← Chapters

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း (၁၈၄-၁၈၆)

Vol. 13 Ch. 184-186

အခန်း (၁၈၄) - နဂါးမျိုးနွယ်စု၏ ဧည့်သည်တော်ကြီး၊ ယုံကြည်မှုစွမ်းအား၏ အသုံးပြုပုံများ

~"ဂိုဏ်းချုပ်ယဲ့ရဲ့ မျက်လုံးက တကယ်ပဲ စူးရှတာပဲ... ဟုတ်ပါတယ် ဒါက အသက်ဝိညာဉ်စွမ်းအားပါ"

မဟာ အကြီးအကဲက သစ်သားတုတ်ကောက်ကို ချလိုက်ပြီး၊ မေတ္တာရှင် ဘုရားလောင်း ပုံစံမျိုး နွေးထွေးစွာ ပြုံးပြလိုက်၏။

"မဟာ အကြီးအကဲက အသက်ဝိညာဉ် ခန္ဓာကိုယ် ပိုင်ရှင်လား"

ယဲ့ဖုန်း အံ့ဩသွားမိသည်။

အဂူဒိုက ခေါင်းခါလိုက်ပြီး ပြောလေသည်။

"အဲ့ဒါက အလွန် သန်မာတဲ့ ခန္ဓာကိုယ်လေ... ကျုပ်လို လူက ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ... ကျုပ်က နက်မှောင်သော လိပ် သွေးမျိုးဆက် ရှိလို့ အသက်စွမ်းအား ပြည့်ဝနေတာ... ကိုယ့်အသက်စွမ်းအားကို သုံးပြီး တခြားသူတွေကို ကုသပေးရုံ သက်သက်ပါ"

"ဪ... အဲဒီလိုကိုး"

ယဲ့ဖုန်း ရုတ်တရက် သဘောပေါက်သွား၏။

အသက်ဝိညာဉ် ခန္ဓာကိုယ်က သုံးမရဟု သူ ထင်ထားခဲ့ပေမယ့်၊ တကယ်တော့ အသက်စွမ်းအား လွှဲပြောင်းပေးသော၊ နည်းလမ်း တစ်ခု ဖြစ်နေသည်ပဲ။

သို့ရာတွင်၊ အကြီးအကဲ အဂူဒို ဒီလို လုပ်နိုင်တာကလည်း သေးငယ်သည့် ကိစ္စတော့ မဟုတ်ပေ။

"ကျွန်တော် ကောင်းသွားပြီဗျ.."

လုံဖုန်း မတ်တတ်ရပ်လိုက်ပြီး ခန္ဓာကိုယ်ကို ဘယ်ညာ လှုပ်ရမ်းကြည့်လိုက်ရာ ဘာမှ မဖြစ်တော့သည်ကို တွေ့လိုက်ရ၏။

အပြည့်အဝ ပြန်ကောင်းသွားပြီ ဖြစ်ကြောင်း သေချာသွားသောအခါ သူသည် မဟာ အကြီးအကဲရှေ့တွင် ဒူးတစ်ဖက် ထောက်လိုက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်တော့သည်။

"ကျေးဇူးတင်ပါတယ် မဟာ အကြီးအကဲ... မဟာ အကြီးအကဲက ကျွန်တော့်အဖေလိုပါပဲ.."

ထိုအခါ၊ ဒုတိယအကြီးအကဲ လုံအာသည် မျက်နှာကြီး မည်းမှောင်လျက် လျှောက်လာပြီး၊ လုံဖုန်း၏ နားရွက်ကို တအား လိမ်ဆွဲလိုက်ကာ ပြောလိုက်လေသည်။

"အေးလေ... မဟာ အကြီးအကဲက မင်းအဖေ ဆိုတော့... ငါက မင်း..သားပေါ့... ဟုတ်လား"

"အား... အဖေရေ... လွှတ်ပါတော့.."

လုံဖုန်း နာကျင်လွန်းသဖြင့် မျက်နှာကြီး ရှုံ့မဲ့ကာ အော်ဟစ် အသနားခံနေရ၏။

ယဲ့ဖုန်း ကြောင်သွားမိလေသည်။

ဒါဆို အကြီးအကဲ လုံအာရဲ့ သားက လုံဖုန်း ပေါ့...

ဒါပေမဲ့ သူတို့နှစ်ယောက်က တော်တော် ကွာခြားလွန်းမနေဘူးလား။

ရုပ်ရည်ရော စရိုက်ပါ တခြားစီပဲ။

ဒါမှမဟုတ်... အချစ်ရဲ့ အစိမ်းရောင် အလင်းတန်းများလား။ (ဖောက်ပြန်ခြင်းကို ဆိုလိုပါသည်)

ဒီလို တွေးမိတော့ ယဲ့ဖုန်း၏ မျက်နှာထားက တဖြည်းဖြည်း ထူးဆန်းလာ၏။

"မင်းတို့ သားအဖ မတွေ့ရတာ ကြာလို့ စချင်နောက်ချင်နေတာ ပုံမှန်ပါပဲ... ဒါပေမဲ့ နောက်မှ ဆက်ကြ... အခု ငါ သိချင်တာက ဒီနှစ်တွေအတွင်း ဘာတွေ ဖြစ်ခဲ့လို့ မင်းတို့ ကမ္ဘာငယ် (၃၀၀၀) ထဲမှာ ပိတ်မိနေရတာလဲကွ"

အကြီးအကဲ အဂူဒိုသည် လုံယွမ်ချင်းကို ကြည့်ပြီး ဖြေရှင်းချက် တောင်းလိုက်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်က လုံယွမ်ချင်းသည် ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့် (၄) အထွတ်အထိပ် ရောက်နေပြီ ဖြစ်သည်။

အကယ်၍သာ ကမ္ဘာငယ် (၃၀၀၀) ထဲတွင် မပိတ်မိခဲ့လျှင်၊ သူ့ပါရမီနှင့်ဆို ယခုလောက်ဆို အဆင့် (၇) လောက် ရောက်နေလောက်ပြီ ဖြစ်သည်။ နောက်ထပ် ဆယ်စုနှစ် တစ်ခု နှစ်ခုလောက်ဆို အထွတ်အထိပ် ရောက်ပြီး နဂါးမျိုးနွယ်စုရဲ့ ကျောထောက်နောက်ခံ ဖြစ်လာမှာ သေချာသည်။

တခြားလူများလည်း လုံယွမ်ချင်းကို ဝိုင်းကြည့်နေကြ၏။

"ဇာတ်လမ်းက ရှည်ပါတယ်"

လုံယွမ်ချင်း စတင် ပြောပြလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်တော်တို့ နတ်ဘုရားကျွန်းကို အောင်မြင်စွာ ရောက်ရှိခဲ့ပြီး ရင့်မှည့်နေတဲ့ ဝိညာဉ်သစ်သီးတွေကို ခူးဆွတ်ခဲ့တယ်... ပြန်မယ် လုပ်တော့ 'မီးနတ်ဆိုး' လို့ သူ့ကိုယ်သူ ခေါ်တဲ့ အစွမ်းထက် ရန်သူ တစ်ယောက်နဲ့ တွေ့ခဲ့တယ်... ကျွန်တော်နဲ့ သူ..တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပြီး နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရသွားကြတယ်... နောက်တော့ နတ်ဘုရားမျိုးနွယ်ရဲ့ ရှေ့ပြေးတပ်ဖွဲ့နဲ့ တိုးပြီး တိုက်ပွဲ ထပ်ဖြစ်ကြတာပေါ့၊ အဲ့လိုနဲ့ အနောက်မြောက်ဘက် ရွာနားက အလယ်အလတ်စား ကမ္ဘာငယ်ထဲမှာ ပိတ်မိသွားခဲ့တာပါ"

"အကြမ်းဖျင်းတော့ ဒါပါပဲ"

လုံယွမ်ချင်း စကားဆုံးသွား၏။

"မီးနတ်ဆိုး" ဆိုတာကို ကြားတော့ ယဲ့ဖုန်း၏ မျက်လုံးများ အရောက်တောက်ကသွားရသည်။

သူနှင့် သရေကျအောင် တိုက်နိုင်ခဲ့သော မီးနတ်ဆိုးကို ယဲ့ဖုန်းက ဘောလုံးတစ်လုံး ဖြစ်အောင် လုပ်ပြီး စနစ် နေရာလပ်ထဲ ထည့်ထားလိုက်ပြီ ဆိုတာကို လုံယွမ်ချင်းကို ပြောပြချင်စိတ်တွေ တဖွားဖွား ပေါ်လာ၏။

ဒီလို တွေးမိတော့ ယဲ့ဖုန်း ရုတ်တရက် အကြံတစ်ခု ရသွားလေသည်။

သူ့မှာ မီး၊ ရွှေ၊ မြေ ဝိညာဉ်ကျောက်တုံးတွေပဲ ရှိသေးသည်... ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား လုပ်ဖို့ သစ်သား (မူဟွာ) နှင့် ရေခဲ (ရွှမ်ပင်း) ဝိညာဉ်ကျောက်တုံးတွေ လိုနေသေးသည်ပဲ။

ဒီနေ့ မရှာလျှင် နောက်ထပ် (၃) လ စောင့်ရဦးမည် ဖြစ်သည်..။

တံခါးပေါက်ကို ကြည့်ပြီး ယဲ့ဖုန်း ဝင်သွားချင်စိတ်တွေ ဖြစ်ပေါ်လာ၏

သိို့တိုင်၊ အခု (၂) ရက် (၃) ရက်လောက်ပဲ ကျန်တော့တာ... ပြန်ဝင်၍ ရပါမည်လား။

ယဲ့ဖုန်း ခဏနေမှ မေးကြည့်ဖို့ ဆုံးဖြတ်လိုက်၏။

ထိုအချိန်တွင် အကြီးအကဲ အဂူဒိုသည် လုံယွမ်ချင်း၏ ပြောစကားများကို သုံးသပ်ပြီးသော်လည်း သံသယအချို့ ရှိနေသေးသဖြင့် မေးလိုက်သည်။

"ဒါဆို မင်းတို့က အနောက်မြောက်ဘက် ရွာနားက ကမ္ဘာငယ်ထဲမှာ ပိတ်မိနေပြီး အဲ့ဒီထဲမှာပဲ နေနေတာပေါ့"

"ဟုတ်ပါတယ်"

လုံယွမ်ချင်း ခေါင်းညိတ်လိုက်၏။

"အဲ့ဒီက နေရာကူးပြောင်း ဝင်္ကပါကနေ နတ်ဘုရားမျိုးနွယ်တွေ မကြာခဏ ရောက်လာတတ်တယ်... ဒါပေမဲ့ ကံကောင်းတာက အစပိုင်းမှာ အဆင့် (၃) လောက်ပဲ လာလို့ ကျွန်တော်တို့ သတ်နိုင်ခဲ့တာ"

"နောက်ပိုင်းကျတော့ များများလာလို့ အဝင်ဝကို ပိတ်လိုက်ရတယ်... ဒီနေ့ကျမှ အဆင့် (၅) စစ်သည်တော်တွေ ရောက်လာတာ... ဂိုဏ်းချုပ်ယဲ့သာ ဝင်မပါရင် ကျွန်တော်တို့.. အကုန် သေကုန်လောက်ပြီ"

"အဲ့လိုလား"

အဂူဒိုသည် ယဲ့ဖုန်းကို အံ့ဩစွာ ကြည့်လိုက်မိသည်။ ဒီလောက် သန်မာမည်ဟု မထင်ထားခဲ့ပေ။

လုံယွိရှင်းက ဂုဏ်ယူစွာ ပြောလိုက်၏။

"ဂိုဏ်းချုပ်ယဲ့က အရမ်း အစွမ်းထက်တာရှင့်... ပြီးခဲ့တဲ့တစ်ခေါက် ရေပေါ်ဖြူမြို့တော်တုန်းက ဆိုဟွန်းကျန်းရန်ကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာ... ကျွန်မ သားလေးကို မြူခိုးဂိုဏ်း ပို့လိုက်တာ မှန်သွားတယ်... အခုဆို ချီစုစည်းခြင်း (၇) ဆင့်တောင် ရောက်နေပါပြီ"

လုံထျန်းရှင်း ခေါင်းကုတ်လိုက်ပြီး နေရခက်သလို ဖြစ်သွားရသည်။

ယဲ့ဖုန်းကတော့ ဝိညာဉ်သစ်သီးကို တိတ်တဆိတ် စားနေလေသည်။

"ဘယ်လိုပဲ ဖြစ်ဖြစ်... အခု ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီဆိုတော့ ဝိညာဉ်သစ်သီးတွေကို ဆေးဝိုင် ဖောက်လိုက်သင့်တယ်... မဟုတ်ရင် ဆေးစွမ်းတွေ လျော့ကုန်လိမ့်မယ်"

လုံယွမ်ချင်း အကြံပြုလိုက်၏။

ထိာအခါ၊ ဝိညာဉ်သစ်သီး စားနေသော ယဲ့ဖုန်း ရပ်တန့်သွားပြီး မေးလိုက်လေသည်။

"ဝိညာဉ်သစ်သီးက စားဖို့ မဟုတ်ဘူးလား"

သူ့မေးခွန်းကြောင့်၊ မဟာ အကြီးအကဲက ခပ်ဟဟ ရယ်မောလိုက်၏။

"ဝိညာဉ်သစ်သီးကို ဒီအတိုင်း စားရင် ဗိုက်ဝရုံပဲ ရှိမှာ... ဆေးဝိုင် ဖောက်လိုက်မှ သူ့ရဲ့ စစ်မှန်တဲ့ ဆေးစွမ်းတွေ ထွက်လာမှာ"

"အဲ့လိုလား..."

ယဲ့ဖုန်း ရှက်သွားမိသည်။

သူ ဝိညာဉ်သစ်သီးတွေ အများကြီး စားခဲ့ပေမယ့် ဘာမှ မထူးခြားတာ ဒါကြောင့်ကိုး။

အလကား စားလိုက်သလို ဖြစ်သွားပြီ။

မကြာမီ နာရီဝက် ကုန်ဆုံးသွားလေသည်။

*

နဂါးရှေးဟောင်း မြို့တော်ဝယ်၊

နဂါးမျိုးနွယ်ဝင် သောင်းပေါင်းများစွာသည် လမ်းမများပေါ်တွင် စုရုံးနေကြပြီး၊ လုံယွမ်ချင်းတို့ ပြန်လာခြင်းကို ဂုဏ်ပြုနေကြ၏။ တပြိုင်နက်တည်းမှာပင် ယဲ့ဖုန်း၏ သူရဲကောင်းဆန်သော လုပ်ရပ်များကို ကြားသိလိုက်ရသဖြင့်၊ သူ့ကို လေးစားအသိအမှတ်ပြုကြကာ ဂုဏ်သတင်းတန်ဖိုး များစွာ ပေးအပ်ကြလေသည်။

ခန်းမဆောင် အတွင်း၌၊

ယဲ့ဖုန်းသည် ထူးခြားသော ဆေးဝိုင်ကို သောက်ရင်း၊ စနစ် ၏ အကြောင်းကြားသံများကို နားထောင် နေပါသည်။ ဂုဏ်သတင်းတန်ဖိုး (၆၀၀၀၀) ကျော်သွားသည်ကို တွေ့လိုက်ရ၏။ ဆေးဝိုင်က ခါးသော်လည်း သူ ပျော်ရွှင်စွာ သောက်နေမိလေသည်။

‘ဒီခရီးစဉ်က တကယ့်ကို အမြတ်ကြီးစားပဲ... နှမြောစရာက ဝိညာဉ်ကျောက်တုံး (၂) မျိုး လိုနေသေးတယ်... အကြီးအကဲ အဂူဒို ဘယ်တော့ ထွက်လာမလဲ မသိဘူး... မေးကြည့်ရမယ်’

ဒီလို တွေးပြီး ယဲ့ဖုန်း တံခါးဝဆီသို့ လျှောက်သွားလိုက်သည်။

လုံထျန်းရှင်း ကတော့ မိသားစုနှင့်အတူ ပျော်ရွှင်စွာ နေနေလေသည်။

"အဟမ်း.. အဟမ်း... ဂိုဏ်းချုပ်ယဲ့... ဘယ်သွားမလို့လဲ"

လုံကျိုက ရုတ်တရက် ထွက်ပေါ်လာပြီး ချောင်းဟန့်ကာ မေးလိုက်၏။

"အကြီးအကဲ လုံကျို လာတာ ကွက်တိပဲ... ကျွန်တော် ကမ္ဘာငယ် (၃၀၀၀) ထဲကို ပြန်ဝင်လို့ ရသေးလား သိချင်လို့ပါ"

ဟု ယဲ့ဖုန်းက မေးလိုက်၏။

"ဂိုဏ်းချုပ်ယဲ့က ဘာဝင်လုပ်မလို့လဲ"

လုံကျို နားမလည်ပါ။

"အထဲမှာ တန်ဖိုးအရှိဆုံး ဝိညာဉ်သစ်သီးတွေကို ကျုပ်တို့ ခူးပြီးပြီလေ... အဲ့ဒါကလွဲရင် တခြား ကောင်းကင်ဘုံရတနာတွေ မရှိတော့ဘူး... ဝင်ရတာ ပျော်စရာ မကောင်းပါဘူး"

"ကျွန်တော့်မှာ တခြားကိစ္စ ရှိပါသေးတယ်"

လုံကျို ခေါင်းညိတ်လိုက်၏။

"ဝင်လို့တော့ ရပါတယ်... တံခါးက (၃) ရက်နေမှ လုံးဝ ပိတ်သွားမှာ ဆိုတော့လေ"

"ဒါဆို ကျွန်တော် ဝင်လိုက်မယ်နော်.."

ယဲ့ဖုန်း ဆုံးဖြတ်ချက် ချလိုက်တော့သည်။

အချိန်အနည်းငယ် ကြာပြီးနောက်၊

လုံကျို၊ လုံအာနှင့် အခြား အကြီးအကဲများသည် ဧရာမ တံခါးကြီးရှေ့တွင် ရပ်နေကြသည်။ လရောင်ကျောက်တုံးကို ကိုင်ဆောင်ပြီး ကောင်းကင်ယံကို ဖြတ်သန်းသွားသော လေညှင်းတစ်ချက်ကဲ့သို့ ကမ္ဘာငယ် (၃၀၀၀) ထဲသို့ ပြန်လည် ဝင်ရောက်သွားသော ယဲ့ဖုန်းကို ရှုမျှော်ကြည့်နေကြ၏။

"ဂိုဏ်းချုပ်ယဲ့... သတိထားပါ... အချိန် နေ့ဝက်ပဲ လိုတော့ရင် ကျုပ်တို့ စက္ကူ ကြိုးကြာရုပ် လွှတ်ပြီး အကြောင်းကြားပါမယ်... အဲ့ကျရင် ပြန်လာဖို့ မမေ့ပါနဲ့... မဟုတ်ရင် (၃) လ စောင့်ရလိမ့်မယ်..."

ကောင်းကင်ယံတွင် ပျံသန်းနေသော ယဲ့ဖုန်းသည် အနောက်မှ အသံကို ကြားလိုက်ရ၏။

"ဆိုလိုတာက ငါ့မှာ (၂) ရက်ခွဲပဲ အချိန်ကျန်တော့တာပေါ့"

ယဲ့ဖုန်း မသိမသာ ရေရွတ် လိုက်ပြီး ကမ္ဘာငယ် (၃၀၀၀) အတွင်း အမြန်ဆုံး အရှိန်ဖြင့် ပျံသန်းသွားလေတော့သည်။

တစ်နာရီ ကုန်ဆုံးသွား၏။

ယဲ့ဖုန်း သစ်သား ဝိညာဉ်ကျောက်တုံး ရော၊ ရေခဲ ဝိညာဉ်ကျောက်တုံး ပါ ရှာမတွေ့သေးပေ။

နေ့ဝက် ကုန်ဆုံးသွားသည်။

ယဲ့ဖုန်း ဘာမှ ရှာမတွေ့သေး။

သို့သော် လမ်းတစ်လျှောက်တွင် သောင်းကျန်းနေသော နတ်ဆိုးသားရဲ အများအပြားကို ခပ်ပြုံးပြုံး ဖြင့် ရှင်းလင်းပေးခဲ့ရာ၊ ဂုဏ်သတင်းတန်ဖိုးများစွာ ရရှိခဲ့ပြီး၊ ဒေသခံများထံမှ လက်ဆောင်ပစ္စည်းများစွာလည်း ရရှိခဲ့ပါသည်။

အထူးသဖြင့် ရွာတစ်ရွာကို ဖြတ်သန်းစဉ် ယဲ့ဖုန်း ထူးဆန်းသော စကားအချို့ကို ကြားလိုက်ရ၏။

ဥပမာ -

"ဒါ မေပယ်နတ်ဘုရား အတွက် ပူဇော်ထားတာ... ခိုးမစားနဲ့.."

"ငါ မေပယ်နတ်ဘုရားရဲ့ ကလေးကို မွေးချင်တယ်.."

"မေပယ်နတ်ဘုရား... ကျွန်မ ခေါင်းလေးကို ပုတ်ပေးပါ.."

ယဲ့ဖုန်း ထိုပေါက်ကရ စကားများကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

ထိုအချိန်တွင် သူသည် "နဂါးဆင် ရှေးဟောင်းမြို့တော်"အနီးရှိ အလယ်အလတ်စား ကမ္ဘာငယ် တစ်ခုထဲသို့ ဝင်ရောက်လာခဲ့၏။ တစ်ချက် ကြည့်လိုက်ရာ သုံးပုံနှစ်ပုံက ရေများ ဖြစ်ပြီး ရှေးဟောင်းမြို့တော် တစ်ခုတည်းသာ ရှိသည်ကို တွေ့လိုက်ရသည်။ တခြား ဘာမှ မတွေ့ရသဖြင့် ပြန်ထွက်ရန် ပြင်လိုက်လေသည်။

“ကလွက်..”

ရေခဲ ကွဲအက်သံ တစ်ခု ယဲ့ဖုန်း၏ နားထဲသို့ ဝင်ရောက်လာ၏။

ယဲ့ဖုန်း၏ မျက်လုံးများ ရိပ်ခနဲ တောက်ပ သွားပြီး အသံလာရာသို့ လှည့်ကြည့်လိုက်သည်။

မိုင် (၁၀) ကျော် ကျယ်ဝန်းသော ရေကန်ကြီး၏ အလယ်တွင် အေးစက်သော လေထုများ ရုတ်တရက် ထွက်ပေါ်လာတော့၏။ ရေခဲဓားကြီး နှစ်လက် ကိုင်ဆောင်ထားသော (၃) မီတာခန့် မြင့်သည့် ရေခဲဘီလူးကြီး တစ်ကောင် ဖြစ်ပေါ်လာကာ၊ ကန်ဘောင်ရှိ ရှေးဟောင်းမြို့တော်ဆီသို့ ဦးတည် သွားနေသည်တည်း။

အေးစက်သော အရှိန်အဝါများ လျင်မြန်စွာ လွှမ်းမိုးသွားလေတော့သည်။

"ဒုက္ခပဲ... ရေခဲဘီလူးကြီး ပြန်ပေါ်လာပြီ.."

"မြန်မြန်... သူတော်စင် မင်းသမီးကို သွားပင့်ကြ.."

ရေကန်ဘေးရှိ ရှေးဟောင်းမြို့တော် တစ်ခုလုံး ချောက်ခြား သွား၏။

ကောင်းကင်ယံတွင် ရပ်နေသော ယဲ့ဖုန်းသည် လူငယ်တစ်ဦး ခြေလှမ်းကျဲကျဲ ဖြင့် မြို့တော်နှင့် မီတာရာချီဝေးသော ခရမ်းရောင် ဝါးတောဆီသို့ ပြေးသွားသည်ကို တွေ့လိုက်ရသည်။

ကြည့်ရတာ သူတော်စင် မင်းသမီးက ထိုဝါးတောထဲမှာ နေပုံရသည်။

လက်ဖက်ရည် တစ်အိုးကျိုချိန်လောက် အကြာတွင်၊

ခရမ်းရောင် ဝတ်ရုံ လွှမ်းခြုံထားသော ပုံရိပ်တစ်ခုသည် ကောင်းကင်ယံသို့ ပျံတက်လာပြီး၊ လက်ထဲတွင် ရောင်စုံ ပုလင်းတစ်လုံးကို ကိုင်ဆောင်ထား၏။

"ဓာတ်ကြီး ငါးပါး စုစည်းခြင်း (၁) ဆင့်... ဟေ... သူ့ကျင့်ကြံမှုအဆင့်က ကမ္ဘာငယ် (၃၀၀၀) ရဲ့ ဖိနှိပ်မှုကို မခံရပါလား"

ယဲ့ဖုန်း သူတော်စင် မင်းသမီးကို အံ့ဩစွာ ကြည့်လိုက်မိသည်။

"မင်းရဲ့ မိုက်မဲမှုတွေကို ရပ်လိုက်စမ်း.."

သူတော်စင် မင်းသမီးသည် ကန်ဘောင်သို့ ရောက်သည်နှင့် တပြိုင်နက်၊ မီတာ (၁၀) ကျော်အကွာရှိ ရေခဲဘီလူးကြီးကို မိန်းမငယ်လေး တစ်ယောက်၏ အသံဖြင့် လှမ်းဆူပူလိုက်၏။

"ဆယ်စုနှစ်တွေ ကြာသွားပြီ... အရင်မျိုးဆက် သူတော်စင် သေသွားလို့ ဒီလို ကလေးမလေးကို အရိုက်အရာ လွှဲပေးခဲ့တာလား... သနားစရာ ကောင်းလိုက်တာ"

ရေခဲဘီလူးကြီးက သူတော်စင် မင်းသမီးကို ကြည့်ပြီး ရက်စက်စွာ ရယ်မောလိုက်၏။

အရိုက်အရာ..

ကျင့်ကြံမှုအဆင့်ကို လက်ဆင့်ကမ်းတာများလား။

ဒါကြောင့် ကမ္ဘာငယ် (၃၀၀၀) ရဲ့ ဖိနှိပ်မှုကို မခံရတာလား။

သူတို့ ပြောစကားတွေကို ကြားပြီး ယဲ့ဖုန်း စဉ်းစားခန်း ဝင်သွားသည်။

"အရင်မျိုးဆက် သူတော်စင်တုန်းက ငါ့ကို တားဆီးဖို့ ဒဏ်ရာအပြင်းအထန် ရသွားခဲ့တာ... မင်းလို အမွှေးမစုံသေးတဲ့ ကောင်မလေးက ငါ့ကို ယှဉ်ချင်တာလား"

ရေခဲဘီလူးကြီး လှောင်ပြောင်လိုက်ပြီး ရေခဲဓားနှစ်လက်ကို ဝှေ့ယမ်းကာ အဝေးမှ လှမ်းခုတ်လိုက်၏။

လေထုထဲတွင် ရေခဲဓားသွား ရာပေါင်းများစွာ ပြည့်နှက်သွားပြီး၊ ကြောက်မက်ဖွယ် အေးစက်သော အရှိန်အဟုန်ဖြင့် ပျံသန်းလာကြသည်။

"ရေဝိညာဉ် ကိုယ်ခန္ဓာ.."

သူတော်စင် မင်းသမီးသည် ပုလင်းထဲမှ ရေတစ်စက်ကို သွန်ချလိုက်ရာ၊ ချက်ချင်းပင် လှိုင်းတံပိုးများဖြင့် ပြုလုပ်ထားသော ဧရာမ လူကြီးအဖြစ် ပြောင်းလဲသွား၏။ ထိုရေလူကြီးသည် လက်ဖဝါးများကို ရှေ့သို့ တွန်းထုတ်လိုက်ရာ ရေကန့်လန့်ကာကြီး တစ်ခု ဖြစ်ပေါ်လာပြီး ရေခဲဓားသွားများကို တားဆီးလိုက်၏။

"ဒီသိုင်းကွက်ကြီးပဲလား... ကွဲစမ်း.."

ရေခဲဘီလူးကြီးသည် ချက်ချင်း အနားရောက်လာပြီး ဓားနှစ်လက်ဖြင့် သည်းကြီးမည်းကြီး ခုတ်ပိုင်းလိုက်ရာ၊ ထိုရေအလွှာကြီး အပိုင်းပိုင်းအစစ ကွဲကြေသွား၏။ ထို့နောက် လက်ဝါးတစ်ချက် ထပ်ရိုက်လိုက်ရာ သူတော်စင် မင်းသမီးသည် သွေးများ အန်ကာ နောက်သို့ လွင့်စင်သွားသည်။ ကန်ဘောင်ပေါ်သို့ အရုပ်ကျိုးပြတ် ပစ်ကျ သွားလေတော့သည်။

သူတော်စင် မင်းသမီးသည် မြေကြီးပေါ်တွင် လဲလျောင်းနေပြီး၊ သူမ၏ မျက်နှာဖုံး ကွာကျသွားကာ ရုပ်သွင်အမှန် ပေါ်ထွက်လာ၏။

လှပသော်လည်း (၁၆) နှစ်ခန့်သာ ရှိသေးသော နုနယ်သည့် မျက်နှာလေး ဖြစ်သည်။ ယခုအခါ ဖြူဖပ်ဖြူရော် ဖြစ်နေကာ ပါးစပ်ထောင့်တွင် သွေးများ စွန်းထင်းနေ၏။

သူမ ကောင်းကင်ကို မော့ကြည့်လိုက်ရာ ယဲ့ဖုန်း ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားရသည်။

အစကတည်းက ဒီနားမှာ ပျံသန်းနိုင်တဲ့ လူတစ်ယောက် ရှိနေတာကို သူမ မသိလိုက်ပါလား။

နတ်ဘုရားလား။

သူတော်စင် မင်းသမီး၏ နှလုံးသား ခုန်တက်သွား၏။

"နတ်ဘုရား... ကျေးဇူးပြုပြီး ကျွန်မတို့ မြို့တော်ကို ကယ်ပါဦး"

သူတော်စင် မင်းသမီးသည် ယဲ့ဖုန်းရှေ့တွင် ဒူးထောက်ပြီး ငိုယိုကာ တောင်းပန် လိုက်၏။

မြို့သူမြို့သားများသည် သူတော်စင် မင်းသမီး ရှုံးနိမ့်သွားသည်ကို မြင်ပြီး မျှော်လင့်ချက်မဲ့နေကြပြီ ဖြစ်သည်။

သို့သော် သူတို့ ကိုးကွယ်သော သူတော်စင် မင်းသမီးက လေထဲတွင် ရှိနေသော သူစိမ်းတစ်ယောက်ကို ဒူးထောက် အကူအညီတောင်းနေသည်ကို မြင်လိုက်ရသောအခါ၊ သူတို့၏ မျှော်လင့်ချက် မီးတောက်များ ပြန်လည် ရှင်သန်လာကြ၏။

"လူကြီးတွေ ပြောဖူးတယ်... ဒီကမ္ဘာကို နတ်ဘုရားတွေ ဖန်တီးခဲ့တာတဲ့"

"တစ်နေ့ကျရင် နတ်ဘုရား တစ်ပါး ဆင်းလာပြီး သက်ရှိ အားလုံးကို ကယ်တင်လိမ့်မယ်တဲ့"

"ဒီအရှင်က အဲ့ဒီ နတ်ဘုရားများလား"

မြို့တော်မှ သက်ကြီးရွယ်အိုများ စိတ်လှုပ်ရှားလာကြတော့၏။

ယဲ့ဖုန်းက နှုတ်ဆိတ်လျက်သာ နေလေသည်။

စောစောက သူ.. စနစ်ကို မေးကြည့်လိုက်ရာ မမျှော်လင့်ထားသော အဖြေ တစ်ခု ရရှိခဲ့၏။

သူတော်စင် မင်းသမီး အသုံးပြုသော စွမ်းအားသည် တကယ်တော့ "ယုံကြည်မှု စွမ်းအား" ပင် ဖြစ်လေသည်။

သို့သော် ဤယုံကြည်မှု စွမ်းအားသည် သန့်စင်ပြီး အမှတ်တံဆိပ် ခတ်နှိပ်ထားသဖြင့် တစ်ဆက်မှ တစ်ဆက် လက်ဆင့်ကမ်းနိုင်၏။ ယုံကြည်မှု စွမ်းအား များများ ထည့်သွင်းလေလေ၊ ဆက်ခံသူ သူတော်စင်က ပိုမို သန်မာလေလေ ဖြစ်လေသည်။

"ယုံကြည်မှု စွမ်းအားကို ဒီလိုလည်း သုံးလို့ ရတာကိုး... ဗဟုသုတ ရသွားပြီ"

ယဲ့ဖုန်း သတိပြန်ဝင်လာပြီး၊ သူ့ခေါင်းပေါ်သို့ ဓားကြီးဖြင့် ခုတ်ချနေသော ရေခဲဘီလူးကြီးကို ကြည့်လိုက်ရာ၊ မျက်လုံးထဲတွင် လှုပ်ရှားမှု လုံးဝ မရှိပေ။

“ချွင်.. ချွင်.. ချွင်..”

ရေခဲဘီလူးကြီးသည် ရေခဲဓားများကို ဒရောသောပါး ဝှေ့ယမ်း ခုတ်ပိုင်းနေသော်လည်း၊ လေဝိညာဉ်ပုလဲက ယဲ့ဖုန်း ဘေးပတ်လည်တွင် ဖောက်ထွင်းမြင်နိုင်သော ဒိုင်းကာတစ်ခု ဖန်တီးထားပြီး ဖြစ်သဖြင့်၊ လုံးဝ မထိခိုက်နေပေ။

မြို့သူမြို့သားများနှင့် သူတော်စင် မင်းသမီး အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

သူတို့ မြင်လိုက်ရသည်မှာ ရေခဲဘီလူးကြီးက ယဲ့ဖုန်းကို အရူးအမူး ခုတ်ပိုင်းနေသော်လည်း၊ ခုတ်ချက်တိုင်းသည် ယဲ့ဖုန်းနှင့် (၃) မီတာ အကွာတွင် မမြင်ရသော စွမ်းအား တစ်ခုဖြင့် ပြန်ကန်ထွက်နေခြင်းပင်။

"ဟုတ်တယ်... သူက နတ်ဘုရားပဲ ဖြစ်ရမယ်.."

"ဒဏ္ဍာရီတွေအရ နတ်ဘုရားတွေမှာ ပြင်ပစွမ်းအားတွေကို တားဆီးနိုင်တဲ့ နတ်ဘုရားနယ်ပယ် ရှိတယ် တဲ့"

"နတ်ဘုရား... နောက်ဆုံးတော့ ကိုယ်ထင်ပြပါပြီ.."

မြို့သူမြို့သားများ တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လိုက်ကြ၏။

သို့သော် အများစုမှာ ထုံထိုင်းနေကြဆဲပင်။

သူတို့က ငယ်လွန်းသေးသဖြင့် နတ်ဘုရားများအပေါ် လုံလောက်သော လေးစားမှုနှင့် အသိပညာ မရှိကြသေးပေ။

သူတော်စင် မင်းသမီးသည် မတ်တတ်ရပ်ဖို့ ကြိုးစားရင်း၊ လေပြင်းကြောင့် ဝတ်ရုံစ လွင့်ပါသွားရသည်။ ဒူးခေါင်းလောက်အထိ ရှည်သော ခရမ်းရောင် ဆံနွယ်များ လေထဲတွင် ကခုန်နေသည်ကို သတိမမူမိဘဲ၊ ယဲ့ဖုန်းကို အားကျသော မျက်လုံးများဖြင့် မမှိတ်မသုန် ကြည့်နေမိသည်။

"အား... ဘာလို့ ခုတ်လို့ မရတာလဲ.."

"ရေခဲဓားသွား တစ်ထောင်.."

"နှင်းလူသား တိုက်ခိုက်မှု.."

"မုန်တိုင်း ကျရောက်စေ.."

ရေခဲဘီလူးကြီးသည် သည်းကြီးမည်းကြီး တိုက်ခိုက်လေတော့သည်။ နှင်းမုန်တိုင်းများ၊ ရေခဲဓားသွားများ နှင့် မရေမတွက်နိုင်သော နှင်းလူသားများ ယဲ့ဖုန်းဆီသို့ ပြေးဝင်လာကြ၏။ သူတို့၏ တိုက်ခိုက်စွမ်းရည်သည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ဓာတ်ကြီး ငါးပါး စုစည်းခြင်း (၄) ဆင့် ရှိသူကိုပင် နောက်ဆုတ်သွားစေနိုင်လေသည်။

သို့သော် ယဲ့ဖုန်းကတော့ ကျောက်ဆောင်ပမာ မလှုပ်မယှက်။

သူက လေဝိညာဉ်ပုလဲ ဒိုင်းကာရဲ့ ခံနိုင်ရည်ကို စမ်းသပ်နေတာ ဖြစ်ပြီး၊ ရလဒ်က သူ့ကို စိတ်မပျက်စေခဲ့ပေ။

"မင်း..တိုက်ခိုက်လို့ ဝပြီလား"

ရေခဲဘီလူးကြီး မောဟိုက်ပြီး ရပ်တန့်သွားချိန်တွင် ယဲ့ဖုန်း စကားစပြောလိုက်၏။ အသံက တည်ငြိမ်သော်လည်း ဘီလူးကြီး၏ နားထဲတွင် မိုးကြိုးပစ်သံလို ကျယ်လောင်စွာ ပဲ့တင်ထပ်သွားလေသည်။

"မ... မဝသေး..."

ရေခဲဘီလူးကြီး အလိုလို ပြန်ဖြေလိုက်မိသော်လည်း၊ စကားမဆုံးခင်မှာပင် ယဲ့ဖုန်း လှုပ်ရှားလိုက်ပြီ ဖြစ်၏။

“ရွှပ်..”

လေဓာတ် ဝိညာဉ်စွမ်းအင် ဓားသွား တစ်ခု ပစ်လွှတ်လိုက်ရာ၊ မျက်စိကျိန်းလောက်အောင် တောက်ပသော နတ်ဘုရားအလင်းတန်း အဖြစ် ပြောင်းလဲသွားပြီး၊ ရေခဲ ဘီလူးကြီးကို အလွယ်တကူ အပိုင်းပိုင်းအစစ ခုတ်ပိုင်းပစ်လိုက်၏။

ရေခဲဘီလူးကြီးသည် ကြောက်ရွံ့မှုနှင့် မကျေနပ်မှုများဖြင့် သေဆုံးသွားပြီး၊ "ရေခဲ ဝိညာဉ်ကျောက်တုံး"အဖြစ် ပြောင်းလဲသွားလေတော့သည်။

"သစ်သား ဝိညာဉ်ကျောက်တုံး ပဲ ကျန်တော့တယ်..."

ယဲ့ဖုန်း ရေခဲ ဝိညာဉ်ကျောက်တုံးကို သိမ်းလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်၏။

"နတ်ဘုရား... ကျွန်မက အရှင့်ရဲ့ သစ္စာရှိ အစေအပါးပါ... ကျေးဇူးပြုပြီး လက်ခံပေးပါ.."

သူတော်စင် မင်းသမီးသည် မြေကြီးပေါ်တွင် ဒူးထောက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။

"ငါက မင်းတို့ရဲ့ နတ်ဘုရား မဟုတ်ပါဘူး"

ယဲ့ဖုန်း ခရမ်းရောင် ဆံပင်နှင့် မိန်းကလေးကို တစ်ချက် ကြည့်လိုက်ပြီး၊ ငယ်ရွယ်သေးကြောင်း တွေ့ရသဖြင့် ပြန်ဖြေကာ ပျံသန်းထွက်ခွာရန် ပြင်လိုက်၏။

"မဟုတ်ဘူး... အရှင်က နတ်ဘုရားပါ.. ရှေးရှေးက သူတော်စင်တွေ ဟောကိန်းထုတ်ခဲ့တာက နတ်ဘုရား ပေါ်ထွက်လာပြီး နတ်ဆိုးတွေကို နှိမ်နင်းပြီးတော့ လူသားတွေကို ကယ်တင်လိမ့်မယ်တဲ့"

သူတော်စင် မင်းသမီးသည် ဖန်လုံး တစ်လုံး ထုတ်ယူလိုက်ပြီး၊ လက်ချောင်းကို ကိုက်ကာ သွေးတစ်စက် ချလိုက်ရာ၊ ဖန်လုံးပေါ်တွင် ပုံရိပ်တစ်ခု ပေါ်လာတော့၏။

ထိုပုံရိပ်သည် လေထဲတွင် ရပ်နေပြီး လူအုပ်ကြီးကို ကျောပေးထားကာ၊ ရေခဲဘီလူးကြီးကို တိုက်ခိုက်နေသော ပုံရိပ် ဖြစ်လေသည်။

ယဲ့ဖုန်း ကြည့်လိုက်ရာ ဝါးတားတား ပုံရိပ်တစ်ခုသာ ဖြစ်ပြီး ဘယ်သူနှင့်မဆို တူနိုင်သည်ကို တွေ့လိုက်ရ၏။

သူတော်စင် မင်းသမီး ဆက်ပြောလေသည်။

"ဘိုးဘေးတွေရဲ့ မှာတမ်းအရ နတ်ဘုရား ပေါ်ထွက်လာပြီးရင် သူတော်စင်က သူ့ဘေးနားမှာ လိုက်ပါပြီး တစ်သက်လုံး အလုပ်အကျွေး ပြုရမယ် တဲ့"

ယဲ့ဖုန်းကတော့ တိုက်ဆိုင်မှုလို့သာ ထင်ပြီး ခေါင်းခါကာ ထွက်ခွာရန် ပြင်လိုက်ပြန်သည်။

ရုတ်တရက် သူ တစ်ခုခုကို သတိရသွားပြီး မြေပြင်ပေါ်သို့ ဆင်းသက်ကာ သူတော်စင် မင်းသမီး ရှေ့တွင် ရပ်လိုက်၏။

ချောမောသော ယဲ့ဖုန်းကို ကြည့်ပြီး သူတော်စင် မင်းသမီး ရှက်သွေးဖြာသွားရ၏။ သူမ ရှေ့က လူသားသည် မြို့တော်ရှိ အချောဆုံး ယောက်ျားလေးထက်ပင် ပိုမို ခန့်ညားသဖြင့် တကယ့် နတ်ဘုရား ဖြစ်ထိုက်သည်ဟု တွေးမိလိုက်လေသည်။

ထိုအချိန်တွင် ယဲ့ဖုန်း စိတ်ထဲမှ စနစ် ကို မေးလိုက်၏။

"စနစ်ရေ၊ ဒီမိန်းကလေးက ငါတို့ မြူခိုးဂိုဏ်းရဲ့ တပည့် ဖြစ်ဖို့ အရည်အချင်း ပြည့်မီလား"

"ပြည့်မီပါတယ်"

စနစ် က အတည်ပြုပေးလိုက်၏။

ယဲ့ဖုန်း မျက်လုံးများ ဝင်းပသွားပြီး မေးလိုက်တော့၏။

"မင်းရဲ့ ကျင့်ကြံခြင်းအရိုး အခြေအနေ ဘယ်လိုလဲ"

"ကျင့်ကြံခြင်းအရိုး လား"

သူတော်စင် မင်းသမီး ကြောင်သွားပြီး၊ လက်ကောက်ဝတ်တွင် ဝတ်ထားသော ကြွက်ခေါင်းခွံ ဆွဲကြိုးလေးကို ဖြုတ်လိုက်ကာ မေးလိုက်၏။

"နတ်ဘုရား ပြောတာ ဒါကို ဆိုလိုတာလားဟင်"

ယဲ့ဖုန်း - "..."

ကောင်းပါပြီလေ..

‘ကြည့်ရတာ ဒီကောင်မလေးက ကျင့်ကြံခြင်းအရိုး ဆိုတာ ဘာလဲ နားမလည်ဘူး... သို့မဟုတ် ကျင့်ကြံခြင်း အကြောင်း လုံးဝ နားမလည်ဘူးပဲ။ သူ့မှာ ဓာတ်ကြီး ငါးပါး စုစည်းခြင်း (၁) ဆင့် စွမ်းအား ရှိနေတာက ယုံကြည်မှု စွမ်းအားကို ဆက်ခံထားလို့ ဖြစ်ရမယ်။’

ဒီလို တွေးပြီး ယဲ့ဖုန်းသည် အုတ်ခဲပုံသဏ္ဍာန် ကျောက်စိမ်းတုံး တစ်တုံးကို ထုတ်ယူလိုက်၏။

ဒါက "ကျင့်ကြံခြင်းအရိုး စမ်းသပ် ကျောက်စိမ်းတုံး အသေးစား" ဖြစ်ပြီး၊ လေနတ်ဘုရား မြို့တော်တွင် လမ်းလျှောက်ရင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၀၀) ပေးပြီး ဝယ်လာခဲ့တာ ဖြစ်သည်။ အတွင်းတွင် ဝိညာဉ်စွမ်းအင် ပါဝင်ပြီး၊ လက်ဖြင့် ထိလိုက်ရုံနှင့် တခြားသူ၏ ကျင့်ကြံခြင်းအရိုး အဆင့်အတန်းကို လျင်မြန်စွာ စစ်ဆေးပေးနိုင်လေသည်။

ယဲ့ဖုန်း သူတော်စင် မင်းသမီးကို ပြောလိုက်၏။

"ကဲ... ဒါကို လာထိကြည့်စမ်း”

အခန်း (၁၈၅) - မူဟွာဝိညာဉ်ကျောက်တုံး၊ လောကအမြင် ပြောင်းပြန်လှန်ခြင်း

~"ထိ... ထိရမှာလား"

သူတော်စင် မင်းသမီး ကြောင်အသွားမိသည်။

မိန်းကလေး ဖြစ်သည့်အလျောက် သူမသည် အမြဲတမ်း ဣန္ဒြေသိက္ခာ ထိန်းသိမ်းခဲ့သော်လည်း၊ ယခု ယဲ့ဖုန်း၏ ပါးစပ်မှ ထိုကဲ့သို့ ရင့်သီးသော စကားလုံးကို ကြားလိုက်ရသဖြင့်၊ သူမ၏ မျက်နှာသည် ရင့်မှည့်နေသော ပန်းသီးတစ်လုံးအလား နီမြန်းသွားလေတော့သည်။

သို့သော် သူတော်စင် မင်းသမီးသည် ယဲ့ဖုန်းကို နတ်ဘုရားတစ်ပါးအဖြစ် မှတ်ယူထားသဖြင့်၊ သူ၏ စကားများကို အမိန့်တော်များအဖြစ် သဘာဝကျကျ လက်ခံလိုက်၏။

သူမ၏ နုနယ်သော လက်ကလေးသည် ကျင့်ကြံခြင်းအရိုး စမ်းသပ် ကျောက်စိမ်းတုံးပေါ်သို့ ကျရောက်သွားသည်နှင့် တပြိုင်နက်၊ အေးမြသော ဝိညာဉ်စွမ်းအင် လှိုင်းတစ်ခုသည် သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွား၏။ တစ်ခါမှ မကြုံဖူးသော အေးမြလန်းဆန်းမှုကို ခံစားလိုက်ရသဖြင့် တုန်ရီသွားမိလေသည်။

ဝိညာဉ်စွမ်းအင်သည် သူတော်စင် မင်းသမီး၏ ခန္ဓာကိုယ်အနှံ့ လှည့်ပတ်စီးဆင်းပြီးနောက် ကျောက်စိမ်းတုံးထဲသို့ ပြန်လည် ဝင်ရောက်သွား၏။

ထို့နောက် ယဲ့ဖုန်းသည် ကျောက်စိမ်းတုံး၏ မျက်နှာပြင်ကို မမှိတ်မသုန် စစ်ဆေးလိုက်လေသည်။

အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း... အရောင်လေးမျိုး တပြိုင်နက် လင်းလက်လာ၏။

"ရှူး.."

ယဲ့ဖုန်း လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။

ကျင့်ကြံခြင်းအရိုးအား အဆင့်နိမ့်၊ အလယ်အလတ်၊ အဆင့်မြင့်၊ ထိပ်တန်း၊ နတ်ဘုရား နှင့် သူတော်စင် ဟူ၍ အဆင့် (၆) ဆင့် ခွဲခြားထားလေသည်။

အရောင်လေးမျိုး လင်းတယ်ဆိုတာ... ထိပ်တန်းအဆင့် ပဲ..

ယဲ့ဖုန်းသည် ကျောက်စိမ်းတုံးကို သိမ်းလိုက်ပြီး၊ ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ တည်ကြည်လေးနက် စွာ မေးလိုက်၏။

"ငါက မြူခိုးဂိုဏ်း ဂိုဏ်းချုပ် ယဲ့ဖုန်းပဲ... မင်း မြူခိုးဂိုဏ်းကို ဝင်ပြီး ငါ့တပည့်အဖြစ် ခံယူချင်သလား"

"မြူခိုးဂိုဏ်း ဆိုတာ ဘာလဲဟင်"

သူတော်စင် မင်းသမီး နားမလည်စွာ မေးလိုက်သည်။

"ငါ ပိုင်ဆိုင်တဲ့ ဂိုဏ်းပေါ့"

ဟု ယဲ့ဖုန်းက ရှင်းပြလိုက်၏။

သူတော်စင် မင်းသမီးသည် ဂိုဏ်းဆိုတာ ဘာလဲ နားမလည်သော်လည်း၊ ယဲ့ဖုန်း ပိုင်ဆိုင်သော အဖွဲ့အစည်းကို ဝင်ရောက်ခြင်းသည် နတ်ဘုရား၏ ဘေးနားတွင် အမြဲနေခွင့်ရမည်ဟု အကြမ်းဖျင်း နားလည်လိုက်၏။

ထို့ကြောင့် သူမသည် စိတ်လှုပ်ရှား တုန်ရီနေသော အသံဖြင့် မေးလိုက်လေသည်။

"ဒါဆိုရင် ကျွန်မက နတ်ဘုရားရဲ့ ဘေးနားမှာ နေပြီး တစ်သက်လုံး အလုပ်အကျွေး ပြုခွင့် ရမှာလားဟင်"

"အဲ့လိုမျိုးပေါ့"

ယဲ့ဖုန်း စဉ်းစားပြီးနောက် ထိုသို့သာ ဖြေလိုက်ရ၏။

‘ဘာပဲပြောပြော ဒါက ထိပ်တန်းအဆင့် ကျင့်ကြံခြင်းအရိုး ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်လေ... သေချာ ပြုစုပျိုးထောင်ပေးရင် မူရူရွှဲ့ အဆင့်ကို ရောက်နိုင်တယ်။ သူ့ကို လိမ်ပြောရရင်တောင် ဂိုဏ်းထဲ ရောက်အောင် အရင် ခေါ်ရမယ်။’

"ကျွန်မ လက်ခံပါတယ်"

သူတော်စင် မင်းသမီး ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ.."

ယဲ့ဖုန်း ဝမ်းသာအားရ ဖြစ်သွားသည်။

မြူခိုးဂိုဏ်းတွင် တပည့်ဦးရေ နည်းပါးသော်လည်း၊ တစ်ယောက်ချင်းစီက ထူးခြားသူများ ဖြစ်ကြလေသည်။ ယခု ထိပ်တန်းအဆင့် ကျင့်ကြံခြင်းအရိုး ပိုင်ရှင် သူတော်စင် မင်းသမီး ထပ်တိုးလာသဖြင့်၊ ဂိုဏ်း၏ အနာဂတ်သည် သေချာပေါက် တောက်ပလာပေလိမ့်မည်။

နာမည် မမေးရသေးသည်ကို ယဲ့ဖုန်း သတိရသွား၏။

"မင်း နာမည် ဘယ်လိုခေါ်လဲ"

"ကျိဇီလင်း ပါ"

ယဲ့ဖုန်း၏ မျက်လုံးများ ရိပ်ခနဲ တောက်ပ သွားပြီး၊ နာမည်လေးက လှသားပဲ ဟု တွေးလိုက်မိလေသည်။

သူမ လက်ထဲမှ ရောင်စုံပုလင်းကို ကြည့်ပြီး သူက ထပ်မေးလိုက်၏။

"ဒါက ဘာကြီးလဲ"

"ဒါက နတ်ဘုရား ဖန်တီးခဲ့တဲ့ နတ်ဘုရားလက်နက် ပါရှင့်... နတ်ဘုရားစွမ်းအားတွေ ထည့်ထားတဲ့ ပုလင်းပေါ့"

ကျိဇီလင်းက ရှင်းပြဘာ၏။

"အရမ်း ကြာမြင့်တဲ့ အချိန်ကတည်းက တည်ရှိခဲ့တာ... ပထမဆုံး သူတော်စင်က ရရှိခဲ့ပြီး မျိုးဆက်အလိုက် လက်ဆင့်ကမ်းခဲ့တာပါ"

"မင်းက ငါနဲ့ လိုက်ခဲ့မယ် ဆိုရင်... ဒီပုလင်းက ဘယ်လို လုပ်မလဲ"

ဟု ယဲ့ဖုန်း စပ်စုလိုက်ပြန်၏။

"ရှေးဟောင်းမြို့တော်မှာ သူတော်စင် မရှိလို့ မဖြစ်ပါဘူး... ကျွန်မက နတ်ဘုရားနောက် လိုက်မယ်ဆိုရင် ဒီပုလင်းကို နောက်ထပ် သူတော်စင်ဆီ လွှဲပြောင်းပေးခဲ့ရမှာပေါ့... ဒါမှ သူက မြို့တော်ကို ကာကွယ်နိုင်မှာလေ"

ကျိဇီလင်းက အရေးကြီးသော သတင်းအချက်အလက် တစ်ခုကို ဖွင့်ဟဝန်ခံ လိုက်သည်။

ဒါကတော့... အမွေဆက်ခံခြင်း..

"ဒါဆိုရင် လွှဲပြောင်းပေးမယ့် အခမ်းအနားကို မြန်မြန် လုပ်လိုက်... ပြီးရင် သွားကြစို့"

ယဲ့ဖုန်း ပြောလိုက်၏။ အချိန် သိပ်မရတော့ပေ။ ကမ္ဘာငယ် (၃၀၀၀) ၏ တံခါးပေါက်က နောက်ထပ် (၁) ရက် (၂) ရက်လောက်ပဲ ခံတော့မှာမို့ အချိန်ဖြုန်း၍ မရပါ။

"ဟုတ်ကဲ့ပါ..နတ်ဘုရား... ကျွန်မနောက် လိုက်ခဲ့ပါ"

ကျိဇီလင်းက လမ်းပြလိုက်သည်။

မကြာမီ သူတို့နှစ်ဦးသည် မြို့တော်အပြင်ဘက်ရှိ ခရမ်းရောင် ဝါးတောသို့ ရောက်ရှိလာကြ၏။

ထိုနေရာတွင် နေချင့်စဖွယ် ဝါးအိမ်လေး တစ်လုံး ရှိပြီး၊ ခြံဝင်းထဲတွင် အပြင်လောက၌ ရှာရခက်သော ဆေးဖက်ဝင် အပင်များစွာ စိုက်ပျိုးထားသည်ကို တွေ့ရပါသည်။ အဆင့်မမြင့်သော်လည်း၊ မျိုးစေ့အချို့ ယူသွားပြီး စိုက်ပျိုးလျှင် အကြံကောင်း တစ်ခု ဖြစ်ပေလိမ့်မည်။

ခြံဝင်း တံခါးပေါက်တွင် မှော်ကြိမ်လုံးအား ကိုင်ထားပြီး မီးခိုးရောင် ဝတ်ရုံ ဝတ်ဆင်ထားသော (၁၀) နှစ်အရွယ် ကလေးမလေး တစ်ယောက် ရပ်နေ၏။

ကျိဇီလင်းလောက် မလှပသော်လည်း၊ ကြီးလာရင် လှပမည့် ရုပ်ရည်မျိုး ရှိပြီး၊ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ယဲ့ဖုန်းနှင့် ကျိဇီလင်း ရောက်လာသည်ကို ကြည့်နေလေသည်။

"ယွီအာ... ဒါ နတ်ဘုရားပဲ... မြန်မြန် ဂါရဝပြုလိုက်"

ကျိဇီလင်း တိုက်တွန်းလိုက်၏။

"အာ.."

ကလေးမလေး ထိတ်လန့်သွားပြီး၊ မြေကြီးပေါ်တွင် ကပျာကယာ ဒူးထောက်လိုက်သော်လည်း၊ ဒူးမချရသေးခင်မှာပင် ယဲ့ဖုန်းက သူရဲကောင်း ဝိညာဉ်စွမ်းအားဖြင့် ဆွဲမလိုက်သည်။

"ငါ ဒီလို အခမ်းအနားတွေကို မကြိုက်ဘူး"

ပြောပြီးနောက် ယဲ့ဖုန်းက ကျိဇီလင်းကို လှည့်ပြောလိုက်၏။

"လွှဲပြောင်းပွဲ အမြန် လုပ်လိုက်တော့"

"ဟုတ်ကဲ့"

ကျိဇီလင်း အချိန်မဆွဲတော့ဘဲ ရောင်စုံပုလင်းကို ကလေးမလေး လက်ထဲသို့ ထည့်ပေးလိုက်ပြီး တည်ကြည်လေးနက် စွာ ပြောလိုက်သည်။

"ယွီအာ... အစ်မက နတ်ဘုရားနောက် လိုက်သွားတော့မှာ... ဒီနေ့ကစပြီး ညီမလေးက ရှေးဟောင်းမြို့တော်ရဲ့ သူတော်စင် ဖြစ်သွားပြီ... မှတ်ထားနော်... ဒီကမ္ဘာကြီးကို အစ်မအစား ကာကွယ်ပေးရမယ်"

ဒါကို ကြားတော့ ကလေးမလေး ဟင့်ခနဲ ငိုချလိုက်မိသည်။ သို့သော် ခွဲခွာရမည့် နေ့ ရောက်လာမည်ကို ကြိုသိထားသဖြင့် နှုတ်ခမ်းကို ကိုက်ကာ စကားမပြောဘဲ သည်းခံနေရှာသည်။

ကျိဇီလင်းသည် လက်ချောင်းကို ကိုက်လိုက်ပြီး၊ သွေးဖြင့် ရောင်စုံပုလင်းပေါ်တွင် အထူး သင်္ကေတတစ်ခု ရေးဆွဲလိုက်၏။ ထို့နောက် ကလေးမလေးကို ပြောလိုက်လေသည်။

"ယွီအာ... ညီမလေး အလှည့်ပဲ"

ကလေးမလေးသည် လက်ချောင်းကို ကိုက်ပြီး အလားတူ သင်္ကေတကို ပုလင်းပေါ်တွင် ရေးဆွဲလိုက်ရာ၊ ပုလင်းကို ထိန်းချုပ်နိုင်ခွင့် ရရှိသွားလေတော့သည်။

ယဲ့ဖုန်း ဘေးမှ ရပ်ကြည့်ရင်း ယုံကြည်မှု စွမ်းအားများ လွှဲပြောင်းသွားသည်ကို ခံစားလိုက်ရ၏။

ဒီအချိန်ကစပြီး ကျိဇီလင်းသည် ပုလင်းထဲမှ ယုံကြည်မှု စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ အများဆုံး သူမသည် ထိပ်တန်းအဆင့် ကျင့်ကြံခြင်းအရိုး ပိုင်ဆိုင်သော ပါရမီရှင် တစ်ယောက်သာ ဖြစ်တော့မည်။

သို့သော် ကျိဇီလင်း၏ ပါရမီက အလွန် မြင့်မားလေသည်။

ကျင့်ကြံခြင်း လမ်းကြောင်းပေါ် ရောက်သွားသည်နှင့်၊ အဆင့်တက်နှုန်းက သေချာပေါက် မြန်ဆန်ပေလိမ့်မည်။

ဒါကို ယဲ့ဖုန်း စိတ်ပူစရာ မလိုပေ။

"အစ်မ... နောက်ကျရင် ပြန်လာမှာလားဟင်"

ကလေးမလေးက ပုလင်းကို ပိုက်ထားရင်း ဝမ်းနည်းစွာ မေးလိုက်သည်။

ကျိဇီလင်း ဘာမှ မပြောဘဲ ယဲ့ဖုန်းကို လှမ်းကြည့်လိုက်လေသည်။

"ပြန်လာမှာပေါ့"

ယဲ့ဖုန်းက ဝင်ဖြေလိုက်သည်။

ကမ္ဘာငယ် (၃၀၀၀) ၏ တံခါးပေါက်ကို နဂါးမျိုးနွယ်စုက ထိန်းချုပ်ထားပြီး၊ လုံထျန်းရှင်းမှာ ထိပ်တန်းအဆင့် သွေးမျိုးဆက် ရှိသည် ဆိုတော့... ကျိဇီလင်း..အမှန်တကယ် ပြန်လာချင်လျှင် ပြဿနာ မရှိနိုင်ပေ။

"ကျေးဇူးတင်ပါတယ်.. နတ်ဘုရား"

ဟု ကျိဇီလင်း ကျေးဇူးတင်စကား ဆိုလိုက်၏။

ကလေးမလေး၏ မျက်ရည်များမှာ အပြုံးအဖြစ် ပြောင်းလဲသွားပြီး၊ လှပသော မျက်လုံးလေးများ လခြမ်းကွေးလေးများ ဖြစ်သွား၏။

"နတ်ဘုရား... ခဏလောက် စောင့်ပါဦး"

ကျိဇီလင်းသည် ဝါးအိမ်ထဲသို့ ပြန်ဝင်ပြီး ပစ္စည်းများ သိမ်းဆည်းလေတော့သည်။

ယဲ့ဖုန်း အပြင်မှာ ရပ်ရင်း ခြံဝင်းထဲက ဆေးဖက်ဝင် အပင်တွေကို ကြည့်ကာ ကလေးမလေးကို ပြောလိုက်၏။

"အစ်ကိုကြီး.. ဆေးဖက်ဝင် အပင်မျိုးစေ့ ယူသွားချင်လို့... ရှိလားကွ"

ကလေးမလေးသည် အလွန် ရှက်တတ်ပုံ ရပြီး ယဲ့ဖုန်းကို စကားမပြောရဲသော်လည်း၊ မျိုးစေ့ထုပ် အကြီးကြီး တစ်ထုပ်ကို ယူလာပေးပါသည်။

"ကျေးဇူးပါကွာ"

ယဲ့ဖုန်း ကလေးမလေး၏ ခေါင်းကို အသာပုတ်ပေးလိုက်၏။ ရုတ်တရက် အကြံတစ်ခု ရသွားပြီး၊ "ဝိညာဉ်မျက်လုံး ဆေးရည်" တစ်ပုလင်း နှင့် "ဓာတ်ငါးပါး ပေါင်းစည်းခြင်း" ကျင့်စဉ်၏ ပထမ (၃) ဆင့်ကို ချန်ထားပေးလိုက်ပါသည်။

"ဒါက မျက်လုံးဆေးဖို့... သုံးပြီးရင် ကမ္ဘာလောကရဲ့ ဝိညာဉ်စွမ်းအင်တွေကို မြင်ရလိမ့်မယ်... ဒါကတော့ ကျင့်စဉ် ပထမ (၃) ဆင့်ပဲ... စမ်းပြီး ကျင့်ကြံကြည့်ပေါ့"

ကလေးမလေး မျက်လုံးပြူးသွားပြီး၊ ထိုပစ္စည်းများကို ရတနာများသဖွယ် တယုတယ ကိုင်ထားလိုက်၏။

ထိုအချိန်တွင် ကျိဇီလင်းသည် သစ်သားသေတ္တာကြီး နှစ်လုံးကို သယ်ဆောင်ပြီး ထွက်လာသည်။

"နတ်ဘုရား... ကျွန်မ အဆင်သင့် ဖြစ်ပါပြီ"

ပြောပြီးနောက် သူမ ခေါင်းငုံ့ကာ ရှက်သွေးဖြာနေတော့၏။

ယဲ့ဖုန်း အံ့ဩသွားမိလေသည်။

"မိန်းကလေးတွေ အိမ်ပြောင်းရင် ဒီလောက် ပစ္စည်းတွေ များတတ်ကြသလား"

သို့သော် ယဲ့ဖုန်း ဂရုမစိုက်ပါ။ လက်ကို ဝှေ့ယမ်းလိုက်ပြီး သေတ္တာများကို စနစ် နေရာလပ် ထဲသို့ ထည့်လိုက်ကာ ပြောလိုက်၏။

"ငါ ယာယီ သိမ်းထားပေးမယ်... မြူခိုးတောင်ထိပ် ရောက်မှ ပြန်ပေးမယ်"

"ဟာ... ပျောက်သွားပြီ.."

ကလေးမလေး မျက်လုံးပြူးသွားတော့သည်။

ကျိဇီလင်း အစပိုင်းတွင် လန့်သွားသော်လည်း၊ ယဲ့ဖုန်းသည် နတ်ဘုရား ဖြစ်ကြောင်း သတိရသွားပြီး၊ ပစ္စည်းများကို ပျောက်ကွယ်သွားအောင် လုပ်နိုင်သည်မှာ မဆန်းကြောင်း တွေးမိကာ ခေါင်းညိတ်လိုက်၏။

"ကျေးဇူးတင်ပါတယ် နတ်ဘုရား"

ဒါကို ကြည့်ပြီး ယဲ့ဖုန်းမှာ ဒီကမ္ဘာက ပိုပြီး ထူးဆန်းကြောင်း တွေ့ရှိလိုက်ရ၏။

အရာများစွာက အပြင်လောကနဲ့ မကွာခြားပေမယ့်၊ ကျင့်ကြံခြင်း လမ်းစဉ်နှင့် ပတ်သက်လျှင် ဘာမှ မသိကြသလို၊ သိုလှောင်နယ်ပယ် အကြောင်းတောင် နားမလည်ကြပေ။ တမင်သက်သက် ရှောင်ကွင်းထားသလို သို့မဟုတ် ၊ ဖုံးကွယ်ထားသည်ထင့်။

သို့သော် ယဲ့ဖုန်းက.. မရှင်းပြတော့ပေ။

အပြင်ရောက်လျှင် ကျိဇီလင်း အလိုလို နားလည်သွားမှာပါ... ထိုအခါကျလျှင် သူမရဲ့ ကမ္ဘာအမြင် တစ်ခုလုံး ပြောင်းလဲသွားလိမ့်မည်။

"ကျေးဇူးတင်ပါတယ် နတ်ဘုရား... သွားလို့ ရပြီလားဟင်"

ယဲ့ဖုန်း ကလေးမလေးကို ကြည့်လိုက်သည်။

"ရှေးဟောင်းမြို့တော်က လူတွေကို မနှုတ်ဆက်တော့ဘူးလား"

"ပြီးတော့ ဟိုကလေးက ငယ်လွန်းတယ်... လူတွေ လေးစားပါ့မလား"

ထိုအခါ၊ ကျိဇီလင်း ခေါင်းခါလိုက်ပြီး ပြောလေသည်။

"သူတော်စင် တိုင်းက နောက်ထပ် ဆက်ခံမယ့်သူကို ကြိုတင် ရွေးချယ်ထားပြီးသားပါ... ယွီအာက နတ်ဘုရားလက်နက်နဲ့အတူ မြို့တော်ကို ပြန်ရောက်သွားရင် လူတွေ အလိုလို နားလည်သွားကြမှာပါ"

"ကောင်းပြီ... ဒါဆို သွားကြစို့"

ယဲ့ဖုန်း လက်ကို ဝှေ့ယမ်းလိုက်ရာ၊ သူရဲကောင်း ဝိညာဉ်စွမ်းအားက ကျိဇီလင်းကို မ,တင်လိုက်ပြီး၊ ကမ္ဘာ့အဝင်အထွက် ပေါက်ဆီသို့ ပျံသန်း ထွက်ခွာသွားကြ၏။

"တာ့တာ... အစ်မ ဇီလင်းရေ.."

ကလေးမလေးသည် သူတို့နောက်သို့ အဝေးကြီး လိုက်ပြေးလာပြီး၊ လက်ကလေး ဝှေ့ယမ်းကာ ဝမ်းနည်းစွာ နှုတ်ဆက်ကျန်ရစ်ခဲ့ရှာသည်။

လေထဲတွင် ကျိဇီလင်းက သိလိုစိတ်အား ထိန်းချုပ်မထားဘဲ မေးလိုက်လေသည်။

"နတ်ဘုရား... နတ်ဘုရားက ဒီကမ္ဘာရဲ့ ဘယ်နေရာမှာ နေတာလဲဟင်... ကျွန်မ အရင်တုန်းက တစ်ကမ္ဘာလုံး နှံ့အောင် ရှာတာတောင် ဘာလို့ မတွေ့ခဲ့တာလဲ"

"ဒီနယ်ပယ်ရဲ့ အပြင်ဘက်မှာ"

ထို့နောက် ကျိဇီလင်း၏ အံ့ဩသော မျက်လုံးများအောက်တွင်၊ ယဲ့ဖုန်းသည် လရောင်ကျောက်တုံးကို အသုံးပြုပြီး ကျောက်နံရံပေါ်ရှိ တံခါးပေါက်ကို ဖွင့်ကာ၊ ထိုကမ္ဘာမှ ထွက်ခွာလာခဲ့ကြ၏။

ကျယ်ပြောလှသော ကမ္ဘာငယ် (၃၀၀၀) ကြီးကို မြင်လိုက်ရသောအခါ၊ ကျိဇီလင်း မျက်လုံးပြူးသွား၏။

"ဒါ…နတ်ဘုရား ကမ္ဘာ လား"

ကျိဇီလင်း ဘေးဘီဝဲယာကို ကြည့်လိုက်ရာ၊ အပြင်လောကကြီးသည် သူမ နေထိုင်ခဲ့သော ကမ္ဘာထက် အဆပေါင်း (၁၀၀) မက ကြီးမားကြောင်း သဘောပေါက်လိုက်တော့သည်။

သူမ လာခဲ့သော ကမ္ဘာလေးက တကယ်ကို သေးငယ်လွန်းလှပါသည်။

"နတ်ဘုရား ကမ္ဘာ ဟုတ်လား"

ယဲ့ဖုန်း နှုတ်ခမ်းထောင့်များ မသိမသာ တွန့်ကွေးသွား၏။

ဟွန့်။ ဒါကို နတ်ဘုရား နယ်ပယ်လို့ ခေါ်ရင်၊ ရှန်ကျိုးတိုက်ကြီးကို ဘယ်လို ခေါ်ရမလဲ။

ယဲ့ဖုန်း ဦးတည်ရာမဲ့ ပျံသန်းနေသည်ကို ကြည့်ပြီး ကျိဇီလင်း ထပ်မေးလိုက်ပြန်သည်။

"နတ်ဘုရား... အခု ဘာလုပ်ကြမလဲဟင်"

"သစ်သား ဝိညာဉ်ကျောက်တုံး ရှာမယ်"

ယဲ့ဖုန်း ခဏ စဉ်းစားပြီးမှ ဆက်ပြောလိုက်၏။

"ပြီးရင် အဆင့်မြင့်အဆင့် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို ပြုလုပ်မယ်"

ကျိဇီလင်း "အဆင့်မြင့်အဆင့်" ဆိုတာ ဘာလဲ နားမလည်ပေ။

သို့သော်၊ အလွန် စွမ်းအားကြီးမားမည် ဟူ၍တော့ ခံစားမိပါ၏။

မျက်တောင် တစ်ခတ်အတွင်း နေ့ဝက် ကုန်ဆုံးသွားပြီ ဖြစ်သည်။

ယဲ့ဖုန်းနှင့် ကျိဇီလင်းတို့ စားပွဲ တစ်ခုတွင် ထိုင်နေကြ၏။

စားပွဲပေါ်မှ အရသာရှိသော အစားအစာများကို စားရင်း၊ ကျိဇီလင်း ပျော်လွန်းသဖြင့် မျက်ရည်များပင် ဝဲလာသည်။

"အရသာ ရှိလိုက်တာ... ဒါ နတ်ဘုရားတွေ စားတဲ့ အစာကိုး... ကျွန်မတို့ အရင်က စားခဲ့တဲ့.. ရိုးရှင်းတဲ့ အစားအစာတွေနဲ့ ယှဉ်လို့ မရဘူး"

သူမ၏ ပြောစကားကြောင့် ယဲ့ဖုန်း ပြုံးလိုက်၏။

ကျိဇီလင်း လာခဲ့သော ကောင်းကင်ဘုံ လိုဏ်ဂူ ကမ္ဘာလေးက အရမ်း ခေါင်လွန်းသည်။ ဒေသခံတွေက အပြင်လောကကြီး ဘယ်လောက် ကျယ်ဝန်းပြီး အံ့ဩစရာ ကောင်းလဲ ဆိုတာ မသိကြသလို၊ ကျောက်ကပ်ကင်၊ ကြက်သွန်မြိတ်ကင်နှင့် ဝက်လက်ပေါင်းတွေ ဘယ်လောက် စားကောင်းလဲ ဆိုတာလည်း မသိရှာကြပေ။

သူတို့ အများကြီး နစ်နာခဲ့ရတာပဲ..။

သူတို့နှစ်ဦး နောက်ထပ် နေ့ဝက် အချိန်ယူကာ ကြိုးစားပမ်းစား ဆက်ရှာကြသည်။

ကြိုးစားသူတွေအတွက် ကံတရားက မျက်နှာသာ ပေးတတ်စမြဲပင်။ နောက်ဆုံးတွင် ယဲ့ဖုန်းနှင့် ကျိဇီလင်းတို့သည် အလယ်အလတ်စား ကမ္ဘာငယ် တစ်ခုထဲသို့ ရောက်ရှိသွားပြီး၊ တောင်ထိပ်ပေါ်ရှိ ရှေးဟောင်း သစ်ပင်ကြီး တစ်ပင်ကို တွေ့လိုက်ရ၏။

သစ်ပင်ကြီးမှ မရေမတွက်နိုင်သော စပျစ်နွယ်ပင်များသည် ချွန်ထက်သော လှံရှည်များကဲ့သို့ တွဲလောင်းကျနေပြီး၊ ဖြတ်သန်းသွားလာသော သက်ရှိများကို သတ်ဖြတ်ကာ အာဟာရ စုပ်ယူနေသည်။

"ရက်စက်လိုက်တာ.."

ကျိဇီလင်း ဒေါသတကြီး ကြည့်လိုက်မိသည်။

စောစောလေးကတင် ချစ်စရာကောင်းသော သမင်လေး တစ်ကောင် သစ်ပင်နား ဖြတ်သွားရာ၊ ရက်ရက်စက်စက် အသတ်ခံလိုက်ရသည်ကို သူမ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။

"အို... လူလာတယ်ဟေ့... ရှားပါးလိုက်တာ.."

ရှေးဟောင်း သစ်ပင်ကြီးသည် ယဲ့ဖုန်းနှင့် ကျိဇီလင်းကို သတိထားမိသွားပြီး ၊စူးရှသည့် အသံ ထွက်ပေါ်လာသည်။

တပြိုင်နက်တည်း၌၊ စပျစ်နွယ်ပင် များစွာသည် ချွန်ထက်သော မြှားများကဲ့သို့ အရှိန်ပြင်းပြင်းဖြင့် သူတို့ထံသို့ ပျံသန်းလာကြတော့သည်။

အရှိန်အဟုန်က ပြင်းထန်လွန်းသဖြင့် ဓာတ်ကြီး ငါးပါး စုစည်းခြင်း (၁) ဆင့် ကျင့်ကြံသူတောင် တောင့်ခံနိုင်မည် မဟုတ်ပေ။

ယဲ့ဖုန်းက တည်ငြိမ်စွာပင် "ငှက်ပျောရွက်ယပ်တောင် အသေးစား" ကို ထုတ်ယူလိုက်၏။

“ဝေါ…”

ပထမအကြိမ် ဝှေ့ယမ်းလိုက်ရာ၊ စပျစ်နွယ်ပင်များ အားလုံး လွင့်စင်သွားသည်။

"သောက်ခွေး၊ ဒါ ဘာသိုင်းကွက်လဲ"

ရှေးဟောင်း သစ်ပင်ကြီး ထိတ်လန့်သွား၏။

သူ့ရဲ့ အသန်မာဆုံး တိုက်ခိုက်မှုက စပျစ်နွယ်ပင် လှံတွေလေ... အခုတော့ ယပ်တောင်လေး တစ်ချက် ခတ်လိုက်ရုံနဲ့ လွင့်စင်ကုန်ပြီ။ ဘယ်လို ဆက်တိုက်ရမလဲ။

"အဟင့်ဟင့်၊ အစ်ကိုကြီး... အသက်ချမ်းသာပေးပါ.."

အသက်ရှင်ဖို့အတွက် ရှေးဟောင်း သစ်ပင်ကြီး ချက်ချင်း ဒူးထောက် အညံ့ခံလိုက်၏။

ယဲ့ဖုန်း၏ မျက်နှာထားက အေးစက်နေပြီး၊ ယပ်တောင်ကို အချက် (၂၀) ဆက်တိုက် ဝှေ့ယမ်းလိုက်ရာ၊ သည်းကြီးမည်းကြီး လေဆင်နှာမောင်းကြီး တစ်ခု ဖြစ်ပေါ်လာတော့၏။ ရှေးဟောင်း သစ်ပင်ကြီးကို အော်ဟစ် ညည်းတွားသံများကြားတွင် အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်လေတော့သည်။

"သန်... သန်မာလိုက်တာ.."

ကျိဇီလင်း တစ်ယောက်.. ပါးစပ်အဟောင်းသား ဖြစ်သွားရှာ၏။

သူမက ရောင်စုံပုလင်းကို ထိန်းချုပ်ပြီး အစွမ်းကုန် တိုက်ခိုက်လျှင်တောင်မှ၊ ဒီလေဆင်နှာမောင်းရဲ့ ဆယ်ပုံ တစ်ပုံလောက်တောင် ရှိမှာ မဟုတ်ပါလေ။

နတ်ဘုရားရဲ့ စွမ်းအားက တကယ်ပဲ ကြောက်စရာ ကောင်းပါလား..

နောက်တစ်ခဏတွင် ကွဲကြေသွားသော ရှေးဟောင်း သစ်ပင်ကြီးသည် ပြန်လည် စုစည်းလာပြီး၊ ပန်းကန်လုံး အရွယ်အစားရှိသော အစိမ်းရောင် ရတနာပုလဲ တစ်လုံးအဖြစ် ပြောင်းလဲသွား၏။ ၎င်းသည် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား ပြုလုပ်ရန် လိုအပ်သော နောက်ဆုံး ပစ္စည်းပင်။

သစ်သား ဝိညာဉ်ကျောက်တုံး ...

"နောက်ဆုံးတော့ အကုန် စုံပြီ"

ယဲ့ဖုန်း သစ်သား ဝိညာဉ်ကျောက်တုံးကို ယူလိုက်ပြီး၊ စိတ်ကျေနပ်မှု အပြည့် ခံစားလိုက်ရ၏။

‘ ပစ္စည်းစုံပြီ ဆိုတော့ ပြန်ဖို့ အချိန်တန်ပြီ။

ဒီခရီးစဉ်က (၇) ရက်လောက် ကြာသွားပြီ... ’

မြူခိုးဂိုဏ်းက တပည့်လေးတွေကို သူ အရမ်း စိတ်ပူနေမိပါသည်။

အခန်း (၁၈၆) - ကျိဇီလင်း၏ တုန်လှုပ်မှု၊ မျိုးနွယ်စုခေါင်းဆောင် အပ်နှင်းပွဲ

~"နတ်ဘုရား... အဲ့ဒါ ဘာကြီးလဲဟင်"

ကျိဇီလင်း အသည်းအသန် စဉ်းစားကြည့်သော်လည်း၊ သူမ၏ လက်ရှိ လောကအမြင် ဖြင့်၊ ဧရာမ ရှေးဟောင်း သစ်ပင်ကြီး တစ်ပင်က ဘယ်လိုလုပ် စိမ်းမြမြ ရတနာပုလဲ တစ်လုံးအဖြစ် ကျုံ့သွားနိုင်သလဲ ဆိုတာကို လုံးဝ နားမလည်နိုင် ဖြစ်နေ၏။

"ဒါက 'သစ်သား ဝိညာဉ်ကျောက်တုံး' လို့ ခေါ်တယ်... ဓာတ်ကြီးငါးပါးထဲက သစ်သားဓာတ် စွမ်းအားတွေ ပါဝင်နေပြီး၊ အရမ်း သန့်စင်တယ်... ကျန်တဲ့ ဓာတ်ကြီး ငါးပါး ကျောက်တုံးတွေနဲ့ ပေါင်းစပ်လိုက်ရင်၊ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် တစ်ခု ပြုလုပ်နိုင်ပြီး၊ စွမ်းအားက ကြောက်ခမန်းလိလိ ဖြစ်လာမှာ"

ယဲ့ဖုန်းက ကျိဇီလင်း၏ အမြင်ကျယ်သွားစေရန် ရှင်းပြလိုက်သည်။

"ကဲ... သွားကြစို့... ဒီကမ္ဘာကနေ ထွက်ခွာကြမယ်"

ယဲ့ဖုန်း ပြန်ရန် ပြင်ဆင်လိုက်၏။

ထိုအချိန်တွင် သူသည် ရှေးဟောင်း သစ်ပင်ကြီး ပေါက်ရောက်ခဲ့သော တွင်းနက်ကြီးထဲ၌ စတုရန်းပုံ သတ္တုပြား တစ်ချပ် ရှိနေသည်ကို တွေ့ရှိလိုက်ရ၏။ ချက်ချင်းပင် သူရဲကောင်း ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ကောက်ယူလိုက်သည်။

ယခင်က ယဲ့ဖုန်းသည် ဟေးရွှမ်ဂိုဏ်း နှင့် ကျားနတ်ဆိုး ဗိုလ်ချုပ်ကြီး၏ မြေအောက် ရတနာသိုက်တို့မှ သတ္တုပြား တစ်ချပ်စီ ရရှိခဲ့ဖူးလေသည်။ ယခု နောက်ထပ် တစ်ချပ် ရရှိလိုက်သဖြင့်၊ သတ္တုပြား (၃) ချပ်ကို ဆက်စပ်ကြည့်လိုက်ရာ ကြီးမားသော လျှို့ဝှက်ချက် တစ်ခုကို ရှာဖွေတွေ့ရှိလိုက်၏။

ဒါက ရတနာသိုက် မြေပုံပဲ..

သို့သော် မြေပုံပေါ်တွင် ထူးဆန်းသော ပုံစံများနှင့် စာလုံးများ ပါရှိနေပြီး၊ ယဲ့ဖုန်း လုံးဝ နားမလည်နိုင်ပေ။ ကျိဇီလင်းကမူ မျက်လုံးများ ပြူးကျယ်သွားရ၏။

"အလို…ဒါ နတ်ဘုရားတွေရဲ့ ဘာသာစကားပဲ.."

"မင်း နားလည်လား"

ယဲ့ဖုန်း ကျိဇီလင်းကို အံ့ဩစွာ ပြန် ကြည့်လိုက်မိသည်။

"ရှေးဟောင်းမြို့တော်က သူတော်စင်တိုင်း ဒါကို နားလည်ကြပါတယ်... သာမန် စာပေတွေအပြင်၊ အထူး နတ်ဘုရားအင်းကွက်တွေ ရေးဆွဲဖို့ လိုအပ်တဲ့ အရေးကြီး နတ်ဘုရား အင်းစာလုံးတွေကိုလည်း သင်ယူရပါတယ်"

သူမ ထူးဆန်းသလို ဖြစ်နေလေသည်။

ယဲ့ဖုန်းကလည်း နတ်ဘုရား တစ်ပါးပဲ မဟုတ်လား... ဘာလို့ နားမလည်ရတာလဲ။

နတ်ဘုရားတွေကြားမှာ သုံးတဲ့ ဘာသာစကားက မတူညီကြတာလား။

ကျိဇီလင်း ခန့်မှန်းတွေးဆနေမိသည်။

သူမ မသိတာက၊ ဒါတွေက နတ်ဘုရား ဘာသာစကား မဟုတ်ဘဲ၊ သာမန် ဝင်္ကပါ ပုံစံများနှင့် ဝင်္ကပါ သင်္ကေတများသာ ဖြစ်ကြောင်းပင်။

"ဒါဆို မင်း ဖတ်ကြည့်ပေးပါဦး... ဘာရေးထားလဲ ဆိုတာ"

ယဲ့ဖုန်းသည် ဆက်စပ်ထားသော သတ္တုပြားများကို ကျိဇီလင်း လက်ထဲ ထည့်ပေးလိုက်တော့သည်။

ခဏလောက် စစ်ဆေးကြည့်ပြီးနောက် ကျိဇီလင်း ပြောလာသည်က…

"ဒီမှာ ရေးထားတာက... ကမ္ဘာငယ် (၃၀၀၀) ရဲ့ အဆုံးတစ်နေရာမှာ အထူး 'နတ်ဘုရား တောင်' တစ်လုံး ရှိတယ် တဲ့... အဲ့ဒီတောင်ရဲ့ လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်တဲ့ ကံပါသူတွေက နတ်ဘုရား ရတနာကို ရရှိလိမ့်မယ် တဲ့"

ယဲ့ဖုန်း၏ မျက်နှာထား သတိရှိသွား၏။

သူ တိတ်တဆိတ် မြေပုံကို ထုတ်ကြည့်လိုက်လေသည်။

"ဒီမှာ နတ်ဘုရား တောင် လို့ ခေါ်နိုင်တဲ့ နေရာတစ်ခု ရှိတယ်... ငါ့နောက် လိုက်ခဲ့"

ယဲ့ဖုန်းသည် ကမ္ဘာငယ် (၃၀၀၀) ၏ အစွန်း တစ်နေရာတွင် "နတ်ဘုရား" ဟူသော စာလုံးဖြင့် မှတ်သားထားသည့် အထီးကျန် တောင်ထိပ်တစ်ခုကို ရှာတွေ့လိုက်၏။

“ဝှစ်…”

သူတို့ နှစ်ဦး လေထုကို ခွင်းလျက် အမြန်ဆုံး အရှိန်ဖြင့် ထွက်ခွာသွားကြ၏။

နာရီဝက် ကြာပြီးနောက်..၊

ယဲ့ဖုန်းနှင့် ကျိဇီလင်းတို့ ရည်မှန်းချက် နေရာသို့ ရောက်ရှိသွားကြသည်။

၎င်းသည် မီတာ (၃၀၀၀) မြင့်မားသော အထီးကျန် တောင်ထိပ် တစ်ခု ဖြစ်ပြီး၊ ကောင်းကင်ယံသို့ တည့်မတ်စွာ ထိုးတက်နေကာ၊ ကောင်းကင်ကို ခွဲခြားထားသော နတ်ဘုရားဓား တစ်လက်နှင့် တူနေ၏။ သို့သော် အလွန် မတ်စောက်လွန်းသဖြင့် ပျံသန်းခြင်းမှ လွဲ၍ တက်ရောက်ရန် မဖြစ်နိုင်ပေ။

တောင်ထိပ်ပေါ်တွင် ရပ်လိုက်လျှင်၊ ကမ္ဘာငယ် (၃၀၀၀) ၏ အဓိက ကမ္ဘာကြီး တစ်ခုလုံးကို စီးမိုးမြင်တွေ့နိုင်ပါ၏။

ယဲ့ဖုန်းသည် လေထဲတွင် ရပ်တန့်လိုက်ပြီး ကြည့်လိုက်ရာ၊ တောင်ထိပ်သည် (၁၀) မီတာခန့်သာ ကျယ်ဝန်းသော စင်မြင့် တစ်ခု ဖြစ်၏။ လေပြင်းများ တိုက်ခတ်နေကာ အန္တရာယ် များလှသည်ပင်။

ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူတောင်မှ၊ လေဝိညာဉ်ပုလဲ၏ ကာကွယ်မှု မရှိလျှင်၊ ထူးဆန်းသော လေဆင်နှာမောင်းများကြောင့် လွင့်စင်သွားနိုင်လေသည်။

"နတ်ဘုရား... ကျွန်မ တွေ့ပြီ"

ကျိဇီလင်းသည် တောင်ထိပ်ပေါ်ရှိ အချိုင့်တစ်ခုကို ညွှန်ပြလိုက်ပြီး၊ သတ္တုပြား (၃) ချပ်ကို ထည့်သွင်းလိုက်ရာ၊ ချက်ချင်းပင် စစ်တုရင်ခုံ တစ်ခု မြင့်တက်လာ၏။

ခုံပေါ်တွင် ကစားလက်စ စစ်တုရင်ပွဲ တစ်ပွဲ ရှိနေလေသည်။

"ဂို ကစားနည်းလား... ငါမှ မကစားတတ်တာ.."

ယဲ့ဖုန်း ငိုချင်သွားမိသည်။ နတ်ဘုရား ရတနာကို ဒီလိုပဲ လက်လွှတ်လိုက်ရတော့မှာလား။

သို့သော် ယဲ့ဖုန်း မျက်နှာကို လက်ဖြင့်အုပ်ကာ ရှက်ရှက်ဖြင့် ပြန်လှည့်ထွက်ရန် ပြင်လိုက်စဉ်၊ ကျိဇီလင်းသည် စစ်တုရင်ခုံရှေ့တွင် ဒူးထောက်ထိုင်လိုက်ပြီး ကစားပွဲကို စတင်လိုက်သည်ကို တွေ့လိုက်ရ၏။

(၁၀) မိနစ် ကြာပြီးနောက်..၊

ကရက်..

စစ်တုရင်ခုံ ပြိုကျသွားပြီး၊ အောက်ဘက်တွင် သတ္တုသေတ္တာ တစ်လုံး ပေါ်လာ၏

"တောက်... နတ်ဘုရား ရတနာက စစ်တုရင်ခုံအောက်မှာ ဖုံးကွယ်ထားတာကိုး... သိရင် 'နိယာမ တစ်သောင်း ဖြိုခွင်းနိုင်သော စွမ်းအား'ကို တန်းသုံးလိုက်ပါတယ်... ဘာလို့ စစ်တုရင် ထိုင်ကစားနေဦးမှာလဲ"

ယဲ့ဖုန်း အနည်းငယ် စိတ်အလိုမကျ ဖြစ်သွားမိသည်။ လေဓာတ် ဝိညာဉ်စွမ်းအင် တစ်ကြောင်း သုံးလိုက်ရင်၊ တောင်ထိပ်ကို ခွဲပစ်လိုက်လို့ ရတာပဲ... ဘာလို့ ဦးနှောက်စားခံနေဦးမှာလဲ။

"နတ်ဘုရား... ရပါပြီ"

ကျိဇီလင်းသည် တစ်ပေပတ်လည်ခန့် ရှိသော သတ္တုသေတ္တာလေးကို မ,တင်လိုက်ပြီး၊ ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ရှေးဟောင်း စာအုပ် (၂) အုပ်ကို တွေ့လိုက်ရ၏။

" 'အသန်မာဆုံး ဝင်္ကပါ အခြေခံ' နဲ့ 'ကောင်းကင်ဘုံ မူလအစ ပျက်သုဉ်းခြင်း ကျင့်စဉ်'ပါလား.."

ယဲ့ဖုန်း စာအုပ်ခေါင်းစဉ်များကို လှန်ကြည့်ပြီး အံ့ဩသွား၏။

ပထမစာအုပ်သည် ဝင်္ကပါ အခြေခံများအကြောင်း ဖြစ်ပါသည်။ ၎င်းကို တတ်မြောက်ထားလျှင်၊ အသန်မာဆုံး ဝင်္ကပါ အခြေခံကို ပိုင်ဆိုင်နိုင်ပြီး၊ အဆင့်မြင့် ဝင်္ကပါများကို လေ့လာရာတွင် အလွန် လျင်မြန်လာမည် ဖြစ်လေသည်။

ဒုတိယစာအုပ်သည် အထောက်အကူပြု ကျင့်စဉ် တစ်ခု ဖြစ်လေသည်။ ၎င်းကို တတ်မြောက်ထားလျှင်၊ ပြင်ပမှ တုန်ခါမှုများကို ပျက်သုဉ်းစေနိုင်ပြီး၊ ကာကွယ်ရေး စွမ်းအားကို အဆမတန် မြှင့်တင်ပေးနိုင်လေသည်။

"ဒီ 'ကောင်းကင်ဘုံ မူလအစ ပျက်သုဉ်းခြင်း ကျင့်စဉ်' က ဝင်္ကပါ ဆရာသခင်တွေရဲ့ အသက်ကယ် ကျင့်စဉ်များ ဖြစ်နေမလား..."

ယဲ့ဖုန်း တွေးလိုက်မိသည်။

"နတ်ဘုရား... ကျွန်မ အရမ်း အေးတယ်.."

ရုတ်တရက် ပတ်ဝန်းကျင်တွင် နှင်းများ သည်းထန်စွာ ကျဆင်းလာပြီး၊ နတ်ဘုရား တောင် တစ်ခုလုံးကို အရိုးခိုက်အောင် အေးစက်မှုများ ဖုံးလွှမ်းသွားသည်ကို ကျိဇီလင်း သတိထားမိလိုက်၏။ လေဝိညာဉ်ပုလဲတောင်မှ မကာကွယ်နိုင်တော့ပေ။

"သွားကြစို့"

ယဲ့ဖုန်းသည် ကျိဇီလင်းကို ဆွဲယူလိုက်ပြီး၊ နတ်ဘုရား တောင်မှ အမြန်ဆုံး ပျံသန်း ထွက်ခွာလာခဲ့၏။

“ဘုန်း..”

နောက်တစ်ခဏတွင် မြေကြီး တုန်ခါသွားပြီး၊ နတ်ဘုရား တောင်ကြီး တစ်ခုလုံး မြေအောက်သို့ နစ်မြုပ်သွားတော့သည်။ ထူထဲသော နှင်းလွှာများ ဖုံးလွှမ်းသွားပြီး၊ မူလကတည်းက မရှိခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားလေတော့သည်။

"ဒါ နတ်ဘုရား တန်ခိုးလား"

ကျိဇီလင်းသည် ထိုမြင်ကွင်းကို ကြည့်ပြီး အကြီးအကဲ တုန်လှုပ်သွားမိသည်။

မီတာ (၃၀၀၀) မြင့်မားပြီး၊ ပေါင် သန်းပေါင်းများစွာ လေးလံသော တောင်ကြီး တစ်လုံးကို ဒီလိုပဲ ပျောက်ကွယ်သွားအောင် လုပ်နိုင်တယ် ဆိုတာ…နတ်ဘုရားပဲပေါ့။

ယဲ့ဖုန်းလည်း အကြီးအကျယ် အံ့ဩသွားမိသည်။

ဒီလို စွမ်းဆောင်ရည်မျိုးက ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့်က လုပ်နိုင်သော အရာ မဟုတ်တော့ပေ။ သူ့အမြင်အရ ဝိညာဉ်ပင်လယ် အဆင့် ပုဂ္ဂိုလ်ကြီးတွေတောင် လုပ်နိုင်ဖို့ ခဲယဉ်းသည်။ မဟာစွမ်းအားရှင် ဟု ကျော်ကြားသော မူလ နတ်ဘုရား နယ်ပယ်များသာ ဤအရာအားလုံးကို ဖန်တီးနိုင်ပေလိမ့်မည်။

အချိန်ကို ကြည့်လိုက်ရာ တစ်ရက်ခန့်သာ လိုတော့ကြောင်း တွေ့လိုက်ရ၏။

"ငါတို့ ပြန်သင့်ပြီ"

ယဲ့ဖုန်း ပြောလိုက်၏။

အချိန်မဆွဲချင်တော့ဘဲ၊ ရှေးဟောင်း စာအုပ် (၂) အုပ်ကို သိမ်းဆည်းလိုက်ပြီး၊ ကျိဇီလင်းနှင့်အတူ ကမ္ဘာငယ် (၃၀၀၀) ၏ တံခါးပေါက်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားကြ၏။

*

နောက်ဆုံးတွင် ကျိဇီလင်း၏ ကြောက်လန့်နေသော မျက်လုံးများအောက်၌၊ ယဲ့ဖုန်းသည် သူမကို အေးစက်သော ကျောက်နံရံကြီးထဲသို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားပြီး၊ အနည်းငယ် ပူအိုက်သော ခန်းမကြီး တစ်ခုထဲသို့ ရောက်ရှိသွားကြလေတော့သည်။

လုံကျို၊ လုံစစ်နှင့် အခြား အကြီးအကဲ အများအပြားသည် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြ၏။ ယဲ့ဖုန်း ထွက်ပေါ်လာသည်ကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်သွားကြလေသည်။

"ဟာ... ဂိုဏ်းချုပ်ယဲ့... နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ... ခင်ဗျားသာ ပြန်မရောက်ရင် ကမ္ဘာငယ် (၃၀၀၀) ရဲ့ တံခါး ပိတ်သွားတော့မှာ"

လုံကျို သက်ပြင်းချလိုက်ပြီး၊ ချက်ချင်းပင် ကျိဇီလင်းကို သတိထားမိသွားကာ မျက်လုံးများ ပြူးကျယ်သွားရ၏။

"ဒါဆို ဂိုဏ်းချုပ်ယဲ့က ကမ္ဘာငယ် (၃၀၀၀) ထဲကို ပြန်ဝင်သွားတာ... တာအိုလက်တွဲဖော် သွားရှာတာကိုး... ဒါပေမဲ့ အသက်က နည်းနည်း ငယ်လွန်းမနေဘူးလား..."

"ပေါက်ကရတွေ ပြောမနေနဲ့... သူက ကျွန်တော် အသစ်လက်ခံလိုက်တဲ့ တပည့်.."

ယဲ့ဖုန်းက လုံကျိုအား စိမ်းစိမ်းကြည့်လိုက်၏။

လုံကျို မျက်နှာကြီး နီရဲသွား၏။

ကျိဇီလင်းမှာတော့ ဘေးတွင် ရပ်နေရင်း နှုတ်ခမ်းကို တင်းတင်း စေ့ထားကာ၊ သူမ၏ ကမ္ဘာအမြင် တစ်ခုလုံး နောက်တစ်ကြိမ် ပြောင်းပြန်လှန်သွားသလို ခံစားနေရ၏။

ကမ္ဘာငယ် (၃၀၀၀)၏ အဓိက ကမ္ဘာကြီးက လုံလောက်အောင် ကျယ်ဝန်းပြီဟု သူမ ထင်ထားခဲ့ပေမယ့်၊ ကျောက်နံရံ တစ်ခုကို ဖြတ်သန်းလိုက်ရုံနှင့် လုံးဝ ကွဲပြားခြားနားသည့် နောက်ထပ် ကမ္ဘာတစ်ခုဆီ ရောက်သွားလိမ့်မည်ဟု မထင်ထားခဲ့မိပေ။

"သွားကြစို့... ငါ... မင်းတို့ ဂိုဏ်းချုပ်က... အပြင်လောကကြီးကို ပြပေးမယ်"

ယဲ့ဖုန်း ပြောပြီး ရှေ့က လျှောက်သွားလိုက်၏။

ကျိဇီလင်း နောက်က လိုက်ပါရင်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။

ကမ္ဘာငယ် (၃၀၀၀) က မထွက်ခွာခင်၊ ယဲ့ဖုန်း ပြောဖူးတာကို သူမ ကြားခဲ့ရသည်။

အပြင်လောကကြီးက တကယ်ကို ကျယ်ဝန်းတယ်... အဆုံးအစ မရှိသလောက်ပဲ တဲ့... ။

သူမ ဆယ်နှစ်ကျော် တည်ဆောက်ထားခဲ့သော ကမ္ဘာအမြင်ကို ရိုက်ချိုးပစ်လိုက်သလိုပါပင်။

အခုတော့ အဲ့ဒီ အပြင်လောကကြီးကို ကိုယ်တိုင် မြင်တွေ့ရတော့မည် ဆိုတော့... ကျိဇီလင်း ရင်ထဲမှာ မျှော်လင့်စိတ်ရော ကြောက်ရွံ့စိတ်ပါ ဖြစ်ပေါ်နေမိသည်။

(၁၀) မိနစ် ကြာပြီးနောက်..၊

မြေပြင်ပေါ်တွင်၊

ကျိဇီလင်းသည် ယဲ့ဖုန်းဘေးတွင် ရပ်ကာ ကောင်းကင်ယံသို့ ဖြည်းညှင်းစွာ မြင့်တက်လာပြီး၊ မျက်စိတစ်ဆုံး ကျယ်ပြောလှသော ရှန်ကျိုးတိုက်ကြီးအား ကြည့်ရင်း၊ မျက်လုံးများတွင် တုန်လှုပ်မှုများ ပြည့်နှက်နေ၏။

တွင်းအောင်းဖား..

ဒီအတွေး ရုတ်တရက် ဝင်လာမိသည်။

အရင်တုန်းက သူမ နေထိုင်ခဲ့သော နေရာက တကယ်ပဲ ယဲ့ဖုန်း ပြောသလို မြေကွက်ကျဉ်းကျဉ်းလေး တစ်ခုသာ ဖြစ်ပြီး၊ အဲ့ဒီအပြင်ဘက်မှာ အဆုံးအစ မရှသော ကမ္ဘာကြီး ရှိနေသည်ကိုး။

"လူအထက် လူရှိသလို... ကောင်းကင်အထက် ကောင်းကင်ရှိတယ်.."

ကျိဇီလင်း ထိုစကားကို ရေရွတ်လိုက်မိပြီး၊ သူမ၏ စိတ်နေသဘောထားများ တဖြည်းဖြည်း ပြောင်းလဲလာ၏။

"ဂိုဏ်းချုပ်... ပြန်ရောက်လာပြီပဲ"

လုံထျန်းရှင်းသည် "ပေါ့ပါးသော ခန္ဓာကိုယ် နည်းစနစ်"ဖြင့် မြေကြီးမှ လေပေါ်သို့ ပျံတက်လာကာ၊ ယဲ့ဖုန်းနှင့် ကျိဇီလင်းအနားသို့ ရောက်ရှိလာသည်။ သူက ကျိဇီလင်းကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွား၏။

"ဒါ အကြီးအကဲ လုံကျို နဲ့ ဂိုဏ်းချုပ်.. ပြောနေတဲ့ ဂျူနီယာညီမလေးလား"

ငွေရောင်ဆံပင်၊ အပြာရောင်မျက်လုံးနှင့် လေပေါ်တွင် ပျံသန်းနိုင်သော လုံထျန်းရှင်းကို ကြည့်ပြီး ကျိဇီလင်း အံ့ဩသွားမိသည်။

သူမထက်တောင် ငယ်တဲ့ ဒီမောင်လေးကလည်း... နတ်ဘုရား တစ်ပါးပဲလား။

ယဲ့ဖုန်းသည် ကျိဇီလင်း၏ အတွေးကို ရိပ်မိပြီး ရှင်းပြလိုက်၏။

"ဒါက လုံထျန်းရှင်းပါ... မြူခိုးဂိုဏ်းရဲ့ အပြင်စည်းတပည့်ပေါ့... ချီစုစည်းခြင်း (၇) ဆင့် ရှိတယ်"

"ချီစုစည်းခြင်း (၇) ဆင့်... အဲ့ဒါ ဘာလဲဟင်"

ကျိဇီလင်းသည် ကျင့်ကြံခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး စိမ်းနေသေးကာ၊ မသိတာတွေ အများကြီး ရှိနေသေး၏ ရှန်ကျိုးတိုက်ကြီးကို ရောက်လာကတည်းက ကမ္ဘာကြီး တစ်ခုလုံး ပြောင်းလဲသွားသလို ခံစားရပြီး၊ ဖြည်းဖြည်းချင်း အသားကျအောင် ကြိုးစားရပေဦးမည်။

"အဲ့ဒါ ကျင့်ကြံခြင်း လမ်းစဉ်ရဲ့ အဆင့်တစ်ခုပဲ... မြူခိုးတောင်ထိပ် ပြန်ရောက်ရင် အသေးစိတ် ရှင်းပြပေးမယ်"

ယဲ့ဖုန်း ခေတ္တ ရပ်နားလိုက်ပြီး၊ လုံထျန်းရှင်းကို ကြည့်ကာ ပြောပြလိုက်၏။

"ဒါက ကျိဇီလင်း... မင်းရဲ့ အနာဂတ် ဂျူနီယာညီမလေးပဲ"

ထိုအခါ၊လုံထျန်းရှင်းက ဖြူစင်သော အပြုံးဖြင့် ပြုံးပြလိုက်၏။

"ကြိုဆိုပါတယ်.. ဂျူနီယာညီမလေး ဇီလင်း... ဟားဟား... ဒီနေ့ကစပြီး ကျားရှီး ..အငယ်ဆုံး မဟုတ်တော့ဘူးပေါ့"

ယဲ့ဖုန်း ပြုံးလိုက်ပြီး ပြောလေသည်။

"ကဲ... ကိစ္စတွေ အားလုံး ပြီးသလောက် ရှိပြီဆိုတော့... ဂိုဏ်းပြန်ဖို့ ပြင်ဆင်ကြစို့"

"အမ်..ဂိုဏ်းချုပ်... အဲ့လောက် အလျင်လိုနေပြီလား"

လုံထျန်းရှင်း အံ့ဩသွား၏။

"ကျွန်တော့်အဖေ ပြောတာက မနက်ဖြန်ကျရင် သူ့ရဲ့ မျိုးနွယ်စု ခေါင်းဆောင် အပ်နှင်းပွဲ အခမ်းအနား ရှိတယ် တဲ့... အဲ့ဒါပြီးမှ ပြန်လို့ မရဘူးလားဗျ"

"မင်းအဖေက မျိုးနွယ်စု ခေါင်းဆောင် ဖြစ်တော့မလို့လား"

ယဲ့ဖုန်း မျက်ခုံး ပင့်လိုက်မိသည်။

လုံထျန်းရှင်းက ပျော်ရွှင်စွာဖြင့်၊

"ဟုတ်တယ်... ထိပ်တန်းအဆင့် သွေးမျိုးဆက် ရှိသူတွေပဲ မျိုးနွယ်စု ခေါင်းဆောင် ဖြစ်ခွင့် ရှိတာ ကျွန်တော်တို့ နဂါးမျိုးနွယ်စုရဲ့ ဓလေ့ပါ... ဆယ်စုနှစ်တွေ ကြာပြီ... မျိုးနွယ်စု ခေါင်းဆောင် အသစ် မရှိခဲ့ဘူးဗျ... အခု အဖေ ပြန်ရောက်လာပြီ ဆိုတော့... မနက်ဖြန် အပ်နှင်းပွဲ ကျင်းပပြီး ဘဝရဲ့ အထွတ်အထိပ်ကို ရောက်ရှိတော့မယ်လို့ မဟာ အကြီးအကဲက ပြောပါတယ်"

ဟု ပြောပြလိုက်၏။

မျိုးနွယ်စုခေါင်းဆောင်..

ထိပ်တန်းအဆင့် သွေးမျိုးဆက်..

ကျိဇီလင်း ဝေါဟာရအသစ်တွေ သင်ယူနေရသလို ခံစားနေရပေမယ့်၊ ဘာအဓိပ္ပာယ်လဲ ဆိုတာတော့ နားမလည်သေးပေ။

"ဒါဆိုရင်လည်း ကောင်းပြီလေ... မနက်ဖြန် အပ်နှင်းပွဲ ပြီးမှ ပြန်ကြတာပေါ့"

ယဲ့ဖုန်းလည်း နဂါးမျိုးနွယ်စုရဲ့ အစားအသောက်ကောင်းတွေကို မြည်းစမ်းချင်နေပြီး၊ အလကား စားရသောက်ရမည့် အခွင့်အရေးကို လက်လွတ်မခံချင်သဖြင့် ဆက်နေရန် ဆုံးဖြတ်လိုက်၏။

ပြန်လျှင်.. ပါဆယ်တောင် ဆွဲသွား၍ ရနိုင်သေးသည် မဟုတ်ပါလော။

*

ညဉ့်ဦးယံ အချိန်၌၊

ယဲ့ဖုန်းနှင့် ကျိဇီလင်းတို့သည် ခြံဝင်းငယ်လေး တစ်ခုတွင် တည်းခိုနေကြ၏။

"ဒါဆို အစ်ကိုကြီးလုံက ဒီရှေးဟောင်းမြို့တော်ရဲ့ အနာဂတ် ခေါင်းဆောင်ရဲ့ သားပေါ့... ကျွန်မတို့ဆီမှာဆိုရင် မင်းသားလေး ဖြစ်မှာပဲ... တော်တော် ဂုဏ်ရှိတဲ့ အဆင့်အတန်းပဲနော်"

ကျိဇီလင်း စာဖတ်ရင်း မသိမသာ ရေရွတ် နေမိသည်။

ယဲ့ဖုန်း ကတော့ ကုလားထိုင်ရှည်ပေါ်တွင် ထိုင်ရင်း ပျင်းရိနေလေ၏။

ကျိဇီလင်းကတော့ ဂရုမစိုက်ပါ။

အပြင်လောကကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သဖြင့်၊ သူမသည် ကမ္ဘာအမြင်များကို ဖော်ပြထားသော စာအုပ်ပုံအကြီးကြီးကို စုဆောင်းထားပြီး၊ ဖယောင်းတိုင်မီးအလင်းရောင်ဖြင့် တစ်ညလုံး ဖတ်ရှု လေ့လာနေ၏ ဖတ်လေ စိတ်ဝင်စားလေ ဖြစ်နေလေတော့သည်။

နောက်တစ်နေ့ နံနက်အခါ သမယတွင်၊

မျိုးနွယ်စု ခေါင်းဆောင် အပ်နှင်းပွဲ အခမ်းအနားသည် ချောမွေ့စွာ ကျင်းပပြီးစီးသွား၏။

ယဲ့ဖုန်း ဆန္ဒရှိသည့်အတိုင်း ကလေးများ ဝိုင်းတွင် ဝင်ထိုင်ခွင့် ရခဲ့ပြီး၊ ဘေးနားရှိ ငွေရောင်ဆံပင်၊ အပြာရောင်မျက်လုံးနှင့် ကလေးငယ်များက သူ့ကို စပ်စုစွာ ကြည့်နေကြသည်ကို တွေ့ရသည်။

မြင့်မားသော စင်မြင့်ပေါ်တွင်၊

လုံယွမ်ချင်းသည် နဂါးအသွင် ပြောင်းလဲထားပြီး၊ မျိုးနွယ်စုခေါင်းဆောင် ရာထူးကို ကိုယ်စားပြုသော တုတ်ကောက်ကို ကိုင်ဆောင်ကာ၊ မဟာ အကြီးအကဲ၏ ချီးမြှောက်ခြင်းကို ခံယူပြီး ရွှေရောင် သရဖူကို အောင်မြင်စွာ ဆောင်းလိုက်နိုင်၏။

"ဂုဏ်ယူပါတယ် ..မျိုးနွယ်စုခေါင်းဆောင်ခင်ဗျာ.."

နဂါးမျိုးနွယ်ဝင်များ တစ်ယောက်ပြီး တစ်ယောက် ဦးညွှတ် ဂါရဝပြုကြ၏။

ယဲ့ဖုန်းသည် ခုံပုလေးပေါ်တွင် ထိုင်ကာ မေးထောက်လျက်၊ ဗလာဖြစ်နေသေးသော စားပွဲကို ဆာလောင်စွာ ကြည့်နေမိပြီး ဗိုက်ထဲမှ အသံများ မြည်နေ၏ ဘေးစားပွဲတွင် ထိုင်နေသော ကျိဇီလင်း ကတော့ စာဖတ်ခြင်း၌ စိတ်နှစ်မြှုပ်နေဆဲ ဖြစ်ပြီး၊ မျက်လုံးများတွင် ဉာဏ်ပညာ အလင်းရောင်များ တောက်ပနေ၏။

"ဒါဆို... နတ်ဘုရား ဆိုတာ ကျင့်ကြံမှု အဆင့်တစ်ခုပါလား... ဆိုလိုတာက ဒီကမ္ဘာမှာ စစ်မှန်တဲ့ နတ်ဘုရား ဆိုတာ မရှိဘူးပေါ့... နတ်ဘုရား ဆိုတာ ပိုပြီး သန်မာတဲ့ လူသားတွေပဲ"

ကျိဇီလင်း၏ လောကအမြင် သည် ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရပြီ ဖြစ်သတည်း။

ဒီကမ္ဘာမှာ နတ်ဘုရား မရှိဘူး..

ရှေးဟောင်းမြို့တော်ရဲ့ ဒဏ္ဍာရီ ပုံပြင်တွေက အမှားတွေပဲ... လူသားတွေကို ကယ်တင်ဖို့ နတ်ဘုရား ဆင်းသက်လာတယ် ဆိုတာလည်း အမှားကြီးပဲ။

"နတ်ဘုရားတွေက ကမ္ဘာကြီးကို မကယ်တင်နိုင်ရင်... ငါ ကာကွယ်မယ်.."

ကျိဇီလင်း စာအုပ်ကို ပိတ်လိုက်တော့၏။

သူမ၏ နှလုံးသားထဲတွင် ပိုမို ကြီးမား ခမ်းနားသော လောကအမြင် တစ်ခုကို ပြန်လည် တည်ဆောက်လိုက်ပါတော့သည်။

All Chapters