← Chapters

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အခန်း (၁၁၈) - လျှို့ဝှက်ချက်

~အခြေအနေများမှာ ဤအဆင့်ထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ပြန်လည် ပြုပြင်ရန် ခဲယဉ်းသွားခဲ့တော့၏။

ဆုမို ယန်ရှောင်ယွင်အား ပြောပြခဲ့သကဲ့သို့ပင်၊ ဤတစ်ခေါက် သူတို့ လာရောက်လည်ပတ်ခြင်းမှာ အခြေအနေကို အခွင့်ကောင်းယူလိုခြင်း သက်သက်သာ ဖြစ်လေ၏။ တကယ့် ရည်ရွယ်ချက်မှာ ထျန်းယွီမြို့ရှိ ဟွာချန်ယွီနှင့် သွားရောက်တွေ့ဆုံပြီး ဤကိစ္စနှင့် သူတို့ မပတ်သက်ကြောင်း ရှင်းပြကာ လွတ်မြောက်လမ်း ရှာဖွေရန် ဖြစ်၏။

ဆုမိုအား ပေးအပ်မည်ဟု ထပ်ခါတလဲလဲ ပြောဆိုနေသော လက်ဆောင်မှာလည်း ဟွာချန်ယွီကို ဂါရဝပြုရန်အတွက် သေချာ ရွေးချယ်ထားသော ပစ္စည်းသာ ဖြစ်ပေသည်။ သို့သော် ဆုမို၏ လုပ်ရပ်များမှာ ကြမ်းတမ်းလွန်းနေသဖြင့် အခြေအနေကို ချောမွေ့စေရန်အတွက် ဤလက်ဆောင်ကို ဆုမိုထံ ကမ်းလှမ်းလိုက်ရခြင်း ဖြစ်လေ၏။

ဇီယန်အာမခံဌာနကိုပင် မကျော်ဖြတ်နိုင်ပါက ဟွာချန်ယွီနှင့် တွေ့ဆုံရန် သူတို့၌ အသက်ကျန်တော့မည် မဟုတ်ပေ။

အစပိုင်းတွင်မူ သူတို့သည် ဆုမိုကို အလေးအနက် မထားခဲ့ကြချေ။ သိုင်းလောကထဲမှ လူငယ်လေး တစ်ယောက်အတွက် အဘယ်ကြောင့် ဤမျှ လေးလေးနက်နက် ဆက်ဆံနေရမည်နည်းဟု ဘဝင်မကျခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း ဝမ်ရှောင်က ရိုင်းစိုင်းသော စကားများ ပြောဆိုသည့်အခါ ဖုန်းဝူရှန်က စိတ်ပျက်သည့်ဟန် ပြသခဲ့သော်လည်း တကယ်တမ်းတွင်မူ လွှတ်ပေးထားခဲ့ခြင်း ဖြစ်လေ၏။

လက်တွေ့တွင် ၎င်းမှာ သူ၏ အမိန့်ဖြင့် လုပ်ဆောင်ခြင်းသာ ဖြစ်၏။ အချို့ကိစ္စများကို သူကိုယ်တိုင် ပြောဆိုရန် မသင့်တော်သော်လည်း လက်အောက်ငယ်သားများက ပြောဆိုခြင်းမှာ သဘာဝကျသည် မဟုတ်ပါလော။

'လက်အောက်ငယ်သားများက စည်းကမ်းမသိ၍ပါ' ဟူသော ဆင်ခြေဖြင့် လွတ်မြောက်မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း၊ မထင်မှတ်ထားသော အချက်မှာ ဆုမို၏ စကားများက ဝမ်ရှောင်အား လူသတ်ရသည်အထိ ဖိအားပေးလိုက်ခြင်းပင် ဖြစ်လေ၏။

ဓားသခင်က အာမခံပစ္စည်းကို လုယူခဲ့သည့်အတွက် ခုနစ်ပါး အစွန်းရောက် ခန်းမသည် အမှားကျူးလွန်ထားပြီး ဖြစ်၏။ ယခု ဝမ်ရှောင်ကပါ ဇီယန်အာမခံဌာန၌ ဆုမိုကို သတ်ဖြတ်ရန် ကြိုးပမ်းပြန်ရာ ဖုန်းဝူရှန်အနေဖြင့် တာဝန်မကင်းတော့ချေ။

ဤတစ်ကြိမ် ဆုမိုက လက်ဝါးသုံးချက်ဖြင့် ဖိတ်ခေါ်လိုက်ခြင်းမှာ ပြဿနာကို ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်း ဖြစ်သွားခဲ့လေ၏။

အနည်းဆုံးတော့ ကျန်ရစ်ခဲ့သည့် လက်နက်သခင် ငါးဦး၏ အမြင်တွင်မူ ဤထက် ကောင်းမွန်သော နည်းလမ်း မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် ဆုမို၏ သိုင်းပညာမှာ သန်မာလွန်းသောကြောင့် ဖြစ်လေ၏။ ဝမ်ရှောင်ကို တစ်ချက်တည်းဖြင့် အဆုံးစီရင်ခဲ့သကဲ့သို့၊ ဖုန်းဝူရှန်ကိုလည်း လက်ပြန်ရိုက်ချက် တစ်ချက်တည်းဖြင့် သွေးအန်ပြီး လွင့်စဉ်သွားအောင် ပြုလုပ်နိုင်ခဲ့သည်။

အကယ်၍ ဤလူကသာ သတ်ဖြတ်လိုစိတ် ရှိနေမည်ဆိုပါက သူတို့ အားလုံးကို ဤနေရာတွင် အလောင်းဘဝဖြင့် ကျန်ရစ်စေရန် ပြုလုပ်ဖို့မှာ မခက်ခဲလှပေ။ တကယ်လို့ ဆုမိုကသာ ဇီယန်အာမခံဌာနအတွင်း၌ သူတို့အားလုံးကို သတ်ဖြတ်လိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်လျှင်...

ထိုအချိန်ကျမှ သူတို့သည် ဘုံရန်သူကို တညီတညွတ်တည်း တိုက်ခိုက်ကြပေလိမ့်မည်။ သို့သော် ယခုမူ ဖုန်းဝူရှန် တစ်ယောက်တည်း ရှေ့ထွက်လိုက်ရုံဖြင့် သူတို့အားလုံး ဘေးကင်းသွားမည် ဖြစ်ရာ အဘယ်ကြောင့် ငြင်းဆန်ရပါမည်နည်း။

သို့သော် ဤအချက်ကပင် ခုနစ်ပါး အစွန်းရောက် ခန်းမသည် အထက်မှ အောက်အထိ မည်မျှ ပုပ်သိုးနေပြီဖြစ်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်ချေ၏။ မိမိအသက်ရှင်ရန်အတွက်ဆိုလျှင် ခန်းမသခင်ကြီးကိုပင် အချိန်မရွေး သေလမ်းသို့ ပို့ဆောင်ရဲကြလေ၏။

ဖုန်းဝူရှန်သည် ဤ လက်နက်သခင် ငါးဦး၏ အခြေအနေကို ကြည့်လိုက်ရုံဖြင့် ဆုမို၏ 'စိတ်ဓာတ်ကို ရိုက်ချိုးပြီး သတ်ဖြတ်သည့်' နည်းလမ်းမှာ အလုပ်ဖြစ်သွားပြီ ဖြစ်ကြောင်း သိရှိလိုက်လေ၏။

သူ ဝမ်းနည်းပက်လက် ရယ်မောလိုက်မိ၏။

"ကောင်းပြီလေ... မင်းက... တကယ့်လူပါပဲ..."

လက်နက်သခင် ငါးဦးက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီးနောက် တစ်ယောက်က သက်ပြင်းချကာ ပြောဆိုလိုက်လေ၏။

"ခန်းမသခင်ကြီး... ခေါင်းဆောင်ဆုက လက်ဝါးသုံးချက်ပဲ တောင်းဆိုတာပါ... ဒီကိစ္စက ခင်ဗျားပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ပဲဖြစ်ဖြစ် အတူတူပါပဲ... ဒါပေမဲ့ ကျွန်တော်တို့က အဆင့်နိမ့်တော့ ခေါင်းဆောင်ဆုနဲ့ ယှဉ်ပြိုင်ဖို့ အရည်အချင်း မရှိပါဘူး... ဒါကြောင့်... ဒီကိစ္စက ခင်ဗျားအပေါ်မှာပဲ မူတည်ပါတယ်..."

ပြောပြီးသည်နှင့် သူက ခေါင်းငုံ့လိုက်လေ၏။ အပြစ်ရှိသလိုလို ဘာလိုလို ဟန်ပန်ဖြင့်ပင်။

ဖုန်းဝူရှန်က ကျန်လူများကို လှမ်းကြည့်လိုက်၏။

"မင်းတို့ရော အဲ့လိုပဲ သဘောရလား..."

အချို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဆုမိုဘက်သို့ လှည့်ကာ မေးမြန်းလိုက်ကြသည်။

"ခေါင်းဆောင်ဆု... ကတိတည်မယ် မဟုတ်လား... လက်ဝါးသုံးချက် ပြီးရင် အငြိုးအတေးတွေ ပြေပျောက်ပြီနော်..."

"ဒါပေါ့..."

ဆုမို ခေါင်းအသာညိတ်လိုက်လေ၏။

"ဒါဆိုရင်တော့... ခန်းမသခင်ကြီးကိုပဲ ဒုက္ခပေးရတော့မှာပဲ..."

"ဟုတ်ပါတယ်... ခုနစ်ပါး အစွန်းရောက် ခန်းမနဲ့ ခေါင်းဆောင်ဆုကြားက နားလည်မှုလွဲတာတွေက... နားလည်မှုလွဲတာ သက်သက်ပါပဲ... ခန်းမသခင်ကြီး စိတ်ချပါ... ခေါင်းဆောင်ဆုက ဒေါသဖြေချင်ရုံ သက်သက်ပါ... ရက်ရက်စက်စက် လုပ်မှာ မဟုတ်ပါဘူး..."

"ခေါင်းဆောင်ဆုက သိုင်းပညာမှာ နတ်ဘုရား တစ်ပါးလို ဖြစ်နေပြီ... ဒီ လက်ဝါးသုံးချက်က လေပြည်လေညှင်းလေးလိုပဲ နေမှာပါ... ဒါပေမဲ့ ကျွန်တော်တို့အတွက်ကျတော့ အသက်ပျောက်သွားနိုင်တယ်လေ..."

"ကျေးဇူးပြုပြီး ခန်းမသခင်ကြီးပဲ ဖြေရှင်းပေးပါ... ကျွန်တော်တို့ရဲ့ အသက်တွေက ခန်းမသခင်ကြီးရဲ့ လက်ထဲမှာပါ..."

သူတို့ တစ်ယောက်ပြီးတစ်ယောက် သဘောထားကို ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုလာကြလေ၏။ မည်သို့ပင် ဖြစ်စေကာမူ ယနေ့တွင် ဖုန်းဝူရှန်သည် ဆုမို၏ လက်ဝါးသုံးချက်ကို မဖြစ်မနေ ခံယူရတော့မည် ဖြစ်ချေ၏။

ဖုန်းဝူရှန် ခေါင်းမော့လိုက်ပြီး ဆုမိုကို ကြည့်လိုက်၏။ သူ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေလေ၏။

"ခေါင်းဆောင်ဆု... ငယ်ငယ်ရွယ်ရွယ်နဲ့ အထွတ်အထိပ် သိုင်းပညာကို ပိုင်ဆိုင်ထားတာပဲ... ခုနစ်ပါး အစွန်းရောက် ခန်းမရဲ့ အရှက်ရစရာ မြင်ကွင်းကတော့ တကယ်ကို ရယ်စရာ ကောင်းလှပါတယ်..."

"ကောင်းပြီလေ... လက်အောက်ငယ်သားတွေကို ကောင်းကောင်း မထိန်းသိမ်းနိုင်ခဲ့တာက ဖုန်းဝူရှန်ရဲ့ ငြင်းမရတဲ့ တာဝန်ပါပဲ... ဒီနေ့ ဒီ လက်ဝါးသုံးချက်ကို ဖုန်းဝူရှန် ကိုယ်တိုင်ပဲ ခံယူပါ့မယ်... ဖိတ်ခေါ်ပါတယ် ခေါင်းဆောင်ဆု..."

"ကောင်းတယ်... ခန်းမသခင်ကြီးဖုန်းက တကယ့် သိုင်းလောက စီနီယာ ပီသပါပေတယ်... ခင်ဗျားရဲ့ တာဝန်ယူစိတ်ကို ကျွန်တော် လေးစားပါတယ်... ဒါကြောင့် လက်ဝါးတစ်ချက်ပဲ ထားလိုက်ကြတာပေါ့... လက်ဝါးတစ်ချက်နဲ့ အငြိုးအတေးတွေ ဖြေဖျောက်ကြမယ်... သိုင်းလောကမှာ ပြန်ဆုံရင် မိတ်ဆွေတွေ ဖြစ်နေဦးမှာပါ..."

ဆုမို ဟားတိုက် ရယ်မောလိုက်ပြီး ခြေလှမ်းတစ်လှမ်း ပြောင်းလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း ဖုန်းဝူရှန်၏ ဘေးသို့ ရောက်ရှိသွားလေတော့သည်။

"စီနီယာ... သတိထားနော်..."

စကားဆုံးသည်နှင့် လက်ဝါးတစ်ချက် ထွက်ပေါ်လာလေ၏။

စောစောက လက်ဝါးရိုက်ချက်၏ အတွေ့အကြုံ ရှိထားပြီးဖြစ်ရာ ဖုန်းဝူရှန် မည်သို့ ပေါ့ဆရဲပါမည်နည်း။ သူသည် ချက်ချင်းပင် လက်ဝါးနှစ်ဖက်ကို စုစည်းပြီး တိုက်ခိုက်မှုကို ခုခံလိုက်လေ၏။

"ဘုန်း"

အသံအက်အက်တစ်ခု ထွက်ပေါ်လာပြီး ဖုန်းဝူရှန် ယိုင်နဲ့သွားကာ ပါးစပ်ထောင့်စွန်းမှ သွေးများ စီးကျလာလေ၏။

သူ ရုတ်တရက် မော့ကြည့်လိုက်ရာ မျက်လုံးထဲတွင် ဝမ်းသာမှုကို ဖုံးဖိမထားနိုင်တော့ချေ။ သူ အားယူပြီး ပြုံးလိုက်လေ၏။

"လက်မရွံ့ဘဲ သက်ညှာပေးတဲ့ ခေါင်းဆောင်ဆုကို ကျေးဇူးတင်ပါတယ်..."

"အငြိုးအတေးတွေ ပြီးဆုံးသွားပါပြီ... ခန်းမသခင်ကြီးဖုန်း... ပြန်လို့ ရပါပြီ..."

ဆုမို နောက်လှည့်လိုက်ပြီး သူ၏ ထိုင်ခုံတွင် ပြန်လည် ထိုင်လိုက်လေ၏။

လက်နက်သခင် ငါးဦးက ဖုန်းဝူရှန်အနားသို့ အပြေးအလွှား ရောက်ရှိလာကြ၏။ အချို့က သွေးခုန်နှုန်း စမ်းကြ၊ အချို့က ကျောကို တွဲပေးကြနှင့် ဖုန်းဝူရှန်ကို အလွန် ဂရုစိုက်နေကြသည့်အလား ဟန်ဆောင်နေကြလေ၏။

ဖုန်းဝူရှန်က သူတို့ကို လက်ကာပြပြီး ဖယ်ခိုင်းလိုက်လေ၏။ ထို့နောက် ဆက်ပြောလိုက်သည်။

"ဒီလိုဆိုမှတော့... ဖုန်းဝူရှန် နှုတ်ဆက်ပါတယ်... ဒီလက်ဆောင်လေးကိုတော့ ခေါင်းဆောင်ဆု လက်ခံပေးပါ..."

"ခန်းမသခင်ကြီးဖုန်းက ယဉ်ကျေးလွန်းနေပါပြီ... ဒီပစ္စည်းက ဒီနေရာမှာ သုံးဖို့ မသင့်တော်လောက်ပါဘူး... အငြိုးအတေးတွေ ပြေပျောက်သွားပြီဆိုတော့... ကျွန်တော့်အနေနဲ့ လက်ဆောင်ကို လက်ခံစရာ အကြောင်းမရှိတော့ပါဘူး..."

"ဒါက..."

"ထပ်မပြောပါနဲ့တော့..."

ဆုမို လက်ဝှေ့ယမ်းပြလိုက်ပြီး ဧည့်တွေ့ခြင်း အဆုံးသတ်ကြောင်း အချက်ပြလိုက်လေ၏။

"ဒါဆိုရင်... ဒီဖုန်းဝူရှန်ကို နှုတ်ဆက်ခွင့်ပြုပါ..."

ပြောစရာရှိသည်များကို ပြောပြီးပြီ ဖြစ်သဖြင့် ဖုန်းဝူရှန် လှည့်ထွက်သွားလေတော့သည်။

လက်နက်သခင် ငါးဦးမှာမူ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဖုန်းဝူရှန် ထွက်ခွာသွားသည့် ကျောပြင်ကို ကြည့်ကာ ဒုက္ခရောက်နေပုံ ရလေ၏။ ပြီးနောက် ဆုမိုကို တစ်ချက်လှမ်းကြည့်လိုက်ကြပြီး နှုတ်ခမ်းများ တွန့်ရွသွားကြရှာလေ၏။

အခန်း (၁၁၉) - လျှို့ဝှက်ချက် (၂)

~လက်ဝါးသုံးချက်သာ တကယ် ရိုက်လိုက်ရင် ဖုန်းဝူရှန် သေချာပေါက် သေလိမ့်မည်ဟု သူတို့ တထစ်ချ ယုံကြည်ခဲ့သည်။

ထို့ကြောင့်လည်း အစောက မိမိတို့ အသက်ရှင်ဖို့အတွက် ဘာမှ မငဲ့ကွက်ဘဲ လုပ်ချလိုက်သည်လေ။

သို့ရာတွင်၊ ဆုမို၏ စကားတစ်ခွန်းကြောင့် လက်ဝါးသုံးချက်ကနေ တစ်ချက်တည်း ဖြစ်သွားသည်။ ဖုန်းဝူရှန် ဒဏ်ရာရသွားတာ မှန်သော်လည်း၊ ကြည့်ရတာ သေမည့်ပုံ မပေါ်ချေ။

ဒီအခြေအနေကြီးမှာ လက်နက်သခင် ငါးယောက်စလုံး ဗျာများသွားကြလေပြီ။

သူတို့ ဆုမိုကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်ကြသည်။

သို့သော်၊ ဆုမိုက မျက်မှောင်ကြုတ်လိုက်ပြီး ပြန်မေးလိုက်လေ၏။

"စီနီယာတို့... ဆွေးနွေးစရာ ရှိသေးလို့လား"

"မ... မရှိပါဘူး..."

"ကျုပ်တို့ ပြန်တော့မယ်... ပြန်တော့မယ်..."

သူတို့ ကပျာကယာ ပြောဆိုပြီး လှည့်ထွက်ရန် ပြင်လိုက်ကြသည်။ ထိုအချိန်တွင် ဆုမို၏ အသံ ထွက်ပေါ်လာလေ၏။

"နေပါဦး..."

ဖုန်းဝူရှန် အပါအဝင် ခုနစ်ပါး အစွန်းရောက် ခန်းမမှ လူအားလုံး နောက်ပြန်လှည့်ကြည့်လိုက်ကြသည်။

ဆုမိုက ဝမ်ရှောင်၏ အလောင်းကို လက်ညှိုးထိုးပြလိုက်လေ၏။

"သူ့ကိုပါ ခေါ်သွားကြဦးလေ..."

လူအုပ်ကြီးသည် အလောင်းကို အလျင်စလို လာရောက်သယ်ဆောင်ပြီး အစေခံ၏ လမ်းပြမှုဖြင့် ဇီယန်အာမခံဌာနမှ ထွက်ခွာသွားကြလေတော့သည်။

ထိုသူများ ခန်းမဆောင်ထဲမှ ထွက်ခွာသွားသည်နှင့် အစေခံတစ်ယောက် ဝင်ရောက်လာပြန်သည်။

"ခေါင်းဆောင်... ဧည့်သည်တစ်ယောက် ထပ်ရောက်နေပါတယ်..."

"ဘယ်သူတဲ့လဲ..."

ဆုမို သက်ပြင်းချလိုက်မိသည်။

ဒီနေ့ တစ်နေ့လုံး ဧည့်သည်တွေနဲ့ပဲ အချိန်ကုန်နေရပါလား။

အစေခံက ပြန်ဖြေလိုက်၏။

"ဧည့်သည်က... ဝေဇီယီ ပါတဲ့..."

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြိုင်တူ ပြုံးလိုက်မိကြသည်။

"ဖိတ်လိုက်ပါ..."

ဝေဇီယီ ရောက်လာသည်မှာ ထင်ထားသည်ထက် ပိုမြန်နေသည်။ ခဏအတွင်းမှာပင် သူမ အခန်းထဲသို့ ဝင်ရောက်လာလေ၏။

"ခုနက ဝင်လာတုန်းက ခုနစ်ပါး အစွန်းရောက် ခန်းမက လူတွေကို တွေ့လိုက်တယ်... သူတို့ လာတောင်းပန်ကြတာလား"

ဝေဇီယီသည် ယနေ့တွင် ဝတ်စားဆင်ယင်ပုံ ပြောင်းလဲထားပြီး ယောက်ျားလေးလို ဝတ်ဆင်ထားခြင်း မရှိတော့ပေ။ ပို၍ပင် တက်ကြွလန်းဆန်းနေပုံ ရသည်။

"သခင်မလေး ဝေ ကြွရောက်လာတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ... အဝေးကနေ မကြိုဆိုမိတာ ခွင့်လွှတ်ပါ..."

ဆုမို လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။

"တော်ပါတော့... ခုနက လူတွေက ခုနစ်ပါး အစွန်းရောက် ခန်းမက မဟုတ်လား"

ဝေဇီယီက ဆုမို၏ ယဉ်ကျေးမှုကို ဂရုမစိုက်ဘဲ တိုက်ရိုက်ပင် မေးလိုက်လေ၏။

ဆုမို ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်တော့သည်။

"ဟုတ်ပါတယ်..."

"ဒါပေမဲ့ သူတို့ လာတာက တောင်းပန်ဖို့ မဟုတ်ဘူး..."

ယန်ရှောင်ယွင်က ဘေးမှ ဝင်ပြောလိုက်သည်။

"တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့တဲ့ ခုနစ်ပါး အစွန်းရောက် ခန်းမက... အခုတော့ တော်တော်လေး စိတ်ပျက်စရာ ကောင်းလာပြီ..."

"ဟေ..."

ဝေဇီယီ အနည်းငယ် အံ့အားသင့်သွားသည်။

"သူတို့က သေလမ်းလာရှာကြတာလား"

"နီးပါးပါပဲ... အခု မသေရင်တောင် နောက်ကျရင် သေမှာပါ..."

ဆုမို လက်ကာပြလိုက်လေ၏။

"သူတို့အကြောင်း ဆက်မပြောကြစို့... သခင်မလေး ဝေ ရောက်လာတာ... ဘာကိစ္စများ ရှိလို့လဲ"

"တောင်းပန်ဖို့ လာတာ..."

"......"

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြန်သည်။ ရယ်ရမလို ငိုရမလို ဖြစ်နေကြသည်။

"တောင်းပန်ဖို့လာတဲ့သူတွေ အများကြီး တွေ့ဖူးပါတယ်... ဒါပေမဲ့ သခင်မလေး ဝေ လိုမျိုး ပြတ်ပြတ်သားသားကြီး လာတောင်းပန်တာတော့ တစ်ခါမှ မမြင်ဖူးဘူး... ကြည့်ရတာ အကြွေးလာတောင်းတဲ့ ပုံစံ ပေါက်နေသလိုပဲ..."

ဆုမိုက ဝေဇီယီကို ဘေးတိုက် ကြည့်လိုက်လေ၏။

"မိန်းကလေး... လျှို့ဝှက်ထားစရာ မလိုပါဘူး... ပွင့်ပွင့်လင်းလင်းသာ ပြောပါ..."

"တကယ် တောင်းပန်တာပါ..."

ဝေဇီယီ လေးလေးနက်နက် ပြောလိုက်လေ၏။

"ဘာကြောင့်လဲဆိုတာ... ခေါင်းဆောင်ဆုလည်း နားလည်မှာပါ... ဇူချိုယန် ကိစ္စက ကျွန်မ တကယ် ရည်ရွယ်ပြီး လုပ်ခဲ့တာပါ... ခေါင်းဆောင်ဆုအတွက် လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာ မှန်ပေမဲ့... ကိုယ်ကျိုးအတွက် အသုံးချခဲ့တယ်ဆိုတဲ့ သဘော သက်ရောက်နေပါတယ်... ကျွန်မက ခေါင်းဆောင်ဆုရော၊ သခင်မလေးယန်ရော နှစ်ယောက်စလုံးနဲ့ ရင်းနှီးချင်တာပါ..."

"ဒီလို နားလည်မှုလွဲတာမျိုးကို ရင်ထဲမှာ အမြစ်တွယ်မနေစေချင်ဘူး... ဒါကြောင့် ဒီနေ့ ကျွန်မ လာပြီး ရှင်းပြတာပါ... ခေါင်းဆောင်ဆု ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ ဆုမို ခေတ္တမျှ တိတ်ဆိတ်သွားပြီး လက်ချောင်းများဖြင့် စားပွဲကို အသာအယာ ခေါက်နေလိုက်သည်။ ထို့နောက် အပြုံးတစ်ဝက်ဖြင့် မေးလိုက်လေ၏။

"တကယ်လို့ ကျွန်တော်က မလိုလားဘူး ဆိုရင်ကော..."

"အာ... အဲ့ဒါကတော့..."

ဝေဇီယီ စကားနည်းနည်း ထစ်သွားပြီးမှ သက်ပြင်းချကာ ပြောလိုက်လေ၏။

"ဒါဆိုရင်လည်း ကျွန်မက ဆက်ပြီး တောင်းဆိုနေရမှာပေါ့... ရိုးသားမှုက ကျောက်စိုင်ကျောက်သားကိုတောင် ဖောက်ထွင်းနိုင်တယ်လို့ ယုံကြည်ထားတာကိုး..."

"တွေ့လား... ကျွန်တော် ပြောသားပဲ... သူက လာတောင်းပန်တာ မဟုတ်ပါဘူးဆို... ပြဿနာ လာရှာတာပါဆိုနေ..."

ဆုမို ယန်ရှောင်ယွင်ဘက်သို့ လှည့်ပြောလိုက်သည်။

ယန်ရှောင်ယွင်က သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်လေ၏။

"နောက်နေတာ တော်တော့..."

ထို့နောက် သူမ ဝေဇီယီဘက်သို့ လှည့်လိုက်သည်။

"သခင်မလေး ဝေ... သိပ်ပြီး အားနာနေစရာ မလိုပါဘူး... သိုင်းလောကဆိုတာ ဘယ်နေရာမဆို လှိုင်းလေထန်နေတာချည်းပါပဲ... သခင်မလေး ဝေ ပြောသလိုပဲ... ဇူချိုယန် ကိစ္စက ရှင်..လုပ်ချင်တဲ့ ကိစ္စ ဖြစ်သလို... ရှောင်မိုနဲ့ ကျွန်မတို့လည်း မဖြစ်မနေ ဖြေရှင်းရမယ့် ကိစ္စပါပဲ... ရည်မှန်းချက်ချင်း တူနေမှတော့ အသုံးချတယ်လို့ ဘယ်ခေါ်မလဲ... ပူးပေါင်းဆောင်ရွက်တယ်လို့ပဲ ခေါ်ရမှာပေါ့..."

"ဒါကြောင့် ဒီကိစ္စအတွက် သခင်မလေး ဝေ စိတ်ပူစရာ မလိုပါဘူး... ရှောင်မိုက သဘောထား သေးသိမ်တဲ့သူ မဟုတ်ပါဘူး..."

"ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်..."

ဝေဇီယီ ဆုမိုကို လှမ်းကြည့်လိုက်သည်။ သူ ခေါင်းညိတ်ပြသည်ကို မြင်သောအခါ သူမ သဘောကျစွာ ရယ်မောလိုက်လေတော့သည်။

"ကောင်းလိုက်တာ... တကယ် ကောင်းလိုက်တာ... လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးကိစ္စကြောင့် ရှင်တို့ ကျွန်မအပေါ် သံသယ ဝင်နေမှာကို စိုးရိမ်နေတာ... အခုလို အစ်မယွင် ပြောလိုက်တော့မှပဲ စိတ်အေးသွားတော့တယ်..."

စကားပြောရင်း သူမ ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။ အစေခံမလေးက ရနံ့သင်းပျံ့သော လက်ဖက်ရည် လာချပေးသောအခါ ဝေဇီယီ ဆက်ပြောလိုက်လေ၏။

"တကယ်တော့... ဒီကိစ္စအတွက် ကျွန်မ တစ်ယောက်တည်းမှာပဲ တာဝန်ရှိတာ မဟုတ်ဘူး... ကျွန်မလည်း မလွန်ဆန်နိုင်ခဲ့လို့ပါ..."

"မလွန်ဆန်နိုင်ဘူး ဟုတ်လား..."

ဆုမိုက ဝေဇီယီကို အပြုံးတစ်ဝက်ဖြင့် ကြည့်လိုက်လေ၏။

"မြို့စားမင်းဟွာနဲ့ ပတ်သက်နေလို့လား..."

"ဒါနဲ့ စကားမစပ်..."

ယန်ရှောင်ယွင်လည်း အနည်းငယ် စိတ်ဝင်စားသွားမိသည်။

"မြို့စားမင်းဟွာနဲ့ မဟာမိတ်ခေါင်းဆောင် ဝေ တို့ကြားမှာ ဘာတွေ ဖြစ်နေကြတာလဲဟင်"

"ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး..."

ဝေဇီယီ ရယ်လိုက်လေ၏။

"တကယ်တော့ ဒီနေ့ ကျွန်မ လာတာက... ဒီလျှို့ဝှက်ချက်ကို ပြောပြပြီး ငြိမ်းချမ်းရေး ရယူမလို့ပါ..."

ပြောရင်း သူမက ဘေးနားရှိ အစေခံများကို ဝေ့ဝဲကြည့်လိုက်သည်။

ဆုမိုက လက်ကို ဝှေ့ယမ်းပြလိုက်ရာ ဦးလေးဖူက လူအားလုံးကို ခေါ်ထုတ်သွားလေတော့သည်။ ထို့နောက်မှ ဝေဇီယီ ဆက်ပြောလိုက်လေ၏။

"သူတို့ရဲ့ ပတ်သက်မှုက ရိုးရှင်းပါတယ်... လက်မထပ်ရသေးတဲ့ အမျိုးသမီး တစ်ယောက်ဆီကနေ သူ့ကလေးကို ရခဲ့တာပါ... အဘိုးက အစတုန်းကတော့ အသိအမှတ်ပြုဖို့ အစီအစဉ် မရှိပါဘူး... ဒါပေမဲ့ မထင်မှတ်ထားဘဲ သူ့သားက သေဆုံးသွားခဲ့တယ်လေ... အရင်တုန်းက အရေးမလုပ်ခဲ့တဲ့ သားအမိ နှစ်ယောက်က အဘိုးရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာတော့တာပေါ့..."

"အဲ့ဒီလို ဝမ်းနည်းပူဆွေးမှုတွေအောက်မှာ... မကျေနပ်မှုတွေ အားလုံး ပျောက်ကွယ်သွားခဲ့တယ်..."

"ဒါနဲ့ အဖိုးက ကလေးကို လန်ယွဲ့နန်းတော်ဆီ ပို့ဖို့ ကြိုးစားခဲ့တယ်... အဲ့ဒီအမျိုးသမီးကတော့ သိုင်းပညာ အတော်အတန် တတ်ကျွမ်းထားပြီးသားမို့... သူ့ဘဝရဲ့ ခြေရာလက်ရာတွေကို ဖျောက်ဖျက်ပြီး... ဖြစ်နိုင်ချေရှိတဲ့ နောက်ခံသမိုင်းကြောင်း အတုတစ်ခု ဖန်တီးပြီးတော့... ထျန်းယွီမြို့ကို တစ်ယောက်တည်း ထွက်ခွာသွားခဲ့တာပါ…”

အခန်း (၁၂၀) - လျှို့ဝှက်ချက် (၃)

~ဝေဇီယီသည် ဤစကားများကို အေးစက်တည်ငြိမ်စွာ ပြောဆိုလိုက်ခြင်း ဖြစ်သော်လည်း၊ သူမ၏ စကားများတွင် ပါဝင်သော အချက်အလက်များကမူ အတော်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှပေ၏။

ဆုမိုသည် တိတ်ဆိတ်ငြိမ်သက်နေလေ၏။ ဤအကြောင်းအရာများက သူ့အတွက် အံ့ဩစရာ မဟုတ်သကဲ့သို့ပင်။ ယန်ရှောင်ယွင် တစ်ယောက်သာလျှင် ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့ရှာသည်။

"ဒါဆို...ရှင် ပြောချင်တာက... မြို့စားမင်းဟွာက...ရှင့်အမေရင်း ပေါ့..."

"ဟုတ်တယ်... မွေးမိခင်ပါ..."

ဝေဇီယီ ခါးသက်သက် ပြုံးလိုက်လေ၏။

"ဒါပေမဲ့... ကျွန်မက သူနဲ့ သိပ်မရင်းနှီးပါဘူး... ငယ်ငယ်ကတည်းက လန်ယွဲ့နန်းတော်ကို ပို့ခံရတာလေ... နှစ်တွေအကြာကြီးနေမှ တစ်ခါလောက်ပဲ တွေ့ရတာ... ပြီးတော့ တွေ့လိုက်ရတိုင်း..."

ဤနေရာသို့ ရောက်သောအခါ သူမ၏ မျက်နှာပေါ်ရှိ ဟန်ဆောင်ထားသော ပေါ့ပါးမှုများ ပျောက်ကွယ်သွားပြီး၊ တိုးညှင်းသော လေသံလေးဖြင့် ဆက်ပြောလိုက်လေ၏။

"တွေ့လိုက်ရတိုင်း... သူက ပိုပိုပြီး လေးနက်တည်ငြိမ်လာသလိုပဲ..."

"အချိန်တွေက သူ့ကို အိုမင်းစေတာလား... သိုင်းလောကကြီးက သူ့ကို အိုမင်းစေတာလား ဆိုတာတော့... မပြောတတ်တော့ပါဘူး..."

...

...

လော့ရှားမြို့ပြင်ဘက်...။

လူတစ်စုသည် လမ်းမပေါ်တွင် သုတ်ခြေတင် ပြေးလွှားနေကြလေ၏။

ထိုအထဲတွင် လူနှစ်ယောက်က ဖြူဖွေးသော ဆံပင်နှင့် နုပျိုသော မျက်နှာပိုင်ရှင် အဘိုးအိုတစ်ဦးကို တွဲထူထားကြပြီး၊ အခြားနှစ်ယောက်က အလောင်းတစ်လောင်းကို သယ်ဆောင်ထားကြသည်။

နောက်ဆုံးကျန်ရစ်သော တစ်ယောက်ကမူ နောက်ချန်ကင်းအဖြစ် လိုက်ပါလာခြင်း ဖြစ်သည်။ ထိုအချိန်တွင် သူ ရုတ်တရက် အော်ဟစ်ကာ ရပ်တန့်လိုက်လေ၏။

"သူတို့ လိုက်မလာကြဘူး..."

ထိုစကားကို ကြားလိုက်ရမှ ကျန်လူများအားလုံး သက်ပြင်းချနိုင်ကြတော့သည်။

ဤလူများကား ဇီယန်အာမခံဌာနမှ ထွက်ပြေးလာကြသော ခုနစ်ပါး အစွန်းရောက် ခန်းမမှ သိုင်းပညာရှင်များပင် ဖြစ်လေသတည်း။

ဇီယန်အာမခံဌာနမှ ထွက်လာကတည်းက ဆုမို စိတ်ပြောင်းပြီး သူတို့နောက် လိုက်လာကာ သတ်ဖြတ်မည်ကို စိုးရိမ်သဖြင့် နားချိန်မရှိဘဲ ခရီးနှင်လာခဲ့ကြခြင်း ဖြစ်သည်။

ဤနေရာသို့ ရောက်မှသာ စိတ်ကို အနည်းငယ် လျှော့ချရဲကြတော့သည်။

သူတို့သည် လမ်းဘေးသို့ ကပ်လိုက်ကြပြီး ခေတ္တမျှ အနားယူရန် ပြင်ဆင်လိုက်ကြလေ၏။

ဖုန်းဝူရှန်သည် ဆုမို၏ လက်ဝါးနှစ်ချက်ကို ခံယူခဲ့ရသဖြင့် ပုံမှန်အချိန်၌ နီမြန်းနေတတ်သော မျက်နှာမှာ သွေးရောင်ကင်းမဲ့ကာ ဖြူဖပ်ဖြူရော် ဖြစ်နေရှာလေ၏။

တူသခင်က သူ့ကို တွဲထူကာ ထိုင်စေလိုက်သည်။ ဖုန်းဝူရှန်သည် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်လိုက်ပြီး အတွင်းအားကို စုစည်းကာ ဒဏ်ရာများကို ကုစားရန် ကြိုးပမ်းလိုက်လေ၏။

"ခန်းမသခင်ကြီး... ရေနည်းနည်း သောက်လိုက်ပါဦး..."

တူသခင်က ရေဘူးကို ကမ်းပေးလိုက်သည်။

ဖုန်းဝူရှန် မျက်လုံးဖွင့်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်လေ၏။

"ကျေးဇူးပါပဲကွာ... ဒုက္ခပေးမိပြီ..."

တူသခင်က ခေါင်းကို အလျင်စလို ခါယမ်းလိုက်သည်။

"မလိုပါဘူး... ဒုက္ခမရောက်ပါဘူး ခန်းမသခင်ကြီး... ခင်ဗျားကသာ ပိုပြီး ခံစားခဲ့ရတာပါ... ကျွန်တော်တို့ အသက်ရှင်ဖို့အတွက် အဲ့ဒီလူယုတ်မာရဲ့ လက်ဝါးချက်ကို ခံယူခဲ့ရတာလေ..."

"ဒါက ငါ့တာဝန်ပါ... ငါက ခုနစ်ပါး အစွန်းရောက် ခန်းမရဲ့ ခန်းမသခင်ကြီးပဲဟာ..."

သူ တိုးလျစွာ.. ပြောလိုက်လေ၏။

"ဝမ်ရှောင် သေသွားရတာ နှမြောစရာပါပဲ... သူ့ကို ကောင်းကောင်းမွန်မွန် မြှုပ်နှံပေးသင့်တယ်..."

"ဟုတ်ကဲ့ပါ..."

တူသခင် ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် ခန်းမသခင်ကြီး ကောင်းကောင်း အနားယူပါ... ကျုပ် မနှောင့်ယှက်တော့ပါဘူး..."

စကားဆုံးသည်နှင့် တူသခင်.. နောက်သို့ လှည့်ထွက်လာခဲ့လေ၏။ သို့သော် သူ့မျက်နှာပေါ်ရှိ ယခင်က လေးစားရိုသေမှုများ ပျောက်ကွယ်သွားပြီး လေးနက်တည်ကြည်သော အမူအရာများ အစားထိုး ဝင်ရောက်လာလေတော့သည်။

သူ့အနောက်တွင် ကျန်ရစ်ခဲ့သော ဖုန်းဝူရှန်၏ မျက်နှာပေါ်တွင်လည်း အပြုံးအရိပ်အယောင် မရှိတော့။ နက်ရှိုင်းသော လူသတ်လိုစိတ်များ ဖြတ်ပြေးသွားသော်လည်း ဟန်မပျက် ဆက်လက် တည်ရှိနေလေ၏။

ဖုန်းဝူရှန်ကို တရားမှတ်ခိုင်းထားခဲ့ပြီး တူသခင်သည် ခြေလှမ်းအနည်းငယ် လှမ်းကာ ကျန်ရှိသော လက်နက်သခင်များထံသို့ သွားရောက် ပူးပေါင်းလိုက်လေ၏။

ကျန်လူများမှာ မြစ်ကမ်းနားတွင် ရေခပ်နေကြပြီး ဖုန်းဝူရှန်ဘက်သို့ ကျောပေးကာ တီးတိုး တိုင်ပင်နေကြလေ၏။

"မင်းတို့ ဘယ်လိုမြင်လဲ... ဘာဆက်လုပ်ကြမလဲ..."

တစ်ယောက်က ချက်ချင်းပင် လည်ပင်းကို ဖြတ်ဟန်ပြုလုပ်ကာ 'သတ်မယ်' ဟု အချက်ပြလိုက်လေ၏။

ထိုအပြုအမူကြောင့် လူငါးယောက်စလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

သို့သော် တိတ်ဆိတ်မှုမှာ ကြာရှည်မခံလိုက်။ တူသခင်က အသံနှိမ့်ကာ ပြောဆိုလိုက်လေ၏။

"ဖုန်းဝူရှန်က ဓားသွားပေါ်မှာ ပျားရည်သုတ်ထားတဲ့ လူစားမျိုး... အပြုံးနောက်ကွယ်မှာ အဆိပ်တွေ ဖုံးကွယ်ထားတတ်တယ်... ခုနက ငါ ရေတိုက်တုန်းက သူက ပြုံးပြီး ကျေးဇူးတင်စကား ပြောတယ်..."

"ဒီနေ့ ဇီယန်အာမခံဌာနထဲမှာ သူ ဘယ်လောက်တောင် ဗြောင်လိမ်ဗြောင်စား လုပ်ခဲ့လဲဆိုတာ မင်းတို့ မြင်တယ်မလား... သူ့အသက်ရှင်ဖို့အတွက် ဆိုရင် သူ ဘာမဆို လုပ်ရဲတယ်..."

"အခုလောလောဆယ်တော့ ငါတို့ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတာပေါ့... ဒါပေမဲ့ သူ့ရင်ထဲမှာ ဘာတွေ ကြံစည်နေမလဲ ဘယ်သူသိမှာလဲ... ဒဏ်ရာပျောက်သွားရင် ငါတို့ကို ဘယ်လို ပြန်သတ်မလဲဆိုတာ စဉ်းစားနေလောက်ပြီ..."

ထိုစကားက လူတိုင်း၏ ရင်ထဲသို့ လေးလံသော တူကြီး တစ်ချောင်းဖြင့် ထုချလိုက်သကဲ့သို့ ရှိလေ၏။

အပြစ်ရှိသူများ ပူပန်ခြင်းမှာ သဘာဝပင်။ ဆုမိုက လက်ဝါးသုံးချက် ကတိကဝတ်ကို တောင်းဆိုစဉ်က သူတို့သည် ဖုန်းဝူရှန်ကို ထွက်ခွာခွင့်မပေးဘဲ တားဆီးခဲ့ကြသည် မဟုတ်ပါလော။

ယခု ဖုန်းဝူရှန် မသေသေး။ ဤအငြိုးကို သူ မေ့ပျောက်ပါ့မည်လား။

ဖုန်းဝူရှန်၏ ရင်ထဲတွင် ယခုအချိန်၌ အမုန်းဆုံးလူမှာ သူ့ကို ဒဏ်ရာရစေခဲ့သော ဆုမို မဟုတ်ဘဲ၊ သစ္စာဖောက်ခဲ့ကြသော ဤ လက်နက်သခင်များသာ ဖြစ်ကောင်း ဖြစ်နေပေလိမ့်မည်။

"ငါ့သဘောပြောရရင်... ဇွတ်မှိတ်ပြီး လုပ်ပစ်လိုက်တာ ပိုကောင်းမယ်... ဖုန်းဝူရှန်ကို သတ်... 'ခုနစ်ပါး အသည်းကွဲ ကျင့်စဉ်' ကို ယူ... ပြီးရင် ခုနစ်ပါး အစွန်းရောက် ခန်းမကို ငါတို့ညီအစ်ကိုတွေ အုပ်ချုပ်ကြမယ်..."

"ဒါပေမဲ့ သူက ခန်းမသခင်ကြီးလေ..."

"မင်းတို့ သဘောပေါက်စမ်းပါ... ဇီယန်အာမခံဌာနက ကိစ္စပြီးကတည်းက... ဒီ ခန်းမသခင်ကြီးက ငါတို့အတွက် ယမမင်း ဖြစ်နေပြီ... သူ မသေရင် ငါတို့ သေမှာ..."

"နောက်တစ်ချက်က... အခု သူ ဒဏ်ရာအပြင်းအထန် ရထားတာ... ဒီလို အခွင့်အရေးမျိုးက တစ်သက်မှာ တစ်ခါပဲ ရမှာ... နောက်ထပ် ရလာမှာ မဟုတ်ဘူး..."

တစ်ယောက်တစ်ပေါက် ပြောဆိုရင်း သူတို့ ဆုံးဖြတ်ချက် ချလိုက်ကြလေပြီ။

အချင်းချင်း ကြည့်လိုက်ကြပြီး ပြိုင်တူ ခေါင်းညိတ်ကာ မတ်တတ်ရပ်လိုက်ကြသည်။ လူသတ်လိုစိတ်များ ပြင်းထန်နေခဲ့တော့၏။

သို့သော်... သူတို့ နောက်လှည့်ကြည့်လိုက်သည့် အခိုက်တွင် လူတိုင်း၏ မျက်နှာထားများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြလေတော့သည်။

ဖုန်းဝူရှန် ထိုင်နေခဲ့သော နေရာတွင် မည်သူမျှ ရှိမနေတော့။ ခန်းမသခင်ကြီး၏ အရိပ်အယောင်ပင် မတွေ့ရတော့ချေ။

"လိုက်ကြ..."

ဒေါသတကြီး အော်ဟစ်သံနှင့်အတူ လက်နက်သခင် ငါးဦးစလုံးသည် တပြိုင်နက်တည်း ပြေးထွက်သွားကြပြီး ဖုန်းဝူရှန်၏ ခြေရာကို လိုက်လံရှာဖွေကြလေတော့သည်။

သူတို့ ဖုန်းဝူရှန်ကို သတ်ရန် ဆုံးဖြတ်လိုက်ချိန်ကျမှ ထိုလူက ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ တကယ်လို့များ ထိုလူသာ ဒဏ်ရာပြန်ကောင်းလာပြီး ပြန်ရောက်လာခဲ့လျှင် သူတို့ကို အသက်ရှင်ခွင့် ပေးပါဦးမည်လား။

ဖုန်းဝူရှန်ကို ရှာဖွေပြီး အမြစ်ဖြတ်မသတ်နိုင်ပါက... သေရမည့်သူများမှာ သူတို့သာ ဖြစ်ပေလိမ့်မည်။

လက်နက်သခင် ငါးဦး ထွက်ခွာသွားပြီးနောက် မျက်တောင်တစ်ခတ်အတွင်း ထိုနေရာ၌ ဝမ်ရှောင်၏ အလောင်းသာ ကျန်ရစ်ခဲ့လေတော့သည်။

လက်ဖက်ရည်တစ်အိုး သောက်ချိန်မပြည့်မီမှာပင် ရေမျက်နှာပြင်ပေါ်၌ ပူဖောင်းများ ပလုံပလုံ ထွက်ပေါ်လာပြီး လူတစ်ယောက် ရေထဲမှ ရုတ်တရက် ငေါက်ခနဲ ထွက်ပေါ်လာလေ၏။ လေကို ဝလင်အောင် ရှူရှိုက်ရင်း အဆက်မပြတ် ချောင်းဆိုးနေရှာသည်။

ထိုသူမှာ ဖုန်းဝူရှန်မှလွဲ၍ တခြားသူ မဟုတ်ပါချေ။

သူတို့ သူ့ကို သတ်မသတ် တိုင်ပင်နေကြစဉ်ကတည်းက သူ ရေထဲသို့ တိတ်တဆိတ် ဆင်းသက် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။

သူတို့ လိုက်ရှာရန် ထွက်သွားကြမှ သူ ရေထဲက ပြန်တက်လာပြီး အခွင့်ကောင်းယူကာ ထွက်ပြေးရန် ကြံစည်နေခြင်း ဖြစ်၏။

"ကျေးဇူးကန်းတဲ့ ကောင်တွေ... ငါ ဒဏ်ရာပျောက်တဲ့အထိ စောင့်နေလိုက်... မင်းတို့ကို ပြပေးလိုက်မယ်..."

အသက်လုရှူရင်း ဖုန်းဝူရှန် ကမ်းစပ်သို့ တက်လာခဲ့သည်။ သို့သော် အသက်ဝဝ မရှူနိုင်သေးမီမှာပင် အရိပ်တစ်ခုက သူ့အပေါ်သို့ လွှမ်းခြုံကျရောက်လာလေတော့သည်။

မော့ကြည့်လိုက်သောအခါ... ခုနကမှ သူ့ကို ရေတိုက်ပြီး ဂရုစိုက်ခဲ့သော တူသခင် ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။

သူက တူကို ကိုင်ဆောင်ထားသော်လည်း အကြမ်းပတမ်းသမား တစ်ယောက် မဟုတ်ပေ။ ဒဏ်ရာပြင်းထန်စွာ ရထားသော ဖုန်းဝူရှန်တစ်ယောက် ဘယ်လောက်ဝေးဝေး ပြေးနိုင်ပါမည်နည်း။ အနီးအနားမှာပဲ ရှိနေဦးမည်ဟု ခန့်မှန်းပြီး ပြန်လာကြည့်ရာ အမိဖမ်းမိသွားခြင်း ဖြစ်လေ၏။

ဖုန်းဝူရှန်၏ တုံ့ပြန်မှုက အလွန် လျင်မြန်လှပေသည်။

"ခုနက ရင်ထဲမှာ အရမ်း ပူလောင်လာလို့... ရေထဲ ဆင်းပြီး အအေးခံနေတာပါကွာ... ဟေ... ကျန်တဲ့သူတွေရော ဘယ်ရောက်သွားကြလဲ..."

"သူတို့က ခန်းမသခင်ကြီးကို လိုက်ရှာနေကြတာ..."

ဟု တူသခင်က ပြုံးရင်း ပြောလိုက်သည်။

"ခန်းမသခင်ကြီးက အိုက်နေတယ်ဆိုရင်လည်း ပြောပါလား... ကျွန်တော်တို့က နည်းလမ်းရှာပေးမှာပေါ့... ဘာလို့ တစ်ယောက်တည်း ရေဆင်းစိမ်နေရတာလဲ... လာပါ... ကျွန်တော် တွဲပေးပါ့မယ်..."

စကားမဆုံးမီမှာပင် သူသည် လက်ကိုဆန့်ထုတ်လိုက်ပြီး ဖုန်းဝူရှန်၏ အဓိက သွေးကြောကွက်များကို ဖမ်းချုပ်ရန် ကြိုးပမ်းလိုက်လေတော့သည်။

"ကျေးဇူးပါပဲကွာ..."

ဖုန်းဝူရှန်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ထိုဖမ်းချုပ်မှုကို ကာကွယ်လိုက်ပြီး၊ ကျန်လက်တစ်ဖက်က လျှပ်စီးလက်သကဲ့သို့ ဖျတ်လတ်စွာ ရိုက်ထုတ်လိုက်လေ၏။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ တူသခင်သည် အန္တရာယ်ကို မည်သို့ မသိဘဲ နေပါမည်နည်း။

ထိတွေ့လိုက်သည်နှင့် ကြီးမားသော အတွင်းအားလှိုင်း တစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရပြီး တူသခင် နောက်သို့ လွင့်စင်သွားလေတော့သည်။

ပုံမှန်အချိန်ဆိုလျှင် ဤလက်ဝါးချက်သည် တူသခင်ကို သတ်ဖြတ်ရန် လုံလောက်သော်လည်း၊ ယခုမူ ဒဏ်ရာပြင်းထန်နေသဖြင့် တူသခင်ကို တွန်းထုတ်နိုင်ရုံသာ ရှိပြီး ဖုန်းဝူရှန်ကိုယ်တိုင်လည်း ရေထဲသို့ ပြန်လည် ပြုတ်ကျသွားရရှာလေ၏။

ပြန်မော့ကြည့်လိုက်သောအခါ တူသခင်သည် ပါးစပ်မှ သွေးများ ယိုစီးကျနေလျက် လေထဲမှ ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။ သူ၏ လက်ထဲတွင် 'ရွှေရောင် တူကြီး' ကို ကိုင်ဆောင်ထားပြီး ကောင်းကင်မှ ဆင်းသက်လာသော နတ်ဆိုးတစ်ကောင်အလား အားကုန် ထုချလိုက်လေတော့သတည်း။

All Chapters