← Chapters

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

အခန်း (၁၉၃) - နတ်ဆိုးသားရဲများ၏ ညတိုက်ပွဲ၊ ချင်းဟွန်းကျန်းရန် လှုပ်ရှားပြီ

~"အစ်မ ဇီလင်း က တယ်တော်တာပဲ.."

အိုးယန်ယွီ လက်ခုပ်တီးလိုက်ပြီး ကျားယွိလန် ကို ကြည့်ကာ မေးလိုက်၏။

"အစ်မ... ဇီလင်း က 'ပန်းပွင့်ကြွေ မိုးစက်များ' ကို ဘယ်တုန်းက အောင်မြင်မှုအကြီးစား အဆင့်ထိ ရောက်အောင် လေ့ကျင့်လိုက်တာလဲ"

"လာတဲ့လမ်းမှာ နေမှာပေါ့"

ကျားယွိလန် တိုးတိုးလေး ဖြေလိုက်၏။

ပထမအဆင့် သိုင်းနည်းစနစ် (၃) ခုက ကျိဇီလင်း အတွက် အရမ်း လွယ်ကူလွန်းလှပေသည်။

(၃) ရက်အတွင်းမှာ သူမက ထိုသိုင်းနည်းစနစ် (၃) ခုအပြင်၊ 'ပန်းပွင့်ကြွေ မိုးစက်များ'၊ 'မြေလျှိုးခြင်း' နှင့် တခြား သိုင်းနည်းစနစ်တွေကိုပါ လေ့ကျင့်ခဲ့ပေမယ့်၊ အချိန်မလောက်၍ အစပြုအဆင့်၊ အောင်မြင်မှုအသေးစား အဆင့်လောက်သာ ရောက်ခဲ့တာ ဖြစ်လေသည်။

ယွမ်ရှောင် ရှေးဟောင်းမြို့တော်ကို လာသည့် လမ်းမှာ၊ အိုးယန်ယွီ က ဓားစီးပျံသန်းဖို့သာ အာရုံစိုက်နေရ၍ ကျိဇီလင်း က ဒုတိယအဆင့် သိုင်းနည်းစနစ် ပန်းပွင့်ကြွေ မိုးစက်များအား ဆက်တိုက် လေ့ကျင့်နေသည်ကို သတိမထားမိခဲ့ပေ။

ကျားယွိလန်ကမူ သတိထားမိလိုက်၏။

ထိုစဉ်က ကျိဇီလင်း က အောင်မြင်မှုအသေးစား အဆင့်သာ.. ရှိသေးသည်။

ထို့ကြောင့် ကျိဇီလင်း စင်ပေါ်တက်သွားတုန်းက၊ ကျားယွိလန် က သူမအနေနှင့်၊ ဒီ ဒုတိယအဆင့် သိုင်းနည်းစနစ်ကို အောင်မြင်မှုအကြီးစား အဆင့်ထိ ဒီလောက် မြန်မြန် တိုးတက်အောင် လုပ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့မိပေ။

"ငါ နိုင်ပြီ... စည်းကမ်းအတိုင်း ဆုလာဘ် ပေးပါ"

ကျိဇီလင်းသည် စင်မြင့်အလယ်တွင် ရပ်လျက်၊ အောက်ဘက်ရှိ ကျွမ်းချန်ထံသို့ လက်ဖြန့်တောင်းလိုက်၏။

ကျွမ်းချန် ..အံကို ကြိတ်လိုက်ပြီး အသံနက်ကြီးဖြင့် ပြောလိုက်လေသည်။

"မင်း နိုင်ပါတယ်... ဒါပေမဲ့ ငါ သိချင်တာက... ငါ့ခန္ဓာကိုယ်ကို ရုတ်တရက် ဘာလို့ ဖိနှိပ်ခံလိုက်ရတာလဲ... ငါတောင် အကုန်ရုန်းကန်မှ လွတ်နိုင်ခဲ့တာ"

"သိုင်းနည်းစနစ် တစ်မျိုးလို့ပဲ မှတ်ထားလိုက်ပါ"

ကျိဇီလင်းသည် ဂိုဏ်းချုပ်၏ အမိန့်အတိုင်း 'ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်' အကြောင်း ထုတ်မပြောရဲပေ။ ဟန်အာနှင့် ဟန်ရီတို့ သတိထားမိသွားမှာ စိုးရိမ်၍ ဖြစ်ပါသည်။

ထို့ကြောင့် ဒီလောက်ပဲ ပြောနိုင်လေသည်။

"သိုင်းနည်းစနစ် ဟုတ်လား"

ကျွမ်းချန် မျက်မှောင်ကြုတ်လိုက်၏။

"ကောင်းပြီလေ... မင်း တော်ပါတယ်"

ထိုအချိန်တွင် စင်မြင့်ဘေးမှ မျက်ခုံးဖြူ အဘိုးအိုသည် ကျွမ်းချန်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်၏။

"စင်မြင့်ပေါ်က တာအိုမိတ်ဆွေ... (၁၀) ပွဲဆက် အနိုင်ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်... ဆုလာဘ်အားလုံးကို ရယူနိုင်ပါပြီ"

"နောက်ဆုံးတော့ ရပြီဟေ့.."

အဘိုးအို၏ စကားကို ကြားလိုက်ရသောအခါ ကျိဇီလင်း စိတ်သက်သာရာ ရသွား၏။ ကျားယွိလန်၊ အိုးယန်ယွီ တို့နှင့်အတူ ဝိညာဉ်ကျောက်တုံး (၁၀) တုံး၊ ဝိညာဉ်သဲ ပေါင် (၁၀၀) နှင့် ဝိညာဉ်မြေဆီလွှာ ပေါင် (၁၀၀) တို့ကို လက်ခံရယူလိုက်ပြီး၊ လူအများ၏ အကြည့်များအောက်မှ ထွက်ခွာလာခဲ့၏။

"မင်းတို့ (၃) ယောက်ရဲ့ ပုံစံက ထူးခြားတယ်... ဒေသခံ မဟုတ်ကြဘူးမလား"

ကျွမ်းချန် မတ်မတ်ရပ်လိုက်ပြီး လှမ်းမေးလိုက်၏။

တခြားလူများလည်း ကျိဇီလင်းတို့ဘက်သို့ လှည့်ကြည့်လိုက်ကြပြီး၊ ဘယ်ကလာသလဲ ဆိုတာ သိချင်နေကြလေသည်။

"ရေပေါ်ဖြူမြို့တော်... မြူခိုးဂိုဏ်း.."

ကျိဇီလင်း ကျယ်လောင်စွာ ကြေညာလိုက်၏။

သူမ၏ အသံဆုံးသည်နှင့် တပြိုင်နက် လူအုပ်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။

"မြူခိုးဂိုဏ်းက တပည့်တွေ ကိုး...ဒါကြောင့်မို့လို့ ဒီလောက် စွမ်းနေတာ"

"မြူခိုးဂိုဏ်း တပည့်ကို ရှုံးတာ ရှက်စရာ မဟုတ်ပါဘူး"

သူမတို့ (၃) ယောက် မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော်လိုက်သောအခါ၊ လူတိုင်း အံ့ဩသွားကြ၏။

ကျွမ်းချန် မျက်လုံးများ ပြူးကျယ်သွားပြီး၊ ကျိဇီလင်းတို့၏ ကျောပြင်ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။

"နာမည်ကြီး မြူခိုးဂိုဏ်းက တပည့်မို့လို့ အဆင့်ကျော်ပြီး ငါ့ကို နိုင်တာ... ကံကောင်းလို့ ခုနက ငါ မလျော်မကန် မလုပ်မိတာ... မဟုတ်ရင် ငါ့အဖေတောင် ကယ်နိုင်မှာ မဟုတ်ဘူး"

ယခုလို တွေးမိတော့ ကျွမ်းချန်၏ အသက်ရှူသံများ မြန်ဆန်လာပြီး၊ တိတ်တဆိတ် ရင်ထဲက အလုံးကြီး ကျသွားလေတော့သည်။

မြို့ပြင်တွင်၊

ယဲ့ဖုန်းသည် သူ၏ ဂုဏ်သတင်းတန်ဖိုး (၃၀၀) ကျော် တိုးလာသည်ကို တွေ့လိုက်ရ၏။

"ဇီလင်း မထွက်ခင် ကိုယ့်ဂိုဏ်းနာမည် ပြောဖို့ မေ့သွားမယ် ထင်နေတာ... တော်သေးတယ် သတိရလို့"

ယဲ့ဖုန်း ကောင်းကင်မေးမြန်း ကြေးမုံကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ထို့နောက် စနစ် မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်လေသည်။

[ စာရင်းသွင်းတပည့် ကျိဇီလင်း: တာဝန်ပြီးမြောက်မှု ၆၅%၊ ပထမအဆင့် သိုင်းနည်းစနစ် (၃) ခု ပြီးပြည့်စုံအောင် လေ့ကျင့်ပြီး၊ ဂုဏ်သတင်းတန်ဖိုး ၂၃၀/၅၀၀ ]

ဒီတစ်ခါ ဂုဏ်သတင်းတန်ဖိုး (၃၀၀) ကျော် တိုးလာပေမယ့်၊ ကျိဇီလင်း ရှာပေးတာက သုံးပုံနှစ်ပုံလောက်ပဲ ရှိလေသည်။ စစ်ဆေးရေး တာဝန် ပြီးမြောက်ဖို့ နောက်ထပ် ဂုဏ်သတင်းတန်ဖိုး (၂၀၀) ကျော် လိုသေး၏။

ယွမ်ရှောင် ရှေးဟောင်းမြို့တော်။

ကျိဇီလင်းသည် ကိုယ့်ပါးကိုယ် ပြန်ရိုက်နေပြီး၊ မျက်နှာတွင် ရှက်ရွံ့သော အမူအရာဖြင့် ရေရွတ်လိုက်၏။

"ကံကောင်းလို့ ကျွမ်းချန်က ဘယ်ဂိုဏ်းကလဲ မေးလိုက်လို့... မဟုတ်ရင် ဂိုဏ်းဂုဏ်သတင်း မြှင့်တင်ရမယ့် တာဝန်ကို မေ့တော့မလို့"

ကျားယွိလန် ရယ်မောလိုက်ပြီး ပြောလေသည်။

"ဟုတ်တယ်... အစ်မလည်း မေ့လုနီးပါးပဲ... ဒီတိုင်း ထွက်လာလိုက်ရင် ဘယ်သူမှ ငါတို့ မြူခိုးဂိုဏ်းက ဆိုတာ သိလိုက်မှာ မဟုတ်ဘူး"

"နောက်တစ်ခါ မမေ့စေရပါဘူး"

ကျိဇီလင်း လျှာထုတ်ပြလိုက်၏။

သူမတို့ (၃) ယောက် ဧည့်ဂေဟာ တစ်ခုသို့ ဝင်ရောက်ကာ အစာစားပြီးနောက်၊ ဈေးဝယ်ထွက်ကြပြီး ဝိညာဉ်သဲ နှင့် ဝိညာဉ်မြေဆီလွှာများ ထပ်မံ ဝယ်ယူကြ၏။

အချိန်များ ကုန်ဆုံးသွားပြီး ညရောက်လာပြီ ဖြစ်၏။

ယွမ်ရှောင် ရှေးဟောင်းမြို့တော်၏ အနောက်မြောက်ဘက် မိုင်ရာချီ အကွာအဝေးတွင်၊ မြို့ပြင်၌ ရှိနေခဲ့သော ဖုန်မှုန့်တိမ်တိုက်ကြီးသည် ယခုအခါ မိုင် (၃၀) အကွာသို့ ရောက်ရှိလာပြီ ဖြစ်၏။

အကယ်၍ တစ်ယောက်ယောက်သာ ရှိနေခဲ့လျှင်၊ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော သားရဲအုပ်ကြီး ဖြစ်ကြောင်း တွေ့ရှိရပေလိမ့်မည်။

ရှေ့ဆုံးမှ ဦးဆောင်လာသည်မှာ အဆင့်မြင့် နတ်ဆိုးစစ်သည်တော် အထွတ်အထိပ် ခွန်အား "အစွယ်ရှည် တောဝက်ရိုင်း" (၃) ကောင် ဖြစ်လေသည်။

သူတို့၏ နောက်တွင် အနည်းဆုံး အဆင့်နိမ့် နတ်ဆိုးစစ်သည်တော် အဆင့်ရှိသော သားရဲကောင် ရာပေါင်းများစွာသည် လေးလံသော အရှိန်အဟုန်ဖြင့် ယွမ်ရှောင် ရှေးဟောင်းမြို့တော်ဆီသို့ လှိမ့်ဝင်လာနေကြ၏။

ထိုအုပ်စု၏ အနောက်ဆုံးတွင် ပိုမို ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီး တစ်ခု ရှိနေသေးလေသည်။

ယွမ်ရှောင် ရှေးဟောင်းမြို့တော် အတွင်းတွင်တော့ မည်သူမျှ အန္တရာယ် ကျရောက်လာသည်ကို မသိကြသေးပေ။

—

မြို့ပြင်တွင်၊

ယဲ့ဖုန်းသည် ဝိညာဉ်လက်နက်များ သွန်းလုပ်နေဆဲပင်။

သံရည်ကျို မီးဖို ကိုယ်တိုင်က အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်သာ ဖြစ်သဖြင့်၊ အလယ်အလတ်အဆင့် ဝိညာဉ်ဓား တစ်လက် ဖန်တီးရာတွင် အချိန်အတော် ကြာပါ၏။

“ချွင်..”

ရုတ်တရက် မီးဖိုအဖုံး ပွင့်သွားပြီး၊ ရောင်စုံ အလင်းတန်းများ ထွက်ပေါ်လာကာ ယဲ့ဖုန်း၏ အာရုံကို ဖမ်းစားလိုက်၏။

ပုစဉ်းရင်ကွဲ အတောင်ပံကဲ့သို့ ပါးလွှာပြီး (၃) ပေခန့် ရှည်သော ဓားရှည်တစ်လက် လေထဲတွင် ပျံဝဲနေလေသည်။ မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးသော ပုံစံများ ရေးထွင်းထားပြီး၊ တောက်ပသော အရောင်များ ထုတ်လွှတ်နေ၏

ဓားသွားကို မထိဘဲနှင့်ပင် ဓားချီ၏ ထက်ရှမှုကို ခံစားနေရလေသည်။

"ကောင်းတယ်.. တကယ်ပဲ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ဖြစ်လာပြီ... အရည်အသွေးလည်း တော်တော် ကောင်းတယ်... မိုယင် သေချာပေါက် ကြိုက်မှာပဲ"

ယဲ့ဖုန်း တွေးလိုက်မိသည်။

“ဒီဓားနာမည်ကိုတော့ သူမကိုပဲ ပေးခိုင်းလိုက်တော့မယ်..”

ထိုသို့ ရေရွတ်လိုက်ပြီးနောက်၊ ယဲ့ဖုန်း ဓားကို သိမ်းလိုက်၏။

မီးဖို အဆင့်မြှင့်တင်ရန် လိုအပ်သော စွမ်းအင်သည် ယခု (၁၃%) သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

"အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခု ဖန်တီးရင် စွမ်းအင် (၁၀%) ရတာလား"

ယဲ့ဖုန်း ရေရွတ်လိုက်ပြီး ကောင်းကင်ကို တစ်ချက် ကြည့်ကာ၊ တပည့်များအတွက် တံဆိပ်ပြားများ လုပ်ပေးရန် ကုန်ကြမ်းအသစ်များ ထုတ်ယူလိုက်၏။

"မီးဖိုရေ... ငါ တပည့် တံဆိပ်ပြား မျိုး လုပ်ချင်တယ်... အားလုံး အဆင့်နိမ့် ဝိညာဉ်လက်နက် ဖြစ်ရမယ်... ကာကွယ်ရေး စွမ်းရည် ပါရမယ်... စာပို့လို့ ရရင် ပိုကောင်းမယ်..."

ယဲ့ဖုန်းသည် မီးဖိုနှင့် စိတ်ချင်း ဆက်သွယ်လိုက်ရာ၊ မကြာမီ တုံ့ပြန်မှု ရရှိ၏ လိုအပ်သော ကုန်ကြမ်းများကို ပစ်ထည့်လိုက်ပြီး အဖုံးကို တင်းကျပ်စွာ ပိတ်လိုက်လေသည်။

“ဂလွမ်...ဂလွမ်”

မီးဖို အလုပ်ပြန်စပြီ ဖြစ်၏။

*

ယွမ်ရှောင် ရှေးဟောင်းမြို့တော်၏ အနောက်ဘက် မြို့တံခါး။

ချီစုစည်းခြင်း ပဉ္စမအဆင့် ကျင့်ကြံသူ တစ်ဦးသည် မြို့ရိုးပေါ်တွင် ရပ်လျက် အဝေးသို့ လှမ်းကြည့်နေစဉ်၊ သစ်တောအုပ်ထဲမှ ဖုန်မှုန့်များ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ ပါလာသည်ကို သတိထားမိလိုက်၏။

"ဒုက္ခပဲ... နတ်ဆိုးသားရဲတွေ မြို့ကို တိုက်ခိုက်နေပြီ.."

သူ၏ အသံသည် ကျယ်လောင်ပြီး ယွမ်ရှောင် ရှေးဟောင်းမြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။

မြို့စားမင်းအိမ်တော်ဝယ်၊

လူလတ်ပိုင်း တစ်ဦး ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။

သူက အနောက်ဘက် မြို့တံခါးဆီသို့ သုတ်သီးသုတ်ပျာ.. ပျံသန်းသွားတော့၏။

ထိုသူသည် ကျွမ်းချန် နှင့် ရုပ်ချင်း အနည်းငယ် ဆင်တူ၏။ ယွမ်ရှောင် ရှေးဟောင်းမြို့တော်၏ မြို့စားမင်း ကျွမ်းကောရီ ပင် ဖြစ်လေသည်။

“ဘုန်း..”

သို့သော် ကျွမ်းကောရီ မြို့တံခါးသို့ မရောက်မီမှာပင်၊ သံမဏိဖြင့် ပြုလုပ်ထားသော တံခါးကြီး ပွင့်ထွက်သွားပြီး၊ နတ်ဆိုးသားရဲ ဒါဇင်ပေါင်းများစွာ လမ်းမများပေါ်သို့ ဝင်ရောက်လာကာ ဖျက်ဆီးနေကြသည်ကို တွေ့လိုက်ရ၏။

ဦးဆောင်လာသူများမှာ အဆင့်မြင့် နတ်ဆိုးစစ်သည်တော် အထွတ်အထိပ် ရှိသော အစွယ်ရှည် တောဝက်ရိုင်း (၃) ကောင် ဖြစ်ပြီး၊ အရှိန်အဝါက အလွန် ကြောက်စရာ ကောင်းလှပေသည်။

ဒီလို သားရဲတွေက တိုက်ခိုက်ရေး စွမ်းရည် သာမန်ပဲ ရှိပေမယ့်၊ ဝင်တိုက်တာ တစ်ခုပဲ တတ်သည် ဆိုပေမယ့်၊ အရေပြား ထူလွန်း၍ တော်တော် ယှဉ်ရခက်လေသည်။ အဆင့်တူ ကျင့်ကြံသူ အများစုက သူတို့ကို ရှောင်ကြ၏။

"မြို့တော် ကာကွယ်ရေး ဝင်္ကပါကို အမြန် ဖွင့်လိုက်.."

ကျွမ်းကောရီက အော်ဟစ်လိုက်၏။

အမိန့်သံ ကြားသည်နှင့် အစောင့်ကျင့်ကြံသူများက ဒိုင်းကာကို ချက်ချင်း ဖွင့်လိုက်ကြလေသည်။

ထိုအခိုက်အတန့်တွင်၊ ဖြူဖပ်ဖြူရော် အလင်းတန်း တစ်ခု မြေကြီးထဲမှ ထွက်ပေါ်လာပြီး၊ မီတာ (၁၀၀) မြင့်သော စက်ဝိုင်းပုံ တံတိုင်းကြီး အဖြစ် ပြောင်းလဲကာ ယွမ်ရှောင် ရှေးဟောင်းမြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး၊ အပြင်ဘက်မှ နတ်ဆိုးသားရဲ ရာပေါင်းများစွာကို တားဆီးလိုက်၏။

သူတို့ ပြင်းထန်စွာ တိုက်ခိုက်ကြသော်လည်း လောလောဆယ် မဖောက်ဝင်နိုင်သေးပေ။

သို့သော် အနောက်ဘက် မြို့တံခါး ပေါက်သွားစဉ်က၊ အစွယ်ရှည် တောဝက်ရိုင်း (၃) ကောင် အပါအဝင် နတ်ဆိုးသားရဲ ဒါဇင်ပေါင်းများစွာ ဝင်ရောက်လာခဲ့ပြီး ဖြစ်သဖြင့်၊ အခြေအနေက အလွန် ဆိုးရွားနေတော့သည်။

မျက်တောင် တစ်ခတ်အတွင်း လူအများအပြား နတ်ဆိုးသားရဲများ၏ သားကောင် ဖြစ်သွားကြရလေသည်။

"ဖျတ်.."

ကျွမ်းကောရီ လက်ညှိုး တစ်ချက် တောက်လိုက်ရာ တောက်ပသော အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး၊ အလယ်အလတ်အဆင့် နတ်ဆိုးစစ်သည်တော် တစ်ကောင်၏ ခေါင်းကို ဖောက်ခွဲပစ်လိုက်၏။ လူထုအတွက် မျှော်လင့်ချက် ရောင်ခြည် တစ်ခု ပေးလိုက်သလို ဖြစ်သွားပြီး၊ အားလုံးက ညာသံပေး၍..ပြန်လည် တိုက်ခိုက်ကြလေတော့သည်။

လမ်းမများပေါ်တွင်၊

ကျားယွိလန် နှင့် အဖွဲ့တို့ အနောက်ဘက် မြို့တော်မှ စူးရှသော အော်ဟစ်သံများကို ကြားလိုက်ရပြီး အမြန် ပြေးလာကြတော့၏။ အဆင့်မြင့် နတ်ဆိုးစစ်သည်တော် အစွယ်ရှည် တောဝက်ရိုင်း တစ်ကောင် ဒေါသတကြီး ဝင်တိုက်နေသည်ကို သူမတို့..တွေ့လိုက်ရ၏။

၎င်း၏ ခွန်အားသည် ပေါင်တစ်သောင်းကျော် ရှိပြီး အစွယ်များက အလွန် ထက်ရှလေသည်။

တစ်ချက် ဝင်တိုက်လိုက်ရုံနှင့် ကျောက်နံရံကြီး ပြိုကျသွား၏။

"အား... ကယ်ကြပါဦး.."

"ကျွန်တော် တောဝက်ရိုင်း အဝှေ့ခံပြီး မသေချင်ဘူး.."

လူများ ကြောက်လန့်တကြား အော်ဟစ်နေကြ၏။

"သေစမ်း.."

ကျိဇီလင်း ပထမဆုံး ပြေးဝင်သွား၏။

သူမသည် တစ်ချိန်က ကောင်းကင်ဘုံ လိုဏ်ဂူ ကမ္ဘာထဲက ရှေးဟောင်းမြို့တော်လေးရဲ့ သူတော်စင်၊ ကာကွယ်ရေး နတ်ဘုရား တစ်ပါး ဖြစ်ခဲ့ဖူးသူ မဟုတ်ပါလော။

ငယ်ငယ်လေးကတည်းက နတ်ဆိုးသားရဲတွေနှင့် တိုက်ခိုက်လာခဲ့ပြီး၊ ၎င်းတို့၏ ဖျက်ဆီးမှုတွေ၊ ကြေကွဲစရာ အကျိုးဆက်တွေကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရဖူးသူ ဖြစ်လေသည်။

သောင်းကျန်းနေသော နတ်ဆိုးသားရဲများ အပေါ် .. သူမသည် လုံးဝ သနားငဲ့ညှာစိတ် မရှိပေ။

“ဖြောင်း..”

အသက်စွမ်းအင် ကျည်ဆန် တစ်ခု တောဝက်ရိုင်း၏ ခေါင်းကို ထိမှန်သွားပြီး၊ မီတာအနည်းငယ် နောက်ဆုတ်သွားစေသော်လည်း၊ ဒဏ်ရာ မရရှိပေ။

"အသက်လုပြီး ပြေးကြ.."

ကျားယွိလန်သည် "ဝိညာဉ်ချုပ်ကြိုး"အား အသုံးပြုပြီး အနီးနားရှိ အရပ်သားများကို ရစ်ပတ်ကာ၊ ဘေးကင်းရာသို့ လွှင့်ပစ်လိုက်၏။

"ဂါး.."

ဒေါသထွက်နေသော တောဝက်ရိုင်းသည် ကျိဇီလင်းဆီသို့ ပြေးဝင်လာ၏

"ညီမလေး... နင့်ကျင့်ကြံမှုအဆင့်က နိမ့်လွန်းတယ်... ဒီသားရဲကောင်ကို မယှဉ်နိုင်ဘူး"

ကျားယွိလန်သည် "ဝိညာဉ်ချုပ်ကြိုး" ဖြင့် ကျိဇီလင်းကို ရစ်ပတ်ပြီး အိုးယန်ယွီ ဘေးနားသို့ ဆွဲယူလိုက်၏။

"ပန်းပွင့်ကြွေ မိုးစက်များ.."

အံ့ဩနေသော လူအုပ်ကြီး ရှေ့တွင်၊ ကျားယွိလန်သည် စစ်နတ်ဘုရားမ တစ်ပါးအလား လမ်းလယ်ခေါင်တွင် ရပ်လိုက်သည်။ လက်နှစ်ဖက်ဖြင့် လက်ဟန်များ လှပစွာ..ရေးဆွဲလျက်၊ ဒုတိယအဆင့် သိုင်းနည်းစနစ် "ပန်းပွင့်ကြွေ မိုးစက်များ" ကို ပြီးပြည့်စုံသော အဆင့်ထိ ထုတ်သုံးလိုက်၏။

ထိုအခါ၊ တောက်ပနေသော ပန်းရောင် ပန်းပွင့်များစွာသည် ထက်ရှသော ဓားတစ်လက်အဖြစ် စုစည်းသွားပြီး တောဝက်ရိုင်းကို တည့်တည့်မတ်မတ် ခုတ်ပိုင်းလိုက်လေတော့သည်။

“ချွင်..”

ပန်းပွင့်များသည် တောဝက်ရိုင်း၏ မာကျောသော ခေါင်းခွံနှင့် ထိပြီး အလင်းစက်များအဖြစ် ကွဲကြေသွား၏။

သို့သော် နောက်ထပ် ပန်းပွင့်များ ဆက်တိုက် ကျရောက်လာပြီး၊ နောက်ဆုံးတွင် ဝက်ခေါင်းကြီးကို မြေကြီးပေါ်သို့ လဲကျသွားစေကာ၊ ဘေးပတ်လည်ရှိ တခြား သားရဲကောင်များကို ကြောက်လန့်ပြီး ထွက်ပြေးသွားစေလေတော့သည်။

"နတ်သမီးလေး..ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်.."

ဘေးပတ်လည်ရှိ ကျင့်ကြံသူများနှင့် သာမန်လူများ အားလုံး စစ်မှန်စွာ.. ကျေးဇူးတင်စကား ဆိုနေကြ၏။

အနောက်ဘက် မြို့တံခါးအောက်တွင်၊

မြို့စားမင်း ကျွမ်းကောရီသည် ဒုတိယမြောက် တောဝက်ရိုင်းကို သတ်ဖြတ်ပြီးနောက်၊ ကျားယွိလန် ဘက်သို့ လှည့်ကြည့်လိုက်ပြီး မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။

"ချီစုစည်းခြင်း နဝမအဆင့် ပါရမီရှင် တစ်ယောက်... ဘယ်ဂိုဏ်းကပါလိမ့်"

"အဖေ... အဲ့ဒါ မြူခိုးဂိုဏ်း တပည့်ပါ.."

စက္ကူယပ်တောင် ကိုင်ဆောင်ထားသော ကျွမ်းချန်သည် ပြင်းထန်သော တိုက်ပွဲကြောင့် ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး ပြေးလာရင်း ပြောလိုက်၏။

"မြူခိုးဂိုဏ်း တပည့် ဟုတ်လား"

ကျွမ်းကောရီ ဝမ်းသာသွား၏။

"ဂိုဏ်းချုပ်ယဲ့ လည်း ရောက်နေတာလား"

ကျွမ်းချန် ကြောင်သွားပြီး၊ ခေါင်းခါလိုက်၏။

"သားက မြူခိုးဂိုဏ်းက အမျိုးသမီး တပည့် (၃) ယောက်ကိုပဲ တွေ့တာ... ဂိုဏ်းချုပ်ယဲ့ ရောက်လာတယ်လို့ သတင်း မကြားမိပါဘူး"

ကျွမ်းကောရီ မျက်နှာပျက်သွားသည်။

"ဒုက္ခပဲ... ဒီသားရဲတွေ နောက်ကွယ်မှာ တစ်ဝက်တစ်ပျက် အသွင်ပြောင်း သားရဲ တစ်ကောင် ကြိုးကိုင်နေတယ်... အဖေ..,သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

"ဗျာ.."

ကျွမ်းချန် လန့်ဖျပ်သွား၏။

တစ်ဝက်တစ်ပျက် အသွင်ပြောင်း သားရဲ တဲ့လား။

ဘယ်လို လုပ် တိုက်မလဲ..

"မလန့်ပါနဲ့ ငါ့သား... မင်း မြို့တံခါးကို ထိန်းထားပြီး ဝင်္ကပါ အူတိုင်ကို ကာကွယ်ထား... အဖေ နောက်ဆုံး တောဝက်ရိုင်းကို သွားသတ်ပြီး ပြန်လာခဲ့မယ်... ဟိုသားရဲက မြို့ပြင်မှာပဲ ရှိသေးတယ်... ဝင်္ကပါက တောင့်ခံထားနိုင်တုန်းပဲ"

ပြောပြီးသည်နှင့် ကျွမ်းကောရီသည် တတိယမြောက် တောဝက်ရိုင်းကို တားဆီးရန် ဓားစီးပြီး ပျံသန်း ထွက်ခွာသွား၏။

*

လမ်းမတစ်ခု ပေါ်တွင်မူ၊

ကျားယွိလန်၊ အိုးယန်ယွီ နှင့် ကျိဇီလင်း တို့သည် တိုက်ခိုက်ရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီး၊ ချီစုစည်းခြင်း အဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ နောက်မှ လိုက်ပါလျက်၊ ပတ်ဝန်းကျင်ရှိ သားရဲကောင်များကို လိုက်လံ သတ်ဖြတ်နေကြ၏။

ကျားယွိလန် တောဝက်ရိုင်းကို သတ်ပြလိုက်ကတည်းက၊ ဘေးနားရှိ ကျင့်ကြံသူများသည် သူမတို့ အဖွဲ့ကို ဝင်ရောက်လာကြပြီး အမိန့်နာခံရန် ဆန္ဒရှိနေကြလေသည်။

"နတ်သမီး... အခု ဘာလုပ်ကြမလဲဗျ"

ချီစုစည်းခြင်း ဆဋ္ဌမအဆင့် ရှိသော လူသန်ကြီး တစ်ယောက်က မေးလိုက်၏။

"ကျွန်တော်.. မကောင်းတဲ့ နိမိတ် ခံစားနေရတယ်.."

လူငယ်တစ်ယောက်က တစ်ကိုယ်လုံး တုန်ရီလျက် ပြောလိုက်၏။

ကျားယွိလန်က သူတို့ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလေသည်။

"မြို့ထဲ ဝင်လာတဲ့ သားရဲတွေကို အရင် ရှင်းရမယ်... အပြင်က ကောင်တွေကိုတော့ အချိန်တန်ရင် မြို့ထဲက ကျင့်ကြံသူတွေ အကုန် စုပြီး တိုက်ထုတ်ကြတာပေါ့"

"ကောင်းပါပြီ"

အားလုံး ချက်ချင်း လှုပ်ရှားလိုက်ကြ၏။

မြို့ပြင်တွင်၊

အရိပ်မည်း တစ်ခုသည် အမှောင်ထုထဲတွင် ပုန်းခိုလျက်၊ သားရဲကောင် ရာပေါင်းများစွာကို မြို့တော် ကာကွယ်ရေး ဒိုင်းကာအား တိုက်ခိုက်ရန် စေခိုင်းနေ၏။ ဤ အသေးစား မပြည့်စုံသော ဝင်္ကပါသည် မီတာ (၁၀၀) သာ မြင့်သော အတားအဆီး နံရံတစ်ခုသာ ရှိလေ၏။ ထိုအရိပ်မည်း၏ ညွှန်ကြားမှုအောက်တွင် သားရဲကောင်များသည် တစ်ကောင်ပေါ် တစ်ကောင်ဆင့်ကာ အတားအဆီး နံရံကို ကျော်ဖြတ်ရန် ကြိုးစားနေကြ၏။

အနောက်ဘက် မြို့တံခါးပေါ်မှာတော့၊

ကျွမ်းချန်သည် သားရဲကောင်များစွာ ဝင်္ကပါကို ကျော်ဖြတ်လာသည်ကို မြင်သောအခါ၊ ကြောက်လန့်ပြီး နေရာမှာတင် ထွက်ပြေးသွားလေတော့သည်။

ထိုအချိန်တွင် မမျှော်လင့်ထားသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာ၏။

ကောင်းကင်မှ အလင်းတန်း တစ်ခု ကျဆင်းလာပြီး၊ အနောက်ဘက် မြို့တံခါး အပြင်ဘက်ရှိ အတားအဆီး နံရံကို အပေါက်ကြီး ဖြစ်သွားအောင် ဖောက်ခွဲပစ်လိုက်၏။ ဝင်္ကပါ တစ်ခုလုံး ချက်ချင်း ပြိုလဲသွားပြီး၊ သားရဲကောင်များ အားလုံး အခွင့်ကောင်းယူကာ မြို့ထဲသို့ တိုးဝင်လာကြလေတော့သည်။

မီတာ ရာပေါင်းများစွာ အကွာတွင်၊ ကျွမ်းကောရီသည် နောက်ဆုံး တောဝက်ရိုင်းကို ဇီဝိန် ခြွေလိုက်၏။

သို့သော် မပျော်ရွှင်ရသေးခင်မှာပင်၊ ဝင်္ကပါကြီး ပြိုလဲသွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရလေသည်။

"သွားပြီ.."

ကျွမ်းကောရီ၏ နှလုံးသား အောက်ဆုံးထိ ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။

သားဖြစ်သူ ကျွမ်းချန် ထွက်ပြေးနေသည်ကို ကြည့်ပြီး၊ သူ အံကြိတ်ကာ ပြောလိုက်လေသည်။

"ငါ့ထက်စာရင် သူက ပိုအရေးကြီးတယ်... ယွမ်ရှောင် ရှေးဟောင်းမြို့တော် ကျိုးပေါက်သွားပြီ ဆိုတော့... ငါ နေနေလို့လည်း အလကားပဲ.."

ပြောပြီးသည်နှင့် ကျွမ်းကောရီသည် သူ့မရီးနှင့်အတူ ထွက်ပြေးလေတော့သည်။

သို့သော် မြို့ရိုး အပြင်ဘက်သို့ ထွက်ခွာရန် ပြင်လိုက်စဉ်၊ နောက်ထပ် အနီရောင် အကာအကွယ်လွှာ တစ်ခု မြေကြီးထဲမှ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ မျက်တောင် တစ်ခတ်အတွင်းမှာပင် ၎င်းသည် (၁၀) မိုင် အချင်းရှိသော အမိုးခုံးကြီး အဖြစ် ပြောင်းလဲသွားပြီး၊ ယွမ်ရှောင် ရှေးဟောင်းမြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။

လူရော သားရဲပါ အားလုံး..အကာအကွယ်လွှာ အထဲတွင် ပိတ်မိကုန်ကြ၏။

(၁၀) မိုင် အကွာတွင်၊

ဝက်ပေါက်စလေးသည် ချင်းဟွန်းကျန်းရန်၏ ပခုံးပေါ်တွင် ရပ်လျက်၊ ကြီးမားသော အကာအကွယ်လွှာကြီးကို ကြည့်ကာ ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

"မလောပါနဲ့ ညီလေး... တစ်ဝက်တစ်ပျက် အသွင်ပြောင်း ဝက်ဝံနက် နတ်ဆိုး အပါအဝင်၊ သားရဲတွေရော ကျင့်ကြံသူတွေရော အကုန်လုံး သွေးဝိညာဉ် ဝင်္ကပါထဲမှာ ပိတ်မိနေပြီ... သွေးဝိညာဉ် တပ်မတော်က သူတို့ကို သတ်ဖြတ်လိုက်တာနဲ့၊ မင်းဆီကို သွေးဝိညာဉ် စွမ်းအင်တွေ ဆက်တိုက် စီးဝင်လာမှာ... မင်း လူပြန်ဖြစ်ဖို့ ပြဿနာ မရှိတော့ဘူး"

"ဒါ့အပြင်... အဲ့ဒီ သားရဲတွေပါ ရှိနေတော့... လူပြန်ဖြစ်ပြီးတာနဲ့ မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဓာတ်ကြီး ငါးပါး စုစည်းခြင်း အထွတ်အထိပ်ကို တန်းရောက်သွားနိုင်တယ်... နည်းနည်း ထပ်ကြိုးစားလိုက်ရင် မူလအဆင့်ထိ ပြန်ရောက်နိုင်တယ်ကွ"

ချင်းဟွန်းကျန်းရန်သည် လက်ပိုက်လျက် ရက်စက်သော မျက်လုံးများဖြင့် ထုတ်ပြောလိုက်၏။

အခြား တစ်ဖက်တွင်၊

“ချွင်..”

သံရည်ကျို မီးဖို၏ အဖုံး ပွင့်သွားပြန်၏..။

ထူးခြားသော တပည့် တံဆိပ်ပြား (၁၃) ခုကို ကြည့်ပြီး ယဲ့ဖုန်း ပြုံးလိုက်လေသည်။

"နောက်ဆုံးတော့ အကုန် ပြီးသွားပြီ... ဟေ... ဘာဖြစ်တာလဲ"

ခေါင်းမော့ကြည့်လိုက်ရာ ယွမ်ရှောင် ရှေးဟောင်းမြို့တော်သည် အကာအကွယ်လွှာ တစ်ခု အတွင်း ပိတ်မိနေသည်ကို ယဲ့ဖုန်း တွေ့လိုက်ရ၏။

"ဒုက္ခပဲ.."

အန္တရာယ် အာရုံခံနိုင်စွမ်းဖြင့် ယဲ့ဖုန်းသည် ကောင်းကင်မေးမြန်း ကြေးမုံကို ဖွင့်ကြည့်လိုက်ရာ၊ မြို့ထဲတွင် ပရမ်းပတာ ဖြစ်နေပြီး၊ သားရဲများနှင့် ကျင့်ကြံသူများကို (၁၀) မီတာခန့် မြင့်သော၊ ရွှေနီရောင် ခန္ဓာကိုယ်နှင့် ပုဆိန်နှစ်လက် ကိုင်ဆောင်ထားသည့် ဧရာမ လူ့ဘီလူးကြီးက လိုက်လံ သတ်ဖြတ်နေသည်ကို တွေ့လိုက်ရ၏။

လူဖြစ်စေ သားရဲဖြစ်စေ၊ ထိုပုဆိန်ကြီးနှင့် ထိမိသည်နှင့် အဝါးခံလိုက်ရလေသည်။

ကျားယွိလန် တို့ (၃) ယောက်ကိုလည်း ဧရာမ လူ့ဘီလူးကြီး တစ်ကောင်က… လိုက်လံ တိုက်ခိုက်နေ၏။

"တောက်... ဘယ်ကောင် နောက်ကွယ်က ကြိုးကိုင်နေတာလဲ"

ယဲ့ဖုန်း ဒေါသထွက်သွားပြီး၊ မီးဖိုနှင့် တံဆိပ်ပြားများကို သိမ်းဆည်းကာ၊ အကာအကွယ်လွှာ ရှိရာသို့ ပျံသန်းသွားလေတော့သည်။

အခြား တစ်နေရာတွင်၊ ချင်းဟွန်းကျန်းရန်သည် အေးစက်သော ကျောက်စိမ်းဇလုံ တစ်လုံးကို မြေပုံပေါ်တွင် တင်လိုက်၏။ နတ်ဆိုးသားရဲများနှင့် ကျင့်ကြံသူများ သေဆုံးသွားသည်နှင့် အမျှ၊ ရွှေနီရောင် သွေးဝိညာဉ် စွမ်းအင်များသည် ဇလုံထဲတွင် ပေါ်လာလေသည်။

"ညီလေး... ဝင်ပြီး စွမ်းအားတွေကို စုပ်ယူလိုက်.."

ချင်းဟွန်းကျန်းရန်သည် ဝက်ပေါက်စလေးကို ဇလုံထဲသို့ ထည့်ပေးလိုက်၏။

အေးမြသော ခံစားမှုတစ်ခု နှလုံးသားထဲသို့ ဝင်ရောက်လာပြီး၊ ဝက်ပေါက်စလေးသည် မျက်စိရှေ့မှောက်တွင်ပင် သိသိသာသာ ကြီးထွားလာသည်။ ကြွက်သားများ ဖောင်းကြွလာပြီး ကြောက်မက်ဖွယ် ဝက်ဘုရင်ကြီး တစ်ကောင်အလား ဖြစ်လာလေတော့သည်။

"ဟားဟားဟား... ဒီခံစားချက်ပဲ.."

ဆိုဟွန်းကျန်းရန်သည် (၁) မီတာ အရှည်ထိ ကြီးထွားလာ၏။ ထို့ပြင်၊ လူစကား ပြောနိုင်လာကာ၊ ခြေနှစ်ချောင်းဖြင့် မတ်တတ်ရပ်နိုင်လာသည်။ နောက်ဆုံးတွင် ခြေနှစ်ချောင်းဖြင့် လမ်းလျှောက်သော ဝက်ခေါင်းလူသား တစ်ကောင် ဖြစ်လာလေတော့သည်။

ယွမ်ရှောင် ရှေးဟောင်းမြို့တော် အတွင်း၌၊

ကျားယွိလန်သည် "ပန်းပွင့်ကြွေ မိုးစက်များ" ကို အစွမ်းကုန် ထုတ်သုံးနေသော်လည်း၊ ပုဆိန်ကြီး ကိုင်ဆောင်ထားသော ဧရာမ လူကြီး၏ ခုတ်ပိုင်းမှုအောက်တွင် အလင်းစက်များ အဖြစ် ကွဲကြေသွားပြီး၊ လုံးဝ တားဆီးနိုင်စွမ်း မရှိပေ။

"ညီမလေးတို့... ပြေးကြ.."

အိုးယန်ယွီသည် ကျားယွိလန် နှင့် ကျိဇီလင်း တို့ကို ဆွဲကာ ဓားစီးပြီး ထွက်ပြေးကြ၏။

မရေမတွက်နိုင်သော လူများနှင့် နတ်ဆိုးသားရဲများသည်.. လူ့ဘီလူးကြီးများ၏ လက်ချက်ဖြင့် သေဆုံးနေကြသည်ကို ကြည့်ပြီး၊ သူမတို့ အားကိုးရာမဲ့နေကာ မျက်လုံးများ နီရဲလာကြ၏။

"မြန်မြန်... အကာအကွယ်လွှာကို ဖောက်ကြ.."

ကျင့်ကြံသူ တစ်ယောက် အော်ဟစ်လိုက်၏။

"တာအို မိတ်ဆွေတို့... အားမဖြုန်းကြပါနဲ့တော့"

မြို့စားမင်း ကျွမ်းကောရီ သက်ပြင်းချလိုက်ပြီး၊ သူ၏ အသံသည် အဝေးကြီးသို့ ပျံ့နှံ့သွား၏။

"ကျုပ်.. ခုနက အသက်နဲ့ရင်းပြီး ဝင်္ကပါကို ဖျက်ဆီးဖို့ ကြိုးစားပေမယ့် လုံးဝ မပွင့်ဘူး... ဒါ အသေးစား ဝင်္ကပါ တစ်ခုပဲ... ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့် စွမ်းအား မရှိရင် အကာအကွယ်လွှာာကို လှုပ်လို့တောင် မရဘူး"

"မြို့စားမင်းတောင် မဖောက်နိုင်ရင်... ငါတို့ ဒီလူကြီးတွေ သတ်တာ ခံရတော့မှာလား"

"ငါ မသေချင်သေးဘူး.."

လူများ ကောင်းကင်ကို မော့ကြည့်ပြီး ငိုကြွေးအော်ဟစ်နေကြ၏။

ကျားယွိလန် တို့ (၃) ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ မျှော်လင့်ချက်မဲ့နေကြလေသည်။

ထိုအချိန်တွင် ခန့်ညားသော ပုံရိပ် တစ်ခု သူတို့၏ စိတ်ထဲတွင် တပြိုင်နက် ပေါ်လာ၏။

‘သူသာ ရှိနေရင်…’

(၃) ယောက်သား ခါးသီးစွာ ပြုံးလိုက်ကြလေသည်။ ဂိုဏ်းချုပ်က ဒီနေရာကို တိုက်တိုက်ဆိုင်ဆိုင် ရောက်လာဖို့ ဆိုတာ မဖြစ်နိုင်ဟု တွေးမိကြ၏။

"မင်းတို့လို အောက်တန်းစား သတ္တဝါတွေက ဒီမှာ ဝင်္ကပါ ဆင်… ဖျက်ဆီးမှုတွေ လုပ်ပြီး၊ သက်ရှိတွေကို ဒုက္ခပေးရဲတယ်ပေါ့...ပျက်စီးစမ်း.."

ထိုအချိန်တွင် ကျယ်လောင်ပြီး ရင်းနှီးသော အသံ တစ်သံ ကောင်းကင်မှ ဆင်းသက်လာပြီး၊ မိုင်ပေါင်းများစွာ ပျံ့နှံ့သွား၏။

"ဂိုဏ်းချုပ် အသံပဲ.."

ကျားယွိလန် နှင့် အိုးယန်ယွီ တို့၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာတော့သည်။

ယဲ့ဖုန်း ဒီလို အန္တရာယ် ကြုံနေရချိန်မှာ ရောက်လာလိမ့်မည်ဟု သူမတို့ မထင်ထားခဲ့မိပေ။ ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်သွားလေသည်။

မြို့ထဲရှိ လူအားလုံး ခေါင်းမော့ကြည့်လိုက်ကြရာ၊ သူတို့ ဘယ်တော့မှ မမေ့နိုင်မည့် မြင်ကွင်း တစ်ခုကို တွေ့မြင်လိုက်ရ၏။

ကမ္ဘာလောက တစ်ခုလုံးကို လင်းထိန်သွားစေသော ဓားအလင်းတန်း

တစ်ခုတည်း။

ယခုအခါ၊ သွေးဝိညာဉ် ဝင်္ကပါ ပျက်စီးသွားပြီ ဖြစ်သဖြင့်၊ ဆိုဟွန်းကျန်းရန်သည် စွမ်းအားများကို ဆက်လက် မစုပ်ယူနိုင်တော့ချေ။ လူအသွင် ပြောင်းလဲခြင်း လုပ်ငန်းစဉ်မှာလည်း ရပ်တန့်သွား၏။

သူသည် မျက်လုံးများကို ပြူးကျယ်လျက် ကြည့်လိုက်မိလေသည်။ ကောင်းကင်ယံတွင် တွဲလောင်း ခိုနေသော ယဲ့ဖုန်း၏ ဘေးပတ်လည်ရှိ လေထုသည် ကြယ်တာရာ နယ်ပယ်ကဲ့သို့ ပါးလွှာနေပြီး၊ အသက်ရှူရ ခက်ခဲလွန်းသဖြင့် မျက်နှာကြီး ညိုမည်းပုပ်သိုးလာ၏။

ကြောက်ရွံ့ခြင်း အာရုံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

"အစ်ကိုကြီး... မသွားပါနဲ့... အဲ့ဒါ ယဲ့ဖုန်း ပါ.."

ဆိုဟွန်းကျန်းရန်သည် အသံကုန် ခြစ်၍ အော်ဟစ်လိုက်၏။

သို့သော် ချင်းဟွန်းကျန်းရန်သည် အဝေးသို့ ရောက်ရှိနေပြီ ဖြစ်သဖြင့်၊ သူ၏ သတိပေးသံကို မကြားနိုင်တော့ချေ။

"ဘယ်လို လုပ်ရမလဲ"

ဆိုဟွန်းကျန်းရန်သည် ဂနာမငြိမ် ဖြစ်ကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိပြီး၊ မကောင်းသော နိမိတ်ကို ပိုမို ပြင်းထန်စွာ ခံစားနေရလေတော့သည်။

အခန်း (၁၉၄) - ချင်းဟွန်းကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်း၊ ပြိုင်ဘက်ကင်း အရှိန်အဟုန်

~ယွမ်ရှောင် ရှေးဟောင်းမြို့တော်၏ ကောင်းကင်ယံတွင်၊

ယဲ့ဖုန်းသည် ဧရာမ သတ္တုသစ်ရွက်ပြားကြီး ပေါ်တွင် ရပ်ကာ ကောင်းကင်ယံ၌ တွဲလောင်း ခိုနေ၏။

ဘယ်လက်တွင် လေဝိညာဉ်ပုလဲ၊ ညာလက်တွင် ငှက်ပျောရွက်ယပ်တောင် အသေးစားကို ကိုင်ဆောင်ထား၏။

စောစောက သူသည် သွေးဝိညာဉ် ဝင်္ကပါ၏ ဒိုင်းကာကို လေစွမ်းအားနှင့် ကြမ်းတမ်းသော ခွန်အား သက်သက်ဖြင့် ဖျက်ဆီးရန် ကြိုးစားခဲ့သော်လည်း၊ ဖောက်ထွင်းနိုင်ရုံသာ ရှိပြီး ဝင်္ကပါ တစ်ခုလုံး၏ အခြေခံအုတ်မြစ်ကို လှုပ်ခါနိုင်ခြင်း မရှိခဲ့ပေ။

ရွေးချယ်စရာ မရှိတော့သဖြင့်၊ ယဲ့ဖုန်းသည် လေဓာတ် ဝိညာဉ်စွမ်းအင်ကို ထုတ်သုံးလိုက်ရ၏။

ရလဒ်က သူ့ကို စိတ်မပျက်စေခဲ့ပေ။

သွေးဝိညာဉ် ဝင်္ကပါ ပျက်စီးသွားပြီပင်..။

ယွမ်ရှောင် ရှေးဟောင်းမြို့တော်သည် အထိနာခဲ့ရသော်လည်း၊ အနည်းဆုံးတော့ ကယ်တင်နိုင်ခဲ့ပြီ ဖြစ်သည်။

"ကံကောင်းလို့ ငါ အနီးနားမှာ ရှိနေတာ... မြူခိုးတောင်ထိပ် ဒါမှမဟုတ် လက်နက်တစ်ရာဂိုဏ်းမှာသာ ရှိနေရင်၊ ပြန်လာချိန်လောက်ဆို ယွမ်ရှောင် ရှေးဟောင်းမြို့တော် တစ်ခုလုံး ပျောက်ကွယ်သွားလောက်ပြီ"

ယဲ့ဖုန်း အောက်ဘက်ကို တည်ကြည်လေးနက် စွာ ကြည့်ရင်း တီးတိုး ရေရွတ်လိုက်၏။

မြေပြင်ပေါ်တွင်၊

ကပ်ဘေးမှ လွတ်မြောက်လာသော ကျင့်ကြံသူများသည် ကောင်းကင်ကို မော့ကြည့်လိုက်မိကြသည်။

"အဲ့ဒါ ဘယ်သူလဲ"

"ငှက်ပျောရွက်ယပ်တောင် ကိုင်ထားတယ် ဆိုတော့... ကောလာဟလတွေထဲက မြူခိုးဂိုဏ်း ဂိုဏ်းချုပ်ယဲ့ မဟုတ်လား"

လွတ်မြောက်လာသူများသည် ကျားယွိလန် တို့အဖွဲ့ကို မေးခွန်းထုတ်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

"ဟုတ်တယ်...ကျွန်မတို့ ဂိုဏ်းချုပ်ပါပဲ"

ကျားယွိလန် အတည်ပြုကာ ခေါင်းညိတ်လိုက်သည်။

"တကယ်ကြီး ဂိုဏ်းချုပ်ယဲ့ပဲ.."

လူအုပ်ကြီး အံ့ဩတုန်လှုပ်သွားကြ၏။

သတင်းစကားသည် ချက်ချင်း ပျံ့နှံ့သွားပြီး၊ တစ်မြို့လုံး ဆူညံသွားလေတော့သည်။

ယဲ့ဖုန်း သတိထားမိသည်မှာ ဂိုဏ်းဂုဏ်သတင်းတန်ဖိုးသည် ရုတ်တရက် (၅၀၀၀)၊ ထို့နောက် (၁၀၀၀၀) စသဖြင့် တိုးတက်လာပြီး၊ စုစုပေါင်း (၈၀၀၀၀) ကျော်အထိ ရောက်ရှိသွားကာ ဆက်လက် မြင့်တက်နေဆဲ ဖြစ်လေသည်။

“ဒီနှုန်းအတိုင်းဆိုရင် ဒီည (၁၀၀၀၀၀) ပြည့်တော့မှာပဲ..”

သို့သော် ယဲ့ဖုန်း မပြုံးနိုင်သေးခင်မှာပင်၊ ဆူပူကြိမ်းမောင်းသံ တစ်သံ အဝေးမှ ထွက်ပေါ်လာ၏

"ဘယ်ကောင် ငါ့ရဲ့ သွေးဝိညာဉ် ဝင်္ကပါကို ဖျက်ဆီးရဲတာလဲ... သေချင်နေတာလား"

အသံထဲတွင် သတ်ဖြတ်လိုစိတ်နှင့် ဒေါသတရားများ ပြည့်နှက်နေပြီး၊ အောက်ဘက်ရှိ လူတစ်သိန်းကျော်၏ နားစည်များကို တုန်ခါသွားစေကာ၊ တချို့မှာ နေရာတွင်ပင် သွေးအန်ပြီး လဲကျကုန်ကြ၏။

ယဲ့ဖုန်း အသံလာရာသို့ လှည့်ကြည့်လိုက်လေသည်။

လက်ပိုက်လျက် ပျံသန်းလာသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။

ထိုသူသည် ရေညှိများ ဖုံးလွှမ်းထားပြီး၊ မျက်နှာအစစ်ကို လုံးဝ မမြင်ရပေ။

သို့မဟုတ်... ဒါက သူ့မျက်နှာအစစ် ဖြစ်ကောင်းဖြစ်နိုင်လေသည်။

"ငါက မြူခိုးဂိုဏ်း ဂိုဏ်းချုပ် ယဲ့ဖုန်းပဲ... မင်းက ဘယ်သူလဲ"

ယဲ့ဖုန်း စိန်ခေါ်လိုက်၏။

"မင်းက ယဲ့ဖုန်းလား... ဟွန်း.. ဖိနပ်မပါဘဲ သံဖိနပ် ရှာနေသလိုပဲ... အလွယ်တကူ ရှာတွေ့သွားပြီ... ငါက ချင်းဟွန်းကျန်းရန် ... မင်း သတ်လိုက်တဲ့ ဆိုဟွန်းကျန်းရန်က ငါ့ရဲ့ ဂျူနီယာညီလေးပဲ"

ချင်းဟွန်းကျန်းရန်သည် ယဲ့ဖုန်းကို စိမ်းစိမ်းကြည့်လိုက်ပြီး၊ နတ်ဘုရားအာရုံဖြင့် အာရုံခံကြည့်သော်လည်း၊ လုံးဝ ထွင်းဖောက်မမြင်နိုင်ပေ။

ဘယ်လိုပဲ ကြည့်ကြည့်၊ ချင်းဟွန်းကျန်းရန်၏ မျက်လုံးထဲတွင် ယဲ့ဖုန်းသည် သာမန်လူ တစ်ယောက်သာ ဖြစ်နေ၏။

သို့သော် ယဲ့ဖုန်းသည် ဆိုဟွန်းကျန်းရန်ကို သတ်နိုင်ခဲ့သည် ဆိုတော့ မနည်းလှပေ။

ချင်းဟွန်းကျန်းရန် ကောင်းကောင်း သိပြီး ပေါ့ပေါ့ဆဆ မနေရဲပေ။

နောက်တစ်ခဏတွင် သူသည် ဓာတ်ကြီး ငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် အရှိန်အဝါကို အပြည့်အဝ ထုတ်လွှတ်လိုက်ရာ၊ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုကဲ့သို့ တစ်မြို့လုံးကို လွှမ်းမိုးသွား၏။

ကျားယွိလန်၊ ကျွမ်းကောရီ၊ တစ်ဝက်တစ်ပျက် အသွင်ပြောင်း သားရဲများနှင့် အခြား ကျင့်ကြံသူများသည် ဖိအားကို မခံနိုင်ဘဲ ဒူးထောက်လုနီးပါး ဖြစ်ကုန်ကြ၏။

"မင်းက ဆိုဟွန်းကျန်းရန်ရဲ့ စီနီယာအစ်ကိုကြီးလား"

ယဲ့ဖုန်း၏ အကြည့်များ ပြောင်းလဲသွား၏။

စီနီယာအစ်ကိုကြီး ရှိတယ် ဆိုတော့... ဆိုဟွန်းကျန်းရန်.. နောက်ကွယ်မှာ ဂိုဏ်း သို့မဟုတ် မျိုးနွယ်စု တစ်ခု ရှိနေပြီး၊ သူတို့ရဲ့ ဆရာသခင်က အလွန် စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ် ဖြစ်နိုင်တာမလား... ။

ဤအချက်က ယဲ့ဖုန်းကို ဖိအားပေးနေတော့၏။

"ယဲ့ဖုန်း... သေလိုက်စမ်း.."

ချင်းဟွန်းကျန်းရန် စတင် လှုပ်ရှားလိုက်၏။

သူ လက်ကွက်ဖော်လိုက်သည်နှင့် တပြိုင်နက်၊ ထက်ရှသော အရှိန်အဝါများ ဘေးပတ်လည်တွင် ရစ်သိုင်းလာသည်၊ မီတာ (၁၀၀) မြင့်သော သစ်ပင်နတ်ဆိုး (၉) ကောင် လေထဲတွင် ဖြစ်ပေါ်လာ၏ တစ်ကောင်စီသည် ဓာတ်ကြီး ငါးပါး စုစည်းခြင်း ပထမအဆင့် နှင့် ညီမျှလေသည်။

သူတို့ ပူးပေါင်းလိုက်လျှင် စတုတ္ထအဆင့်လောက်ကို ယှဉ်နိုင်ပေလိမ့်မည်။

"ဒါ ဘာသိုင်းကွက်လဲ... သိုင်းနည်းစနစ်နဲ့ မတူဘူး"

ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။

သူ မသိစိတ်ကနေ နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်၏ စောင့်ကြည့်ရေး စနစ်ကို ဖွင့်လိုက်ရာ၊ အသေးစိတ် အချက်အလက်များ ပေါ်လာ၏

[ ချင်းဟွန်းကျန်းရန် : အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် ]

[ ပါရမီ: ပြင်ပ ကိုယ်ပွား ]

[ မှတ်ချက်: နှစ်တစ်ထောင် ကျင့်ကြံပြီး လူအသွင်ပြောင်းထားသော သစ်ပင်နတ်ဆိုး ဖြစ်သည်။ သူ့ကိုယ်သူ ချင်းဟွန်းကျန်းရန် ဟု အမည်ပေးထားပြီး၊ 'ဓာတ်ငါးပါး ပေါင်းစည်းခြင်း' ကျင့်စဉ်ကို ပြောင်းလဲ ကျင့်ကြံထားသည်။ ကျင့်ကြံမှုအဆင့်မှာ ဓာတ်ကြီး ငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် ဖြစ်သည်။ အလွန် အစွမ်းထက်သော အသက်ကယ်နည်းလမ်းများ ရှိသဖြင့်၊ ထွက်ပြေးမည်ကို သတိပြုရမည်။ အူတိုင် ကို တစ်ချက်တည်းဖြင့် ချိုးဖျက်ပစ်မှသာ အပြီးတိုင် သတ်ဖြတ်နိုင်မည်။ သို့မဟုတ်ပါက ပြန်လည် ရှင်သန်လာနိုင်သည်။ ]

"သတ်ရခက်လိုက်တာ"

ယဲ့ဖုန်း စိတ်ပျက်သွား၏။

သူသည် အားနည်းချက်ကို ရှာဖွေရန် စောင့်ကြည့်ရေး စနစ်ကို အသုံးပြုသော်လည်း ဘာမှ မတွေ့ရပေ။ ဆိုလိုတာက လက်ရှိ စောင့်ကြည့်ရေး စနစ်က အဆင့်နိမ့်နေသေးသည်။

ဟန်ဆောင်ရန် အတွက် ယဲ့ဖုန်း ရုတ်တရက် အော်ဟစ်လိုက်၏။

"ချင်းဟွန်းကျန်းရန်... မင်းက အသွင်ပြောင်း သစ်ပင်နတ်ဆိုး ပဲ.."

ထိုသို့ ပြောဆိုသည်ကို ကြားရသောအခါ၊ ချင်းဟွန်းကျန်းရန်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။

"မင်း.. ငါ့မူလပုံစံကို မြင်နိုင်တယ်လား"

"မြင်တော့ ဘာဖြစ်လဲ"

ယဲ့ဖုန်းသည် သစ်ပင်နတ်ဆိုး ကိုယ်ပွား (၉) ကောင်ကို ကြည့်လိုက်ရာ၊ အရေအတွက် များသော်လည်း အင်အား သာမန်သာ ရှိကြောင်း တွေ့ရှိလိုက်ရ၏။

ချင်းဟွန်းကျန်းရန် သတိလွတ်နေခိုက်၊ ယဲ့ဖုန်းသည် "ငှက်ပျောရွက်ယပ်တောင် အသေးစား" ကို ရုတ်တရက် ဝှေ့ယမ်းလိုက်၏။

တစ်စက္ကန့်လျှင် (၂၂) ချက်..

“ဝီ..”

ပြင်းထန်သော လေပြင်းများ ထပ်ဆင့်ပေါင်းစပ်ထားသည့် ကြောက်မက်ဖွယ် လေဆင်နှာမောင်းကြီး တစ်ခုသည် ကောင်းကင်ယံတွင် လှပသော မျဉ်းကွေးတစ်ခု ရေးဆွဲ၍ အစက်ဝင်လာတော့၏။ သစ်ပင်နတ်ဆိုး ကိုယ်ပွား (၅) ကောင်ကို ချက်ချင်း ကြိတ်ချေပစ်လိုက်ရာ၊ သစ်သားစများ နှင်းပွင့်များအလား အောက်သို့ ကြွေကျလာလေတော့သည်။

"သူတောင်းစား... ခိုးတိုက်ရဲတယ်ပေါ့.."

ချင်းဟွန်းကျန်းရန် ကျယ်လောင်စွာ ကျိန်ဆဲလိုက်၏။

ယဲ့ဖုန်း မထီမဲ့မြင် ပြုလိုက်ပြီး၊ ယပ်တောင်ကို နောက်ထပ် (၂၀) ချက် ဆက်တိုက် ဝှေ့ယမ်းလိုက်ရာ၊ ကျန်ရှိနေသော ကိုယ်ပွား (၄) ကောင်ပါ ပေါက်ကွဲပျက်စီးသွား၏။ ထို့နောက် လေထဲသို့ ခုန်တက်လိုက်ပြီး၊ တောင်ကြီး တစ်လုံးပမာ လေးလံသော လက်သီးဖြင့် ချင်းဟွန်းကျန်းရန်၏ ဦးခေါင်းကို သည်းကြီးမည်းကြီး ထိုးချလိုက်လေတော့သည်။

"မောက်မာလိုက်တာ.."

ယဲ့ဖုန်း ဒီလောက် ရဲတင်းလိမ့်မည်ဟု ချင်းဟွန်းကျန်းရန် မထင်ထားခဲ့ပေ။ သူသည် လက်ကွက်များ လျင်မြန်စွာ ဖော်လိုက်ပြီး၊ လေထဲတွင် တောက်ပသော သစ်သားဒိုင်းကြီး တစ်ခု ဖန်တီးလိုက်၏။

“ဒိုင်း..”

ယဲ့ဖုန်း၏ လက်သီးချက်ကြောင့် သစ်သားဒိုင်းကြီး အက်ကွဲသွားသော်လည်း၊ သူကိုယ်တိုင်လည်း မီတာရာချီ နောက်သို့ လွင့်စင်သွား၏။

"အဲ့ဒီ အားက..."

ချင်းဟွန်းကျန်းရန်၏ လက်မောင်းများ တုန်ရီသွားရ၏။ ယဲ့ဖုန်း၏ လက်သီးချက်သည် သူ၏ သစ်သားဝိညာဉ် ဒိုင်းကာပင် မတားဆီးနိုင်လောက်အောင် ပြင်းထန်ကြောင်း တွေးမိကာ ကြိတ်၍ အံ့ဩသွားမိသည်။

"ဓာတ်ကြီး ငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် ဆိုတာ... ဘာမှ မဟုတ်ပါလား"

ယဲ့ဖုန်းက လက်သီးကို ပြန်ရုပ်သိမ်းလိုက်ပြီး၊ မျက်နှာထား တည်ငြိမ်စွာ ကဲ့ရဲ့လိုက်၏။

သူသည်.. ချင်းဟွန်းကျန်းရန်၏ အစွမ်းကုန် တိုက်ခိုက်မှု ဘယ်လောက် ပြင်းထန်သလဲ ဆိုတာ သိချင်၍ တည့်တည့် ရင်ဆိုင်လိုက်ခြင်း ဖြစ်လေသည်။

ရလဒ်က သူ့ကို ကျေနပ်စေခဲ့လေသည်။

"မောက်မာလိုက်တာ.."

ချင်းဟွန်းကျန်းရန် ဒေါသထွက်သွား၏။

သူ့ခံစစ်က အားနည်းပေမယ့်၊ တိုက်စစ်ကတော့ အလွန် အစွမ်းထက်လေသည်။ ပြီးတော့ အသုံးမပြုရသေးသည့် နည်းလမ်းတွေ အများကြီး ရှိသေးသည်။ အစွမ်းကုန် ထုတ်သုံးလိုက်လျှင် ယဲ့ဖုန်းကို ရှင်းပစ်ဖို့ မခက်ပါ။

မြို့ပြင်ရှိ မြေနီကုန်း ပေါ်တွင်၊

"အစ်ကိုကြီး... ယဲ့ဖုန်းက ဟို ဓားဆွဲထုတ်ခြင်း နည်းစနစ် ကို မသုံးရသေးဘူး... သူ့ကို လျှော့မတွက်နဲ့.."

ထိုအချိန်တွင် ခေါင်းကြီး ရောင်ရမ်းနေသော ဆိုဟွန်းကျန်းရန်သည် စိုးရိမ်တကြီး အော်ပြောလိုက်၏။ သူ့အမြင်တွင် ယဲ့ဖုန်း၏ အကြောက်စရာ အကောင်းဆုံး အရာမှာ ထိုဓားသိုင်းပင် ဖြစ်လေသည်။

"ဖရိုဖရဲ ကောင်းကင် ခုတ်ပိုင်းခြင်း.."

ထိုအချိန်တွင် ချင်းဟွန်းကျန်းရန်သည် ယဲ့ဖုန်းနှင့် မီတာ တစ်ထောင်ကျော် ခွာလိုက်ပြီး၊ ကောင်းကင်ကို ပင့်မထားသကဲ့သို့ လက်နှစ်ဖက်ကို မြှောက်လိုက်၏။ အဆုံးမရှိသော စွမ်းအားများ ခန္ဓာကိုယ်ထဲမှ ရုန်းကြွနေ၏။

တဆက်တည်း၌ ၎င်းစွမ်းအားများက.. မီတာ (၁၀၀) ရှည်သော စိမ်းပြာရောင် ဓားကြီးအဖြစ် ပြောင်းလဲကာ၊ စူးရှသော ဓားအလင်းတန်းများ ထုတ်လွှတ်လျက် ပြင်းထန်စွာ ခုတ်ချလိုက်လေတော့သည်။

"သွားပြီ.."

ယွမ်ရှောင် ရှေးဟောင်းမြို့တော် အတွင်းရှိ လူများ၏ မျက်နှာတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်သွား၏။

ဒီခုတ်ချက်က အပေါ်စီးကနေ လာတာ... ယဲ့ဖုန်းသာ မကာကွယ်နိုင်လျှင်၊ ဒါမှမဟုတ် ရှောင်လိုက်လျှင်... ယွမ်ရှောင် ရှေးဟောင်းမြို့တော်ကြီး နှစ်ပိုင်း ကွဲသွားမှာ သေချာသည်။

"တွက်ချက်ထားတာ ကောင်းသားပဲ.."

ယဲ့ဖုန်း ချင်းဟွန်းကျန်းရန်၏ ရည်ရွယ်ချက်ကို သိလိုက်၏။

‘သူ ဒီတိုက်ခိုက်မှုကို တည့်တည့် ရင်ဆိုင်ရတော့မယ်။

မဟုတ်ရင် အောက်က ယွမ်ရှောင် ရှေးဟောင်းမြို့တော်ထဲက လူသောင်းချီ သေကုန်လိမ့်မယ်။’

"ဒီခုတ်ချက်မှာ ငါ့အားတွေ အကုန် ပါတယ်... မင်း မကာကွယ်ရင် အောက်ကလူတွေ အနည်းဆုံး ဆယ်ပုံတစ်ပုံ သေမယ်... ဒါပေမဲ့ မင်း ကာကွယ်မယ် ဆိုရင်တော့... မင်း သေချာပေါက် သေရမယ်.."

ချင်းဟွန်းကျန်းရန် ဟားတိုက် ရယ်မောလိုက်၏။

ယဲ့ဖုန်း သူ့အကြံကို သိသွားမှာ လုံးဝ မကြောက်ပေ။

"သေချာပေါက် သေရမယ် ဟုတ်လား"

ယဲ့ဖုန်း.. လှောင်ရယ်လိုက်၏။

ညာလက်တွင် "ငှက်ပျောရွက်ယပ်တောင် အသေးစား" ကို ကိုင်ပြီး တစ်စက္ကန့်လျှင် (၂၀) ချက် ဝှေ့ယမ်းကာ ခုတ်ချက်၏ အရှိန်ကို လျှော့ချလိုက်၏။ ထို့နောက် ဘယ်လက်ဖြင့် "လေဝိညာဉ်ပုလဲ" ကို ကိုင်ဆောင်ကာ ရှေ့တွင် ဒိုင်းကာတစ်ခု ဖန်တီးပြီး၊ "ဖရိုဖရဲ ကောင်းကင် ခုတ်ပိုင်းခြင်း" ကို တားဆီးလိုက်လေတော့သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."

ချင်းဟွန်းကျန်းရန်၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားရ၏။

‘ဒါက သူ့ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုလေ..

ဓာတ်ကြီး ငါးပါး စုစည်းခြင်း သတ္တမအဆင့် အောက်မှာ ဘယ်သူမှ မကာကွယ်နိုင်ဘူး။

ဒါပေမဲ့ ယဲ့ဖုန်းက ကာကွယ်လိုက်တယ်တဲ့လား။’

မြို့ပြင်တွင်၊ ဆိုဟွန်းကျန်းရန်လည်း ထိုမြင်ကွင်းကို ကြည့်ပြီး ကြောင်အသွားမိသည်။

‘ယဲ့ဖုန်းက ပိုပြီး သန်မာလာပြန်ပြီ..

မဖြစ်ဘူး... ငါ့အစ်ကိုကြီး ရှုံးတော့မယ်…’

ဆိုဟွန်းကျန်းရန်၏ မျက်နှာထား ပျက်ယွင်းသွား၏။

"ကာကွယ်လိုက်ပြီ.."

"ဂိုဏ်းချုပ်ယဲ့ ကွ.."

ဆိုဟွန်းကျန်းရန်၏ စိုးရိမ်မှုနှင့် ဆန့်ကျင်ဘက်၊ ယွမ်ရှောင် ရှေးဟောင်းမြို့တော်သားများသည် သက်ပြင်းချနိုင်သွားပြီး၊ ဝမ်းသာအားရ အော်ဟစ်လိုက်ကြကာ ဂုဏ်သတင်းတန်ဖိုးများစွာ ပေးအပ်လိုက်ကြ၏။

မကြာမီ ဂိုဏ်းဂုဏ်သတင်းတန်ဖိုးသည် (၉၀၀၀၀) မှ (၁၀၀၀၀၀) သို့ ရောက်ရှိသွားလေတော့သတည်း။

"တီ... ဂိုဏ်းဂုဏ်သတင်းတန်ဖိုး (၁) သိန်း ပြည့်သွားပါပြီ။ နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်၏ စတုတ္ထအဆင့် ပွင့်သွားပါပြီ။ 'စောင့်ကြည့်ရေး’ လုပ်ဆောင်ချက်ကို ပထမအကြိမ် အဆင့်မြှင့်တင်လိုက်ပါပြီ။ ယခုအခါ ပစ်မှတ်များ၏ နက်ရှိုင်းသော အားနည်းချက်များကို မြင်တွေ့နိုင်ပြီ ဖြစ်ပြီး၊ အခြား လုပ်ဆောင်ချက်များ အားလုံးလည်း တိုးတက်လာပါပြီ။ စတုတ္ထမြောက် လုပ်ဆောင်ချက် ပွင့်သွားပါပြီ။"

"တီ... လက်နက်သွန်းလုပ်ရေးဆောင် ကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ။"

"တီ... ဂိုဏ်းသိုလှောင်နယ်ပယ် +၁၀၀၀ ကုဗမီတာ"

စနစ် ၏ အကြောင်းကြားစာများ ဆက်တိုက် ထွက်ပေါ်လာ၏

ယဲ့ဖုန်းသည် တခြားအရာများကို ဂရုမစိုက်ဘဲ၊ အဆင့်မြှင့်တင်ထားသော "စောင့်ကြည့်ရေး" လုပ်ဆောင်ချက်ကို အာရုံစိုက်လိုက်၏။ ချက်ချင်းပင် ချင်းဟွန်းကျန်းရန်ကို စိမ်းစိမ်းကြည့် လိုက်ရာ၊ သူ့ခန္ဓာကိုယ်ပေါ်တွင် နှလုံးပုံသဏ္ဍာန် မြစိမ်းရောင် အူတိုင် တစ်ခု အဆက်မပြတ် ရွေ့လျားနေသည်။ ၎င်းအား ရှာဖွေရခက်ခဲနေသည်ကို တွေ့ရှိလိုက်ရသည်။

"အဲ့ဒါ အားနည်းချက်ပဲ.."

ယဲ့ဖုန်း၏ မျက်လုံးများတွင် အလင်းရောင်များ တောက်ပသွား၏။

အရင်တုန်းက သူ ဓားဆွဲထုတ်ခြင်း နည်းစနစ်ကို မသုံးခဲ့တာက၊ အဲ့ဒီသိုင်းနည်းစနစ်က အစွမ်းထက်သော်ငြား၊ အချိန်တိုအတွင်း တစ်ကြိမ်ပဲ သုံးနိုင်၍ ဖြစ်လေသည်။ ချင်းဟွန်းကျန်းရန်သာ ရှောင်နိုင်ခဲ့လျှင်၊ ယဲ့ဖုန်း သေချာပေါက် ရှုံးနိမ့်သွားမှာ ဖြစ်လေသည်။

ယခုတော့ အခြေအနေ ပြောင်းလဲသွားရသည်။

ချင်းဟွန်းကျန်းရန်ရဲ့ အားနည်းချက်ကို ရှာတွေ့သွားပြီလေ..။

"ဓားဆွဲထုတ်ခြင်း နည်းစနစ်.."

မျက်တောင် တစ်ခတ် အတွင်းမှာပင် ယဲ့ဖုန်းသည် ချင်းဟွန်းကျန်းရန် အနီးသို့ ရောက်ရှိသွားသည်။ ဘယ်လက်ဖြင့် ဓားအိမ်ကို ကိုင်ကာ ညာလက်ဖြင့် ဓားရိုးကို ပြောင်းပြန်ကိုင်ထားပြီး၊ သူရဲကောင်း ဝိညာဉ်စွမ်းအား အားလုံးကို စုစည်းကာ ဓားကို ဆွဲထုတ်လိုက်လေတော့သည်။

“ရွှစ်..”

မျက်စိကျိန်းလောက်အောင် တောက်ပသော ဓားအလင်းတန်းသည် ပြင်းထန်လွန်းသဖြင့် လေထုကိုပင် တောင့်ခဲသွားစေ၏။

လူတိုင်း မော့ကြည့်လိုက်ကြရာ ကောင်းကင်ယံတွင် အလွန် တောက်ပသော အလင်းတန်း တစ်ခုကိုသာ မြင်လိုက်ရပြီး၊ မျက်စိကန်းသွားမည် စိုးသဖြင့် မျက်နှာ လွှဲလိုက်ကြရသည်။

ချင်းဟွန်းကျန်းရန်သည် ယဲ့ဖုန်း ထိုတောက်ပသော သံဓားကို ဆွဲထုတ်ပြီး မိမိခေါင်းဆီသို့ ခုတ်ပိုင်းလာသည်ကို မြင်သောအခါ မျက်နှာပျက်သွား၏။

ဒီဓားက ကြောက်စရာ ကောင်းလိုက်တာ..

သို့သော် ထိတ်လန့်ပြီးနောက် ချင်းဟွန်းကျန်းရန် လှောင်ပြောင်လိုက်၏။

"ငါ့ကို သတ်နိုင်မယ် ထင်နေတာလား... ဟွန်း... မိုက်မဲလိုက်တာ.."

ချင်းဟွန်းကျန်းရန်သည် အူတိုင်ကို ဘယ်ဘက်ခြေထောက်ဆီသို့ အမြန် ရွှေ့ပြောင်းလိုက်၏။ အူတိုင် မပျက်စီးသရွေ့ ခေါင်းပြတ်သွားလျှင်တောင် ချက်ချင်း ပြန်ဆက်၍ ရသည် မဟုတ်ပါလော။

သို့သော် သူ မသိလိုက်သည်မှာ... ဓားဆွဲထုတ်ခြင်း နည်းစနစ်၏ တောက်ပသော အလင်းရောင်အောက်တွင် ဖုံးကွယ်ထားသော မမြင်ရသလောက် ပါးလွှာသည့် "လေဓာတ် ဝိညာဉ်စွမ်းအင်" တစ်ကြောင်းသည် သူ့ဘယ်ခြေထောက်ဆီသို့ တိတ်တဆိတ် ဖြတ်သန်းသွားခြင်းပင်။

"မဖြစ်ဘူး.."

ချင်းဟွန်းကျန်းရန် ရုတ်တရက် သေခြင်းတရား၏ အငွေ့အသက်ကို ခံစားလိုက်ရပြီး၊ ဘယ်ခြေထောက်ကို ငုံ့ကြည့်လိုက်ရာ ဓားအလင်းတန်း တစ်ချက် ဖြတ်သွားသည်ကို တွေ့လိုက်ရ၏။

“ခွပ်..”

လက်မအရွယ်အစားရှိသော အူတိုင်သည် ထက်ပိုင်း ကွဲသွားလေတော့သည်။

နောက်တစ်ခဏတွင် ယဲ့ဖုန်းသည် ကွဲသွားသော မြစိမ်းရောင် အူတိုင်ကို ဖမ်းဆုပ်လိုက်သည်။ တပြိုင်နက်တည်းမှာပင် ဓားဆွဲထုတ်ခြင်း နည်းစနစ်၏ တောက်ပသော အလင်းရောင်သည် ချင်းဟွန်းကျန်းရန်၏ ခေါင်းကို ဖြတ်တောက်သွား၏။ ကျန်ရှိနေသော ဓားချီများသည် ဆက်လက် ရွေ့လျားသွားပြီး၊ မြို့ပြင်ရှိ သစ်တောအုပ်ကြီးထဲတွင် မီတာတစ်ထောင်ကျော် ရှည်လျားသော ချောက်ကမ်းပါးကြီး တစ်ခု ဖြစ်ပေါ်စေခဲ့လေသည်။

"မင်း... မင်း ငါ့ရဲ့ အားနည်းချက်ကို ဘယ်လို ရှာတွေ့တာလဲ"

ချင်းဟွန်းကျန်းရန်၏ ခေါင်းပြတ်ကြီးသည် အသိစိတ် မပျောက်ကွယ်မီ မေးလိုက်၏။

သေသည်အထိ သူ ဘယ်နေရာမှာ မှားသွားလဲ ဆိုတာ မသိလိုက်ရှာပေ။

ယဲ့ဖုန်းက .. လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး ချင်းဟွန်းကျန်းရန်၏ အလောင်းကို စနစ် နေရာလပ် ထဲသို့ ထည့်လိုက်တော့သည်။

ထို့နောက်၊ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာရင်း အောင်နိုင်သူ၏ စကားကို တိုးတိုးလေး ရေရွတ်လိုက်၏။

"ဆောရီး... ငါက Cheat သုံးထားလို့..."

တောက်ပသော ဓားအလင်းတန်း ပျောက်ကွယ်သွား၏။

လူတိုင်း မော့ကြည့်လိုက်ရာ ဂိုဏ်းချုပ်ယဲ့က ချင်းဟွန်းကျန်းရန်ကို ဓားတစ်ချက်တည်းဖြင့် ခေါင်းဖြတ်လိုက်သော မြင်ကွင်းကို တွေ့လိုက်ရသဖြင့်၊ အားလုံး မှင်သက် သွားကြ၏။

"သူ သေပြီလား"

"ဂိုဏ်းချုပ်ယဲ့ က ချင်းဟွန်းကျန်းရန်ကို သတ်လိုက်ပြီ.."

"ငါတို့ လွတ်ပြီဟေ့.."

"ဂိုဏ်းချုပ်ယဲ့ က ပြိုင်ဘက်ကင်းပဲ.."

တစ်မြို့လုံး.. တဟေးဟေး အောင်ပွဲခံကြတော့၏။

သူတို့အမြင်တွင် ယဲ့ဖုန်းသည် ဓားဆွဲထုတ်ခြင်း နည်းစနစ် တစ်ကွက်တည်းဖြင့် ချင်းဟွန်းကျန်းရန်ကို အမြစ်ပြတ် သုတ်သင်လိုက်ခြင်း ဖြစ်လေသည်။ လေဓာတ် ဝိညာဉ်စွမ်းအင်ဖြင့် အူတိုင်ကို ဖျက်ဆီးလိုက်သည်ကိုမူ ယဲ့ဖုန်းမှလွဲ၍ မည်သူမျှ မသိကြပေ။

မြေနီကုန်း ပေါ်တွင်၊

ဆိုဟွန်းကျန်းရန် မြေကြီးပေါ်သို့ ခန္ဓာကိုယ် ပျော့ခွေ၍ လဲကျ သွား၏။

"သနားစရာ ကောင်းတဲ့ အစ်ကိုကြီး…”

အခန်း (၁၉၅) - ဂိုဏ်းချုပ်ကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခြင်း၊ နတ်ဆိုးမြို့တော်၏ ကောလာဟလများ

~ဆိုဟွန်းကျန်းရန် ငိုကြွေးလိုက်၏။

ယဲ့ဖုန်း၏ ဓားဆွဲထုတ်ခြင်း နည်းစနစ်အား.. သူ နှစ်ကြိမ်တိုင်တိုင် တွေ့မြင်ခဲ့ရပြီးပြီ ဖြစ်လေသည်။ ပထမအကြိမ်တုန်းက သူကိုယ်တိုင် ခုတ်ပိုင်းခံလိုက်ရပြီး၊ ဝိညာဉ်အစအနလေး တစ်ခုသာ လွတ်မြောက်လာနိုင်ခဲ့၏။

ဒုတိယအကြိမ်မှာတော့ သူ့ထက် ပိုသန်မာသော စီနီယာအစ်ကိုကြီး ချင်းဟွန်းကျန်းရန်ပါ အသတ်ခံလိုက်ရပြီ ဖြစ်၏။

ဆိုဟွန်းကျန်းရန် ကိုယ့်ကိုယ်ကို ဝန်ခံရမည် ဆိုလျှင်၊ သူ ကြောက်လွန်းလို့ စိတ်ဒဏ်ရာ ရသွားပြီ ဖြစ်လေသည်။

"ယဲ့ဖုန်း... ဒီကောင်စုတ် ယဲ့ဖုန်း.."

ဆိုဟွန်းကျန်းရန်သည် မြေကြီးပေါ်တွင် ဒူးထောက်ကာ၊ တစ်ကိုယ်လုံး တုန်ရီနေ၏။

"မဖြစ်ဘူး... ငါ အခု ယဲ့ဖုန်းကို မယှဉ်နိုင်သေးဘူး... လူကြီးလူကောင်း ကလဲ့စားချေတာ (၁၀) နှစ် ကြာလည်း မနောက်ကျဘူး ဆိုတဲ့ စကားအတိုင်း... ငါ တိတ်တိတ်လေး ပုန်းပြီး နှစ် (၁၀၀) လောက် ကြိုးစားပမ်းစား ကျင့်ကြံလိုက်မယ်... ပြီးမှ ထွက်လာပြီး သူ့ကို သတ်မယ်"

"ဒါပေမဲ့ ငါက အပြည့်အဝ အသွင်မပြောင်းရသေးဘူး... ဘယ်လို လုပ်ရမလဲ..."

"ဟုတ်သားပဲ... အစ်ကိုကြီး ပြောဖူးတာ ရှိတယ်... ဒီည နတ်ဆိုးသားရဲတွေ ယွမ်ရှောင် ရှေးဟောင်းမြို့တော်ကို တိုက်ခိုက်တာက နတ်ဆိုးမျိုးနွယ် ရဲ့ နတ်ဆိုးဘုရင်က လူသားမြို့တော် တစ်ခုကို သိမ်းပိုက်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ 'နတ်ဆိုးမြို့တော်' အဖြစ် ပြောင်းလဲလိုက်လို့တဲ့..."

"အခု တိုက်ခိုက်တဲ့ နတ်ဆိုးသားရဲ တပ်ဖွဲ့က နတ်ဆိုးမြို့တော်ရဲ့ ရှေ့ပြေးတပ်ဖွဲ့ ဆိုပဲ..."

"အခု ငါ့ပုံစံကလည်း နတ်ဆိုးနဲ့ တူနေပြီ... နတ်ဆိုးမြို့တော်ထဲကို ခိုးဝင်ပြီး၊ နတ်ဆိုးမျိုးနွယ်ရဲ့ အရင်းအမြစ်တွေကို သုံးကာ အားဖြည့်လိုက်ရင်... အပြည့်အဝ အသွင်ပြောင်းနိုင်ပြီး ဘဝသစ် စလို့ ရပြီပေါ့"

ယခုလို တွေးမိတော့ ဆိုဟွန်းကျန်းရန်သည် အသက်ပြင်းပြင်း ရှူလိုက်သည်။ ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက်လာသော ယဲ့ဖုန်းကို ရန်ငြိုးဖွဲ့သော မျက်လုံးများဖြင့် စိုက်ကြည့်ပြီးနောက်၊ ယွမ်ရှောင် သစ်တောအုပ်ကြီး၏ အနောက်မြောက်ဘက်သို့ တချိုးတည်း.. ပြေးထွက်သွားလေတော့သည်။

အသွင်ပြောင်းခြင်း မအောင်မြင်ခဲ့သော်လည်း၊ ဆိုဟွန်းကျန်းရန်သည် တစ်ဝက်တစ်ပျက် အသွင်ပြောင်း အဆင့်ထိ ပြန်လည် ရောက်ရှိနေပြီ ဖြစ်လေသည်။ ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့် လူသား ၊ သို့မဟုတ် နတ်ဆိုးဗိုလ်ချုပ် မျိုးနှင့် မတိုးသရွေ့ အန္တရာယ် မရှိနိုင်ပေ။

*

ယွမ်ရှောင် ရှေးဟောင်းမြို့တော်ဝယ်၊

ယဲ့ဖုန်းသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာ၏။

[ ဂိုဏ်းဂုဏ်သတင်းတန်ဖိုး +၈၇၆၃ ]

[ ဂိုဏ်းဂုဏ်သတင်းတန်ဖိုး +၄၄၃၂ ]

ချင်းဟွန်းကျန်းရန် သေဆုံးသွားသည်နှင့် အမျှ၊ ယွမ်ရှောင် ရှေးဟောင်းမြို့တော်သားများသည် ဂုဏ်သတင်းတန်ဖိုးများ ပိုမို ပေးအပ်လာကြပြီး၊ တချို့ဆိုလျှင် ယုံကြည်မှု စွမ်းအားပါ ပါဝင်နေ၏။

"တကယ်ပဲ... သေမင်းလက်တွင်းကနေ ကယ်တင်လိုက်ရင် ဂုဏ်သတင်းတန်ဖိုး ပြောင်းလဲနှုန်း က ပိုမြင့်တာပဲ"

ယဲ့ဖုန်း တွေးလိုက်မိသည်။

ရေပေါ်ဖြူမြို့တော်တုန်းက ဆိုဟွန်းကျန်းရန်ကို သတ်လိုက်တုန်းက၊ ဂုဏ်သတင်းတန်ဖိုး သောင်းဂဏန်းလောက်သာ ရခဲ့တာ ဖြစ်ပြီး၊ ပြောင်းလဲနှုန်းက (၂၀) ပုံ (၁) ပုံလောက်သာ ရှိလေသည်။

အကြောင်းရင်းကတော့ ဆိုဟွန်းကျန်းရန်က ကြီးကြီးမားမား ဖျက်ဆီးမှုတွေ မလုပ်ရသေးခင်မှာတင် ယဲ့ဖုန်းရဲ့ ဓားချက်အောက်မှာ သေသွား၍ ဖြစ်လေသည်။

သို့တိုင်၊ ဒီညက မတူပါချေ။

ပထမဆုံး နတ်ဆိုးသားရဲတွေ ဝိုင်းရံတိုက်ခိုက်သည်၊ ပြီးတော့ သွေးဝိညာဉ် ဝင်္ကပါက မြို့တစ်ခုလုံးကို ပိတ်လှောင်လိုက်၍ လူတိုင်း ထိတ်လန့်သွားကြသည်။

ထို့ပြင်၊ ပုဆိန်ကြီးတွေ ကိုင်ဆောင်ထားသော သွေးဝိညာဉ် လူကြီးတွေက မြို့ထဲက လူတွေနှင့် သားရဲတွေ အကုန်လုံးကို လိုက်လံ သတ်ဖြတ်ကြသည်။ ဘယ်သူမှ မလွတ်မြောက်နိုင်ပေ။ အကုန်လုံး ပိတ်မိနေကြခြင်းတည်း။

နောက်ဆုံးမှာ ချင်းဟွန်းကျန်းရန် ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအားတွေကို ထုတ်ပြခဲ့၏။

မြို့တစ်ခုလုံးရဲ့ ကယ်တင်ရှင် အနေနှင့် ယဲ့ဖုန်းသည် လူတိုင်းရဲ့ ကျေးဇူးတင်မှုကို ရရှိတာ သဘာဝပါပင်။ ဂုဏ်သတင်းတန်ဖိုးတွေ မိုးထိအောင် တက်သွားရုံတင် မက၊ ယုံကြည်မှု စွမ်းအားတွေပါ ထောင်ချီ ရရှိလိုက်လေသည်။

"ဒီကပ်ဘေးပြီးတော့ ယွမ်ရှောင် ရှေးဟောင်းမြို့တော်မှာ လူတစ်သိန်းလောက် ကျန်ဦးမယ်... ဂုဏ်သတင်းတန်ဖိုး ပြောင်းလဲနှုန်းက (၉၀) ရာခိုင်နှုန်းလောက် ရှိမယ် ထင်တယ်"

ဒီလို တွေးမိချိန်မှာ၊ ယဲ့ဖုန်း ခြေထောက်က မြေကြီးနှင့် ထိမိသွားပြီ ဖြစ်၏။

"ဂိုဏ်းချုပ်.."

ကျားယွိလန်၊ အိုးယန်ယွီ နှင့် ကျိဇီလင်း တို့သည် ဓားစီးပြီး ပျံသန်းလာကြ၏။

သူမတို့.. တစ်ကိုယ်လုံး ဖုန်မှုန့်များ ပေကျံနေပြီး၊ ကြောင်စုတ်လေးတွေလို ဖရိုဖရဲ ဖြစ်နေကြလေသည်။

"မင်းတို့ ဘေးကင်းကြလို့ ဝမ်းသာပါတယ်"

ယဲ့ဖုန်း သူတို့ (၃) ယောက်ကို ခေါင်းညိတ်ပြလိုက်သော်လည်း၊ စိတ်ထဲမှ လေးလံမှုက လျော့ပါးမသွားသေးပေ။

ချင်းဟွန်းကျန်းရန်ကို သတ်ပြီးသွားတာတောင်မှ၊ အန္တရာယ် အငွေ့အသက်တွေ ကျန်ရှိနေသေးသလို ခံစားနေရပြီး၊ မည်သို့.. ဖုံးကွယ်ထားသည့် အန္တရာယ်တွေ ရှိနေဦးမလဲ ဆိုတာ မရေရာ မသေချာ ဖြစ်နေ၏။

ချင်းဟွန်းကျန်းရန် နှင့် ဆိုဟွန်းကျန်းရန် တို့ရဲ့ နောက်ကွယ်က ဂိုဏ်းများ ဖြစ်နေမလား။

ယဲ့ဖုန်း မသေချာပေ။

ယဲ့ဖုန်းဘေးတွင် ရပ်နေသော ကျိဇီလင်းသည် ကောင်းကင်ယံတွင် ယဲ့ဖုန်းက ချင်းဟွန်းကျန်းရန်ကို ဓားတစ်ချက်တည်းဖြင့် ခုတ်ပိုင်းလိုက်သော မြင်ကွင်းကို ပြန်တွေးမိပြီး မျက်နှာလေး ရဲသွား၏။

‘ဂိုဏ်းချုပ်က တကယ်ပဲ စွမ်းအားကြီးတာပဲ’

သူမ တွေးလိုက်မိသည်။

‘သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို မသိရပေမယ့်... ငါ့စိတ်ထဲမှာတော့ သူက နတ်ဘုရား တစ်ပါးနဲ့ မခြားပါဘူး’

ကျိဇီလင်း အသက်ပြင်းပြင်း ရှူလိုက်ပြီး ယဲ့ဖုန်းကို ကြည့်လိုက်၏။

‘ဒီလို ယောက်ျားမျိုးက ငါတို့ ကျင့်ကြံသူတွေရဲ့ စံပြပုဂ္ဂိုလ်ပဲ... ဒီနေ့ကစပြီး ငါ ဂိုဏ်းချုပ်ကို ကျော်ဖြတ်ရမယ့် ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပြီ... မအောင်မြင်မချင်း ငါ မရပ်တန့်ဘူး..’

ပိုမို သန်မာလာချင်သော စိတ်ဆန္ဒ မျိုးစေ့လေး တစ်စေ့သည် ကျိဇီလင်း၏ နှလုံးသားထဲတွင် တိတ်တဆိတ် အမြစ်တွယ်လာလေတော့သည်။

ထိုအချိန်တွင် အနီးနားရှိ ကျင့်ကြံသူများ ရောက်ရှိလာကြ၏။

"ဂိုဏ်းချုပ်ယဲ့... ကူညီပေးလို့ ကျေးဇူးတင်ပါတယ်ဗျ"

"ကျွန်တော်တို့ရဲ့ ဦးညွှတ် ဂါရဝပြုတာကို လက်ခံပေးပါခင်ဗျာ.."

အားလုံးသည် လမ်းမပေါ်တွင် ဝိုင်းဖွဲ့ပြီး ဒူးထောက်လိုက်ကြကာ၊ ကျေးဇူးတင်သော မျက်လုံးများဖြင့် ဦးညွှတ်လိုက်ကြ၏။ သူတို့၏ မျက်နှာပေါ်တွင် လေးစားမှုနှင့် အားကျမှုများ ပြည့်နှက်နေလေသည်။

ဘေးပတ်လည်ရှိ သာမန်လူများလည်း လိုက်လံ ဒူးထောက်ကြ၏။

မျက်တောင် တစ်ခတ်အတွင်း အနီးနား တစ်ဝိုက်တွင် ဒူးထောက်နေသော လူအုပ်ကြီးဖြင့် ပြည့်နှက်သွားလေတော့သည်။

"အားလုံးပဲ ထကြပါဗျ"

ယဲ့ဖုန်း လက်ကာပြပြီး ပြောလိုက်၏။

သူ့ခမျာ သူရဲကောင်း ဝိညာဉ်စွမ်းအား ကုန်ခမ်းနေသဖြင့်၊ မမြင်ရသော စွမ်းအားဖြင့် လူအုပ်ကြီးကို ဆွဲမထူပေးနိုင်တော့ဘဲ ပါးစပ်ဖြင့်သာ ပြောရလေသည်။

ထိုအချိန်တွင် ယဲ့ဖုန်း သတိထားမိသည်မှာ သူ၏ သူရဲကောင်း ဝိညာဉ်စွမ်းအားသည် ယခင်ကထက် များစွာ ပိုမို လျင်မြန်စွာ ပြန်လည် ပြည့်ဖြိုးလာနေသည်လော။ အကြောင်းရင်းကို ချက်ချင်း ဆက်စပ်မိလိုက်ပြီး သူ.. ဝမ်းသာသွားလေသည်။

‘ယွမ်ရှောင် ရှေးဟောင်းမြို့တော်က လူတစ်သိန်းကျော်ကို ကယ်တင်လိုက်နိုင်လို့ သူရဲကောင်း ဝိညာဉ်စွမ်းအားတွေ တိုးလာတာပဲ။

ရေပေါ်ဖြူမြို့တော် တိုက်ပွဲတုန်းကထက်တောင် ပိုပြီး ကြမ်းကြမ်းတမ်းတမ်း တိုးလာတာ..’

အဝေးတစ်နေရာတွင်၊ ကျွမ်းကောရီသည် မရီးဖြစ်သူကို ပျက်စီးနေသော အိမ်တစ်လုံးထဲသို့ တွန်းပို့လိုက်ပြီး၊ မြေကြီးပေါ်မှ ဖုန်မှုန့်များကို လက်ဖြင့် ကောက်ယူကာ မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ သုတ်လိမ်းလိုက်၏။ ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲခဲ့ရသည့် ပုံစံမျိုး ဖန်တီးလိုက်ခြင်း ဖြစ်လေသည်။ ထို့နောက် ယဲ့ဖုန်းရှေ့သို့ လေးဖက်ထောက် တွားသွားပြီး ဒူးထောက်ကာ အော်ဟစ် ငိုကြွေးလိုက်၏။

"ဂိုဏ်းချုပ်ယဲ့... ယွမ်ရှောင် ရှေးဟောင်းမြို့တော်ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်... ကျွန်တော် ကျွမ်းကောရီ က မြို့သူမြို့သား တစ်သိန်းကျော် နဲ့ ကျင့်ကြံသူ ထောင်ပေါင်းများစွာ ကိုယ်စား ဦးညွှတ် ဂါရဝပြုပါတယ်.."

“ဘုန်း.. ဘုန်း.. ဘုန်း..”

လူအများရှေ့တွင် ကျွမ်းကောရီသည် စိတ်ရင်းမှန်ဖြင့် ဦးခိုက်နေပြီး၊ မျက်ရည်များ နှပ်ချေးများ စီးကျနေကာ၊ နဖူးပေါက်မတတ် ဦးခိုက်နေသော်လည်း မရပ်တန့်ပေ။

သူ့ပုံစံက ယဲ့ဖုန်းက သူ့ဘိုးဘေး (၁၈) ဆက်လောက်ကို ကယ်တင်ပေးခဲ့သည့် ပုံစံမျိုး ဖြစ်နေ၏

ကျွမ်းကောရီ၏ အပြုအမူကို ကြည့်ပြီး ယဲ့ဖုန်း ခေါင်းကုတ်လိုက်မိသည်။ တစ်ခုခု လွဲနေသလို ခံစားရသည်။

ခဏ စဉ်းစားပြီးနောက် ယဲ့ဖုန်း မေးလိုက်လေသည်။

"ခင်ဗျားက ဘယ်သူလဲ"

"ကျွန်တော်က ယွမ်ရှောင် ရှေးဟောင်းမြို့တော်ရဲ့ မြို့စားမင်း... ကျွမ်းကောရီ ပါ"

"ဟန်ဆောင် ကောင်းလိုက်တာ.."

"မဟုတ်ပါဘူး... ကျွမ်းကောရီ ပါ"

သူတို့နှစ်ယောက် ပြောစကားက လွဲချော်နေလေ၏။

[ ကျွမ်းကောရီရဲ့ နာမည်နဲ့ "ဟန်ဆောင်သည်" ဆိုတဲ့ စကားလုံးက အသံထွက်ချင်း ဆင်တူနေလို့ ယဲ့ဖုန်းက အထင်လွဲသွားတာပါ။

* Zhuang (庄) = မျိုးရိုးနာမည် (ကျွမ်း)။

* Ge Yi (格义) = နာမည် (ကောရီ)။

ယဲ့ဖုန်းကတော့ အဲ့ဒီနာမည်ကို "ကျွမ်းကောရီ" (Zhuang Ge Yi - 装个义) ဆိုတဲ့ စကားစုအနေနဲ့ ကြားလိုက်တာပါ။

* Zhuang (装) = ဟန်ဆောင်တာ၊ ဟန်လုပ်တာ (ဒီစာလုံးက မျိုးရိုးနာမည် 庄 နဲ့ အသံထွက် အတူတူပါပဲ)။

* Ge (个) = တရုတ်စကားပြောမှာ သုံးလေ့ရှိတဲ့ စကားဆက် (ဥပမာ - တစ်ခု၊ တစ်ခါ)။

* Yi (义) = တရားမျှတမှု၊ သစ္စာတရား၊ ကောင်းမြတ်ခြင်း (Righteousness)။

မြို့စားမင်းက "ကျွန်တော်က ကျွမ်းကောရီ ပါ" လို့ ပြောလိုက်ပေမယ့်၊ ယဲ့ဖုန်းရဲ့ နားထဲမှာတော့ "ငါက တရားမျှတချင်ယောင် ဆောင်နေတာပါ" လို့ သွားကြားလိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် ယဲ့ဖုန်းက "သြော်... ဟန်ဆောင်ကောင်းလိုက်တာ (ဖြောင့်မတ်ချင်ယောင် ဆောင်နေတာကိုး)" လို့ ပြန်ပြောလိုက်တာပါ။ ]

ယဲ့ဖုန်း၏ မျက်နှာထား မှာ တဖြည်းဖြည်း ထူးဆန်းလာပြီး ပြောလိုက်လေသည်။

"တိုက်ဆိုင်လို့ ဒီနားက ဖြတ်သွားရင်း ချင်းဟွန်းကျန်းရန် သောင်းကျန်းနေတာ တွေ့လို့ ဝင်ရှင်းပေးလိုက်တာပါ... ကဲ... လူစုခွဲပြီး အိမ်ပြန်လို့ ရပါပြီ"

ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် တပည့်မ (၃) ယောက်ကို လက်ပြလိုက်ပြီး၊ အနည်းငယ် ပြန်လည် ပြည့်ဖြိုးလာသော သူရဲကောင်း ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ကောင်းကင်ယံသို့ ပျံတက်သွား၏။

"ဂိုဏ်းချုပ်ယဲ့ ကို နှုတ်ဆက်ပါတယ်.."

လူအုပ်ကြီး တပြိုင်နက်တည်း ဦးညွှတ်လိုက်ကြလေသည်။

တပည့်မ (၃) ယောက်လည်း ချင်းဖုန်းဓားပေါ် ခုန်တက်ပြီး အနောက်မှ ကပ်လိုက်သွားကြ၏။

ကောင်းကင်ယံတွင်၊

ကျိဇီလင်းက မေးလိုက်၏။

"ဂိုဏ်းချုပ်... ဒီမှာ ဘာလုပ်နေတာလဲဟင်"

ယဲ့ဖုန်း ဘေးဘီဝဲယာကို ကြည့်ပြီး ပြန်ဖြေလိုက်လေသည်။

"ငါ စိတ်ထဲမှာ မသိုးမသန့် ဖြစ်နေလို့... ဘယ်ကလာမှန်းတော့ မသိဘူး... ငါ့နောက်လိုက်ခဲ့ပြီး လိုက်ကြည့်ရအောင်... လမ်းမှာ ပြဿနာရှာနေတဲ့ နတ်ဆိုးသားရဲတွေ တွေ့ရင် ရှင်းပစ်ကြတာပေါ့"

"ဟုတ်ကဲ့"

တပည့် (၃) ယောက် ဓားစီးပြီး လိုက်ပါသွားကြ၏။

ယဲ့ဖုန်းသည် စောင့်ကြည့်ရေး စွမ်းရည်ကို အသုံးပြုလိုက်ရာ၊ အောက်ဘက်တွင် ထွက်ပြေးနေသော ဝက်ဝံနက် နတ်ဆိုး တစ်ကောင်ကို တွေ့လိုက်ရ၏။ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။

"မိပြီ.."

သူ အစွမ်းကုန် အရှိန်တင်ပြီး လိုက်ဖမ်းလေတော့သည်။

မြေပြင်ပေါ်တွင်၊ ယွမ်ရှောင် ရှေးဟောင်းမြို့တော်ကို တိုက်ခိုက်ရာတွင် တာဝန်ယူခဲ့သော၊ တစ်ဝက်တစ်ပျက် အသွင်ပြောင်း အဆင့်ရှိသည့် ဝက်ဝံနက် နတ်ဆိုးသည် နောက်လှည့်ကြည့်လိုက်ရာ၊ ယဲ့ဖုန်း လိုက်လာသည်ကို တွေ့လိုက်ရသဖြင့်၊ ကြောက်လွန်းလို့ အရှိန်တင်ပြီး ထွက်ပြေးလေတော့သည်။

"ပြေးချင်သေးတယ်ပေါ့.."

ယဲ့ဖုန်း ရယ်မောလိုက်ပြီး၊ မြေကြီးပေါ်သို့ ဆင်းသက်ကာ ခြေထောက်ဖြင့် အားကုန် ကန်လိုက်၏။

“ဘုန်း..”

မြေကြီး ကွဲအက်သွားပြီး၊ သူသည် ဓားဆွဲထုတ်လိုက်သကဲ့သို့ ရှေ့သို့ ပျံသန်းသွားကာ၊ မျက်တောင် တစ်ခတ်အတွင်း မီတာထောင်ချီ ရောက်ရှိသွားပြီး၊ ဝက်ဝံနက် နတ်ဆိုး အနီးသို့ ဆင်းသက်လိုက်၏။ ကြောက်မက်ဖွယ် အရှိန်အဝါများ လှိမ့်ဝင်လာကာ ဝက်ဝံနက် နတ်ဆိုး၏ ရင်ဘတ်ကို ရိုက်ခတ်လိုက်လေသည်။

"ဝေါ့.."

ဝက်ဝံနက် နတ်ဆိုး လွင့်စင်သွားပြီး သွေးအန်လိုက်ရ၏။

သူ နောက်လှည့်ပြီး ထွက်ပြေးရန် ပြင်လိုက်သော်လည်း၊ ယဲ့ဖုန်းက သူ့ရှေ့သို့ ရောက်နှင့်နေပြီ ဖြစ်လေသည်။

"ဘိုးဘေး... မသတ်ပါနဲ့... ကျွန်တော်က အမိန့်အတိုင်း လုပ်ရတာပါ.."

လွတ်လမ်း မရှိတော့ကြောင်း သိလိုက်ရသဖြင့်၊ ဝက်ဝံနက် နတ်ဆိုး ချက်ချင်း ဒူးထောက်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်လိုက်၏။

ယဲ့ဖုန်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားလေသည်။

"အမိန့်အတိုင်း ဟုတ်လား... ဘယ်သူ ခိုင်းတာလဲ"

တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲ တစ်ကောင်က မကြောက်စရာ ကောင်းပေ။

သို့တိုင်၊ အမိန့်နာခံသည့် တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲ တစ်ကောင် ဆိုရင်တော့... နောက်ကွယ်မှာ ပူးပေါင်းကြံစည်မှုကြီး ရှိနေနိုင်သည်။

ယဲ့ဖုန်း သံသယ ဝင်မိသည့် အချက်မှာ၊ သူ့ရဲ့ အန္တရာယ် အာရုံခံနိုင်စွမ်းက ဒီဝက်ဝံနက် နတ်ဆိုး နောက်ကွယ်က ကြိုးကိုင်သူနှင့် ဆက်စပ်နေနိုင်သည်... ပြီးတော့ ချင်းဟွန်းကျန်းရန် နောက်ကွယ်က ဂိုဏ်းနှင့်လည်း ပတ်သက်နေနိုင်ခြင်းပငိ။

"ကျွန်တော် မပြော... ပြောပါ့မယ်.."

ဝက်ဝံနက် နတ်ဆိုး ငြင်းဆန်ရန် ပြင်လိုက်သော်လည်း၊ ယဲ့ဖုန်းက ဘေးနားရှိ ကျောက်တုံးကြီးကို လက်ဝါးဖြင့် ရိုက်ခွဲလိုက်သည်ကို မြင်သောအခါ ချက်ချင်း လေပြောင်းလိုက်၏။

"နတ်ဆိုးမြို့တော်က နတ်ဆိုးဗိုလ်ချုပ် ခိုင်းတာပါ"

"နတ်ဆိုးမြို့တော်.."

ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုအချိန်တွင် ကျိဇီလင်းနှင့် အဖွဲ့ ရောက်ရှိလာကြပြီး၊ ဘေးတွင် ရပ်ကာ နားထောင်နေကြလေသည်။

"နတ်ဆိုးမြို့တော် ဆိုတာ ဘာလဲ"

ယဲ့ဖုန်း မေးလိုက်၏။

"နတ်ဆိုးမြို့တော် ဆိုတာ အရင်တုန်းက ကြယ်တစ်ပွင့်အဆင့် မြို့တော် ရွှေယန်မြို့ပါ... နတ်ဆိုးဘုရင်က မြို့ကို သိမ်းပိုက်ပြီး၊ သက်ရှိအားလုံးကို သတ်ဖြတ်ကာ၊ မိုင်တစ်ထောင် ပတ်လည်က နတ်ဆိုးတွေကို စုစည်းပြီး နတ်ဆိုးမြို့တော် တည်ထောင်လိုက်တာပါ... ဘေးပတ်လည်က ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းတွေကို ယှဉ်ပြိုင်ဖို့ပေါ့"

ဝက်ဝံနက် နတ်ဆိုးက သူသိသမျှ ပြောပြလိုက်၏။

"နတ်ဆိုးဘုရင်.."

ယဲ့ဖုန်း အသက်ရှူ ရပ်တန့်သွားမိသည်။

နတ်ဆိုးစစ်သည်တော် ၊ နတ်ဆိုးဗိုလ်ချုပ် ၊ နတ်ဆိုးဘုရင်၊ နတ်ဆိုးဧကရာဇ် ...

နတ်ဆိုးမျိုးနွယ်ရဲ့ နတ်ဆိုးဘုရင် ဆိုတာ ဝိညာဉ်ပင်လယ် အဆင့်နှင့် ညီမျှပြီး၊ ကြယ်နှစ်ပွင့်အဆင့် အင်အားစု တည်ထောင်နိုင်သော အဆင့်ပင်။ အကယ်၍၊ နတ်ဆိုးမြို့တော်မှာ နတ်ဆိုးဘုရင် ရှိနေလျှင်၊ အဘယ်ကြောင့် ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းတွေကိုပဲ ယှဉ်ပြိုင်နေရသနည်း။။

ဝိညာဉ်ပင်လယ် အဆင့် ရှိလျှင်၊ ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းတွေ ဆိုတာ အမှုန့်ကြိတ်ခံလိုက်ရမည်ပေါ့။

ထိုစဉ်၊ ဝက်ဝံနက် နတ်ဆိုးက နောက်ထပ် အရေးကြီး သတင်းအချက်အလက် တစ်ခုကို ဖွင့်ဟလိုက်၏။

"ကျွန်တော် ကောလာဟလပဲ ကြားဖူးတာပါ... နတ်ဆိုးဘုရင် ရှိမရှိ သေချာ မသိပါဘူး... ကျွန်တော်တို့လို တစ်ဝက်တစ်ပျက် အသွင်ပြောင်း ကောင်တွေက သိခွင့် မရှိပါဘူး... ကျွန်တော် သိတာကတော့ နတ်ဆိုးမြို့တော်မှာ နတ်ဆိုးဗိုလ်ချုပ်တွေ အများကြီး ရှိတယ် ဆိုတာပါပဲ... ကျွန်တော် မြင်ဖူးသလောက်ဆိုရင် (၁၀) ကောင် မကဘူး"

ပြောပြီးနောက် သူ တံတွေးမြိုချလိုက်ပြီး သတိထားကာ မေးလိုက်လေသည်။

"သခင်ကြီး... ကျွန်တော် သွားလို့ ရပြီလား"

"အင်း... သွားတော့"

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။

ဒါကို ကြားတော့ ကျားယွိလန် မျက်ခုံး အနည်းငယ် တွန့်သွားလေသည်။

ဝက်ဝံနက် နတ်ဆိုး ဝမ်းသာအားရ ဖြစ်သွားပြီး၊ မီတာ ဒါဇင်အနည်းငယ် ပြေးထွက်သွားကာ၊ မျက်လုံးထဲတွင် ယုတ်မာသော အရိပ်အယောင်များ ပေါ်လာ၏

စိတ်ထဲတွင် ကြိတ်၍ ပြောလိုက်လေသည်။

"နတ်ဆိုးမြို့တော် ပြန်ရောက်တာနဲ့ နတ်ဆိုးဗိုလ်ချုပ်ကို တိုင်ပြောပြီး စစ်တပ်ကြီး ခေါ်လာမယ်၊ မင်းတို့ကို အသေ သတ်ပစ်မယ်.."

“ရွှပ်..”

မိုးမခရွက် ပုံသဏ္ဍာန် ဓားပျံလေး တစ်လက်သည် ဝက်ဝံနက် နတ်ဆိုး၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီး၊ မြေကြီးပေါ်သို့ ခန္ဓာကိုယ် ပျော့ခွေ၍ လဲကျ သွားစေ၏။ ၎င်းမှာ မျက်လုံးများ ပြူးကျယ်လျက် သူ့ရှေ့တွင် ရပ်နေသော ယဲ့ဖုန်းကို ကြည့်လိုက်မိလေသည်။

"မင်း... မင်း ကတိမတည်ဘူး.."

နောက်ဆုံး စကားလုံး ပြောပြီးနောက်၊ ဝက်ဝံနက် နတ်ဆိုး နေရာမှာတင် အသက်ထွက်သွားလေတော့သည်။

"ငါက မင်းကို သွားခွင့်ပြုမယ်လို့ပဲ ပြောတာ... မသတ်ဘူးလို့ မပြောပါဘူး"

ယဲ့ဖုန်းသည် မိုးမခရွက် ဓားပျံလေးကို ပြန်ရုပ်သိမ်းလိုက်ပြီး၊ ဧရာမ သတ္တုသစ်ရွက်ပြားကြီး ထဲသို့ ပြန်လည် ထည့်သွင်းလိုက်လေတော့သည်။

All Chapters