အခန်း (၁၁၂-၁၁၄)
Vol. 8 Ch. 112-114
အခန်း (၁၁၂) - သိုင်းလောကသား
~ဟွာချန်ယွီ၏ ပန်းကိုင်းညှပ်နေသော လက်မှာ အနည်းငယ်မျှ ရပ်တန့်သွားလေ၏။
သူမသည် အကြည့်များကို မော့လိုက်ပြီး ဝေဇီယီကို စူးစိုက်ကြည့်လိုက်သည်။
ဝေဇီယီ၏ မျက်နှာပေါ်တွင် နောက်ပြောင်လိုသည့် အရိပ်အယောင် လုံးဝမတွေ့ရ။ သူ၏ ပုံမှန် ပေါ့ပျက်ပျက် ဟန်ပန်အောက်တွင် ဖုံးကွယ်ထားလေ့ရှိသည့် အလေးအနက်ထားမှုမျိုးလည်း မဟုတ်။
နှစ်ပေါင်းများစွာ ခဲနေခဲ့သော ရေခဲပြင်ကြီးတစ်ခုကဲ့သို့ တည်ငြိမ်အေးစက်နေပေ၏။
"တကယ်ကြီး အဲ့ဒီလောက်တောင် ကြောက်စရာကောင်းတာလား..."
ဝေဇီယီ၏ နှုတ်မှ ဤမျှ မြင့်မားသော မှတ်ချက်စကား ထွက်ပေါ်လာလိမ့်မည်ဟု ဟွာချန်ယွီ အနည်းငယ် အံ့အားသင့်သွားမိသည်။
"ဟုတ်တယ်..."
ပြောရင်းနှင့်၊ ဝေဇီယီ မျက်ခုံးကလေး ကျုံ့လိုက်မိလေ၏။
"ဒီလူက... သိုင်းပညာအရရော၊ ဉာဏ်ရည်ဉာဏ်သွေးအရရော... နှစ်ခုစလုံးက... ခန့်မှန်းလို့ မရနိုင်လောက်အောင် နက်ရှိုင်းလွန်းနေတယ်..."
ဟွာချန်ယွီ ပြုံးလိုက်လေ၏။
"မင်းက လူတစ်ယောက်ကို ဒီလောက်ထိ ချီးကျူးတာ ရှားတယ်နော်..."
"ဘာလို့လဲဆိုတော့... ကျွန်မ.. သူ့လို လူမျိုးကို တခါမှ မမြင်ဖူးခဲ့လို့ပဲ..."
ဝေဇီယီသည် လက်ထဲမှ ကြက်ပေါင်ကြော်ကို ငုံ့ကြည့်လိုက်မိသည်။
"သိုင်းလောကကြီးထဲမှာ ကိုယ့်သိုင်းပညာကို ကိုယ်အထင်ကြီးပြီး လောကကြီးကို အထင်သေးနေတဲ့သူတွေ အများကြီး ရှိကြပါတယ်... ဒါပေမဲ့ သိုင်းလောကသမိုင်းကြောင်း နှစ်ရာချီကို ပြန်ကြည့်လိုက်ရင်... ဘယ်နှစ်ယောက်များ 'နံပါတ်တစ်' အဖြစ် ရပ်တည်နိုင်ခဲ့ကြလို့လဲ..."
"တစ်ယောက်မှ မရှိခဲ့ဘူး..."
ဟွာချန်ယွီသည် ပန်းကိုင်းများကို ပြန်လည်ညှပ်နေလိုက်၏။ ယခုတစ်ကြိမ်တွင် သူမ၏ လှုပ်ရှားမှုများက ပို၍ ပေါ့ပါးသွက်လက်နေလေ၏။
"သိုင်းပညာဆိုတာ သိုင်းလောကထဲမှာ ကျင်လည်ကျက်စားဖို့ အခြေခံအုတ်မြစ်ပါပဲ... ဒါပေမဲ့ အရာအားလုံးတော့ မဟုတ်ဘူး... ကိုယ့်ရဲ့ သိုင်းပညာ မြင့်လေလေ၊ ကိုယ့်ရဲ့ ဂုဏ်သတင်း ကျော်ကြားလေလေ၊ ကိုယ့်ကို သိတဲ့လူ များလေလေပဲ... ဒါပေမဲ့ ကိုယ့်ကို ရှင်းပစ်ချင်တဲ့ လူတွေက သိုင်းပညာ တစ်ခုတည်းကိုပဲ သုံးပြီး တိုက်ခိုက်မှာ မဟုတ်ဘူး..."
"သူတို့အတွက် ရွေးချယ်စရာ နည်းလမ်းတွေက အများကြီး ရှိနေတယ်လေ... ကိုယ့်ရဲ့ အကြိုက်တွေ၊ ကိုယ့်ရဲ့ အကျင့်စရိုက်တွေ၊ ကိုယ်…ပေါင်းသင်းဆက်ဆံရတာ ကြိုက်တဲ့ လူအမျိုးအစားတွေ... အကုန်လုံးကို လေ့လာကြမှာ..."
"ကိုယ့်အကြောင်း အရာအားလုံးက သူတို့အတွက် ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်... အစီအစဉ်တစ်ခု ရေးဆွဲဖို့အတွက် ထပ်ခါထပ်ခါ စိစစ်လေ့လာကြလိမ့်မယ်..."
"သူတို့က မိမိရဲ့ မိတ်ဆွေတွေ၊ ယုံကြည်ရတဲ့သူတွေ၊ ဒါမှမဟုတ် ချစ်သူတွေတောင် ဖြစ်လာလိမ့်မယ်..."
"ပြီးတော့... မိမိက သူတို့ကို လုံးဝဥဿုံ ယုံကြည်သွားတဲ့ အချိန်ကျမှ... နင့်ကျောကို ဓားနဲ့ ထိုးစိုက်လိုက်ကြလိမ့်မယ်... အရိုးထိအောင် နက်ရှိုင်းပြီး ခံစားရခက်တဲ့ ဝေဒနာကို ပေးလိုက်ကြလိမ့်မယ်..."
ဟွာချန်ယွီက.. စကားကို ခေတ္တရပ်လိုက်ပြီး ပြုံးလိုက်လေ၏။
"လောကမှာ နံပါတ်တစ် ဖြစ်လာပြီဆိုရင်... လူအများရဲ့ မျက်စိစပါးမွှေး စူးစရာ၊ ဆူးငြောင့်ခလုတ် ဖြစ်လာလိမ့်မယ်..."
"ဒီသိုင်းလောကကြီးမှာ... အဲ့ဒီဘွဲ့ထူးကို မလိုချင်တဲ့သူ မရှိဘူး... ဒါပေမဲ့ ဘယ်သူမှ မယူရဲကြတာ..."
"ဒါကြောင့် သိုင်းလောကသမိုင်း နှစ်ရာချီကို ပြန်ကြည့်လိုက်ရင်... ကြောက်စရာ အကောင်းဆုံးအရာက ဘယ်တုန်းကမှ သိုင်းပညာ မဟုတ်ခဲ့ဘူး... လူ့စိတ်နှလုံးသားပဲ..."
ဝေဇီယီ လေသံတိုးတိုးဖြင့် ပြောလိုက်လေ၏။
"သူ့ရဲ့ စိတ်နေသဘောထားကို... မှန်းဆရ ခက်လွန်းတယ်..."
"စိတ်ဝင်စားစရာပဲ..."
ဟွာချန်ယွီ ပြုံးလိုက်ပြီး ပြောလိုက်၏။
"ကျဆုံးနေပြီဖြစ်တဲ့ ဇီယန်အာမခံဌာနက... နဂါးစစ်တစ်ကောင်ကို မွေးထုတ်ပေးလိုက်တာပဲ... ဒီနဂါးက ဘယ်လောက်အထိ မြင့်မြင့်ပျံနိုင်မလဲ ဆိုတာတော့ မသိနိုင်သေးဘူး..."
"ကျွန်မလည်း မသိဘူး..."
ဝေဇီယီ နှုတ်ခမ်းကို အသာတွန့်လိုက်မိသည်။
"ဒီတစ်ခေါက် သူ..မြို့စားမင်း ဟွာနဲ့မတွေ့ချင်ဘူးလို့ ငြင်းလိုက်တာက... သူပြောသလို အကြောင်းပြချက်ကြောင့် မဟုတ်လောက်ဘူး... ပိုပြီး ဖြစ်နိုင်တာက... ကျွန်မတို့ရဲ့ အစီအစဉ်တွေက သူ့ကို ကူညီပြီး နောက်ကွယ်က ကြိုးကိုင်သူ ဇူချိုယန်ကို ရှာပေးတာ မှန်ပေမဲ့... တကယ်တမ်းကျတော့ ကိုယ့်အကျိုးအတွက် လုပ်ခဲ့ကြတာလေ... ဒါက မမှားဘူး ဆိုပေမဲ့... နောက်ဆုံးကျတော့ သူ့ကို အသုံးချလိုက်သလို ဖြစ်သွားတာကိုး..."
"ဒါဆို မင်း.. ဘာဆက်လုပ်မလဲ..."
"လူကိုယ်တိုင် သွားတောင်းပန်ပါမယ်..."
"ပြီးတော့ရော..."
"လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်..."
"သူ စိတ်ဝင်စားပါ့မလား..."
"အနည်းဆုံးတော့... ကျွန်မရဲ့ ရိုးသားမှုကို ပြသရာ ရောက်တာပေါ့..."
"သူက ဒီလောက် ကြောက်စရာကောင်းနေတာကို... မင်းက သူ့ကို အသုံးချချင်နေတုန်းပဲလား..."
"ကျွန်မ သူ့ကို တကယ် မိတ်ဆွေဖွဲ့ချင်တာပါ..."
ဝေဇီယီသည် ဟွာချန်ယွီကို လေးနက်စွာ ကြည့်လိုက်လေ၏။
ကတ်ကြေးကို ကိုင်ထားသော လက်မှာ လေထဲတွင် ရပ်တန့်သွားလေ၏။ ဟွာချန်ယွီသည် သူမရှေ့ရှိ ပန်းကိုင်းကို စိုက်ကြည့်ရင်း ပုစ္ဆာတစ်ခုကို အဖြေရှာမရ ဖြစ်နေသကဲ့သို့ တွေးတောနေမိသည်။
အချိန်အတော်ကြာမှ သူမ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဝေဇီယီကို ကြည့်လိုက်လေ၏။
"ဒါဆိုရင်... မင်း လုပ်ချင်တာ လုပ်လိုက်ပါ..."
ဝေဇီယီ အံ့ဩစွာ မော့ကြည့်လိုက်မိသည်။
"မြို့စားမင်းဟွာ သဘောတူတယ်လား..."
"ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား မိတ်ဆွေဖွဲ့တာ... ကောင်းပါတယ်..."
ဟွာချန်ယွီ တိုးတိုးလေး ပြောလိုက်လေ၏။
"ငါက ဘာလို့ သဘောမတူရမှာလဲ... မင်းမှာလည်း ကိုယ်ပိုင်မိတ်ဆွေတချို့ ရှိသင့်တာပေါ့..."
ဝေဇီယီ ရုတ်တရက် ပြုံးလိုက်မိလေ၏။
"ဒါဆို ကျွန်မ သွားတော့မယ်..."
ပြောပြီးသည်နှင့် သူမ လှည့်ထွက်သွားလိုက်ရာ ခဏအတွင်းမှာပင် မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့သည်။
အခန်းထဲတွင် ဟွာချန်ယွီ တစ်ယောက်တည်း ကျန်ရစ်ခဲ့လေ၏။
သူမသည် ပန်းကိုင်းများကို စကားပြောနေသကဲ့သို့ တိုးတိုးလေး ရေရွတ်လိုက်လေ၏။
"ကိုယ့်နှလုံးသားဆန္ဒအတိုင်း လိုက်ပါပြီး... ရိုးရိုးသားသား မိတ်ဆွေဖွဲ့တယ်တဲ့လား..."
"ဒီလို အစီအစဉ်မျိုးကို... ရှင်ရော သဘောကျရဲ့လားဟင်..."
...
...
လော့ရှားမြို့၊ ဇီယန်အာမခံဌာနဝယ်၊
နဂါးဟိန်းသံ သဲ့သဲ့ ထွက်ပေါ်နေပြီး မျက်စိကျိန်းမတတ် တောက်ပသော ဓားရောင်များက ကောင်းကင်ယံကို ဖြတ်သန်းနေလေ၏။ နဂါးတစ်ကောင် ကိန်းအောင်းနေသကဲ့သို့ပင်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် တိုက်ခိုက်နေသူ နှစ်ဦးသည် အပြန်အလှန် ထိုးနှက်ချက်များကို အကြိမ်ကြိမ် ပြုလုပ်ပြီးခဲ့တော့၏။
လှုပ်ရှားမှုတိုင်းတွင် ဉာဏ်ပညာပါဝင်သော်လည်း အလွန်အမင်း အန္တရာယ်များလှပေ၏။
အနည်းငယ်မျှ အမှားအယွင်း ဖြစ်သွားသည်နှင့် ကပ်ဘေးဆိုက်သွားနိုင်သည်။
ဦးလေးဖူသည် ဘေးမှနေ၍ အေးဆေးတည်ငြိမ်စွာ ရပ်ကြည့်နေလေ၏။ စိုးရိမ်ပူပန်မှု အနည်းငယ်မျှ မရှိ။ ဘာလို့လဲဆိုတော့ သူမှ နားမလည်သည်ကိုး...။
ခဏကြာတော့ နှစ်ဖက်စလုံး တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး လူချင်းခွဲလိုက်ကြလေ၏။
ယန်ရှောင်ယွင် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
"ရှောင်မို... ဒီ 'နတ်ဘုရား သက်တန့် နှလုံးသားရှာဓား' သိုင်းက နင့်အတွက် တကယ်ပဲ အခုမှစလေ့ကျင့်တဲ့ အဆင့်ပဲလားဟင်"
"သံသယဖြစ်စရာ လိုသေးလို့လားဗျာ..."
ဆုမို လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ သူကိုင်ထားသော သိုင်းဓားသည် လေထဲသို့ ပျံတက်သွားပြီး ဘေးနားရှိ ဓားသေတ္တာထဲသို့ ကွက်တိ.. ပြန်လည်ဝင်ရောက်သွားလေတော့သည်။ "ဂလောက်" ခနဲ အသံနှင့်အတူ သေတ္တာအဖုံး ပိတ်သွားပြီး ဓားသွား၏ ထက်ရှမှုကို ဖုံးကွယ်လိုက်လေ၏။
သူတို့ လော့ရှားမြို့ကို ပြန်ရောက်နေတာ သုံးရက်ရှိပြီ။
ထျန်းယွီမြို့မှ ပြန်လာခဲ့သည့်နေ့က လမ်းခရီးတွင် နှစ်ရက်ကြာခဲ့သည်။
အရေးတကြီး ကိစ္စမရှိတော့သဖြင့် သဘာဝကျကျပင် လမ်းခရီးကို အေးအေးဆေးဆေး နှင်ခဲ့ကြသည်။
လော့ရှားမြို့သို့ ပြန်ရောက်ရောက်ချင်း ပထမဆုံး ဝင်ခဲ့သည့်နေရာမှာ ဇီယန်အာမခံဌာနပင် ဖြစ်၏။
ဦးလေးဖူသည် သူတို့နှစ်ဦး ပြန်ရောက်လာသည်ကို မြင်လိုက်ရမှ ရင်ထဲတွင် ပိနေသော ကျောက်တုံးကြီး ဖယ်ရှားလိုက်ရသကဲ့သို့ စိတ်အေးသွားရရှာလေ၏။
အဓိက အကြောင်းရင်းမှာ... ဒီရက်ပိုင်းအတွင်း လော့ရှားမြို့အထိ ကောလာဟလ သတင်းများ ရောက်ရှိနေသောကြောင့် ဖြစ်၏။
ဦးလေးဖူ ဈေးဝယ်ထွက်ရင်း လမ်းပေါ်ရှိ လူများ ပြောဆိုနေကြသည်ကိုပင် ကြားခဲ့ရသည်။
ဇီယန်အာမခံဌာနက ကြီးမားသော ပူးပေါင်းကြံစည်မှုကြီး တစ်ခုထဲ ပါဝင်ပတ်သက်နေသည်တဲ့... မိစ္ဆာဂိုဏ်းအကြောင်းတွေ၊ ဓားနှလုံးသား ပုံပြင်တွေ... ကြားရသည့် သတင်းတွေက ယုံချင်စရာမကောင်းလောက်အောင် ဆန်းကြယ်လွန်းနေသည်။
ဦးလေးဖူကတော့ သူ့သခင်လေး ဒီလိုကိစ္စကြီးတွေထဲ ပါဝင်ပတ်သက်နေတာကို ဂုဏ်ယူမနေဘဲ... ဆုမိုနှင့် ယန်ရှောင်ယွင်တို့ မတော်တဆ တစ်ခုခု ဖြစ်သွားမှာကိုသာ စိုးရိမ်ပူပန်နေခဲ့ရှာသည်။
ကောလာဟလတွေထဲမှာ ဆုမိုနှင့် ယန်ရှောင်ယွင်တို့က ဘယ်လောက်ပဲ စွမ်းအားကြီးကြောင်း ပြောနေပါစေ... အဘိုးအို၏ စိတ်နှလုံးကတော့ ဂဏှာမငြိမ် ဖြစ်နေခဲ့ရသည်။
သူတို့ ဘေးကင်းစွာ ပြန်ရောက်လာမှသာ သက်ပြင်းချနိုင်တော့သည်လေ။
အခန်း (၁၁၃) - သိုင်းလောကသား (၂)
~မျက်နှာသစ်ရန် ရေနွေးကြိုခြင်း၊ ထမင်းဟင်းချက်ပြုတ်ရန် မီးမွှေးခြင်းတို့မှာ နေ့စဉ် လုပ်နေကျ ကိစ္စရပ်များသာ ဖြစ်ချေ၏။ သို့သော် ယန်ရှောင်ယွင်ကား ဇီယန်အာမခံဌာနတွင် အမြဲတမ်း ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့ပေ။
ယခင်ရက်များက သူမ လာရောက်နေထိုင်ခဲ့ခြင်းမှာ ဆုမိုအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများ ရှိနေခဲ့သောကြောင့် ဖြစ်လေ၏။ အခြေအနေမှာ အလွန်အမင်း အန္တရာယ်များပြားလှသဖြင့် သူမအနေဖြင့် ပေါ့ဆ၍မရ၊ စိတ်မချနိုင်ဖြစ်ရသည်မှာ သဘာဝကျလှ၏။
သို့သော် ယခုမူ ခရီးစဉ်မှာလည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သလို၊ နောက်ကွယ်မှ ကြိုးကိုင်သူသည်လည်း နောက်ကွယ်မှ သေဆုံးသူ ဖြစ်သွားခဲ့တော့၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမက ဇီယန်အာမခံဌာန၌ ဆက်လက်နေထိုင်မည်ဆိုပါက အနည်းငယ် မသင့်လျော်တော့ပေ။
သူမတို့နှစ်ဦးမှာ စေ့စပ်ထားပြီးသူများ ဖြစ်သော်ငြား လက်ထပ်ထိမ်းမြားခြင်း မပြုရသေးသည် မဟုတ်ပါလော။
အရေးကြုံစဉ်က အရေးပေါ် အစီအမံအနေဖြင့် နေထိုင်ခဲ့ခြင်းကို လက်ခံနိုင်သော်လည်း၊ ယခုကဲ့သို့ အခြေအနေမျိုးတွင် ဆက်လက်နေထိုင်ရန်မှာ မဖြစ်သင့်တော့ချေ။
ဦးလေးဖူသည် သဘောထားကြီးသူပီပီ အတင်းအကျပ် မတားသော်လည်း ယန်ရှောင်ယွင်အတွက် သီးသန့် သန့်ရှင်းရေး လုပ်ဆောင်ပေးထားသော အခန်းငယ်လေးမှာမူ နှမြောစရာ ဖြစ်ကျန်ရစ်ခဲ့ရရှာလေ၏။
နောက်ဆုံးတွင် ယန်ရှောင်ယွင်သည် ဇီယန်အာမခံဌာန၌ ထမင်းတစ်နပ် စားသောက်ပြီးသည်နှင့် ဆုမိုက သူမအား သံမဏိသွေး အာမခံဌာနသို့ ပြန်လည်ပို့ဆောင်ပေးခဲ့လေ၏။ ထိုအချိန်က အချိန်အခါ မဟုတ်သေးသဖြင့် အထဲသို့ ဝင်ရောက်လည်ပတ်ခြင်း မပြုခဲ့ပေ။
နောက်ရက်များတွင်မူ ယန်ရှောင်ယွင်သည် ဆုမိုထံသို့ နေ့စဉ် လာရောက်လည်ပတ်ပြီး သိုင်းပညာအကြောင်း ဆွေးနွေးဖလှယ်ကြလေ၏။ ယန်ရှောင်ယွင်၏ သိုင်းပညာမှာ ဆုမိုနှင့် ယှဉ်လျှင် များစွာ နိမ့်ကျနေသော်လည်း ဤမိန်းကလေးမှာ သိုင်းပညာကို အရူးအမူး လိုက်စားသူ ဖြစ်ချေ၏။ ပါရမီအရ ဆိုရလျှင် သူမသည် ဆုမိုထက်ပင် များစွာ သာလွန်နေပါသေးသည်။
ထို့ကြောင့် သူမထံ၌ ဆုမိုအတွက် အကျိုးရှိစေမည့် ထူးခြားသော အမြင်များ၊ ရှင်းလင်းချက်များ ရှိနေတတ်လေ၏။ ဆုမိုက ယန်ရှောင်ယွင်၏ သိုင်းပညာအပေါ် ထားရှိသော အမြင်များကို အံ့ဩနေရသကဲ့သို့၊ ယန်ရှောင်ယွင်ကလည်း ဆုမို၏ နားလည်နိုင်စွမ်းကို အံ့ဩမဆုံး ဖြစ်နေရရှာ၏။
လျူဆွေဖုန်းက သူ၏အသက်ကို ကယ်တင်ပေးခဲ့သည့် ကျေးဇူးဆပ်သောအနေဖြင့် ရက်ရက်ရောရော ပေးအပ်ခဲ့သည့် 'နတ်ဘုရား သက်တန့် နှလုံးသားရှာဓား' သိုင်းကို ဆုမိုက အချိန်တိုအတွင်း၌ပင် ကျွမ်းကျင်သော အဆင့်တစ်ခုအထိ ရောက်ရှိအောင် လေ့ကျင့်နိုင်ခဲ့လေ၏။ သူ၏ ပုံစံမှာ ဤသိုင်းပညာကို ဆယ်စုနှစ်နှင့်ချီ၍ လေ့ကျင့်ခဲ့သူ တစ်ယောက်အလား တည်ငြိမ်ရင့်ကျက်လွန်းလှပေ၏။
"နင့်ကို အရင်တုန်းက လျှော့တွက်ခဲ့မိတာ တကယ်ပဲ..."
ယန်ရှောင်ယွင် သက်ပြင်းချလိုက်မိသည်။
"နင့်ရဲ့ ပါရမီနဲ့သာဆိုရင်... ငယ်ငယ်တုန်းကသာ လေလွင့်မနေခဲ့ရင်... ဇီယန်အာမခံဌာနက တိုးတက်နေတာ ကြာလှပေါ့..."
ဆုမိုသည် သူမကို စားပွဲဆီ ခေါ်ဆောင်သွားပြီး လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်လေ၏။
"ပြောထားတယ်လေ... အတိတ်က အကြောင်းတွေ ပြန်မပြောကြေးလို့..."
"နင်ကိုယ်တိုင်လည်း ဝန်ခံတာပဲ မဟုတ်လား... အဲ့တုန်းက မိုက်မဲခဲ့တယ်ဆိုတာ..."
ယန်ရှောင်ယွင်က သူ့ကို မျက်စောင်းလေးထိုးကာ စနောက်လိုက်ပြီးမှ ဆက်ပြောလိုက်လေ၏။
"ကဲပါ... ကဲပါ... ထပ်မပြောတော့ပါဘူး... အခုတော့ ငါတို့ရဲ့ သူရဲကောင်းဆုက နာမည်ကြီးရမယ့် အချိန်ရောက်နေပြီလေ... နင် မသိလို့ပါ... လော့ရှားမြို့မှာ ရေပန်းစားနေတဲ့ အဖြစ်အပျက်ကြီး သုံးခုထဲက တစ်ခုက နင့်အကြောင်းပဲ... ဆုမိုဆိုတဲ့ လူငယ်လေးက မိုင်ပေါင်းထောင်ချီ ခရီးနှင်ပြီး လျူဆွေဖုန်းဆီကို ဓားသေတ္တာ သွားပို့တယ်တဲ့..."
"ရလဒ်ကတော့... ယူချွမ်ဂိုဏ်းကို အကြီးအကျယ် ထိုးနှက်လိုက်နိုင်ပြီး အနောက်တောင် သိုင်းလောကရဲ့ ဂုဏ်သတင်းကိုပါ တုန်လှုပ်သွားစေခဲ့တယ်ဆိုပဲ..."
"လူတိုင်းက အဲ့ဒီအကြောင်းကို စိတ်ဝင်တစား ပြောနေကြတာ... တချို့ဆိုရင် နင် ငယ်ငယ်တုန်းက ဆိုးသွမ်းခဲ့တာက တမင် ဟန်ဆောင်ထားတာတဲ့... 'ဆယ်နှစ်တာ တိတ်ဆိတ်နေပြီးမှ တစ်ချက်တည်းနဲ့ လောကကို တုန်လှုပ်စေတယ်' ဆိုတဲ့ စကားလိုပေါ့..."
"လမ်းဘေးက လူတွေရဲ့ စကားတွေကတော့... တဖြည်းဖြည်းနဲ့ ယုံရခက်လာပြီပဲ..."
ဆုမို ခါးသက်သက် ပြုံးလိုက်မိလေ၏။ သို့သော် သူ စိတ်ဝင်စားသွားမိသည်။
"နေပါဦး... လော့ရှားမြို့မှာ အဖြစ်အပျက်ကြီး သုံးခု ရှိတယ်ဆို... ကျန်တဲ့ နှစ်ခုက ဘာတွေလဲ"
"အင်း..."
ယန်ရှောင်ယွင် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ တိုးတိုးလေး ဖြေကြားလိုက်လေ၏။
"ကောင်းကင်တံခါး အာမခံဌာန ဒုက္ခရောက်နေတယ်..."
"ဟေ..."
ဆုမို အံ့အားသင့်သွားမိ၏။ လက်ရှိ ဇီယန်အာမခံဌာနတွင် သူတစ်ယောက်တည်း ရှိနေခြင်းဖြစ်ရာ သတင်းအချက်အလက်များနှင့် အနည်းငယ် အလှမ်းဝေးနေသည်မှာ အမှန်ပင်။ ကောင်းကင်တံခါး အာမခံဌာနဆိုသည်မှာ လော့ရှားမြို့၏ အဓိက အာမခံဌာနကြီး သုံးခုထဲမှ တစ်ခု ဖြစ်လေ၏။ ထိုကဲ့သို့ အဖွဲ့အစည်းကြီး တစ်ခု ဒုက္ခရောက်နေသည်ကို သူ မသိလိုက်ရပါချေ။
"ဘာဖြစ်လို့လဲ..."
ဆုမို မေးလိုက်သည်။
"အာမခံ ပစ္စည်းတစ်ခုကြောင့်လို့ ပြောကြတာပဲ..."
ယန်ရှောင်ယွင် ပြန်ဖြေလိုက်၏။
"အသေးစိတ်တော့ ငါလည်း သိပ်မသိရဘူး... ကောင်းကင်တံခါးက လူတွေက သတင်းကို လုံအောင် ပိတ်ထားကြတာ... ဒါပေမဲ့ ဖြစ်ရပ်က ကြီးလွန်းတော့ သတင်းတချို့က အပြင်ကို စိမ့်ထွက်လာတာပေါ့..."
သူမ စကားကို အနည်းငယ် ရပ်တန့်လိုက်ပြီးမှ ဆက်လက် ပြောဆိုလိုက်သည်။
"ကောင်းကင်တံခါး အာမခံဌာနရဲ့ ခေါင်းဆောင်... ကျိဝမ်လီ .. သေသွားပြီတဲ့..."
ဆုမို မျက်ခုံးပင့်လိုက်မိလေ၏။
"ကောင်းကင်တံခါး ဓားပျံ ကျိဝမ်လီလား"
"သူပဲပေါ့..."
ယန်ရှောင်ယွင် ခေါင်းညိတ်ပြလိုက်သည်။
"ဘယ်လို ဖြစ်ရတာလဲ..."
ဆုမို အံ့ဩမဆုံး ဖြစ်သွားရလေ၏။ 'ကောင်းကင်တံခါး ဓားပျံ' ဆိုသည့် ဘွဲ့ထူးမှာ သိုင်းလောကတွင် အတော်အတန် နာမည်ကျော်ကြားလှပေ၏။ နောက်ပိုင်းနှစ်များတွင် သံမဏိသွေး နဂါးလှံ ယန်ရီဇီ၏ ဂုဏ်သတင်းလောက် မမီတော့သော်လည်း ကျိဝမ်လီသည်လည်း သူ့နည်းသူ့ဟန်ဖြင့် ထက်မြက်သူ တစ်ဦး ဖြစ်သည်။
သူ၏ နာမည်တွင် 'ဓားပျံ' ဟု ပါဝင်နေသော်လည်း တကယ်တမ်းတွင် သူသည် ဓားပျံကို အသုံးပြုသူ မဟုတ်ချေ။ သာမန် ဓားရှည်တစ်ချောင်းကိုသာ ကိုင်ဆောင်သူ ဖြစ်သည်။ သို့သော် ထိုဓားဖြင့် သူ ကစားသော 'ဖေးလျူ ဓားသိုင်း သုံးထောင်' မှာမူ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှပေ၏။
သူ၏ လူငယ်ဘဝတုန်းကဆိုလျှင် အလွန်ပင် ထူးချွန်ပြောင်မြောက်ခဲ့သည်။ တစ်ခါတုန်းကဆိုလျှင် ဓားတစ်လက်တည်းဖြင့် ကောင်းကင်ဓားဂိုဏ်း သို့ တစ်ယောက်တည်း သွားရောက်လည်ပတ်ခဲ့ဖူးလေ၏။ ပြီးနောက် အကောင်းပကတိအတိုင်း ပြန်ထွက်လာနိုင်ခဲ့ရာ ထိုအချိန်မှစ၍ သူ၏နာမည်မှာ ပိုမို ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။
သို့သော် ၎င်းမှာ ရိုးရိုးလေး သွားရောက်လည်ပတ်ခြင်းမျိုးတော့ မဟုတ်ခဲ့ပေ။ သိထားရမည်မှာ 'ကောင်းကင်တံခါး အာမခံဌာန' ဆိုသည့် နာမည်နှင့် 'ဖေးလျူ ဓားသိုင်း သုံးထောင်' တို့သည် ကောင်းကင်ဓားဂိုဏ်းနှင့် အနည်းငယ် ငြိစွန်းမှု ရှိနေသောကြောင့် ဖြစ်၏။ သိုင်းလောကတွင် ၎င်းမှာ တားမြစ်ချက် တစ်ခုသဖွယ် ဖြစ်နေလေ၏။
ကျိဝမ်လီသည် ကောင်းကင်ဓားဂိုဏ်း၏ တပည့်လည်း မဟုတ်ပါဘဲလျက် သူ၏ဌာနကို 'ကောင်းကင်တံခါး' ဟု အမည်ပေးထားသလို၊ ဓားကိုလည်း အသုံးပြုသေးသည်။ သတင်းများ ထွက်ပေါ်လာသောအခါ လူများက ကောင်းကင်ဓားဂိုဏ်းနှင့် ပတ်သက်မှု ရှိသည်ဟု ထင်ယောင်ထင်မှား ဖြစ်ကုန်ကြလေ၏။
ထို့ကြောင့် ကောင်းကင်ဓားဂိုဏ်းက ကျိဝမ်လီထံသို့ ဖိတ်ကြားလွှာ ပို့လိုက်ခြင်း ဖြစ်၏။ ဖိတ်ကြားလွှာတွင်မူ ကျိဝမ်လီကို ဧည့်သည်အနေဖြင့် ဖိတ်ခေါ်ပါသည်ဟု ရေးသားထားသော်လည်း တကယ်တမ်းတွင် ရည်ရွယ်ချက်ကောင်းဖြင့် ဖိတ်ကြားခြင်း မဟုတ်ပေ။
ထိုနေရာသို့ သွားရောက်လိုက်ပါက၊ တစ်ချက်မှာ ကျိဝမ်လီ အနေဖြင့် သူ၏ ဘွဲ့ထူးနှင့် အာမခံဌာန၏ နာမည်ကို ပြောင်းလဲရမည်၊ သို့မဟုတ်ပါက ကောင်းကင်ဓားဂိုဏ်း၌ပင် တစ်သက်လုံး နေရစ်ခဲ့ရမည် ဖြစ်သည်။
နောက်ဆုံးတွင် ကျိဝမ်လီသည် ကောင်းကင်ဓားဂိုဏ်းထဲမှ ပြန်လည် ထွက်ခွာလာနိုင်ခဲ့ပြီး အာမခံဌာန အမည်ကိုလည်း ယနေ့ထက်တိုင် အသုံးပြုနေဆဲ ဖြစ်လေ၏။ ထိုနေ့က ကျိဝမ်လီ ကောင်းကင်ဓားဂိုဏ်းထဲတွင် မည်သို့ ကြုံတွေ့ခဲ့ရသည်၊ မည်သို့ လုပ်ဆောင်ခဲ့သည် ဆိုသည်ကို သိုင်းလောကထဲမှ မည်သူမျှတော့ မသိကြချေ။။ သို့သော် ရလဒ်ကို ကြည့်လိုက်လျှင် ဤလူမှာ လွယ်လွယ်နှင့် ထိပါး၍ရသောသူ မဟုတ်ကြောင်း ထင်ရှားနေပေသည်။
ထိုကဲ့သို့သော လူစားမျိုးက... သေဆုံးသွားပြီတဲ့လား။
"ဟုတ်တယ်..."
ယန်ရှောင်ယွင် လက်ဖက်ရည် တစ်ငုံ သောက်လိုက်လေ၏။
"ငါရထားတဲ့ သတင်းအရဆိုရင်... ကောင်းကင်တံခါး အာမခံဌာနဆီကို အရမ်း ရှုပ်ထွေးတဲ့ အာမခံ အလုပ်တစ်ခု ရောက်လာခဲ့တယ်တဲ့... အခြေအနေတွေက ရှုပ်ထွေးလွန်းလို့ ဌာနထဲက လူအများစုက ဒီအလုပ်ကို လက်မခံဖို့ သဘောတူခဲ့ကြတာ..."
အခန်း (၁၁၄) - သိုင်းလောကသား (၃)
~"ဒါပေမဲ့ ငါကြားတာကတော့... အပ်တဲ့သူက ကျိဝမ်လီကို စကားနဲ့ စိန်ခေါ်ပြီး ရွဲ့ပြောလိုက်တာတဲ့... သူကလည်း စိတ်ဆတ်တဲ့သူဆိုတော့ လူတွေ ဝိုင်းတားတဲ့ကြားက ဒီအလုပ်ကို ဇွတ်လက်ခံလိုက်တာလေ..."
"လူတွေပြောကြတာကတော့ ပစ္စည်းက ဘာပဲဖြစ်ဖြစ် ငါတို့က ပို့ပေးရုံသက်သက်ပဲ... မှားတာမှန်တာ မေးစရာမလိုဘူး... အမှားအမှန်ကလည်း ကိုယ့်ဆီ လာမှာမဟုတ်ဘူးလို့ပေါ့..."
"သူ ပစ္စည်းသွားပို့တယ်... ပြန်ရောက်လာတယ်... ပြီးတော့ သေသွားရော..."
"အဲ့ဒီ အာမခံပစ္စည်းကြောင့် ဖြစ်တာ သေချာလို့လား..."
ဆုမို မေးလိုက်သည်။
"တခြား ဘာဖြစ်နိုင်ဦးမှာလဲ..."
ယန်ရှောင်ယွင် ပြုံးလိုက်ပြီး ပြောလိုက်လေ၏။
"ဒါကြောင့် နောင်ကျရင် အလုပ်မလက်ခံခင် သေချာစဉ်းစားဦး... ဇာစ်မြစ်မရှင်းတာတွေ၊ ရှုပ်ထွေးတဲ့ ကိစ္စတွေဆို လက်မခံနဲ့... ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်တတ်တယ်... သဲထဲ ခေါင်းဝှက်ထားရုံနဲ့ ငြိမ်းချမ်းမယ်ထင်နေတာက ကိုယ့်ကိုယ်ကို လှည့်စားတာပဲ ရှိမှာ..."
ဆုမိုသည် ခေါင်းကို အသာအယာ ညိတ်လိုက်သော်လည်း သက်ပြင်းတစ်ချက် ချလိုက်မိလေ၏။
"သိုင်းလောကဆိုတာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့် မရတတ်တာမျိုး ဖြစ်မှာပဲ စိုးရိမ်မိတယ်ဗျာ..."
"ဟင်..."
ယန်ရှောင်ယွင်က ဆုမိုကို တွေးတွေးဆဆ ကြည့်လိုက်လေ၏။
"ဟုတ်တာတော့ ဟုတ်တယ်... အဲ့ဒီနေ့က ပစ္စည်းအပ်တဲ့သူက ကောင်းကင်တံခါး အာမခံဌာနအထိ ကိုယ်တိုင်လာပြီး ဗြောင် ပြောသွားတာတဲ့... ကျိဝမ်လီသာ ဒီအလုပ်ကို လက်မခံရဲရင် အာမခံဌာန ဆိုင်းဘုတ်ကို ဖြုတ်ချလိုက်တော့တဲ့... ဆိုင်းဘုတ်ကို ထင်းခွဲစိုက်လိုက်တာကမှ လူရယ်စရာ မဖြစ်တော့ဘူးဆိုပြီး ပြောသွားသတဲ့..."
"ဆယ်စုနှစ်နဲ့ချီပြီး တည်ဆောက်ထားတဲ့ ဂုဏ်သိက္ခာလေ... ကျိဝမ်လီက ဘယ်ခံနိုင်ပါ့မလဲ..."
"အဲ့ဒါကြောင့် သူ လက်ခံလိုက်တာပေါ့..."
"ကောင်းကင်တံခါး အာမခံဌာနတောင် ဂုဏ်သိက္ခာကို ဒီလောက် ဂရုစိုက်နေရတာ... ဇီယန်အာမခံဌာနက အခုမှ နာမည်ပြန်ထူထောင်စ ရှိသေးတာ... တကယ်လို့သာ အဲ့လိုကိစ္စမျိုး ကြုံလာရင်... ကျွန်တော် တည်ဆောက်ထားတဲ့ နာမည်လေး တစ်ခဏချင်း ပျောက်သွားမှာ စိုးရတယ်ဗျ..."
စကားဝိုင်းက ဤနေရာသို့ ရောက်ရှိလာသောအခါ ယန်ရှောင်ယွင်သည် ဆုမိုကို အလိုအလျောက် ကြည့်မိလိုက်တော့သည်။
"တကယ်လို့များ... ငါဆိုလိုတာက တကယ်လို့များ တစ်ယောက်ယောက်က နင့်ကို အဲ့လိုမျိုး ဖိအားပေးပြီး အလုပ်အပ်လာရင်... နင် လက်ခံမှာလား"
ဆုမိုသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ရုတ်တရက် ပြုံးလိုက်လေ၏။
"လက်ခံမှာပေါ့..."
"တကယ်ကြီးလား"
"တကယ်ပြောတာ..."
ဆုမို ခေါင်းညိတ်လိုက်သည်။
"အစ်မယွင် ပြောတာ မှန်တယ်လေ... ခေါင်းဝှက်ထားရုံနဲ့ ငြိမ်းချမ်းမယ်လို့ ထင်နေတာက စိတ်ကူးယဉ်တာ သက်သက်ပဲ... ကျွန်တော်က ပြဿနာကို မလိုချင်ပါဘူး... ဒါပေမဲ့ ပြဿနာက ကိုယ့်ဆီ လာရင် 'မင်္ဂလာပါ' လို့ နှုတ်ဆက်ပြီး လာတာမှ မဟုတ်တာ..."
"သိုင်းလောက လေမုန်တိုင်းထဲမှာ ဘယ်သူက အမြဲတမ်း ထိန်းချုပ်နိုင်မှာလဲ... ဒီရေစီးကြောင်းထဲ ရပ်နေပြီး ရေမစိုချင်ဘူး ဆိုတာက ရယ်စရာကြီးလေ..."
"ဒါကြောင့် ရှောင်လွှဲလို့ ရရင်တော့ ရှောင်ရမှာပေါ့... ဒါပေမဲ့ ရှောင်လွှဲလို့ မရတော့ရင်လည်း ရင်ဆိုင်ရမှာပဲ..."
"ကျွန်တော်တို့က သိုင်းသမားတွေပဲ... ဒီလောကထဲမှာ ကျင်လည်နေမှတော့ ကိုယ့်ပညာနဲ့ကိုယ် ရပ်တည်နိုင်ဖို့ မျှော်လင့်ရမှာပေါ့..."
ယန်ရှောင်ယွင်သည် ဆုမိုကို ငေးကြည့်နေမိလေ၏။ သူမ၏ မျက်ဝန်းများတွင် တွေဝေငေးမောမှုများ ယှက်သန်းနေသည်။ ဆုမိုသည် လေသံကို မဖိဘဲ ပေါ့ပေါ့ပါးပါး ပြောဆိုနေသော်လည်း သူ့ပုံစံတွင် သက်တောင့်သက်သာရှိမှုတို့ ကိန်းအောင်းနေပေသည်။
"ဟင်... ဘာဖြစ်လို့လဲ... ကျုပ်ပြောတာ မှားနေလို့လား"
ဆုမိုသည် နောက်သို့ လှည့်ကာ ယန်ရှောင်ယွင်ကို ကြည့်လိုက်လေ၏။
ယန်ရှောင်ယွင် သတိဝင်လာပြီး ခေါင်းခါလိုက်လေ၏။
"နင်ပြောတာ ကောင်းပါတယ်... ဒါပေမဲ့ အဲ့လို အလုပ်မျိုး လက်ခံလိုက်ရရင် နည်းနည်းတော့ မခံချင်စိတ် မဖြစ်မိဘူးလား"
"ဖြစ်တာပေါ့ဗျာ..."
ဆုမိုက ပြုံး၍ ပြောလိုက်သည်။
"တကယ်လို့ ကြိုသိနိုင်ရင်တော့ အဲ့ဒီလူကို ပြဿနာမဖြစ်ခင် ကြိုပြီး လည်ပင်းညှစ်သတ်ပစ်မိမှာ... ဒါပေမဲ့ မသိလိုက်လို့ လုပ်ပြီးသွားရင်လည်း... အဲ့ဒီလူကို သွားရှာပြီး ရှင်းရှင်းလင်းလင်း မေးရဦးမှာပဲ..."
"အဲ့ဒါက နည်းနည်းတော့ ဗိုလ်ကျရာ မကျဘူးလား... အကျိုးအကြောင်း မဆီလျော်ဘူးလေ..."
"ကျွန်တော်က အိမ်မှာ အေးအေးဆေးဆေး နေပါရက်နဲ့ သူက အကြောင်းမဲ့သက်သက် လာရန်စတာလေ... ဒါဆိုရင် သူ လုပ်တဲ့ လုပ်ရပ်ရဲ့ အကျိုးဆက်ကို သူပြန်ခံရမှာပေါ့..."
"သိုင်းလောကမှာ ဘာပဲလုပ်လုပ်... ပေးဆပ်ရမယ့် တန်ဖိုးဆိုတာ ရှိစမြဲပဲ..."
"ဒါက ကလေးကစားစရာမှ မဟုတ်တာ... ကျွန်တော်က အစ်မယွင်နဲ့ ရယ်မောပြီး နောက်ပြောင်နေတာ မဟုတ်ပါဘူး... ဘယ်မှာ သက်တောင့်သက်သာ ရှိလို့လဲ..."
ဆုမိုသည် လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်လေ၏။
"သိုင်းလောက ဆိုတာ... လူသေတတ်တယ်ဗျ"
"ဟားဟားဟား..."
ယန်ရှောင်ယွင်သည် သဘောကျစွာ ရယ်မောလိုက်လေ၏။ ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ပြုံးကာ ပြောလိုက်သည်။
"ငါတို့ မရှိတဲ့ ရက်တွေတုန်းက... အဖေက အာမခံဌာနမှာပဲ နေနေတာတဲ့..."
"ဟေ... ဟုတ်လား"
ဆုမိုသည် ခေါင်းညိတ်လိုက်ရင်း မသိစိတ်ဖြင့် ဦးလေးဖူကို လှမ်းကြည့်လိုက်မိလေ၏။ အဘိုးအိုမှာ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ပြောစကားများကို မကြားသကဲ့သို့ ဟန်ဆောင်ကာ သမ်းဝေနေလေ၏။ သို့သော် သူ၏ ဟန်ဆောင်မှုမှာ အတော်လေး ပိရိသေသပ်မှု မရှိလှပေ။ အသက်ရှူသံများ မမှန်မကန် ဖြစ်နေပုံကို ကြည့်ခြင်းအားဖြင့် ဟန်ဆောင်နေမှန်း သိသာလှသည်။
"ပြီးတော့..."
ယန်ရှောင်ယွင် အသာပြုံးလိုက်လေ၏။
"ဒီနှစ်ရက်အတွင်း ငါပြောဖို့ မေ့နေတာ... ငါတို့ ချန်ထားခဲ့တဲ့ အမြီးလေးလေ... မှတ်မိသေးလား"
"အမြီး... ဘာအကြောင်းလဲ"
"ခုနစ်ပါး အစွန်းရောက် ခန်းမ လေ..."
ဆုမို ကြောင်သွားပြီး အံ့ဩဟန်ဖြင့် မေးလိုက်လေ၏။
"တကယ်ကြီးလား"
"သူတို့ ရောက်လာကြတယ်..."
ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်လေ၏။
"အဲ့ဒီလူက သံမဏိသွေး အာမခံဌာနမှာ ရောက်နေတာ ကြာပြီ... ငါကလည်း အခုမှ ပြန်ရောက်တာရယ်၊ နေ့တိုင်း နင့်ဆီ ပြေးလာနေတာရယ်ဆိုတော့... ငါ့လူတွေက ငါ့ကို ပြောခွင့်မရကြဘူး... မနေ့ညကမှ ငါ သိလိုက်ရတာ..."
သူမသည် ဆုမိုကို ပြုံး၍ ကြည့်လိုက်လေ၏။
"ခုနစ်ပါး အစွန်းရောက် ခန်းမက လူလာမတောင်းဘူးလား"
"သူတို့မှာ သတ္တိရှိရင်တောင်... အဲ့လောက်ထိ မျက်နှာပြောင်မတိုက်ရဲပါဘူး..."
"ဒါလည်း ဟုတ်တာပဲ..."
ဆုမို ရယ်ချင်စိတ် ဖြစ်သွားမိလေ၏။ ဇူချိုယန်က ခုနစ်ပါး အစွန်းရောက်ခန်းမက ဓားသခင်ကို အရုပ်တစ်ရုပ်လို အသုံးချခဲ့ခြင်း ဖြစ်၏။ အဓိက အကြောင်းရင်းမှာ ပျက်စီးသွားသော ချင်းယန်ဓားကြောင့်ပင်။
ဓားသခင်သည် လောဘမျက်စိပိတ်ပြီး ကျန့်မင်၏ စကားကို နားယောင်ကာ အလကားသက်သက် အသက်လာသေသွားရရှာသည်။ ယခု ဇူချိုယန်လည်း သေဆုံးပြီ ဖြစ်သလို ဟွာချန်ယွီက ထျန်းယွီမြို့ကို ထိန်းချုပ်လိုက်ပြီ ဖြစ်ရာ၊ ဘာမှန်းမသိဘဲ ဤပဋိပက္ခကြားထဲ ရောက်ရှိသွားသော ခုနစ်ပါး အစွန်းရောက် ခန်းမခမျာ နေမထိ ၊ထိုင်မသာ ဖြစ်နေရရှာပြီ။
သံမဏိသွေး နဂါးလှံ ယန်ရီဇီတို့ကလည်း ထိပါးဖို့ လွယ်ကူသူများ မဟုတ်ချေ။ တကယ်လို့များ ဇူချိုယန်၏ လက်ကိုင်တုတ် ဖြစ်ခဲ့ရသည့်အတွက် ဟွာချန်ယွီကများ ငြိုငြင်ခဲ့မည်ဆိုလျှင် ခုနစ်ပါး အစွန်းရောက် ခန်းမတစ်ခုလုံး ပျက်စီးသွားနိုင်လေ၏။
ဆုမိုအတွက်ကတော့... ရွှမ်ကျီတောင်ကြားထဲမှ အဖြစ်အပျက်များကို သိရှိသွားပါက ဖုန်းဝူရှန် ဘယ်လိုတုံ့ပြန်မလဲ ဆိုသည်ကိုသာ မှန်းဆနေရတော့သည်။
ပြန်စဉ်းစားကြည့်လျှင် ဒါက အိမ်မှာ အေးအေးဆေးဆေး ထိုင်နေရင်း မိုးပေါ်က ပြဿနာ ကျလာခြင်းမျိုးပင်။ တကယ်လို့သာ ကြိုသိခဲ့လျှင် အဲ့ဒီ ဓားသခင်ဆိုသည့် လူကို ပေါက်စီနှင့် ညှပ်စားပစ်လိုက်တာကမှ ကောင်းဦးမည်။
ဆုမို.. ထိုသို့ တွေးတောနေစဉ်မှာပင် အစေခံ တစ်ယောက် အလျင်စလို ပြေးလာပြီး တံခါးဝမှ ခေါင်းပြူကြည့်သည်ကို မြင်လိုက်ရလေ၏။
ဦးလေးဖူ ဆက်ပြီး အိပ်ချင်ယောင် မဆောင်နေတော့။ သိုင်းပညာရှင် တစ်ယောက်အနေဖြင့် သူ၏ အာရုံခံစားမှုများက ထက်မြက်လှပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အစေခံကို မြင်လိုက်ရသဖြင့် သက်ပြင်းချကာ ပြောလိုက်လေ၏။
"လူသစ်တွေကတော့ သင်ပေးဖို့ လိုနေသေးတာပဲ... ဒီကိုလာခဲ့... ပြောစရာရှိရင် ပြော... သခင်မလေးယွင် ရှေ့မှာ ရိုရိုသေသေ နေစမ်းပါ..."
"ဟုတ်... ဟုတ်ကဲ့ပါ..."
အစေခံလေးသည် အနားသို့ တိုးကပ်လာပြီး ခေါင်းကို မမော့ရဲဘဲ အရိုအသေပြုကာ ပြောလိုက်လေ၏။
"ခေါင်းဆောင်... အပြင်မှာ ဧည့်သည် ရောက်နေပါတယ်... သူတို့ ပြောတာကတော့... ခုနစ်ပါး အစွန်းရောက် ခန်းမ ကပါတဲ့..."