အခန်း (၁၉၀-၁၉၂)
Vol. 13 Ch. 190-192
အခန်း (၁၉၀) - ကျိဇီလင်း၏ အပြင်စည်း တာဝန်၊ ချင်းဟွန်းကျန်းရန်
~"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"
ချင်းဖုန်းဓား လက်ခံရရှိသော တပည့် (၃) ယောက်သည် ကျေးဇူးတင်စကား ဆိုလိုက်ကြ၏။
အိုးယန်ဖုန်း သည် ချင်းဖုန်းဓားထဲသို့ ဝိညာဉ်စွမ်းအင် ထည့်သွင်းလိုက်ပြီး၊ သူ၏ အမှတ်အသားကို ချန်ထားလိုက်၏။
ထို့နောက် လက်ချောင်းများကို ဓားသိုင်းကွက်အဖြစ် ပုံဖော်လိုက်ရာ၊ ချင်းဖုန်းဓားသည် ရုတ်တရက် (၁၀) ဆခန့် ကြီးထွားလာပြီး၊ (၁၀) ပေ အရှည် ရှိသော ဓားကြီးအဖြစ် ပြောင်းလဲသွား၏။
"ဒါ တကယ်ကောင်းတာပဲ... ချင်းဖုန်းဓားက ဝိညာဉ်စွမ်းအင် သိပ်မကုန်ဘူး... အနည်းဆုံး မိုင် (၁၀၀) လောက် ဆက်တိုက် ပျံသန်းလို့ ရတယ်"
အိုးယန်ဖုန်းသည် ဓားစီးပြီး ပျံသန်းရင်း အလွန် ပျော်မြူးနေတော့သည်။
ဒါကို မြင်တော့ ယဲ့ဖုန်း ပြုံးလိုက်မိသည်။
သံရည်ကျို မီးဖို ဖြင့် ပြုလုပ်ထားသော ချင်းဖုန်းဓားများသည် အဆင့်နိမ့် ဝိညာဉ်လက်နက်များသာ ဖြစ်သော်လည်း၊ အရည်အသွေး အလွန် ကောင်းမွန်လေသည်။ အဆင့်တူ ဝိညာဉ်လက်နက်များထဲတွင် အရည်အသွေးမြင့် လက်နက်များ ဖြစ်ပြီး၊ စနစ် မှ ပေးသော လက်နက်များအောက် တစ်ဆင့်သာ နိမ့်လေသည်။
"ဂိုဏ်းချုပ်ဦးလေး... ဘယ်လို လုပ်လိုက်တာလဲဗျ"
ရှီလေ့သည် ကောင်းကင်ယံတွင် ပျော်ရွှင်စွာ ပျံသန်းနေသော အိုးယန်ဖုန်းကို လက်ညှိုးထိုးပြပြီး၊ ယဲ့ဖုန်းက ထူးဆန်းသော နည်းလမ်းဖြင့် ဝိညာဉ်လက်နက် ဖန်တီးလိုက်သည်ကို နားမလည်နိုင် ဖြစ်နေ၏။
"ဒါက 'သံရည်ကျို မီးဖို' လို့ ခေါ်တဲ့ ကံကောင်းထောက်မစွာ ရရှိထားတဲ့ ဝိညာဉ်လက်နက် တစ်ခုပဲ... ငါ့ကို လက်နက် သွန်းလုပ်ရာမှာ ကူညီပေးနိုင်တာလေ"
ယဲ့ဖုန်းသည် အတည်ပေါက်ဖြင့် လိမ်ပြောလိုက်၏။
တပည့်တွေ ယုံလား မယုံလား ဆိုတာ အရေးမကြီးပေ၊ သူကိုယ်တိုင် ယုံလျှင် ပြီးတာပဲ။
"ကဲ... ဆက်ပြီး ကျင့်ကြံကြတော့"
ယဲ့ဖုန်း ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်၏။
"နောင်ကျရင် အခွင့်အရေး ရရင် မင်းတို့ တစ်ယောက်ချင်းစီအတွက် သင့်တော်မယ့် ဝိညာဉ်လက်နက်တွေ ဖန်တီးပေးပါမယ်"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"
တပည့်များသည် ဦးညွှတ် ဂါရဝပြုလိုက်ကြပြီး၊ မိမိတို့၏ ကျင့်ကြံမှုများကို ပြန်လည် စတင်လိုက်ကြ၏။
မိုယင်သည် ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့်သို့ တက်ရောက်ရန် ဆက်လက် ကြိုးစားနေလေသည်။
ဟိုယွင်ကျဲသည် ဓားသိုင်း လေ့ကျင့်နေလေသည်။
လီကျောက်ကျောက်သည် ဟင်းချက်နေလေသည်။
ကျောက်ကျားရှီးသည် လေးပုံသဏ္ဍာန် ကွေးညွှတ်ကာ ထူးဆန်းသော ကိုယ်နေဟန်ထားဖြင့် ရှေးဟောင်း ဘီလူးနတ်ဘုရား သွေးမျိုးဆက် ကို လှုံ့ဆော်နေပြီး၊ ဒဏ်ရာရတိုင်း ယန်ရူယွီက ကုသပေးနေ၏။
ကျိဇီလင်းမှာ "ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်" ကို လေ့လာနေဆဲ ဖြစ်လေသည်။
တခြား တပည့်အများစုသည်လည်း ကြိုးစားပမ်းစား ကျင့်ကြံနေကြ၏။
မြူခိုးတောင်ထိပ်တွင် အရာအားလုံး ပုံမှန်အတိုင်း လည်ပတ်နေလေသည်။
(၃) ရက် ကြာပြီးနောက်..၊
ကျိဇီလင်းသည် "ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်" ၏ ပထမအဆင့်ကို ကိုယ်တိုင် လေ့လာ တတ်မြောက်သွားပြီး၊ နတ်ဘုရားအာရုံစွမ်းအားကို ခိုင်မာစေကာ၊ ပထမအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့၏။ ဒုတိယအဆင့်သို့ ထပ်မံ တက်လှမ်းနိုင်ပါက "ဓာတ်ငါးပါး ပေါင်းစည်းခြင်း" ၏ အဟန့်အတားကို အလိုအလျောက် ကျော်လွှားနိုင်မည် ဖြစ်လေသည်။
ယဲ့ဖုန်းသည် ကုလားထိုင်ရှည်ပေါ်တွင် ထိုင်နေစဉ်၊ ရုတ်တရက် "ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်" နှင့် ပတ်သက်သော ဉာဏ်အလင်းများ ခေါင်းထဲသို့ ဝင်ရောက်လာသဖြင့်၊ ကျိဇီလင်း ပထမအဆင့် ရောက်သွားပြီ ဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်၏။
"ထိပ်တန်းအဆင့် ကျင့်ကြံခြင်းအရိုး ပိုင်ရှင် ဆိုတော့ မိုက်သားပဲ"
ယဲ့ဖုန်း အလွန် ကျေနပ်သွား၏။
တပည့်တွေ စွမ်းအားကြီးလေလေ၊ သူလည်း ပိုပြီး သန်မာလေလေ မဟုတ်ပါလော။
*
(၃) ရက် ကြာပြီးနောက်..၊
ကျိဇီလင်း၏ "ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်" သည် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး၊ ထူးကဲသော နတ်ဘုရားအာရုံစွမ်းအားကို ထုတ်လွှတ်နိုင်ကာ၊ အဝေးမှ ပေါင်တစ်ထောင် ကျောက်တုံးကြီးကို အလွယ်တကူ မ,တင်နိုင်ပြီ ဖြစ်၏။
"ညီမလေး ဇီလင်းရဲ့ ပါရမီက တကယ် ကြောက်စရာ ကောင်းတာပဲ"
တပည့်များ အံ့ဩတကြီး ဖြစ်ကုန်ကြ၏။
အရင်တုန်းက ယန်ရူယွီကို အတော်ဆုံးဟု ထင်ထားခဲ့သော်လည်း၊ ယခု ကျင့်ကြံမှုနှုန်းကို ယှဉ်ကြည့်လျှင် ကျိဇီလင်းကို မမီနိုင်ဘဲ ကွာခြားချက် ကြီးမားနေလေသည်။
"ငါ့ရဲ့ အဟန့်အတား တကယ် လျော့ရဲလာပြီပဲ.."
"ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်" ပထမအဆင့် အထွတ်အထိပ် ရောက်ပြီးနောက်၊ ချီစုစည်းခြင်း တတိယအဆင့် အထွတ်အထိပ်ရှိ အဟန့်အတားသည် သိသိသာသာ အားနည်းသွားကြောင်း ကျိဇီလင်း တွေ့ရှိလိုက်ရ၏။ အကြိမ်ကြိမ် ကြိုးစားပြီးနောက် သူမသည် ချီစုစည်းခြင်း စတုတ္ထအဆင့် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လေသည်။
"ကျင့်ကြံရတာ.. ဒီလောက် လွယ်ကူမှန်း မသိခဲ့ဘူး"
ကျိဇီလင်း တီးတိုး ရေရွတ်လိုက်မိသည်။
ထိုစကားကို ကြားလိုက်ရသော ယဲ့ဖုန်းသည် ခံစားချက်များ ရောထွေးသွားမိလေသည်။
သူက မကျင့်ကြံနိုင်ဘူးလေ..
သို့ရာတွင်၊ ပြန်စဉ်းစားကြည့်လိုက်တော့ ယဲ့ဖုန်း အသာ ရယ်လိုက်မိသည်။
တပည့်တွေ အဆင့်တက်တာ မြန်လေလေ၊ ငါ့ခွန်အားတွေလည်း ပိုတိုးလာလေလေပဲ..
ယခုလို တွေးပြီး ယဲ့ဖုန်း အေးဆေးစွာ လှဲအိပ်လိုက်လေသည်။
သို့သော် ခဏအကြာတွင် စနစ် ၏ အကြောင်းကြားစာ နားထဲသို့ ရောက်ရှိလာ၏။
"တီ... စာရင်းသွင်းတပည့် ကျိဇီလင်းဟာ ချီစုစည်းခြင်း စတုတ္ထအဆင့်သို့ ရောက်ရှိသွားကြောင်း တွေ့ရှိရတဲ့အတွက် အပြင်စည်းတပည့် စစ်ဆေးရေး တာဝန် ကို စတင်လိုက်ပါပြီ"
ဒါကို ကြားတော့ ယဲ့ဖုန်း ချက်ချင်း ထထိုင်လိုက်ပြီး၊ ခဏ စဉ်းစားကာ ဂိုဏ်းချုပ် ခန်းမဆောင် ဘေးရှိ သင်ပုန်းဖြူဆီသို့ လျှောက်သွားလိုက်၏။ တပည့်များ၏ တာဝန်ဟောင်းများကို ဖျက်ပြီး စာကြောင်းအသစ်များ ရေးသားလိုက်လေသည်။
"စာရင်းသွင်းတပည့် ကျိဇီလင်း: ပထမအဆင့် သိုင်းနည်းစနစ် (၃) ခုကို ပြီးပြည့်စုံသော အဆင့်အထိ လေ့ကျင့်ပါ။ အပြင်လောကသို့ ထွက်ခွာပြီး အချိန်ကာလ တစ်ခုကြာ စွန့်စားပါ။ အားနည်းသူများကို ကူညီခြင်း၊ လူဆိုးများကို အပြစ်ပေးခြင်း နှင့် မြူခိုးဂိုဏ်း၏ ဂုဏ်သတင်းကို တတ်နိုင်သမျှ ဖြန့်ဝေခြင်းများ ပြုလုပ်ပါ။"
တပည့်အားလုံး ဝိုင်းအုံလာကြ၏။
"ဒီတာဝန်က လွယ်မယ့်ပုံပဲ"
"ပထမအဆင့် သိုင်းနည်းစနစ် (၃) ခု ဆိုတာ မခက်ပါဘူး"
ရှီလေ့နှင့် လီကျောက်ကျောက် ဆွေးနွေးနေကြ၏။
ဒါကို ကြားတော့ ယဲ့ဖုန်း တိတ်ဆိတ်နေလိုက်လေသည်။
သိုင်းနည်းစနစ် (၃) ခုကတော့ မခက်ပါ... အခက်အခဲက ဂုဏ်သတင်းတန်ဖိုးပင်။ စနစ် လျှို့ဝှက်ချက် ပါဝင်နေသဖြင့် ယဲ့ဖုန်းသည် ဂုဏ်သတင်းတန်ဖိုးကို ထည့်မရေးခဲ့ပေ။ တကယ်တော့ တာဝန်၏ အဓိက လိုအပ်ချက်မှာ ကျိဇီလင်း အနေဖြင့် မြူခိုးဂိုဏ်းအတွက် ဂုဏ်သတင်းတန်ဖိုး (၅၀၀) ကျော်ကို သူမ၏ ကိုယ်ပိုင် ကြိုးစားမှုဖြင့် ရှာဖွေပေးရမည် ဖြစ်လေသည်။
ဒါက နည်းတဲ့ ပမာဏ မဟုတ်ဘူး။
မြူခိုးဂိုဏ်းရဲ့ ဂုဏ်သတင်းတန်ဖိုးက နေ့စဉ် ရာချီ ထောင်ချီ တိုးနေသည် ဆိုသော်ငြား၊ ဒါက ရေပေါ်ဖြူမြို့တော် တဝိုက်မှာ နာမည်ကြီးနေ၍ ထိုအကျိုးသက်ရောက်မှုကို ရနေခြင်းပါ။
လက်ရှိ ကျိဇီလင်းရဲ့ အဆင့်နှင့် တစ်ယောက်တည်း ဂုဏ်သတင်းတန်ဖိုး (၅၀၀) ရှာဖို့ ဆိုတာ မလွယ်ကူလှပေ။
"ဂိုဏ်းချုပ်... ကျွန်တော် ကိုယ်ခန္ဓာကျင့်ကြံခြင်း (၆) ဆင့် ရောက်သွားပြီ... အပြင်စည်း စစ်ဆေးရေး တာဝန် ပြီးမြောက်ပါပြီ"
ကျောက်ကျားရှီးသည် ယဲ့ဖုန်းအနား လျှောက်လာပြီး သတိပေးလိုက်၏။
"ငါ မေ့နေတာ.."
ယဲ့ဖုန်း နဖူးကို ရိုက်လိုက်မိပြီး၊ အပြင်စည်း တပည့် တံဆိပ်ပြား တစ်ခုကို ထုတ်ပေးလိုက်၏။
"ရော့... ဒါ မင်းရဲ့ တံဆိပ်ပြား... ဒီနေ့ကစပြီး မင်းလည်း အပြင်စည်း တပည့် ဖြစ်သွားပြီ"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်.."
ကျောက်ကျားရှီးသည် တံဆိပ်ပြားကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ရင်း လက်ခံလိုက်၏။
ယဲ့ဖုန်း သံရည်ကျို မီးဖိုကို သတိရသွားပြီး အကြံတစ်ခု ရသွားလေသည်။
"ဟုတ်သားပဲ... နောက်ကျရင် အချိန်ရတဲ့အခါ သံရည်ကျို မီးဖိုကို သုံးပြီး တပည့် တံဆိပ်ပြား အသစ်တွေ ဖန်တီးရမယ်... အပြင်စည်း (သို့မဟုတ်) အတွင်းစည်း ရောက်တဲ့သူတွေရဲ့ တံဆိပ်ပြားတွေကို အဆင့်နိမ့် ဝိညာဉ်လက်နက် အဖြစ် အဆင့်မြှင့်ပေးလိုက်ရင် ကာကွယ်ရေး စွမ်းရည်တွေ ပါလာလိမ့်မယ်"
ဒါကို ကြားတော့ တပည့်များ၏ မျက်လုံးများ တောက်ပသွားကြ၏။
"ကြည့်ရတာ လက်နက်တစ်ရာဂိုဏ်း ကို သွားပြီး ကျန့်ယောက်ရှို နဲ့ တွေ့မှ ဖြစ်မယ်"
ယဲ့ဖုန်း ကျိဇီလင်းကို လှမ်းခေါ်လိုက်၏။
"ဇီလင်း... မင်းရဲ့ စစ်ဆေးရေး တာဝန်ကို ကြည့်လိုက်ဦး"
ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ကောင်းကင်ယံသို့ ဟူးခနဲ.. ပျံတက်သွားပြီး မီးရှူးတိုင်မြို့ဆီသို့ ဦးတည်သွားလေတော့သည်။
*
ရေပေါ်ဖြူမြို့တော်။
ဝက်ခြံ တစ်ခု၏ ဘေးတွင်၊
“ဂွီး”
ဝက်ပေါက်စလေး တစ်ကောင်သည် ခြံစည်းရိုးကို ဖောက်ထွက်လိုက်ပြီး၊ နောက်ဆုံးတွင် လွတ်မြောက်လာကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
"ဟားဟားဟား... ငါ ဆိုဟွန်းကျန်းရန် ဒီငရဲခန်းကနေ လွတ်လာပြီကွ... ဝက်ဖြစ်ရတာ တကယ် ရွံစရာကောင်းတယ်... နေ့တိုင်း ဝက်စာစား၊ ဝက်နို့သောက်၊ ဝက်ချေးပုံထဲ တိုးဝှေ့နေရတယ်.."
ဆိုဟွန်းကျန်းရန် အဖြစ်မှ ပြောင်းလဲထားသော ဝက်ပေါက်စလေးသည် အစွမ်းကုန် ထွက်ပြေးလေတော့သည်။
သူသည် အလွန် လျင်မြန်ပြီး၊ ရေပေါ်ဖြူမြို့တော် နယ်နိမိတ်ကို ကျော်ဖြတ်ကာ မြက်ခင်းပြင်ထဲသို့ ရောက်ရှိသွား၏။
သို့သော် စပါးအုံးမြွေ တစ်ကောင် သူ့ဆီသို့ တွားသွားလာနေသည်။
"သွားပြီ.."
ဆိုဟွန်းကျန်းရန် နေရာမှာတင် သေးထွက်ကျသွား၏။
သူ ကြောက်တာ မှန်ပေမယ့် သေးထွက်ကျလောက်အောင်တော့ မဟုတ်ပေ။ ဒါက ဝက်ပေါက်စလေးရဲ့ သဘာဝအတိုင်း မြွေကို ကြောက်လွန်းလို့ အလိုလို ဖြစ်ပေါ်လာသော တုံ့ပြန်မှုသာ ဖြစ်လေသည်။
“ဂျွတ်..”
ခြေထောက်တစ်ဖက် ကျရောက်လာပြီး စပါးအုံးမြွေကို နင်းချေ သတ်ဖြတ်လိုက်၏။
ထို့နောက် ခြောက်သွေ့နေသော လက်တစ်စုံသည် ဝက်ပေါက်စလေးကို ကောက်ယူပြီး လေထဲသို့ မြှောက်လိုက်လေသည်။
ဆိုဟွန်းကျန်းရန်၏ မြင်ကွင်းထဲတွင် ရေညှိများ ဖုံးလွှမ်းနေသော လူသားပုံသဏ္ဍာန် သတ္တဝါတစ်ကောင် ရှိနေ၏ တခြားသူများအဖို့ ကြောက်မက်ဖွယ် ကောင်းပြီး ကျောချမ်းစရာ ကောင်းသော်လည်း၊ ဆိုဟွန်းကျန်းရန် အတွက်မူ ကမ္ဘာပေါ်တွင် အလှပဆုံး မျက်နှာ ဖြစ်နေလေသည်။
"အစ်ကိုကြီး... နောက်ဆုံးတော့ ရောက်လာပြီပဲ.."
ဆိုဟွန်းကျန်းရန် ငိုကြွေးလိုက်ပြီး စကားပြောချင်သော်လည်း ဝက်အော်သံများသာ ထွက်ပေါ်လာ၏
သူ့ရှေ့က လူကား သူ့စီနီယာအစ်ကိုကြီး...
ချင်းဟွန်းကျန်းရန် ( ဝိညာဉ်စိမ်း တာအိုဆရာ) ပင် ဖြစ်လေသည်။
"ညီလေး... မင်း ဒီလို သနားစရာ ဝက်ပေါက်စလေး ဖြစ်သွားလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး... ကံတရားက တကယ်ပဲ မျက်လှည့်ပြတာပဲ... ဒါပေမဲ့ စိတ်မပူနဲ့... မင်းအစ်ကို ရောက်လာပြီ... 'အသေးစား သွေးဝိညာဉ် ဝင်္ကပါ'ကို တည်ဆောက်ပြီး လူဦးရေ (၅၀၀၀၀) ကျော်ရှိတဲ့ မြို့ငယ်လေး တစ်မြို့ကို ယဇ်ပူဇော်လိုက်ရင် မင်းကို လူပြန်ဖြစ်အောင် လုပ်ပေးလို့ ရတယ်"
ချင်းဟွန်းကျန်းရန်သည် ဝက်ပေါက်စလေးကို ပွေ့ချီပြီး ရေပေါ်ဖြူမြို့တော်၏ အရှေ့မြောက်ဘက်ရှိ ယွမ်ရှောင် သစ်တောအုပ်ကြီး ဆီသို့ ပျံသန်း ထွက်ခွာသွားလေတော့သည်။
ယဲ့ဖုန်းကတော့ ဒီအဖြစ်အပျက်ကို မသိရှာပေ။
သူက.. လျင်မြန်စွာပင် မီးရှူးတိုင်မြို့သို့ ရောက်ရှိလာပြီး၊ ဝူရွှမ်ဆောင် ဆိုင်ရှင်ကို ရှာဖွေလိုက်၏။
"ဂိုဏ်းချုပ်ယဲ့... လာတာ နည်းနည်း နောက်ကျသွားတယ်... ကျွန်တော့် ဝမ်းကွဲအစ်ကိုကြီးက မီးရှူးတိုင်မြို့မှာ မရှိဘူး... လက်နက်တစ်ရာဂိုဏ်းကို ပြန်သွားတယ်... သွားလိုက်ပြန်လိုက် ဆိုရင် အနည်းဆုံး တစ်ရက်လောက် ကြာလိမ့်မယ် နော်"
ဝူရွှမ်ဆောင် ဆိုင်ရှင်သည် ယဲ့ဖုန်းကို ပြုံးရွှင်စွာ နှုတ်ဆက်ရင်း ပြောလိုက်၏။
သူသည် ရေပေါ်ဖြူမြို့တော်က အဖြစ်အပျက်တွေကို ကြားပြီးပြီ ဖြစ်လေသည်။
ဆိုဟွန်းကျန်းရန်ကို ဓားတစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်ခဲ့သည့် ယဲ့ဖုန်းကို သူ အလွန် လေးစားနေမိသည်။
"ကောင်းပြီ... ဒါဆို ကျွန်တော် လက်နက်တစ်ရာဂိုဏ်းကိုပဲ လိုက်သွားလိုက်မယ်... ကျေးဇူးပါပဲ"
ယဲ့ဖုန်းသည် နှုတ်ဆက်ပြီး၊ မြေပုံအတိုင်း လက်နက်တစ်ရာဂိုဏ်း ရှိရာသို့ ထွက်ခွာလာခဲ့၏။
တစ်ယောက်တည်း ဖြစ်သဖြင့် သူ့အရှိန်က အလွန် မြန်ဆန်လှပေသည်။
တစ်နာရီခွဲ မကြာခင်မှာပင် ယဲ့ဖုန်းသည် ဧရာမ မီးတောင်ကြီး တစ်လုံး၏ အနီးသို့ ရောက်ရှိလာ၏ မိုင်ရာချီ အကွာမှတောင် ပူပြင်းသော အငွေ့အသက်တွေကို ခံစားနေရသည်။
"ငါ ရောက်ပြီ"
ယဲ့ဖုန်းသည် စက္ကူ ကြိုးကြာရုပ် တစ်ကောင်ကို ထုတ်ပြီး လွှတ်လိုက်၏။
ထို့နောက် ကောင်းကင်ယံတွင် ရပ်ကာ အောက်ဘက်ကို စောင့်ကြည့်နေလေသည်။
လက်နက်တစ်ရာဂိုဏ်းကို ဤမီးတောင်ကြီးထဲမှာ တည်ထောင်ထားတာ ဖြစ်လေသည်။ တောင်ခြေမှာ နယ်မြေ လမ်းကြောင်းကြီး တစ်ခုသာ ရှိပြီး အထိမ်းအမှတ် တံခါးပေါက်သဘောမျိုးသာ ဖြစ်သည်။ ဂိုဏ်းတစ်ခုလုံးက တောင်ထဲမှာ ဝှက်ထားတာမို့ လူ…မည်မျှ.. ရှိလဲ ဆိုတာ ခန့်မှန်းရ ခက်ခဲလှပေသည်။
"ဂိုဏ်းချုပ်ယဲ့... အဝေးကြီးကနေ လာကြိုဖို့ မမီလိုက်တာ ခွင့်လွှတ်ပါဗျာ"
ဝဖြိုးသော ကျန့်ယောက်ရှိုသည် စက္ကူ ကြိုးကြာရုပ်ကို ကိုင်လျက် နယ်မြေ လမ်းကြောင်းထဲမှ ပျံသန်း ထွက်လာ၏ အနားမရောက်ခင်ကတည်းက ယဲ့ဖုန်းကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်လေသည်။
"ကျွန်တော်.. ဝိညာဉ်သတ္တု တချို့ကို သန့်စင်ပေးဖို့ အကူအညီ တောင်းချင်လို့ပါ"
ယဲ့ဖုန်း လာရင်းကိစ္စကို ပြောလိုက်၏။
"တချို့ပဲလား... ဒါဆိုရင် မြန်ပါတယ်... ကျွန်တော် ဒီရက်ပိုင်း အားနေတာနဲ့ အတော်ပဲ"
ကျန့်ယောက်ရှိုသည် ချွေးများ ဒီးဒီးကျနေပြီး ပိုးပဝါဖြင့် မကြာခဏ သုတ်နေရ၏။
လက်ဖက်ရည် တစ်ဝက်ကျိုချိန် ကြာပြီးနောက်..၊
မြေအောက် ဂူအောင်းအိမ် တစ်ခုထဲတွင်၊
ကျန့်ယောက်ရှိုသည် မြေကြီးပေါ်တွင် တောင်ပုံယာပုံ ဖြစ်နေသော၊ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ထောင်ချီ တန်ဖိုးရှိမည့် ဝိညာဉ်သတ္တုများကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွား၏။
"ဒါ... ဒါကိုများ 'တချို့' လို့ ခေါ်တာလားဗျာ"
ယဲ့ဖုန်း အနည်းငယ် ရှက်သွားပြီး၊ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀) တုံးကို ချက်ချင်း ထုတ်ပေးလိုက်ကာ ပြောလိုက်၏။
"ကူညီပါဗျာ"
ဝိညာဉ်ကျောက်တုံး အများကြီးကို မြင်လိုက်ရသောအခါ၊ ကျန့်ယောက်ရှို တည်ကြည်လေးနက် စွာ ပြောလိုက်လေသည်။
"ဂိုဏ်းချုပ်ယဲ့... ကျွန်တော့် ဂူအောင်းအိမ်မှာ ရက်နည်းနည်းလောက် စောင့်ပေးပါ"
ပြောပြီးနောက် ကျန့်ယောက်ရှိုသည် ဝိညာဉ်သတ္တုများကို သယ်ဆောင်ပြီး၊ ဂူအောင်းအိမ်၏ နောက်ပေါက်မှတဆင့် အနီးနားရှိ မြေကမ္ဘာမီးလျှံ အိမ်တော်သို့ ထွက်ခွာသွား၏။
ယဲ့ဖုန်းသည် ကျန့်ယောက်ရှို၏ ဂူအောင်းအိမ်တွင် ထိုင်ကာ၊ ကောင်းကင်မေးမြန်း ကြေးမုံ ကို ထုတ်ယူလိုက်၏။
ဒီနေရာက မြူခိုးတောင်ထိပ်နှင့် မိုင်တစ်ထောင် မဝေးလေတော့၊ ယဲ့ဖုန်းသည် သူ့တပည့်များ လေ့ကျင့်နေသည်ကို လှမ်းမြင်ရပါသည်။ အားလုံး ကြိုးစားနေကြသည်ကို တွေ့ရသဖြင့် စိတ်အေးသွား၏။
မြေကမ္ဘာမီးလျှံ အိမ်တော် အတွင်း၌၊
ကျန့်ယောက်ရှိုသည် ဝိညာဉ်သတ္တုများကို တောက်လောင်နေသော မီးဖိုထဲသို့ ပစ်ထည့်လိုက်သည်၊ ချွေးများကို သုတ်ရင်း အညစ်အကြေးများကို ဖယ်ရှားကာ၊ နောက်ဆုံးတွင် အုတ်ခဲပုံသဏ္ဍာန် သတ္တုတုံးများအဖြစ် သန့်စင်လိုက်၏။
*
မြူခိုးတောင်ထိပ်တွင်၊
ကျိဇီလင်းသည် တစ်ရက်တည်းဖြင့် အဟန့်အတားကို ချိုးဖောက်နိုင်ခဲ့ပြီး၊ "ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်" ၏ ဒုတိယအဆင့်သို့ တက်ရောက်သွား၏။
ထို့နောက် သူမသည် ကိုယ်ပိုင် တာဝန်များကို ကြည့်လိုက်ပြီး၊ "လေဝိညာဉ် ခြေလှမ်းသိုင်း" ၊ "ဝိညာဉ်စက်ဝန်း ဓားပျံ" ၊နှင့် "အသက်စွမ်းအင် ကျည်ဆန်" ဟူသော ပထမအဆင့် သိုင်းနည်းစနစ် (၃) ခုကို ရွေးချယ်ကာ စတင် လေ့ကျင့်လေတော့သည်။
သူမ၏ ပါရမီက အလွန် မြင့်မားလှပေသည်။
နေ့ဝက် အတွင်းမှာပင် သိုင်းနည်းစနစ် (၃) ခုစလုံးကို အစပြုအဆင့် သို့ ရောက်ရှိသွား၏။
တစ်ရက် ကြာသောအခါ၊ အောင်မြင်မှုအသေးစား အဆင့် သို့ ရောက်ရှိသွား၏။
နှစ်ရက် ကြာသောအခါ၊ အောင်မြင်မှုအကြီးစား အဆင့် သို့ ရောက်ရှိသွား၏။
(၃) ရက် ကြာပြီးနောက်..၊
တပည့်များ၏ အံ့ဩနေသော မျက်လုံးများအောက်တွင်၊ ကျိဇီလင်းသည် သိုင်းနည်းစနစ် (၃) ခုစလုံးကို ထုတ်သုံးပြလိုက်ရာ၊ အားလုံးသည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေ၏..
"ဒါ..ပါရမီရှင် ဆိုတာလား"
တပည့်များ ကြီးမားသော ဖိအားကို ခံစားလိုက်ရလေသည်။
"ကျွန်မ ပထမအဆင့် သိုင်းနည်းစနစ် (၃) ခုကို တတ်မြောက်သွားပြီ... အခု အပြင်ထွက်ပြီး လေ့ကျင့်ဖို့ ပြင်ဆင်ရမယ်"
ကျိဇီလင်းသည် သစ်သားသေတ္တာ တစ်လုံးကို ကောက်ကိုင်လိုက်ပြီး တောင်အောက်ဆင်းရန် ပြင်လိုက်၏။
"ခဏလေး.."
ကျားယွိလန် နှင့် အိုးယန်ယွီ တို့ သူမအနား ရောက်လာကြ၏။
"အစ်မတို့... ဘာဖြစ်လို့လဲဟင်"
"ညီမလေးက တစ်ယောက်တည်း ဆင်းပြီး လေ့ကျင့်မလို့လား"
ကျားယွိလန်က မေးလိုက်၏။
"ဟုတ်ကဲ့.."
ကျိဇီလင်း ခေါင်းညိတ်လိုက်၏။
"ဒါပေမဲ့ ဘယ်သွားရမလဲ သိရဲ့လား"
ကျားယွိလန်က ထပ်မေးလိုက်ပါ၏။
ကျိဇီလင်းခမျာ တိတ်ဆိတ်သွားလေသည်။
စဉ်းစားကြည့်လိုက်တော့ သူမမှာ အစီအစဉ် ဘာမှ မရှိပါလား။
"ဒီလိုလုပ်... အစ်မနဲ့ ရှောင်ယွီတို့.. ညီမလေးနဲ့အတူ လိုက်ခဲ့မယ်... ညီမလေးရဲ့ ကျင့်ကြံမှုအဆင့်က နည်းနည်း နိမ့်သေးတယ်... အန္တရာယ်နဲ့ တွေ့ရင် ဒုက္ခရောက်လိမ့်မယ်... အစ်မတို့က လိုအပ်ရင် ကူညီပေးလို့ ရတာပေါ့"
ကျားယွိလန် ပြုံးပြရင်း ပြောလိုက်၏။
"ဒါဆို အစ်မတို့ကို ဒုက္ခပေးရတော့မယ်နော်"
ကျိဇီလင်း သဘောတူကာ ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ... ယွမ်ရှောင် ရှေးဟောင်းမြို့တော် ကို သွားကြမယ်"
ကျားယွိလန်က ကြေညာလိုက်၏။
ကျိဇီလင်း အံ့ဩသွားပြီး မြေပုံကို လှန်ကြည့်လိုက်ကာ ပြောလိုက်လေသည်။
"ယွမ်ရှောင် ရှေးဟောင်းမြို့တော်... ဖန်ဟွာမြစ် မြောက်ဘက်က ယွမ်ရှောင် သစ်တောအုပ်ကြီးရဲ့ အလယ်ဗဟိုမှာ တည်ရှိပြီး... လူဦးရေ တစ်သိန်းကျော် နေထိုင်တယ်... ဝိညာဉ်မြေဆီလွှာ နဲ့ ဝိညာဉ်သဲတွေ ပေါကြွယ်ဝတယ်"
"အဲ့ဒီနေရာပဲ"
ကျားယွိလန် ခေါင်းညိတ်လိုက်၏။
"အစ်မတို့က ဝိညာဉ်ဆေးဥယျာဉ် တည်ဆောက်ဖို့ လိုအပ်နေတာ... ဝိညာဉ်သဲ နဲ့ ဝိညာဉ်မြေဆီလွှာ မရှိလို့ မဖြစ်ဘူး... ညီမလေးကလည်း လေ့ကျင့်ဖို့ လိုနေတာဆိုတော့... ယွမ်ရှောင် ရှေးဟောင်းမြို့တော်ကို အတူတူ သွားကြတာပေါ့... တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်လို့ ရတာပေါ့"
"ဟုတ်ကဲ့"
မကြာမီ သူတို့ (၃) ယောက် ထွက်ခွာသွားကြ၏။
အိုးယန်ယွီ၏ ချင်းဖုန်းဓားပေါ်တွင် စီးပြီး၊ ယွမ်ရှောင် သစ်တောအုပ်ကြီးဆီသို့ အလွန် လျင်မြန်သော အရှိန်ဖြင့် ပျံသန်းသွားကြလေတော့သည်။
လက်နက်တစ်ရာဂိုဏ်းဝယ်၊
ကျန့်ယောက်ရှိုသည် ချွေးများကို သုတ်လိုက်ပြီး၊ သတ္တုအုတ်ခဲ ထောင်ပေါင်းများစွာကို မြေပြင်ပေါ်တွင် ချထားလိုက်၏။ မောပန်းလွန်းသဖြင့် အေးစက်သော ကျောက်စိမ်း စင်မြင့်ပေါ်တွင် တုံးလုံး လှဲချလိုက်ပြီး၊ ယဲ့ဖုန်းကို အားနည်းစွာ လက်ပြရင်း ပြောလိုက်၏။
"အမယ်လေးဗျာ... ကျွန်တော် အလုပ်လုပ်ရင်း သေတော့မလို့ပဲ"
"ဒါပေမဲ့ ကံကောင်းလို့ အကုန် သန့်စင်ပြီးသွားပြီ"
"ဂိုဏ်းချုပ်ယဲ့... မပြန်ခင် လက်ဖက်ရည် သောက်သွားပါဦးလား"
ကျန့်ယောက်ရှိုသည် ပင်ပန်းလွန်းသဖြင့် စကားကို ထစ်ငေါ့စွာ ပြောလိုက်၏။
ယဲ့ဖုန်းသည် ထူးဆန်းသော ဝိညာဉ်သစ်သီး ဆေးဝိုင် တစ်ခွက်ကို ငှဲ့လိုက်ပြီး ကမ်းပေးလိုက်၏။
"ရော့... နည်းနည်း သောက်လိုက်ပါ"
တစ်ငုံလောက် သောက်လိုက်ရုံနှင့် ကျန့်ယောက်ရှို၏ အားအင်များသည် ကျားတစ်ကောင်လို ပြန်လည် ပြည့်ဖြိုးလာပြီး အော်ဟစ်လိုက်၏။
"ဂိုဏ်းချုပ်ယဲ့... ဒီဝိုင် ရှိသေးလားဗျ"
"မရှိတော့ဘူး... နောက်တစ်ခါ ရှာတွေ့ရင် ပေးမယ်"
ယဲ့ဖုန်း ခေါင်းခါလိုက်၏။
"နှမြောစရာပဲဗျာ"
ကျန့်ယောက်ရှို စိတ်ပျက်သွားရှာသည်။
တစ်နာရီ ကြာပြီးနောက်..၊
ယဲ့ဖုန်းသည် လက်နက်တစ်ရာဂိုဏ်းမှ ထွက်ခွာလာခဲ့တော့၏။
သူသည် ကောင်းကင်မေးမြန်း ကြေးမုံကို ထုတ်ကြည့်လိုက်ရာ၊ ကျိဇီလင်းနှင့် အဖွဲ့ ယွမ်ရှောင် ရှေးဟောင်းမြို့တော်သို့ သွားနေသည်ကို တွေ့လိုက်ရသဖြင့် ညည်းညူလိုက်မိသည်။
"ထိပ်တန်းအဆင့် ပါရမီရှင် ဆိုတာ တကယ် မိုက်တာပဲ... ရက်ပိုင်းအတွင်း ဘယ်သူမှ မသင်ပေးဘဲ ပထမအဆင့် သိုင်းနည်းစနစ် (၃) ခုလုံးကို ပြီးပြည့်စုံတဲ့ အဆင့်ထိ တတ်မြောက်သွားတယ်... ဒါပေမဲ့ နေပါဦး... သူတို့က လေ့ကျင့်ဖို့ သွားကြတာလား"
*
ယွမ်ရှောင် သစ်တောအုပ်ကြီးဝယ်၊
ချင်းဟွန်းကျန်းရန် နှင့် ဝက်ပေါက်စလေး အသွင် ဖြစ်နေသော ဆိုဟွန်းကျန်းရန် တို့သည် မြေပုံတစ်ခုပေါ်တွင် ရပ်လျက်၊ အောက်ဘက်ရှိ ယွမ်ရှောင် ရှေးဟောင်းမြို့တော်ကို စီးမိုးကြည့်ကာ၊ ထူးဆန်းသော ရယ်သံများ ပြုလုပ်နေကြ၏။
"အသေးစား သွေးဝိညာဉ် ဝင်္ကပါ အဆင်သင့် ဖြစ်ခါနီးပြီ... ညီလေး... ဒီညက မင်း လူပြန်ဖြစ်မယ့် အခွင့်အရေးပဲ.."
ချင်းဟွန်းကျန်းရန်သည် လက်ပိုက်လျက် အေးဆေးစွာ ပြောလိုက်လေတော့သတည်း။
အခန်း (၁၉၁) - စင်မြင့်တိုက်ပွဲ၊ တုန်လှုပ်ဖွယ်ရာ ခရမ်းရောင်ဆံပင်နှင့် မိန်းကလေး
~"ကွီကွီ.."
ဆိုဟွန်းကျန်းရန် သည် စိတ်လှုပ်ရှားစွာ ဝက်အော်သံ ပြုလိုက်၏။
ဒီညကို သူ အလွန် မျှော်လင့်နေခဲ့သည်။
ဘာကြောင့်လဲဆိုတော့ သူ လူပြန်ဖြစ်တော့မည်လေ..။
"ယဲ့ဖုန်း... မင်း စောင့်နေလိုက်.."
ဆိုဟွန်းကျန်းရန်သည် မတ်တတ်ရပ်လိုက်ပြီး၊ ကောင်းကင်ယံကို မော့ကြည့်ကာ ယဲ့ဖုန်း သူ့ရှေ့တွင် ရပ်နေသကဲ့သို့ စိတ်ကူးယဉ်ရင်း၊ မျက်လုံးများတွင် အငြိုးအတေးများ ပြည့်နှက်နေကာ စူးရှစွာ အော်ဟစ်လိုက်၏။
ချင်းဟွန်းကျန်းရန် ကတော့ တိတ်ဆိတ်စွာပင် အလွန် အေးဆေးတည်ငြိမ်နေပုံ ပေါက်နေလေသည်။
ကျိဇီလင်း၊ ကျားယွိလန် နှင့် အိုးယန်ယွီ တို့သည် လျင်မြန်သော အရှိန်ဖြင့် ခရီးနှင်နေကြ၏။
နေ့လည်ခင်း အချိန်လောက်တွင် ယွမ်ရှောင် ရှေးဟောင်းမြို့တော် သို့ ရောက်ရှိလာကြလေသည်။
"ဒီမြို့ရဲ့ မြို့စားမင်း နာမည်က ကျွမ်းကောရီ တဲ့... ချီစုစည်းခြင်း အထွတ်အထိပ် ရောက်နေပေမယ့် ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့်ကို တက်ဖို့ ကျရှုံးခဲ့သူ တစ်ယောက်လို့ ပြောတယ်... ဒါပေမဲ့ သူ့ရဲ့ အင်အားက အရမ်း ကြောက်စရာ ကောင်းတယ်... နတ်ဆိုးဗိုလ်ချုပ် အဆင့် ဒါမှမဟုတ် ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့်အောက်မှာ ဘယ်သူမှ မယှဉ်နိုင်ဘူး တဲ့"
ဒါက ကျားယွိလန် စုံစမ်းရရှိထားသော သတင်းအချက်အလက် ဖြစ်လေသည်။
အိုးယန်ယွီသည် ချင်းဖုန်းဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး မေးလိုက်၏။
"စီနီယာအစ်မ... ကျွန်မကို ဘာလို့ ဒီထိ ခေါ်လာရတာလဲဟင်"
ကျားယွိလန် ပြုံးလိုက်၏။
"ညီမလေးက ဂဏန်းတွက် အရမ်းတော်တယ်လေ... ပြီးတော့ အိမ်ကလည်း ကုန်သည်လုပ်ငန်း လုပ်တာဆိုတော့... စီးပွားရေး အမြင် ရှိမှာ သေချာတယ်... ခဏနေ ဝိညာဉ်သဲ နဲ့ ဝိညာဉ်မြေဆီလွှာတွေ ဝယ်ရင် ဈေးဆစ်ဖို့ ညီမလေးကို အားကိုးရမှာ"
"ဪ... သိပါပြီ"
အိုးယန်ယွီ ခေါင်းညိတ်လိုက်၏။
ထိုအချိန်တွင် ကျိဇီလင်းသည် ဘေးဘီဝဲယာကို စပ်စုသော မျက်လုံးများဖြင့် ကြည့်ရှုနေပြီး၊ ကျားယွိလန် ဘက်သို့ လှည့်ကာ မေးလိုက်၏။
"စီနီယာအစ်မ... တာဝန်ထဲမှာ ပါတဲ့ နည်းလမ်းတွေကို ကျွန်မ သိပ်မရင်းနှီးဘူး... ဂိုဏ်းရဲ့ ဂုဏ်သတင်း ကျော်ကြားအောင် ဘယ်လို လေ့ကျင့်ရမလဲဟင်"
ခဏ စဉ်းစားပြီးနောက် ကျားယွိလန် ပြောလိုက်၏။
"အစ်မ အမြင်တော့... တခြားလူတွေက ငါတို့ မြူခိုးဂိုဏ်း ရှိတယ် ဆိုတာကို သိသွားရင် ဂုဏ်သတင်း ကျော်ကြားအောင် လုပ်တာနဲ့ အတူတူပါပဲ"
"ဪ... နားလည်ပါပြီ.."
ကျိဇီလင်း ဘေးဘီဝဲယာကို ကြည့်လိုက်ပြီးနောက်၊ နံရံပေါ်မှ စာရွက်တစ်ရွက်ကို ခွာယူလိုက်ကာ မြို့လယ်ခေါင်သို့ ဦးတည် လျှောက်သွားလိုက်၏။
"အဲ့ဒါ... စင်မြင့်တိုက်ပွဲလား"
ကျားယွိလန်သည် ကျိဇီလင်း လက်ထဲမှ စာရွက်ကို လှမ်းမြင်လိုက်ရပြီး၊ ထင်ရှားသော စာလုံးကြီး (၃) လုံးကို ဖတ်မိလိုက်၏။
"စင်မြင့်တိုက်ပွဲ.."
အိုးယန်ယွီက မျက်တောင်ခတ်လိုက်ပြီး "ဆိုလိုတာက... အစ်မ ဇီလင်းက လူတွေကို တိုက်ခိုက်ပြီး ဂိုဏ်းရဲ့ ဂုဏ်သတင်းကို မြှင့်တင်မလို့လား”
ဟု မေးလိုက်၏။
ကျားယွိလန် စကားမပြော။
သူမသည် ဘေးနားရှိ အုတ်နံရံပြာကို ကြည့်လိုက်ပြီး၊ ကပ်ထားသော ကြော်ငြာစာရွက်ကို လက်ညှိုးထိုးကာ တိုးတိုးလေး ဖတ်ပြလိုက်၏။
"ယွမ်ရှောင် ရှေးဟောင်းမြို့တော် စင်မြင့်တိုက်ပွဲ... စွမ်းရည်ရှိသူ မည်သူမဆို ယှဉ်ပြိုင်နိုင်သည်။. အနိုင်ရသူသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံး၊ ဝိညာဉ်သဲ ပေါင် (၁၀၀) နှင့် ဝိညာဉ်မြေဆီလွှာ ပေါင် (၁၀၀) ရရှိမည်... စာရင်းသွင်းကြေး... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁) တုံး.."
"ဒါ သက်သက်မဲ့ ပိုက်ဆံလိမ်နေတာပဲ.."
"ဟူး... ညီမလေး ဇီလင်းတော့ အလိမ်ခံရတော့မယ်... သွားကြည့်ကြစို့"
ပြောပြီးနောက် ကျားယွိလန် ရှေ့က ဦးဆောင် သွားလိုက်၏။
အိုးယန်ယွီသည် ချင်းဖုန်းဓားကို တင်းတင်း ဆုပ်ကိုင်ထားလိုက်၏။
ဂိုဏ်းချုပ်.. ပြောဖူးသည်မှာ ‘အပြင်ထွက်ရင် အိပ်နေရင်တောင် သတိဝီရိယ ရှိရမယ်၊ ချောင်းမြောင်း တိုက်ခိုက်မခံရအောင် ဂရုစိုက်ရမယ်၊ ဒါမှ အသက်ရှည်ရှည် နေရမယ်’ တဲ့။
ဒါကို သတိရပြီး အိုးယန်ယွီသည် အပေါ်ယံတွင် ဈေးဝယ်ထွက်သူ တစ်ယောက်လို ပေါ့ပါးနေသော်လည်း၊ အတွင်းစိတ်တွင် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထား၏
ကျားယွိလန်လည်း ထိုနည်းတူပင်။
အသစ်စက်စက် ကျိဇီလင်း တစ်ယောက်သာ ဒါတွေကို သတိမထားမိဘဲ ရှိနေ၏။
မကြာမီ သူတို့ (၃) ယောက် မြို့လယ်ခေါင်သို့ ရောက်ရှိလာကြလေသည်။
ထိုနေရာတွင် မီတာ (၁၀၀) ပတ်လည် ရှိသော ရင်ပြင် တစ်ခုကို စင်မြင့်အဖြစ် သတ်မှတ်ထားပြီး၊ ဘေးပတ်လည်ရှိ အဆောက်အဦများတွင် ပွဲကြည့်ပရိသတ်များ ပြည့်နှက်နေကြ၏။
စင်မြင့်ပေါ်တွင်၊
ချီစုစည်းခြင်း တတိယအဆင့် ကျင့်ကြံသူ နှစ်ဦးသည် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
"သိုးထီး ဒေါသ.."
ကျင့်ကြံသူ တစ်ဦးသည် လက်ချောင်းများကို လျင်မြန်စွာ လှုပ်ရှားနေသည်။ မာန်သွင်းကာ လက်ဝါးနှစ်ဖက်ဖြင့် တွန်းထုတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ ထွက်ပေါ်လာပြီး၊ ချက်ချင်းပင် ဧရာမ သိုးထီး ပုံရိပ်တစ်ခု ဖြစ်ပေါ်လာတော့၏။ သိုးထီးကြီးက ပြိုင်ဘက်ကို တိုက်ခိုက်လိုက်ရာ ဘုန်းခနဲ လွင့်စင်သွားပြီး သတိလစ်သွားလေတော့သည်။
"ဟားဟားဟား... ဘယ်သူ ရှိသေးလဲ၊ လာ"
အနိုင်ရသူက ရယ်မောလိုက်၏။
"ငါ စိန်ခေါ်မယ်.."
နူးညံ့သော မိန်းကလေး အသံ တစ်သံ ထွက်ပေါ်လာပြီး၊ လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်၏။
ခြေသလုံးထိ ရောက်သော ခရမ်းရောင် ဆံပင်ရှည်များနှင့် လှပသော မိန်းမပျိုလေး တစ်ဦးသည် စင်မြင့်ပေါ်သို့ တက်ရောက်လာပြီး၊ ထိုကျင့်ကြံသူကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။
"ငါ စာရင်းသွင်းကြေး ပေးပြီးပြီ... အခု နင်နဲ့ ယှဉ်ပြိုင်မယ်"
ထိုမိန်းကလေးကား ကျိဇီလင်းပင် ဖြစ်လေသည်။
စင်မြင့်တိုက်ပွဲ၏ စည်းကမ်းများမှာ ရိုးရှင်းလေသည်။
စင်ပေါ်တက် တိုက်ခိုက်ပြီး နိုင်သူက ဆက်နေရမည်။ (၁၀) ပွဲ ဆက်တိုက် နိုင်လျှင် ဆုရရှိမည်။
သို့သော် ယနေ့ လူရာချီ လာရောက် ယှဉ်ပြိုင်ခဲ့ကြသော်လည်း၊ အများဆုံး (၇) ပွဲသာ ဆက်တိုက် နိုင်ဖူးကြ၏။
"ဝိုး.."
"ခရမ်းရောင် ဆံပင်နဲ့ အလှလေးပဲ.."
"အလှလေးရေ... ပြုံးပြပါဦး.."
ပတ်ဝန်းကျင် အဆောက်အဦများပေါ်ရှိ ပရိသတ် ထောင်ချီက ဆူညံစွာ အော်ဟစ်လိုက်ကြ၏။
"မင်းက ငါ့ကို စိန်ခေါ်မလို့လား"
ထိုကျင့်ကြံသူက ဟားတိုက် ရယ်မောလိုက်၏။
"ကောင်းပြီလေ... မင်းက လှနေတော့ ငါ အခွင့်အရေး ပေးလိုက်မယ်... အရင် စတိုက်လိုက်"
"ကောင်းပြီ... ကျေးဇူးတင်ပါတယ်"
ကျိဇီလင်း ချိုသာစွာ ပြုံးပြလိုက်၏။
“ဘုန်း..”
အသက်စွမ်းအင် ကျည်ဆန် တစ်ခု ပေါက်ကွဲထွက်လာပြီး၊ ထိုကျင့်ကြံသူကို တိုက်ခိုက်လိုက်ရာ မီတာ (၁၀) ကျော် လွင့်စင်သွားတော့၏။ သစ်ပင် တစ်ပင်ပေါ်တွင် သွားချိတ်ကာ တွဲလောင်းကျနေလေတော့သည်။
“.....”
ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားလေ၏..။
စင်မြင့်အောက်တွင်၊
ကျားယွိလန် နှင့် အိုးယန်ယွီ တို့ သက်ပြင်းချလိုက်ကြသည်။
ကျိဇီလင်းက ရိုးသားဖြူစင်ပုံ ပေါက်နေပေမယ့်၊ တကယ်တော့ ရှေးဟောင်းမြို့တော်ရဲ့ သူတော်စင်၊ ကာကွယ်ရေး နတ်ဘုရား တစ်ပါး ဖြစ်ခဲ့ဖူးသူပင်။ ငယ်ငယ်လေးကတည်းက ကောင်းကင်ဘုံ လိုဏ်ဂူ ကမ္ဘာထဲမှာ နတ်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်လာခဲ့သည် ၊ တိုက်ခိုက်ရေး အတွေ့အကြုံ မရှိသူ မဟုတ်ပါလေ။
ဆန့်ကျင်ဘက် အနေနှင့် သူမရဲ့ တိုက်ခိုက်ရေး ပါရမီက အလွန် မြင့်မားလေသည်။
"အစ်မ ဇီလင်း နိုင်မယ် ထင်လား"
အိုးယန်ယွီ မေးလိုက်၏။
"အခွင့်အရေး သိပ်မရှိဘူး... ဘာပဲပြောပြော ဇီလင်းက ချီစုစည်းခြင်း စတုတ္ထအဆင့် အထွတ်အထိပ်ပဲ ရှိသေးတာ... နတ်ဘုရားအာရုံစွမ်းအား ဒုတိယအဆင့်ကို အခုမှ ရောက်ထားတာ... ပထမအဆင့် သိုင်းနည်းစနစ် (၃) ခုကို ပြီးပြည့်စုံအောင် တတ်မြောက်ထားတယ် ဆိုပေမယ့်၊ အများဆုံး ချီစုစည်းခြင်း ဆဋ္ဌမအဆင့် အထွတ်အထိပ်လောက်ကိုပဲ ယှဉ်နိုင်မှာ... ပွဲစီစဉ်သူတွေက သတ္တမအဆင့် တစ်ယောက်ယောက်ကို ထုတ်သုံးလိုက်ရင် ဇီလင်း ရှုံးဖို့ များတယ်"
ကျားယွိလန်သည် အိမ်ကောင်းယာကောင်းမှ ဆင်းသက်လာသူ ဖြစ်သော်လည်း၊ လက်တွေ့ဘဝနှင့် ကင်းကွာနေသူ မဟုတ်ပေ။
ဤအရှုပ်အထွေးများကို ကောင်းကောင်း နားလည်ထားသဖြင့်၊ ကျားယွိလန်..အသံနှိမ့်ပြီး ရှင်းပြလိုက်၏။
"ဒီလို စင်မြင့်တိုက်ပွဲမျိုးတွေက ပွဲစီစဉ်သူတွေအတွက် အမြတ်မကျန်ရင် ဘယ်တော့မှ မလုပ်ဘူး... တစ်ယောက်ယောက်က (၆) ပွဲ (၇) ပွဲလောက် နိုင်လာရင်၊ ပိုသန်မာတဲ့ လူမိုက် တစ်ယောက် လွှတ်ပြီး တားဆီးလိုက်တာပဲ... အဲ့ဒါကြောင့် ဘယ်သူမှ ဆုမရကြတာပေါ့"
အိုးယန်ယွီ၏ လှပသော မျက်ခုံးလေးများ တွန့်ကွေးသွား၏။
"ဒါ လူလိမ်တာပဲ မဟုတ်ဘူးလား... ကျွန်မတို့ အိမ်က စီးပွားရေး လုပ်ရင် တရားမျှတမှု ရှိအောင် လုပ်တယ်... ဂုဏ်သတင်းကို အခြေခံပြီး ဖောက်သည်တွေကို ထိန်းသိမ်းတာ"
"အို..ညီမလေးက ငယ်ပါသေးတယ်"
ကျားယွိလန်.. အိုးယန်ယွီ၏ ပခုံးကို ပုတ်လိုက်၏။
စင်မြင့်ပေါ်တွင်၊
ကျိဇီလင်းသည် ကြောင်အနေကြသော ပရိသတ်များကို ကြည့်ပြီး အော်ပြောလိုက်၏။
"ပထမအချီ ကျွန်မ နိုင်ပြီ... နောက်ထပ် ဘယ်သူ စိန်ခေါ်မလဲ"
သူမ၏ အသံကို ကြားမှ လူအုပ်ကြီး သတိပြန်ဝင်လာကြ၏။
"မယုံနိုင်စရာပဲ... ဒီခရမ်းရောင် ဆံပင်နဲ့ အလှလေးက သူ့အစွမ်းအစကို ဖုံးကွယ်ထားတာကိုး... တိုက်ခိုက်လိုက်မှ ချီစုစည်းခြင်း စတုတ္ထအဆင့် အထွတ်အထိပ် ရှိတဲ့ ဝါရင့် ကျင့်ကြံသူမှန်း သိရတော့တယ်"
"သူက မြို့စားမင်းရဲ့ တပည့်များလား"
"မြို့စားမင်း ကျွမ်းမှာ တပည့် ရှိလို့လား"
ပရိသတ်များ တီးတိုး ဆွေးနွေးနေကြ၏။
ထိုအချိန်တွင် အဖြူရောင် ဝတ်ဆင်ထားသော ရုပ်သန့်သန့် လူငယ် တစ်ဦး စင်မြင့်ပေါ်သို့ တက်လာပြီး ကျိဇီလင်းကို ဦးညွှတ်လိုက်သည်။
"ကျွန်တော်က ချိုးချန်ကျီပါ... အလှလေးနဲ့အတူ ဝိုင်သောက်ခွင့် ရနိုင်မလားခင်ဗျာ"
ကျိဇီလင်း သူ့ကို တစ်ချက် အကဲခတ်လိုက်ပြီး၊ ရုတ်တရက် အသက်စွမ်းအင် ကျည်ဆန် တစ်ခု ပစ်လွှတ်လိုက်ရာ၊ သူ လွင့်စင်သွားပြီး မြေကြီးပေါ်တွင် တဆတ်ဆတ် တုန်ကာ ဖရိုဖရဲ ဖြစ်သွားရှာ၏
"စင်ပေါ် ရောက်တာနဲ့ စိန်ခေါ်သူပဲ... တတိယပွဲ စမယ်"
စင်မြင့် အပြင်ဘက်ရှိ မျက်ခုံးဖြူ အဘိုးအိုသည် ဒိုင်လူကြီး လုပ်နေပြီး ဩရှသော အသံဖြင့် ကြေညာလိုက်၏။ ခေတ္တ ရပ်နားပြီးနောက် ဆက်ပြောလေသည်။
"မိန်းမ လိုချင်ရင် ချူလင်းလမ်း အမှတ် (၁၉) ကို သွား... စင်မြင့်ပေါ် မလာနဲ့"
"ဟားဟားဟား..."
လူအုပ်ကြီး ရယ်မောလိုက်ကြ၏။
အရှက်ကွဲသွားသော အဖြူရောင် လူငယ်သည် မျက်နှာကြီး မည်းမှောင်လျက် အမြန် ထွက်ခွာသွားလေတော့သည်။
"ငါ.. ယှဉ်ပြိုင်မယ်"
သံမျှော်စင်ကြီး တစ်ခုလို တောင့်တင်းခိုင်မာသော လူထွားကြီး တစ်ဦး စင်မြင့်ပေါ်သို့ တက်လာ၏ သူသည် ချီစုစည်းခြင်း စတုတ္ထအဆင့် အထွတ်အထိပ် ရှိပြီး၊ တက်လာသည်နှင့် ကာကွယ်ရေး အသင့် ပြင်ထားလိုက်၏။
"လေဝိညာဉ် ခြေလှမ်းသိုင်း.."
ကျိဇီလင်း ရုတ်တရက် ရှေ့သို့ ပြေးထွက်လိုက်ပြီး၊ ခန္ဓာကိုယ် ပေါ့ပါးသွက်လက်စွာဖြင့် (၁၀) မီတာကျော် အမြင့်သို့ ခုန်တက်ကာ၊ လူထွားကြီး၏ ခေါင်းပေါ်မှ ကျော်ဖြတ်ပြီး အနောက်ဘက်သို့ ရောက်ရှိသွား၏။
"ဉာဏ်ကောင်းလိုက်တာ... ငါ့အားနည်းချက်ကို ရှာတွေ့သွားပြီပဲ.."
လူထွားကြီး အာမေဋိတ် ပြုလိုက်ပြီး၊ အလျင်အမြန် လှည့်ကြည့်လိုက်ရာ၊ မိမိခန္ဓာကိုယ်ကို မမြင်ရသော စွမ်းအားတစ်ခုက ချုပ်နှောင်ထားသကဲ့သို့ ခံစားလိုက်ရပသည်။ လှုပ်ရှား၍ မရတော့ကြောင်း တွေ့ရှိလိုက်ရသဖြင့် လန့်ဖျပ်သွား၏။
"ဒါ ဘာစွမ်းအားလဲ"
“ဘုန်း..”
အသက်စွမ်းအင် ကျည်ဆန် တစ်ခု လူထွားကြီး၏ ကျောကုန်းကို ထိမှန်သွားပြီး၊ ယိုင်နဲ့သွားစေ၏
ကျိဇီလင်း မြေပြင်ပေါ်သို့ ပြန်ကျလာပြီး လျင်မြန်စွာ ကပ်သွားကာ၊ ခြေထောက်ဖြင့် ရိုက်ချလိုက်ရာ လူထွားကြီး လဲကျသွားလေတော့သည်။
"ကျွန်တော် အရှုံးပေးပါတယ်.."
ကျိဇီလင်း နောက်ထပ် ကျည်ဆန် တစ်ခု ပြင်နေသည်ကို မြင်တော့၊ လူထွားကြီး လက်နှစ်ဖက် မြှောက်ကာ အော်ဟစ်လိုက်၏။
"သုံးပွဲ ဆက်တိုက် နိုင်သွားပြီ... မြန်လိုက်တာ.."
"ခုနက ဘာဖြစ်သွားတာလဲ... ဟိုလူထွားကြီးက ဘာလို့ တမင်သက်သက် အခွင့်အရေး ပေးလိုက်တာလဲ"
ပရိသတ်များ နားမလည်နိုင် ဖြစ်ကုန်ကြ၏။
ကျားယွိလန် တစ်ယောက်တည်းသာ သဘောပေါက်သော အမူအရာဖြင့် ရေရွတ်လိုက်လေသည်။
"သူက မမြင်ရတဲ့ နတ်ဘုရားအာရုံစွမ်းအား သုံးပြီး လူထွားကြီးကို ချုပ်လိုက်တာကိုး... မလှုပ်နိုင်တာ မဆန်းပါဘူး"
ထိုက်ယွဲ့ တောင်တန်းတုန်းက၊ ကျားယွိလန် နှင့် လီကျောက်ကျောက် တို့သည် ဟန်စန်းနှင့် ရင်ဆိုင်ခဲ့ဖူးသဖြင့်၊ နတ်ဘုရားအာရုံစွမ်းအား၏ ကြောက်မက်ဖွယ် ကောင်းပုံကို ကောင်းကောင်း သိထားကြ၏။
"နောက်တစ်ယောက်... ငါ့အလှည့်ပဲ"
ဓားရှည် ကိုင်ဆောင်ထားသော လူလတ်ပိုင်း တစ်ဦး စင်မြင့်ပေါ်သို့ တက်လာပြီး၊ ချီစုစည်းခြင်း ပဉ္စမအဆင့် အရှိန်အဝါကို ထုတ်ဖော်ပြသလိုက်၏။
"ပွဲကောင်း စပြီဟေ့.."
လူအုပ်ကြီး မျက်လုံးပြူးကာ စောင့်ကြည့်နေကြ၏။
ချီစုစည်းခြင်း ပဉ္စမအဆင့် နဲ့ စတုတ္ထအဆင့် အထွတ်အထိပ်... ပဉ္စမအဆင့်က နိုင်မှာ သေချာတယ် မဟုတ်လား။
သို့သော်...
ဓားသမားသည် ဓားကို ဆွဲမထုတ်ရသေးခင်မှာပင်၊ အသက်စွမ်းအင် ကျည်ဆန် တစ်ခု ရင်ဘတ်ကို ထိမှန်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
ကွင်းပြင် တစ်ခုလုံး ပွက်လောရိုက်သွားလေ၏..။
အခန်း (၁၉၂) - ဖုံးကွယ်ထားသော အန္တရာယ်၊ ပြိုင်ဘက်ကင်း (၁၀) ပွဲဆက် အနိုင်
~"ချီစုစည်းခြင်း ပဉ္စမအဆင့် ဓားသမားက... ဘာလို့ ဓားတောင် မဆွဲနိုင်လိုက်ရတာလဲ"
"အဲ့ဒီ ခရမ်းရောင် ဆံပင်နဲ့ အလှလေးက ပွဲစီစဉ်သူရဲ့ သမီးများလား"
လူအများ စိတ်ထဲတွင် သံသယ ဖြစ်သွားကြ၏။
စင်မြင့်အောက်တွင်၊
ဓားသမားသည် သူ့အပေါ် ကျရောက်နေသော ကြီးမားသည့် ဖိအားကို ခံစားလိုက်ရပြီး အကြီးအကျယ် တုန်လှုပ်သွား၏။ ကျိဇီလင်းက အထူး သိုင်းနည်းစနစ် တစ်ခုခု သုံးလိုက်တယ်လို့ သူ ထင်လိုက်လေသည်။
အဲဒါကြောင့် သူ ဓားကို ဆွဲထုတ်ခွင့် မရလိုက်တာပေါ့။
"လေးပွဲဆက် အနိုင်ရသွားပြီ"
ကျားယွိလန် တီးတိုး ရေရွတ်လိုက်၏။
"သိပ်တော်တာပဲ အစ်မ ဇီလင်း... (၁၀) ပွဲဆက် အနိုင်ရအောင် ကြိုးစားပါ.."
အိုးယန်ယွီ ကျယ်လောင်စွာ အော်ဟစ် အားပေးလိုက်၏။
စင်မြင့်ပေါ်တွင်၊
ကျိဇီလင်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး၊ ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည် ဖြည့်တင်းလိုက်၏။
ပြိုင်ဘက်က သိပ်မသန်မာသရွေ့၊ သူမသည် နတ်ဘုရားအာရုံစွမ်းအားဖြင့် ချုပ်နှောင်ပြီး၊ အသက်စွမ်းအင် ကျည်ဆန်ဖြင့် အဆုံးသတ်လိုက်ရုံသာ ဖြစ်လေသည်။ သူမ အစွမ်းကုန် ထုတ်သုံးဖို့ ဆိုရင်တော့၊ ပြိုင်ဘက်၏ ကျင့်ကြံမှုအဆင့်က နတ်ဘုရားအာရုံစွမ်းအားရဲ့ ဖိနှိပ်မှုကို ချိုးဖျက်နိုင်လောက်အောင် မြင့်မားနေမှ ရပေလိမ့်မည်။
"ငါ ပဉ္စမမြောက် ပွဲကို ဝင်ပြိုင်မယ်.."
ချီစုစည်းခြင်း အထွတ်အထိပ် အဆင့် ကျင့်ကြံသူ တစ်ဦး စင်မြင့်ပေါ်သို့ တက်လာခြင်းပင်။
*
ယွမ်ရှောင် ရှေးဟောင်းမြို့တော် အပြင်ဘက်ရှိ မြေနီကုန်း တစ်ခုပေါ်တွင်၊
ချင်းဟွန်းကျန်းရန်သည် ကျောက်တုံးပေါ် ရပ်လျက်၊ အနောက်မြောက်ဘက်သို့ လှမ်းကြည့်ကာ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။
"ကွီကွီ.."
ဝက်ပေါက်စလေး အသံပြုလိုက်၏။
ချင်းဟွန်းကျန်းရန်သည် ငုံ့ကြည့်လိုက်ပြီး ပြောလေသည်။
"စိတ်မပူပါနဲ့... ကိစ္စသေးလေးပါ... ငါတို့ အစီအစဉ်ကို မထိခိုက်စေရဘူး... တကယ်တော့ ဒီညကို ပိုပြီး စိတ်ဝင်စားစရာ ကောင်းသွားစေမှာ"
ယွမ်ရှောင် ရှေးဟောင်းမြို့တော်နှင့် (၁၀) မိုင်ခန့် အကွာတွင်၊
ယဲ့ဖုန်းသည် ခြေဝက် အကျယ်၊ (၂) မီတာ အရှည်ရှိသော သတ္တုသစ်ရွက်ပြား တစ်ခုပေါ်တွင် ထိုင်လျက်၊ ကောင်းကင်မေးမြန်း ကြေးမုံကို ကိုင်ဆောင်ကာ၊ စင်မြင့်ပေါ်မှ တိုက်ပွဲကို ကြည့်ရှုနေ၏။
"မဆိုးဘူး... သူတို့ ပျော်နေကြတဲ့ပုံပဲ"
ပြောပြီးနောက် ယဲ့ဖုန်းသည် အောက်ဘက်ရှိ သတ္တုသစ်ရွက်ပြားကို ငုံ့ကြည့်လိုက်၏။
ဒါက ပြီးခဲ့တဲ့အကြိမ် ကျန့်ယောက်ရှိုကို အကူအညီတောင်းပြီး သွန်းလုပ်ခိုင်းချဲ့သာ ဝိညာဉ်လက်နက် ဖြစ်လေသည်။ ခိုင်ခံ့မှု နှင့် အားဖြည့်မှု ဝင်္ကပါများ ရေးထွင်းထားပြီး၊ အလွန် မာကျောသဖြင့် ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူများပင် ဖျက်ဆီးရန် ခက်ခဲလှပေသည်။
တခြား ကျင့်ကြံသူတွေ အတွက်တော့ ဒီသတ္တုသစ်ရွက်ပြားက မာကျောတာ တစ်ခုသာ အသုံးဝင်သည်။
ဒါပေမဲ့ သူရဲကောင်း ဝိညာဉ်စွမ်းအား ပိုင်ဆိုင်ထားသည့် ယဲ့ဖုန်း အတွက်တော့၊ သွားလာရေးရော တိုက်ခိုက်ရေးပါ အသုံးဝင်သော ကိရိယာ တစ်ခု ဖြစ်လေသည်။
"ထူးဆန်းတယ်... ဘာလို့ စိတ်လေးနေရတာလဲ"
ယဲ့ဖုန်း နဖူးကို ပွတ်လိုက်၏။ သူ၏ "အန္တရာယ် အာရုံခံနိုင်စွမ်း"က မကြာမီ အန္တရာယ် ကျရောက်တော့မည် ဖြစ်ကြောင်း သတိပေးနေသဖြင့်၊ မြူခိုးတောင်ထိပ်သို့ တန်းမပြန်သေးဘဲ ဒီနားမှာ စောင့်နေလိုက်ခြင်း ဖြစ်လေသည်။
ကျားယွိလန် တို့အဖွဲ့ မယှဉ်နိုင်တဲ့ အန္တရာယ်နှင့် ကြုံလာလျှင်၊ သူ အချိန်မီ ကယ်တင်နိုင်ရန်ပင်။
"ဟေ... (၇) ပွဲဆက် အနိုင်ရသွားပြီပဲ.."
ယဲ့ဖုန်း ကြေးမုံကို ကြည့်ပြီး အခြေအနေကို သုံးသပ်လိုက်၏။
"ဒါပေမဲ့ ကျိဇီလင်း နောက်ထပ် (၂) ပွဲလောက်ပဲ နိုင်တော့မယ် ထင်တယ်... နောက်ဆုံးပွဲကျရင် ပွဲစီစဉ်သူတွေ ဝင်နှောင့်ယှက်တော့မှာ"
ထို့နောက် ယဲ့ဖုန်းသည် သံရည်ကျို မီးဖိုကို ထုတ်ယူလိုက်၏။
"မိုယင် က ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့်ကို ရောက်တော့မှာ... အဆင့်နိမ့် ဝိညာဉ်လက်နက် ဖြစ်တဲ့ လေညှင်းစီး ဓားပျံက သိပ်မလိုက်ဖက်တော့ဘူး... ငါ့မှာ ကုန်ကြမ်းတွေ အကုန် ရှိနေတာပဲ... သူ့အတွက် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခုလောက် လုပ်ပေးလိုက်မယ်"
"သူမက ဓားကြိုက်တယ် ဆိုတော့... ဓားပဲ လုပ်ပေးလိုက်မယ်..."
ယဲ့ဖုန်းသည် စိတ်စွမ်းအင်ဖြင့် မီးဖိုနှင့် ဆက်သွယ်လိုက်ပြီး၊ ညွှန်ကြားချက်များအတိုင်း သတ္တုတုံး ဒါဇင်ပေါင်းများစွာ နှင့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀) တုံးကို ပစ်ထည့်လိုက်၏။
“ဒန်..ဒန်..”
မီးဖိုထဲမှ ဆူညံသံများ ထွက်ပေါ်လာသော်လည်း၊ ယဲ့ဖုန်းသည် သူရဲကောင်း ဝိညာဉ်စွမ်းအားဖြင့် အသံလုံအောင် လုပ်ထားသဖြင့် အဝေးသို့ မပျံ့လွင့်နိုင်ပေ။
ချင်းဟွန်းကျန်းရန် နှင့် ဝက်ပေါက်စလေး တို့သည် မိုင်အနည်းငယ် အကွာမှာ ရှိနေကြောင်း သူ မသိလိုက်ရှာပေ။
ထိုနည်းတူစွာ သူတို့နှစ်ဦးသည်လည်း ယဲ့ဖုန်း အနီးနား ရှိနေကြောင်း မသိကြပေ။
*
စင်မြင့်ပေါ်တွင်၊
ဘုန်း..
ကျိဇီလင်းသည် ပြိုင်ဘက်ကို နတ်ဘုရားအာရုံစွမ်းအားဖြင့် ဦးစွာ ဖိနှိပ်လိုက်၏။ ပြိုင်ဘက်သည် ချီစုစည်းခြင်း ဆဋ္ဌမအဆင့် အထွတ်အထိပ် ဖြစ်သဖြင့် ကျင့်ကြံမှုအဆင့်ကို အားကိုးပြီး ဖိနှိပ်မှုကို ချိုးဖျက်နိုင်သော်လည်း၊ အမြဲတမ်း ခံစစ်အနေအထားသို့ ရောက်ရှိနေရသည်။
"လေဝိညာဉ် ခြေလှမ်းသိုင်း.."
"ဝိညာဉ်စက်ဝန်း ဓားပျံ.."
"အသက်စွမ်းအင် ကျည်ဆန်.."
ထို့နောက် ကျိဇီလင်းသည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေသည့် ပထမအဆင့် သိုင်းနည်းစနစ် (၃) ခုကို ဆက်တိုက် ထုတ်သုံးလိုက်၏။ ဦးစွာ ဓားပျံများဖြင့် ပြိုင်ဘက်၏ ဒိုင်းကာကို ဖျက်ဆီးလိုက်ပြီး၊ အသက်စွမ်းအင် ကျည်ဆန်ဖြင့် အဝေးသို့ လွင့်စင်သွားအောင် တိုက်ခိုက်လိုက်လေသည်။
"(၉) ပွဲဆက် အနိုင်ရသွားပြီ.."
"ဒီမှတ်တမ်းကို သူတစ်ယောက်တည်း ရောက်ဖူးတာ... စင်မြင့်တိုက်ပွဲမှာ (၁၀) ပွဲဆက် အနိုင်ရသူ ပေါ်လာတော့မှာလား"
ပရိသတ်များ အစာစားတာ ရပ်တန့်သွားပြီး၊ မျက်လုံးပြူးကာ တစ်ချက်မလွတ် စောင့်ကြည့်နေကြ၏။
"ဒသမမြောက် ပွဲစဉ်မှာ အစ်မ ဇီလင်း တကယ့် စိန်ခေါ်မှုနဲ့ ကြုံရတော့မယ်"
ကျားယွိလန် တီးတိုး ပြောလိုက်၏။
"အစ်မ ဇီလင်း မနိုင်ရင် ညီမတို့ တက်မယ်.."
အိုးယန်ယွီ စမ်းသပ်ချင်နေပြီ ဖြစ်၏။ ချင်းဖုန်းဓား ရရှိထားသဖြင့် သူမ၏ ကျင့်ကြံမှု အဆင့်သည် ချီစုစည်းခြင်း ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ နီးကပ်နေပြီ ဖြစ်လေသည်။ မိုယင်၏ လမ်းညွှန်မှုအောက်တွင် "စီးဆင်းသော အလင်းဓားချီ"အား ပြီးပြည့်စုံအောင် တတ်မြောက်ထားပြီး၊ အထောက်အကူပြု ကျင့်စဉ် "ဒုတိယ ချီပင်လယ်" ကိုလည်း လေ့ကျင့်ထားသဖြင့်၊ သူမ၏ စုစုပေါင်း အင်အားသည် ချီစုစည်းခြင်း သတ္တမ သို့မဟုတ် အဋ္ဌမ အဆင့်လောက် ရှိနေပြီ ဖြစ်၏။
ယွမ်ရှောင် ရှေးဟောင်းမြို့တော် တစ်ခုလုံးတွင် သူမသည် ထိပ်တန်းအဆင့် ဟု သတ်မှတ်နိုင်၏။
ကျားယွိလန် ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ပေ။
စင်မြင့်ဘေးတွင်၊
ပွဲကို ကြီးကြပ်နေသော မျက်ခုံးဖြူ အဘိုးအိုသည် ဘေးနားရှိ လူငယ်လေးကို လေးစားစွာ ကြည့်ပြီး မေးလိုက်၏။
"သခင်လေး... အခု တက်တော့မှာလား"
"ဒါပေါ့.."
အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်လေးသည် ငှက်မွေးယပ်တောင်ကို ခတ်လိုက်ပြီး၊ ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်၏။
လက်ရှိ ပြိုင်ပွဲ၏ စီစဉ်သူ အနေဖြင့်၊ သူ့လက်အောက်တွင် ချီစုစည်းခြင်း သတ္တမအဆင့် ရှိသော ဝါရင့် ကျင့်ကြံသူ (၅) ဦး ရှိပြီး၊ တစ်ယောက်ယောက်ကို လွှတ်လိုက်ရုံဖြင့် တခြားသူများ၏ အနိုင်ရရှိမှုကို ရပ်တန့်နိုင်လေသည်။
သို့သော် ယခုအချိန်ထိ ကျိဇီလင်းသည် သတ္တမအဆင့် တစ်ယောက်နှင့်မျှ မတွေ့ဆုံရသေးပေ။
ဒါတွေအားလုံးကို အနီရောင် ဝတ်စုံနှင့် လူငယ်လေးက စီစဉ်ထားခြင်း ဖြစ်၏
"နောက်ဆုံး တိုက်ပွဲမှာ... ငါက ဒီအလှလေးကို အနိုင်ယူပြီးမှ တမင်သက်သက် အရှုံးပေးလိုက်မယ်... ဒါဆိုရင် သူ့ရဲ့ မျက်နှာသာပေးမှုကို ရပြီး အိမ်ခေါ်သွားလို့ ရပြီ မဟုတ်လား"
ပြောပြီးသည်နှင့် အနီရောင် ဝတ်စုံနှင့် လူငယ်လေးသည် စင်မြင့်ပေါ်သို့ တက်ရောက်သွား၏။
ချီစုစည်းခြင်း သတ္တမအဆင့် အထွတ်အထိပ် အရှိန်အဝါသည် ကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
"ဒါ မြို့စားမင်း ကျွမ်းကောရီ ရဲ့ သား ကျွမ်းချန်ပဲ.."
"သူက ယွမ်ရှောင် ရှေးဟောင်းမြို့တော်ရဲ့ အနာဂတ် မြို့စားမင်း၊ လက်ရှိ မြို့စားမင်းလေးလေ... ဘာလို့ ရောက်လာတာလဲ"
"အာ..ဒါမှ ကြည့်ကောင်းမှာဟ.."
ပရိသတ်များ စိတ်ဝင်စားသွားကြ၏။
ကျွမ်းချန်သည် စင်မြင့်တိုက်ပွဲ၏ အစစ်အမှန် စီစဉ်သူ ဖြစ်ကြောင်း သူတို့ မသိကြပေ။
"ရှင်က ကျွန်မရဲ့ နောက်ဆုံး ပြိုင်ဘက်လား"
ကျိဇီလင်း ကျွမ်းချန်ကို အကဲခတ်လိုက်ရာ၊ အရှိန်အဝါ ပြင်းထန်ကြောင်း တွေ့ရှိလိုက်ရ၏။ သူက ယပ်တောင်ခတ်ပြီး အေးဆေးနေပုံ ပေါက်နေသော်လည်း၊ စွမ်းအားများကို စုစည်းထားပြီး ဖြစ်ကာ၊ သူမ၏ ဒုတိယအဆင့် အစပိုင်း နတ်ဘုရားအာရုံစွမ်းအားဖြင့် ဖိနှိပ်၍ မရနိုင်ကြောင်း သိလိုက်ရလေသည်။
"တာအို မိတ်ဆွေ... မင်း (၉) ပွဲဆက်တိုက် တိုက်ခိုက်ထားတော့ အားတွေ ကုန်နေလောက်ပြီ... ငါက သူများအပေါ် အခွင့်ကောင်း မယူတတ်ပါဘူး... နာရီဝက်လောက် အနားယူခွင့် ပြုပါတယ်"
ကျွမ်းချန်သည် နေရာရွှေ့လိုက်ပြီး နေကို ကျောပေးကာ ဟန်ပါပါ ရပ်လိုက်ရင်း၊ မြင့်မြတ်သော လူဂုဏ်ထံ တစ်ယောက်၏ ပုံစံမျိုး ဖမ်းလိုက်၏။
"ကျွမ်းချန်က တကယ် ခန့်ညားတာပဲ... သူ့ကလေးကို မွေးချင်လိုက်တာ.."
တချို့ မိန်းကလေးများ ထိန်းမနိုင်သိမ်းမရ အော်ဟစ်လိုက်ကြ၏။
"ရိုင်းလိုက်တာ.."
တစ်ယောက်က မထီမဲ့မြင် ပြောလိုက်သည်။
စင်မြင့်ပေါ်တွင်၊
ကျိဇီလင်းသည် ဝိညာဉ်စွမ်းအင်များ တကယ် ကုန်ခမ်းနေပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။ သို့သော် ထိပ်တန်းအဆင့် ကျင့်ကြံခြင်းအရိုး ပိုင်ရှင် ဖြစ်သဖြင့် ပြန်လည် ပြည့်ဖြိုးမှုနှုန်း မြန်ဆန်လေသည်။ နာရီဝက် ဆိုသည်မှာ သူမအတွက် အများကြီး လုပ်၍ ရသော အချိန်ပင်။
"ကျေးဇူးတင်ပါတယ်... ကျွန်မ နာရီဝက်လောက် အနားယူပြီး... *ကျင့်ကြံမှုအဆင့်ကိုပါ ချိုးဖြတ်လိုက်ပါဦးမယ်"
နောက်ပိုင်း စာကြောင်းကိုတော့ စိတ်ထဲကပဲ ပြောလိုက်၏။
ကျိဇီလင်းသည် ကျားယွိလန် နှင့် အိုးယန်ယွီ ရှိရာ သစ်ပင်အောက်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး၊ အဆင့်နိမ့် ချီကျင့်ကြံဆေးလုံး တစ်လုံးကို စားလိုက်၏။ ဝိညာဉ်စွမ်းအင်များ ပြန်လည် ပြည့်ဖြိုးလာသည်နှင့် အမျှ၊ သူမသည် ချီစုစည်းခြင်း ပဉ္စမအဆင့် သို့ အလွယ်တကူ တက်လှမ်းသွားနိုင်လေသည်။
ထို့နောက် ကျိဇီလင်းသည် "ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်" ကို ကြိုးစားပမ်းစား ကျင့်ကြံလိုက်ပြီး၊ ဒုတိယအဆင့် အလယ်ပိုင်း သို့ တက်လှမ်းရန် ကြိုးပမ်းလိုက်၏။
"ထိပ်တန်းအဆင့် ကျင့်ကြံခြင်းအရိုး ဆိုတာ တကယ် မိုက်တာပဲ... ဇီလင်း တိုးတက်တာ အရမ်း မြန်တယ်... နတ်ဘုရားအာရုံစွမ်းအားသာ ဒုတိယအဆင့် အလယ်ပိုင်း ရောက်သွားရင် နိုင်ဖို့ အခွင့်အရေး ရှိတယ်"
ကျားယွိလန်လည်း ပြုံးလိုက်၏။
ကျွမ်းချန်သည် သူ့နေရာသို့ ပြန်သွားပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။
*
မြို့ပြင်တွင်၊
ယဲ့ဖုန်း လက်နက် သွန်းလုပ်နေဆဲပင်။
ချင်းဟွန်းကျန်းရန် နှင့် ဝက်ပေါက်စလေး တို့သည် ယွမ်ရှောင် ရှေးဟောင်းမြို့တော်၏ အနောက်မြောက်ထောင့်သို့ ပျံသန်းသွားကြပြီး၊ မိုင်ရာချီ အကွာအဝေးရှိ ထူထပ်သော ဖုန်မှုန့်တိမ်တိုက်များကို မြင်လိုက်ရသောအခါ ပြုံးလိုက်ကြ၏။
"ဟုတ်တယ်... သူတို့ပဲ.."
မျက်တောင် တစ်ခတ်အတွင်း တစ်နာရီ ကုန်ဆုံးသွားပြီ ဖြစ်၏။
စင်မြင့်ပေါ်တွင်၊
ကျိဇီလင်း နှင့် ကျွမ်းချန် တို့သည် (၂၀) မီတာခန့် အကွာအဝေးမှ မျက်နှာချင်းဆိုင် ရပ်နေကြ၏။
"တာအို မိတ်ဆွေ... ကျွန်တော့်နာမည် ကျွမ်းချန် ပါ... ဒီည 'နတ်ဘုရားလက်နက် မျှော်စင်' မှာ မိတ်ဆွေနဲ့အတူ ဝိုင်သောက်ခွင့် ရနိုင်မလားခင်ဗျာ... မိတ်ဆွေရဲ့ ညီမ နှစ်ယောက်လည်း ပါတာပေါ့"
ကျွမ်းချန်သည် ကျားယွိလန် နှင့် အိုးယန်ယွီ တို့ကို လှမ်းမြင်လိုက်ပြီး၊ နှစ်ယောက်စလုံး လှပနေသည်ကို တွေ့ရသဖြင့်၊ ချက်ချင်းပင် ရင်းနှီးချင်သွားမိသည်။
"မရဘူး... အချိန်မရှိဘူး"
ကျိဇီလင်း ပြတ်သားစွာ ငြင်းပယ်လိုက်၏။
သူမသည် အပြင်လောက အတွေ့အကြုံ နည်းသည် ဆိုသော်လည်း၊ လူကဲခတ်တာတော့ တော်လေသည်။ ဘယ်သူက ရိုးသားလဲ၊ ဘယ်သူက ရည်ရွယ်ချက် မကောင်းဘူးလဲ ဆိုတာ ကောင်းကောင်း သိပြီး၊ အန္တရာယ် အာရုံခံနိုင်စွမ်း မြင့်မားလေသည်။
ကျွမ်းချန်သည် အပြင်ပန်း ပြုံးနေသော်လည်း၊ ငြင်းပယ်ခံရသဖြင့် စိတ်ထဲတွင် မကျေမနပ် ဖြစ်သွား၏။
"ခုနစ်လွှာ ပန်းပွင့်ပျံ.."
ကျွမ်းချန် ယပ်တောင်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ၊ ဝိညာဉ်စွမ်းအင် ပန်းပွင့်တစ်ပွင့် လေထဲတွင် ပွင့်လန်းလာလေ၏။ သစ်ရွက်ပုံသဏ္ဍာန် ဓား (၇) လက် အဖြစ် ပြောင်းလဲကာ ကျိဇီလင်း၏ ဆုတ်ခွာလမ်းကြောင်းကို ပိတ်ဆို့လိုက်၏။
သို့သော် ကျိဇီလင်း စိတ်ကူးလိုက်သည်နှင့်၊ သူမ၏ နတ်ဘုရားအာရုံစွမ်းအားက ဓားပျံများ၏ အရှိန်ကို လျော့ကျသွားစေပြီး၊ "လေဝိညာဉ် ခြေလှမ်းသိုင်း" ကို အသုံးပြုကာ အလွယ်တကူ ရှောင်တိမ်းလိုက်၏။
သိုင်းနည်းစနစ် အသုံးပြုလိုက်သဖြင့်၊ ကျိဇီလင်း၏ ချီစုစည်းခြင်း ပဉ္စမအဆင့် အရှိန်အဝါ ပေါ်ထွက်လာလေသည်။
"သူ တကယ်ပဲ အဆင့်တက်သွားတာလား"
ကျွမ်းချန်သာမက ပရိသတ်များပါ အံ့ဩသွားကြ၏။
"ဒါပေမဲ့ ချီစုစည်းခြင်း ပဉ္စမအဆင့်လောက်နဲ့ ငါ့ကို မနိုင်ပါဘူး"
ကျွမ်းချန် ယပ်တောင်ကို ပြန်ရုပ်သိမ်းလိုက်ပြီး၊ လက်နှစ်ဖက်ဖြင့် လက်ဟန်များ ရေး ဖော်ကာ၊ ကြီးမားသော ဝိညာဉ်ကွန်ရက်ကြီး တစ်ခု ဖန်တီးပြီး ကျိဇီလင်းထံ ပစ်လွှတ်လိုက်၏။
"ဝိညာဉ်စက်ဝန်း ဓားပျံ.."
ကျိဇီလင်း လက်တစ်ဖက်ဖြင့် လက်ဟန် ဖော်လိုက်ရာ၊ တောက်ပသော စက်ဝန်းတစ်ခု သူမရှေ့တွင် ဖွဲ့တည်လာ၏။ဓားပျံအများအပြား ပစ်လွှတ်လိုက်သော်လည်း၊ ၎င်းဝိညာဉ်ကွန်ရက်ကြီးက တားဆီးလိုက်လေသည်။
"အလကားပဲ... မင်းက ပဉ္စမအဆင့်ပဲ ရှိတာ... မင်းရဲ့ သိုင်းနည်းစနစ်က ပြီးပြည့်စုံတဲ့ အဆင့် ရောက်နေရင်တောင်၊ အောင်မြင်မှုအကြီးစား အဆင့် ရောက်နေတဲ့ ငါ့ရဲ့ ဝိညာဉ်ကွန်ရက်ကို မဖောက်နိုင်ဘူး"
ကျွမ်းချန် နိုင်ပြီဟု တွက်ထားလိုက်၏။
"မသေချာပါဘူး.."
ကျိဇီလင်း အရှုံးမပေး။ လက်နှစ်ဖက်ဖြင့် လက်ဟန်များ ဆက်တိုက် ဖော်လိုက်ရာ၊ ပန်းရောင် ပန်းပွင့်များစွာ သူမရှေ့တွင် ပေါ်လာ၏။ ပန်းပွင့် တစ်ပွင့်စီတိုင်းသည် ဓားသွားကဲ့သို့ ထက်ရှပြီး၊ ဝိညာဉ်ကွန်ရက်ကြီးကို ဆက်တိုက် ဖြတ်တောက်နေလေသည်။
တပြိုင်နက်တည်းမှာပင် သူမ၏ နတ်ဘုရားအာရုံစွမ်းအားသည် ဝိညာဉ်ကွန်ရက်ကြီးကို ရစ်ပတ်ပြီး၊ သည်းကြီးမည်းကြီး ဆုတ်ဖြဲလိုက်၏။
“ရွှပ်..”
နောက်ဆုံးတွင် ဝိညာဉ်ကွန်ရက်ကြီး ကွဲကြေပျက်စီးသွားလေသည်။
ကျိဇီလင်းသည် ပန်းပွင့်များကို နင်းလျက် ကျွမ်းချန် အနီးသို့ ရုတ်တရက် ရောက်ရှိသွားပြီး၊ အသက်စွမ်းအင် ကျည်ဆန် တစ်ခု ပစ်လွှတ်လိုက်၏။
"ကျောက်နံရံ.."
ကျွမ်းချန် ခြေဆောင့်လိုက်ရာ၊ ကျောက်နံရံ တစ်ခု မြေကြီးထဲမှ ထွက်ပေါ်လာပြီး ကျည်ဆန်ကို ကာကွယ်လိုက်၏။ သို့သော် ထိုအချိန်တွင် သူ၏ လှုပ်ရှားမှုများ နှေးကွေးသွားပြီး၊ မမြင်ရသော စွမ်းအားတစ်ခုက ချုပ်နှောင်ထားသကဲ့သို့ ခံစားလိုက်ရလေသည်။
"ကွဲစမ်း.."
သူသည် ကျင့်ကြံမှု စွမ်းအားကို အကုန် ထုတ်သုံးလိုက်ပြီး၊ အရှိန်အဝါကို လှုပ်ခါကာ နတ်ဘုရားအာရုံစွမ်းအားကို ဖြိုခွင်းလိုက်၏။
သို့သော် ကျိဇီလင်းသည် "လေဝိညာဉ် ခြေလှမ်းသိုင်း" ကို သုံးပြီး သူ၏ အနောက်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
“ဘုန်း..”
အသက်စွမ်းအင် ကျည်ဆန် (၃) ခု ဆက်တိုက် ကျွမ်းချန်၏ ကျောကုန်းကို ထိမှန်သွားပြီး၊ သွေးများ အန်ကာ စင်မြင့်အောက်သို့ လွင့်စင်သွားလေတော့သည်။
“ကျိဇီလင်း အနိုင်ရရှိ..”
ပွဲကြည့်ပရိသတ်များ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြလေတော့သတည်း။