← Chapters

အခန်း (၁၅၃၁-၁၅၃၃)

Vol. 103 Ch. 1531-1533

အခန်း (၁၅၃၁-၁၅၃၃)

Vol. 103 Ch. 1531-1533

အခန်း (၁၅၃၁) အမတေမဲ့အဆင့်၏ အထွတ်အထိပ်

“သခင်... သခင်လေးချူး သီးသန့်လေ့ကိင့်ရာက ထွက်လာပြီ” ဝေ့ဝူကျီက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားထဲမှ ထွက်လာကာ အိမ်တော်အတွင်း ပေါ်ပေါက်လာသည်။ သူသည် အနက်ရောင် ဝတ်ရုံပွကို ဝတ်ဆင်၍ ဆံပင်ကို အနောက်တွင် ချီနှောင်ကာ နဖူးတွင် အဖြူရောင် ခေါင်းစည်းပတ်ထားသဖြင့် ပေါ့ပါးသော အသွင်ဆောင်နေသည်။ သူ၏ မျက်နှာအမူအရာသည် တည်ငြိမ်အေးဆေးနေသော်လည်း မျက်ဝန်းများတွင် ကြည်နူးမှု အရိပ်အမြွက်များရှိနေသည်။ သူသည် လွန်ခဲ့သော သုံးလတာကာလအတွင်း အကျိုးအမြတ်များစွာရရှိခဲ့သည်။ ကျင့်ကြံမှုဆင့်ကို တည်ငြိမ်အောင် ပြုလုပ်နိုင်ရုံသာမကဘဲ အမတေမဲ့အဆင့် အထွတ်အထိပ်သို့ပင် တက်လှမ်းနိုင်ခဲ့သည်။

ယခုအခါ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ရွှေအမတေပုံစံအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် မည်သူမျှ သူနှင့် ယှဉ်နိုင်တော့မည်မဟုတ်ပေ။ သူသည် ကနဦးတွငိ အလွန်မြန်ဆန်စွာ အဆင့်ကျော်ဖြတ်ခဲ့သဖြင့် ကျင့်ကြံမှုအဆင့်သည် အနည်းငယ် မတည်မငြိမ်ဖြစ်နေခဲ့သည်။ ချူးယွင်ဖန်းသည် ကျင့်ကြံမှုအဆင့်ကို ခိုင်မြဲအောင် လုပ်ဆောင်နိုင်ခဲ့သော်လည်း အဆင့်ဖြတ်ကျော်မှု လျင်မြန်လှသည့်အတွက် ယခင်က သူ​၏နားလည်နိုင်စွမ်းသည် မပြည့်စုံခဲ့ပေ။

ချူးယွင်ဖန်းသည် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်လာခဲ့သည့် ကျွမ်းကျင်သူများနှင့် မနှိုင်းယှဉ်နိုင်သော်လည်း၊ လွန်ခဲ့သော သုံးလအတွင်း နတ်ဘုရားဝိညာဉ်ကို အသုံးပြု၍ ကျင့်ကြံမှုနှင့်ပတ်သက်သည့် နားလည်နိုင်စွမ်းများကို မြှင့်တင်ခဲ့သည်။ ထိုသုံးလသည် သာမန်လူတစ်ယောက်အတွက် ဆယ်နှစ်စာနှင့် ညီမျှပေသည်။ သို့သော် နတ်ဘုရားဝိညာဉ်ကို ထိုအခြေအနေအထိ အသက်သွင်းနိုင်ရန် သူ၏ ဝိညာဉ်ကျောက်တုံးအားလုံးကို အကုန်အစင် သုံးစွဲခဲ့ရသည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် သီးသန့်ကျင့်ကြံရာမှ ထွက်လာရခြင်းဖြစ်သည်။ အကယ်၍ ဝိညာဉ်ကျောက်တုံးများ မကုန်ဆုံးသွားပါက ရွှေအမတေပုံစံအဆင့်သို့ ရောက်ရှိသည်အထိ ဆက်လက်ကျင့်ကြံနေမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ၊ ထိုအဆင့်သို့ရောက်ရှိရန် မဝေးလှကြောင်း သူ သိနေသည်။ အစပိုင်းတွင် သူ၏ခန္ဓာကိုယ်ထဲ၌ ရွှေရောင်အမတေ ခပ်ဖျော့ဖျော့သာရှိသော်လည်း ယခုအခါ ပို၍ခိုင်မာလာခဲ့သည်။ သူသည် သိပ်သည်းလှသော နတ်စွမ်းအင်များကို အသုံးပြု၍ ရွှေရောင်အမတေကို ဆက်လက်စုစည်းရန် ပြုလုပ်နေခဲ့သည်။ ထိုအမတေသည် မကြာမီအချိန်အတွင်း အစိုင်အခဲတစ်ခုအဖြစ် ပြောင်းလဲကာ ရွှေအမတေပုံစံအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု ချူးယွင်ဖန်း ခန့်မှန်းထားသည်။ ထိုအချိန်ကျလျှင် သူ့ကို ယှဉ်ပြိုင်နိုင်သူရှိမည်မဟုတ်ပေ။ သူသည် နည်းလမ်းအမျိုးမျိုးဖြင့် စုဆောင်းထားသော ဝိညာဉ်ကျောက်တုံးအားလုံးကို နတ်ဘုရားဝိညာဉ်နှင့် ဆေးဖက်ဝင်တောင်တန်း၌ အသုံးပြုလိုက်ပြီဖြစ်သည်။

'ဝိညာဉ်ကျောက်တုံးတွေ ထပ်ရှာပေးဖို့ ဝေ့ဝူကျီကို ပြောရမယ်’ ချူးယွင်ဖန်းသည် ထိုသို့ တွေးလိုက်သည်။

'သူ့လိုလူမျိုးရှိနေတာက အကျိုးရှိတာပဲ။ ဝေ့ဝူကျီက ငါ့အတွက် လိုအပ်တဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ သယံဇာတတွေကို လွယ်လွယ်ရှာပေးနိုင်တယ်’

၎င်းသည် ချူးယွင်ဖန်းကို နှစ်ပေါင်းများစွာခန့် အချိန်ကုန်သက်သာစေသည်။ လေလွင့်ကျင့်ကြံသူများထဲတွင် အစွမ်းထက်သူများရှိသော်လည်း စနစ်တကျ လေ့ကျင့်ပေးထားသည့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် အားနည်းနေရခြင်းသည် အရင်းအမြစ်များ ကွာခြားမှုကြောင့်ဖြစ်သည်။

“ငါ့ကျင့်ကြံမှုဆင့် အခုထက် မြင့်လာတဲ့အထိ စောင့်ရမယ်။ ပြီးမှ ဒီနယ်မြေကနေ ထွက်ခွာနိုင်မယ့် နည်းလမ်းကို ရှာမယ်။ စီယု... ကိုယ့်ကို စောင့်နေပါ" ချူးယွင်ဖန်းသည် စိတ်သက်သာရာရစွာ ပြောလိုက်သည်။

ရုတ်တရက်ဆိုသလိုပင် သူချမှတ်ထားသည့် အတားအဆီးကို တစ်စုံတစ်ယောက်က ထိကိုင်လာခြင်းကို ခံစားလိုက်ရသည်။ သူ၏ နတ်အာရုံကို ဖြန့်ကြက်လိုက်သောအခါ ချူးဟုန်ချိုင်နှင့် ဝေ့ဝူကျီတို့သည် အိမ်အပြင်၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကြကြောင်း တွေ့ရှိလိုက်ရသည်။ ပြီးနောက် သူသည် အရှေ့သို့လှမ်းလိုက်သည်နှင့် ချက်ချင်းပင် အိမ်အပြင်ဘက်သို့ ရောက်ရှိသွားသည်။ သူ ရုတ်တရက် ပေါ်ပေါက်လာသောကြောင့် ထိုနှစ်ဦး အလွန်ဝမ်းသာသွားကြသည်။

“အစ်ကိုဖန်း၊ နောက်ဆုံးတော့ အပြင်ထွက်လာပြီပဲ" ချူးဟုန်ချိုင်က ဝမ်းသာအားရစွာ အော်ခေါ်လိုက်သည်။

ချူးဟုန်ချိုင်သည် ချူးယွင်ဖန်း၏ အရှေ့တွင်ရှိနေချိန် သူရဲကောင်းလူငယ်များ၏ ခေါင်းဆောင်နှင့် မတူဘဲ သာမန်ညီငယ်တစ်ယောက်ကဲ့သို့သာ ပြုမူနေသည်။

“သခင်လေးချူး” ဝေ့ဝူကျီသည်လည်း ထပ်တူ အံ့အားသင့်နေသည်။

“အရှင်မင်းကြီး” ချူးယွင်ဖန်းက ဝေ့ဝူကျီကို ခေါင်းငြိမ့်ပြကာ မေးလိုက်သည်။

"ဘာကိစ္စများ ရှိလို့ပါလဲ"

“အရေးကြီးကိစ္စတစ်ခု ဖြစ်နေတယ်”

ဝေ့ဝူကျီက အဖြစ်အပျက်အားလုံးကို ချူးယွင်ဖန်းထံ ပြောပြလိုက်သည်။ ထိုသတင်းကြောင့် ချူးယွင်ဖန်း အံ့အားသင့်သွားသည်။ ဤမျှ စောစီးစွာ ဖြစ်ပွားလာလိမ့်မည်ဟု သူ မထင်မှတ်ထားပေ။ အေးဆေးတည်ငြိမ်နေခဲ့သော အနောက်ဘက်အစွန်းရှိ မွန်းစတားဂိုဏ်းသည် ဝေ့တိုင်းပြည်ကို ကျူးကျော်လာခဲ့သည်။ ၎င်းတို့သည် လပိုင်းအတွင်း အနောက်ဘက် နယ်စပ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ ကြီးမြတ်သော ဝေ့တိုင်းပြည်သည် ဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင်နေရသည်။ မွန်းစတားများသည် ညတွင်းချင်း တိုက်ခိုက်လာသောကြောင့် ထွက်ပြေးရန် အချိန်မရခဲ့သော ဒေသခံအများစု သုတ်သင်ခံခဲ့ရသည်။

ယခင်က ပြည်ထောင်စု၏ မြို့ကြီးများ မွန်းစတားများလက်ထဲ ကျရောက်ခဲ့စဉ်က လူသားများစွာ သေကြေပျက်စီးခဲ့ရခြင်းကို မြင်တွေ့ခဲ့ဖူးသောကြောင့် ယခုအခါ အနောက်ဘက်နယ်စပ်ရှိ လူများစွာသည် မည်မျှသော ကြောက်မက်ဖွယ် အခြေအနေနှင့် ကြုံတွေ့နေရမည်ကို ချူးယွင်ဖန်း ခန့်မှန်းနိုင်သည်။ ဤအကြောင်းအရာသည် ချူးယွင်ဖန်းနှင့်လည်း သက်ဆိုင်နေသည်။ မွန်းစတားဂိုဏ်းသည် ကျန်းဝူချန်းကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။ ထိုအချက်သည် ဆင်ခြေတစ်ခုသာဖြစ်သော်လည်း၊ ချူးယွင်ဖန်းအတွက်မူ ဤပြဿနာသည် မိမိကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

“ဘယ်လိုဖြစ်လို့ ဒီလောက်အထိ အခြေအနေ ဆိုးသွားရတာလဲ။ မွန်းစတားနှိမ်နင်းရေးအဖွဲ့က ကြိုတင်သတိပေးတာမျိုး မရှိဘူးလား။ သူတို့တွေ အနောက်ဘက်နယ်စပ်မှာ စောင့်ကြပ်နေတာ မဟုတ်ဘူးလား" ချူးယွင်ဖန်းက မေးလိုက်သည်။

မွန်းစတားနှိမ်နင်းရေးအဖွဲ့သည် အချိန်အနည်းငယ် ဆွဲထားပေးနိုင်လိမ့်မည်ဟု သူ တွေးထားခဲ့သည်။ အချိန်မီ သိရှိရပါက လူထုကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်မည်ဖြစ်ရာ၊ ဆုံးရှုံးမှုသည်လည်း ဤမျှ မများပြားနိုင်ပေ။

ဝေ့ဝူကျီက သက်ပြင်းချလိုက်သည်။

“မွန်းစတားဂိုဏ်းက ဒီတစ်ခါ သေချာ ပြင်ဆင်လာတာ။ သူတို့က မွန်းစတားနှိမ်နင်းရေးအဖွဲ့ကို ပထမဆုံးပစ်မှတ်ထားခဲ့တာ၊ အဲဒါကြောင့် သူတို့အဖွဲ့လည်း အငိုက်မိသွားတယ်။ ဂိုဏ်းခေါင်းဆောင်ယွင်ဟွမ် ဒဏ်ရာအပြင်းအထန်ရထားတဲ့အရေး မွန်းစတားဂိုဏ်းရဲ့ တိုက်ခိုက်ခဲ့တာကို ခံခဲ့ရတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က သူတို့ကို ကယ်ထုတ်သွားပုံရတယ်”

“အခုချိန်တော့ မွန်းစတားနှိမ်နင်းရေးအဖွဲ့လည်း ဝိုင်းရံခံထားရတုန်းပဲ။ ကျုပ် ရထားတဲ့ သတင်းအရဆိုရင် ရေတစ်စက်တောင် မကျနိုင်အောင် မြေပြင်မှာရော ကောင်းကင်မှာရော တောင်တန်း ကို မွန်းစတားတွေအများကြီး ဝိုင်းထားကြတယ်။ အဲဒီနေရာမှာ မွန်းစတားနှိမ်နင်းရေးအဖွဲ့တွေ နှစ်ချီအထပ်ထပ် ကာထားတဲ့ အတားအဆီးတွေနဲ့ မန္တန်တွေသာမရှိရင် အခုလောက်ဆို ကျဆုံးသွားလောက်ပြီ။ အခုထိတော့ မကျဆုံးသေးဘူးဆိုပေမယ့် သိပ်ကြာကြာခံမှာ မဟုတ်ဘူး”

ဝေ့ဝူကျီသည် ခေါင်းကိုက်နေမိသည်။ သူသည် ယခင်က မွန်းစတားနှိမ်နင်းရေးအဖွဲ့၏ အင်အားကြီးမားမှုကို စိုးရိမ်ခဲ့ဖူးသည်။ ယခုအချိန်မှသာ သူ၏ဘိုးဘေးများသည် ထိုအဖွဲ့အစည်းကို အနောက်ဘက်နယ်စပ်တွင် မည်သို့ကြောင့် အင်အားတိုးပွားအောင် ချန်ရစ်ထားခဲ့သည်ကို သူ နားလည်သွားသည်။ အကြောင်းမဲ့ ချန်ရစ်ထားခဲ့ခြင်းမဟုတ်ပေ။ သူသည် ထိုအဖွဲ့အစည်း အားကောင်းသန်မာရန် မျှော်လင့်မိရုံသာမကဘဲ ကျေးဇူးပင်တင်နေမိသည်။

“အကြောင်းစုံကို ကျုပ် နားလည်ပြီ” ချူးယွင်ဖန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ကျုပ်လည်း သီးသန့်ကျင့်ကြံရာက ထွက်လာမှတော့ ဒီကိစ္စကို လျစ်လျူမရှုပါဘူး။ ဒီတိရစ္ဆာန်တွေက ကိုယ့်သေတွင်း ကိုယ်တူးနေကြတာပဲ"

ချူးယွင်ဖန်း၏ မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များ လင်းလက်လာသည်။ သူသည် ယခင်က ခွန်းလုံနယ်မြေ၌ မွန်းစတားပုန်ကန်မှုတွင် စစ်တပ်တစ်ခုကို ဦးဆောင်ကာ နှိမ်နင်းခဲ့သူဖြစ်၍ အလောင်းပုံများနှင့် သွေးပင်လယ်များကြားတွင် တိုက်ပွဲဝင်လာခဲ့သူဖြစ်သည်။

“မြောက်ဘက်နယ်စပ်မှာရှိတဲ့ ကျင်ကျန်းဟန်ကို တားဆီးဖို့ လူလွှတ်ပေးပါ၊ အရှင်မင်းကြီး။ အနောက်ဘက်က မွန်းစတားဂိုဏ်းကျူးကျော်မှုကိုတော့ ကျုပ် အရင် သွားဖြေရှင်းလိုက်ပါ့မယ်။ ပြီးရင်တော့ ကျင်ကျန်းဟန်ကိုသွားပြီး ခန်းဘုရင်ကို ရှင်းတာပေါ့။ ဒင်းက လူမျိုးရေးစစ်ပွဲဖြစ်နေတဲ့အချိန်တောင် ကိုယ့်ရဲ့ဓားပြဗီဇကို မပြင်နိုင်သေးဘူးပဲ" ချူးယွင်ဖန်းက ပြောလိုက်သည်။

အခန်း (၁၅၃၂) အေးစက်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

“သခင်လေးချူးရှိနေတာ တကယ့်ကို ကံကောင်းတာပဲ”

ဝေ့ဝူကျီသည် အလွန်ဝမ်းသာသွားသည်။ ယခုအချိန်တွင် တိုင်းပြည်တစ်ခုလုံး ကြီးမားသော အန္တရာယ်နှင့် ကြုံတွေ့နေရသည်။ သူ နောက်ဆုံးအားကိုးနိုင်သည့် တစ်ခုတည်းသော ဝှက်ဖဲသည် ချူးယွင်ဖန်းသာဖြစ်သည်။ ယခုအခါ ချူးယွင်ဖန်းသည် သီးသန့်ကျင့်ကြံရာမှ ထွက်လာပြီဖြစ်သောကြောင့် အဆုံးတွင် သူ စိတ်သက်သာရာရသွားလေသည်။

"မွန်းစတားနှိမ်နင်းရေးအဖွဲ့ဆီမှာ ဘာတွေဖြစ်နေလဲဆိုတာ အရင်သွားကြည့်လိုက်ဦးမယ်။ ကျန်တာတွေကိုတော့ အရှင်မင်းကြီးပဲ စီစဉ်ထားပေးပါ" ချူးယွင်ဖန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ သခင်လေးချူးရဲ့ တန်ပြန်တိုက်စစ်မှာ ပူးပေါင်းတိုက်ခိုက်ဖို့ မကြာခင် စစ်သည်အင်အား အလုံအလောက်စုစည်းပေးပါ့မယ်" ဝေ့ဝူကျီက ပြောလိုက်သည်။

ချူးယွင်ဖန်းသည် တစ်ယောက်တည်းသာဖြစ်သော်လည်း တိုင်းပြည်​၏ ကာကွယ်စောင့်ရှောက်သူဖြစ်သည်။ တိုင်းပြည်တစ်ခုလုံး၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သော ဖြစ်တည်မှုမျိုးသည် သန်းပေါင်းများစွာသော စစ်တပ်နှင့် နှိုင်းယှဉ်နိုင်သည်။ ချူးယွင်ဖန်း ထွက်လာသည်နှင့် စစ်သားတစ်သန်းတစ်ပြိုင်နက် လွှတ်လိုက်ခြင်းထက် ပို၍ ထိရောက်မှုရှိပေလိမ့်မည်။

ချူးယွင်ဖန်းသည် ကောင်းကင်ယံသို့ ပျံသန်းကာ ထွက်ခွာသွားကြောင်း မြင်လိုက်ရသောအခါ ဝေ့ဝူကျီသည် သက်ပြင်းရှည်ရှည် ချလိုက်သည်။ ပြီးနောက် သူသည် ချူးဟုန်ချိုင်ကို အမိန့်ပေးလိုက်သည်။

“မင်းလက်အောက်က တပ်တွေကို မြောက်ဘက်ဆီ ဦးဆောင်သွားလိုက်။ ကျင်ကျန်းဟန်ကို တားဆီးဖို့ နည်းလမ်းရှာပြီး တိုင်းပြည်အတိုင်ပင်ခံအတွက် အချိန်ဆွဲပေးထား"

“အမိန့်အတိုင်းပါ အရှင်မင်းကြီး” ချူးဟုန်ချိုင်က ဦးညွှတ်လျက် ပြန်ပြောလိုက်သည်။

ချူးယွင်ဖန်းသည် မြို့တော်မှ ထွက်ခွာလာပြီးနောက် အလင်းတန်းတစ်ခုကို စီးနင်းကာ အနောက်ဘက်နယ်စပ်သို့ ဦးတည်သွားလေသည်။ လမ်းခရီးတစ်လျှောက်တွင် အလောတကြီး ထွက်ပြေးနေကြသော ပြည်သူများနှင့် ရှေ့တန်းသို့ အပြေးအလွှား သွားနေကြသော စစ်တပ်များကို သူ မြင်တွေ့လိုက်ရသည်။ တိုင်းပြည်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်မှုများဖြင့် ဖုံးလွှမ်းနေသည်။

သို့သော် ချူးယွင်ဖန်းသည် အနောက်ဘက်နယ်စပ်သို့ ရောက်ရှိသွားချိန်တွင် မြို့တော်သည် နယ်စပ်ရှိ ထိတ်လန့်ဖွယ်အခြေအနေနှင့် နှိုင်းယှဉ်လျှင် မပြောပါ့လောက်ကြောင်း ခံစားလိုက်ရသည်။ ယခုအချိန်တွင် အနောက်ဘက်နယ်စပ်သည် ဝေ့တိုင်းပြည် စစ်တပ်နှင့် ရေတွက်မရနိုင်သော မွန်းစတားများ တိုက်ခိုက်နေသည့် စစ်တလင်းဖြစ်နေသည်။ စက္ကန့်တိုင်း အသက်ပေါင်းများစွာ ဆုံးရှုံးနေရ၍ ကြေကွဲဖွယ် သတ်ဖြတ်မှုများသည် နေရာတိုင်းတွင် ဖြစ်ပွားနေသည်။ ဝေ့တိုင်းပြည် စစ်တပ်သည် တဖြည်းဖြည်း နောက်သို့ ဆုတ်ခွာနေရသည်။ လူသားတို့၏ ခွန်အားသည် ကုန်ခမ်းနိုင်သော်လည်း ဤမွန်းစတားများ​၏ ခွန်အားသည် ကုန်ဆုံးသွားခြင်း မရှိပေ။

၎င်းတို့သည် သတ်ဖြတ်၍ မကုန်နိုင်သကဲ့သို့ပင် ထင်မှတ်ရစေသည်။ အနောက်ဘက်နယ်စပ်၏ အတွင်းပိုင်းသို့ ရောက်ရှိလာသောအခါ ချူးယွင်ဖန်းသည် ထိတ်လန့်ဖွယ် မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ နေရာတိုင်းတွင် ပျက်စီးယိုယွင်းနေသည့် အဆောက်အအုံများသာရှိလေသည်။ တစ်ချိန်က စည်ကားခဲ့သော မြို့တော်သည် အမှိုက်ပုံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရေတွက်မရသော မွန်းစတားများသည် ကျန်ရှိနေသည့် လူသားများကို လိုက်လံရှာဖွေနေကြသည်။ လူသားတစ်ယောက်ကို တွေ့သည်နှင့် မွန်းစတားအုပ်ကြီး ဝိုင်းအုံလာကာ အစအနမကျန်သည်ထိ ဝါးမြိုပစ်လိုက်ရာ၊ အလောင်းပင် မကျန်ရစ်ခဲ့ပေ။ ချူးယွင်ဖန်းသည် နယ်စပ်အတွင်းပိုင်းသို့ ခြေချလိုက်သည်နှင့် ပျံသန်းနိုင်သော မွန်းစတားအုပ်ကြီး သူ့ဆီ ချက်ချင်း ပျံသန်းလာကြသည်။ ၎င်းတို့သည် အလွန်ကြီးမားကြသည့်အတွက် အုပ်စုလိုက် စုစည်းလိုက်သောအခါ မည်းမှောင်နေသော တိမ်တိုက်ကြီးတစ်ခုကဲ့သို့ ထင်မှတ်ရစေသည်။

“ကိုယ့်သေတွင်းကိုယ်တူးနေကြတာပဲ”

ထိုပျံသန်းနေသော မွန်းစတားများ၏ ပါးစပ်ထဲတွင် လူသားများ၏ ပြတ်တောက်သွားသော ခြေလက်များကို ကိုက်ချီထားကြောင်း ချူးယွင်ဖန်း မြင်လိုက်ရသည်။ သူ၏ နောက်ကျောဘက်တွင် လျှပ်စီးကြောင်းများစွာ ထွက်ပေါ်လာပြီးနောက် လက်နက်အမျိုးမျိုးအဖြစ် ပြောင်းလဲသွား၍ သူ့အနောက်တွင် လက်နက်တံတိုင်းကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။ ရေတွက်မရသော လက်နက်များသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ပျံသန်းနေသော မွန်းစတားများကို ဗုံးကြဲသကဲ့သို့ ပစ်ခတ်လိုက်သည်။

ဘန်း

ဘန်း

ဘန်း

၎င်းတို့၏ အစွယ်များကို ထုတ်ပြနေကြသော ဤမွန်းစတားများသည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို မယှဉ်နိုင်ကြပေ။ ရာနှင့်ချီ၊ ထောင်နှင့်ချီသော မွန်းစတားများ ပေါက်ကွဲပျက်စီးသွားကြသည်။ ထိုမွန်းစတားများသည် ချူးယွင်ဖန်း၏ ဘယ်ဘက်ခြမ်းကို အရူးအမူး တိုးဝင်ရန် ကြိုးစားနေကြသော်လည်း ချူးယွင်ဖန်း၏ နတ်စွမ်းအင်များ ထွက်ပေါ်လာသောအခါ ၎င်းတို့ မည်မျှပြင်းထန်ပါစေ သူ့ကို မထိခိုက်နိုင်ကြပေ။ ချူးယွင်ဖန်းသည် ပျံသန်းနေသည့် သိန်းနှင့်ချီသော မွန်းစတားများကို ခဏအတွင်း သတ်ဖြတ်ပစ်လိုက်သည်။

၎င်းအနက် နတ်အဆင့်မွန်းစတားများ ပါဝင်သော်လည်း ၎င်းတို့သည် ရွှေအမတေပုံစံအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသော ချူးယွင်ဖန်း၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကိုပင် မခုခံနိုင်ကြပေ။ မကြာမီ၊ ကြီးမားလှသည်ဟု ထင်မှတ်ရသော ထိုမွန်းစတားအုပ်ကြီးသည် ချူးယွင်ဖန်း၏ လက်ချက်ဖြင့် သုတ်သင်ခံလိုက်ရသည်။ သူသည် နယ်စပ်အတွင်းပိုင်းရှိ မွန်းစတားနှိမ်နင်းရေးအဖွဲ့ရှိရာသို့ ဆက်လက်ဦးတည်သွားနေသည်။ ရုတ်တရက်ဆိုသလိုပင် အလွန်အင်အားကြီးမားသော မွန်းစတားတစ်ကောင် ထွက်ပေါ်လာသည်။

“အား...”

အလွန်ကျယ်လောင်သော သားရဲဟိန်းဟောက်သံ ထွက်ပေါ်လာပြီးနောက် အဝေးမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု သက်ရောက်လာသည်။ ဤဖိအားသည် သာမန် နတ်အဆင့်ကျွမ်းကျင်သူများကိုပင် သွေးအန်ထွက်ကာ နောက်ဆုတ်သွားစေနိုင်သည်။ ချူးယွင်ဖန်း အရှေ့တွင် ဦးချိုတစ်ချောင်းပါသော အဖြူရောင်ကျားကြီးတစ်ကောင် ပေါ်ပေါက်လာသည်။ ၎င်း၏ တစ်ကိုယ်လုံးသည် ရွှေဖြူရောင်ဖြင့် လင်းလက်နေ၍ ကြီးမားလှသော ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤမွန်းစတားတစ်ကောင်သည် အနောက်ဘက်နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားပုံရသည်။

'ရွှေအမတေပုံစံအဆင့်ရှိတဲ့ မွန်းစတားဘုရင်လား’

ဤဦးချိုပါသော ကျားဖြူကြီးသည် ရွှေအမတေပုံစံအဆင့်ရှိ မွန်းစတားတစ်ကောင်ဖြစ်ကြောင်း ချူးယွင်ဖန်း ချက်ချင်း သိရှိလိုက်သည်။ မွန်းစတားဂိုဏ်းတွင်ပင် ဤအဆင့်ရှိသော မွန်းစတားသည် အလွန်ရှားပါးပေသည်။ ယခုမူ သူသည် ထိုကဲ့သို့သော မွန်းစတားတစ်ကောင်နှင့် ထိပ်တိုက်တွေ့ခဲ့ရသည်။

“လူသား... မင်းက တော်သားပဲ။ တော်တော်လေး အစွမ်းထက်တယ်လို့ဆိုရမယ်။ ဒဏ်ရာတစ်ခုမှ မရဘဲ ဒီနေရာအထိ ရောက်လာနိုင်တာဆိုတော့ မင်းက ဝေ့တိုင်းပြည်ရဲ့ နံပါတ်တစ် ကျွမ်းကျင်သူ ယွင်ဟွမ်ထက်တောင် ပိုသန်မာပုံပဲ” ကျားဖြူကြီးက ပြောလိုက်သည်။ ၎င်း၏ မျက်လုံးများတွင် အလွန်စူးရှသော အလင်းတန်းများ ဖြာထွက်နေသည်။

“ရွှေအမတေပုံစံနှောင်းပိုင်းအဆင့် မွန်းစတားဘုရင်လား။ ဒီနေ့ ကျုပ် တကယ်ကံကောင်းနေတာပဲ။ ဒီနယ်မြေထဲက မွန်းစတားအားလုံးကို ဆင့်ခေါ်ခဲ့တာ ခင်ဗျားပဲ ဖြစ်ရမယ်” ချူးယွင်ဖန်းက ပေါ့လျော့စွာ ပြောလိုက်သည်။

"ခင်ဗျားကို သတ်ပြီးရင် ဒီနားက မွန်းစတားတွေ အကုန်လုံး ထွက်ပြေးသွားကြလိမ့်မယ်”

“လူသား... ကျုပ်ကို သတ်ဖို့ စဉ်းစားနေရင် စောလွန်းမနေဘူးလား” ကျားဖြူကြီးက ခေါင်းခါလိုက်သည်။

"ကျုပ်က နှစ်ပေါင်းချီပြီး အသက်ရှင်ခဲ့တာ။ ဝေ့တိုင်းပြည်ရဲ့ ပထမဆုံးဘိုးဘေးနဲ့တောင် ကျုပ် တွေ့ခဲ့ဖူးတယ်။ မင်းလို လူငယ်လေးတစ်ယောက်က ကျုပ်ကို သတ်နိုင်မယ် ထင်နေတာလား။ ရယ်စရာပဲ"

“ဒါပေမယ့် မင်းက လူသားတွေထဲမှာ သန်မာတဲ့သူဖြစ်မယ်ဆိုတာ ကျုပ် ပြောနိုင်တယ်။ မင်းရဲ့ အသွေးအသားတွေက တော်တော်လေးဖြတ်လတ်ကြံ့ခိုင်တော့ မင်းကို ဝါးမြိုလိုက်ရင် ကျုပ်ရဲ့ စွမ်းအင်တွေလည်း အများကြီး တိုးတက်လာမှာပဲ”

ဤကျားဖြူကြီးသည် ဝေ့တိုင်းပြည် တည်ထောင်ကတည်းကရှိနေခဲ့ခြင်းဖြစ်သဖြင့် ၎င်း၏ သက်တမ်းသည် အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။ သို့သော် ချူးယွင်ဖန်း မအံ့သြမိပေ။ မွန်းစတားများ၏ သက်တမ်းသည် လူသားများထက် ယေဘုယျအားဖြင့် ပို၍ရှည်လျားတတ်ကြသည်။ သို့သော် မွန်းစတားများသည် အသိဥာဏ်ပွင့်ရန် ခက်ခဲကြသည့်အပြင် ကျင့်ကြံမှုနှုန်းသည် လူသားများနှင့် နှိုင်းယှဉ်လျှင် အလွန်နှေးကွေးလှသည်။ ပါရမီရှင် လူသားများနှင့် နှိုင်းယှဉ်လျှင် ပို၍ပင် နှေးကွေးမည်ဖြစ်သည်။

ဤကျားဖြူကြီး၏ ကျင့်ကြံမှုအဆင့်သည် ရွှေအမတေပုံစံအဆင့် နှောင်းပိုင်းနှင့် ညီမျှသည်။ သူသည် ဤအဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းထောင်ချီ ကြိုးစားခဲ့ရသော်လည်း လူသားများအနက် ပါရမီရှင်များသည် ရာစုနှစ်အနည်းငယ်အတွင်း ထိုအဆင့်သို့ ရောက်ရှိနိုင်ကြသည်။ ထို့ကြောင့် မျိုးနွယ်တိုင်းတွင် အားသာချက်ကိုယ်စီရှိကြသည့်အတွက် မည်သူက ပိုသန်မာသည်ဟု ပြောရန် ခက်ခဲပေသည်။

ကျားဖြူကြီးသည် အမှန်တကယ် သန်မာလှသည်။ ၎င်း၏ခြေလေးဖက်သည် လေထုထဲတွင် ရှိနေသော်လည်း မြေပြင်ကို နင်းထားသကဲ့သို့ မြဲမြံနေသည်။ အဆုံးမဲ့သော စွမ်းအင်များသည် ၎င်း​၏ ခန္ဓာကိုယ်တွင် စုစည်းနေသည်။ ၎င်းသည် တူညီသော ကျင့်ကြံမှုအဆင့်တွင်ရှိနေသည့် လူသားတစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်ဟု ယုံကြည်မှု အပြည့်ရှိနေသည်။ မည်သို့ဆိုသော် ၎င်းတို့နှစ်ဦးကြားရှိ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်ကွာခြားသောကြောင့်ဖြစ်သည်။

အခန်း (၁၅၃၃) ချက်ချင်း သတ်ဖြတ်ခြင်း၊ စစ်မှန်သော ခွန်အား

ဤမွန်းစတားဘုရင်သည် အလွန်အစွမ်းထက်ကြောင်း ချူးယွင်ဖန်း ခံစားမိသည်။ တစ်လောကလုံးတွင် နံပါတ်တစ်ဟု ကျော်ကြားသော ခန်းဘုရင်၏ စွမ်းအင်ပင် ဤကျားဖြူကြီးကို ယှဉ်နိုင်မည် မဟုတ်ချေ။ ထိုမှတစ်ဆင့် ဤမွန်းစတားကြီး မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိနိုင်သည်။ ဤမွန်းစတားသည် နှစ်ပေါင်းများစွာတိုင်သည်အထိ အနောက်ဘက်နယ်စပ်တွင် ပုန်းအောင်းနေခြင်းဖြစ်သည်။ အသိဥာဏ်ပွင့်လာသည်နှင့် ၎င်း၏သက်တမ်းသည် အံ့သြဖွယ်ကောင်းအောင် ရှည်လျားလာခဲ့သည်။ မွန်းစတားဂိုဏ်းတွင် ထိပ်သီးကျွမ်းကျင်သူ မည်မျှရှိသည်ကို မည်သူမျှ မသိနိုင်ကြရာ၊ ဤကျားဖြူသည် ၎င်းတို့နက် တစ်ဦးသာဖြစ်သည်။

အကယ်၍ ချူးယွင်ဖန်းသာ ကျင့်ကြံမှုအဆင့် မတိုးတက်သေးမီ ဤမွန်းစတားနှင့် ရင်ဆိုင်ခဲ့ရလျှင် အနည်းငယ် အခက်တွေ့နိုင်သော်လည်း ယခုအခါ မပြောပါ့လောက်ပေ။ ကျားဖြူကြီးသည် ချက်ချင်းပင် စတင်တိုက်ခိုက်လိုက်သည်။ ချူးယွင်ဖန်းသည် လျော့တွက်သင့်သူမဟုတ်ကြောင်း သူ သိနေသည်။ သူသည် သက်တမ်းတစ်လျှောက် အတွေ့အကြုံများစွာရှိခဲ့သည့်အပြင် မရေတွက်နိုင်သော လူသားကျွမ်းကျင်သူအမြောက်အမြားကိုလည်း သတ်ဖြတ်ခဲ့ဖူးသည်။

၎င်း၏ လက်သည်းများသည် အရာအားလုံးကို ဆွဲဖြဲပစ်နိုင်သည့် စူးရှသော ဓားငါးလက်ကဲ့သို့ပင်ဖြစ်နေသည်။ ၎င်းသည် ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် ချူးယွင်ဖန်း၏ အရှေ့၌ ပြန်လည်ပေါ်ပေါက်လာကာ စူးရှသော ဓားအလင်းတန်း ငါးခုဖြင့် အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ဤကျားဖြူကြီးသည် အသက်ကြီးရင့်နေသည့်အပြင် အသိဥာဏ်လည်းရှိသည်။ လူသားအသွင်သို့ မပြောင်းလဲသေးသော်လည်း သိုင်းပညာတစ်ခုကို ကျင့်ကြံနိုင်ခဲ့သည်။ ရှေးလူကြီးများ၏ အဆိုအရ လူသားတို့သည် မွန်းစတားများ၏ လှုပ်ရှားမှုများကို လေ့လာရာမှ သိုင်းပညာ တတ်မြောက်လာခြင်းဖြစ်သည်။

မွန်းစတားများသည် အရည်အချင်းများစွာဖြင့် မွေးဖွားလာကြရာ၊ ဤသည်မှာ မွန်းစတားများ​၏ မွေးရာပါအရည်အချင်းဖြစ်သည်။ မွန်းစတားများသည် သိုင်းပညာကို လေ့လာသင်ယူခြင်းမရှိဘဲ တတ်မြောက်နိုင်ကြသည်။ လူသားများတွင် ထိုသို့သော အရည်အချင်းများ မရှိသော်လည်း ဉာဏ်ရည်မြင့်မားသောကြောင့် မွန်းစတားများ​၏ အပြုအမူများကို ကြည့်ရှုခြင်းဖြင့် မျောက်လက်သီး၊ ကြိုးကြာလက်သီး၊ မြွေလက်သီးစသည့် သိုင်းပညာများကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ မွန်းစတားများသည် သိုင်းပညာကို သီးသန့်သင်ယူရန် မလိုအပ်သော်လည်း ထိုအင်အားကြီး သိုင်းပညာများကို အလိုအလျောက် နားလည်သဘောပေါက်နိုင်ကြသည်။

မွန်းစတားကြီး၏ တိုက်ခိုက်မှုသည် အလွန်လျင်မြန်သဖြင့် သာမန်ကျင့်ကြံသူများအတွက် ရှောင်တိမ်းရန် ခက်ခဲလှသည်။ သို့သော် ယခု သူ ရင်ဆိုင်နေရသူသည် ချူးယွင်ဖန်းဖြစ်သည်။ ချူးယွင်ဖန်း၏ တုံ့ပြန်မှုသည် အလွန်မြန်ဆန်ပေသည်။ သူသည် လက်ကိုမြှောက်တင်ကာ ဓားအလင်းတန်းတစ်ခုကို ဖမ်းဆုပ်ပြီးနောက် လေထုထဲသို့ ထိုးစိုက်လိုက်သည်။

သူ၏ဓားသည် ကျားဖြူကြီး၏ လက်သည်းများနှင့် ထိမိသွားသည်။ နှစ်ဦးနှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှုသည် သတ္တုချင်း ရိုက်ခတ်သံကဲ့သို့ ကျယ်လောင်လှ၍ မီးပွားများပင် လွင့်စင်သွားသည်။ သို့သော် ထိုမျှနှင့် မပြီးဆုံးသေးပေ။ ကျားဖြူကြီးသည် မတ်တတ်ရပ်၍ ၎င်း၏ လက်သည်းဆယ်ချောင်းလုံးကို ကြောက်မက်ဖွယ် ဓားအလင်းတန်းဆယ်ခုအဖြစ် ပြောင်းလဲကာ ချူးယွင်ဖန်းကို ပိုင်းဖြတ်လိုက်သည်။ လူသားကျွမ်းကျင်သူများထဲတွင် ဓားနှစ်လက် သို့မဟုတ် ဓားသုံးလက်သိုင်းပညာ အသုံးပြုနိုင်သူများရှိကြသည်။ ထိုကျွမ်းကျင်သူသည် လက်နက်အရေအတွက် များပြားလေ ပို၍ အစွမ်းထက်လေဖြစ်သည်။

ဤကျားဖြူသည်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ၎င်း၏ လက်သည်းဆယ်ချောင်းသည် မတူညီသော ဓားအလင်းရောင် ဆယ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် ချူးယွင်ဖန်းကို အဘက်ဘက်မှ တိုက်ခိုက်လာကြသည်။ ၎င်းသည် ချူးယွင်ဖန်းကို ဓားကွန်ရက်ကြီးတစ်ခုသဖွယ် အုပ်မိုးလာသည်။ သို့သော် ချူးယွင်ဖန်းသည် အခြားလူများနှင့် ကွဲပြားခြားနားသည်။ သူသည် ဓားအလင်းရောင်တစ်ခုကို ဖမ်းဆုပ်ထားလျက် ခန္ဓာကိုယ်ကို မရေတွက်နိုင်သော ပုံရိပ်များအဖြစ် ခွဲထုတ်ကာ အရပ်မျက်နှာအနှံ့အပြားသို့ ပြန်လည်တိုက်စစ်ဆင်လိုက်သည်။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်း၏ အံ့မခန်း အရှိန်အဟုန်ကို အပြည့်အဝ မြင်တွေ့လိုက်ရသည်။

ဘန်း

ဘန်း

ဘန်း

ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ အဝေးမှကြည့်လျှင် ဓားအလင်းတန်းများစွာ လေထုထဲတွင် ထိတွေ့တိုက်ခိုက်နေသကဲ့သို့ ထင်မှတ်ရစေသည်။ ဤသည်မှာ ဓားပညာရပ်ချင်း ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

ကျားဖြူကြီးသည် လူအသွင်အပြင် မဖန်တီးထားသော်လည်း ဓားဆယ်ချောင်း အသုံးပြုသည့် ဓားသိုင်းပညာရှင်တစ်ဦးကဲ့သို့ ထင်မှတ်ရစစေသည်။ ချူးယွင်ဖန်းသည် ဓားတစ်လက်တည်းဖြင့် ခုခံကာကွယ်ကာ တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့ထားသည်။ ဤသည်မှာ စစ်မှန်သော ဓားသိုင်းပညာချင်း ထိပ်တိုက်တွေ့မှုဖြစ်သည်။

“ဟားဟားဟား၊ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ” ချူးယွင်ဖန်းသည် ဤမျှ စစ်မှန်သော ဓားချင်းယှဉ်ပြိုင်မှုကို မကြုံတွေ့ရသည်မှာ ကြာမြင့်ပြီဖြစ်သဖြင့် သူ​၏သွေးများ ဆူပွက်လာသည်။

သူ၏ ဓားချက်တစ်ချက်ချင်းစီသည် ကောင်းကင်ယံသို့ ပျံသန်းနေသော နတ်မြင်းပျံတစ်ကောင်ကဲ့သို့ ခန့်မှန်းရခက်လှသည်။ ၎င်းကို ဖမ်းဆုပ်ရန် မဖြစ်နိုင်သော်လည်း အကြိမ်တိုင်းတွင် အရေးကြီးသော အချက်အချာများကို ထိမှန်ကာ ကျားဖြူကြီး၏ တိုက်ခိုက်မှုအားလုံးကို ဟန့်တားနိုင်ခဲ့သည်။ ကျားဖြူကြီး၏ မျက်လုံးကြီးများ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။ လူသားတစ်ယောက်သည် မိမိနှင့် ဓားပညာရပ်ချင်း ဤမျှယှဉ်ပြိုင်နိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ နှစ်ဦးနှစ်ဖက်စလုံး အလွန်မြန်ဆန်သော အရှိန်အဟုန်ဖြင့် တိုက်ခိုက်နေကြသည်။ စူးရှသော ဓားအလင်းတန်းများသည် အရာအားလုံးကို ဆွဲဖြဲကာ ကောင်းကင်ကြီးတစ်ခုလုံးကို အပိုင်းပိုင်းပြတ်တောက်နေသကဲ့သို့ ခံစားရစေသည်။

“ကျုပ် မင်းကို အထင်သေးခဲ့မိပုံပဲ" ကျားဖြူကြီးက အေးစက်စွာ ပြောလိုက်သည်။ သူ၏ မျက်လုံးများ ချူးယွင်ဖန်းအပေါ် စူးစိုက်နေသည်။ သူသည် ချူးယွင်ဖန်းကို အထင်သေးခဲ့မိကြောင်း ဝန်ခံရပေလိမ့်မည်။ ဤအတိုင်းသာ ဆက်လက်တိုက်ခိုက်နေလျှင် ချူးယွင်ဖန်းကို အနိုင်ယူရန် ခက်ခဲပေလိမ့်မည်။

ချူးယွင်ဖန်းသည် မြန်ဆန်ရုံသာမကဘဲ သူ၏ တိုက်ကွက်များသည် အလွန်တိကျကာ ရက်စက်လှသည်။ ၎င်းသည် ဓားပညာ၏ အခြေခံဖြစ်သော်လည်း ဤမျှ အံ့သြဖွယ်အဆင့်အထိ ဖော်ဆောင်နိုင်သူကို သူ တစ်ခါမျှ မမြင်တွေ့ဖူးပေ။ ရိုးရှင်းသော လှုပ်ရှားမှုတစ်ခုတည်းဖြင့် ၎င်း၏ ဓားရည်ရွယ်ချက်ကို ဖျက်ဆီးနိုင်ခြင်းအရ ဤလူသားသည် သာမန်လူမဟုတ်ကြောင်း သက်သေပြနေသည်။ ထိုအခိုက်အတန့်တွင် ကျားဖြူကြီးက မတ်တတ်ရပ်လိုက်ရာ၊ ကြွက်သားများနှင့် ပြည့်နှက်နေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ထိုအမျိုးသား​၏ အရေပြားသည် ရွှေဖြူရောင်ဖြင့် လင်းလက်နေသည်။

အမျိုးသားသည် သတ္တုရုပ်တုကြီးတစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည့်အပြင် ဦးခေါင်းပေါ်တွင် ဦးချိုကြီး တစ်ချောင်းပါရှိနေဆဲဖြစ်သည်။ သူသည် လက်ကိုဆန့်ထုတ်၍ ဦးခေါင်းပေါ်ရှိ ဦးချိုကို ဆွဲထုတ်လိုက်သောအခါ လူတစ်ကိုယ်စာမျှ ရှည်လျားသော ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ သူသည် ချူးယွင်ဖန်းကို စိုက်ကြည့်လိုက်သည်။

ဝှစ်…

လူတစ်ကိုယ်စာမျှ ထူထဲသော ဓားကြီးသည် ချူးယွင်ဖန်းထံ ပိုင်းဖြတ်ချလာသည်။ ၎င်းသည် ဓားချက်တစ်ချက်သာဖြစ်သော်လည်း ရေတွက်မရသော ဓားအလင်းရောင်များအဖြစ် ကွဲထွက်သွားကာ ဓားဝင်္ကပါကြီးတစ်ခုသဖွယ် ချူးယွင်ဖန်းကို လွှမ်းခြုံထားလိုက်သည်။

“ခင်ဗျားက ကျုပ်နဲ့ ယှဉ်ပြိုင်ချင်တာလား။ ဒါပေမယ့် ကျုပ်မှာ ခင်ဗျားနဲ့ ကစားနေဖို့ အချိန်မရှိဘူး" ချူးယွင်ဖန်းက သက်ပြင်းချကာ ပြောလိုက်သည်။

သူ၏ ကျင့်ကြံမှုအရ ဓားသိုင်းပညာဖြင့် သူ့ကို ယှဉ်ပြိုင်နိုင်သူ အလွန်ရှားပါးသည်။ ထိပ်တန်းအဆင့်အထိ ဓားသိုင်းပညာကို ကျင့်ကြံနိုင်သူသည် လက်ချိုးရေတွက်၍ပင် ရနိုင်သည်။ သို့သော် နှစ်ဖက်စလုံးသည် ရန်သူများဖြစ်ကြသောကြောင့် အနည်းငယ်မျှ သက်ညှာပေးမည် မဟုတ်ပေ။

ချူးယွင်ဖန်းသည် ထိုဓားအလင်းရောင်များကို ကြည့်ပင်မကြည့်ဘဲ အရှေ့သို့ လှမ်းလိုက်သည်။

"ငရဲဘုံ ပဉ္စမမြောက် ခြေလှမ်း”

ချူးယွင်ဖန်းသည် ခြေထောက်ဖြင့် နင်းချလိုက်သည်နှင့် သူ့အရှေ့ရှိ အရာအားလုံး ပျက်စီးသွားလေသည်။ ဓားအလင်းတန်းများစွာဖြင့် ဖွဲ့စည်းထားသော ဓားဝင်္ကပါကြီး ကြေမွသွားခဲ့သည်။ ထိုကြောက်မက်ဖွယ်ကောင်းသော ခြေလှမ်းသည် ကျားဖြူကြီး၏ အပေါ်သို့ ကျရောက်သွားသည်။

ဘန်း

ကျားဖြူကြီးသည် အနောက်သို့ လွင့်ထွက်သွားခဲ့ရာ၊ ၎င်း၏ မျက်လုံးများတွင် မယုံကြည်နိုင်ဖြစ်နေသော အကြည့်များဖြင့် ပြည့်နှက်နေသည်။ ချူးယွင်ဖန်းသည် သူ၏ စွမ်းအင်အစစ်အမှန်ကို အသုံးမပြုခဲ့ကြောင်း သူ နောက်ဆုံးတွင် သိရှိသွားသည်။ ၎င်းတို့ကြားရှိ ကွာဟချက်သည် အလွန်ကြီးမားလွန်းလှသည်။ ကျားဖြူကြီး ပြန်၍မထနိုင်မီတွင် ကောင်းကင်ယံမှ ဓားအလင်းတန်းတစ်ခု ကျဆင်းလာ၍ သူ၏ဦးခေါင်းကို ဖြတ်ချလိုက်လေသည်။

All Chapters