အခန်း (၁၅၅)
Vol. 16 Ch. 155
သူတော်စင်အဆင့် ၆ ရှိသော ငရဲမိစ္ဆာ ခေါင်းဆောင်နှစ်ဦး သတိမဝင်သေးခင်မှာပင် ကျုံးရှန်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။ ထိုအခါမှသာ သူတို့ အသိပြန်ဝင်လာကြပြီး တုန်လှုပ်ချောက်ချားစွာ ရေရွတ်လိုက်ကြသည်။
"ကြောက်... ကြောက်စရာကောင်းလိုက်တဲ့ လက်ဝါးသိုင်းစွမ်းရည်ပါ့လား..."
"ငါ... ငါတို့ရဲ့ တပ်သားတွေ အကုန် သေကုန်ပြီ..."
သူတို့နှစ်ဦးသည် ကြောင်တောင်တောင်ဖြင့် ပြောဆိုလိုက်ကြသည်။
ဤငရဲမိစ္ဆာနှစ်ဦးမှာ ငရဲဘုံ၌ နှစ်ပေါင်း သိန်းချီ၍ တိုက်ခိုက်လာခဲ့ခြင်းဖြင့် သူတော်စင်အဆင့် ၆ သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး အလောင်းတောင်ပုံရာပုံနှင့် သွေးပင်လယ်များကို မရေမတွက်နိုင်အောင် မြင်ဖူးခဲ့လေသည်။ သို့သော်လည်း ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးကိုမူ တစ်ခါမျှ မကြုံခဲ့ဖူးချေ။ မိုင်ပေါင်းသိန်းချီကျယ်ဝန်းသော စစ်မြေပြင်နှင့် မရေမတွက်နိုင်သော ငရဲမိစ္ဆာတပ်ဖွဲ့ကြီးမှာ လက်ဝါးတစ်ချက်အောက်၌ အမှုန့်ဖြစ်သွားခြင်းသည် အမှန်ပင်အံ့သြဖွယ်ရာ ဖြစ်၏။
အရိုးအကြွင်းအကျန်များ မဆိုထားနှင့် ငရဲဘုံ၏ သွေးစွမ်းအင်များပင် အစအနမကျန် ပျောက်ကွယ်သွားခဲ့ရပြီး ကြီးမားလှသော လက်ဝါးရာကြီးမှလွဲ၍ မည်သည့် သက်ရှိမှရှိခဲ့ဖူးသည့် လက္ခဏာ မကျန်တော့ပေ။ မိုင်ပေါင်း သိန်းချီ ကျယ်ဝန်းသော နယ်မြေကြီးတစ်ခုလုံးတွင် ကျုံးရှန်နှင့် သူတို့နှစ်ဦးသာ ကျန်ရှိတော့၏။
ထိုငရဲမိစ္ဆာနှစ်ဦးသည်ဝက်ကဲ့သို့ မိုက်မဲသူများ မဟုတ်ကြသဖြင့် ထိုလက်ဝါးသိုင်းစွမ်းရည်မှာ သူတို့ရှေ့မှောက်ရှိ လူသား၏ လက်ချက်ဖြစ်ကြောင်း သိရှိသွားကြ၏။ ကြီးမားလှသော ဖိအားနှင့် ဘေးအန္တရာယ်ကို ခံစားမိလိုက်ကာ အချင်းချင်း တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး သူတော်စင်ငရဲဘုံတံခါးများကို ဆင့်ခေါ်ကာ ပြန်လည်ခုခံရန် ပြင်ဆင်လိုက်သည်။ သို့သော် သူတို့၏ စွမ်းရည်များကို အပြည့်အဝ မထုတ်ဖော်ရသေးမီ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ငရဲစွမ်းအင်များသည် အေးခဲသွားပြီး လုံးဝ အသုံးမပြုနိုင် ဖြစ်သွားလေသည်။
"ဟမ့်... သေချင်နေတာပဲ..."
ရှင်းလင်းပြတ်သားသော အသံတစ်သံကို ကြားလိုက်ရပြီးနောက် သူတို့၏ မျက်လုံးများထဲတွင် လက်ညှိုးတစ်ချောင်း တိုးဝင်လာသည်ကိုသာ မြင်လိုက်ရလေသည်။ ထိုလက်ညှိုးသည် တဖြည်းဖြည်း ကြီးမားလာပြီး နောက်ဆုံးတွင် သူတို့၏ အမြင်အာရုံတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ ကျုံးရှန်သည် ငရဲမိစ္ဆာနှစ်ဦးလုံးအပေါ်တွင် ဝိညာဉ်ရှာဖွေခြင်း နည်းစနစ်ကို အသုံးပြုလိုက်ခြင်းဖြစ်သည်။
သူတော်စင်အဆင့် ငရဲမိစ္ဆာတစ်ဦး၏ ဝိညာဉ်အတွင်း၌ များပြားလှသော သတင်းအချက်အလက်များ ပါဝင်ပြီး ထိုအချက်အလက်များကို စာအုပ်အဖြစ် ပြောင်းလဲလိုက်ပါက စာကြည့်တိုက်တစ်ခုစာမျှ ရှိပေလိမ့်မည်။ ထို့ပြင် ငရဲမိစ္ဆာနှစ်ကောင်ပေါင်း ဖြစ်သဖြင့် အချက်အလက် ပမာဏမှာ ပိုမို များပြားလှ၏။ ငရဲမျိုးနွယ်စုများ၏ မှတ်ဉာဏ်ထဲတွင် သွေးဆာခြင်း၊ ရက်စက်ခြင်းနှင့် ကြမ်းတမ်းခြင်း စသည့် မကောင်းသော စိတ်အာရုံများ ပြည့်နှက်နေကာ သာမန်လူတစ်ဦးအတွက်မူ တုန်လှုပ်စရာပင် ဖြစ်သည်။
သို့သော်ကျုံးရှန်၏ ခန္ဓာကိုယ်ထဲတွင် ဟင်းလင်းပြင် နတ်ဘုရားတံဆိပ်နှစ်ခု ရှိနေသဖြင့် သူ၏ နတ်ဘုရားစိတ်အာရုံသည် နတ်ဘုရားစစ်စစ်များကဲ့သို့ စွမ်းအားကြီးမားလှကာ တုန်လှုပ်မှုမရှိဘဲ ငရဲမိစ္ဆာနှစ်ဦးလုံး၏ ဝိညာဉ်ကိုစစ်ဆေးလိုက်သည်။ ၁၅ မိနစ်ခန့် ကြာသောအခါ ဝိညာဉ်ရှာဖွေခြင်းပြီးဆုံးသွား၏။ ထို့နောက် သူ၏ မျက်နှာထက်တွင် တစ်စုံတစ်ခုကို နားလည်လိုက်သော အမူအရာ ပေါ်လာသည်။
ဤငရဲမိစ္ဆာနှစ်ဦးထဲမှတစ်ဦးမှာ အပြစ်ငရဲဘုံမှ မိစ္ဆာဘုရင် ဖြစ်ပြီး အခြားတစ်ဦးမှာ မိစ္ဆာဝိညာဉ်ငရဲ မှ လာသော မိစ္ဆာဘုရင် ဖြစ်သည်။ မိစ္ဆာဝိညာဉ်ငရဲဘုံ၏ အစွမ်းမှာ အပြစ်ငရဲဘုံထက် အနည်းငယ် သာလွန်ပြီး အလယ်အလတ်ကမ္ဘာ အဆင့်အတန်းသို့ ရောက်ရှိတော့မည့် အနေအထား၌ ရှိပေသည်။ သို့သော်လည်းဤကဲ့သို့ ကမ္ဘာတစ်ခုကို ဖြတ်ကျော်၍ တိုက်ခိုက်ခြင်းမှာ မိစ္ဆာဝိညာဉ်ငရဲဘုံအတွက်ပင် အလွန်နစ်နာလှ၏။ အဘယ်ကြောင့်ဆိုသော် အပြစ်ငရဲဘုံရှိ မိစ္ဆာအရှင်သခင်သည် မိမိ၏ နယ်မြေအတွင်း၌ အချိန်မရွေး နေရာမရွေး ကမ္ဘာ့မူလဇစ်မြစ် စွမ်းအင်၏ အားဖြည့်မှုကို ရယူနိုင်သောကြောင့် ဖြစ်သည်။
သို့သော်ထိုသို့သောအားနည်းချက်ရှိနေပါလျက်နှင့် မိစ္ဆာဝိညာဉ်ငရဲအရှင်သခင် မော်လော့သည် သူ၏ တပ်ဖွဲ့အားလုံးကို ဦးဆောင်ကာ အပြစ်ငရဲကို လာရောက် တိုက်ခိုက်ခဲ့လေသည်။ တိုက်ခိုက်ရခြင်း၏ အကြောင်းရင်းမှာ အပြစ်ငရဲအရှင်သခင် ပိုင်ဆိုင်ထားသော ကောင်းကင်တက်လှမ်း တံဆိပ်ပြား ကြောင့်ပင် ဖြစ်၏။
အပြစ်ငရဲအရှင်သခင်သည် နှစ်ပေါင်း တစ်သန်းခန့် စုဆောင်းထားသော စည်းစိမ်များကို အသုံးပြုကာ ငရဲကမ္ဘာကြီးမှ ထိုတံဆိပ်ပြားကို တိုက်ဆိုင်စွာ ဝယ်ယူရရှိခဲ့ခြင်း ဖြစ်သည်။ ဤတံဆိပ်ပြားသည် ကောင်းကင်တက်လှမ်းမျှော်စင်သို့ တက်ရောက်ရန် လိုအပ်သော အထောက်အထား ဖြစ်ပြီး အလွန်ပင် တန်ဖိုးကြီးကာ ငရဲဘုံရှိ အင်အားကြီး အဖွဲ့အစည်းများကသာ လက်ဝါးကြီးအုပ်ထားကြ၏။ သို့ဖြစ်ရာဈေးကွက်အတွင်း၌ တစ်ခု တွေ့ရန်ပင် ရှားပါးလှပြီး ထိုတံဆိပ်ပြားတစ်ခု ရရှိရန်မှာ များပြားလှသော အရင်းအမြစ်များအပြင် ကံကောင်းရန်လည်း လိုအပ်ပေသည်။
ထိုတံဆိပ်ပြားရှိမှသာ မျှော်စင်ထဲသို့ ဝင်ရောက်ခွင့်ရပြီး အင်အားကြီး အဖွဲ့အစည်းများမှ ပါရမီရှင်များနှင့် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။ မိစ္ဆာဝိညာဉ်ငရဲအရှင်သခင်မော်လော့သည် ကောင်းကင်တက်လှမ်းမျှော်စင်ကို တက်ရောက်၍ သူ၏ မိစ္ဆာခန္ဓာကိုယ်ကို အဆင့်မြှင့်တင်ရန် နှစ်ပေါင်းများစွာ စိတ်ကူးရှိခဲ့သော်လည်း တံဆိပ်ပြား မရရှိခဲ့သဖြင့် လက်လျှော့ခဲ့ရသည်။ ကောင်းကင်တက်လှမ်းမျှော်စင်သည် နှစ်ပေါင်းများစွာ ကြာမှ တစ်ကြိမ်သာ ဖွင့်လှစ်လေ့ ရှိရာ ယခုတစ်ကြိမ်တွင် မော်လော့သည် ထပ်မံ စောင့်ဆိုင်းလိုစိတ် မရှိတော့ပေ။
ထို့ကြောင့် သူသည် ကမ္ဘာတစ်ခုလုံး အတိုင်းအတာရှိသည့် စစ်ပွဲကို ဆင်နွှဲကာ အပြစ်ငရဲဘုံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ စစ်ပွဲမှာ အပြစ်ငရဲဘုံ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး နှစ်ဖက်စလုံး၏ အသေအပျောက်မှာ အလွန်ပင် များပြားလှ၏။ ယခုအချိန်၌ မော်လော့နှင့် အပြစ်ငရဲအရှင်သခင်တို့မှာ ပြစ်ဒဏ်သင့်ငရဲကုန်းမြေတိုက်ကြီး၏ ဗဟိုချက်တွင် တိုက်ခိုက်နေကြဆဲပင်ဖြစ်သည်။
ယခုကျုံးရှန် ဖမ်းဆီးထားသော သူတော်စင် အဆင့် ၆ ငရဲမိစ္ဆာနှစ်ဦးမှာ မိမိတို့ အရှင်သခင်၏ လက်အောက်မှ ထူးချွန်သော တိုက်ခိုက်ရေးမှူးများ ဖြစ်ကြ၏။ သူတို့သည် ငရဲမိစ္ဆာတပ်ဖွဲ့များကို ဦးဆောင်ကာ ဤနေရာ၌ တိုက်ပွဲဝင်နေစဉ် ကျုံးရှန်နှင့် တွေ့ဆုံသွားပြီး မဟာဝေရောစန ဗုဒ္ဓလက်ဝါးရိုက်ချက်အောက်၌ လုံးဝ ချေမှုန်း ခံလိုက်ရခြင်းပင် ဖြစ်သည်။
အဓိက တိုက်ပွဲ ဖြစ်ပွားရာ နေရာတွင် မည်သို့သော အခြေအနေ ရှိနေသည်ကိုမူ ထိုငရဲမိစ္ဆာနှစ်ဦးလည်း မသိရှိပေ။ တိုက်ပွဲမှာဆက်လက် ပြင်းထန်နေဆဲ ဖြစ်မည်မှာ သေချာလှ၏။ ကျုံးရှန်သည် အခြေအနေအားလုံးကို နားလည်သွားပြီးနောက် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
'ဒီ ကောင်းကင်တက်လှမ်း တံဆိပ်ပြား ကို ငါ ရမှ ဖြစ်မယ်...'
ရှီးရွှယ်ငရဲဘုံတွင်နတ်ဘုရားသန္ဓေသား မျိုးစေ့ချပြီးနောက် သူသည် မိမိ၏ အရှိန်အဝါကို ငရဲမျိုးနွယ်ဝင်တစ်ဦးကဲ့သို့ လွယ်ကူစွာ ဟန်ဆောင်နိုင်ပေသည်။ သို့သော် တံဆိပ်ပြား မရှိပါက ကောင်းကင်တက်လှမ်းမျှော်စင်သို့ ဝင်ရောက်ခွင့် ရရှိမည် မဟုတ်ချေ။ ကျုံးရှန်သာ ငရဲဘုံရှိ အင်အားကြီး အဖွဲ့အစည်းအားလုံးကို ထိပ်တိုက်ရင်ဆိုင်ပြီး အတင်းအကျပ် ဝင်ရောက်မည်ဆိုလျှင် ရနိုင်သော်လည်း သူ၏ ရည်ရွယ်ချက်မှာ တိတ်တဆိတ် အမြတ်ထုတ်ရန်နှင့် လေ့ကျင့်ရန်သာ ဖြစ်ပြီး တစ်ကမ္ဘာလုံးကို နှိမ်နင်းရန် ရောက်ရှိလာခြင်း မဟုတ်ပေ။
သို့နှင့် ထိုငရဲမိစ္ဆာနှစ်ဦး၏ မှတ်ဉာဏ်များကို အခြေခံကာ တည်နေရာကို သိရှိသွားပြီးနောက် ကျုံးရှန်သည် ပြစ်ဒဏ်သင့်ငရဲကုန်းမြေတိုက်ကြီး၏ ဗဟိုချက်ဆီသို့ ဦးတည်ထွက်ခွာလာလိုက်သည်။
....
ပြစ်ဒဏ်သင့်ငရဲကုန်းမြေတိုက်ကြီး၏ ဗဟိုချက် နယ်မြေ။
ဤနေရာမှာ မူလက အပြစ်ငရဲအရှင်သခင်၏ နန်းတော် တည်ရှိရာ ဖြစ်ပြီး ဤကမ္ဘာ၏ မူလဇစ်မြစ် တည်ရှိရာ နေရာလည်း ဖြစ်သည်။ သို့သော် ယခုအခါတွင်အရာအားလုံး ပျက်စီးနေပြီး တွင်းနက်ကြီးများဖြင့် ပြည့်နှက်နေ၏။ အဆောက်အဦးများနှင့် ရှုခင်းများ အားလုံး ပျောက်ကွယ်သွားပြီ ဖြစ်ပြီး ကမ္ဘာ့မူလဇစ်မြစ်သို့ သွားသော လမ်းကြောင်းနှင့် နက်ရှိုင်းသော ဟင်းလင်းပြင်ကြီးသာ ကျန်ရှိတော့သည်။
အစွမ်းထက်သော ပုဂ္ဂိုလ်နှစ်ဦးသည် လက်နက်များကို ကိုင်ဆောင်ကာ ကောင်းကင်ထက်၌ ရှိနေကြသည်။ သူတို့၏ အရှိန်အဝါမှာ အလွန်ပင် နက်ရှိုင်းလှပြီး လှုပ်ရှားမှုတိုင်း၌ တစ္ဆေသရဲတို့၏အော်ဟစ်သံများ ပေါ်ထွက်နေ၏။ ထိုနှစ်ဦးသည် ငရဲကမ္ဘာတစ်ခု၏ အရှင်သခင်အဆင့်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်များ ပင်ဖြစ်သည်။
တစ်ဦးမှာခက်ရင်းခွလှံတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ဦးခေါင်းထက်၌ မည်းနက်သော ဦးချိုများပါရှိကာ နောက်ကျောတွင် နီရဲသော ပြစ်ဒဏ်ခတ်နှောင်ကြိုး ရှိနေသည်။ သူ၏ ခန္ဓာကိုယ်ထက်၌ ငရဲရှေးဟောင်းစာလုံးများဖြင့် အပြစ် ၁၈ မျိုးကို ရေးထွင်းထားပြီး သူ၏ မျက်နှာမှာ ကြမ်းတမ်းခြင်း မရှိသော်လည်း အလွန်ပင် ဆိုးယုတ်လှသော အသွင်ရှိ၏။
ထိုသူသည် အပြစ်ငရဲဘုရင် မင်ကျွေ့ ဖြစ်သည်။ သူသည် ဤကမ္ဘာ၏ အပြစ်များအားလုံးကို ကိုယ်စားပြုသူ ဖြစ်ပြီး နတ်ဘုရားနယ်ပယ် ဒုတိယအဆင့် အစွမ်းကို ပိုင်ဆိုင်ထားကာ အလွန်အစွမ်းထက်လှ၏။ သို့သော် ယခုအချိန်တွင်မူ သူ၏ တစ်ကိုယ်လုံး၌ ဒဏ်ရာများ ပြည့်နှက်နေပြီး သွေးနီရောင်စွမ်းအင်များယိုစိမ့်ထွက်ပေါ်နေကာ အတော်လေး အခြေအနေ ဆိုးရွားနေပုံရသည်။
သူ၏ ဆန့်ကျင်ဘက်တွင် အရပ်ရှည်သော မိစ္ဆာနတ်ဘုရားတစ်ပါး ရပ်နေသည်။ သူသည် နတ်ဘုရားအရိုးများဖြင့် ပြုလုပ်ထားသော တူကြီးကို ကိုင်ဆောင်ထားပြီး နောက်ကျောတွင် မကျေမချမ်း ဖြစ်နေသော အငြိုးကြီးဝိညာဉ်များစွာ ဝန်းရံထားသည်။ ထိုဝိညာဉ်များထဲ၌ အစွမ်းထက်သော သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် ဝိညာဉ်များပါဝင်နေ၏။ ငရဲမိစ္ဆာများနှင့် မိစ္ဆာသားရဲများ၏ဝိညာဉ်များမှာ အော်ဟစ်နေကြပြီး သူ၏ အရှိန်အဝါကို ပိုမို မြှင့်တင်ပေးနေကြသည်။
သူ၏ အရှိန်အဝါမှာလည်း နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်ပင် ဖြစ်ပြီး အပြစ်ငရဲဘုရင်၏အခြေအနေနှင့် ယှဉ်လျှင်ပိုမိုကောင်းမွန်နေသေးသည်။ သူတို့နှစ်ဦးမှာ အချိန်အကြာကြီး တိုက်ခိုက်ခဲ့ကြပြီး ခေတ္တမျှ နားနေကြခြင်း ဖြစ်၏။
"ဟမ့်... မင်ကျွေ့... ကောင်းကင်တက်လှမ်းခြင်းတံဆိပ်ပြားကို ပေးလိုက်စမ်း..."
"ပြီးရင် မဟာမိစ္ဆာအရှင်သခင်ရဲ့ နာမည်ကို တိုင်တည်ပြီး ငါ့အပေါ် သစ္စာရှိဖို့ ကျိန်ဆိုလိုက်... ဒါဆို မင်းကို ငါ အသက်ချမ်းသာပေးမယ်"
"မင်းသာ ဆက်ပြီးခေါင်းမာနေဦးမယ်ဆိုရင်... မင်းရဲ့ အပြစ်ငရဲတစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းပစ်မယ်..."
"နောက်တော့...ဒီအပြစ်ငရဲဘုံရဲ့ မူလဇစ်မြစ်ကို ငါ့ရဲ့ မိစ္ဆာဝိညာဉ်ငရဲထဲမှာ ပေါင်းထည့်ပြီး အပြစ်ငရဲကမ္ဘာဆိုတဲ့ နာမည်ကိုပါ လောကကနေ ဖျောက်ဖျက်ပစ်မယ်..."
တူကြီးကို ကိုင်ဆောင်ထားသူမှာ မိစ္ဆာဝိညာဉ်ငရဲ၏ အရှင်သခင် မော်လော့ပင် ဖြစ်သည်။
မော်လော့၏ ထောင်လွှားသော စကားများကို ကြားသောအခါ မင်ကျွေ့၏ စိတ်ထဲ၌ ငရဲမိစ္ဆာတို့၏ ခေါင်းမာမှုပေါ်ထွက်လာ၏။ သူသည် မည်းနက်သော သွေးအချို့ကို ထွေးထုတ်လိုက်ပြီး မော်လော့ကို လှောင်ပြောင်လိုက်လေသည်။
"ထွီ..."
"မော်လော့... မင်းက သိပ်အစွမ်းထက်နေတာ မဟုတ်ပါဘူးကွာ..."
"သတ္တိရှိရင် လာတိုက်လေ..."
"ငါ့ရဲ့ မင် မျိုးနွယ်တွေ ငရဲဘုံ နေရာအနှံ့ကနေ မကြာခင် ရောက်လာကြလိမ့်မယ်..."
"အဲဒီအခါကျမှ...မင်းတို့ အဆတစ်ရာမကပြန်ပေးဆပ်စေရမယ်..."