အခန်း (၁၀၆-၁၀၈)
Vol. 8 Ch. 106-108
အခန်း (၁၀၆) - ဘယ်သူလဲ (၂)
~"အသက်ကြွေး... ဆုမျိုးနွယ် ဟုတ်လား"
ထိုစကားကို ကြားလိုက်ရသည့်အခိုက် ဇူချိုယန် တစ်ယောက် တုန်လှုပ်သွားမိချေ၏။
"ဒါဆို မင်းက ဇီယန်အာမခံဌာနက... ဆုမို ပေါ့"
စကားပြောနေရင်းဖြင့်ပင် သူ၏ ပါးစပ်ထောင့်စွန်းများမှ နီရဲသည့် သွေးများ စီးကျလာကာ တဟွတ်ဟွတ် အဆက်မပြတ် ချောင်းဆိုးနေမိလေ၏။ သူသည် အားယူ၍ မတ်တတ်ရပ်ရန် ကြိုးစားလိုက်သော်လည်း မရတော့။ ခန်းမအလယ်ရှိ ကုလားထိုင်ကြီးပေါ်သို့သာ ပြန်လည် ထိုင်ချလိုက်ရတော့သည်။
သူ သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ရင်း ခေါင်းမော့ကြည့်လိုက်မိ၏။
သူ့မြင်ကွင်းထဲတွင် ယန်ရှောင်ယွင်သည် နဂါးချောက်နက် တျန်ယွမ်လှံကို ဝှေ့ယမ်းကစားရင်း လူအုပ်ကြီးကြားထဲတွင် အတားအဆီးမဲ့ ဝင်ရောက်မွှေနှောက်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် မိန်းမသား တစ်ယောက် ဖြစ်သော်ငြား ယောကျာ်းရင့်မာများကိုပင် အနိုင်မပေးဘဲ တိုက်ခိုက်နေပုံမှာ ကြက်သီးထဖွယ် ကောင်းလှပါပေ၏။ သူမ၏ သိုင်းပညာကား ရွယ်တူတန်းတူများကြားတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေတော့၏။
တစ်ဖက်တွင်လည်း ဝေဇီယီသည် လန်ယွဲ့နန်းတော်တွင် နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံခဲ့သည့် အရှိန်အဝါများကို ထုတ်ဖော်
ပြသနေလေ၏။ သူမ၏ လခြမ်းကွေးဓားသိုင်းသည် အနှစ်သာရ အစစ်အမှန်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူမနှင့် ရင်ဆိုင်နေရသည့် အနက်ရောင်ဝတ် သိုင်းသမား
နှစ်ယောက်မှာ သေမင်းနှင့် စစ်ခင်းနေရသကဲ့သို့ ဖြစ်နေရှာသည်။
ပြီးတော့... သူ့ရှေ့မှောက်တွင် ရပ်နေသော ဆုမို။
ဒီလူငယ်က အမှန်တကယ် လှုပ်ရှားခြင်းပင် မရှိသေး။ သို့သော် သူ ဇူချိုယန် တစ်ယောက် အကြီးအကျယ် ဒဏ်ရာရနေခဲ့တော့၏။
'ဒီစစ်တုရင်ပွဲက... ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေမျိုး ရောက်သွားရတာလဲ... ငါ့အတွက် လမ်းပိတ်သွားပြီလား'
"ဟုတ်တယ်... ကျုပ်က ဆုမိုပဲ"
ဆုမိုသည် ခြေတစ်လှမ်းချင်း လှမ်းတက်လာရင်း အေးစက်စွာ ပြောလိုက်လေ၏။
"လော့ရှားမြို့က လမ်းကြားကျဉ်းလေးထဲမှာ... လော့ဖုန်း မဟာမိတ် ခေါင်းဆောင်ကြီး ဇူချိုယန်က သေရွာပြန် သရဲ လေးယောက်လွှတ်ပြီး ကျုပ်အသက်ကို လာယူခိုင်းခဲ့တယ်လေ... ဒီအသက်ကြွေးကို ခင်ဗျားကိုယ်တိုင် ဝန်ခံလိုက်ပြီဆိုတော့... ပြန်ဆပ်ဖို့ အချိန်တန်ပြီပေါ့"
ဇူချိုယန်သည် ဆုမိုကို တစ်ချက်မော့ကြည့်လိုက်၏။ ထို့နောက် ရုတ်တရက် ရူးသွပ်သူတစ်ယောက်နှယ် ခေါင်းမော့ကာ ဟားတိုက် ရယ်မောလိုက်လေတော့သည်။
"ဟားဟားဟား... ဟုတ်တယ်... ငါလုပ်တာကွ... ငါလုပ်တာ... ဒါပေမဲ့ ခေါင်းဆောင်ဆု... မင်းက ဒီအိမ်တော်ထဲမှာ ငါ့ကို သတ်နိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား"
စကားဆုံးသည်နှင့် သူသည် ကုလားထိုင်၏ လက်ရန်းကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်လေ၏။
"ဝုန်း"
တစ်ခဏချင်းမှာပင် သူ့နောက်ကျောဘက်ရှိ နံရံကြီးသည် ဘေးသို့ ကွဲအက်ပွင့်ဟသွားပြီး ကုလားထိုင်သည် နောက်သို့ လည်ထွက်သွားတော့သည်။ ဇူချိုယန်သည် လျှပ်တစ်ပြက်အတွင်း ခုန်ထွက်လိုက်ပြီး နံရံနောက်ကွယ်ရှိ လျှို့ဝှက်ဥမင်လမ်းကြောင်းထဲသို့ ဂျွမ်းပစ်ဝင်သွားလေတော့သည်။
မထင်မှတ်ထားသော အကွက်ကြောင့် ဆုမို အနည်းငယ် အံ့အားသင့်သွားမိ၏။ သို့သော် သူ၏ တုံ့ပြန်မှုက နှေးကွေးမနေခဲ့။ လေထဲသို့ ခုန်တက်လိုက်ရင်း လက်သီး တစ်လုံးကို အားကုန်ပစ်သွင်းလိုက်လေ၏။
"ဝုန်း"
သို့သော် လက်သီးလေအဟုန် ရောက်သွားချိန်တွင် ကုလားထိုင်က မူလနေရာသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သလို၊ နံရံကြီးကလည်း ပြန်ပိတ်သွားခဲ့တော့၏။ ဆုမို၏ လက်သီးစွမ်းအားသည် နံရံကိုသာ ဝင်ဆောင့်မိပြီး ခေါင်းလောင်းထိုးသံကဲ့သို့ ကျယ်လောင်သော အသံကြီး မြည်ဟိန်းသွားလေ၏။ နံရံပေါ်တွင်မူ လက်သီးရာကြီးတစ်ခု ထင်ကျန်ရစ်ခဲ့၏။
ဆုမိုသည် ကုလားထိုင်နားသို့ လျှောက်သွားလိုက်ပြီး ဇူချိုယန် လုပ်သွားသည့်အတိုင်း ကုလားထိုင်လက်ရန်းကို လိုက်စမ်းကြည့်လိုက်သည်။
ဘာမျှ တုံ့ပြန်မှုမရှိ။
သိသာလှသည်။ အခြားသော လျှို့ဝှက်ခလုတ်များ ရှိနေသေးသည်မှာ သေချာ၏။ အချိန်ပေးပြီး ရှာဖွေမည်ဆိုပါက တွေ့နိုင်သော်လည်း ယခုအချိန်တွင် သူ့၌ အချိန်မရှိတော့။
ဆုမို စိတ်မရှည်တော့ပေ။
'ရှုပ်ရှုပ်ယှက်ယှက်တွေကွာ... ခလုတ်ရှာမနေတော့ဘူး...'
သူသည် ကုလားထိုင်ကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်လိုက်ပြီး အားစိုက်လိုက်၏။ ကုလားထိုင်ခြေထောက်များသည် ကြမ်းပြင်ထဲသို့ တွဲဆက်မြှုပ်နှံထားကြောင်း တွေ့လိုက်ရသည်။
ဆုမို ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"တက်ခဲ့စမ်း..."
သူ့ပါးစပ်မှ အော်ဟစ်သံနှင့်အတူ သတ္တုများ ကွေးကောက်ပြတ်တောက်သံများ ဆက်တိုက် ထွက်ပေါ်လာလေတော့သည်။ ဆုမိုသည် ကြမ်းပြင်တွင် စိုက်ထားသော သတ္တုကုလားထိုင်ကြီးကို အတင်းအဓမ္မ ဆွဲနုတ်လိုက်ခြင်း ဖြစ်ပေ၏။
"ကျွီ... ဂျိ... ဂွပ်"
သံမဏိသန့်သန့်ဖြင့် ပြုလုပ်ထားသော ကုလားထိုင်ကြီးမှာ စက္ကူစုတ် တစ်ရွက်နှယ် စုတ်ပြဲသွားပြီး အတွင်းမှ ဂီယာများနှင့် ယန္တရား အစိတ်အပိုင်းများ ကြမ်းပြင်ပေါ်သို့ တဖြောက်ဖြောက် လွင့်စဉ်ကျလာလေ၏။
အနက်ရောင်ဝတ် သိုင်းသမားနှစ်ယောက်ကို ရှင်းလင်းပြီးခါစ ဝေဇီယီသည် ထိုမြင်ကွင်းကို လှမ်းကြည့်ရင်း နှုတ်ခမ်းများပင် တွန့်ရွသွားမိရှာသည်။
ဆုမို၏ ပုံစံက ကြွက်သားအဖုအထစ်များနှင့် ထွားကျိုင်းသူ မဟုတ်။ သိုင်းကွက် အသုံးပြုရာတွင်လည်း သိမ်မွေ့လှပသူ ဖြစ်သည်။ သို့သော် သူ၏ လှုပ်ရှားမှုတိုင်းက ကမ္ဘာမြေကြီးမှ ဖန်တီးလိုက်သော လူသားလက်နက်ကြီး တစ်ခုအလား ကြမ်းတမ်းလွန်းလှပေ၏။
တကယ်ကို ကြောက်စရာကောင်းလွန်းသည့် မြင်ကွင်းပါတကား။
"ဘုန်း"
ဆုမိုသည် လက်ထဲမှ ကုလားထိုင်အစုတ်ကြီးကို ဘေးသို့ ပေါ့ပေါ့ပါးပါး လွှင့်ပစ်လိုက်ပြီး နံရံဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ညာခြေကိုမြှောက်ကာ နံရံကို အားကုန် ဆောင့်ကန်ထည့်လိုက်လေတော့သည်။
"ဝုန်း"
ခန်းမဆောင်တစ်ခုလုံး သိမ့်သိမ့်တုန်သွားလေ၏။
ယန်ရှောင်ယွင်၏ တိုက်ခိုက်မှုအောက်တွင် ဖရိုဖရဲဖြစ်နေသော အစောင့်များသည် မူလက သေလျှင်သေပါစေဟူသော စိတ်ဓာတ်ဖြင့် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ သို့သော် ယခုကဲ့သို့ ဟိန်းညံသည့် အသံကြီးနှင့်အတူ ခန်းမကြီး တုန်ခါသွားသောအခါ သူတို့ခမျာ ကြောက်လန့်တကြား နောက်ဆုတ်သွားကြတော့သည်။ ခန်းမကြီး ပြိုကျပြီး အရှင်လတ်လတ် မြေမြှုပ်ခံရမည်ကို စိုးရွံ့သွားကြပုံရ၏။
ထိုအခြေအနေကို မြင်သည်နှင့် ယန်ရှောင်ယွင်သည် တိုက်ခိုက်နေမှုကို ရပ်တန့်လိုက်ပြီး ခန်းမထဲသို့ လျင်မြန်စွာ ပြေးဝင်လာလေ၏။
"ရှောင်မို..."
သူမ လှမ်းခေါ်လိုက်သည်။
ဆုမိုက နောက်သို့လှည့်ကာ သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။
"အပြင်မှာ စောင့်နေပါ..."
"အော်... အင်း"
ယန်ရှောင်ယွင်သည် ဘာမျှ ပြန်မပြောဘဲ ခေါင်းညိတ်လက်ခံလိုက်ပြီး သူမ၏ လှံကိုထမ်းကာ အပြင်ဘက်သို့ ပြန်ထွက်သွားလေ၏။
ဝေဇီယီမှာ ထိုမြင်ကွင်းကိုကြည့်ပြီး မျက်လုံးပြူးကာ မေးမိတော့သည်။
"ရှင်က သူဘာပြောပြော နားထောင်တာပဲလား"
"ဟင်..."
ယန်ရှောင်ယွင် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်သွားမိသည်။ သူမ ပြန်စဉ်းစားကြည့်လိုက်မှ ဤခရီးစဉ်တစ်လျှောက်လုံးတွင် ဆုမို ဘာပြောပြော သူမ ငြင်းဆန်ခြင်းမရှိဘဲ လိုက်လုပ်ခဲ့မိသည်ကို သတိထားမိလိုက်သည်။
'ငါ ဘယ်လိုဖြစ်သွားတာပါလိမ့်...'
သူမ ကိုယ့်စိတ်အခြေအနေကို ကိုယ်ပြန်သုံးသပ်မိသည်။ အစကတော့ သူမသည် ဘေးကနေ အကဲခတ်သူ သက်သက်သာ လုပ်မည်ဟု ရည်ရွယ်ခဲ့သည်။ မည်သည့် အကြံဉာဏ်မှ မပေးဘဲ ဆုမို အန္တရာယ်တွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ချင်ခဲ့သည်။ လိုအပ်မှသာ ဝင်ကူညီမည်ဟု တွေးခဲ့သည်။
ဒါ သူမရဲ့ မူလရည်ရွယ်ချက်။
သို့သော် လက်တွေ့တွင်ကား ဆုမိုသည် ဘယ်တော့မှ မဆင်မခြင် မလုပ်ခဲ့ပေ။ သူ့လုပ်ရပ်တိုင်း၊ သူ့စဉ်းစားတွေးခေါ်မှုတိုင်းက အကျိုးအကြောင်း ခိုင်လုံလွန်းနေသည်။ သူ့စကားနှင့် သူ့လုပ်ရပ်များက အပြစ်ပြောစရာမရှိအောင် ထူးချွန်လွန်းနေသည်။
မသိမသာပင် သူမသည် သူ့အမိန့်များကို အလိုအလျောက် နာခံမိရက်သား ဖြစ်နေခဲ့တော့၏။ ယခုဆိုလျှင် ဆုမို ပြောလိုက်သည်နှင့် သူမခေါင်းထဲတွင် ကိုယ်ပိုင်အမြင်ဆိုတာ မရှိတော့ဘဲ 'ဟုတ်ကဲ့' ဟု ပြောရန်သာ အသင့်ဖြစ်နေသည့် အခြေအနေသို့ ရောက်နေလေပြီ။
ထိုအချက်ကို သဘောပေါက်လိုက်သောအခါ သူမ စိတ်ဆိုးသွားခြင်းမရှိသည့်အပြင် ပျော်ရွှင်စွာဖြင့်ပင် တဟားဟား အော်ရယ်လိုက်မိတော့သည်။ သူမ ဝေဇီယီဘက်သို့လှည့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေ၏။
"သူက ကျွန်မရဲ့ အနာဂတ်ခင်ပွန်းလေ... သူပြောတာကို ကျွန်မက နားထောင်ရမှာ သဘာဝပဲ မဟုတ်ဘူးလား"
"....."
ဝေဇီယီ တစ်ယောက် ပြောစရာစကား ပျောက်ရှသွားတော့သည်။
ယန်ရှောင်ယွင် ခန်းမအပြင်ဘက်သို့ ထွက်သွားသည်ကို ကြည့်ရင်း သူမပါ လိုက်သွားရမလား၊ ခန်းမထဲ ဝင်ရမလား ဇဝေဇဝါ ဖြစ်နေစဉ်မှာပင်...
"ဝုန်း... ဝုန်း... ဝုန်း"
ဆက်တိုက်ဆိုသလို ကျယ်လောင်သော ကန်ကျောက်သံကြီး သုံးချက် ထွက်ပေါ်လာလေ၏။
တစ်ချက်ထက်တစ်ချက် ပိုမိုကျယ်လောင်လာပြီး ဆုမို၏ အားစိုက်ထုတ်မှု ပိုပြင်းထန်လာကြောင်း သိသာလှပေ၏။
ခိုင်ခံ့လှပါသည်ဆိုသော နံရံကြီးသည် ဆုမို၏ ခြေကန်ချက်များအောက်တွင် ရစရာမရှိအောင် ပျက်စီးသွားပြီး ကြီးမားသော အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားလေတော့သည်။
ဆုမိုသည် ချက်ချင်းပင် ထိုအပေါက်ထဲသို့ ခုန်ဝင်သွားလေ၏။ ဝေဇီယီ မျက်မှောင်ကြုတ်လိုက်မိသည်။ ဝင်ရကောင်းနိုးနိုး စဉ်းစားနေဆဲမှာပင် ယန်ရှောင်ယွင်သည် လှံကိုကိုင်လျက် သူမဘေးမှ ဖြတ်ကာ ဥမင်လမ်းကြောင်းထဲသို့ ဒုံးစိုင်းပြေးဝင်သွားလေတော့သည်။
ဝေဇီယီ၏ နှုတ်ခမ်းများ တွန့်ရွသွားပြန်သည်။
'တကယ့်ကို လင်သွားရာ မယားပါ ဆိုတာ ဒါမျိုးပဲ...'
သူမသည် လက်ထဲတွင် ဆွဲထားသော ကျန့်မင်ကို တစ်ချက်ငုံ့ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင်တော့ ထိုလူကို သယ်ဆောင်လျက် ဥမင်လမ်းကြောင်းထဲသို့ ဝင်ရောက်သွားလေတော့သည်။
ခန်းမအပြင်ဘက်တွင်မူ အလောင်းကောင်များ ပြန့်ကျဲနေပြီး၊ ကျန်ရစ်ခဲ့သော အစောင့်များမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဗျာများနေကြရှာသည်။ ခေါင်းဆောင်၏ အမိန့်အတိုင်း လိုက်လံတိုက်ခိုက်ရမလား၊ ဒီတိုင်းပဲ နေရမလား မဝေခွဲတတ်အောင် ဖြစ်နေကြလေတော့သတည်း။
အခန်း (၁၀၇) - ဘယ်သူလဲ (၂)
ယန်ရှောင်ယွင် တစ်ယောက်တည်းနှင့်ပင် သူတို့တစ်ဖွဲ့လုံးကို ကမောက်ကမဖြစ်ကာ ဖရိုဖရဲ ဖြစ်စေခဲ့တော့၏။ အတွင်းဘက်သို့ ဝင်သွားသည့် လူသားလက်နက်ကြီး၏ စွမ်းအားမှာမူ တွေးကြည့်ရုံနှင့်ပင် ကြောက်ခမန်းလိလိ ဖြစ်ရပေ၏။ ခုနက မြင်လိုက်ရသည့် ခြေကန်ချက်များသာ သူတို့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခဲ့ပါက အသက်ရှင်ကျန်ရစ်သူဟူ၍ ရှိတော့မည် မဟုတ်ပေ။
ထိုလူသားလက်နက်ကြီးနောက်သို့ လိုက်ပါသွားခြင်းသည် သေလမ်းကို ရှာဖွေခြင်းသာ ဖြစ်ပေလိမ့်မည်။
ထို့အပြင် ဇူချိုယန်ကိုယ်တိုင်ပင် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီ ဖြစ်ရာ သူတို့အနေဖြင့် အသက်နှင့်ရင်းကာ တိုက်ခိုက်နေရန် အကြောင်းပြချက် မရှိတော့ချေ။
ထိုသို့ တွေးတောနေကြစဉ်မှာပင် မျက်တောင်တစ်ခတ်အတွင်း ခြေသံများ ရောက်ရှိလာလေ၏။
ပထမဆုံး ရောက်ရှိလာသူမှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်၏။ သူ၏ လက်တွင် ဝတ်ဆင်ထားသော အနက်ရောင် လက်အိတ်များပေါ်၌ မခြောက်သွေ့သေးသော သွေးစက်များ စွန်းထင်းနေဆဲ။
သံမဏိလင်းယုန်/ သံလက်ဝါး ထျန်းရှန်ရင်း။
သူ၏ စူးရှသော အကြည့်များက အစောင့်များအပေါ် ဖြတ်သန်းသွားပြီးနောက် လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းပြလိုက်လေ၏။
"အကုန်လုံးကို ဖမ်းချုပ်လိုက်..."
သူ့အနောက်မှ လူများက ချက်ချင်းပင် ရှေ့သို့ ခုန်ထွက်လာကြလေ၏။ တိုက်ခိုက်လိုစိတ် ပျောက်ဆုံးနေပြီဖြစ်သော အစောင့်များသည် အချည်းနှီး အသက်မသေလိုကြသဖြင့် လက်နက်များကို ကြမ်းပြင်ပေါ်သို့ တစ်ချောင်းပြီးတစ်ချောင်း ပစ်ချကာ အညံ့ခံလိုက်ကြလေတော့သည်။
...
...
လျှို့ဝှက်ဥမင်လမ်းကြောင်းသည် အစပိုင်းတွင် နက်ရှိုင်းမလို ထင်ရသော်လည်း ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် ထွက်ပေါက်သို့ ရောက်ရှိသွားလေ၏။
"... ဟန်ပြသက်သက်ပါလား..."
ဆုမိုသည် အပြင်ဘက်တွင် ကင်းပုန်းဝပ်နေမည့်သူ ရှိမရှိ အာရုံခံရင်း သတိကြီးစွာဖြင့် ခုန်ထွက်လိုက်သော်လည်း အခန်းလွတ်တစ်ခုကိုသာ တွေ့လိုက်ရလေ၏။
သူ့နှုတ်ခမ်းများ တွန့်ရွသွားပြီး ခပ်ရေးရေး ပြုံးလိုက်မိသည်။
'ဒီအဘိုးကြီးကတော့... ကလေးကလား ဉာဏ်ဆင်မှုတွေနဲ့... ဒါပေမဲ့ ထွက်ပြေးတဲ့ နေရာမှာတော့ ဆရာကျသားပဲ...'
ဇူချိုယန် ဘယ်ဘက်သို့ ထွက်ပြေးသွားသနည်းဟု စဉ်းစားနေစဉ်မှာပင် ကြမ်းပြင်ပေါ်ရှိ လတ်ဆတ်သော သွေးစက်များကို မျက်လုံးထောင့်မှ သတိပြုမိလိုက်လေ၏။
သွေးစက်ရာများနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားရင်း မကြာမီမှာပင် အတွင်းဝင်းထဲရှိ အခြားအခန်းတစ်ခန်းသို့ ရောက်ရှိသွားလေ၏။
အခန်းတံခါးများက ပွင့်ဟလျက်သား။
တံခါးနှင့် တည့်တည့်တွင် စာကြည့်စားပွဲတစ်လုံး ရှိနေပြီး၊ ထိုစားပွဲရှေ့တွင် လူတစ်ယောက် ထိုင်နေလေ၏။ မျက်လုံးများကို မှိတ်ထားသော်လည်း နားထင်တစ်ခုလုံး ချိုင့်ဝင်နေပြီး အသက်ဝိညာဉ် ကင်းမဲ့နေခဲ့တော့၏။
ဇူချိုယန်...။
ဆုမို အခန်းထဲသို့ ခြေချလိုက်သည်နှင့် စားပွဲပေါ်တွင် တင်ထားသော မင်ရည်၊ စုတ်တံ၊ စာရွက်နှင့် မင်သွေးကျောက်တို့ကို တွေ့လိုက်ရ၏။ စာရွက်ပေါ်တွင် သွေးများ စွန်းထင်းနေပြီး စာလုံးများကို အလျင်စလို ရေးခြစ်ထားပုံ ရသည်။ အစပိုင်းတွင် ကြီးမားသော စာလုံးကြီး လေးလုံးကို တွေ့လိုက်ရ၏။
"နိုင်သူအရှင် ရှုံးသူကျွန်"
ထို့နောက် ဖရိုဖရဲ လက်ရေးဖြင့် ဆက်လက် ရေးသားထားသည်မှာ -
"ငါ့ကို ဘယ်သူမှ မသတ်နိုင်ဘူး... ငါ့ကိုယ်ငါပဲ သတ်မယ်!!!"
"......"
ဆုမိုသည် သေဆုံးနေသော ဇူချိုယန်၏ အလောင်းကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်၏။ ထို့နောက် စားပွဲပေါ်ရှိ စာများကို တစ်ချက် ဖတ်ကြည့်လိုက်ပြီး နှုတ်ခမ်းကို မဲ့လိုက်မိတော့သည်။
"ဒီလူက ရူးများနေလား မသိဘူး..."
"ဘယ်သူလဲ..."
ယန်ရှောင်ယွင်၏ အသံက အနောက်မှ ထွက်ပေါ်လာလေ၏။ သူမသည် တံခါးခုံကို ကျော်ဖြတ်ဝင်ရောက်လာရင်း ဇူချိုယန်၏ အလောင်းကို မြင်လိုက်ရသောအခါ ခြေလှမ်းများ တုံ့ခနဲ ရပ်သွားလေ၏။ ထို့နောက် ဆုမို၏ ဘေးတွင် ရပ်လိုက်ပြီး နှစ်ယောက်သား ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိကြသည်။
နောက်ဆုံးမှ ဝင်ရောက်လာသူမှာ ဝေဇီယီ ဖြစ်လေ၏။
"သေသွားပြီလား..."
ဝေဇီယီသည် အလောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် စာရွက်ပေါ်မှ စာများကို ဖတ်လိုက်မိသောအခါ ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်လေ၏။
"အဖမ်းမခံဘဲ အသေခံသွားတယ်ပေါ့... သူ့နည်းသူ့ဟန်နဲ့တော့ ယောက်ျားပီသတဲ့ သူပဲ..."
သူမ လက်ဆွဲထားသော ကျန့်မင်သည်လည်း ဇူချိုယန်၏ အလောင်းကို ကြည့်ရင်း မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်လာလေ၏။ တစ်စုံတစ်ခုကို ပြန်လည်အမှတ်ရသွားသကဲ့သို့ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။
"သူက ငါတို့ကို မသတ်နိုင်မှတော့... သူ့လမ်းဆုံးသွားပြီလေ..."
"သူများလက်ထဲ အဖမ်းခံရပြီး ကိုယ့်ကံကြမ္မာကို ကိုယ်မဖန်တီးနိုင်တဲ့ အဖြစ်မျိုး အရောက်မခံချင်လို့... ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာပဲ... ဒါကလည်း မဆိုးလှပါဘူးလေ..."
ထိုစဉ်၊ ယန်ရှောင်ယွင် သက်ပြင်းချလိုက်ပြီး ဆုမိုကို လှမ်းကြည့်လိုက်သည်။
"ရှောင်မို... ဒါဆိုရင် ငါတို့ကိစ္စ ပြီးသွားပြီပေါ့နော်..."
ဆုမိုသည် အလောင်းကို စိုက်ကြည့်ရင်း တစ်စုံတစ်ခုကို လေးနက်စွာ စဉ်းစားနေပုံရသည်။ သူ ခေါင်းကို အသာအယာ ညိတ်ပြလိုက်သော်လည်း စကားတစ်ခွန်းမျှ မပြောပေ။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ ခြေသံများ နီးကပ်လာသောကြောင့်ပင်။
ထျန်းရှန်ရင်း ရောက်ရှိလာခြင်း ဖြစ်လေ၏။
သူ၏ အကြည့်များက ဆုမိုတို့ သုံးယောက်အပေါ် တစ်ယောက်ချင်းစီ ဖြတ်သန်းသွားပြီးနောက် နောက်ဆုံးတွင် ဇူချိုယန်၏ အလောင်းပေါ်၌ ရပ်တန့်သွားလေ၏။
"ပြတ်သားစွာပဲ သေဆုံးသွားခဲ့တာကိုး..."
သူ့အသံက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဆုမိုတို့ သုံးယောက်ဘက်သို့ လှည့်ကာ အရိုအသေပြုလိုက်လေ၏။
"ဆရာတို့... မြို့စားမင်းက ခင်ဗျားတို့ကို တွေ့ချင်နေပါတယ်..."
ဝေဇီယီက ခေါင်းညိတ်လိုက်ပြီး ဆုမိုဘက်သို့ လှည့်ကြည့်လိုက်၏။
"မလိုပါဘူး..."
ဆုမို ခေါင်းခါလိုက်ပြီး ဝေဇီယီကို ကြည့်ကာ ပြောလိုက်လေ၏။
"သခင်မလေး ဝေ... ကျွန်တော်တို့ရဲ့ ခရီးစဉ်က ဒီမှာပဲ အဆုံးသတ်သွားပါပြီ... ဒီလို ကြီးကျယ်ခမ်းနားတဲ့ ဇာတ်သိမ်းခန်းမျိုး ရလိုက်တာကိုပဲ ကျွန်တော်အနေနဲ့ အရမ်း ကျေနပ်နေပါပြီ..."
"ဒါက..."
ဝေဇီယီ အနည်းငယ် အံ့အားသင့်သွားပြီးနောက် သတိထားကာ မေးလိုက်၏။
"ခေါင်းဆောင်ဆု... မြို့စားမင်းဟွာနဲ့ ကျွန်မရဲ့ ပတ်သက်မှုကို ရှင်းမပြခဲ့လို့... ကျွန်မကို အပြစ်တင်နေတာလား..."
ထိုအခါ၊ ဆုမိုက ဝေဇီယီကို ထူးဆန်းသလို ကြည့်လိုက်ပြီး ရယ်လိုက်လေတော့သည်။
"ဟာ... သခင်မလေး ဝေကလည်းဗျာ... ဘယ်က အတွေးတွေ ဝင်နေတာလဲ... ဒီကိုလာတာက ဟိုတုန်းက လမ်းကြားလေးထဲမှာ လုပ်ကြံခံရတဲ့ အကြွေးကို ပြန်တောင်းဖို့ သက်သက်ပါပဲ... ခင်ဗျားက ကျွန်တော့်ရန်သူကို ရှာဖွေပေးဖို့ ဒီလောက်တောင် ကြိုးစားပေးခဲ့တာ... ကျွန်တော်က ကျေးဇူးတင်လို့တောင် မဆုံးသေးဘူး... ဘယ်လိုလုပ် အပြစ်တင်ရမှာလဲ..."
"ဒါပေမဲ့... အစ်မယွင်နဲ့ ကျွန်တော် ဒီကိုရောက်ဖို့ ဖြတ်သန်းခဲ့ရတဲ့ ခရီးလမ်းက သိပ်တော့ မချောင်ခဲ့ဘူးလေ... အခု အိမ်မက်ဆိုးကြီး ပြီးဆုံးသွားပြီဆိုတော့... လက်စားချေနိုင်လိုက်ပေမဲ့ လူက တော်တော်လေး ပင်ပန်းနေပြီဗျ..."
"ပြန်စဉ်းစားကြည့်ရင်... ဒီကိစ္စတွေ ဖြစ်နေတာ နှစ်လနီးပါးလောက်တောင် ရှိနေပြီပဲ... တကယ်ကို နွမ်းနယ်နေပြီဗျာ..."
"ဒီလို ပုံစံမျိုးနဲ့ မြို့စားမင်းဟွာကို သွားတွေ့ရင် ရိုသေမှု မရှိသလို ဖြစ်နေလိမ့်မယ်... ဒါကြောင့် နောက်မှ အားတဲ့အချိန်ကျမှပဲ မြို့စားမင်းဟွာကို လူကိုယ်တိုင် လာပြီး တောင်းပန်ပါတော့မယ်..."
ဝေဇီယီသည် ဆုမို၏ စကားများတွင် ရိုးသားမှုကို ခံစားလိုက်ရသဖြင့် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်လေ၏။
"ကောင်းပါပြီရှင်... ကျွန်မကို အပြစ်မတင်ဘူးဆိုရင် ပြီးတာပါပဲ... ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မမှာလည်း ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေလို့ပါ... ကျွန်မ အားတဲ့အချိန်ကျရင် ဇီယန်အာမခံဌာနကို ကိုယ်တိုင်လာပြီး ခေါင်းဆောင်ဆုကို တောင်းပန်ပါ့မယ်..."
"အားနာစရာကြီးဗျာ..."
ဆုမိုသည် ယန်ရှောင်ယွင်ကို တွဲခေါ်လိုက်ရင်း လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။
"ကဲ... တောင်တွေက မပြိုလဲသလို ရေတွေကလည်း စီးဆင်းနေဦးမှာပါ... နောင်မှ ပြန်ဆုံကြတာပေါ့ဗျာ"
"ပြန်ဆုံကြတာပေါ့ရှင်..."
ဝေဇီယီက ပြန်လည် အရိုအသေပြုလိုက်ချိန်တွင် ကျန့်မင်ခမျာ ကြမ်းပြင်ပေါ်သို့ "ဘုန်း" ခနဲ ပြုတ်ကျသွားပြီး ညည်းညူသံ ထွက်ပေါ်လာသည်။ နာကျင်မှုကြောင့် လူးလိမ့်နေသော်လည်း စကားတစ်ခွန်းမျှ ဟမပြောရဲရှာပေ။
တစ်ချိန်က 'ဆောင်းဦးမိုးစက်၊ ဝိညာဉ်လိုက်ပွဲ၊ ညဉ့်နက်ဥက္ကာပျံ' ဟု ကျော်ကြားခဲ့သူမှာ ယခုအခါ သနားစဖွယ် သတ္တဝါ တစ်ကောင်အဖြစ်သို့ ရောက်ရှိနေခဲ့တော့၏။
ဆုမိုသည် ချက်ချင်းပင် လှည့်ထွက်လိုက်ပြီး ယန်ရှောင်ယွင်ကို ခေါ်ဆောင်ကာ ကိုယ်ဖော့ပညာကို အသုံးပြုလျက် ခုန်ပျံကျော်လွှားရင်း အဝေးသို့ ထွက်ခွာသွားလေတော့သည်။
ထိုအခါမှ၊ ထျန်းရှန်ရင်းသည် ဝေဇီယီကို ကြည့်ကာ လေသံတိုးတိုးဖြင့် ကပ်ပြောလိုက်၏။
"ဒီလူရဲ့ သိုင်းပညာက သာမန်မဟုတ်ဘူးနော်... ကျွန်တော်တို့သာ သူ့ကို အသုံးချနိုင်မယ်ဆိုရင်..."
"အဲ့ဒီအတွေးကို ခေါင်းထဲကနေ လုံးဝ ထုတ်ပစ်လိုက်စမ်းပါ..."
ဝေဇီယီ၏ မျက်နှာထားက ချက်ချင်း မည်းမှောင်သွားလေ၏။
"ဒီလူ့အကြောင်းကို မြို့စားမင်းဟွာကို ငါကိုယ်တိုင် ရှင်းပြလိုက်မယ်..."
"ဒါက... သခင်မလေး သူ့ကို တော်တော်လေး အထင်ကြီးနေပုံပဲ..."
"အထင်ကြီးတာ ဟုတ်လား..."
ဝေဇီယီက နှုတ်ခမ်းကို မဲ့လိုက်ရင်း တုံ့ပြန်လိုက်လေ၏။
"ငါ သူ့ကို ကြောက်နေတာ..."
ယူချွမ်ဂိုဏ်း၏ အမိန့်သခင် သုံးယောက်လုံးကို ဆုမို သတ်ဖြတ်ခဲ့သည့် ပုံရိပ်များကို ပြန်လည်တွေးမိတိုင်း ဝေဇီယီ၏ ရင်ထဲတွင် အရိုးခိုက်မတတ် ကြောက်ရွံ့မှုများ စိမ့်ဝင်လာရစမြဲပင်။
ယခုလက်ရှိ သိုင်းလောကတွင်... ထိုဓားချက်ကို ဘယ်သူ တောင့်ခံနိုင်မည်နည်း။
အခန်း (၁၀၈) - ဘယ်သူလဲ (၃)
~ဝေဇီယီ ကိုယ့်ကိုယ်ကို ပြန်လည် မေးခွန်းထုတ်မိလေ၏။ သူမ မစွမ်းဆောင်နိုင်။ ဟွာချန်ယွီလည်း စွမ်းဆောင်နိုင်မည် မဟုတ်။
သူမ၏ အဘိုးဖြစ်သူ ဝေရူဟန်ဆိုလျှင်ကော...။ ငယ်ရွယ်စဉ်ကာလကတော့ မပြောတတ်။ ယခုအချိန်တွင်မူ ထိုဓားချက်အောက်၌ တစ်ချက်တည်းနှင့် အသက်ပျောက်သွားမည်မှာ သေချာလှပေ၏။
စည်းကမ်းဥပဒေများကို ဂရုမစိုက်၊ မြို့လေးမြို့၊ မြစ်သုံးသွယ်နှင့် ပင်လယ်အော်နှစ်ခုမှ လူတို့၏ အသက်ကိုလည်း ပမာမထားဘဲ လော့ဖုန်းမဟာမိတ်အဖွဲ့ တစ်ခုလုံးကို တစ်ယောက်တည်း ဖျက်ဆီးပစ်နိုင်သူ...။
ထိုကဲ့သို့ လူစားမျိုးကို အသုံးချမည်တဲ့လား။ သူမအတွက် အလုပ်လုပ်ပေးအောင် ခိုင်းစေမည်တဲ့လား။
ထိုသို့သော အတွေးမျိုး ဝင်လာသူသည် သေလမ်းကို ရှာဖွေနေခြင်းသာ ဖြစ်ချေမည်။
ထျန်းရှန်ရင်းခမျာ ဝေဇီယီ၏ နှုတ်မှ ထိုစကားမျိုး ထွက်ပေါ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့သဖြင့် ကြက်သေသေကာ ရပ်တန့်နေမိရှာသည်။
သူ တစ်စုံတစ်ခု ထပ်ပြောချင်သော်လည်း ဝေဇီယီက လက်ကာပြလိုက်လေ၏။
"တော်လိုက်တော့... ဒီကိစ္စ ဒီမှာတင် ရပ်လိုက်ကြစို့... မြို့စားမင်းဟွာဆီကိုသာ ခေါ်သွားပေးတော့"
"ဟုတ်ကဲ့ပါ"
ထျန်းရှန်ရင်းလည်း ဘာမှဆက်မပြောရဲတော့ဘဲ ခေါင်းညိတ်ဝန်ခံကာ ရှေ့မှ လမ်းပြခေါ်ဆောင်သွားလေတော့သည်။
...
...
ထျန်းယွီမြို့ရှိ သာမန်ပြည်သူများအတွက်မူ ဤညသည် ထူးခြားခြင်းမရှိသော ညတစ်ညသာ ဖြစ်ချေ၏။
ဓားခုတ်သံများ၊ သတ်ဖြတ်သံများ ထွက်ပေါ်နေသော်လည်း ပွဲလမ်းသဘင်တစ်ခုကဲ့သို့သာ ထင်မှတ်နေကြသည်။
ဤကဲ့သို့ ခေတ်ပျက်ကြီးထဲတွင် နေထိုင်ရသူများအဖို့ ထိုဆူညံသံများသည် စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စမဟုတ်တော့။
သို့သော်... ဆဋ္ဌမမြောက် မဟာမိတ်ခေါင်းဆောင် ဇူချိုယန်၏ လက်အောက်ငယ်သားများအတွက်မူ ထိုညသည် အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်နေလေတော့သည်။
ဟွာချန်ယွီသည် ဇူချိုယန်က သစ္စာဖောက် ကျန့်မင်ကို လျှို့ဝှက်လက်ခံထားပြီး လော့ဖုန်းမဟာမိတ်အဖွဲ့အတွင်း ပြည်တွင်းစစ်ဖြစ်အောင် လှုံ့ဆော်သည်ဟူသော ခေါင်းစဉ်တပ်ကာ ဇူချိုယန်၏ အင်အားစုအားလုံးကို လျှပ်စီး ဝင်းလက်သလို ရှင်းလင်းသုတ်သင်လေတော့သည်။
ဓားချက်က လျင်မြန်၏။ လုပ်ရပ်က ပြတ်သား၏။ ယတိပြတ် အမြစ်ဖြတ် ချေမှုန်းနေခြင်း ဖြစ်ပေ၏။
*
ထိုအချိန်... လမ်းကြားကျဉ်းလေး တစ်ခုထဲတွင် လူတစ်ယောက် စိုးရိမ်တကြီး ပြေးလွှားနေလေ၏။
ထိုသူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာကိုလည်း ဖုံးကွယ်ထား၏။
သူသည် ရံဖန်ရံခါ အမှောင်ထဲတွင် ပုန်းအောင်းလိုက်၊ အခြေအနေကို အကဲခတ်လိုက်နှင့် ဘေးကင်းကြောင်း သေချာမှသာ ခရီးဆက်နေရရှာသည်။
ယနေ့ညတွင် နေရာတိုင်း၌ လက်နက်သံများ ဆူညံနေပြီး ခေါင်မိုးများနှင့် တံစက်မြိတ်များပေါ်တွင် ခုန်ပျံကျော်လွှား ပြေးလွှားနေသူများကို ရံဖန်ရံခါ တွေ့မြင်နေရပေ၏။
မည်သည့် လမ်းထောင့်တွင် အလောင်းကောင်များ လတ်လတ်ဆတ်ဆတ် ကျန်ရစ်နေခဲ့သည်ကို မည်သူမျှ မသိနိုင်။
သူသည် မှောင်မိုက်သော လမ်းကြားလေးများအတိုင်း လျှောက်လှမ်းလာရင်း အရိပ်ကျသော ထောင့်တစ်နေရာသို့ ရောက်သောအခါမှ သက်ပြင်းတစ်ချက် မှုတ်ထုတ်နိုင်တော့သည်။
အဝေးမှ ဆူညံသံများကို လှမ်းကြည့်ရင်း သူ့မျက်လုံးများထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေလေ၏။
"ဟွာချန်ယွီ... ဝေရူဟန်... အဟွတ်... အဟွတ်..."
စကားပင် မဆုံးလိုက်၊ ပြင်းထန်စွာ ချောင်းဆိုးလိုက်မိပြီး ပါးစပ်ထောင့်စွန်းမှ သွေးလတ်လတ်ဆတ်ဆတ်များ စီးကျလာလေ၏။ သူသည် လက်ဝါးဖြင့် အမြန်ပိတ်ကာ ဟန့်တားလိုက်သော်လည်း လက်ဝါးပြင်တစ်ခုလုံး သွေးများဖြင့် ရဲရဲနီသွားသည်ကို ကြည့်ရင်း မျက်နှာထားက မည်းမှောင်သွားပြန်သည်။
"ဝေဇီယီ... ပြီးတော့... ဆုမို..."
"မင်းတို့ တစ်ယောက်ချင်းစီတိုင်း... ဘယ်သူမှ လွတ်မယ် မထင်နဲ့..."
"တစ်နေ့ကျရင်... ဒီနေ့ ငါခံစားခဲ့ရတဲ့ အရှက်တကွဲ အကျိုးနည်းဖြစ်မှုတွေ၊ နာကျင်မှုတွေကို... မင်းတို့အားလုံးဆီ ပြန်ပေးဆပ်စေရမယ်..."
"ဟုတ်လို့လား..."
"ဘယ်အချိန်ကျမှလဲ..."
စကားနှစ်ခွန်း ထွက်ပေါ်လာသည်နှင့် ထိုလူ၏ လည်ပင်းကို တစ်စုံတစ်ရာက လာရောက်ညှစ်ကိုင်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ နောက်တစ်ခဏ၌ သူသည် စဉ်းစားမနေတော့ဘဲ လျှပ်တစ်ပြက် လှည့်ကြည့်ကာ လက်ညှိုးနှစ်ချောင်းဖြင့် ထိုးစိုက်လိုက်လေတော့သည်။
သို့သော် သူ၏ လက်ညှိုးအားအဟုန် ကျရောက်သွားသည့်နေရာ၌ လေဟာနယ်သာ ရှိနေ၏။
ထိုအသံက သူ့အနောက်ဘက်ဆီမှ ထပ်မံ ထွက်ပေါ်လာပြန်သည်။
"ဆဋ္ဌမမြောက် မဟာမိတ်ခေါင်းဆောင် ဇူချိုယန်က လွန်ခဲ့တဲ့နှစ်တွေတုန်းက ထျန်းရှင်းဂိုဏ်းကို ဝင်ရောက်ခဲ့စဉ်ကတည်းက ပညာပါလာခဲ့ပြီးသားလို့ ပြောသံကြားဖူးတယ်... ဒါပေမဲ့ အံ့ဩစရာကောင်းတာက 'ကြယ်တာရာငယ် လက်ညှိုးသိုင်း' ကို မကျွမ်းကျင်ခင်မှာ ဓားသိုင်းကို အရင် လေ့ကျင့်ခဲ့တာကိုး..."
အနက်ရောင်ဝတ်ရုံနှင့်လူမှာ သေဆုံးသွားပြီဟု ထင်မှတ်ထားသော ဇူချိုယန်မှလွဲ၍ တခြားသူ မဟုတ်ပါချေ။
သူသည် တင်းမာခက်ထန်သော မျက်နှာထားဖြင့် ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
"မင်းက ဘယ်သူလဲ..."
စကားပင် မဆုံးသေး၊ သူသည် ကိုယ်ကို လှည့်လိုက်ရင်း လက်ညှိုးနှစ်ချောင်းကို ဓားတစ်လက်သဖွယ် ဝှေ့ယမ်းပိုင်းဖြတ်လိုက်သည်။
သို့သော် သူ့မြင်ကွင်းထဲတွင် အနက်ရောင်ဝတ် လူတစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုလူသည် တစ္ဆေသရဲတစ်ကောင်အလား သူ၏ ဓားလက်ညှိုးအရှိန်အဝါ ဘေးမှနေ၍ ပြီးပြည့်စုံစွာ ရှောင်တိမ်းလိုက်လေ၏။ ထိုလူ၏ ပုံရိပ်မှာ တည်ငြိမ်လှုပ်ရှားခြင်းမရှိဘဲ မျက်တောင်တစ်ခတ်အတွင်း သုံးမီတာအကွာသို့ ရောက်ရှိသွားလေတော့သည်။
ဇူချိုယန် အာရုံစိုက် ကြည့်လိုက်သောအခါ ထိုလူသည် သူ့မျက်စိအောက်မှ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။
"ငါက ဘယ်သူလဲ ဟုတ်လား..."
ထိုအသံ ထပ်မံ ထွက်ပေါ်လာပြန်၏။ ဒီတစ်ကြိမ်တွင်မူ အနည်းငယ် အားမလိုအားမရဖြစ်သော လေသံ ပါဝင်နေလေ၏။
"ငါက သေမင်း ခေါ်နေတဲ့ လူတစ်ယောက်ပါ... မကြီးပြင်းသေးတဲ့ ကလေးတစ်ယောက် ရှိနေသေးလို့သာ အခုထိ အသက်ရှင်နေရတာ... မူလကတော့ သူ့အတွက် ချမ်းသာကြွယ်ဝမှုနဲ့ ငြိမ်းချမ်းမှုကို ချန်ထားခဲ့ပေးဖို့ စီစဉ်ထားတာပါ... ဒါပေမဲ့ မထင်မှတ်ထားတာက မင်းတို့လူစုက သူ့ကို ပစ်မှတ်ထားလာတာပဲ..."
ဇူချိုယန်၏ နားရွက်များ လှုပ်ခါသွားပြီး ထိုလူ ရှိနေသည့် နေရာကို အတိအကျ သိလိုက်ရသည်။ သူသည် ရုတ်တရက် နောက်သို့ လှည့်လိုက်ရာ ထိုလူမှာ သူနှင့် လက်တစ်ကမ်း အကွာအဝေးတွင် ရှိနေသည်ကို တွေ့လိုက်ရ၏။
သူသည် ရှေ့သို့ ကိုင်းညွှတ်လိုက်ပြီး မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်များ တောက်ပလာလေ၏။
ဇူချိုယန် တုန်လှုပ်အံ့အားသင့်သွားသည့် တစ်ခဏအတွင်းမှာပင် လက်ဝါးနှစ်ဖက်ကို လှန်လိုက်ပြီး လက်ဝါးစွမ်းအားများကို စုစည်းကာ အားကုန် တွန်းထုတ်လိုက်လေတော့သည်။
အနက်ရောင်ဝတ် လူပုဂ္ဂိုလ်ကြီးကမူ မတုန်မလှုပ် ရပ်နေပြီး ထိုလက်ဝါးနှစ်ဖက်ကို သူ့ရင်ဘတ်အား လာရောက်ရိုက်ခတ်ခွင့် ပြုလိုက်လေ၏။
"ဘုန်း"
သို့သော် ဇူချိုယန်၏ မျက်နှာထားမှာ ရုတ်ချည်း ပျက်ယွင်း
သွားလေတော့သည်။
သူ အသုံးပြုလိုက်သည်မှာ 'မဟာ ကြယ်တာရာ လက်ဝါးသိုင်း' ဖြစ်ပြီး လက်ဝါးလေအဟုန်တွင် သူ၏ ဆန်းကြယ်သော အတွင်းအားများ ပါဝင်နေသဖြင့် ပြိုင်ဘက်၏ သွေးကြောများကို ပျက်စီးသွားစေရမည် ဖြစ်သည်။
သို့သော် ယခုလက်ရှိတွင်မူ သူ၏ လက်ဝါးများ ရိုက်ခတ်မိလိုက်ချိန်၌ လေဟာနယ်ကို ရိုက်မိလိုက်သကဲ့သို့ ခံစားလိုက်ရပြီး အစိုင်အခဲ တစ်ခုကို ထိတွေ့လိုက်ရခြင်း မရှိပေ။
ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် ကြီးမားလှသော စွမ်းအား တစ်ခု ပြန်ကန်ထွက်လာသည်ကို ခံစားလိုက်ရလေ၏။
"ဝုန်း"
သူသည် ချက်ချင်းပင် လေထဲသို့ လွင့်စဉ်သွားပြီး လမ်းကြားနံရံနှင့် အရှိန်ပြင်းစွာ ဝင်ဆောင့်မိလေတော့သည်။
မြေကြီးပေါ်သို့ လှိမ့်ကျလာရင်း ပါးစပ်ထဲမှ သွေးတစ်လုပ်ကို အောင့်အီးမထားနိုင်တော့ဘဲ ထွေးထုတ်လိုက်ရရှာ၏။
"ဝေါ့"
ခေါင်းပင် မမော့နိုင်သေးခင်မှာပင် ခြေထောက်တစ်စုံက သူ့ရှေ့သို့ ရောက်ရှိလာတော့၏။ သူ မော့ကြည့်လိုက်သောအခါ အနက်ရောင်ဝတ် လူပုဂ္ဂိုလ်ကြီးက ပုရွက်ဆိတ် တစ်ကောင်ကို ငုံ့ကြည့်နေသကဲ့သို့ သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။
"သူ ကြီးပြင်းလာဖို့အတွက် ငါက သဲသဲလှုပ် ဂရုစိုက်ပြီး ပျိုးထောင်ပေးနေရတာ... သူက ဘာမှ မဟုတ်ပေမဲ့... ဘေးကင်းပြီး ပျော်ရွှင်နေတာကို မြင်ရရင်ပဲ ငါ့စိတ်ထဲမှာ ပျော်ရွှင်ရတယ်..."
"ငါက ဒီလောက်တောင် တယုတယ ကာကွယ်ပေးထားတာကို... မင်းက ဘာအခွင့်အရေးနဲ့ သူ့ကို သတ်ရဲရတာလဲ..."
"ဇူချိုယန်... အသက်ရှင်ရတာ ငြီးငွေ့နေပြီလား"
"ကျွန်... ကျွန်တော် မသိပါဘူး... သူ့မှာ အကာအကွယ်ပေးမယ့်သူ ရှိမှန်း မသိခဲ့ပါဘူး... နေ... နေပါဦး... ခင်ဗျား ဘယ်သူ့ကို ပြောနေတာလဲ... ခင်ဗျားက တကယ်တမ်း ဘယ်သူလဲ"
ဇူချိုယန် ရူးမတတ် ဖြစ်နေရှာလေပြီ။
ဒီလို သိုင်းပညာရှင်က ဘယ်ကနေ ရောက်လာတာလဲ။
မြို့လေးမြို့၊ မြစ်သုံးသွယ်၊ ပင်လယ်အော်နှစ်ခု နယ်မြေတစ်ခွင်လုံးမှာ ဒီလိုလူစားမျိုး ဘယ်မှာ ရှိလို့လဲ။
ဒီနေ့ ဆုမို ထုတ်သုံးသွားသည့် သိုင်းပညာတွေက လူတွေကို အံ့အားသင့်စေဖို့ လုံလောက်နေခဲ့ပြီ ဖြစ်သည်။
ဒီလူရဲ့ အတွင်းအားက ဆုမိုနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ မသိနိုင်သေးပေမဲ့... သူ့ရဲ့ ဆန်းကြယ်မှုတွေကတော့ ဆုမိုရဲ့ စွမ်းရည်တွေထက် အများကြီး သာလွန်နေပါရောလား...
သို့သော်၊ ဒီလူက စကားကို ပဟေဠိဆန်ဆန် ပြောနေတော့ ဘယ်သူ့ကို ဆိုလိုမှန်း နားမလည်နိုင်အောင် ဖြစ်နေရသည်။
"သူ ပြောနေတဲ့လူက... ကျုပ် ဖြစ်လောက်တယ်ဗျ"
ထိုစဉ် နံရံပေါ်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေ၏။
ဇူချိုယန် အလိုအလျောက် မော့ကြည့်လိုက်ရာ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး မျက်ဝန်းထဲတွင် မျှော်လင့်ချက်မဲ့ခြင်းများ ပြည့်နှက်သွားလေတော့သည်။
အဘယ်ကြောင့်ဆိုသော် စကားပြောလိုက်သူမှာ ဆုမို ဖြစ်နေသောကြောင့်ပင်။
ဆုမိုသည် နံရံပေါ်တွင် ခြေထောက်များကို တွဲလောင်းချကာ ထိုင်နေပြီး ဓားသေတ္တာကို ဒူးပေါ်တွင် တင်ထားလေ၏။ သူ့မျက်လုံးများက အနက်ရောင်ဝတ် လူပုဂ္ဂိုလ်ကြီးကို ထူးဆန်းစွာ စိုက်ကြည့်ရင်း ပြောလိုက်လေ၏။
"ဒါပေမဲ့... ကျုပ်မှာလည်း ဦးလေးဇူလိုပဲ မေးခွန်းတစ်ခု ရှိနေတယ်... စီနီယာက တကယ်တမ်း ဘယ်သူများလဲဗျ"