အခန်း (၁၅၃၄-၁၅၃၆)
Vol. 103 Ch. 1534-1536
အခန်း (၁၅၃၄) မွန်းစတားနှိမ်နင်းရေးအဖွဲ့ကို ကယ်တင်ခြင်း
ဤမွန်းစတားဘုရင်သည် နှောင်းပိုင်း ရွှေအမတေပုံစံအဆင့်တွင်ရှိသော်လည်း ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရချိန်တွင် တိုက်ကွက်တစ်ကွက်ကိုပင် မခုခံနိုင်ခဲ့ပေ။ ချူးယွင်ဖန်းသည် သေဆုံးသွားသော ကျားဖြူကြီးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ပြီးနောက် ထိုသားရဲအလောင်းကို တောင်မြစ်ပန်းချီကားထဲသို့ ထည့်ပြီးနောက် ဗြဟ္မာသစ်ပင်ကို မြေဆီလွှာအဖြစ် ကျွေးလိုက်လေသည်။ ထိုမှတစ်ဆင့် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မွန်းစတားနှိမ်နင်းရေးအဖွဲ့ တည်ရှိရာသို့ ဦးတည်ပျံသန်းသွားသည်။
ချူးယွင်ဖန်းသည် နှစ်နာရီခန့်အကြာတွင် ထိုနေရာသို့ ရောက်ရှိလာသည်။ အနောက်ဘက်နယ်စပ်၏ အရှင်သခင်များဖြစ်ကြသောကြောင့် မွန်းစတားနှိမ်နင်းရေးအဖွဲ့သည် တစ်နယ်လုံးတွင် အစွမ်းအထက်ဆုံး အဖွဲ့အစည်းဖြစ်သည်။ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် လူဦးရေ သန်းနှင့်ချီ နေထိုင်သော မြို့ကြီးအများအပြားရှိကြ၍ ထိုလူများသည် မွန်းစတားနှိမ်နင်းရေးအဖွဲ့နှင့် နီးစပ်သော ဆက်ဆံရေးရှိကြသည်။ အများစုသည် ဂိုဏ်းသားများ၏ သားစဉ်မြေးဆက်များပင်ဖြစ်ကြသည်။
သို့သော် ယခုအခါ ထိုမြို့ကြီးများသည် ပြာပုံများ ဖြစ်နေပေသည်။ ပျက်စီးနေသော အုတ်တံတိုင်းများနှင့် အဆောက်အအုံများ နေရာတိုင်းတွင် တည်ရှိနေ၍ သွေးများ မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေသည်။ မွန်းစတားနှိမ်နင်းရေးအဖွဲ့ တည်ရှိရာ တောင်တန်းကြီးအတွင်း၌ လူအုပ်ကြီး စုဝေးနေခြင်းကို ကြီးမားလှသော အကာအကွယ် အတားအဆီးမှတစ်ဆင့် ချူးယွင်ဖန်း မြင်တွေ့လိုက်ရသည်။ မွန်းစတားနှိမ်နင်းရေးအဖွဲ့သည် ဤဘေးဒုက္ခကြီး မကျရောက်မီ လူအချို့ကို ကယ်ထုတ်ကာ တောင်ပေါ်သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ပုံမှန်အားဖြင့် ကျယ်ဝန်းလှသော ဂိုဏ်းဝင်ပေါက်သည် ယခုအခါ လူများဖြင့် ပြည့်နှက်နေကြသည်။ သာမန်ပြည်သူများ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင်နေသည်။
၎င်းတို့အားလုံးသည် အတားအဆီး၏ အပြင်ဘက်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြသည်။ မရေတွက်နိုင်သော မွန်းစတားအုပ်ကြီးသည် တစ်သုတ်ပြီးတစ်သုတ် တိုးဝင်တိုက်ခိုက်နေကြသည်။ ၎င်းတို့သည် အဆုံးအစမဲ့သော မွန်းစတားလှိုင်းလုံးကြီးများကဲ့သို့ဖြစ်နေသည်။ ထိုလှိုင်းလုံးကြီးများနှင့် ယှဉ်လျှင် မွန်းစတားနှိမ်နင်းရေးအဖွဲ့သည် အချိန်မရွေး နစ်မြုပ်သွားနိုင်သော လှေငယ်တစ်စင်းနှင့် ဆင်တူနေသည်။
ဤအတားအဆီးကြီး မည်မျှခုခံနိုင်မည်ကို ၎င်းတို့ မသိသောကြောင့် လူတိုင်း စိုးရိမ်ထိတ်လန့်နေကြသည်။ မည်သည့်အတားအဆီးမျှ ထာဝရ မတည်မြဲနိုင်ကြောင်း ၎င်းတို့ ကောင်းကောင်းသိသည်။ ဘိုးဘေးအစဉ်အဆက် ခိုင်ခံ့အောင် လုပ်ဆောင်ခဲ့သော်လည်း အဆုံးမဲ့သော မွန်းစတားအုပ်ကြီး၏ ရှေ့မှောက်တွင် တစ်ချိန်ချိန်၌ ကျိုးပေါက်သွားပေလိမ့်မည်။ ၎င်းတို့သည် အားမနည်းကြသော်လည်း ဤမျှများပြားသော မွန်းစတားများနှင့် ရင်ဆိုင်ရပါက သေဆုံးကာ အဝါးမြိုခံရရုံမည်ကို စိုးရိမ်နေကြသည်။
မွန်းစတားနှိမ်နင်းရေးအဖွဲ့ဝင်များစွာသည် အတားအဆီး၏ အပေါ်ဘက်သို့ ပျံသန်းကာ အတားအဆီး မကျိုးပေါက်စေရန် ၎င်းတို့၏ နတ်စွမ်းအင်များကို သွန်းလောင်းနေကြသည်။ နတ်အဆင့်တွင်ရှိနေသည့် တပည့်အချို့သည် အတားအဆီးအပြင်ဘက်သို့ မကြာခဏ ရဲရင့်စွာ ထွက်ခွာ၍ မွန်းစတားအချို့ကို သတ်ဖြတ်နေကြသော်လည်း အဆုံးမဲ့သော မွန်းစတားအုပ်ကြီး၏ အရှေ့တွင် အချည်းနှီးသာဖြစ်ပေသည်။
ချူးယွင်ဖန်းသည် တောင်တန်းတစ်ခုလုံးကို စေ့စေ့စပ်စပ် ကြည့်လိုက်ရာ၊ တိုက်ပွဲ အစစ်အမှန်သည် တောင်ခြေရှိ မွန်းစတားနှိမ်နင်းရေး ကျောက်စာတိုင်အောက်တွင် ဖြစ်ပွားနေကြောင်း တွေ့လိုက်ရသည်။ သူသည် ယခင်က ထိုကျောက်စာတိုင်ကို အနည်းငယ် ထူးဆန်းသည်ဟု ထင်မှတ်ခဲ့ဖူးသည်။ ယခုအချိန်မှသာ ကျောက်စာတိုင်အတွင်း၌ ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုရှိနေ၍ ၎င်းအောက်တွင် ကြီးမားသော မြေအောက်နေရာလွတ်တစ်ခုရှိနေကြောင်း သူ သတိပြုမိသွားသည်။
မွန်းစတားနှိမ်နင်းရေးအဖွဲ့၏ အထူးချွန်ဆုံး တပည့်များ ဤနေရာ၌ စုဝေးနေကြသည်။ ဤနေရာသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အသားကြိတ်စက်ကြီးတစ်ခုသဖွယ်ဖြစ်နေ၍ ထိပ်တန်းမွန်းစတားများစွာသည် ထိုနေရာကို ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။ သတ္တမမြောက် နတ်အဆင့်နှင့် အထက်ရှိသော တပည့်အများစုသည် ဤနေရာကို စောင့်ကြပ်နေကြသည်။ အမတေပုံစံအဆင့်ရှိ အကြီးအကဲများစွာလည်းရှိနေ၍ ၎င်းတို့သည် တစ်စုံတစ်ခုကို ကာကွယ်နေသကဲ့သို့ ဖွဲ့စည်းပုံကြီးတစ်ခု တည်ဆောက်ထားကြသည်။
ထိုမြေအောက်နေရာလွတ်၏ ပတ်ပတ်လည်တွင် အနည်းဆုံး အမတေပုံစံအဆင့်နှင့် အထက်ရှိသော မွန်းစတားဘုရင်များစွာ၏ အရှိန်အဝါကို ချူးယွင်ဖန်း ခံစားလိုက်သည်သည်။ ထိုမွန်းစတားဘုရင်များသည် သာမန်မွန်းစတားများကို ညွှန်ကြားကာ ဤမြေအောက်နေရာလွတ်ကို တိုက်ခိုက်ခိုင်းနေခြင်းဖြစ်သည်။ ဤမြေအောက်နေရာလွတ်၌ တစ်စုံတစ်ခုရှိနေကြောင်း သိသာထင်ရှားသည်။ ထိုမွန်းစတားဘုရင်များသည် စိတ်မရှည်တော့ဘဲ ကိုယ်တိုင် ပါဝင်တိုက်ခိုက်ရန် ပြင်ဆင်နေကြကြောင်း ချူးယွင်ဖန်း ခံစားလိုက်ရသည်။
ထိုစဉ် အလွန်အစွမ်းထက်သော မွန်းစတားဘုရင်တစ်ကောင် အရှေ့သို့ ထွက်လာသည်။ ၎င်းသည် ပေရာနှင့်ချီ ရှည်လျားသည့် ကြီးမားလှသော မြွေဟောက်ကြီးတစ်ကောင်ဖြစ်သည်။ ၎င်းသည် သွေးရောင်ပါးစပ်ကြီးကို ဖွင့်ဟကာ လူလတ်ပိုင်း အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲပြီးနောက် ကျောက်စာတိုင်ကို စောင့်ကြပ်နေသော တပည့်များကို ပြောလိုက်သည်။
“သိမ်နုတ်တဲ့ မွန်းစတားနှိမ်နင်းရေးအဖွဲ့ဝင်တွေ ကျုပ်တို့စစ်တပ်ကို တားဆီးရဲတယ်ပေါ့လေ ဟုတ်လား။ မင်းတို့ သေကြောင်းကြံစည်နေတာပဲ”
ထိုအမျိုးသားသည် အရပ်ရှည်၍ သွယ်လျကာ ယုတ်ညံ့သော အရှိန်အဝါများရှိနေသည်။ ပြီးနောက် ချပ်ဝတ်တန်ဆာဝတ်ထားသော မျောက်ဝံကြီးတစ်ကောင်သည် ကောင်းကင်မှ ဆင်းသက်လာ၍ သံတုတ်ကြီးဖြင့် အတားအဆီးကို ရိုက်ချလိုက်သည်။ အတားအဆီးကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့ရာ၊ ကောင်းကင်ပင် ပြိုကျတော့မည့်ဟန် ထင်မှတ်ရစေသည်။ အတားအဆီး၏ အဓိကဗဟိုချက်သည် ကျောက်စာတိုင်အနီးတွင်ရှိ၍ မွန်းစတားများ၏ တိုက်ခိုက်မှုသည်လည်း ဤနေရာကိုသာ စူးစိုက်နေကြောင်း ချူးယွင်ဖန်း မြင်တွေ့လိုက်ရသည်။
'ကျောက်စာတိုင်ထဲမှာ ဘာများဝှက်ထားတာလဲ သိချင်မိသား’ ချူးယွင်ဖန်းက တွေးလိုက်သည်။
သူသည် အနီးကပ်ကြည့်ရှုလိုက်သောအခါ အတားအဆီးတွင် အပေါက်တစ်ခုဖြစ်ပေါ်နေကြောင်း မြင်တွေ့လိုက်ရသည်။ အမတေပုံစံအဆင့် အကြီးအကဲများနှင့် ထိပ်တန်းတပည့်များသည် အတားအဆီးတစ်ခု ပြုလုပ်ကာ ထိုအပေါက်ကို ကာကွယ်နေကြသည်။ မွန်းစတားများစွာသည် တစ်ကောင်ပြီးတစ်ကောင် တိုးဝင်လာကြသော်လည်း အသားကြိတ်စက်ထဲ ကျရောက်သွားသကဲ့သို့ သေဆုံးကုန်ကြသည်။
သို့သော်လည်း အတားအဆီးအတွင်းရှိ အကြီးအကဲများနှင့် တပည့်များ အလွန်မောပန်းနွမ်းနယ်နေပြီဖြစ်ကြောင်း ချူးယွင်ဖန်း မြင်တွေ့နိုင်သည်။ ၎င်းတို့၏ စွမ်းအင်ပြန်လည်ဖြည့်တင်းမှုနှုန်းသည် သုံးစွဲမှုနှုန်းကို မမီနိုင်တော့ပေ။ ဤအမတေပုံစံအဆင့် မွန်းစတားဘုရင်များသည် ကိုယ်တိုင်မတိုက်ခိုက်သေးဘဲ သာမန်မွန်းစတားများကိုသာ သေတွင်းသို့ စေလွှတ်ခြင်းဖြင့် လူသားတို့၏ စွမ်းအင်ကို ကုန်ခမ်းစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
“တောင့်ခံထားကြ၊ ဂိုဏ်းခေါင်းဆောင်ငယ် မွန်းစတားနှိမ်နင်းရေးလက်နက်ကို အသက်သွင်းနိုင်တာနဲ့ ကျုပ်တို့ ဒီတိရစ္ဆာန်တွေကို သတ်နိုင်လိမ့်မယ်" အဘိုးအိုတစ်ဦးသည် အရှေ့သို့ လှမ်းကာ အော်ဟစ်လိုက်သည်။
ချူးယွင်ဖန်းသည် ထိုအဘိုးအိုကို မှတ်မိသွားသည်။ အဘိုးအိုသည် မွန်းစတားနှိမ်နင်းရေးအဖွဲ့၏ ခေါင်းဆောင်အကြီးအကဲဖြစ်သည်။ သူသည် ယွင်ဟွမ်နှင့် ယွင်ထျန်းပြီးလျှင် အဖွဲ့အတွင်း တတိယမြောက် အင်အားကြီးမားသူဖြစ်သည်။ သူ၏ ခွန်အားသည် ခြေလှမ်းတစ်ဝက် ရွှေအမတေပုံစံအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ အကယ်၍ အဘိုးအိုသာ ဂိုဏ်းထဲတွင် အမြဲရှိမနေပါက တစ်ကမ္ဘာလုံးတွင် နာမည်ကျော်နေပေလိမ့်မည်။
သူ့အပြင် ခြေလှမ်းတစ်ဝက် ရွှေအမတေပုံစံအဆင့်သို့ ရောက်နေသူအချို့နှင့် အမတေပုံစံအဆင့်အထွတ်အထိပ်အဆင့်တွင် ရှိသူအများအပြားကိုလည်း ချူးယွင်ဖန်း တွေ့လိုက်ရသည်။ ဤနေရာရှိ ကျွမ်းကျင်သူဦးရေသည် ဝေ့တိုင်းပြည်ရှိ အခြားသော အင်အားစုများအားလုံးထက် များစွာ သာလွန်နေသည်။ ထို့ကြောင့် ၎င်းတို့သာ လူမသိသူမသိ မနေထိုင်ခဲ့လျှင် ဝေ့တိုင်းပြည်၏ ထိပ်တန်းကျွမ်းကျင်သူ ငါးဦးစလုံးသည် ၎င်းတို့ဂိုဏ်းရှိ လူများဖြင့် ပြည့်နှက်နေမည်ဟု ယွင်ထျန်းက ဂုဏ်ယူစွာ ပြောခဲ့ခြင်းဖြစ်သည်။ ယွင်ထျန်း၏ ဂုဏ်ယူဝံ့ကြွားမှုသည် အကြောင်းမဲ့ မဟုတ်ပေ။
'ဒါနဲ့ ယွင်ဟွမ်ရော ဘယ်ရောက်နေတာလဲ’ ချူးယွင်ဖန်း သိချင်သွားသည်။
ခေါင်းဆောင်အကြီးအကဲ၏ စကားအရဆိုလျှင် ယွင်ထျန်းသည် ကျောက်စာတိုင်အောက်ရှိ ဟင်းလင်းပြင်ထဲတွင်ရှိနေသည်၊ သို့သော် ယွင်ဟွမ်သည် မည်သည့်နေရာတွင် ရှိနေသနည်း။ ထိုအခိုက်အတန့် ရုတ်တရက် အပြောင်းအလဲတစ်ခုဖြစ်ပျက်သွားသည်။ တင်းကျပ်စွာ ပိတ်ဆို့ထားသော ကျောက်စာတိုင်အောက်ရှိ ဟင်းလင်းပြင်ထဲမှ ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။
အခန်း (၁၅၃၅) အတားအဆီး ကျိုးပျက်၍ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာခြင်း
ထိုပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ စနစ်တကျတည်ရှိနေသော အတားအဆီး ရုတ်တရက် ဖရိုဖရဲဖြစ်သွားကာ ကျင့်ကြံမှုအဆင့်နိမ့်သော တပည့်အချို့ ဒဏ်ရာရရှိသွားလေသည်။ ချက်ချင်းဆိုသလိုပင် လိုဏ်ဂူအတွင်းမှ အနက်ရောင်အရိပ်တစ်ခု ပျံသန်းလာကာ အတားအဆီးအတွင်း သတ်ဖြတ်မှုများ စတင်တော့သည်။ ထိုအရိပ်သည် နတ်အဆင့်တပည့် ဆယ်ယောက်ကျော်ကို ခဏအတွင်း သတ်ဖြတ်ပစ်လိုက်သည်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများနှင့်အတူ အတားအဆီးတစ်ခုလုံး လုံးလုံးလျားလျား ပရမ်းပတာဖြစ်ကာ တုန်ခါလာသည်။
“ချီးပဲ”
ခေါင်းဆောင် အကြီးအကဲသည် အလွန်အမင်း ဒေါသထွက်သွားသည်။ မြေအောက်လိုဏ်ဂူထဲရှိ အဖြစ်အပျက်များကို သူ မသိသော်လည်း ဤအနက်ရောင်အရိပ်သည် ရန်သူဖြစ်ကြောင်း မလွဲမသွေ သိလိုက်သည်။ သူသည် အရှေ့သို့တစ်လှမ်းတိုးပြီးနောက် ထိုအရိပ်ကို လိုက်လံတိုက်ခိုက်တော့သည်။ သူသည် ခြေလှမ်းတစ်ဝက် ရွှေအမတေပုံစံအဆင့်သို့ ရောက်ရှိနေသူဖြစ်ရာ တောင်တစ်လုံးကိုပင် ဖြိုချနိုင်သည့် လက်ဖဝါးချက်ဖြင့် ရိုက်ချလိုက်သည်။ သို့သော် အနက်ရောင်အရိပ်က ပြန်လှည့်၍ ခုခံတိုက်ခိုက်လာရာ အကြီးအကဲ၏ လက်ဖဝါးချက်နှင့် ရိုက်ခတ်လာသောအခါ ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာကာ အတားအဆီးပင် ပြိုကျလုနီးပါးဖြစ်သွားစေသည်။ နောက်ဆုံးတွင် ထိုအရိပ်က မည်သူဖြစ်သူဖြစ်သည်ကို လူတိုင်း မြင်လိုက်ရသည်။
ဘုံး
"မဖြစ်နိုင်တာ"
အနက်ရောင် အရိပ်သည် ခြေလှမ်းတစ်ဝက် ရွှေအမတေပုံစံအဆင့်တစ်ဦးဖြစ်ကြောင်း ခေါင်းဆောင်အကြီးအကဲ သိရှိသွားသည်။ ၎င်းသည် မိမိထက်ပင် အင်အားကြီးမားနေပုံပေါ်သည်။ သို့သော် သူ၏ တိုက်ခိုက်မှုသည် ၎င်း၏ လှုပ်ရှားမှုကို နှေးကွေးသွားစေသောကြောင့် အဆုံးတွင် ၎င်း၏ ပုံသဏ္ဌာန်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။ ၎င်းသည် နဖူးတွင် အမာရွတ်ကြီးတစ်ခုပါရှိကာ နွားတစ်ကောင်အရွယ်အစားခန့်ရှိသည့် အနက်ရောင်ကြောင်တစ်ကောင်ဖြစ်သည်။ ၎င်း၏အရှိန်သည် သာမန်လူသားများ မလိုက်နိုင်လောက်အောင် မြန်ဆန်လှ၍ နတ်အဆင့်ကျွမ်းကျင်သူများကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်နိုင်စွမ်းရှိသည်။
“ချီးပဲ၊ ငရဲကြောင်ဘုရင်။ ခင်ဗျား လိုဏ်ဂူထဲကနေ မထွက်သွားဘဲ ပုန်းနေတာပေါ့လေ" ခေါင်းဆောင်အကြီးအကဲက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူသည် နွားတစ်ကောင် အရွယ်အစားနှင့် ဆင်တူသည့် အနက်ရောင် ကြောင်ကို စိုက်ကြည့်နေသည်။ ၎င်းခန္ဓာကိုယ်ရှိ အနက်ရောင် အမွှေးများသည် သေခြင်းတရားကို ရည်ညွှန်းနေသကဲ့သို့ အလွန်ထူးဆန်းစွာ တောက်ပနေသည်။
၎င်းသည် နတ်ဆိုးမျိုးနွယ်၏ နာမည်ကျော်ကြားသော ကြောင်ဘုရင်ဖြစ်သည်။ ကနဦးတွင် သာမန်နတ်ဆိုးကြောင်တစ်ကောင်ဖြစ်ခဲ့သော်လည်း ကံကြမ္မာတစ်ခုနှင့် ကြုံကြိုက်ကာ အသိဉာဏ်များ ပွင့်လင်းလာခဲ့ပြီးနောက် လူသားတို့၏ ဝိညာဉ်အမြောက်အမြားကို ဝါးမြိုစုပ်ယူခြင်းဖြင့် ကျင့်ကြံမှုအဆင့်ကို အဆမတန် တိုးတက်စေနိုင်သည့် နတ်ဆိုးကျင့်စဉ်တစ်ခုကို လေ့ကျင့်နိုင်ခဲ့သည်ဟု ဆိုကြသည်။ ဤကြောင်ဘုရင်သည် ဝေ့တိုင်းပြည်အတွင်း မြို့လုံးကျွတ် သတ်ဖြတ်မှုများကို တစ်ကြိမ်မက ပြုလုပ်ခဲ့ဖူးသည်။ ၎င်းသည် အင်အားကြီးမား၍ လေကဲ့သို့ သွားလာလှုပ်ရှားနိုင်သည့်အတွက် ကိုယ့်ကိုယ်ကို အလွန်ဂုဏ်ယူခဲ့သူဖြစ်သည်။
မွန်းစတားနှိမ်နင်းရေး ဂိုဏ်းခေါင်းဆောင် ယွင်ဟွမ်သည် အလွန်ဒေါသထွက်သွားသောကြောင့် နတ်ဆိုးဂိုဏ်းအထိ ကိုယ်တိုင်လိုက်လံတိုက်ခိုက်ခဲ့သည့်အတွက် ကြောင်ဘုရင်သည် အသက်လုပြေးခဲ့ရဖူးသည်။ အခြားသော ရွှေအမတေပုံစံအဆင့် နတ်ဆိုးဘုရင်များ ရောက်ရှိလာခြင်းကြောင့် မဟုတ်ပါက ယွင်ဟွမ်သည် ကြောင်ဘုရင်ကို ထိုအချိန်၌ တစ်ချက်တည်းဖြင့် သုတ်သင်နိုင်ပေလိမ့်မည်။
ဤသို့ဖြင့် ၎င်းတို့နှစ်ဦးကြားတွင် သေတပန်သက်တစ်ဆုံး ရန်ငြိုးများ ဖြစ်ပေါ်ခဲ့သည်။ ယွင်ဟွမ်၏ တိုက်ခိုက်မှုကြောင့် ငရဲကြောင်ဘုရင်၏ ကျင့်ကြံမှုများ ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားသည့်အတွက် ရွှေအမတေပုံစံအဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိတော့ပေ။ ငရဲကြောင်ဘုရင်သည် မွန်းစတားနှိမ်နင်းရေး ကျောက်စာတိုင်ကို တိုက်ခိုက်ခဲ့သည့် မွန်းစတားကျွမ်းကျင်သူများအနက် တစ်ဦးဖြစ်သော်လည်း အခြားမွန်းစတားများနှင့်အတူ ပြန်လည်ဆုတ်ခွာခြင်း မရှိဘဲ မြေအောက်လိုဏ်ဂူထဲတွင် ပုန်းအောင်းကာ ပြဿနာရှာရန် ကြံစည်နေခဲ့ခြင်းဖြစ်သည်။
“သေစမ်း၊ ဂိုဏ်းခေါင်းဆောင်ငယ်တော့ ဒုက္ခရောက်နေပြီ" ခေါင်းဆောင်အကြီးအကဲက ထိတ်လန့်သွားသည်။
ငရဲကြောင်ဘုရင်သည် ဤနေရာသို့ ရောက်ရှိနေသောကြောင့် ဂိုဏ်းခေါင်းဆောင်ငယ်သည် အန္တရာယ်နှင့် ကြုံတွေ့နေရမည်ဖြစ်ကြောင်း ခေါင်းဆောင်အကြီးအကဲ ချက်ချင်း သတိပြုမိသွားသည်။ ပုံမှန်အခြေအနေတွင် ငရဲကြောင်ဘုရင် ဆယ်ကောင်ရှိနေလျှင်ပင် ဂိုဏ်းခေါင်းဆောင်ငယ်၏ ပြိုင်ဘက် မဖြစ်နိုင်သော်လည်း ယခုအခါ ယွင်ထျန်းသည် မွန်းစတားနှိမ်နင်းရေးလက်နက်ကို အသက်သွင်းရန် ကြိုးစားနေသည့်အချိန်တွင် ချုံခိုတိုက်ခိုက်ခံရပါက အကျိုးဆက်သည် အလွန်ဆိုးရွားပေလိမ့်မည်။
“ဟားဟားဟား... ဟုတ်တယ်၊ ခင်ဗျားတို့ ဒါကို မမျှော်လင့်ထားဘူးမလား။ ကျုပ်ကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ အဲဒီဓားချက်အတွက် မွန်းစတားနှိမ်နင်းရေးဂိုဏ်းက လူတိုင်းကို ကျုပ် သတ်ပစ်မှာ" ငရဲကြောင်ဘုရင်က ရယ်မောကာ ထိုသို့ပြောလိုက်သည်။
"ဒီလိုလုပ်ပြီး ထွက်ပြေးနိုင်ဦးမယ် ထင်နေတာလားကွ" မွန်းစတားနှိမ်နင်းရေးဂိုဏ်းရှိ အခြားသော ခြေလှမ်းတစ်ဝက်ရွှေအမတေပုံစံအဆင့် ကျွမ်းကျင်သူများအားလုံး အရှေ့သို့ ဒေါသတကြီး ချီတက်လာသည်။
"ဟားဟား၊ ကျုပ်ကို တားနိုင်မယ် ထင်နေတာလား" ငရဲကြောင်ဘုရင်သည် ကျယ်လောင်စွာ ရယ်မောပြီးနောက် အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ဖွဲ့စည်းပုံထဲက ထွက်ပြေးလေသည်။
“မြန်မြန်လုပ်ကြ၊ ကျုပ် ယွင်ထျန်းကို ဒဏ်ရာအပြင်းအထန်ရအောင် တိုက်ခိုက်ထားလို့ မွန်းစတားနှိမ်နင်းရေး လက်နက်ကို နှိုးနိုင်မှာမဟုတ်တော့ဘူး။ ဒါက ကျုပ်တို့ နတ်ဆိုးဂုဏ်းရဲ့ အဓိက ရန်သူဖြစ်တဲ့ မွန်းစတားနှိမ်နင်းရေးအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းဖို့ အကောင်းဆုံး အခွင့်အရေးပဲ”
ငရဲကြောင်ဘုရင်သည် ဖွဲ့စည်းပုံအတွင်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ သူ၏ အရှိန်အဟုန်သည် အလွန်လျင်မြန်လှသဖြင့် ခေါင်းဆောင် အကြီးအကဲသည် သူ့ကို မတားဆီးနိုင်ခဲ့ပေ။ ခေါင်းဆောင် အကြီးအကဲသည် ငရဲကြောင်းဘုရင်ထွက်ပြေးသွားခြင်းကို ဒေါသတကြီး ကြည့်နေရုံမှလွဲ၍ မည်သည်မျှ မပြုလုပ်နိုင်ခဲ့ပေ။
"ကောင်းပြီ။ ကျုပ်ရဲ့မျိုးဆက်တို့ သူတို့အကုန်လုံးကို သတ်ပစ်ကြစမ်း။ အတားအဆီးကို ဖျက်ဆီးပြီး မွန်းစတားနှိမ်နင်းရေးအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းပစ်ကြ" ထိုစဉ် ချပ်ဝတ်တန်ဆာဝတ် မျောက်ဝံဘုရင်က ထူးဆန်းစွာ ဟိန်းဟောက်၍ ၎င်း၏ သံတုတ်ကြီးဖြင့် အတားအဆီးကို ရိုက်ချလိုက်ပြန်သည်။
ဘန်း
အတားအဆီးသည် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားလေသည်။ ထိန်းချုပ်ရန် ခက်ခဲနေသော အတားအဆီးသည် ယခုအခါ လုံးလုံးလျားလျား ပျက်စီးသွားလေသည်။ အတွင်းရှိ နတ်အဆင့်တပည့်များနှင့် ခြေလှမ်းတစ်ဝင် ရွှေအမတေပုံစံအဆင့် အကြီးအကဲများ စွမ်းအင်တုံ့ပြန်မှုကြောင့် သွေးအန်ကာ အနောက်သို့ လွင့်ထွက်သွားကြသည်။ အတားအဆီး ကျိုးပျက်သွားမှုကြောင့် ၎င်းတို့အပေါ် စွမ်းအင်များ ပြန်လည်ရိုက်ခတ်လာခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။ ဤချပ်ဝတ်တန်ဆာဝတ် မျောက်ဝံကြီးသည် ရွှေအမတေပုံစံအဆင့်ရှိ နတ်ဆိုးဘုရင်တစ်ပါးဖြစ်သည်။ ၎င်း၏ စွမ်းအင်သည် အလွန်တရာ အားကောင်း၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုအခိုက်အတန့်တွင် ရေတွက်မရနိုင်သော မွန်းစတားအုပ်ကြီး ဟိန်းဟောက်မြည်တမ်းကာ လူသားများအပေါ်သို့ ခုန်အုပ်လာကြသည်။
'ငါတို့တော့ သေပြီ' လူတိုင်း၏ စိတ်ထဲတွင် ထိုအတွေးများသာရှိနေသည်။ အတားအဆီးမရှိဘဲနှင့် ဤမျှအစွမ်းထက်သော မွန်းစတားဘုရင်နှစ်ကောင်ကို ၎င်းတို့ မယှဉ်နိုင်ကြပေ။
“ဟားဟားဟား... သေကြစမ်း” မျောက်ဝံဘုရင်သည် သံတုတ်ကြီးကို မြှောက်တင်ကာ ရိုက်ချလိုက်သည်။ ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအင်ကြောင့် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာစေသည်။ ထိုရိုက်ချက်သာ ကျရောက်လာပါက အတားအဆီးအတွင်းရှိ လူအများအပြား အစုလိုက်အပြုံလိုက် သေဆုံးကြရပေလိမ့်မည်။
“ရပ်လိုက်စမ်း" လိုဏ်ဂူအတွင်းမှ ဒေါသတကြီး အော်ဟစ်သံထွက်လာသော်လည်း သံတုတ်၏အရှိန်ကို မမီနိုင်ခဲ့ပေ။
အခန်း (၁၅၃၆) ကြောက်မက်ဖွယ်ကောင်းသော လက်ဖဝါးချက်
ဖွဲ့စည်းပုံအောက်ခြေမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသော်လည်း မျောက်ဝံကြီး၏ ရိုက်ချက်ကို တားဆီးရန် အလွန်နောက်ကျနေပြီဖြစ်သည်။
'ငါတို့တော့ သွားပြီ' မွန်းစတားနှိမ်နင်းရေးဂိုဏ်း၏ တပည့်များသည် ထိုသို့ တွေးနေကြသည်။ ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်များနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့သည် ပုရွက်ဆိတ်များကဲ့သို့ အားနည်းကြလေသည်။ ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့် ကျွမ်းကျင်သူများပင် ယခုအချိန်တွင် ကိုယ့်ကိုယ်ကို ကာကွယ်ရန် ခက်ခဲပေလိမ့်မည်။
ဘန်း
မျောက်ဝံဘုရင်၏ သံတုတ်ကြီး ၎င်းတို့ပေါ်သို့ ကျရောက်ခါနီးတွင် လေထုထဲမှ ထွက်ပေါ်လာသော စွမ်းအင်လက်ဝါးကြီးတစ်ခုက ၎င်းကို ဖမ်းဆုပ်လိုက်သည်။ ၎င်းတို့အချင်းချင်း ထိခတ်မိချိန်တွင် သံမဏိကဲ့သို့ ရိုက်ခတ်သံများပင် ထွက်ပေါ်လာသည်။
“ဘာလဲ၊ မဖြစ်နိုင်တာ” မျောက်ဝံဘုရင်၏ မျက်နှာအမူအရာ ပျက်ယွင်းသွားသည်။ ဤသံတုတ်သည် သူကိုယ်တိုင် ပြုလုပ်ထားသော အလယ်အဆင့် နတ်လက်နက်ဖြစ်သော်လည်း ယခုအခါ စွမ်းအင်လက်ဖဝါးတစ်ခုက လွယ်လွယ်ကူကူ ဟန့်တားထားနေခြင်းကို သူ မယုံကြည်နိုင်ဖြစ်နေသည်။
သူ စုဆောင်းထားသမျှ ပိုင်ဆိုင်မှုအားလုံးကို ဤသံတုတ်ကြီး ပြုလုပ်ရာတွင် အသုံးပြုခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ပုံသဏ္ဌာန်သည် မထူးခြားသော်လည်း ၎င်း၏ စွမ်းအင်သည် အလွန်ပြင်းထန်လှသည်။ သာမန်အဆင့်နိမ့် ဝိညာဉ်လက်နက်တစ်ခုပင် ဤသံတုတ်ဖြင့် အရိုက်ခံရပါက အစိတ်စိတ်အမွှာမွှာ ကြေမွသွားပေလိမ့်မည်။ သူ၏ အကြီးမားဆုံး ယုံကြည်ချက်သည် ဤသံတုတ်ပေါ်တွင်ရှိနေ၍ ကနဦးရိုက်ချက်တွင် သူ၏စွမ်းအင်အားလုံးကို ထည့်သွင်းထားခြင်းဖြစ်သည်။ သူသည် အနည်းငယ်မျှ ညှာတာရန် စိတ်ကူးမရှိဘဲ ဤမွန်းစတားနှိမ်နင်းရေးဂိုဏ်း၏ တပည့်အားလုံးကို တစ်ချက်တည်းဖြင့် အပြတ်ရှင်းပစ်ရန် ရည်ရွယ်ထားခဲ့သည်။
သို့သော်လည်း ထိုရိုက်ချက်ကို စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော လက်ဖဝါးကြီးတစ်ခုက ဖမ်းဆုပ်ခဲ့သည်။ သာမန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများပင် အသုံးပြုနိုင်သည့် ဤကဲ့သို့ နိမ့်ပါးသော နတ်စွမ်းအင်သည် သူ၏ ရိုက်ချက်ကို ခံနိုင်ရည်ရှိခြင်း မဖြစ်သင့်ပေ။ ပုံမှန်အချိန်တွင် ဤကဲ့သို့သော လက်ဖဝါးပေါင်း တစ်ရာကျော် ရောက်ရှိလာလျှင်ပင် သူ၏ သံတုတ်နှင့် ထိတွေ့သည်နှင့် ပြာအဖြစ် ပြောင်းလဲသွားရပေလိမ့်မည်။ မျောက်ဝံကြီး၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ပေါက်လာသည်။
ဤအကြောင်းအရာများကို ဖော်ပြရန် အချိန်အတော်ကြာမြင့်သော်လည်း လက်တွေ့တွင် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။ ကောင်းကင်ယံမှ နောက်ထပ် ကြီးမားသော လက်ဖဝါးကြီးတစ်ခု ကျဆင်းလာခြင်းကို လူတိုင်း ထိတ်လန့်တုန်လှုပ်စွာ တွေ့ရှိလိုက်ရသည်။ ၎င်းသည် ပတ်လည် မီတာအနည်းငယ်သာရှိသော လက်ဖဝါးချက်ဖြစ်သော်လည်း မြေပြင်ပေါ်သို့ ကျရောက်ချိန်တွင် ကောင်းကင်ယံမှ တောင်တစ်စင်း ပြိုကျလာသကဲ့သို့ ခံစားရစေသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ကောင်းကင်မှ ကျဆင်းလာသည်။ တပည့်များအားလုံး မျှော်လင့်ချက်မဲ့နေစဉ် ထိုလက်ဖဝါးကြီး၏ ပစ်မှတ်သည် ၎င်းတို့မဟုတ်ဘဲ အတားအဆီးအတွင်း ထွက်ပြေးရန် ကြိုးစားနေသည့် ငရဲကြောင်ဘုရင်ဖြစ်ကြောင်း ၎င်းတို့ သတိပြုမိသွားသည်။ အလွန်လျင်မြန်လှသော ငရဲကြောင်ဘုရင်သည် ကြီးမားလှသော ပိုက်ကွန်ကြီးအတွင်း ဖမ်းမိသွားသကဲ့သို့ မြေပြင်ပေါ်သို့ ဖိနှိပ်ခံထားရသည်။ သူသည် ဧရာမ လက်ဖဝါးကြီးနှင့် တိုးမိသွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် မြေပြင်နှင့် ရိုက်ခတ်မိသွားကာ ကြီးမားသော အက်ကြောင်းကြီးတစ်ခုပင် ဖြစ်ပေါ်သွားလေသည်။
လူတိုင်း အသက်ရှူရပ်မတတ် အံ့သြသွားကြသည်။ ငရဲကြောင်ဘုရင်သည် ထိုလက်ဝါးဆီသို့ အလိုလို ပြေးဝင်သွားခြင်း မဟုတ်ဘဲ သူထွက်ပြေးမည့် လမ်းကြောင်းကို တစ်စုံတစ်ယောက်က ကြိုတင်တွက်ချက်ထားခြင်းဖြစ်သည်။ တစ်ဖက်လူသည် သူ၏ လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ခြင်းဖြစ်သည်။ ဤတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သူသည် မည်မျှကြောက်စရာကောင်းမည်ကို ခန့်မှန်းကြည့်ရုံဖြင့်ပင် သိနိုင်သည်။
လူတိုင်း ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ မည်သည့်နေရာမှ ရောက်ရှိလာမှန်းမသိဘဲ ပေါ်ပေါက်လာသည့် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူငယ်သည် ရွှေအမတေပုံစံအဆင့်ရှိ မွန်းစတားဘုရင်၏ ရိုက်ချက်ကို အသာအယာ တားဆီးထားရုံသာမက ခြေလှမ်းတစ်ဝက် ရွှေအမတေပုံစံအဆင့်သို့ ရောက်ရှိနေသည့် ငရဲကြောင်ဘုရင်ကိုပင် ဖိနှိပ်နိုင်ခဲ့သည်။ မိစ္ဆာမျိုးနွယ်၏ နာမည်ကျော်ကြားသော မိစ္ဆာဘုရင်နှစ်ပါးသည် ဤလူငယ်၏ ရှေ့မှောက်တွင် ကစားစရာအရုပ်များသဖွယ်ဖြစ်နေသည်။
“ချူးယွင်ဖန်းလား” တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
အမှန်တကယ် ချူးယွင်ဖန်းဖြစ်နေသောကြောင့် လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ မွန်းစတားနှိမ်နင်းရေးဂိုဏ်း၏ တပည့်များအတွက် ချူးယွင်ဖန်းအပေါ် ခံစားချက်သည် အလွန်ရှုပ်ထွေးလှသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ၎င်းတို့ဂိုဏ်းခေါင်းဆောင်ကို အနိုင်ယူကာ ဝေ့တိုင်းပြည်၏ နံပါတ်တစ်ဖြစ်လာသူဖြစ်သည်။ သူသည် ယွင်ဟွမ်ကို အနိုင်ရရှိပြီးနောက် ဝေ့တိုင်းပြည်၏ လူသိရှင်ကြား နံပါတ်တစ်ကျွမ်းကျင်သူဖြစ်လာခဲ့သည်။
ယခင်အချိန်ကဆိုလျှင် ၎င်းတို့အားလုံး ထိုအကြောင်းအရာကို အသိအမှတ်မပြုလိုကြဘဲ ချူးယွင်ဖန်းသည် သီးသန့်ကျင့်ကြံရာမှ ထွက်လာပြီးနောက် ခွန်အားများ သိသိသာသာ တိုးတက်လာသော ယွင်ဟွမ်ကို အနိုင်ရရှိမည်မဟုတ်ဘူးဟု ၎င်းတို့ ခံစားနေကြသည်။ အကယ်၍ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ကြပါက မည်သူအနိုင်ရရှိမည်ကို ခန့်မှန်းနိုင်ကြမည် မဟုတ်ပေ။ သို့သော်လည်း ယခုကဲ့သို့ အခိုက်အတန့်မျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။ ချူးယွင်ဖန်းသည် သူ၏ကျော်ကြားမှုနှင့်အညီ စွမ်းဆောင်နိုင်ကာ ဤဆင်းရဲဒုက္ခတွင်းနက်ကြီးထဲမှ ၎င်းတို့ကို ကယ်တင်ပေးနိုင်ရန် အားလုံး မျှော်လင့်နေကြသည်။
ဂိုဏ်းဝင်ပေါက်ရှိ မရေတွက်နိုင်သော လူအုပ်ကြီးသည်လည်း ကောင်းကင်ယံမှ နတ်ဘုရားတစ်ပါးကဲ့သို့ ဆင်းသက်လာသော ချူးယွင်ဖန်းကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့၏ မူလက ကြောက်ရွံ့ထိတ်လန့်နေသော မျက်နှာများတွင် အံ့သြဝမ်းသာမှု အရိပ်အမြွက်များ ပေါ်လွင်လာသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို မုန်းသည်ဖြစ်စေ၊ နှစ်သက်သည်ဖြစ်စေ ယခုအချိန်တွင်မူ သူ့ကို ကယ်တင်ရှင်တစ်ဦးအဖြစ်သာ ရှုမြင်နေကြသည်။
“ဟားဟား၊ ဒီနေရာက တော်တော်လေး စည်ကားနေပါလား” ချူးယွင်ဖန်းသည် တစ်လှမ်းချင်း လမ်းလျှောက်လာခဲ့သည်။ နှေးကွေးသည်ဟု ထင်မှတ်ရသော်လည်း သူသည် မျက်စိတစ်မှိတ်အတွင်း အတားအဆီးအထက်သို့ ရောက်ရှိလာသည်။
“သတိထားပါ သခင်လေးချူး၊ မွန်းစတားတွေ အရမ်းများတယ်" ခေါင်းဆောင်အကြီးအကဲက သတိပေးလိုက်သည်။
မွန်းစတားဘုရင်များသည် ချူးယွင်ဖန်း၏ အရှိန်အဝါကြောင့် ထိတ်လန့်တုန်လှုပ်နေကြသော်လည်း၊ သာမန်မွန်းစတားများသည် ဆင်ခြင်တုံတရားကင်းမဲ့သည့်အတွက် သတ်ဖြတ်လိုစိတ်သာရှိနေကြသည်။ ထို့ကြောင့် ၎င်းတို့သည် ချူးယွင်ဖန်းကို မြင်သောအခါ ကြောက်ရွံ့ခြင်းမရှိဘဲ ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ သူ့အပေါ် ခုန်အုပ်တိုက်ခိုက်လာကြသည်။
“ရပါတယ်။ ဒါတွေက လူပြက်တစ်သိုက်သာသာပါပဲ" ချူးယွင်ဖန်းက ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
"အား...."
ကျယ်လောင်လှသော သားရဲဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ လူတိုင်း လှည့်ကြည့်လိုက်သောအခါ ငရဲကြောင်ဘုရင်သည် မြေပြင်မှ ပြန်ထရန် ကြိုးစားနေသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ ခန္ဓာတစ်ခုလုံးသည်လည်း တဆတ်ဆတ် တုန်ရင်နေသည်။
"ကျုပ် ခင်ဗျားကို ထခွင့်ပေးလို့လား။ အရင်သေချင်နေတယ်ဆိုရင်လည်း ခင်ဗျားဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့" ချူးယွင်ဖန်းက အေးစက်စွာ လှောင်ရယ်ပြီးနောက် သူ၏ လက်ဖဝါးကို မြှောက်တင်လိုက်သည်။
ငရဲကြောင်ဘုရင်သည် ခန္ဓာကိုယ်ပေါ်မှ ဖိအားများ လျော့နည်းသွားကြောင်း ခံစားလိုက်ရသောအခါ ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွားသည်။ ထိုအခါ သူသည် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ပြေးရန် ကြိုးစားတော့သည်။ သို့သော်လည်း ထိုသို့ပြုလုပ်ပြီးနောက် လက်ဖဝါးချက်တစ်ချက်သည် ကောင်းကင်ယံမှ ဒုတိယအကြိမ် ပြန်လည်ကျရောက်လာသည်။
ဤတစ်ကြိမ် ရိုက်ချက်သည် ယခင်အကြိမ်ထက်ပင် ပို၍ပြင်းထန်လှသည်။ ငရဲကြောင်ဘုရင်သည် မြေပြင်ပေါ်သို့ တစ်ဖန်ရိုက်ချခံလိုက်ရသည်။ လူတိုင်းကို အံ့သြတုန်လှုပ်သွားစေသည့်အချက်မှာ ငရဲကြောင်ဘုရင်သည် မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ခြင်းဖြစ်သည်။ သူသည် အသက်ရှူရပ်သွားခဲ့၍ သံမဏိကဲ့သို့ မာကျောသော သူ၏ခန္ဓာကိုယ်သည်လည်း သွေးအိုင်အဖြစ် ကြေမွပျက်စီးသွားခဲ့သည်။
လူတိုင်း ဆွံ့အသွားကြသည်။ မည်သူမျှ ထိခိုက်အောင် မပြုလုပ်နိုင်ခဲ့သည့် ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့် မွန်းစတားဘုရင်သည် လက်ဖဝါးချက်ဖြင့် ရိုက်သတ်ခံလိုက်ရပြီဖြစ်သည်။ ထို့အပြင် ဤသည်မှာ ချူးယွင်ဖန်း၏ စွမ်းအင်ဖြင့် သာမန်ကာလျှံကာ ဖွဲ့စည်းထားသည့် လက်ဖဝါးချက်သာဖြစ်သည်။
စွမ်းအင်လက်ဖဝါးဆိုသည်မှာ အသုံးပြုသူ၏ မူလခွန်အားအနက် ဆယ်ပုံတစ်ပုံကိုပင် မထုတ်လွှတ်နိုင်ဘဲ ဝိညာဉ်စွမ်းအင်လုံးတစ်ခုသာဖြစ်ကြောင်း လူတိုင်း သိကြသည်။ သို့သော် ဤကဲ့သို့သော အခြေအနေမျိုး၌ပင် ငရဲကြောင်ဘုရင်သည် လက်ဖဝါးတစ်ချက်၏ တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပေ။ မျောက်ဝံဘုရင်သည် ချူးယွင်ဖန်း၏ အကြည့်အောက်တွင် ခန္ဓာကိုယ်တစ်ခုလုံး အမွှေးအမျှင်များ ထောင်မတ်သွားလေသည်။ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးတစ်ကောင်သည် သူ့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။ မျောက်ဝံဘုရင်သည် ဝိညာဉ်အသိဉာဏ်ပွင့်ကာ မွန်းစတားအဖြစ် စတင်ကျင့်ကြံကတည်းက ဇီဝမျိုးနွယ်ဆက်နွှယ်မှုအရဖြစ်ပေါ်လာသည့် ဤသို့သော ကြောက်ရွံ့ထိတ်လန့်မှုကို တစ်ခါမျှ မခံစားခဲ့ဖူးပေ။