← Chapters

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

အခန်း (၁၈၇-၁၈၉)

Vol. 13 Ch. 187-189

အခန်း (၁၈၇) - မြူခိုးဂိုဏ်း၏ (၁၃) ယောက်မြောက် တပည့်၊ ညလယ်စာ စားပွဲ

~နဂါးမျိုးနွယ်စု ရှေးဟောင်းမြို့တော်။

မျိုးနွယ်စုခေါင်းဆောင် အပ်နှင်းပွဲ အခမ်းအနားမှာ လျင်မြန်စွာ ပြီးဆုံးသွားခဲ့၏။

နောက်ထပ် အစီအစဉ်ကတော့ ယဲ့ဖုန်း အမျှော်လင့်ဆုံး အပိုင်းပင်။

စားပွဲသောက်ပွဲ စပြီဟေ့..

ပထမဆုံး ပန်းကန် ရောက်လာသည်နှင့် တပြိုင်နက်၊ မွှေးပျံ့နေသော တောဝက်ကင် အနံ့က ယဲ့ဖုန်း၏ သွားရည်များကို တားမနိုင်ဆီးမရ ကျဆင်းလာစေ၏ သူသည် ဘေးနားရှိ ကလေးတစ်သိုက်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး၊ အစားအသောက်ဆီသို့ တပြိုင်နက်တည်း လက်လှမ်းလိုက်ကြလေတော့သည်။

"မင်းတို့ ငါ့ကို မနိုင်ပါဘူးကွာ.."

ယဲ့ဖုန်းက ဟားတိုက် ရယ်မောလိုက်၏။ တူဖြင့် ညှပ်ကာ လှည့်လိုက်ပြီး၊ မွှေးကြိုင်နေသော ဝက်သားတုံးကြီး တစ်တုံးကို ဆွဲဖဲ့ကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ရင်း၊ ကောင်းကင်ဘုံ ရောက်သွားသကဲ့သို့ အရသာကို ခံစားလိုက်လေသည်။

ကျိဇီလင်း ကတော့ မစား။

တိတိကျကျ ပြောရရင် သူမမှာ စားချင်စိတ် မရှိ။

သူမသည် သူမကို ကျောပေးထားပြီး၊ ကလေးတစ်သိုက်နှင့် အစားအသောက် လုစားနေသော ယဲ့ဖုန်းကို ကြည့်နေရင်း၊ ရုတ်တရက် အလွန် ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။

ဝက်ဆီများ ပေကျံနေသော်လည်း၊ သူ့ဘေးတိုက် မျက်နှာသွင်ပြင်၏ ဆွဲဆောင်မှုမှာ လျော့ပါးသွားခြင်း မရှိပေ။

‘ဂိုဏ်းချုပ်က နတ်ဘုရား မဟုတ်ဘဲ ရှေးဟောင်းသိုင်းကျမ်းတွေထဲက ကျင့်ကြံသူ တစ်ယောက် ဖြစ်နေတာကိုး’

‘ဒါပေမဲ့ ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံမှုအဆင့်က အရမ်း မြင့်ပုံရတယ်... အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေ အကုန်လုံး သူ့ကို လေးစားကြတယ်’

‘နတ်ဘုရားတွေက နတ်ဘုရား မဟုတ်ဘူး ဆိုရင်... ငါလည်း ဂိုဏ်းချုပ်နဲ့ အတူတူပဲပေါ့... ဒါဆို ငါ သူ့ကို ကြိုက်လို့ ရတာပေါ့’

ဒီအတွေးက ကျိဇီလင်း ခေါင်းထဲ ရုတ်တရက် ဝင်ရောက်လာ၏။

ရှေးဟောင်းမြို့တော်မှာ သူတော်စင် မင်းသမီး ဆိုတာ ခံစားချက် မရှိသော ကာကွယ်ရေး နတ်ဘုရား တစ်ပါးလိုပါပင်။

သို့သော်၊ ကျိဇီလင်း က ခံစားလွယ်သည့် မိန်းကလေး တစ်ယောက်လေ။

တခြားသူတွေ ပျော်ရွှင်သည့် စုံတွဲတွေ ဖြစ်လာတာ မြင်ရလျှင်၊ သူမလည်း အားကျပြီး ကိုယ်ပိုင် စစ်မှန်သည့် အချစ်ရေးလေး တစ်ခု လိုချင်မိတာ သဘာဝပါပင်။

"မရဘူး.."

ယဲ့ဖုန်း၏ အသံ ရုတ်တရက် ထွက်ပေါ်လာပြီး၊ ကျိဇီလင်း၏ စိတ်ကူးယဉ် အိပ်မက်များကို ရိုက်ချိုးပစ်လိုက်ကာ လက်တွေ့ဘဝထဲသို့ ပြန်ဆွဲခေါ်လိုက်၏။ သူမက ယဲ့ဖုန်းကို ကပျာကယာ လှမ်းကြည့်လိုက်ရာ၊ သူသည် ကလေးများနှင့် အစားအသောက် လုနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

"မရဘူး" ဆိုတာကလည်း တစ်ဝိုင်းတည်း ထိုင်နေသော ကလေးဆိုးလေး တစ်ယောက်ကို ပြောလိုက်တာ ဖြစ်၏။

"မင်းက ဂိုဏ်းချုပ်ကို အနိုင်ကျင့်ချင်တာလား... လူကြီးသူမကို ရိုသေရမှန်း နားမလည်ဘူးလား... အဲ့ဒီ ဘဲကင်ပေါင် ငါ့ပေး... ဟာ... မင်း လျှာနဲ့ ယက်လိုက်တယ်ပေါ့... အရှက်မရှိလိုက်တာ.."

ယဲ့ဖုန်းသည် ကလေးများနှင့် အသည်းအသန် လုစားနေတော့သည်။

သို့သော် ယဲ့ဖုန်းတို့ကို မယှဉ်နိုင်သော ကလေးဆိုးလေး တစ်ယောက်သည် ရုတ်တရက် စားပွဲပေါ် ခုန်တက်လိုက်ပြီး၊ အခုလေးတင် ရောက်လာသော ဘဲကင်ကြီးကို ကိုက်ချလိုက်လေတော့သည်။

"ဒီကောင်စုတ်လေး... အရိုက်ခံချင်နေတာလား"

ကလေးမိဘများက လက်မောင်းလုံးလောက် ရှိသော တုတ်များကို ကိုင်ဆောင်ကာ ဒရောသောပါး ပြေးလွှား လာကြပြီး၊ ကလေး၏ နားရွက်ကို ဆွဲကာ တရွတ်တိုက် ဆွဲခေါ်သွားကြ၏။ ထို့နောက် မိဘနှစ်ပါး ပေါင်းပြီး ဝိုင်းရိုက်ပွဲ ကျင်းပကြလေတော့သည်။

ကျိဇီလင်းသည် လူသားဆန်သော ဘဝပုံရိပ်များကို မြင်တွေ့ရပြီး ပထမဆုံးအကြိမ်အဖြစ် ထိုအထဲသို့ စီးဝင်သွားသလို ခံစားလိုက်ရကာ၊ ရုတ်တရက် ပြုံးလိုက်မိသည်။

"ငါ တောင့်တနေတာက ချုပ်ချယ်ခံထားရပြီး လေးစားခံရတဲ့ သူတော်စင် ဘဝ မဟုတ်ဘဲ... ကိုယ့်သဘောဆန္ဒအတိုင်း ကျင့်ကြံပြီး၊ ကိုယ့်နှလုံးသား အလိုအတိုင်း လိုက်နိုင်တဲ့ ဘဝမျိုးကိုး... ဒါကမှ မှန်ကန်တဲ့ လမ်းစဉ်ပဲ"

ထိပ်တန်းအဆင့် ကျင့်ကြံခြင်းအရိုး ပိုင်ရှင် ဖြစ်သည့်အလျောက်၊ ကျိဇီလင်းသည် ဉာဏ်ရည်လည်း ထက်မြက်လှပေသည်။

အပြင်လောကသို့ ရောက်ရှိလာပြီးကတည်းက၊ သူမ၏ ရင့်ကျက်မှုသည် အလွန် လျင်မြန်သည်ဟု ဆိုရပေမည်။

တဖြည်းဖြည်းချင်း ကျိဇီလင်းသည် သူမ ဘာလိုချင်သလဲ၊ ဘာမလိုချင်ဘူးလဲ ဆိုတာကို နားလည်လာခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် သူမသည် တူကို ကောက်ကိုင်လိုက်ပြီး၊ သေသပ်စွာ လှီးဖြတ်ထားသော ဝက်သားပေါင်း တစ်တုံးကို ယူကာ မြည်းစမ်းကြည့်လိုက်ရာ၊ အရသာက ကွက်တိ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။

လှေငယ်လေး တစ်စင်းပေါ်တွင် ထိုင်ပြီး မြစ်ကြောင်းအတိုင်း အေးဆေးစွာ မျောပါနေရသကဲ့သို့၊ စိတ်လက်ပေါ့ပါးမှုကို ခံစားလိုက်ရလေသည်။

‘ဘဝဆိုတာ ဒီလို ဖြစ်သင့်တာ..’

ကျိဇီလင်း တွေးလိုက်မိသည်။

မကြာမီ ယဲ့ဖုန်း ဗိုက်ဝသွားပြီ ဖြစ်၏။

သူသည် မိုးမခပင်အောက်တွင် ရပ်ကာ၊ ကလေးများ ဆော့ကစားနေသည်ကို ကြည့်ရင်း၊ လေညှင်းခံကာ အပန်းဖြေနေသည်။

ထိုအချိန်တွင် ကျိဇီလင်းသည် စာအုပ်အချို့ကို ပိုက်လျက် လျှောက်လာလေသည်။

"ဂိုဏ်းချုပ်... ကျွန်မ ကျင့်ကြံခြင်း စတင်ချင်ပါတယ်"

ကျိဇီလင်းက သူ့ကို "ဂိုဏ်းချုပ်" ဟု ပထမဆုံးအကြိမ် ခေါ်လိုက်ခြင်း ဖြစ်သဖြင့် ယဲ့ဖုန်း အနည်းငယ် အံ့ဩသွားမိသော်လည်း၊ ခေါင်းညိတ် လက်ခံလိုက်ပြီး ပြောလိုက်၏။

"ဒီနေ့ မြူခိုးတောင်ထိပ် ပြန်ရောက်ရင် မင်းကို ကျင့်ကြံနည်း သင်ပေးမယ်"

ပြောရင်းဆိုရင်း သူသည် "ဝိညာဉ်မျက်လုံး ဆေးရည်" တစ်ပုလင်းကို ထုတ်ပေးလိုက်၏။

"ဒါက မျက်လုံးဆေးဖို့... သန့်ရှင်းရေး လုပ်ပြီးရင် ခဏနေ ဝိညာဉ်မျက်လုံး ဖွင့်လို့ရပြီ... အဲ့ကျရင် ကမ္ဘာလောကရဲ့ ဝိညာဉ်စွမ်းအင်တွေကို မြင်ရလိမ့်မယ်"

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"

ကျိဇီလင်းသည် ဆေးရည်ကို ယူလိုက်ပြီး၊ မျက်လုံးထဲသို့ ဂရုတစိုက် ထည့်ကာ၊ စုပ်ယူမှု အားကောင်းစေရန် မျက်တောင် ခဏခဏ ခတ်ပေးလိုက်၏။

(၁၀) မိနစ် မပြည့်ခင်မှာပင် ဆေးရည်တစ်ပုလင်းလုံး ကုန်သွားလေသည်။

ကျိဇီလင်း မျက်ခွံများ လေးလံလာပြီး အိပ်ချင်လာသဖြင့်၊ ယဲ့ဖုန်း၏ ကုလားထိုင်ရှည်ပေါ်တွင် လှဲကာ နာရီဝက်ခန့် တစ်ရေးအိပ်လိုက်၏။

ပြန်နိုးလာသောအခါ သူမသည် ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

သူမ၏ မြင်ကွင်းထဲတွင် ရောင်စုံ အငွေ့အသက်များစွာ မျောလွင့်နေသည်ကို တွေ့လိုက်ရလေ၏..

လေထဲတွင် သာမက နဂါးမျိုးနွယ်ဝင်များ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း အများအပြား ရှိနေလေသည်။

"အဲ့ဒီ ရောင်စုံ အငွေ့တွေက ရှေးဟောင်းသိုင်းကျမ်းတွေထဲမှာ ပြောထားတဲ့ ဝိညာဉ်စွမ်းအင်တွေလား"

ကျိဇီလင်း မျက်တောင်ခတ်လိုက်ပြီး ဝိညာဉ်မျက်လုံးကို ထိန်းချုပ်နည်း လျင်မြန်စွာ တတ်မြောက်သွား၏။

သို့သော် ကျိဇီလင်း ယဲ့ဖုန်းကို ကြည့်လိုက်သောအခါ ကြောင်အသွားမိလေသည်။

ယဲ့ဖုန်း၏ ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်စွမ်းအင် အရိပ်အယောင်မျှ မတွေ့ရပေ..

"ဒါက ရှေးဟောင်းသိုင်းကျမ်းတွေထဲမှာ ပြောထားတဲ့... ကိုယ့်ဝိညာဉ်စွမ်းအင်ကို အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ 'အတွင်းပိုင်း ပြုပြင်ခြင်း' ဆိုတဲ့ အဆင့်မြင့် နည်းလမ်းများလား"

ကျိဇီလင်း စိတ်ထဲတွင် အံ့ဩသွားမိသည်။

"လူသားတွေ ကိုးကွယ်ကြတဲ့ 'မူလ နတ်ဘုရား နယ်ပယ်' ကို ရောက်မှပဲ ဒီလောက် သေသပ်တဲ့ ထိန်းချုပ်မှုမျိုး ရနိုင်တာ မဟုတ်လား"

ယခုလို တွေးမိတော့၊ ကျိဇီလင်းသည် သူမ၏ ဂိုဏ်းချုပ်ကို အလွန် လေးစားသွားမိသည်။

"သူက သေချာပေါက် မူလ နတ်ဘုရား နယ်ပယ် မဟာပုဂ္ဂိုလ်ကြီး... တစ်နည်းအားဖြင့် နတ်ဘုရား တစ်ပါးပဲ ဖြစ်ရမယ်.."

ကျိဇီလင်း၏ စိတ်ကူးယဉ်မှုများသည် ပိုမို ခရီးဝေးသို့ ရောက်ရှိသွားလေတော့သည်။

ထိုအချိန်တွင် လုံထျန်းရှင်း၊ လုံယွမ်ချင်းနှင့် လုံယွိရှင်းတို့သည် အဝေးမှ လျှောက်လာကြ၏။

လုံယွမ်ချင်းသည် ပခုံးပေါ်တွင် အထုပ်ကြီး တစ်ထုပ်ကို ထမ်းထားလေသည်။

"ဒီအထိပါပဲ"

လုံထျန်းရှင်း ရပ်လိုက်ပြီး မိဘများကို ကြည့်ကာ ပြောလိုက်၏။

"သား.. ဂိုဏ်းချုပ်နဲ့အတူ ဂိုဏ်းပြန်လိုက်ပါတော့မယ်... အဖေနဲ့အမေ ဒီမှာ နေလို့ ငြီးငွေ့သွားရင် မြူခိုးတောင်ထိပ်ကို လာလည်ကြနော်"

လုံယွမ်ချင်းသည် သားဖြစ်သူကို ကြည့်ပြီး တည်ကြည်လေးနက် စွာ ပြောလိုက်၏။

"ထျန်းရှင်း... မင်းလည်း လူကြီး ဖြစ်နေပြီ... အဖေ့လမ်းစဉ်ဟောင်းကို မလိုက်စေချင်လို့ မင်းအမေနဲ့အတူ ဦးလေးဆီ ပို့လိုက်ခဲ့တာ... အခုလည်း မင်းလမ်း မင်းရွေးဖို့ ခွင့်ပြုပါတယ်... မင်းအတွက် မှန်ကန်တယ်လို့ ထင်ရင် အခက်အခဲတွေကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းပါ"

ဒီစကားကို ကြားတော့ လုံထျန်းရှင်း မျက်ရည်ဝဲသွားပြီး ခေါင်းညိတ်လိုက်၏။

လုံယွိရှင်းက ထျန်းရှင်း၏ မျက်နှာလေးကို ဖွဖွလေး ပွတ်သပ်ပေးရင်း စာတစ်စောင် ကမ်းပေးလိုက်လေသည်။

"အမေက ဒီမှာပဲ ဆက်နေတော့မယ်... ဒီစာကို ဦးလေးဆီ ပေးလိုက်ပါ... ဪ... ပြီးတော့ အမေ့ကုတင်အောက်မှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀) ဝှက်ထားတယ်... ဦးလေး သုံးဖို့ ပေးလိုက်နော်... ကြားလား"

ဒါကို ကြားတော့ ယဲ့ဖုန်း အံ့ဩသွားမိသည်။

လုံယွိရှင်းက ချီစုစည်းခြင်း အဆင့်ပဲ ရှိပေမယ့် ဝိညာဉ်ကျောက်တုံး (၁၀၀) တောင် စုဆောင်းထားပြီး လုံကျန်းချွမ်းရဲ့ နဂါးစံအိမ်တော်ထဲမှာ ဝှက်ထားတယ် ဆိုတော့... တကယ့် သူဌေးမကြီးပါလား..

လုံကျန်းချွမ်းတော့ သူ့ညီမ ဒီလောက် ချမ်းသာမှန်း သိလောက်မည် မဟုတ်ပေ။

"ဟုတ်ကဲ့... သား မှတ်ထားပါ့မယ်"

လုံထျန်းရှင်း ခေါင်းညိတ်လိုက်၏။

"ဒါတွေက နဂါးရှေးဟောင်း မြို့တော်ရဲ့ ဒေသထွက် လက်ဆောင်တွေပါ... ယူသွားပြီး ဂိုဏ်းသားတွေကို ဝေပေးလိုက်နော်"

လုံယွမ်ချင်းသည် အချင်း (၃) မီတာခန့် ရှိသော အထုပ်ကြီးကို လုံထျန်းရှင်းထံ ပစ်ပေးလိုက်၏။

"ဟုတ်ကဲ့... အား.."

လုံထျန်းရှင်း လှမ်းဖမ်းလိုက်ရာ လေးလံလွန်းသဖြင့် မြေကြီးပေါ်သို့ ဝုန်းခနဲ ပိကျသွားပြီး ပါးစပ်မှ အမြှုပ်များပင် ထွက်မတတ် ဖြစ်သွား၏။

"ငါ့သား.."

လုံယွမ်ချင်းနှင့် လုံယွိရှင်း လန့်သွားကြ၏။

ယဲ့ဖုန်း ယပ်တောင်လေး တစ်ချက် ခတ်လိုက်ပြီး သူရဲကောင်း ဝိညာဉ်စွမ်းအားဖြင့် အထုပ်ကြီးကို မ,ကြည့်လိုက်ရာ ပေါင် (၃၀၀၀) လောက် လေးလံကြောင်း တွေ့ရှိလိုက်ရ၏။ လုံထျန်းရှင်း မနိုင်တာ မဆန်းပါချေ။

"ထျန်းရှင်းက ချီစုစည်းခြင်း (၇) ဆင့်ပဲ ရှိသေးတာ... ခွန်အားက အကန့်အသတ် ရှိသေးတယ်"

ယဲ့ဖုန်း သတိပေးလိုက်ပြီး၊ အထုပ်ကြီးကို စနစ် နေရာလပ် ထဲ ထည့်ရန် ကြိုးစားသော်လည်း နေရာမလောက်သဖြင့် ကိုယ်တိုင် သယ်သွားရလေတော့သည်။

"အဖေ..သတိမထားမိလိုက်ဘူး"

လုံယွမ်ချင်း ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်၏။

"ကဲ... သွားခွင့်ပြုပါဦး"

ယဲ့ဖုန်းသည် လုံယွမ်ချင်းနှင့် လုံယွိရှင်းကို ဦးညွှတ်လိုက်ပြီး၊ နဂါးရှေးဟောင်း မြို့တော် အပြင်ဘက်သို့ ပျံသန်း ထွက်ခွာသွား၏။

"အဖေ၊ အမေ... သား သွားပြီ"

လုံထျန်းရှင်းသည် ယဲ့ဖုန်း၏ နောက်သို့ အလျင်အမြန် လိုက်ပါသွား၏။

"သားလေး... ပြန်လာလည်နော်.."

လုံယွိရှင်းသည် လက်နှစ်ဖက်ကို စကားပြောကိရိယာပုံစံ လုပ်ပြီး၊ လေထဲသို့ ရောက်နေပြီဖြစ်သော လုံထျန်းရှင်းကို လှမ်းအော်လိုက်၏။

ကောင်းကင်ယံတွင်၊

ယဲ့ဖုန်းသည် အနက်ရောင် အဝတ်စများဖြင့် အထပ်ထပ် ထုပ်ပိုးထားသော အထုပ်ကြီးပေါ်တွင် ထိုင်နေပြီး၊ လုံထျန်းရှင်းနှင့် ကျိဇီလင်းတို့က ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေကြ၏။

"ဂိုဏ်းချုပ်... မြူခိုးတောင်ထိပ် ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲဟင်"

ကျိဇီလင်း မေးလိုက်၏။

"မိုင် (၃၀၀၀) ခရီး ရှိသေးတယ်... ငါတို့အရှိန်က သိပ်မမြန်တော့ အနည်းဆုံး (၅) နာရီလောက် ကြာလိမ့်မယ်"

ဟု ယဲ့ဖုန်း အထုပ်ကြီးပေါ်တွင် ထိုင်ရင်း ကူကယ်ရာမဲ့စွာ ဖြေလိုက်၏။

လူနှစ်ယောက်စာလောက် လေးလံသော ဒီအထုပ်ကြီးသာ မပါလျှင်၊ အရှိန်က ဒီထက် အဆပေါင်းများစွာ မြန်မှာ သေချာသည်။

မျက်တောင် တစ်ခတ်အတွင်း နာရီပေါင်းများစွာ ကုန်ဆုံးသွား၏။

ယဲ့ဖုန်းတို့အဖွဲ့ မြူခိုးတောင်ထိပ်သို့ ရောက်ရှိချိန်တွင် ညဉ့်နက်နေပြီ ဖြစ်လေသည်။

"တစ်ထောင့်သုံး... တစ်ထောင့်လေး..."

မြူခိုးတောင်ထိပ်ပေါ်တွင် ကျောက်ကျားရှီးသည် ကြမ်းပြင်ပေါ် ရပ်လျက် ပေါင်တစ်သောင်း လေးလံသော ကျောက်တုံးကြီးများကို လက်တစ်ဖက်စီဖြင့် ခေါင်းပေါ်သို့ မ,တင်လိုက်၊ ပခုံးအမြင့်သို့ ပြန်ချလိုက်နှင့် ခန္ဓာကိုယ် လေ့ကျင့်ခန်း လုပ်နေလေသည်။

"ဂျူနီယာညီလေး ကျောက်က တကယ် ကြိုးစားတာပဲ"

လုံထျန်းရှင်း အဝေးမှ လှမ်းမြင်လိုက်ပြီး ချီးကျူးလိုက်မိသည်။

ကျိဇီလင်း လှမ်းကြည့်လိုက်ရာ မြူခိုးတောင်ထိပ်၏ အပေါ်ပိုင်း တစ်ဝက်ကို မြူခိုးများ ဖုံးလွှမ်းနေသော်လည်း၊ တောင်ထိပ်ပိုင်းသည် ကြည်လင်နေပြီး ရောင်စုံ ဝိညာဉ်စွမ်းအင်များ လွှမ်းခြုံနေလေသည်။ ရှေးဟောင်းသိုင်းကျမ်းများထဲမှ မင်္ဂလာမြေနှင့် တူနေသည်ကို တွေ့ရ၏။

"ဒါ မြူခိုးတောင်ထိပ်လား"

ကျိဇီလင်း သည် သူမ စိတ်ကူးထားတာနှင့် သိပ်မကွာခြားဘဲ လှပသည်ဟု တွေးလိုက်မိသည်။

“ဘုန်း..”

ယဲ့ဖုန်းသည် အထုပ်ကြီးကို မြက်ခင်းပြင်ပေါ်သို့ ချလိုက်ရာ အသံအကျယ်ကြီး ထွက်ပေါ်လာပြီး၊ ကျောက်ကျားရှီး၏ အာရုံကို ဖမ်းစားလိုက်၏။ သူ လှမ်းကြည့်လိုက်ပြီး ချက်ချင်း အော်ဟစ်လိုက်လေသည်။

"ဂိုဏ်းချုပ် ပြန်ရောက်လာပြီ.."

သူ့အသံက ကျယ်လောင်လွန်းသဖြင့် တပည့်များနှင့် ဝိညာဉ်သားရဲများ အားလုံး နိုးထလာကြ၏။

"ဂါး.."

အစ်ကိုကြီး ခေါင်းပြားက ပထမဆုံး ပြေးရောက်လာပြီး၊ သူ့ကို ထားခဲ့သည့်အတွက် မကျေနပ်သလို ယဲ့ဖုန်း၏ ခြေထောက်ကို ဆွဲလိုက်၏။

"ဂိုဏ်းချုပ်ဦးလေး ပြန်ရောက်ပြီလား"

"ဂျူနီယာညီလေးလုံ လည်း ပါတယ်ဟေ့.."

"ဟေ... ခရမ်းရောင် ဆံပင်ရှည်နဲ့ ညီမလေးက ဘယ်သူလဲ... ချစ်စရာလေး.."

တပည့်များ အခန်းထဲမှ ထွက်လာကြ၊ ရေကန်ဘေးမှ ထလာကြ၊ ခေါင်မိုးပေါ်မှ ခုန်ဆင်းလာကြနှင့် စုရုံးရောက်ရှိလာကြ၏။ သူတို့၏ အကြည့်များသည် (၃) မီတာခန့် မြင့်မားသော အထုပ်ကြီးဆီသို့ ဦးစွာ ရောက်ရှိသွားကြလေသည်။

"ဒါက ကျိဇီလင်း... မြူခိုးဂိုဏ်းရဲ့ တပည့်သစ်ပဲ"

ယဲ့ဖုန်းသည် အမည်စာရင်း စာအုပ် နှင့် ဂိုဏ်းချုပ် တံဆိပ်တုံးကို ထုတ်ယူလိုက်ပြီး၊ ကျိဇီလင်းကို တပည့်အဖြစ် အမြန် စာရင်းသွင်းလိုက်၏။

"တီ... ထိပ်တန်းအဆင့် ကျင့်ကြံခြင်းအရိုး နဲ့ ဝိညာဉ်မျက်လုံး ပိုင်ရှင် 'ကျိဇီလင်း' အား စာရင်းသွင်း တပည့် အဖြစ် အသိအမှတ်ပြုလိုက်ပါတယ်။"

စနစ် ၏ အကြောင်းကြားစာ ရောက်လာခြင်းပါ။

ယခု အချိန်ကစပြီး မြူခိုးဂိုဏ်းတွင် စနစ် အသိအမှတ်ပြု တပည့် (၁၃) ယောက် ရှိသွားပြီ ဖြစ်လေသည်။

"ကျိဇီလင်း.."

တပည့်များ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး၊ နာမည်လေးက ကောင်းသားပဲဟု ကြိတ်တွေးမိကြ၏။

ကျိဇီလင်း ရှေ့ထွက်လာပြီး၊ ရှေးဟောင်းသိုင်းကျမ်းများထဲကအတိုင်း ယဉ်ကျေးစွာ ဦးညွှတ်လိုက်ကာ ချိုသာသော အပြုံးဖြင့် ပြောလိုက်လေသည်။

"ဇီလင်းက စီနီယာ အစ်ကိုတွေ အစ်မတွေ အားလုံးကို ဂါရဝပြုပါတယ်"

"ကြိုဆိုပါတယ် ဂျူနီယာညီမလေး.."

တပည့်များ ပြန်လည် နှုတ်ဆက်ကြ၏။

"နောက်ကျရင် အချင်းချင်း သင်ယူပြီး သင့်မြတ်အောင် နေကြ... ထျန်းရှင်း... အထုပ်ကြီးကို ဖွင့်လိုက်"

ယဲ့ဖုန်း အမိန့်ပေးလိုက်၏။

"ဟုတ်ကဲ့"

လုံထျန်းရှင်းသည် ကြိုးကို ဖြည်လိုက်ပြီး၊ ကြက်သွန်နီ ခွာသလိုမျိုး အနက်ရောင် အဝတ်စ (၃၅) ထပ်ကို တစ်ထပ်ချင်း ခွာချလိုက်ရာ၊ နောက်ဆုံးတွင် ပစ္စည်းပုံအကြီးကြီး ဘေးပတ်လည်သို့ ပြိုကျလာလေတော့သည်။

"ဘုရားရေ... ဝက်ကင်ကြီး.."

"ငါးကင်တွေလည်း ပါတယ်။ (၁၀) ကောင်ကျော်မယ်... အကြီးကြီးတွေပဲ... တစ်ကောင်ကို ပေါင် (၂၀) လောက် ရှိမယ်"

"ဝိုင်အိုးတွေလည်း တွေ့တယ်... မွှေးလိုက်တာ.."

"ဟေး... ငါ အကြိုက်ဆုံး ဝက်လက်ကြီးတွေ.."

တပည့်များသည် အစားအသောက်ပုံကြီးကို ကြည့်ပြီး စိတ်လှုပ်ရှား တုန်ရီ သွားကြ၏။

အထူး အနက်ရောင် အဝတ်စများဖြင့် အထပ်ထပ် ထုပ်ပိုးထားသဖြင့်၊ အစားအစာများသည် ယခုထိ ပူနွေးပြီး မွှေးကြိုင်နေဆဲ ဖြစ်လေသည်။

တပည့်များ နားမလည်နိုင် ဖြစ်သွားကြ၏။

ဂိုဏ်းချုပ်နဲ့ လုံထျန်းရှင်းတို့ ဘာတွေ သွားလုပ်ခဲ့ကြတာလဲ။

ရက်အနည်းငယ် ကြာသွားပြီးတော့၊ ဂျူနီယာညီမလေး တစ်ယောက် ပါလာရုံတင်မကဘူး၊ အစားအသောက်ပုံကြီးပါ သယ်လာကြတာပဲ။

အစားအသောက်များကို ကြည့်ပြီး ယဲ့ဖုန်းပင်လျှင် အံ့ဩသွားမိသည်။

ဒီလောက် အထုပ်ကြီးထဲမှာ အစားအသောက်တွေချည်းပဲ ပါမည်ဟု သူ မထင်ထားခဲ့မိပေ။

"စကားပုံ တစ်ခု ရှိတယ်... 'မင်းမိဘတွေက မင်း ဗိုက်ဆာနေတယ်လို့ ထင်နေသရွေ့ မင်း ဗိုက်ဆာနေဦးမှာပဲ' ဆိုတာ ဒါကို ပြောတာကိုး"

ယဲ့ဖုန်းသည် အရသာရှိသော အစားအသောက်များကို ကြည့်ရင်း တံတွေးမြိုချလိုက်ပြီး၊ လက်ထဲတွင် တူတစ်စုံ ရောက်ရှိလာ၏

"နိုးနေကြပြီဆိုတော့... ညလယ်စာ စားကြမယ်ဟေ့..”

အခန်း (၁၈၈) - ထူးခြားသော ကျင့်ကြံမှု အဟန့်အတား၊ တာဝန်ပြီးမြောက်ခြင်း

~ညလယ်စာ စားပွဲ..

လူအုပ်ကြီးသည် အစားအသောက်ပုံကြီးကို ဝိုင်းဖွဲ့ကာ ပျော်ရွှင်စွာ စားသောက်နေကြ၏။

အစားအသောက်များ လွန်စွာ များပြားနေသဖြင့်၊ ယဲ့ဖုန်းသည် သုံးပုံနှစ်ပုံကို အရင်သိမ်းထားရန် ဆုံးဖြတ်လိုက်၏။

သိမ်းဆည်းမည့် နည်းလမ်းကတော့ သဘာဝအတိုင်း စနစ် နေရာလပ် ထဲသို့ ပစ်ထည့်လိုက်ခြင်းပင်။

ယခုအခါ စားပွဲပေါ်တွင် ပေါင်တစ်ထောင်ကျော် ရှိသော အစားအသောက်များ ပြည့်နှက်နေပြီး၊ ယဲ့ဖုန်းနှင့် တပည့်များသာမက ဂိုဏ်းစောင့် ဝိညာဉ်သားရဲများ ဖြစ်သော သံလက်သည်း နဂါးလင်းယုန်နှင့် အစ်ကိုကြီး ခေါင်းပြားတို့ပါ ပါဝင်စားသောက်နေကြ၏။

ရွှေရောင် ရှဉ့်လေး၏ နောက်လိုက် ရာပေါင်းများစွာသည်လည်း ပေါင် (၂၅) လောက် ရှိသော အလွန်ကြီးမားသည့် ငါးကင်ကြီး တစ်ကောင်ကို ဝေမျှ စားသောက်နေကြလေသည်။ ကြွပ်ရွပြီး အရသာရှိသော ငါးကင်ကြောင့် သူတို့သည် အရသာခံကာ မကုန်နိုင်မခန်းနိုင် ဖြစ်နေကြပြီး၊ ချဉ်စုတ်နေသော ထင်းရှူးသီးများကို လုံးဝ စိတ်မဝင်စားကြတော့ပေ။

"ဂိုဏ်းချုပ်ဦးလေး... ဒီရက်ပိုင်း လုံကျိုကို သွားရှာနေတာလား"

ယဲ့ဖုန်းဘေးတွင် ထိုင်နေသော ရှီလေ့သည် စားရင်းသောက်ရင်း ရုတ်တရက် သတိရသွားပြီး မေးလိုက်၏။

"အဲ့ဒါက ဇာတ်လမ်းရှည်တယ်ကွ"

ယဲ့ဖုန်း တူကို ချလိုက်၏။

သူသည် ပန်ကူ ကမ္ဘာကြီး ဖန်တီးခဲ့သည့် အချိန်ကစပြီး ပြောပြနေခြင်း မဟုတ်ဘဲ၊ အဓိက အချက်များကိုသာ ရွေးချယ် ပြောပြလိုက်၏။ လေနတ်ဘုရား မြို့တော်က ညတစ်ညမှာ လုံထျန်းရှင်းကို မြို့ပြင်က တောင်ကြားထဲ ခေါ်သွားပြီး လုံကျိုနှင့် တွေ့ဆုံပေးခဲ့ခြင်းမှ… စတင် ပြောပြလိုက်လေသည်။

လုံကျိုနှင့် ကတိကဝတ်တွေ၊ လုံထျန်းရှင်းရဲ့ ဝိသေသလက္ခဏာ၊ ကမ္ဘာငယ် (၃၀၀၀) ထဲက အတွေ့အကြုံတွေနှင့် နောက်ပိုင်း ကျိဇီလင်းနှင့် တွေ့ဆုံခဲ့သော ဖြစ်ရပ်တွေကို အကြမ်းဖျင်း ပြောပြလိုက်၏။

နားထောင်နေကြသော တပည့်များသည် တဖြည်းဖြည်း အံ့ဩမှင်သက်လာကြသည်။

“နဂါးမျိုးနွယ်စုက အလယ်အလတ်စား ကောင်းကင်ဘုံ လိုဏ်ဂူ ကမ္ဘာကြီး တစ်ခုကို စောင့်ကြပ်နေခြင်းပင်။

၎င်းကို ရောင်းလိုက်လျှင်တောင် မိုးထိအောင် ဈေးရမည်၊ အထဲက ထောင်ပေါင်းများစွာသော အလယ်အလတ်စားနှင့် အသေးစား ကမ္ဘာငယ်လေးတွေ ဆိုလျှင်တော့ ပြောစရာ မလိုအပ်တော့ပါ။ တန်ဖိုး ဖြတ်မရနိုင်ပေ။

အရေးကြီးဆုံးကတော့ အတွင်းထဲက အရင်းအမြစ်တွေပင်။

"ကမ္ဘာငယ် (၃၀၀၀) က ကျယ်ဝန်းပေမယ့် နှစ်ပေါင်းများစွာ ရိတ်သိမ်းခဲ့ပြီးပြီ ဆိုတော့... ဒီအဆင့်မှာ ထူးဆန်းတဲ့ ဝိညာဉ်သစ်သီးတွေကလွဲရင် တခြား လျှို့ဝှက်ချက်တွေ သိပ်ကျန်မယ် မထင်တော့ဘူး"

ယဲ့ဖုန်းသည် ပြောပြရင်း၊ ဝိုင်အိုးကောင်း တစ်လုံးကို ထုတ်ယူလိုက်၏။

ဒါက နဂါးရှေးဟောင်း မြို့တော်မှ မထွက်ခွာခင် အဂူဒို ပေးလိုက်သည့် ထူးဆန်းသော ဝိညာဉ်သစ်သီး ဆေးဝိုင်ပင် ဖြစ်လေသည်။

နဂါးမျိုးနွယ်ဝင်တွေ သောက်လျှင် နဂါးသွေးကို သန့်စင်စေသည်။

သာမန်လူတွေ သောက်ရင် ကျန်းမာရေး ကောင်းစေသည်။

ရှီလေ့လို သာမန် ကျင့်ကြံသူတွေ သောက်လျှင်တော့ ကျင့်ကြံမှုနှုန်းကို မြန်ဆန်စေသည့် တကယ့် ရတနာပင်။

တပည့်များသည် ဆေးဝိုင်ကို သောက်ရင်း၊ ကျိဇီလင်းနှင့် လုံထျန်းရှင်းကို တဖြည်းဖြည်း လှည့်ကြည့်လာကြ၏။

"ဂျူနီယာညီလေးလုံ... မင်း တကယ်ပဲ နဂါးအဖြစ် ပြောင်းလဲနိုင်တာလား"

ဟိုယွင်ကျဲ အလွန် စိတ်ဝင်စားနေပါသည်။

"ဒါပေါ့.."

လုံထျန်းရှင်း ပါးစပ်ကို သုတ်လိုက်ပြီး လက်သီးကို ဆုပ်လိုက်ရာ၊ ခန္ဓာကိုယ်သည် မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းရောင်များကြားတွင် နဂါးအမြီးပါသော လူသားပုံစံအဖြစ် ပြောင်းလဲသွား၏။ ငွေရောင် နဂါးကြေးခွံများ ဖုံးအုပ်ထားပြီး ထက်ရှသော လက်သည်းများနှင့် အလွန် ခန့်ညားထည်ဝါ နေလေသည်။

“အမိုက်စားပဲကွာ..”

တပည့်များ အားကျမနေဘဲ မနေနိုင်ကြတော့ပေ။

လုံထျန်းရှင်း ပုံမှန်အတိုင်း ပြန်ပြောင်းလိုက်ပြီး ပြောလေသည်။

"မဟာ အကြီးအကဲ ပြောတာကတော့ ကျွန်တော် ဒုတိယအဆင့်ကို ထပ်ပြီး တက်လှမ်းနိုင်တယ် တဲ့... ဒါပေမဲ့ အလားအလာကို ဆက်တိုက် တိုးတက်အောင် လုပ်ဖို့ လိုအပ်ပါတယ်... ကျွန်တော် ဘယ်လိုပဲ ကြိုးစားကြိုးစား မရနိုင်သေးဘူးဗျ"

ထိုအခါ၊ ယဲ့ဖုန်းက လုံထျန်းရှင်း၏ ပခုံးကို ပုတ်လိုက်ပြီး ပြောလေသည်။

"မင်း တော်တော် လုပ်နိုင်ခဲ့ပါပြီ... ဒုတိယအဆင့် ဆိုတာ အဲ့လောက် လွယ်လွယ်နဲ့ ရောက်နိုင်တာ မဟုတ်ဘူး... အခုလောလောဆယ် ကျင့်ကြံမှုအပေါ်ပဲ အာရုံစိုက်ပြီး စွမ်းအားတွေကို ဖြည်းဖြည်းချင်း စုဆောင်းပါ... ဒါမှ အလားအလာကို ပိုပြီး တိုးတက်အောင် လုပ်နိုင်မှာ"

ထို့နောက် ယဲ့ဖုန်းသည် ကျိဇီလင်းဘက်သို့ လှည့်ပြီး ပြောလေသည်။

"ငါ ပြောဖို့ မေ့နေတာ... ဇီလင်းမှာ ထိပ်တန်းအဆင့် ကျင့်ကြံခြင်းအရိုး ရှိတယ်... သူ့ရဲ့ ပါရမီက လေဓားဂိုဏ်းက ဓားကလေး (ဓားဝိညာဉ်ကလေး) မူရူရွှဲ့ထက် မလျော့ဘူး"

စကားဆုံးသည်နှင့် တစ်ခန်းလုံး တိတ်ဆိတ်သွား၏။

အနက်ရောင် ဇာပဝါအောက်တွင် ဖုံးကွယ်ထားသော မိုယင်၏ မျက်နှာတွင် အံ့ဩမှုများ ပြည့်နှက်သွားသော်လည်း၊ လျင်မြန်စွာပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

"ထိပ်တန်းအဆင့် ကျင့်ကြံခြင်းအရိုး ဟုတ်လား.."

ကျားယွိလန် လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။

"ကြည့်ရတာ သူက ငါ့ထက် အများကြီး ပိုတော်မယ့်ပုံပဲ"

ဟု နို့ထိန်း ယန်ရူယွီက လက်ချောင်းကို ကိုက်ရင်း တည်ကြည်လေးနက် စွာ ပြောလိုက်၏။

ကျိဇီလင်းသည် လူတိုင်း၏ အားကျသော အကြည့်များကို ခံရသဖြင့် အနည်းငယ် ပျော်ရွှင်သွားပြီး ရှက်သွေးဖြာစွာ ပြောလိုက်လေသည်။

"ထိပ်တန်းအဆင့် ဆိုပေမယ့်... ကျွန်မက ကျင့်ကြံခြင်းကို မစရသေးပါဘူး... နောက်ကျရင် အားလုံးရဲ့ လမ်းညွှန်မှုကို မျှော်လင့်ပါတယ်"

"ဒါနဲ့... ဒါက အခြေခံ ကျင့်စဉ် 'ဓာတ်ငါးပါး ပေါင်းစည်းခြင်း'ရဲ့ ပထမပိုင်းပဲ... ဇီလင်း... မင်းက ဝိညာဉ်မျက်လုံး ဖွင့်ပြီးပြီ ဆိုတော့... အခု စမ်းပြီး ကျင့်ကြံကြည့်... မိုးမလင်းခင် ချီစုစည်းခြင်း ပထမအဆင့်ကို ရောက်မလား ကြည့်ရအောင်"

ယဲ့ဖုန်းက ကျင့်စဉ်စာအုပ်ကို ကျိဇီလင်း ရှေ့တွင် ချပေးလိုက်၏။

"ဟုတ်ကဲ့... ကြိုးစားပါ့မယ်"

ကျိဇီလင်း ကျင့်စဉ်စာအုပ်ကို ဖွင့်လိုက်သည်။

သူမသည် အလွန် ဉာဏ်ကောင်းပြီး ထိပ်တန်းအဆင့် ကျင့်ကြံခြင်းအရိုး ပိုင်ဆိုင်ထားသဖြင့် အခက်အခဲ နည်းပါးလေသည်။ ထို့အပြင် ဘေးနားတွင် အတွေ့အကြုံ ရှိသော ဂိုဏ်းသားများ ရှိနေသဖြင့် မသိနားမလည်သည်များကို ချက်ချင်း မေးမြန်းနိုင်၏

မကြာမီ ကျိဇီလင်းသည် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး၊ လက်ဖဝါးများကို ကောင်းကင်ဘက်သို့ ဖြန့်ထားလိုက်၏။

သူမ အာရုံစိုက်ပြီး ဝိညာဉ်စွမ်းအင်ကို အာရုံခံလိုက်သည်နှင့် တပြိုင်နက်၊ ပတ်ဝန်းကျင်ရှိ သဘာဝ ဝိညာဉ်စွမ်းအင်များသည် လျင်မြန်သော အရှိန်အဟုန်ဖြင့် သူမထံသို့ စီးဝင်လာကြလေတော့သည်။

"ထိပ်တန်းအဆင့် ကျင့်ကြံခြင်းအရိုး ဆိုတာ တကယ်ပဲ မိုက်တာပဲ... ကျင့်ကြံမှုနှုန်းက ငါ့ထက် အနည်းဆုံး (၄) ဆလောက် မြန်တယ်.."

ရှီလေ့ အားကျစွာ အော်ဟစ်လိုက်မိသည်။

သူက အဆင့်နိမ့် ကျင့်ကြံခြင်းအရိုး ပိုင်ရှင် ဖြစ်ပြီး၊ ကျိဇီလင်းက ထိပ်တန်းအဆင့် ပိုင်ရှင် ဖြစ်သည်။

ကွာခြားချက်က မိုးနဲ့မြေလိုပဲ..

လက်ဖက်ရည် တစ်ဝက်ကျိုချိန်တောင် မကြာလိုက်... ကျိဇီလင်း ဘေးပတ်လည်တွင် ဝိညာဉ်စွမ်းအင် ဝဲကတော့တစ်ခု ဖြစ်ပေါ်လာပြီး၊ မင်္ဂလာမြေ ကောင်းကင်ဘုံ လိုဏ်ဂူ တစ်ခုဘေးတွင် ရပ်နေရသကဲ့သို့ ခံစားလိုက်ရ၏။

"ဒါက ထိပ်တန်း ပါရမီရှင်တွေရဲ့ စွမ်းရည်လား... သူတို့နား ရောက်ရင်ကို ဝိညာဉ်စွမ်းအင် သိပ်သည်းမှုရဲ့ အကျိုးကျေးဇူးကို ခံစားရတယ်... လူတွေက ထိပ်တန်း ပါရမီရှင်တွေနား ကပ်ချင်ကြတာ မဆန်းပါဘူး.."

တပည့်များ အံ့ဩတကြီး ရေရွတ်လိုက်ကြ၏။

ထိုအချိန်တွင် မိုယင်က ဝင်ပြောလိုက်လေသည်။

"ဒါက ထိပ်တန်း ပါရမီရှင် အဆင့်ပဲ ရှိသေးတယ်... နတ်ဘုရားတို့၊ သူတော်စင်တို့ အဆင့်လို ပိုမြင့်တဲ့ အဆင့်တွေ ဆိုရင်... သူတို့ မကျင့်ကြံရင်တောင် ဝိညာဉ်စွမ်းအင်တွေက သူတို့ဆီ အလိုလို စီးဝင်လာပြီး၊ ဝိညာဉ်သွေးကြော တစ်ခုလိုမျိုး သူတို့ပတ်ဝန်းကျင်မှာ ဖြစ်တည်နေတတ်တယ်... ဒါကြောင့် အဲ့လို ပါရမီရှင်တွေနားမှာ နောက်လိုက်တွေ အများကြီး ရှိတတ်တာပေါ့"

အားလုံး ဗဟုသုတ ရသွားကြ၏။

"ကဲ... ညလယ်စာ စားတာ တော်လောက်ပြီ... မင်းတို့လည်း ကြိုးစားပြီး ကျင့်ကြံကြတော့"

ယဲ့ဖုန်း နောက်ဆုံးကျန်တဲ့ ဝက်သားပေါင်း တစ်တုံးကို ကောက်စားလိုက်ပြီး တိုက်တွန်းလိုက်၏။

နောက်တစ်နေ့ နံနက်။

ကျိဇီလင်း မျက်လုံးဖွင့်လိုက်၏။

"ကျင့်ကြံခြင်း ဆိုတာ ဒါကိုး.."

သူမ မတ်တတ်ရပ်လိုက်ရာ စာကလေးတစ်ကောင်လို ပေါ့ပါးသွက်လက်နေသည်ကို ခံစားလိုက်ရပြီး၊ သူမ၏ ခရမ်းရောင် ဆံနွယ်များ ပိုမို ရှည်လျားလာကာ ခြေသလုံးလောက်ထိ ရောက်နေသည်ကို သတိထားမိလိုက်၏။

"ကျင့်ကြံရင် ဆံပင်တွေပါ ရှည်လာတာလား"

ကျိဇီလင်း တွေးလိုက်မိသည်။

ခေါင်မိုးပေါ်တွင်၊

ယဲ့ဖုန်း လှည့်ကြည့်လိုက်ရာ ကျိဇီလင်း နိုးလာသည်ကို တွေ့လိုက်ရ၏။ စနစ် မျက်နှာပြင် ကို ဖွင့်ကြည့်လိုက်ပြီးနောက် လန့်ဖျပ်သွားမိလေသည်။

"ချီစုစည်းခြင်း တတိယအဆင့် အထွတ်အထိပ် ရောက်နေပြီလား.."

တစ်ညတည်းနဲ့..

"တတိယအဆင့် ရောက်သွားပြီ... ဒါပေမဲ့ ကျွန်မ ကျင့်ကြံမှု အဟန့်အတား ဆိုတာကို မကြုံရသေးဘူး... အကြိမ်ကြိမ် ကြိုးစားပေမယ့် မအောင်မြင်ဘူး"

ကျိဇီလင်း နားမလည်နိုင်သော မျက်နှာထားဖြင့် ပြောလိုက်၏။

"ဒါကြောင့် ကျွန်မ ချီစုစည်းခြင်း ပထမအဆင့်ကိုတောင် မရောက်သေးဘူး ထင်နေတာ"

"မင်း ဆိုလိုတာက... ပထမအဆင့် နဲ့ ဒုတိယအဆင့်မှာ ဘာအခက်အခဲမှ မကြုံခဲ့ရဘူးပေါ့"

ယဲ့ဖုန်း တစ်ခုခု မှားနေသည်ကို သတိထားမိလိုက်ပြီး စနစ် ကို အမြန် မေးလိုက်၏။

"ဘယ်လို ဖြစ်တာလဲ"

"တီ... စစ်ဆေးပြီးပါပြီ... စာရင်းသွင်းတပည့် ကျိဇီလင်းမှာ ထူးခြားသော ကျင့်ကြံမှု အဟန့်အတား ရှိနေပါတယ်။ ချီစုစည်းခြင်း အဆင့်မှာ (၃) ဆင့်ကို တစ်ကြိမ် ကြုံတွေ့ရမှာ ဖြစ်ပြီး၊ ကျော်ဖြတ်ဖို့ အလွန် ခက်ခဲပါလိမ့်မယ်။ 'ဓာတ်ငါးပါး ပေါင်းစည်းခြင်း'အပြင် တခြား ကျင့်စဉ် တစ်ခုကိုပါ တွဲဖက် ကျင့်ကြံမှသာ အဟန့်အတားကို ချိုးဖောက်နိုင်ပါမယ်။"

စနစ် က ရှင်းပြလာ၏။

"ဂိုဏ်းထဲမှာ သင့်တော်တဲ့ ကျင့်စဉ် ရှိလား"

ယဲ့ဖုန်း စဉ်းစားလိုက်မိသည်။

"တီ... စစ်ဆေးလို့ ပြီးသွားပါပြီ။ 'ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်' က အသင့်တော်ဆုံး ရွေးချယ်မှု တစ်ခုပါပဲ။ စာရင်းသွင်းတပည့် ကျိဇီလင်းအနေနဲ့ ဒီကျင့်စဉ်ကိုသာ တပြိုင်နက်တည်း တွဲဖက်လေ့ကျင့်မယ်ဆိုရင် 'ဓာတ်ငါးပါး ပေါင်းစည်းခြင်း' နဲ့ ပေါင်းစပ်မိသွားပြီး အဆင့်တက်လှမ်းရာ အခက်အခဲကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်”

ဟု စနစ် က လမ်းပြပေးလိုက်၏။

ထို့ကြောင့် ယဲ့ဖုန်း ခေါင်မိုးပေါ်မှ ခုန်ဆင်းလိုက်လေသည်။

"မင်းရဲ့ အခြေအနေက ထူးခြားတယ်... 'ဓာတ်ငါးပါး ပေါင်းစည်းခြင်း' တစ်ခုတည်းနဲ့ မလုံလောက်ဘူး... ဒီကျင့်စဉ်ကိုပါ လေ့ကျင့်ရမယ်"

ပြောပြောဆိုဆိုနှင့်၊ ယဲ့ဖုန်းသည် "ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်" ၏ ပထမပိုင်းကို ကျိဇီလင်းထံ ကမ်းပေးလိုက်၏။

"ဒါက အထောက်အကူပြု ကျင့်စဉ်လားဟင်"

"အဲ့လိုပဲ သဘောထားလိုက်ပါ"

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"

ကျိဇီလင်း ဘေးတစ်ဖက်သို့ ရွှေ့သွားပြီး၊ ကျင့်စဉ်စာအုပ်ကို ဖွင့်ကာ စတင် ကျင့်ကြံလေတော့သည်။

စနစ် သာ သတိမပေးလျှင် ကျိဇီလင်း တစ်ယောက် ချီစုစည်းခြင်း တတိယအဆင့်မှာ အကြာကြီး သောင်တင်နေမှာ သေချာသည်။

ကျိဇီလင်း ဆက်လက် ကျင့်ကြံနေစဉ်၊ ယဲ့ဖုန်းသည် ရှီလေ့ တည်ဆောက်ထားသော သစ်သားမျှော်စင်သစ်တွင် အခန်းတစ်ခန်း ရွေးချယ်လိုက်ပြီး၊ ကျိဇီလင်း၏ အိပ်ခန်းအဖြစ် သတ်မှတ်ပေးလိုက်၏။

ထိုအချိန်တွင် ယဲ့ဖုန်းမှာ.. စနစ် ၏ အကြောင်းကြားစာကို လက်ခံရရှိလိုက်၏။

"တီ... ဝိညာဉ်သားရဲ ရှောင်ပိုင်က အဆင့်မြင့် နတ်ဆိုးစစ်သည်တော် နယ်ပယ်ကို အဆင့်တက်သွားပါပြီ။”

"တီ... ဝိညာဉ်သားရဲ ရွှေရောင်ရှဉ့်လေးဟာ အဆင့်မြင့် နတ်ဆိုးစစ်သည်တော် နယ်ပယ်ကို အဆင့်တက်သွားပါပြီ။"

"တီ... ဂိုဏ်းစောင့် ဝိညာဉ်သားရဲများဟာ အဆင့်တက်ဖို့ လိုအပ်ချက် ပြည့်မီသွားပြီ ဖြစ်လို့၊ အထူးလက်ဆောင်အိတ် အသေးစား ×၁ ကို ရရှိပါတယ်။"

"တီ... ဂိုဏ်းချုပ်ရဲ့ ဒုတိယအဆင့် တာဝန် ပြီးမြောက်သွားပြီ ဖြစ်လို့၊ တာဝန် အကျိုးအမြတ်တွေကို တွက်ချက်နေပါတယ်"

ယဲ့ဖုန်း ဘာမှ ပြန်မပြောရသေးခင်မှာပင် အကြောင်းကြားစာများ ဆက်တိုက် ဝင်ရောက်လာသည်။

အထူးသဖြင့် နောက်ဆုံး အကြောင်းကြားစာကို ကြားလိုက်ရသောအခါ၊ ယဲ့ဖုန်း မျက်လုံးများ အံ့ဩသဖြင့် ပြူးကျယ်သွား၏။

"မူလ အစီအစဉ်အရ ဆိုရင်... အဆင့်တက်ဖို့ နောက်ထပ် လဝက်လောက် လိုသေးတာ မဟုတ်ဘူးလား... ဘယ်လိုလုပ် အချိန်ထက် စောပြီး ပြီးသွားတာလဲ"

ချောက်ကမ်းပါး အစွန်းတွင်၊

ယဲ့ဖုန်း လေတိုက်ခံရင်း ဆံပင်များ ဖရိုဖရဲ ဖြစ်ကာ ကြောင်တောင်တောင် ရပ်နေမိလေတော့သည်။

အခန်း (၁၈၉) - အသေးစား ကောင်းကင်မေးမြန်း ကြေးမုံ၊ သံရည်ကျို မီးဖို၏ အံ့ဖွယ်လုပ်ဆောင်ချက်များ

~"ဘာလို့ ဒီလောက် မြန်မြန် အဆင့်တက်သွားကြတာလဲ"

ယဲ့ဖုန်း တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။

"ဒါက ကောင်းတဲ့ ကိစ္စလေ... ဂိုဏ်းချုပ် ဝမ်းမသာသင့်ဘူးလား"

စနစ်သည် ယဲ့ဖုန်း၏ မျက်နှာပေါ်မှ ဝမ်းနည်းရိပ်သန်းနေသော အမူအရာကို နားမလည်နိုင် ဖြစ်နေ၏။

ယဲ့ဖုန်း… စနစ် ကို လစ်လျူရှုလိုက်ပြီး လေပေါ်သို့ ပျံတက်လိုက်ရာ၊ မြေခွေးဖြူလေးသည် ဝိုင်အိုးကို ဖက်လျက် အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။ ရွှေရောင်ရှဉ့်လေးသည်လည်း ခြေလက်များ ဆန့်ကားလျက် အိပ်ပျော်နေပြီး၊ ခွေးမိုက် အားဟာ၊ ဝက်ပိန် စန်းဖန်၊ ဖားပြုတ် စစ်ချူ နှင့် ဖရုံသီး ဝူကွား တို့သည်လည်း ဘေးတွင် ပိုးလို့ပက်လက်.. အိပ်မောကျနေကြ၏။ ဟောက်သံများက ဖားဖိုကဲ့သို့ ကျယ်လောင်လှပေသည်။

"သူတို့... သူတို့ တကယ်ပဲ ဝိညာဉ်သစ်သီး ဆေးဝိုင်တစ်အိုးလုံး ကုန်အောင် သောက်လိုက်ကြတာလား.."

ယဲ့ဖုန်း ရုတ်တရက် သဘောပေါက်သွား၏။

"ငါ နားလည်ပြီ... သူတို့က အရင်ဆုံး ငါချန်ခဲ့တဲ့ သွေးမျိုးဆက် သန့်စင်ဆေးလုံးတွေကို စားတယ်... ပြီးတော့ အဆင့်မြင့် ဝိညာဉ်သားရဲ အစာတွေကို ဆက်တိုက် စားနေခဲ့တာ ကြာပြီ... အဲ့ဒီမှာတင် အလယ်အလတ်အဆင့် နတ်ဆိုးစစ်သည်တော် အထွတ်အထိပ် ရောက်နေကြပြီ... မနေ့ညက ဆေးဝိုင်တွေ အများကြီး သောက်လိုက်တဲ့အပြင်၊ ကျိဇီလင်းရဲ့ ကျင့်ကြံမှုကြောင့် ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေ လှုပ်ရှားလာတာနဲ့ ပေါင်းပြီး အဆင့်တက်သွားကြတာပဲ"

"မဟုတ်သေးဘူး... သူတို့ အဆင့်တက်တာက နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး နဲ့ သန့်စင်ခြင်း ကြာပန်းပြာ တို့လို ဝိညာဉ်ပစ္စည်းတွေရဲ့ အထောက်အကူပြုမှုနဲ့လည်း ဆက်စပ်နေမှာပဲ"

"နောက်တစ်ချက်က ဂိုဏ်းဂုဏ်သတင်းတန်ဖိုး တက်လာလို့၊ မြူခိုးဂိုဏ်းရဲ့ ကံတရား ကြီးမားလာပြီး အဆင့်တက်ရတာ ပိုလွယ်ကူလာတာလည်း ဖြစ်နိုင်တယ်"

စဉ်းစားရင်းနှင့် ယဲ့ဖုန်း အပြည့်အဝ နားလည်သွား၏။

သူ, မသိလိုက်ခင်မှာပင် မြူခိုးတောင်ထိပ်သည် စစ်မှန်သော ကျင့်ကြံရေး ရတနာမြေ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

"တီ... ဂိုဏ်းချုပ်ရဲ့ ဒုတိယအဆင့် တာဝန် ပြီးမြောက်မှု စာရင်းရှင်းတမ်း ထွက်လာပါပြီ။ ဆုလာဘ်တွေအနေနဲ့ သွေးကြောပြန်လည်ရှင်သန်ခြင်း ဆေးလုံး ၃ လုံး၊ မူလအစ ခိုင်မာခြင်း ဆေးလုံး ၁၀ လုံး၊ 'ဒုတိယ ချီပင်လယ် - အောက်ပိုင်း' ကျမ်း၊ တတိယအဆင့် သိုင်းနည်းစနစ် 'ကောင်းကင် လမင်း တိုက်ခိုက်မှု'၊ လျှို့ဝှက်ကျင့်စဉ် 'အမုန်းတရား မျှဝေခြင်း' နဲ့ အထူး အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခုတို့ကို ရရှိပါတယ်"

"တီ... ဂိုဏ်းချုပ်က မျှော်မှန်းထားတာထက် ကျော်လွန်ပြီး တာဝန်ကျေပွန်ခဲ့တဲ့အတွက် ဂိုဏ်းသိုလှောင်နယ်ပယ် ၁၅ ကုဗမီတာကို ထပ်ဆောင်းပြီး ချီးမြှင့်လိုက်ပါတယ်"

“ဆုလာဘ်တွေကို ထုတ်ပေးလိုက်ပါပြီ... ဂိုဏ်းချုပ် စစ်ဆေးကြည့်လိုက်ပါဦး”

စနစ် ၏ အကြောင်းကြားစာ ထွက်ပေါ်လာသည်။

ယဲ့ဖုန်း ဝမ်းသာအားရ ဖြစ်သွား၏။

မနေ့ကမှ စနစ် နေရာလပ် သေးလွန်းသည်ဟု တွေးနေမိတာ၊ ဒီနေ့ (၁၅) ကုဗမီတာ ထပ်တိုးလာသည်မှာ အတော်လေး အဆင်ပြေသွားပြီ ဖြစ်၏။

သူသည် ဦးစွာ အထူးလက်ဆောင်အိတ် အသေးစားကို ထုတ်ယူလိုက်၏။

ဒါက ဝိညာဉ်သားရဲများကို ပြုစုပျိုးထောင်ပေးခဲ့သည့်အတွက် ရရှိသော ဆုလာဘ် ဖြစ်လေသည်။

"လက်ဆောင်အိတ်ကို ဖွင့်လိုက်.."

"တီ... အထူး ဝိညာဉ်လက်နက် 'ကောင်းကင်မေးမြန်း ကြေးမုံ'အား ရရှိပါသည်။"

[ အသေးစား ကောင်းကင်မေးမြန်း ကြေးမုံ: အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် (အထူး) ]

[ မိတ်ဆက်: ဝိညာဉ်စွမ်းအင်ကို ကိုယ်တိုင် စုပ်ယူအသုံးပြုနိုင်သော လက်ရာမြောက်သည့် ဝင်္ကပါများ ရေးထွင်းထားပြီး၊ မိုင်တစ်ထောင် ပတ်လည်အတွင်း မည်သည့်နေရာကိုမဆို လှမ်းကြည့်နိုင်သည်။ (ကာကွယ်ရေး ဝင်္ကပါများ၏ နှောင့်ယှက်မှုကို ခံရနိုင်သည်)။ အသံလွှင့် လုပ်ဆောင်ချက်လည်း ပါဝင်သည်။ ]

[ ပိုင်ရှင်: ယဲ့ဖုန်း (သီးသန့်) ]

ယဲ့ဖုန်း၏ လက်ထဲတွင် တစ်ပေကျော်ခန့် ကျယ်ဝန်းသော ရှေးဟောင်း ကြေးမုံပြင် တစ်ချပ်.. အလိုအလျောက် ပေါ်လာ၏။

ယဲ့ဖုန်း စိတ်ကူးလိုက်သည်နှင့် ကြေးမုံပြင်၏ မျက်နှာပြင်သည် ရေပြင်ကဲ့သို့ လှုပ်ခတ်သွားပြီး ရှောင်လင်းရွာ ၏ ပုံရိပ် ပေါ်လာလေသည်။

သစ်တုံးကြီး တစ်တုံးပေါ်တွင် ထိုင်နေသော အဘိုးကြီး တစ်အုပ်စုသည် မသင့်လျော်သော အကြောင်းအရာများကို ဆွေးနွေးနေကြပြီး၊ မလှမ်းမကမ်းတွင် အဝတ်လျှော်နေသော အဒေါ်ကြီးများကို လှမ်းကြည့်နေကြသည်ကို တွေ့ရ၏။

ယဲ့ဖုန်း နောက်တစ်မျိုး ပြောင်းစဉ်းစားလိုက်ရာ၊ ပုံရိပ်သည် ရေပေါ်ဖြူမြို့တော်ရှိ မြို့စားမင်းအိမ်တော် အတွင်းသို့ ပြောင်းလဲသွား၏။

မြို့စားမင်းအိုကြီးသည် မျှော်စင်ပေါ်တွင် ထိုင်ကာ တစ်ယောက်တည်း အရက်သောက်နေလေသည်။

သူ့အနောက်တွင် ငယ်ရွယ်လှပသော အခိုင်းအစေလေး နှစ်ယောက်က ပခုံးနှင့် ကျောကို နှိပ်နယ်ပေးနေကြ၏။

"တစ်သက်လုံး ကျင့်ကြံလာရတာ... နောက်ဆုံးတော့ သက်သောင့်သက်သာ နေရပြီကွ.."

မြို့စားမင်းအိုကြီးက အော်ဟစ်လိုက်၏။

ဒါကို ကြားတော့ ယဲ့ဖုန်း မျက်နှာထား ထူးဆန်းသွား၏။

သူသည် ပတ်ဝန်းကျင်ကို ဆက်လက် စောင့်ကြည့်ရန် ကြေးမုံကို အသုံးပြုလိုက်ပြီး၊ စိတ်ကူးလိုက်သည်နှင့် မြူခိုးများ ဖုံးလွှမ်းနေသော ပုံရိပ် တစ်ခု ပေါ်လာ၏

ဒါက ရေပေါ်ဖြူမြို့တော် မြောက်ဘက်ရှိ တောင်ကြား ဖြစ်လေသည်။

ပင်လယ်ဘုရင် ( မိန်းကလေးများစွာနှင့် တွဲသူ) ဖြစ်ချင်သော ရှဲ့ကျားရင် သည် မြက်ခင်းပြင်ပေါ်တွင် ရပ်လျက်၊ အနီးနားရှိ ဝိညာဉ်သားရဲများကို အစာကျွေးနေသည်။ သူမ.. တီးတိုး ရေရွတ်နေသည်ကို တွေ့ရသော်လည်း၊ တောင်ကြားတွင် ကာကွယ်ရေး ဝင်္ကပါ ရှိနေသဖြင့် ရှင်းလင်းစွာ မကြားရပေ။

"ဪ... 'ကာကွယ်ရေး ဝင်္ကပါများ၏ နှောင့်ယှက်မှုကို ခံရနိုင်သည်' ဆိုတာ ဒါကို ပြောတာကိုး"

ယဲ့ဖုန်း သဘောပေါက်သွား၏။

သူ ကြေးမုံကို ဆက်မသုံးတော့ဘဲ၊ ဒုတိယအဆင့် တာဝန် ပြီးမြောက်မှုမှ ရရှိသော.. ကျန်ဆုလာဘ်များကို အာရုံစိုက်လိုက်၏။

သွေးကြောပြန်လည်ရှင်သန်ခြင်း ဆေးလုံး x ၃။

၎င်း၏ အသုံးဝင်ပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့်သို့ တက်ရောက်ရန် ကြိုးစားရာတွင် မအောင်မြင်ဘဲ သွေးကြောများ ပျက်စီးသွားပါက၊ တစ်သက်လုံး ထိုအဆင့်သို့ တက်ရောက်နိုင်တော့မည် မဟုတ်ပေ။ ဤဆေးလုံးကို သောက်သုံးလိုက်ပါက သွေးကြောများကို ပြန်လည် ပြုပြင်ပေးနိုင်ပြီး၊ နောက်တစ်ကြိမ် ကြိုးစားခွင့် ရရှိစေမည် ဖြစ်လေသည်။

မူလအစ ခိုင်မာခြင်း ဆေးလုံး ×၁၀။

ဤဆေးလုံးသည် ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူများ၏ စွမ်းအားကို မြှင့်တင်ရန် သီးသန့် အသုံးပြုပြီး၊ ထိုအဆင့်သို့ တက်ရောက်ရန် ကြိုးစားရာတွင် အားအထားရဆုံး ဆေးတစ်လက် ဖြစ်လေသည်။

"ဒုတိယ ချီပင်လယ် - အောက်ပိုင်း" ကို တွေ့လိုက်ရသောအခါ ယဲ့ဖုန်း အလွန် ပျော်ရွှင်သွားမိသည်။

ယနေ့မှစ၍ ဤအထောက်အကူပြု ကျင့်စဉ် ပြီးပြည့်စုံသွားပြီ ဖြစ်ပြီး၊ တပည့်များ လေ့ကျင့်လိုက်ပါက သူတို့၏ ချီပင်လယ် ပမာဏသည် နှစ်ဆ တိုးလာမည် ဖြစ်ကာ၊ ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့် အတွင်း၌ အဆင့်ငယ် တစ်ဆင့် သာလွန်သွားမည် ဖြစ်လေသည်။

တတိယအဆင့် သိုင်းနည်းစနစ် "ကောင်းကင် လမင်း တိုက်ခိုက်မှု"။

ဤသိုင်းနည်းစနစ်သည် အုပ်စုလိုက် တိုက်ခိုက်သော သိုင်းနည်းစနစ်ဖြစ်ပြီး၊ အသုံးပြုလိုက်ပါက ကောင်းကင်တွင် လမင်းပုံသဏ္ဍာန် ပေါ်လာကာ၊ မြေပြင်ပေါ်သို့ တောက်ပသော ဥက္ကာခဲငယ်များစွာ ကြွေကျစေပြီး၊ ရန်သူအများအပြားကို ရှင်းလင်းရန် သင့်လျော်လေသည်။

လျှို့ဝှက် ပူးပေါင်းကျင့်စဉ် "အမုန်းတရား မျှဝေခြင်း"။

နာမည်အတိုင်းပင် ဤကျင့်စဉ်ကို တတ်မြောက်ထားပါက၊ လူအများအပြား၏ စွမ်းအားကို ပေါင်းစည်းပြီး၊ မိမိတို့၏ မူလအဆင့်ထက် များစွာ သာလွန်သော စွမ်းအားကို ထုတ်လွှတ်နိုင်မည် ဖြစ်လေသည်။

"ဒီလျှို့ဝှက်ကျင့်စဉ်က တကယ် ကောင်းတာပဲ... လက်ရှိ အခြေအနေမှာ မြူခိုးဂိုဏ်း တပည့်တွေ ပေါင်းပြီး သုံးလိုက်ရင်၊ ဓာတ်ကြီး ငါးပါး စုစည်းခြင်း (၃) ဆင့် လောက်ကိုတောင် ပြားသွားအောင် လုပ်ပစ်နိုင်တယ်"

"ကံဆိုးတာက တတ်မြောက်ဖို့ တော်တော် ခက်တာပဲ"

ယဲ့ဖုန်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။

သူသည် ထိုပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး၊ နောက်ဆုံး ကျန်ရှိသော အထူး အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်ကို အာရုံစိုက်လိုက်၏။

[ သံရည်ကျို မီးဖို: အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် (အထူး) ]

[ မိတ်ဆက်: သန့်စင်ပြီးသား ကုန်ကြမ်းများနှင့် သက်ဆိုင်ရာ ဝိညာဉ်ကျောက်တုံးများကို ထည့်သွင်းပေးလိုက်ပါက၊ ကုန်ကြမ်းများ၏ ဂုဏ်သတ္တိ သို့မဟုတ် ဂိုဏ်းချုပ်၏ လိုအပ်ချက်အပေါ် မူတည်၍ အကောင်းဆုံး အရည်အသွေးရှိသော ဝိညာဉ်လက်နက်များကို ဖန်တီးပေးနိုင်သည်။ လက်ရှိတွင် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်များ အထိသာ ဖန်တီးနိုင်သည်။ ]

[ ပိုင်ရှင်: ယဲ့ဖုန်း (သီးသန့်) ]

[ မှတ်ချက်: ကြီးထွားနိုင်စွမ်းရှိသော အထူး ဝိညာဉ်လက်နက် ဖြစ်ပြီး၊ အရွယ်အစား အတိုးအလျှော့ ပြုလုပ်နိုင်သည်။ ဝိညာဉ်လက်နက် တစ်ခု ဖန်တီးပြီးတိုင်း မူလစွမ်းအင် အချို့ကို စုပ်ယူနိုင်ပြီး၊ သတ်မှတ်ပမာဏ ပြည့်မီပါက အရည်အသွေး အဆင့်မြှင့်တင်မှု ပြုလုပ်နိုင်သည်။ အဆင့်မြှင့်တင်ပြီးပါက ပိုမိုမြင့်မားသော အရည်အသွေးရှိသည့် ဝိညာဉ်လက်နက်များကို ဖန်တီးနိုင်မည် ဖြစ်သည်။ ]

အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်များ အထိသာ ဖန်တီးနိုင်သည်ကို မြင်တော့ ယဲ့ဖုန်း အနည်းငယ် စိတ်ပျက်သွားမိသည်။

ဆိုလိုတာက လောလောဆယ် သူ ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားအား မဖန်တီးနိုင်သေးဘူးပေါ့။

သို့သော် နောက်ဆုံးစာကြောင်းကို မြင်လိုက်ရသောအခါ၊ သူ စိတ်လှုပ်ရှားစွာ ခုန်တက်လိုက်ပြီး တောင်ထိပ်မှ မီတာရာချီဝေးသော ကောင်းကင်ယံသို့ ချက်ချင်း ရောက်ရှိသွား၏။

လက်ကို ဆန့်ထုတ်လိုက်ရာ (၃) လက်မခန့် မြင့်သော ကြေးညိုရောင် မီးဖိုလေး တစ်လုံးသည် ယဲ့ဖုန်း၏ လက်ဖဝါးပေါ်တွင် ပေါ်လာလေသည်။

ခြေထောက် (၃) ချောင်း၊ ကိုယ်ထည်ဝိုင်းဝိုင်း နှင့် အဖုံးပါရှိ၏။

ဒါက သံရည်ကျို မီးဖိုပဲ..

"ဟားဟား... ဒီနေ့ကစပြီး ငါတို့ မြူခိုးဂိုဏ်းမှာ လက်နက်သွန်းလုပ်ရေးဆောင် တည်ထောင်ဖို့ အခြေခံအုတ်မြစ် ရပြီဟေ့"

ယဲ့ဖုန်း ဝမ်းသာအားရ ဖြစ်သွား၏။

နောင်ကျရင် ဒီမီးဖိုကို အရင်းအနှီး ပြုပြီး ဂိုဏ်းရဲ့ လက်နက်သွန်းလုပ်ရေးဆောင်ကို တဖြည်းဖြည်း တိုးချဲ့သွားလို့ ရပြီ။

"သန့်စင်ပြီးသား ကုန်ကြမ်းတွေ လိုတာကိုး... ကြည့်ရတာ လက်နက်တစ်ရာဂိုဏ်းကို သွားပြီး ကျန့်ယောက်ရှို ဆီမှာ သန့်စင်ခိုင်းရမယ်... ပြီးမှ မီးဖိုထဲ ထည့်ပြီး ဝိညာဉ်လက်နက် လုပ်ရမယ်"

ဒီလို တွေးပြီး ယဲ့ဖုန်း တောင်ထိပ်သို့ ပြန်ဆင်းလာခဲ့၏။

သူသည် အုတ်ခဲအရွယ်အစား ရှိသော သတ္တုတုံး (၁၀) တုံးကျော်ကို ထုတ်ယူလိုက်၏။ ဒါတွေက ကျန့်ယောက်ရှို သန့်စင်ပေးထားသော ကုန်ကြမ်းတွေ ဖြစ်လေသည်။

မီးဖိုနှင့် စိတ်ချင်း ဆက်သွယ်လိုက်ပြီးနောက်၊ ယဲ့ဖုန်းသည် (၁) မီတာခန့်အထိ ကြီးလာသော မီးဖိုထဲသို့ ထိုကုန်ကြမ်းများကို ပစ်ထည့်လိုက်ပြီး၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၃၅) တုံးကိုပါ ထပ်ထည့်လိုက်၏။

"ဂိုဏ်းချုပ် ဘာလုပ်နေတာလဲ"

တပည့်များ ဝိုင်းအုံလာကြ၏။

"ဒါ လက်နက် သွန်းလုပ်နေတာလား... ဒါပေမဲ့ ငါ ဒီလိုနည်းလမ်းမျိုး တစ်ခါမှ မမြင်ဖူးပါဘူး"

မိုယင်သည် လက်ပိုက်လျက် ယဲ့ဖုန်း၏ အနောက်တွင် ရပ်နေပြီး၊ သူ့လုပ်ရပ်များကို လုံးဝ နားမလည်နိုင် ဖြစ်နေ၏

“ချွင်.. ချွင်.. ချွင်..”

မီးဖိုသည် စတင် တုန်ခါလာပြီး၊ မျက်နှာပြင်မှ မီးခိုးမည်းများ ထွက်ပေါ်လာကာ မွန်းကျပ်သော အနံ့ဆိုးများ ထွက်လာသဖြင့်၊ ဘေးနားရှိ တပည့်များ နှာခေါင်းပိတ်ကာ နောက်ဆုတ်သွားကြရ၏။

ယဲ့ဖုန်း တည်ငြိမ်စွာပင် "ငှက်ပျောရွက်ယပ်တောင် အသေးစား" ကို ထုတ်ယူလိုက်ပြီး၊ ပြာမှုန့်များကို ခတ်ထုတ်လိုက်၏။

နာရီဝက်ခန့် အကြာတွင်၊

အဖုံး ပွင့်သွားလေပြီ..

ရောင်စုံ အလင်းတန်းများ ထွက်ပေါ်လာပြီး၊ မီးဖိုထိပ်တွင် သေးငယ်ပြီး လက်ရာမြောက်သော ဓား (၃) လက် လေထဲတွင် ပျံဝဲနေသည်ကို တွေ့လိုက်ရ၏။

ဓားတစ်လက်စီတိုင်းသည် ထက်ရှသော အလင်းရောင်များ ထုတ်လွှတ်နေပြီး၊ အားလုံးသည် အဆင့်နိမ့် ဝိညာဉ်လက်နက်များ ဖြစ်ကြ၏။

အရွယ်အစား နည်းနည်း သေးနေတာက လွဲလျှင်ပေါ့။

"တကယ်ကြီး လက်နက် သွန်းလုပ်လိုက်တာလား"

မိုယင် အံ့ဩသွားမိသည်။

ပုံမှန်ဆိုရင် လက်နက် သွန်းလုပ်တယ် ဆိုတာ ကုန်ကြမ်းတွေကို အရည်ဖျော်၊ ပုံဖော်၊ ပြီးမှ ဝင်္ကပါ ရေးထွင်းရတာ မဟုတ်ဘူးလား။ ဘာလို့ ယဲ့ဖုန်းကျတော့ ပစ္စည်းတွေကို ဒီမီးဖိုထူးဆန်းကြီးထဲ ပစ်ထည့်လိုက်ရုံနဲ့ ပြီးသွားရတာလဲ။

မိုယင် နားမလည်နိုင် ဖြစ်နေသည်။

တခြား တပည့်များလည်း ကြောင်တောင်တောင် ဖြစ်နေကြ၏။

ယဲ့ဖုန်းကတော့ သူတို့၏ အံ့ဩမှုကို ဂရုမစိုက်။

သူသည် မီးဖို၏ အချက်အလက် မျက်နှာပြင်အား ကြည့်လိုက်ရာ အောက်ပါ စာသားကို တွေ့လိုက်ရ၏။

[ အဆင့်မြှင့်တင်ရန် စွမ်းအင်: ၃% ]

"အဆင့်နိမ့် ဝိညာဉ်လက်နက် (၃) ခု ဖန်တီးလိုက်တာ စွမ်းအင် (၃%) ရသွားတယ်... ဆိုလိုတာက ဒီမီးဖိုကို အဆင့်မြင့်အဆင့် ဝိညာဉ်လက်နက် အဖြစ် အဆင့်မြှင့်တင်ဖို့ နောက်ထပ် အဆင့်နိမ့် ဝိညာဉ်လက်နက် (၉၇) ခု ဖန်တီးရဦးမယ်ပေါ့"

ယဲ့ဖုန်း နားလည်သဘောပေါက်သော အမူအရာ ဖြစ်သွား၏။

သူ မီးဖိုကို သိမ်းလိုက်ပြီး၊ ဝိညာဉ်လက်နက် (၃) ခုကို ကိုင်ကာ တပည့်များကို ပြောလိုက်လေသည်။

"ဒါတွေက 'ချင်းဖုန်းဓား' ( လေညှင်းဓား) လို့ ခေါ်တဲ့ အဆင့်နိမ့် ဝိညာဉ်လက်နက် (၃) လက်ပဲ... တစ်ပေလောက်ပဲ ရှည်ပြီး ပါးလွှာတယ် ဆိုပေမယ့် အထင်မသေးနဲ့... အသုံးပြုတဲ့အခါ (၁၀) ဆလောက် ကြီးလာနိုင်တယ်... ဓားစီးပြီး ပျံသန်းမယ် ဆိုရင်လည်း ပြဿနာ မရှိဘူး"

ပြောပြီးနောက် ယဲ့ဖုန်းသည် ချင်းဖုန်းဓား (၃) လက်ကို ယန်ရူယွီ၊ အိုးယန်ယွီ နှင့် အိုးယန်ဖုန်း တို့အား ပေးအပ်လိုက်လေတော့သည်။

All Chapters