← Chapters

အခန်း (၁၅၆)

Vol. 16 Ch. 156

အခန်း (၁၅၆)

Vol. 16 Ch. 156

"ဟမ်..."

"အပိုစကားတွေ ပြောမနေနဲ့..."

" မင်းတို့ မင်မိသားစုရဲ့ ဘိုးဘေးတွေ ဟွမ်ချွမ်ငရဲဘုံကနေ ကိုယ်တိုင်ရောက်လာရင်တောင် ငါက မကြောက်ဘူး..."

မော်လော့သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မင်ကျွေ့၏ စကားကို လှောင်ပြောင်လိုက်၏။

မင်မိသားစုသည်ငရဲဘုံ၌ အလယ်အလတ်အဆင့်ထက် သာလွန်သော အင်အားကြီး မိသားစုတစ်ခု ဖြစ်သည်။ သူတို့သည် ဟွမ်ချွမ် ဟု အမည်ရသော အလယ်အလတ် ငရဲကမ္ဘာတစ်ခုကို သိမ်းပိုက်ထားကြ၏။ ထိုမိသားစု၏ ဘိုးဘေးဖြစ်သူ ဟွမ်ချွမ်အရှင်သခင်သည် အလွန်အစွမ်းထက်ကာ နာမည်ကျော်ကြားခဲ့သည်မှာ နှစ်ပေါင်းသန်းချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူသည် နတ်ဘုရားနယ်ပယ် တတိယအဆင့်ကို ရောက်ရှိထားသည့်အပြင် မိစ္ဆာနတ်ဘုရား ရာထူးပိုင်ဆိုင်ထားသည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်၏။

မင်မိသားစု၏ တပည့်များစွာသည်လည်း အခြားသော ကမ္ဘာငယ်များစွာကို ထိန်းချုပ်ထားရာ သူတို့၏ အခြေအမြစ်မှာ အလွန်ပင် ခိုင်မာလှသည်။ ရှီးရွှယ်ငရဲဘုံ၌ ရှိသော ရှီမင် (မင်ယွိ) သည်ပင်လျှင် သွေးဝေးသော မင်မိသားစုမျိုးဆက်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

သို့သော်မင်မိသားစုအင်အားကြီးသည် ဆိုသော်လည်း မော်လော့၏ နောက်ခံဖြစ်သော မော်မိသားစုမှာ သူတို့ထက် သာလွန်ပေသည်။ ကောလဟာလများအရ မော်မိသားစုသည် ငရဲဘုံ၏ အထွတ်အထိပ် သုံးပါးထဲမှ တစ်ပါးဖြစ်သော လျန့်ယွီမိစ္ဆာအရှင်သခင် နှင့် နက်ရှိုင်းသော ပတ်သက်မှုများ ရှိသည်ဟု ဆိုကြသည်။ သူတို့ ထိန်းချုပ်ထားသော ကမ္ဘာငယ် အရေအတွက်မှာ မင်မိသားစုထက် ပိုမိုများပြားသကဲ့သို့ အင်အားမှာလည်း ပိုမို ကြီးမားလှသည်။ မိသားစုအတွင်း၌ နတ်ဘုရားနယ်ပယ် တတိယအဆင့်ကျင့်ကြံသူနှစ်ဦးအထိ ရှိနေပြီး အခြေခံအုတ်မြစ်အဖြစ် အလယ်အလတ်ကမ္ဘာ နှစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်။

မော်လော့က သူ့ကို ဤသို့ အထင်သေးစွာ ဆက်ဆံနေသည်ကို မြင်သောအခါ မင်ကျွေ့သည် ဒေါသ ချောင်းချောင်းထွက်သွားရသည်။ သူသည် မည်သို့ပင်ဖြစ်စေ ငရဲဘုံတစ်ခု၏ အရှင်သခင် ဖြစ်၏။ ဤကဲ့သို့ အစော်ကားခံရခြင်းကို လုံးဝလက်ခံနိုင်စွမ်း မရှိချေ။ ငရဲမျိုးနွယ်များသည် မွေးရာပါ သတ်ဖြတ်ခြင်းနှင့် သွေးဆာခြင်းစိတ်ဓာတ် ပြင်းထန်သူများ ဖြစ်ကြသည်။

'ငါ သေရင်တောင် မော်‌လော့ရဲ့ အသားတစ်ဖဲ့လောက်ကိုတော့ အမိအရ ကိုက်ပစ်ခဲ့မယ်...'

မင်ကျွေ့က စိတ်ထဲမှ ကြုံးဝါးလိုက်၏။

"ဟမ့်... ဒီနေ့ ငါ့ကမ္ဘာ့မူလဇစ်မြစ်ပျက်စီးသွားရင်တောင်... မင်းကို ဒီမှာတင် အပြတ်ရှင်းပစ်မယ်..."

"ဟွမ်ချွမ်ငရဲဘုံ လျှို့ဝှက်နည်းစနစ်... ဟွမ်ချွမ် သန့်စင်ခြင်း..."

သူသည် ကောင်းကင်ကို မော့၍ အော်ဟစ်လိုက်ရာ သွေးနီရောင်စွမ်းအင်များထွက်ပေါ်လာပြီး အပြစ်ငရဲ၏ ကမ္ဘာ့မူလဇစ်မြစ် စွမ်းအင်များကို ဆွဲယူလိုက်သည်။ ထို့နောက် သူ၏ ခေါင်းပေါ်တွင် စုစည်းသွားပြီး ပြန်လမ်းမရှိသည့် ဟွမ်ချွမ်မြစ်အဖြစ် ပြောင်းလဲသွားသည်။

ထိုဟွမ်ချွမ်မြစ်အတွင်း၌ သံသရာ၏ အငွေ့အသက်များ ပါဝင်နေပြီး မော်လော့ကို သံသရာထဲတွင် သန့်စင်ပစ်ကာ လွတ်မြောက်နိုင်ခြင်း မရှိစေရန် ပြုလုပ်တော့မည့်အလား ရှိနေသည်။

မော်လော့၏ မျက်နှာပေါ်ရှိအထင်သေးသော အပြုံးများ ပျောက်ကွယ်သွားသည်။ မင်ကျွေ့သည် ဒေါသထွက်သွားပြီ ဖြစ်ကြောင်းနှင့် ယခုအခါ အစွမ်းကုန် တိုက်ခိုက်တော့မည် ဖြစ်ကြောင်း သူ နားလည်လိုက်သည်။

ကမ္ဘာတစ်ခု၏ အခြေခံစွမ်းအားကို ခုခံရန်မှာ မလွယ်ကူသဖြင့် သူသည် အလေးအနက်ထားလိုက်ပြီး ချက်ချင်းပင် အာရုံစိုက်လိုက်သည်။ ထို့နောက် သူ၏ ကြီးမားသော တူကြီးကို ဟင်းလင်းပြင်ထဲသို့ ထိုးစိုက်လိုက်ကာ လက်နှစ်ဖက်ဖြင့် ဆန်းကြယ်သောလက်ကွက်တစ်ခုကို ဖော်ဆောင်လိုက်သည်။ မရေမတွက်နိုင်သော မိစ္ဆာလက်သည်းမျာ ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုလက်သည်းများသည် ဟင်းလင်းပြင်ထဲမှ ပေါက်ဖွားလာသကဲ့သို့ ရှိပြီး တစ်ခုချင်းစီ၌ မည်းနက်သော အကြေးခွံများ ဖြင့်ဖုံးလွှမ်းနေကာ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာစွမ်းအားများ ပြည့်နှက်နေ၏။ ကောင်းကင်တစ်ခုလုံး မိစ္ဆာလက်သည်းများဖြင့် ဖုံးလွှမ်းသွားပြီး ထိုလက်သည်းကြီးများသည် ဟွမ်ချွမ်မြစ်ကို အတင်းအဓမ္မ ဆွဲကိုင်ကာ ဆုတ်ဖြဲပစ်လိုက်သည်။

ဤသို့ဖြင့် မင်ကျွေ့၏ အပြင်းထန်ဆုံး တိုက်ကွက်မှာ ချေဖျက်ခြင်း ခံလိုက်ရပြီး နှစ်ဦးသားမှာ အင်အားချင်း ညီမျှနေလေသည်။ ထိုလက်သည်းကြီးများကို ဆင့်ခေါ်ပြီးနောက်တွင် မော်လော့၏ မျက်နှာမှာ ဖြူလျော့သွားပြီး သူ၏အရှိန်အဝါများလည်း အတန်ငယ် အားနည်းသွား၏။

သူသည် မျက်လုံးကို မှေးလိုက်ပြီး ကျောဘက်ရှိ နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်ကို ဆွဲယူကာ တိုက်ရိုက်ပင် ဝါးစားပစ်လိုက်သည်။ ထိုဝိညာဉ်မှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၌ နယ်မြေတစ်ခုကိုပင် အုပ်စိုးနိုင်သော သရဲဘုရင်အဆင့် ရှိလေသည်။

သို့သော်လည်း ယခုတွင်မူ မော်လော့၏ လက်ထဲ၌ မုန်လာဥတစ်ခုကို ဝါးစားနေသကဲ့သို့ ဖြစ်နေပြီး ခဏချင်းပင် စားသောက်ခြင်း ခံလိုက်ရသည်။ ထိုဝိညာဉ်ကို စားသုံးပြီးနောက် မော်လော့၏ အရှိန်အဝါမှာ မူလအတိုင်း ပြန်လည် အားကောင်းလာကာ ဒဏ်ရာအချို့ပင် ပျောက်ကွယ်သွားလေသည်။

သူ၏ နောက်ကျောရှိ ဝိညာဉ်များသည် တိုက်ခိုက်ရန်အတွက် သက်သက် မဟုတ်ဘဲ လိုအပ်လျှင် အားဖြည့်ရန်အတွက် အသုံးပြုသော အရာများ ဖြစ်နေသည်။ ထို့ကြောင့် မင်ကျွေ့သည် ကိုယ်ပိုင်နယ်မြေတွင် ကမ္ဘာ့မူလဇစ်မြစ် စွမ်းအင်ကို အသုံးပြု၍ တိုက်ခိုက်နေသော်လည်း မော်လော့ကို မနိုင်ဘဲ ဖိနှိပ်ခံနေရခြင်းပင် ဖြစ်လေတော့သည်။ မော်လော့၏ သက်တောင့်သက်သာ ပုံစံနှင့် ယှဉ်လျှင် မင်ကျွေ့၏ မျက်နှာထားမှာ အတော်လေး အရုပ်ဆိုးနေပြီ ဖြစ်၏။

ဟွမ်ချွမ်မြစ်၏စွမ်းအားကို မင်ကျွေ့ ကောင်းစွာ သိထားသည်။ သာမန် နတ်ဘုရားအဆင့် ကျင့်ကြံသူဆိုလျှင် ချက်ချင်း အရည်ပျော်သွားပြီး အဆုံးမဲ့ သံသရာထဲတွင် ပိတ်မိသွားမည် ဖြစ်ကာ နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်ဆိုလျှင်ပင် ခဏမျှသာ ခံနိုင်ရည် ရှိမည် ဖြစ်သည်။ သို့သော် မော်လော့သည် ထိုတိုက်ကွက်ကို အလွယ်တကူ တားဆီးနိုင်ခဲ့သည်။ ဤနည်းလမ်းသည် မင်ကျွေ့ထက် များစွာ သာလွန်နေကြောင်း ထင်ရှားနေတော့သည်။

မင်ကျွေ့တစ်ယောက်အားနည်းနေသည်ကို အခွင့်ကောင်းယူ၍ မော်လော့ပြန်လည် တိုက်ခိုက်ရန် ပြင်လိုက်စဉ်ကောင်းကင်နှင့် မြေကြီးမှာ ရုတ်တရက် မှောင်အတိ ဖြစ်သွားသည်။ မည်းနက်သော အလင်းအကာအကွယ်တစ်ခုသည် သူတို့နှစ်ဦး တိုက်ခိုက်နေသော မိုင်ပေါင်းသန်းချီဧရိယာကို လုံးဝ ဖုံးအုပ်လိုက်၏။

ဤထူးခြားသော အခြေအနေကြောင့် နှစ်ဦးသားမှာ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြရသည်။

"ဟင်... ဒါ အမှောင်နတ်ဘုရားရဲ့ အမှောင်ထု ဆင်းသက်ခြင်း အစီအရင် လား..."

မင်ကျွေ့သည် ထိုအမှောင်ထု၏ အငွေ့အသက်ကို ခံစားရင်း ရေရွတ်လိုက်၏။

"ဘာ မဟာအမှောင်ထု ဆင်းသက်ခြင်း အစီအရင်လဲ... မင်းက တကယ့်ကို သောက်ပိန်းပဲ..."

"ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကမ္ဘာကြီးတစ်ခုရဲ့ လူသားဧကရာဇ် တစ်ပါး ဖန်တီးထားတဲ့ ပျောက်ကွယ်သွားတာကြာပြီဖြစ်တဲ့...မဟာအမှောင်ထု နတ်ဘုရားအကာအကွယ်ကွ..."

"အမှောင်ဓာတ်ချင်း တူပေမဲ့ ငါတို့ ငရဲဘုံက အမှောင်နတ်ဘုရားရဲ့ အစီအရင်နဲ့ လုံးဝ မတူဘူး..."

မော်လော့က မင်ကျွေ့၏ စကားကို ပြန်လည် ချေပလိုက်သည်။

သူတို့နှစ်ဦးမှာ တိုက်ပွဲကို ခေတ္တရပ်ထားကြသော်လည်း ရန်ငြိုးမှာမူ ပြေပျောက်သွားခြင်း မရှိသေးပေ။

"မင်း"

"ဖြောင်း... ဖြောင်း... ဖြောင်း..."

သူတို့ နှစ်ဦး စကားများရန် ပြင်နေစဉ်မှာပင် ဘေးဘက်မှ လက်ခုပ်တီးသံထွက်ပေါ်လာလေသည်။

"ဘာလို့ ရပ်လိုက်ကြတာလဲ... ကြည့်လို့ ကောင်းနေတာကို..."

ရုတ်တရက် ထွက်ပေါ်လာသော ထိုအသံကြောင့် မော်လော့နှင့် မင်ကျွေ့တို့၏ အာရုံစိုက်မှုမှာ ထိုနေရာသို့ ရောက်ရှိသွား၏။

သူတို့ မြင်လိုက်ရသည်မှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်သည်။ ထိုလူငယ်သည် လေထဲ၌အေးအေးလူလူ ပျံသန်းနေပြီး လက်ထဲတွင်လည်း နတ်ဘုရားသစ်သီးတစ်လုံးကို ကိုင်ထားကာ ဝါးစားနေ၏။

ငရဲကမ္ဘာနှစ်ခု၏အရှင်သခင်နှစ်ဦးသည် ငရဲကမ္ဘာ၌ အလွန်ပင်တွေ့ရခဲသော လူသားတစ်ဦးကို တွေ့လိုက်ရခြင်းပင် ဖြစ်လေသည်။ ထိုလူငယ် စားနေသော သစ်သီးမှာ တစ်ဝက်ခန့် ကုန်နေပြီ ဖြစ်သဖြင့် သူသည် ဤနေရာ၌ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်ကြောင်း သိသာလှ၏။ သို့သော်လည်း သူတို့ နှစ်ဦးစလုံးမှာ ထိုလူငယ် ရောက်ရှိနေသည်ကို လုံးဝ သတိမထားမိခဲ့ကြပေ။

မည်သို့ပင် စွမ်းအားများကို အသုံးပြု၍ စစ်ဆေးကြည့်ပါစေ သူတို့ရှေ့မှထိုလူငယ်၏ ကျင့်ကြံခြင်း အဆင့်မှာ နိယာမနယ်ပယ် ၂၈ အထွတ်အထိပ်၌သာ ရှိနေပြီး သူတော်စင်အဆင့်ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါလည်း မရှိချေ။ သူတို့နှစ်ဦး၏ စွမ်းအားဖြင့် ဆိုလျှင် နတ်ဘုရားရာထူးရှိသော နတ်ဘုရားစစ်စစ်များပင် ကျင့်ကြံခြင်းအဆင့်ကို သူတို့ရှေ့တွင် ဖုံးကွယ်ထားရန် ခဲယဉ်းလှရာ ဤကဲ့သို့သော အခြေအနေမှာ ထူးဆန်းနေပေသည်။

"မင်းက ဘယ်သူလဲ..."

မော်လော့က သတိထား၍ မေးမြန်းလိုက်၏။ သူ၏ စိတ်ဓာတ်နှင့်ဆိုပါက တိုက်ရိုက်ပင် သတ်ဖြတ်လိုက်မည် ဖြစ်သော်လည်း ယခုအခါတွင်မူ သူသည် အတန်ငယ် ထိန်းချုပ်ထားလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူငယ်သည် မင်ကျွေ့၏ အသိအကျွမ်း မဟုတ်ကြောင်း သိသာနေသောကြောင့် ဖြစ်၏။

ထိုသို့ မေးမြန်းခြင်းခံလိုက်ရသော လူငယ်မှာ ကျုံးရှန်မှလွဲ၍ အခြားသူ မဟုတ်ချေ။ ကျုံးရှန်က ပြုံးလိုက်သည်။

"ခန့်မှန်းကြည့်လေ..."

မော်‌လော့မှာ ကြောင်အသွား၏။

'ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူသားက ငါတို့ မိသားစုထဲက ဘိုးဘေးတစ်ယောက်ယောက်ရဲ့ ကိုယ်ပွားများလား...'

"အရှင်က ကျွန်တော်တို့ရဲ့ ဘိုးဘေးတစ်ယောက်ယောက်များလား..."

သူသည် လေသံကို လျှော့ကာ ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။

ကျုံးရှန်သည်ထိုစကားကို ကြားသောအခါ ရွံရှာသကဲ့သို့ လက်ကာပြလိုက်သည်။

"တော်စမ်းပါကွာ... ငါ့မှာ ငရဲဘုံထဲက သားသမီး မြေးမြစ်တွေ မရှိဘူး..."

"ငါ့ကို လာပြီး ဘိုးဘေး တော်မနေနဲ့..."

"သောက်ကျိုးနည်း... လူသား... မင်း ငါ့ကို ကစားရဲတယ်ပေါ့..."

"ကောင်းကင်ဘုံမှာ လမ်းရှိတာကို မသွားဘဲ... တံခါးမရှိတဲ့ ငရဲဘုံကို မင်းက လာတိုးတာပဲ..."

"သေပေတော့..."

မော်‌လော့သည် မိမိ အလှည့်စားခံလိုက်ရမှန်း သိသွားသောအခါ အမျက်ဒေါသ ထွက်သွားလေသည်။ သူသည် မိစ္ဆာစွမ်းအားများကို စုစည်းလိုက်ပြီး ကျုံးရှန်ကို တိုက်ခိုက်ရန် ပြင်လိုက်၏။

All Chapters