွင်း၌ မရေမတွက်နိုင်သော ငရဲမိစ္ဆာ အလောင်းများဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။ ထိုအလောင်းများထက်တွင် သန့်စင်သော သွေးစွမ်းအင်များ၊ သတ်ဖြတ်ခြင်း၊ သေခြင်း ၊ ဖရိုဖရဲဖြစ်ခြင်းနှင့် စည်းကမ်းမဲ့ခြင်း စသည့် စွမ်းအင်များ ရောထွေးနေလေသည်။
'ဒီနေရာမှာ ပြင်းထန်တဲ့ တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့တာပဲ...'
ငရဲဘုံအတွင်း၌ နတ်ဘုရားအာရုံအပေါ် ဖိအားပေးမှုမှာ အလွန်ပင် ကြီးမားလှ၏။
ကျုံးရှန်သည် သူ၏ နတ်ဘုရားအာရုံကို မိုင်ပေါင်း သန်းချီ ဖြန့်ကြက်လိုက်ပြီးနောက် ပတ်ဝန်းကျင် အခြေအနေကို စတင် စူးစမ်းလိုက်သည်။ ဤအပြစ်ငရဲဘုံမှာလည်း ရှီးရွှယ်ငရဲဘုံကဲ့သို့ပင် ကမ္ဘာငယ် အဆင့်အတန်းရှိသော နေရာတစ်ခု ဖြစ်ပေသည်။ သို့သော်လည်း နိယာမများမှာမူ ရှီးရွှယ်ငရဲဘုံထက် ပိုမို ပြည့်စုံလှ၏။ အပြစ်ငရဲဘုံမှာ ကြယ်ပုံသဏ္ဌာန်မှ လွန်မြောက်သွားပြီး ကုန်းမြေတိုက်အသွင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အဓိက နယ်မြေမှာ ကျုံးရှန် ခြေချထားသော ပြစ်ဒဏ်သင့် မိစ္ဆာကုန်းမြေတိုက်ပင် ဖြစ်သည်။ သူ၏ နတ်ဘုရားအာရုံ ရောက်ရှိသမျှ နေရာတိုင်းတွင် အလောင်းများဖြင့်ပြည့်နှက်နေ၏။ ဤကဲ့သို့သော အခြေအနေမျိုးကို ဖန်တီးနိုင်သည်မှာ ကျင့်ကြံသူ အနည်းငယ်၏ တိုက်ခိုက်မှုမျိုး မဟုတ်ဘဲ စစ်ပွဲကြီးတစ်ခုကြောင့်သာ ဖြစ်နိုင်ပေသည်။
လောကတွင်အကြမ်းတမ်းဆုံးသော စစ်မြေပြင်မှာ ဤနေရာပင် ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် အစွမ်းထက်သူများသာ တိုက်ခိုက်ခြင်း ဖြစ်ပါက ဤမိစ္ဆာငယ်များ၏ အလောင်းများမှာ ကျန်ရှိနေမည် မဟုတ်ဘဲ စွမ်းအင်များမှာလည်း အကုန် စုပ်ယူခံရမည် ဖြစ်၏။
ကျုံးရှန်သည် ခေတ္တမျှ စဉ်းစားလိုက်သည်။
'အခြေအနေကို သိရအောင် တစ်ယောက်ယောက်ကို ဖမ်းပြီး မေးကြည့်မှ ဖြစ်မယ်...'
'ဒီလောက်ထိ ရက်ရက်စက်စက် တိုက်ခိုက်ကြတာ ကြည့်ရင်... တခြား ငရဲဘုံတစ်ခုက ဒီကမ္ဘာကို လာပြီး ကျူးကျော်တိုက်ခိုက်နေတာ ဖြစ်လောက်တယ်...'
ထိုသို့ တွေးပြီးနောက် သူသည် လမ်းကြောင်းတစ်ခုကို ရွေးချယ်ကာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလိုက်သည်။
....
မိုင်ပေါင်း သန်းချီ ဖြတ်ကျော်ပြီးနောက် သူ၏ နတ်ဘုရားစိတ်အာရုံထဲတွင် တစ်ဖက်နှင့်တစ်ဖက် သတ်ဖြတ်နေကြသော ငရဲမိစ္ဆာတပ်ဖွဲ့ကြီး နှစ်ခုကို တွေ့လိုက်ရသည်။ ထိုငရဲမိစ္ဆာများမှာ မရေမတွက်နိုင်အောင် များပြားလှပြီး မိုင်ပေါင်း သိန်းချီ ကျယ်ဝန်းသော နယ်မြေအပြည့်ဖြစ်သည်။ ဤမျှ များပြားသော မိစ္ဆာအုပ်စုကြီးကို ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သို့သာ ပို့ဆောင်လိုက်ပါက ပြည်နယ်တစ်ခုလုံး ပျက်စီးသွားရန် လုံလောက်ပေသည်။
မိစ္ဆာအုပ်စု နှစ်ခုလုံးမှာ အရှိန်အဝါချင်း မတူညီကြသော်လည်း ရုပ်ဆိုးပန်းဆိုးနှင့် ထူးဆန်းသော ပုံစံများမှာမူ အတူတူပင် ဖြစ်၏။ ငရဲမျိုးနွယ်စုများထဲတွင် အစွမ်းထက်သော ကျင့်ကြံသူများသာ လူသားပုံစံသို့ ပြောင်းလဲနိုင်ကြပြီး ကျန်ရှိသော သူများမှာမူ မကောင်းဆိုးဝါးသက်ရှိများကဲ့သို့ ထူးဆန်းသော ပုံစံများသာ ရှိပြီး သွေးဆာရက်စက်ကာ စာနာစိတ်ကင်းမဲ့ကြသည်။ ယခုအခါ ထိုမိစ္ဆာတပ်ဖွဲ့ကြီး နှစ်ခုမှာ အချင်းချင်း လုံးထွေး သတ်ဖြတ်နေကြပြီး ခေါင်းဆောင်များမှာ သူတော်စင်အဆင့် ၆ အရှိန်အဝါ ရှိသော မိစ္ဆာကြီးနှစ်ဦး ဖြစ်သည်။
သိသာသည်မှာ ကျုံးရှန်ရပ်နေသော နေရာသည် စစ်ပွဲကြီး၏ ဗဟိုချက် မဟုတ်သေးပေ။ မြေပြင်ထက်၌ နိယာမနယ်ပယ်ရှိ ငရဲမိစ္ဆာများ တိုက်ခိုက်နေကြပြီး ကောင်းကင်ထက်၌ သူတော်စင်အဆင့် ငရဲမိစ္ဆာများ တိုက်ခိုက်နေကြသည်။ နေရာတိုင်းတွင် သတ်ဖြတ်ခြင်းသာကြီးစိုးနေပြီး ယင်းသည် ငရဲဘုံတစ်ခု၏ စစ်မှန်သော ကစဉ့်ကလျား ဖြစ်မှုပင် ဖြစ်၏။
ဤနေရာသို့ ရုတ်တရက် ပေါ်လာသော ကျုံးရှန်ကို မည်သူမျှ သတိမထားမိကြချေ။ ငရဲမိစ္ဆာအားလုံးမှာ သတ်ဖြတ်လိုစိတ်များဖြင့် အရူးအမူး ဖြစ်နေကြပြီ ဖြစ်သည်။
ကျုံးရှန်၏ မျက်ဝန်းများ စူးရှသွား၏။ သူ၏ ဆံပင်များအဆုံးထိ ထောင်ထွက်လာပြီး ရွှေရောင် သူတော်စင်အလင်းတန်းများကောင်းကင်သို့ ထိုးတက်သွားသည်။ သူ၏ အထက်ရှိ ဟင်းလင်းပြင်၌ ကြီးမားလှသော စစ်မှန်အတ္တ၏ ပုံရိပ်ယောင်တစ်ခု ပေါ်ထွက်လာကာ မိုင်ပေါင်း သန်းချီ လွှမ်းခြုံသွားသည်။ ယခုတစ်ကြိမ်တွင် စစ်မှန်သောအတ္တ ပုံရိပ်သည် တင်ပျဉ်ခွေထိုင်လျက် တရားရွတ်ဖတ်နေပြီး လက်အုပ်ချီထားကာ မျက်နှာထားမှာ အလွန် ခမ်းနားထည်ဝါနေသည်။
ဒေါသထွက်နေသောဗာဂျရာနှင့်ပင် တူလှ၏။
ရုတ်တရက် ငရဲမိစ္ဆာများနှင့် ဆန့်ကျင်ဘက်ဖြစ်သော ကောင်းကင်နှင့်မြေပြင်တစ်သားတည်း ဖြစ် စေသည့် ဆန်းကြယ်သောစွမ်းအားတစ်ခု ပေါ်ထွက်လာသည်။ စစ်မှန်သောအတ္တပုံရိပ်ယောင်သည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ အောက်ဘက်သို့ ကြီးမားလှသော ရွှေရောင် လက်ဝါးကြီးတစ်ချက် ရိုက်ချလိုက်သည်။
ရွှေရောင် လက်ဝါးကြီးအတွင်း၌ မရေမတွက်နိုင်သော ဝရဇိန်ဓာတ်တော်များ ပေါ်ထွက်လာပြီး ဗုဒ္ဓအလင်းရောင်များဖြင့် သတ္တဝါများကို ကယ်တင်မည့် စွမ်းအားများ ပါဝင်နေသည်။
မဟာဝေရောစန ဗုဒ္ဓလက်ဝါးတော်။
ဤသည်မှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၌ ကပ်ကမ္ဘာတစ်ခုစာမျှ ပျောက်ကွယ်နေခဲ့သော ဗုဒ္ဓ၏ အနှိုင်းမဲ့ နတ်ဘုရားစွမ်းရည် ဖြစ်သည်။ ယခု ကျုံးရှန်က ယင်းကို အစစ်အမှန်အတ္တ၏ပုံရိပ်ယောင်မှတစ်ဆင့် ပြန်လည် ဖော်ထုတ်လိုက်ခြင်း ဖြစ်၏။ ရွှေရောင်လက်ဝါးကြီး ကျဆင်းလာသည်နှင့်အမျှ ပုံရိပ်ယောင်မှာ ပျောက်ကွယ်သွားပြီး စွမ်းအားအားလုံးမှာ လက်ဝါးကြီးအတွင်းသို့ စုစည်းသွားသည်။
လက်ဝါးကြီးမှာ မြေပြင်သို့ နီးကပ်လာသောအခါ ပိုမို တည်ငြိမ်လာပြီး ရှေးဟောင်း ဗုဒ္ဓအရှင်မြတ် ကိုယ်တိုင် ဆင်းသက်လာသကဲ့သို့ပင်ဖြစ်ကာ မြေပြင်ထက်၌ မိုင်ပေါင်း သိန်းချီ ကျယ်ဝန်းသော ကြီးမားလှသည့် လက်ဝါးရာကြီး တစ်ခု ဖန်တီးလိုက်သည်။ ငရဲမိစ္ဆာများနှင့် သတ်ဖြတ်ခြင်း အငွေ့အသက်များ အားလုံး တစ်ခဏချင်းမှာပင် မြေမှုန့်အဖြစ် ပြောင်းလဲသွား၏။
ကောင်းကင်ထက်၌ တိုက်ခိုက်နေသော သူတော်စင်အဆင့် ငရဲမိစ္ဆာများပင် လွင့်စင်ပျောက်ကွယ်သွားကြသည်။ မိုင်ပေါင်း သန်းချီသော ပတ်ဝန်းကျင်မှာ ချက်ချင်းရှင်းလင်းသွားပြီး အရာအားလုံး ပျက်စီးသွားလေ၏။ အသက်ရှင် ကျန်ရစ်သူဟူ၍ သူတော်စင်အဆင့် ၆ ရှိသော ငရဲမိစ္ဆာကြီး နှစ်ဦးသာကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ပေသည်။
'ဒီ ဗုဒ္ဓလမ်းစဉ်ရဲ့ စွမ်းရည်က တကယ်ကို ကြမ်းတမ်းတာပဲ...'
'ငရဲမိစ္ဆာတွေကို နှိမ်နင်းဖို့အတွက် ကွက်တိပဲ...'
'ငရဲဘုံမှာလည်း ဗုဒ္ဓလမ်းစဉ်ကနေ ပြောင်းလဲလာတဲ့ မောဟကျန်းယွိ ဆိုတဲ့ အထွတ်အထိပ် မိစ္ဆာအရှင်သခင် တစ်ပါး ရှိဖူးတယ်လို့ ကြားဖူးတယ်... သူက အရင်တုန်းက ဗုဒ္ဓဘုရားရှင် တစ်ပါးပဲ...'
'ဗုဒ္ဓ နဲ့ မိစ္ဆာ ဆိုတာက အမှန်တော့ ဆက်နွယ်မှုတွေ အများကြီး ရှိနေတာပဲကိုး...'
ကျုံးရှန်သည် လက်ဝါးတစ်ချက်တည်းဖြင့် မရေမတွက်နိုင်သော မိစ္ဆာများကို ချေမှုန်းလိုက်သော်လည်း သူ၏ စိတ်မှာ တည်ငြိမ်နေဆဲ ဖြစ်၏။
သူသည် မိမိ ဖန်တီးလိုက်သော ကြီးမားလှသည့် လက်ဝါးရာကြီးကို ကြည့်ရင်း ဝေဖန်နေသေးသည်။ ထို့နောက် သူ၏အကြည့်သည် ကောင်းကင်ထက်တွင် ကျန်ရစ်ခဲ့သော အစွမ်းအထက်ဆုံး မိစ္ဆာကြီး နှစ်ဦးထံသို့ ရောက်ရှိသွားလေသည်။
သူတော်စင်အဆင့် ၆ ရှိသော စွမ်းအားရှင်များသည် ငရဲဘုံတွင် နယ်မြေတစ်ခုကို အုပ်စိုးသော ဘုရင်တစ်ပါး ဖြစ်နိုင်သည့် အဆင့်အတန်းမျိုး ဖြစ်သည်။ သို့သော် ယခုအခါ သူတို့ ကိုယ်တိုင် ပါဝင်တိုက်ခိုက်နေကြသည်ကို ကြည့်လျှင် ကြီးမားသော အကြောင်းရင်းတစ်ခု ရှိနေသည်မှာ သေချာလှသည်။