← Chapters

အခန်း (၁၅၇)

Vol. 16 Ch. 157

အခန်း (၁၅၇)

Vol. 16 Ch. 157

ငရဲသတ္တဝါများသည် ဒေါသကြီး၍ စိတ်တိုလွယ်သော သဘာဝ ရှိကြ၏။

မော်လော့သည် မင်ကျွေ့နှင့်တိုက်ခိုက်ထားသည့်အပြင်ယခုအခါ ကျုံးရှန်၏ စကားဖြင့် လှောင်ပြောင်ခြင်းပါခံလိုက်ရသဖြင့် သူ၏ ဒေါသကို မည်သို့မျှ ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ မိစ္ဆာစွမ်းအားများ ပွက်ပွက်ဆူလာပြီး မိစ္ဆာအရှိန်အဝါဖြင့် ဖွဲ့စည်းထားသော နဂါးနက်ကိုးကောင်အဖြစ် ပြောင်းလဲသွားသည်။

ထိုနဂါးတစ်ကောင်ချင်းစီမှာ ပေပေါင်း တစ်သိန်းခန့် ကြီးမားလှပြီး ဟိန်းဟောက်ပျံသန်းနေကြရာ ကမ္ဘာကို ဖျက်ဆီးမည့် သားရဲကြီးများကဲ့သို့ ရှိနေသည်။ နဂါးနက်ကိုးကောင်တို့သည် တစ်ကောင်နှင့်တစ်ကောင် ရစ်ပတ်နှောင်ဖွဲ့လျက် သေးငယ်လှသော ကျုံးရှန်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြ၏။

မင်ကျွေ့သည် ထိုအခြေအနေကို အခွင့်ကောင်းယူကာ ဘေးသို့ ရှောင်ထွက်သွားလိုက်သည်။ သူသည် မော်လော့နှင့် ဤလျှို့ဝှက်ဆန်းကြယ်သော လူသားတို့ သေကြေပျက်စီးသွားသည်အထိ တိုက်ခိုက်ကြသည်ကိုသာ ကြည့်လိုပြီး အနိုင်ရသူထံမှ အကျိုးအမြတ်ကို ရယူလိုပေသည်။

မည်သို့ပင်ဖြစ်စေ ဤလူသားပေါ်မလာခင်ကတည်းက မော်လော့သည် ငရဲဘုံနှစ်ခုကြား စစ်ပွဲကို စတင်ခဲ့ခြင်း ဖြစ်ပြီး သူတို့ကြား၌ နက်ရှိုင်းသော ရန်ငြိုးများ ရှိနေပြီဖြစ်သည်။ ထို့အပြင် သူသည် နတ်ဘုရားတံဆိပ်ပြားကို လုံးဝ ပေးအပ်မည် မဟုတ်သဖြင့် ယင်းထက် ပိုမိုဆိုးဝါးသော ရလဒ် ရှိလာစရာ မလိုတော့ချေ။

ဤနဂါးနက်ကိုးကောင်မှာ မော်လော့က လျန့်ယွီ မိစ္ဆာကျင့်စဉ်ကို အသုံးပြု၍ အသန့်စင်ဆုံးသော မိစ္ဆာစွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။ နဂါးတစ်ကောင်ချင်းစီ၌ နတ်ဘုရားနယ်ပယ် ပထမအဆင့် စွမ်းအားများ ကိန်းဝပ်နေကြသည်။ တိုက်ကွက်တစ်ခုတည်းနှင့်ပင် မော်မိသားစု၏ အခြေခံအုတ်မြစ်မှာ မည်မျှ နက်ရှိုင်းကြောင်း သက်သေပြနေပြီ ဖြစ်သည်။

သာမန်ကျင့်စဉ်များမှာ ဤမျှ အစွမ်းထက်သော တိုက်ကွက်မျိုးကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ မော်လော့သည် မော်မိသားစု၏ တိုက်ရိုက်မျိုးဆက်များထဲမှ တစ်ဦးဖြစ်၏။ သူသည် အဓိက အဖွဲ့ဝင် မဟုတ်သော်လည်း သူ၏ ဖခင်နှင့် ဘိုးဘေးများမှာ မော်မိသားစုအတွင်း၌ အခွင့်အာဏာ ကြီးမားသူများ ဖြစ်ကြလေသည်။ ထို့ကြောင့်လည်း သူသည် အလယ်အလတ်ကမ္ဘာနှင့် နှိုင်းယှဉ်နိုင်သော မိစ္ဆာဝိညာဉ်ငရဲဘုံကို အုပ်ချုပ်ရန် ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။

မော်လော့သည် ကျုံးရှန် နှင့်ပထမဦးဆုံး တွေ့ဆုံခဲ့သည့် ရှီမင်နှင့် လုံးဝ မတူချေ။ ရှီမင် (မင်ယွိ) မှာ မင်မိသားစု၏ သွေးဝေးသော မျိုးဆက်သာ ဖြစ်သည့်အပြင် ပါရမီမှာလည်း သာမန်မျှသာ ရှိသည်။ ထို့ကြောင့် ရှီမင်သည် သေးငယ်သော ကမ္ဘာငယ်တစ်ခုဖြစ်သည့် ရှီးရွှယ်ငရဲဘုံ၌ပင် အုပ်ချုပ်သူ ဖြစ်လာရန် နှစ်ပေါင်းသန်းချီ စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

ထိုအရာများကို ကျုံးရှန် အရေးစိုက်နေခြင်း မရှိချေ။ ငရဲဘုံသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး နှင့် သီးခြားစီတည်ရှိနေပြီး ကမ္ဘာနှစ်ခုစလုံးသည် ကမ္ဘာငယ်နှင့် ကမ္ဘာလတ် များစွာဖြင့် ဖွဲ့စည်းထားသော အခြေခံအဓိကကမ္ဘာကြီးများ ဖြစ်ကြသည်။ ကောင်းကင်တာအိုချင်း မဆက်စပ်သလို ကံတရား အကျိုးအကြောင်းလည်း မသက်ဆိုင်ကြပေ။

ထို့ပြင် နဂါးမဲ့ နတ်ဘုရားဘုရင်၏ ချိပ်ပိတ်မှုသည် ခိုင်မာနေဆဲ ဖြစ်သဖြင့် နေရာအနည်းငယ်၏ ဟင်းလင်းပြင် အက်ကွဲကြောင်းများမှလွဲ၍ ကူးသန်းသွားလာရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် ကျုံးရှန်သည် ငရဲဘုံ၌ မည်သည့်အရာကိုမဆို စိုးရိမ်ကြောင့်ကြမှု မရှိဘဲ လုပ်ဆောင်နိုင်ပေသည်။ ငရဲဘုံ၏ ကောင်းကင်ကို အပေါက်ကြီးဖြစ်အောင် ထိုးဖောက်လိုက်လျှင်ပင် သူ ဂရုစိုက်နေမည် မဟုတ်ချေ။

နဂါးနက်ကိုးကောင်၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှပြီး မျက်စိတစ်မှိတ်အတွင်းပင် ကျုံးရှန်၏ ရှေ့သို့ ရောက်ရှိလာ၏။ ယင်းတို့သည် တစ်ကောင်နှင့်တစ်ကောင် ရစ်ပတ်‌နေခဲ့ကာ နဂါးကိုးကောင်တိုင်လုံးကြီးအသွင် ပြောင်းလဲသွားပြီး ကျုံးရှန်ကို ဖိခြေပစ်ရန် ကြိုးစားလိုက်သည်။

ကျုံးရှန်သည် သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ ပတ်ဝန်းကျင်မှ ကြီးမားသော ဖိအားများကို ခံစားလိုက်ရသည်။ ဤမိစ္ဆာကျင့်စဉ်မှာ အမှန်တကယ်ပင် နာမည်နှင့်လိုက်အောင် အစွမ်းထက်ပေသည်။

ကျုံးရှန်၏ မျက်နှာထား အနည်းငယ် လေးနက်သွားပြီး မြင်းထိုင်အနေအထား ယူလိုက်ကာ လက်နှစ်ဖက်ကို လှုပ်ရှားလိုက်သည်။ သူ၏ လှုပ်ရှားမှုမှာ ပျံသန်းနေသော ငှက်တစ်ကောင်ကဲ့သို့ ကျော့ရှင်းလှပြီး သူ၏ လက်သီးချက်များမှာ လိပ်ပြာများ ပျံဝဲနေသကဲ့သို့ ပုံရိပ်ယောင်များစွာ ထွက်ပေါ်လာသည်။

အချိန်နတ်ဘုရားသာဤနေရာ၌ ရှိနေပြီး အချိန်စီးဆင်းမှုကို အဆသန်းချီ၍ နှေးကွေးအောင် ပြုလုပ်လိုက်ပါက ကျုံးရှန်သည် ခဏချင်းအတွင်းမှာပင် လက်သီးချက်ပေါင်း သန်းချီ ထိုးနှက်လိုက်သည်ကို မြင်တွေ့ရမည် ဖြစ်၏။

ယခုအချိန်၌ အချိန်မှာ ရပ်တန့်နေသကဲ့သို့ ရှိနေပြီး သူ၏ လက်သီးချက် တစ်ခုချင်းစီမှာ သာမန်ကာလျှံကာဟု ထင်ရသော်လည်း အတွင်း၌ မရေမတွက်နိုင်သော ပြောင်းလဲမှုများ ကိန်းဝပ်နေ၏။ ဤလက်သီးမှာ အစွမ်းအထက်ဆုံး မဟုတ်သကဲ့သို့ အနုစိတ်ဆုံးလည်း မဟုတ်ချေ။ သို့သော် ယင်းလက်သီးချက်များ၌ အခက်အခဲများစွာ ကြုံတွေ့ရလျှင်ပင် လုံးဝ အရှုံးမပေးဘဲမ‌လျော့သောဇွဲဖြင့် ခိုင်မာစွာကြိုးစားအားထုတ်နေမည့် စိတ်ဓာတ်မျိုး ကိန်းဝပ်နေသည်။

မျှော်လင့်ချက် ကင်းမဲ့နေသော အခြေအနေ၌ မျှော်လင့်ချက်ကို ရှာဖွေခြင်း။

အမှောင်ထုအတွင်းမှ အလင်းရောင်ကို မွေးဖွားပေးခြင်း။

ဤသည်မှာ သာမန်လူသားများ၏ လက်သီးဖြစ်သကဲ့သို့ ရိုးသားသူများ၏ လက်သီးလည်း ဖြစ်ပေသည်။

ကမ္ဘာလောက၌ အစွမ်းထက်သူမှာ နည်းပါးပြီး အားနည်းသူမှာ များပြားလှ၏။ သို့သော် မည်မျှပင် အားနည်းပါစေ လူတိုင်းတွင် ရှေ့သို့ တိုးတက်ရန် လမ်းစ ရှိနေသည်သာ ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံသည် လူသားကို လမ်းမပိတ်ဟူသော စကားအတိုင်းပင် ဤလက်သီးချက်မှာ ရှင်သန်ခြင်း၏ လမ်းစသာ ဖြစ်တော့သည်။

"ဂျော့ချွမ်... သက်ရှိအားလုံး၏ လက်သီး..."

ကျုံးရှန်၏ အော်ဟစ်သံနှင့်အတူ အချိန်စီးဆင်းမှုမှာ မူလအတိုင်း ပြန်ဖြစ်သွား၏။ သန်းနှင့်ချီသော လက်သီးချက်များမှာ သက်ရှိအပေါင်း၏ စွမ်းအားများကို သယ်ဆောင်လာပြီး နဂါးနက်ကိုးကောင်ကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်။ တောမီးလောင်သကဲ့သို့ အရာအားလုံးကို ဝါးမြိုသွားခြင်း ဖြစ်၏။ အလွန်လျင်မြန်လွန်းလှသဖြင့် လွင့်စင်လာသော မိစ္ဆာစွမ်းအားများအားလုံးမှာ ထိုလက်သီးချက်များ၏အောက်၌ အမှုန့်ဖြစ်သွားရသည်။

မော်လော့၏ မျက်နှာ ချက်ချင်း ပျက်သွားပြီး သူ၏ နတ်ဘုရားအဆင့် သွေးအဆီအနှစ်များကို အဆုံးရှုံးခံကာ မိစ္ဆာလက်သည်းများ ဆင့်ခေါ်သည့် လျှို့ဝှက်နည်းစနစ်ကို ထပ်မံ အသုံးပြုလိုက်ပြန်သည်။ ဤလျှို့ဝှက်နည်းစနစ်သည် ယခင်က မင်ကျွေ့၏ ကမ္ဘာ့မူလဇစ်မြစ် တိုက်ကွက်ကိုပင် တားဆီးနိုင်ခဲ့သည်။ သို့သော်လည်း ဂျော်ချွမ်လက်သီး၏ ရှေ့မှောက်၌မူ ထိုအရာများမှာ အသုံးမဝင်ချေ။

လက်သီးတစ်ချက်နှင့် မလုံလောက်ပါက အချက်တစ်ရာ...။

တစ်ရာနှင့် မလုံလောက်ပါက အချက်တစ်ထောင်...။

တစ်သောင်း...။

သန်းနှင့်ချီသော လက်သီးချက်များမှာ ကမ္ဘာဦး မုန်တိုင်းကြီးတစ်ခုကဲ့သို့ အရာအားလုံးကို တိုက်စားသွား၏။

"မလုပ်ပါနဲ့..."

"စီနီယာ... ကျွန်တော့်ကို ချမ်းသာပေးပါ..."

"ကျွန်တော်က မော်မိသားစုက မော်ဝူရွှမ်းရဲ့ မြေး မော်လော့ပါ... ကျွန်တော့်ကို လွှတ်ပေးမယ်ဆိုရင် မော်မိသားစုက သေချာပေါက် ကျေးဇူးဆပ်မှာပါ..."

"အား... မလုပ်ပါနဲ့..."

မော်လော့သည် မိမိဆီသို့ ဦးတည်လာသော လက်သီးချက်များကို ကြည့်ရင်း အသက်ဘေးမှ လွတ်မြောက်ရန် အသနားခံနေလေသည်။ သူသည် သူ၏ ကာကွယ်ရေး ရတနာများ ဖြစ်သော ခေါင်းလောင်း၊ ဒိုင်းငယ်‌လေးနှင့် အရိုးစုများဖြင့် ပြုလုပ်ထားသည့်ပလ္လင်တို့ကို ထုတ်ယူကာ ခုခံရန် ကြိုးစားလိုက်သေး၏။

သို့သော်လည်း သူ၏ အသနားခံစကားများ မဆုံးခင်မှာပင် ထိုရတနာများအားလုံး လက်သီးမုန်တိုင်းအောက်တွင် ပျက်စီးသွားလေသည်။ ထို့နောက်တွင် လက်သီးချက်များ မော်လော့၏ခန္ဓာကိုယ်‌ပေါ်သို့ ကျ‌ရောက်လာကာ အားကောင်းလှသော သူ၏မိစ္ဆာဝိညာဉ်ပင်လျှင် လွတ်မြောက်နိုင်ခြင်း မရှိဘဲ အမှုန့်ဖြစ်သွားတော့သည်။

နတ်ဘုရားရတနာများမှာလည်း ယင်းတို့၏ မိစ္ဆာစွမ်းအားများ ဆုံးရှုံးသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ကြ၏။ ထူးဆန်းသည်မှာ ဂျော့ချွမ်လက်သီးသည် မော်လော့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုသာ ဖျက်ဆီးပစ်ခဲ့ပြီး သူ၏ အဝတ်အစား၊ ခါးပတ်နှင့် လက်စွပ် စသော ပြင်ပပစ္စည်းများကိုမူ ထိခိုက်ခြင်း မရှိဘဲ ဟင်းလင်းပြင်ထဲ၌ ကျန်ရစ်စေခဲ့လေသည်။

ကျုံးရှန်သည် လက်သီးချက်များကို ရပ်တန့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်၏။ သူ၏ မျက်နှာပေါ်၌လည်း အတိတ်ကို ပြန်လည် အမှတ်ရနေသော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

ဤ‌ဂျော့ချွမ်လက်သီးမှာ သူ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသို့စရောက်စဥ်အခါက နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်မှ ပထမဆုံး ရရှိခဲ့သည့် သိုင်းပညာ ဖြစ်သည်။ နဂါးမဲ့ နတ်ဘုရားဘုရင်၏ငယ်စဉ်အချိန် တာအိုမရရှိမီက လေ့ကျင့်ခဲ့သော သိုင်းပညာလည်း ဖြစ်၏။ အစပိုင်းတွင် ကျုံးရှန်သည် သဘောတရားကို နားမလည်ခဲ့ဘဲ သာမန်အဆင့်သာရှိသည့် ဤသိုင်းပညာကို အထင်သေးခဲ့ဖူးသည်။

သို့သော်လည်း တစ်ကြိမ်တွင် သူသည် အန္တရာယ်နှင့် ကြုံတွေ့ရကာ မိမိထက် အစွမ်းထက်သော ဂိုဏ်းငယ်လေးတစ်ခု၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။ ထိုအချိန်၌ သူသည် ဤလက်သီးချက်အတွင်း၌ ပါဝင်နေသော ဇွဲလုံ့လနှင့် ရုန်းကန်လိုစိတ်တို့ကို နားလည်သွားခဲ့ကာ မျက်စိတစ်မှိတ်အတွင်း လက်သီးချက်ပေါင်း တစ်သောင်းကို ထိုးနှက်နိုင်ခဲ့သည်။

သာမန်လူသားခန္ဓာကိုယ်ဖြင့်ပင် မိမိထက် သုံးဆင့်မြင့်မားသော ကျင့်ကြံသူကို သတ်ဖြတ်နိုင်ခြင်း…

ထိုအဖြစ်အပျက်ကကျန်ရှိနေသော ကျင့်ကြံသူများကို တုန်လှုပ်သွားစေခဲ့၏။ နောက်ပိုင်းတွင် ကျုံးရှန်သည် ထိုဂိုဏ်းငယ်လေးကို လုံးဝသိမ်းပိုက်နိုင်ခဲ့ပြီး သူ၏ အင်အားကို တဖြည်းဖြည်းခြင်း တည်ဆောက်ခဲ့လေသည်။ ယခုအခါတွင်မူ ကျုံးရှန်သည် လက်သီးချက်ပေါင်း သန်းချီ၍ ထိုးနှက်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

သို့သော် အတိတ်က အဖြစ်အပျက်များသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် ကူးပြောင်းရောက်ရှိခါစ အချိန်များကို ပြန်လည် သတိရမိလိုက်ခြင်းပင် ဖြစ်လေသည်။ ထိုနှစ်ပေါင်းတစ်သောင်းသည် သူ၏ ဘဝတွင် အပျော်ရွှင်ဆုံး အချိန်များ ဖြစ်ခဲ့ပြီး အန္တရာယ်များနှင့် အမြဲ ကြုံတွေ့ခဲ့ရသော်လည်း သူသည် လျင်မြန်စွာ တိုးတက်နိုင်ခဲ့သည်။

ကျုံးရှန် သက်ပြင်းချလိုက်ပြီး အတိတ်က အမှတ်တရများကို ရင်ထဲတွင် ပြန်လည် သိမ်းဆည်းလိုက်ကာ မော်လော့ သေဆုံးသွားသော နေရာသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သိုလှောင်လက်စွပ်နှင့် ခါးပတ်တို့ကို ယူလိုက်ကာ ထိုပစ္စည်းများအပေါ် လက်ဖြင့် အသာအယာ ပွတ်သပ်လိုက်သည်နှင့် မော်လော့ ထည့်သွင်းထားသော စိတ်ဝိညာဉ် အမှတ်အသားများမှာ ပျောက်ကွယ်သွား၏။

ခဏအကြာတွင် သူသည် ထိုလက်စွပ်အတွင်းမှ ဖန်ဆင်းခြင်းအဆင့်ရှိ မိစ္ဆာရတနာ ဆယ်ခုကျော်နှင့် မိစ္ဆာစာလုံး ရေးထွင်းထားသော သရဲခေါင်းတံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်၏။

'ဒီရတနာတွေကို ရှောင်ချီထျန်းကို ပေးလိုက်ရင် ကောင်းမယ်... ပြီးတော့ ဂိုဏ်းထဲက မိစ္ဆာကျင့်စဉ် ကျင့်ကြံတဲ့ တပည့်တွေအတွက်လည်း အသုံးဝင်လောက်တယ်...'

'ဒီ သရဲခေါင်း တံဆိပ်ပြားကတော့ ဒီကောင်ပြောတဲ့ မော်မိသားစုနဲ့ သက်ဆိုင်လိမ့်မယ်... တစ်ချိန်ချိန်ကျရင် အသုံးဝင်လာနိုင်တယ်...'

ကျုံးရှန်သည် သူ၏ စစ်မြေပြင်မှ ရရှိသော ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။

ပုံမှန်အားဖြင့်မော်လော့ကဲ့သို့ ငရဲကမ္ဘာငယ်အရှင်သခင်တစ်ဦးတွင် ဤမျှထက် ပိုမိုသော ပစ္စည်းများ ရှိရမည် ဖြစ်သော်လည်း အများစုမှာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ငရဲကမ္ဘာ၌သာ ရှိနေပေလိမ့်မည်။ မော်လော့ သေဆုံးသွားပြီ ဖြစ်သဖြင့် သူ၏ ငရဲကမ္ဘာမှာလည်း ငရဲဘုံ၏ ဟင်းလင်းပြင်ထဲ၌ လွင့်မျောသွားပြီ ဖြစ်သည်။

ကျုံးရှန်သည် မော်လော့၏ ကိစ္စကို အဆုံးသတ်လိုက်ပြီးနောက် အဝေးတွင် ရပ်နေသော မင်ကျွေ့ကို လှမ်း၍ ကြည့်လိုက်လေသည်။

All Chapters