အခန်း (၁၅၃၇-၁၅၃၉)
Vol. 103 Ch. 1537-1539
အခန်း (၁၅၃၇) လှုပ်ရှားမှု နှစ်ခုဖြင့် ရွှေအမတေပုံစံအဆင့်ကို သတ်ဖြတ်ခြင်း
ယခုမူ မျောက်ဝံဘုရင်သည် အရိုးထဲအထိ စိမ့်ဝင်သွားသော ကြောက်ရွံ့မှုကို ခံစားလိုက်ရကာ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။ ချက်ချင်းဆိုသလိုပင် သူ ကိုင်ဆောင်ထားသော သံတုတ်ကြီးဆီမှ ကြောက်မက်ဖွယ်ကောင်းသော ဆွဲအားတစ်ခုကို ခံစားလိုက်ရသည်။ သူသည် အစွမ်းကုန် ရုန်းကန်သော်လည်း ထိုစွမ်းအင်လက်ဖဝါးကြီး၏ ဖမ်းဆုပ်မှုအောက်မှ မရုန်းနိုင်ခဲ့ပေ။
အကယ်၍ သံတုတ်ကို မလွှတ်လိုက်ပါက မိမိပင် ဆွဲခေါ်ခံရတော့မည်ကို သိရှိသွားသည်။ ၎င်းသည် နတ်ဆိုးမျိုးနွယ်စုအနက် အရွယ်အစား သေးငယ်သော မျိုးနွယ်မှ ဆင်းသက်လာသော်လည်း ခွန်အားကြီးမားမှုတွင် နာမည်ကျော်ကြားသူဖြစ်သည်။ မျောက်ဝံဘုရင်သည် တောင်ကုန်းတစ်ခုစာခန့် ကြီးမားသော သားရဲများကိုပင် ကစားစရာသဖွယ် လွှဲယမ်းနိုင်သူဖြစ်သည်။ သို့သော် ၎င်းသည် ဤစွမ်းအင်လက်ဖဝါးကြီး၏ အရှေ့တွင် လုံးလုံးလျားလျား တုံ့ပြန်နိုင်စွမ်းမရှိခဲ့ပေ။ တစ်ဖက်လူက အနည်းငယ် အားစိုက်လိုက်သည်နှင့် ဆယ်မီတာခန့် ဆွဲခေါ်ခံခဲ့ရသည်။ ထိုသို့ဆက်လက်ပြုလုပ်နေပါက သူသည် ချူးယွင်ဖန်းအနားသို့ ဆွဲခေါ်ခံရနိုင်သည်။
ထိုသို့စဉ်းစားမိသောအခါ သူ၏ ခန္ဓာကိုယ်ရှိ အမွေးအမှင်များ ထောင်မတ်သွားလေသည်။ ဤအခြေအနေသည် အလွန်အန္တရာယ်များကြောင်း သိလိုက်ရသဖြင့် သံတုတ်ကို လွှတ်ချလိုက်ရသည်။ ထိုအခါ ချက်ချင်းပင် ထိုသံတုတ်ကို လေထုထဲတွင် ပေါ်ပေါက်လာသော လက်ဖဝါးကြီးက ဖမ်းဆုပ်သွားသည်။ ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ မျောက်ဝံဘုရင်၏ တုံ့ပြန်မှုသည် မြန်ဆန်လှသဖြင့် အသက်ဘေးမှ လွတ်သွားခဲ့သည်။ အကယ်၍ မျောက်ဝံဘုရင်သာ သူ့ အနီးနားသို့ ဆွဲခေါ်ခံရပါက ယခုအချိန် သေဆုံးသွားပြီဖြစ်သည်။
ဤမျောက်ဝံဘုရင်သည် သန်မာသည်ဟု ဆိုနိုင်သော်လည်း ချူးယွင်ဖန်းကဲ့သို့ အကန့်အသတ်မဲ့ ခွန်အားရှိသည့် ထူးခြားသူနှင့် နှိုင်းယှဉ်လျှင် မပြောပါ့လောက်ပေ။ မိုးကြိုးကိုယ်ခန္ဓာနှင့် ဧကရာဇ်ခန္ဓာကိုယ်တို့သည် အလွန်အင်အားကြီးမားလှရာ ၎င်းတို့နှစ်ခု၏ ပေါင်းစပ်မှုကြောင့် ချူးယွင်ဖန်းနှင့် ခွန်အားချင်း ယှဉ်ပြိုင်လျှင် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခြင်းဖြစ်သည်။
ထိုအချိန်တွင် ချူးယွင်ဖန်းက မည်မျှ အင်အားကြီးမားသည်ကို လူတိုင်း နားလည်သွားကြသည်။ ချူးယွင်ဖန်းသည် ထိုနေရာတွင် ရပ်တန့်နေသော်လည်း စွမ်းအင်လက်ဖဝါးကြီးသည် သံတုတ်ကို ဆွဲယူကာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ လေထုကို ဖောက်ထွင်းနိုင်သည့် မြည်ဟီးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထိုအကြောင်းအရာကို ဖော်ပြရန် အချိန်အတော်အတန်ကြာမြင့်သော်လည်း ၎င်းတို့သည် ခဏအတွင်း ဖြစ်ပျက်သွားခဲ့သည်။ မွန်းစတားအုပ်ကြီးသည် လှိုင်းလုံးကြီးများကဲ့သို့ တိုးဝင်လာကြသည်။ ထောင်ပေါင်းများစွာသော နတ်အဆင့်နှင့်အထက် မွန်းစတားများသည် အစုလိုက်အပြုံလိုက် ကျရောက်လာသည်။ မြင်ကွင်းသည် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။
ဘုံး
သံတုတ်ကြီး ကျဆင်းလာသည်နှင့် အဆုံးအစမဲ့သော နတ်စွမ်းအင်များ ပျံ့နှံ့လာ၍ မိုးကြိုးသွားများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံတစ်ခုလုံးကို မိုးကြိုးပင်လယ်ပြင်ကြီးအဖြစ် ပြောင်းလဲသွားစေသည်။ သံတုတ်ကြီးဖြင့် ရိုက်ချလိုက်သောအခါ နတ်အဆင့်ရှိ မွန်းစတားထောင်ပေါင်းများစွာသည် တစ်ချက်တည်း အမှုန့်ဖြစ်သွားကြသည်။ ရုတ်တရက်ဆိုသလိုပင် ချူးယွင်ဖန်း၏ အနီးအနား ပတ်ဝန်းကျင်တစ်ခုလုံး ဟင်းလင်းပြင်ကြီးသဖွယ် အရာအားလုံး ရှင်းလင်းသွားသည်။
လူတိုင်း ဆွံ့အမှင်သက်သွားကြသည်။ ဤသည်မှာ ထောင်ပေါင်းများစွာသော နတ်အဆင့် မွန်းစတားများဖြစ်ကြသည်။ ရွှေအမတေပုံစံအဆင့် ကျွမ်းကျင်သူတစ်ဦးပင် ထိုမျှများပြားသော အရေအတွက်ကို မြင်တွေ့ပါက ထွက်ပြေးရပေလိမ့်မည်။ “အရေအတွက် ပြောင်းလဲမှုသည် အရည်အသွေး ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်” ဟူသည့်ဆိုရိုးစကားရှိသည်အတိုင်း အရေအတွက်သည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားသောအခါ ရွှေအမတေပုံစံအဆင့် ကျင့်ကြံသူပင် အထင်သေးခဲ့သော နတ်အဆင့်ကျင့်ကြံသူများသည် အလွန်တရာ တုန်လှုပ်ခြောက်ခြားဖွယ် စွမ်းအင်များ ထုတ်ဖော်နိုင်ကြသည်။
'သူက လူအရေခွံခြုံထားတဲ့ မွန်းစတားများလား'
ဤအတွေးသည် လူအချို့၏ စိတ်ထဲတွင် လျှပ်ခနဲ ဖြတ်ပြေးသွားသည်။ ၎င်းတို့အတွက် ဤအကြောင်းအရာသည် ယခင်က တစ်ခါမျှ မကြုံတွေ့ဖူးသည့် ထူးဆန်းသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ ချူးယွင်ဖန်း၏ ခွန်အားသည် အလွန်အမင်း တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှသည်။ သံတုတ်ကြီး ကျရောက်လာသည်နှင့် နတ်စွမ်းအင်မှ ဖြစ်ပေါ်လာသော မိုးကြိုးသွားများသည် အရာအားလုံးကို တိုက်စားသွားသည့် ကြောက်မက်ဖွယ် လှိုင်းလုံးကြီးတစ်ခုသဖွယ် ပေါ်ပေါက်လာသည်။ ထိုစွမ်းအင်လှိုင်းနှင့် ထိတွေ့မိသည့် မွန်းစတားများအားလုံး လေထုထဲ၌ပင် တစ်ကောင်ပြီးတစ်ကောင် တစ်စစီ ပေါက်ကွဲသွားကြသည်။ ဤမျှကြောက်မက်ဖွယ်ကောင်းသော ခွန်အားမျိုးသည် မည်သူ့ကိုမဆို ကြက်သီးမွေးညင်းထသွားစေနိုင်သည်။ ဤလှုပ်ရှားမှုသည် အမှန်တကယ် ထိတ်လန့်စရာကောင်းလှသည်။
“မဆိုးပါဘူး" ချူးယွင်ဖန်းက ထိုသို့ခပ်ပေါ့ပေါ့ ပြောပြီးနောက် မျောက်ဝံဘုရင်ကို လှည့်ကြည့်လိုက်သည်။
“အခု ခင်ဗျား အလှည့်ပဲ"
မျောက်ဝံဘုရင်သည် ရှေးဟောင်းသားရဲကြီးတစ်ကောင် စိုက်ကြည့်လာသကဲ့သို့ ခံစားလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် ကမ္ဘာကြီးတစ်ခုလုံး ပြိုပျက်သွားသည့်နှယ် ထင်မှတ်ရစေသည်။
"သေစမ်း"
မျောက်ဝံဘုရင်သည် ထိတ်လန့်ကာ အသည်းအသန် နောက်ဆုတ်ရန်ထွက်ပြေးလေသည်။ ၎င်းသည် သာမန်ရိုက်ခတ်မှုတစ်ခုနှင့် မတူဘဲ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားခြင်းနှင့်ပင် ဆင်တူပေသည်။ မျောက်ဝံဘုရင်သည် ထွက်ပြေးချင်သော်လည်း ချူးယွင်ဖန်း၏ အရှိန်အဟုန်ကို မမီနိုင်ခဲ့ပေ။ ချူးယွင်ဖန်းသည် အလွန်မြန်ဆန်လှရာ မျောက်ဝံဘုရင်ကို ချက်ချင်းဆိုသလိုပင် သံတုတ်ကြီးဖြင့် ရိုက်ခတ်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် အလင်းတန်းအဖြစ် ပြောင်းလဲကာ ထွက်ပြေးသွားသော မျောက်ဝံဘုရင်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ သူ၏ သံမဏိကဲ့သို့ မာကျောသော ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများစွာ ပေါ်ပေါက်လာသည်။
ဘန်း
မြေပြင်တွင် တွင်နက်ကြီး ဖြစ်ပေါ်လာ၍ အလယ်ဗဟိုတွင် မျောက်ဝံဘုရင် လဲလျောင်းနေသည်။ မျောက်ဝံဘုရင်၏ အခြေအနေသည် အလွန်ဆိုးရွားနေ၍ ၎င်းသည် ယခင်ကဲ့သို့ ဂုဏ်ယူဝံ့ကြွားခြင်း မရှိတော့ပေ။ ၎င်း၏ ခန္ဓာကိုယ်သည် တိုက်ခိုက်မှုကြောင့် မပျက်စီးသွားသော်လည်း အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာသည်။ ထိုအက်ကွဲကြောင်းများမှ သွေးများ ယိုစီးနေ၍ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေသည်။
"အား..."
မျောက်ဝံဘုရင်သည် လွတ်မြောက်ရန် အသည်းအသန် ရုန်းကန်နေသည်။ သူသည် ဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း နက်ရှိုင်းသော ကြောက်ရွံ့မှုကြောင့် သူ၏ အသက်ဓာတ်များကို လောင်မြိုက်ကာ ခန္ဓာကိုယ်အတွင်း တိမ်းအောင်းနေသော စွမ်းရည်များကို နှိုးဆွလျက် အရူးအမူး ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ဤကျွမ်းကျင်မှုအဆင့်အထိ ရောက်ရှိလာသော ချူးယွင်ဖန်းသည် မျောက်ဝံဘုရင်၏ ထွက်ပြေးမှုကို ရပ်ကြည့်နေမည် မဟုတ်ပေ။ သူသည် သံတုတ်ကြီးဖြင့် နောက်တစ်ကြိမ် ထပ်မံရိုက်ချလိုက်ပြန်သည်။
ဤတစ်ကြိမ်တွင် မျောက်ဝံဘုရင်သည် ကံမကောင်းလှပေ။ ဒဏ်ရာအလိမ်းလိမ်းဖြစ်နေသော သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်လှသော ရိုက်ချက်ကြောင့် လေထုထဲတွင် တခဏချင်း ပေါက်ကွဲသွားသည်။ ချူးယွင်ဖန်းသည် လှုပ်ရှားမှု နှစ်ခုတည်းဖြင့် ရွှေအမတေပုံစံအဆင့် မွန်းစတားဘုရင်ကို လူတိုင်းအရှေ့တွင် ရိုက်သတ်လိုက်လေသည်။ ဤသည်မှာ အစွမ်းထက်သည်ဟု ဆိုရုံနှင့် မလုံလောက်ဘဲ ကြောက်မက်ဖွယ်ကောင်းသော မွန်းစတားဟုပင် တင်စားရပေလိမ့်မည်။ တစ်ချိန်တည်းမီာပင် သူ၏ နည်းလမ်းများသည် ရက်စက်ကြမ်းကြုတ်လှသည်။
ချူးယွင်ဖန်းက မျောက်ဝံဘုရင်ကို ရိုက်နှက်နှိမ်နင်းနေခြင်းကို မြင်တွေ့ရသောအခါ လူတိုင်း၏ စိတ်ထဲတွင် 'ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီး' ဟူသည့် ဘွဲ့အမည်တစ်ခုပေါ်ပေါက်လာသည်။ မျောက်ဝံဘုရင်ကို သတ်ဖြတ်ပြီးနောက် ချူးယွင်ဖန်းသည် လူလတ်ပိုင်းအရွယ်အမျိုးသားအဖြစ် ပြောင်းလဲထားသည့် မြွေဟောက်ဘုရင်ကို လှည့်ကြည့်လိုက်သည်။ မြွေဟောက်ကြီးသည် ကျင့်ကြံလာသော ခရီးစဉ်တစ်လျှောက် ထိုကဲ့သို့ထိတ်လန့်မှုမျိုး တစ်ခါမျှ မခံစားခဲ့ဖူးပေ။ ၎င်းသည် သေမင်းတမန်နှင့် ရင်ဆိုင်နေရသကဲ့သို့ တုန်လှုပ်ခြောက်ခြားနေမိသည်။
အခန်း (၁၅၃၈) ဘေးအန္တရာယ်ကို ဖြေရှင်းခြင်း
မြွေဟောက်ဘုရင်သည် မထိန်းချုပ်နိုင်ဘဲ ကြောက်ရွံ့နေမိသည်။ ပထမဦးစွာ ငရဲကြောင်ဘုရင်သည် ချူးယွင်ဖန်း၏ လက်ဖဝါးချက် နှစ်ချက်ဖြင့် သတ်ဖြတ်ခံခဲ့ရသည်။ ပြီးနောက် ရွှေအမတေပုံစံအဆင့်သို့ ရောက်ရှိထားသော မျောက်ဝံဘုရင်သည်လည်း ၎င်း၏ ကိုယ်ပိုင်လက်နက်ဖြင့် လှုပ်ရှားမှု နှစ်ခုအတွင်း အသက်ဆုံးရှုံးသွားရသည်။ မျောက်ဝံဘုရင်၏ မှော်လက်နက်သည် အလတ်စား ဝိညာဉ်လက်နက်တစ်ခုဖြစ်သည်။ ထိုလက်နက်များသည် ကိုယ်ပိုင်ဝိညာဉ်စွမ်းအင်များရှိကြသော်လည်း ယခုအခါ အနည်းငယ်မျှပင် ပြန်လည်ခုခံနိုင်စွမ်းမရှိခဲ့ပေ။
ဤသည်မှာ မည်သည်ကို ဆိုလိုခြင်းဖြစ်သနည်း။ ချူးယွင်ဖန်းသည် သံတုတ်ကို ဖမ်းဆုပ်လိုက်သည့် အခိုက်အတန့်တွင် ထိုလက်နက်ကို ခွန်အားဖြင့် ဖိနှိပ်လိုက်ခြင်းဖြစ်ကြောင်း ဆိုလိုသည်။ ထို့ကြောင့်သာ ဤကဲ့သို့သော အံ့မခန်း တိုက်ခိုက်မှုကို ပြုလုပ်နိုင်ခြင်းဖြစ်သည်။ ရွှေအမတေပုံစံအဆင့်များသည် တိုင်းပြည်၏ ကာကွယ်စောင့်ရှောက်သူများဖြစ်ကြသည်။ အစွမ်းထက်သူများ ပေါများလှသည့် မွန်းစတားဂိုဏ်းအတွင်း၌ပင် ၎င်းတို့သည် ပိရမစ်၏ ထိပ်ဆုံးတွင် တည်ရှိနေသူများဖြစ်သည်။ ၎င်း၏အပေါင်းအဖော်များ အသာအယာ ရိုက်သတ်ခံရခြင်းကို မြင်လိုက်ရသောအခါ မည်သို့မျှ မကြောက်ရွံ့ဘဲနေမည်နည်း။
ထိုအချိန်တွင် သူ၏ ကျောပြင်တစ်ခုလုံး အေးစိမ့်သွား၍ ရေခဲဂူထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ ခန္ဓာကိုယ်ရှိ အမွေးအမှင်များ ထောင်မတ်သွားကာ ဆဋ္ဌမအာရုံသည်လည်း အချက်ပေးလာသည်။ မြွေဟောက်ဘုရင်သည် ၎င်း၏ ဆဋ္ဌမအာရုံကို အလွန်ယုံကြည်သူ ဖြစ်သည်။ သက်ရှိများ၏ ဆဋ္ဌမအာရုံသည် အခြားအရာအားလုံးထက် ပို၍တိကျပေသည်။ သူသည် ချက်ချင်းပင် အနောက်လှည့်၍ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ချူးယွင်ဖန်းက သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက် မရှိဘဲ သံတုတ်ကြီးဖြင့် ရိုက်ချလိုက်သည်။ သံတုတ်ကြီးသည် အလယ်အဆင့် ဝိညာဉ်လက်နက်ဖြစ်သည့်အပြင် အလွန်ကြီးမားလှသည်။ သက်လတ်ပိုင်းအရွှယ်အမျိုးသားသည် အလင်းတန်းတစ်ခုကို စီးနင်း၍ လျင်မြန်စွာ ထွက်ပြေးတော့မည့် အချိန်တွင် ချူးယွင်ဖန်း၏ လက်ထဲရှိ သံတုတ်သည် ရုတ်တရက် ကျယ်ပြန့်လာပြီးနောက် ရုတ်တရက် ရိုက်ချလာသည်။
ဘန်း
သတ္တုချင်း ထပ်မံရိုက်ခတ်မိသကဲ့သို့ ကျယ်လောင်သော အသံနှင့်အတူ ကြီးမားသော မြွေဟောက်ကြီး ကောင်းကင်ယံမှ ပြုတ်ကျလာခြင်းကို လူတိုင်း မြင်တွေ့လိုက်ရသည်။ ထိုလူလတ်ပိုင်းအမျိုးသားသည် ပြင်းထန်သော ရိုက်ခတ်မှုကြောင့် သူ၏ မူလအသွင်သို့ ပြန်လည်ရောက်ရှိသွားသည်။ ၎င်းသည် မွန်းစတားများကြားတွင် ထိပ်တန်းပညာရှင်တစ်ဦးဟု သတ်မှတ်ခံထားရသည့် နှိုင်းယှဉ်ဖွယ်မရှိအောင် ကြီးမားသော မြွေဘုရင်ကြီးဖြစ်ပေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် မြွေမျိုးနွယ်စုနှင့် မသက်ဆိုင်သော အကြေးခွံများ ပေါ်ထွက်နေ၍ ဦးခေါင်းပေါ်တွင် အဖုနှစ်ခုလည်း ပေါ်ထွက်နေသည်။ ဤသည်မှာ သွေးနှော နဂါးပျံအဖြစ်သို့ ကူးပြောင်းတော့မည့် ထင်ရှားသော လက္ခဏာဖြစ်သည်။ နဂါးများသည် ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး သတ္တဝါများအနက် တစ်မျိုးဖြစ်သည်။ ကောလာဟလများအရ ၎င်းတို့သည် နတ်ဘုရားများကိုပင် စိန်ခေါ်နိုင်သည်ဟု ဆိုကြသည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် မိုးတိမ်နှင့် မိုးရေကို ထိန်းချုပ်နိုင်သည့် ဒဏ္ဍာရီလာ နတ်ဘုရားမျိုးနွယ်စုများအနက် ပါဝင်ကြသည်။
နဂါးပျံသည် နဂါးစစ်စစ်၏ မျိုးစိတ်ခွဲတစ်ခုသာဖြစ်သော်လည်း မွန်းစတားများကြားတွင် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ အထူးသဖြင့် နဂါးစစ်စစ်များ ကွယ်ပျောက်နေသည့် ယခုခေတ်မျိုးတွင် နဂါးမျိုးစိတ်ခွဲများအနက် သွေးနှော နဂါးပျံကို အင်အားအကြီးဆုံးဟု သတ်မှတ်ကြသည်။ အကယ်၍ သူသာ နဂါးပျံအဖြစ်သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ပါက အမှန်တကယ် အစွမ်းထက်လာမည်ဖြစ်၍ ရွှေအမတေပုံစံအဆင့်ကို ကျော်လွန်ကာ နောက်ထပ် အဆင့်တစ်ခုသို့ပင် ရောက်ရှိနိုင်ပေလိမ့်မည်။ သို့သော် သူသည် ယခုအခါ ထိုအခွင့်အရေးကို ရရှိတော့မည်မဟုတ်ပေ။ ချူးယွင်ဖန်းက သူ့ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်ရာ၊ တောင်တစ်လုံး ပြိုကျလာသကဲ့သို့ ဖုန်မှုန့်များ ပေပေါင်းထောင်ချီအထိ လွင့်တက်သွားလေသည်။
မကြာမီတွင် မြွေဟောက်ဘုရင်၏အောက်ခြေတွင် သွေးများ အဆုံးမဲ့စွာ အိုင်ထွန်းနေသည်။ အဘယ်ကြောင့်ဆိုသော် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကြောင့် သူ၏ခန္ဓာကိုယ်သည်လည်း မျောက်ဝံဘုရင်ကဲ့သို့ အက်ကြောင်းများပေါ်ထွက်လာကာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားသောကြောင့်ဖြစ်သည်။ သူသည် ပြန်ထရန် အသည်းအသန် ရုန်းကန်နေသော်လည်း မတတ်နိုင်ခဲ့ပေ။ ချူးယွင်ဖန်းက ဝှေ့ယမ်းလိုက်သည်နှင့် စွမ်းအင်လက်ဖဝါးကြီး နောက်တစ်ကြိမ် ထပ်မံရိုက်ချလာပြန်သည်။
ဘန်း
မြွေဘုရင်၏ ဦးခေါင်းသည် ချူးယွင်ဖန်း၏ သံတုတ်ကြောင့် ကြေမွသွားလေသည်။ ကြီးမားလှသော ၎င်း၏ခန္ဓာကိုယ်သည် ခေတ္တမျှ ရုန်းကန်ပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ဤမြွေဘုရင်သည် ချူးယွင်ဖန်း၏ လက်ချက်ဖြင့် ပျက်သုဉ်းသွားရသည်။
"ကြောက်စရာကောင်းလိုက်တာ"
ပတ်ဝန်းကျင်တစ်ခုလုံး ခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ အော်ဟစ်တိုက်ခိုက်နေကြသည့် မွန်းစတားစစ်တပ်ကြီးပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤသားရဲများသည် အာရုံခံစားမှုသည် အလွန်ထက်မြက်ကြသဖြင့် အနက်ရောင်ဝတ်စုံနှင့် လူငယ်က မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ၎င်းတို့ သိကြသည်။ ဤသည်မှာ ၎င်းတို့၏ ဗီဇစိတ်ထဲမှ ပေါက်ဖွားလာသော ဖိနှိပ်မှုတစ်ခုဖြစ်သဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ယင်သွားကြသည်။
ဤမွန်းစတားဘုရင်များသည် မွန်းစတားနှိမ်နင်းရေးဂိုဏ်းကို တိုက်ခိုက်ရန် ၎င်းတို့ကို ဖိနှိပ်ခိုင်းစေခဲ့ခြင်းဖြစ်သည်။ ယခုအခါ ထိုမွန်းစတားဘုရင်များကို ချူးယွင်ဖန်းက သတ်ဖြတ်လိုက်သဖြင့် ၎င်းတို့အားလုံး မည်သို့မျှ ဤနေရာတွင် ဆက်နေဝံ့မည်နည်း။ ၎င်းတို့၏ ဆင်ခြင်တုံတရားများ ပြန်လည်ရောက်ရှိလာသည်။ ရေတွက်မရအောင် များပြားလှသော မွန်းစတားအုပ်ကြီးသည် တခဏချင်းပင် ဖရိုဖရဲ ထွက်ပြေးသွားကြသည်။ ဤမွန်းစတားများသည် အသိဉာဏ် သိပ်မမြင့်မားကြသော်လည်း ချူးယွင်ဖန်းက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို ခံစားမိကြသည်။ ၎င်းတို့သည် ထိုနေရာတွင် ဆက်မနေဝံ့တော့ဘဲ ဗီဇစိတ်အတိုင်း ထွက်ပြေးကြလေသည်။
“ငါတို့ အသက်ရှင်ပြီ။ ဟားဟားဟား၊ ငါတို့ တကယ် အသက်ရှင်ပြီ”
“ဘိုးဘေးကြီးက ငါတို့ကို မစလို့ပဲ။ ငါတို့ မသေတော့ဘူး"
မွန်းစတားနှိမ်နင်းရေးဂိုဏ်း၏ တပည့်များအားလုံး ဝမ်းသာအားရ အော်ဟစ်နေကြသည်။ ၎င်းတို့အားလုံးသည် အသေခံတိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည့်အတွက် သေဆုံးရလျှင်ပင် မွန်းစတားအချို့ကို တပါတည်း ခေါ်ဆောင်သွားမည်ဟု ပြင်ဆင်ထားကြသည်။ ဤကဲ့သို့ ပြင်းထန်သော မွန်းစတားကျူးကျော်မှုကို ဝေ့တိုင်းပြည်၏ တော်ဝင်ရုံးတော်ပင် မဖြေရှင်းနိုင်ပေ။ ယခုကဲ့သို့ ကိုယ့်ကိုယ်ကို ကာကွယ်ရန် ခဲယဉ်းနေချိန်တွင် ချူးယွင်ဖန်းက ဖြေရှင်းပေးလိုက်လိမ့်မည်ဟု ၎င်းတို့ လုံးလုံးလျားလျား မမျှော်လင့်ထားခဲ့ပေ။
လူတိုင်းသည် ကျယ်လောင်စွာ အောင်ပွဲခံနေကြသည်။ သေဘေးမှ လွတ်မြောက်လာသည့် ခံစားချက်သည် အလွန်ကောင်းမွန်လှသည်။ လူအများအပြားသည်လည်း တိတ်တဆိတ် ငိုကြွေးနေကြသည်။ အထူးသဖြင့် မွန်းစတားနှိမ်နင်းရေးဂိုဏ်း တည်ရှိရာ တောင်တန်းများတွင် အသေအပျောက်များပြားလွန်းသည်။ ဂိုဏ်းနှင့် ဆက်နွှယ်နေသည့် ပြည်သူအမြောက်အမြားရှိရာ ကံကောင်းသူ အနည်းငယ်သာ လွတ်မြောက်ခဲ့ရသည်။ ဂိုဏ်း၏ တပည့်များသည် ကယ်ဆယ်ရေးနှင့် ရွှေ့ပြောင်းရေးများ ပြုလုပ်ခဲ့သော်လည်း လူအချို့ကိုသာ ကယ်တင်နိုင်ခဲ့သည်။
၎င်းတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေများစွာသည် မွန်းစတားများ၏ ပါးစပ်အတွင်း သေဆုံးခဲ့ရသည်။ ယခင်က မွန်းစတားအုပ်ကြီး၏ ဝိုင်းရံမှုကို ခံနေရသဖြင့် ဤအကြောင်းများကို မစဉ်းစားနိုင်ခဲ့သော်လည်း ယခုကဲ့သို့ သေဘေးမှ လွတ်မြောက်လာချိန်တွင် ထိုပူဆွေးမှုများ ပြန်လည်ဝင်ရောက်လာသည်။ သေဘေးမှ လွတ်မြောက်သည့် ပထမဆုံး ဝမ်းသာမှုများ ပြီးဆုံးသွားသောအခါ လူတိုင်း၏စိတ်ထဲတွင် ဝမ်းနည်းပူဆွေးမှုများ လွှမ်းမိုးလာသည်။ ငိုကြွေးသံများ လှိုင်းလုံးကြီးများသဖွယ် ထွက်ပေါ်လာသည်။
ချူးယွင်ဖန်းသည် သက်ပြင်းချလျက် ခေါင်းခါလိုက်သည်။ ဤမွန်းစတားများသည် အစွမ်းထက်သော်လည်း တိရစ္ဆာန်အုပ်စုသာဖြစ်သည်။ တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုကို ခံရချိန်တွင် သေခြင်းတရားကို မကြောက်ရွံ့ဘဲ ရဲရင့်နေကြသော်လည်း ၎င်းတို့၏ ခေါင်းဆောင် အသတ်ခံရသည်နှင့် ချက်ချင်း ပြိုကွဲသွားကြသည်။ အကယ်၍ ၎င်းတို့သာ ဝေ့တိုင်းပြည်၏ တော်ဝင်ကိုယ်ရံတော်များ သို့မဟုတ် သွေးရိုင်း လူသားစစ်သည်တော်များဖြစ်ခဲ့လျှင် ၎င်းတို့၏ ခေါင်းဆောင် အသတ်ခံရလျှင်ပင် တစ်ဦးတည်း ကျန်ရစ်အချိန်ထိ တိုက်ပွဲဝင်ကြမည်ဖြစ်သည်။
ဤသည်မှာ ၎င်းတို့ကြားက ကွာခြားချက်ဖြစ်သည်။ တစ်ဖက်သည် သေခြင်းတရားကို မသိသည့်အတွက် မကြောက်ရွံ့သော်လည်း အခြားတစ်ဖက်သည် သေခြင်းတရားကို သိပါလျက်နှင့် သေဆုံးရန် အသင့်ဖြစ်နေခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် သံတုတ်နှင့် မွန်းစတားဘုရင် သုံးဦး၏ အလောင်းများကို အမြန်သိမ်းဆည်းပြီးနောက် ဗြဟ္မာသစ်ပင်ကို မြေဆီလွှာအဖြစ် သွင်းလောင်းလိုက်သည်။ ပြီးနောက် သူသည် မွန်းစတားနှိမ်နင်းရေးဂိုဏ်း၏ မြေအောက်လိုဏ်ဂူအတွင်းသို့ ဆင်းသက်သွားသည်။ ထိုအချိန်တွင် ခေါင်းတလား၏ အလယ်ဗဟို၌ ပေတစ်ရာခန့် ရှည်လျား၍ ပေအနည်းငယ် ကျယ်ပြန့်သော ဓားကြီးတစ်လက်ကို စိုက်ထူထားကြောင်း မြင်တွေ့လိုက်ရသည်။ ထိုဓားကြီးသည် တစ်စုံတစ်ခုကို ဖိနှိမ်နေသည့် အချုပ်အနှောင် အလင်းတန်းများ ဖြာထွက်နေသည်။
အခန်း (၁၅၃၉) မွန်းစတားနှိမ်နင်းရေး ကျောက်တိုင်အောက်ရှိ မွန်းစတား
ကြီးမားလှသော ဓားကြီးသည် ခေါင်းတလားအတွင်း စိုက်ဝင်နေ၍ တစ်စုံတစ်ခုကို ချုပ်နှောင်ထားသကဲ့သို့ ခပ်ဖျော့ဖျော့ ဖိအားတစ်ခု ထုတ်လွှတ်နေသည်။ သို့သော် ခေါင်းတလားအဖုံးသည် ပွင့်ဟနေ၍ ဘေးသို့ ရောက်ရှိနေသည်။ ထိုခေါင်းတလားသည် လင်းလက်သော ရွှေရောင်ပုံသဏ္ဌာန်များဖြင့် ဖုံးလွှမ်းထားသဖြင့် ရှေးဟောင်းဆန်ကာ ထူးခြားဆန်းကြယ်လှသည်။ ၎င်းတို့သည် အလှအပအတွက် ထွင်းထုထားခြင်း မဟုတ်ဘဲ အလွန်ထူးခြားသည့် အစီအမံများဖြစ်သည်။ သာမန်လူများ နားလည်နိုင်မည် မဟုတ်သော်လည်း ချူးယွင်ဖန်းသည် ထိုရွှေရောင်ပုံသဏ္ဌာန်များကို ခေတ္တလေ့လာရုံဖြင့် သိရှိလိုက်သည်။ ၎င်းသည် အစွမ်းထက်သည့် ချိပ်ပိတ်မှု အကာအကွယ်တစ်မျိုးဖြစ်သည်။ ချူးယွင်ဖန်းသည် အနည်းငယ် စိတ်ဝင်စားသွားသည်။ ဤဓားနှင့် ခေါင်းတလားသည် တစ်စုံတစ်ရာကို ချုပ်နှောင်ထားပုံရသည်။
'မွန်းစတားနှိမ်နင်းရေးဂိုဏ်းကိုလား' ချူးယွင်ဖန်း တစ်စုံတစ်ခုကို ရုတ်တရက် အတွေးမိသွားသည်။ ခေါင်းတလားသည် အလွန်မကြီးမားလှသော်လည်း ၎င်းအတွင်းရှိ အလွန်စင်ကြယ်၍ အစွမ်းထက်သော မွန်းစတားစွမ်းအင်များကို သူ ခံစားနေရသည်။ မွန်းစတားနှိမ်နင်းရေးဂိုဏ်းဟူသည် အမည်သက်သက်သာ မဟုတ်ဘဲ ပို၍လေးနက်သော အဓိပ္ပာယ်များရှိနေပုံရသည်။
“သခင်လေးချူးက ကျုပ်ကို နောက်တစ်ကြိမ် ကယ်တင်လိုက်ပြန်ပြီပဲ" ယွင်ထျန်းက ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ အရင်ဆုံး ဒဏ်ရာတွေကို ကုသလိုက်ပါဦး၊ ခင်ဗျား သက်သာလာမှ ကျုပ်တို့ စကားပြောကြတာပေါ့” ချူးယွင်ဖန်းသည် ယွင်ထျန်းအနားသို့ တိုးကာ ဒဏ်ရာကုသနိုင်ရန် အကာအကွယ် ပြုပေးလိုက်သည်။
ချူးယွင်ဖန်းသည် ယွင်ထျန်းကို ဆေးလုံးများ မပေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မွန်းစတားနှိမ်နင်းရေးဂိုဏ်း၏ ဂိုဏ်းလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ယွင်ထျန်းတွင် ဆေးဝါးကောင်းများ ပေါများလှသောကြောင့်ဖြစ်သည်။ ယွင်ထျန်းသည် ကနဦးတွင် တိုက်ပွဲကြောင့် ဒဏ်ရာကုသရန် အချိန်မရခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်း၏ အကာအကွယ်ဖြင့် ယွင်ထျန်သည် ကုသဆေးအမျိုးမျိုးကို စိတ်ချလက်ချ သောက်သုံးပြီးနောက် သူ၏ခွန်အား ထက်ဝက်ကျော်မျှ မိနစ်ပိုင်းအတွင်း ပြန်လည်ပြည့်ဝလာသည်။ ကျန်ရှိသော ဒဏ်ရာများသည် အနည်းငယ် ပြင်းထန်သဖြင့် ပြန်လည်ကောင်းမွန်ရန် အချိန်ယူရပေလိမ့်မည်။
“ဒီနေ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးချူး။ ခင်ဗျားသာ မရှိရင် ကျုပ်တို့အားလုံး အသက်ရှင်မှာ မဟုတ်ဘူး။ မွန်းစတားနှိမ်နင်းရေးဂိုဏ်းက လူတွေလည်း ထောင်ချီပြီး သေဆုံးကုန်လောက်တယ်" ယွင်ထျန်းက မတ်တတ်ရပ်ကာ ချူးယွင်ဖန်းကို အလေးအနက် ဦးညွှတ်လိုက်သည်။
ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။ ယွင်ထျန်းသည် ငယ်ရွယ်သော်လည်း မိမိအသက်ထက် ဂိုဏ်းသားများ၏ အသက်ကို ပို၍ တန်ဖိုးထားကြောင်း သူ သိလိုက်ရသည်။ ယွင်ထျန်းသည် ယခင် သူ့ကို ချူးယွင်ဖန်း ကယ်တင်ချိန်က ထိုသို့ လေးနက်စွာ ဦးမညွှတ်ခဲ့ဖူးပေ။ သို့သော်လည်း ယခုကဲ့သို့ မွန်းစတားနှိမ်နင်းရေးဂိုဏ်း၏ တပည့်များကို ကယ်တင်ခဲ့သောအခါ သူသည် လေးနက်စွာ ဦးညွှတ်နေခဲ့သည်။
“ပြောပါဦး၊ ဘာတွေဖြစ်ခဲ့တာလဲ" ချူးယွင်ဖန်းသည် ယွင်ထျန်း၏ အပြုအမူကို မတားဆီးဘဲ မေးမြန်းလိုက်သည်။
“ဟာ... အခုမှတော့ ဖုံးကွယ်ထားစရာ မလိုတော့ပါဘူး" ယွင်ထျန်းက ဆိုသည်။
"မွန်းစတားနှိမ်နင်းရေးဂိုဏ်းရဲ့ ဒဏ္ဍာရီတွေကို သခင်လေးချူး ကြားဖူးမှာပါ။ ကျုပ်တို့ရဲ့ တည်ထောင်သူဘိုးဘေးက မွန်းစတားတွေကို နှိမ်နင်းဖို့ အနောက်ဘက်နယ်စပ်ကို လာပြီး ဒီဂိုဏ်းကို တည်ထောင်ခဲ့တယ်ဆိုတဲ့ ကောလာဟလကိုလေ”
“အဲဒါကကောလာဟလတင် မဟုတ်ဘဲ အကုန်လုံးအမှန်တရားတွေပါ” ယွင်ထျန်းက ဆက်ပြောလိုက်သည်။
ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဤကောလာဟလနှင့်ပတ်သက်၍ ကြားဖူးနားဝ ရှိခဲ့ဖူးသည်။ မွန်းစတားနှိမ်နင်းရေးဂိုဏ်းကို စတင်တည်ထောင်ခဲ့သူသည် အလွန်အမင်း အစွမ်းထက်သူဖြစ်သည်ဟု ဆိုကြသည်။ နောက်ပိုင်းတွင် သူသည် အင်အားကြီးမားလှသော မွန်းစတားမျိုးနွယ်စုတစ်ခုကို နှိမ်နင်းရန်အတွက် မွန်းစတားနှိမ်နင်းရေးဂိုဏ်းကို တည်ထောင်ခဲ့ခြင်းဖြစ်ပေသည်။
“သခင်လေးချူး မသိသေးတာက မွန်းစတားနှိမ်နင်းရေးဂိုဏ်းရဲ့ တကယ့်တာဝန်က အရမ်းအင်အားကြီးမားတဲ့ မွန်းစတားကြီးတစ်ကောင်ကို ချုပ်နှောင်ထားဖို့ပါ။ ဒါကို ဂိုဏ်းသားအဆင့်ဆင့် သိခဲ့ကြပေမယ့် အပြင်လူတွေ ဘယ်သူမှမသိကြဘူး။ တကယ်တော့ ဂိုဏ်းခေါင်းဆောင်နဲ့ ဂိုဏ်းခေါင်းဆောင်ရဲ့ ဆက်ခံသူကပဲ ဒီအကြောင်းစုံကို သိခွင့်ရှိတာ”
ဆိုလိုရင်းသည် ယွင်ဟွမ်နှင့် ယွင်ထျန်းတို့သာလျှင် ဤလျှို့ဝှက်ချက်ကို သိရှိခြင်းဖြစ်သည်။ ဓားနှင့် ခေါင်းတလားသည် ထိုမွန်းစတားကြီးကို စောင့်ကြပ်ရန်ဖြစ်သည်။ သို့သော် ယခုအခါ ကျောက်တိုင်အောက်ရှိ နေရာလွတ်သည် ထိုးဖောက်ခံခဲ့ရ၍ သွားခေါင်းတလားကြီး ဖွင့်ဟနေကာ အတွင်းရှိ မွန်းစတားသည်လည်း ပျောက်ကွယ်သွားသောကြောင့် ဤလျှို့ဝှက်ချက်ကို ဆက်လက် ဖုံးကွယ်ထားရန် မရနိုင်ပေ။ ၎င်းတို့၏ ချုပ်နှောင်မှုများ ကျရှုံးသွားခဲ့သည်။
အခြေအနေများ အလွန်ခက်ခဲရှုပ်ထွေးတော့မည်ဟု ချူးယွင်ဖန်း ခံစားလိုက်ရသည်။ ခေါင်းတလားပေါ်ရှိ အင်းကွက်ပုံစံများကို အခြားလူများ နားလည်မည် မဟုတ်သော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့ကို နားလည်သည်။ ၎င်းသည် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော ချိပ်ပိတ်အစီအရင်တစ်ခုဖြစ်သည်။ ခေါင်းတလားကို ပြုလုပ်ထားသည့် ထူးဆန်းသော ပစ္စည်းများနှင့် အပြင်ဘက်ရှိ ဧရာမဓားကြီးတို့ကို ပေါင်းစပ်ကြည့်လျှင် ဤအစီအရင်များ မည်မျှတင်းကျပ်ကြောင်း ခန့်မှန်းကြည့်နိုင်သည်။ ထို့ပြင် မွန်းစတားနှိမ်နင်းရေးဂိုဏ်းကို စတင်တည်ထောင်သူသည် ဂိုဏ်းကိုတည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းမည်မျှ ကြာညောင်းခဲ့ပြီဖြစ်သနည်း။ မွန်းစတားနှိမ်နင်းရေးဂိုဏ်းရှိ လူများကိုယ်တိုင်ပင် သေချာ မသိကြချေ။ ကာလသည် အနည်းဆုံးလျှင် နှစ်ပေါင်းထောင်ချီရှိနေပြီဖြစ်သည်။
နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့သည့်တိုင် ချိပ်ပိတ်ခံထားရသော ထိုမွန်းစတားကြီးသည် သေဆုံးသွားခြင်းမရှိဘဲ သက်ရှိထင်ရှားရှိနေဆဲဖြစ်ကာ ယခုအခါ ၎င်းသည် ကယ်တင်ခံခဲ့ရသည်။ ဤသည်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော မွန်းစတားမျိုးဖြစ်သနည်း။ အကယ်၍ လူသားကျွမ်းကျင်သူတစ်ဦးသာဆိုလျှင် အရိုးပုံတစ်ခုသာ ကျန်ရစ်ပေလိမ့်မည်။ နှစ်ပေါင်းထောင်ချီသော ကာလဟူသည် မွန်းစတားများအတွက်ပင် အလွန်အမင်း ရှည်လျားလှသော အချိန်ကာလတစ်ခုဖြစ်သည်။
မွန်းစတားများသည် မွေးရာပါ သက်တမ်းရှည်ကြသော်လည်း နှစ်ပေါင်း တစ်ထောင်ထက်ကျော်လွန်၍ အသက်ရှင်ရန် အလွန်ခက်ခဲလှသည်။ ရွှေအမတေအဆင့်ရှိ မွန်းစတားများသည် သက်တမ်း တစ်ထောင်ခန့်ရှိကြ၍ လူသားများထက်များစွာ သက်တမ်းရှည်သည်ဟု ဆိုနိုင်သော်လည်း ပြင်းထန်သော ဒဏ်ရာများဖြင့် နှစ်ပေါင်းထောင်ချီကြာ အသက်မသေဘဲ ရှင်သန်နေနိုင်ခြင်းသည် အမှန်တကယ် တုန်လှုပ်ဖွယ်ကောင်းလှသည်။
ဤအချက်ကြောင့် ထိုမွန်းစတားကြီး၏ ကျင့်ကြံမှုအဆင့်သည် ရွှေအမတေပုံစံအဆင့်ထက် များစွာသာလွန်နေကြောင်း ဖော်ပြနေသည်။ ၎င်းသည် ရွှေအမတေပုံစံအဆင့်ထက် ပိုမိုအားကောင်းသော ရွှေအမတေအဆင့်ပင် မဟုတ်ဘဲ ၎င်းအဆင့်ကို လုံးလုံးလျားလျား ကျော်လွန်နေသည့် ကျင့်ကြံသူတစ်ဦးဖြစ်နေပေလိမ့်မည်။ ထိုသို့သော ကျင့်ကြံမှုအဆင့်ဖြင့်သာ ယခုအချိန်အထိ ရှင်သန်နိုင်မည်ဖြစ်သည်။ ဤမွန်းစတားသည် မည်မျှအစွမ်းထက်နေမည်နည်း။ ၎င်းကို လျှော့တွက်၍ မရနိုင်ပေ။ မွန်းစတားနှိမ်နင်းရေးဂိုဏ်းကို စတင်တည်ထောင်သူလျှင်ပင် ထိုမွန်းစတားကြီးကို မသုတ်သင်နိုင်ခဲ့ဘဲ မျိုးဆက်တစ်ခုပြီးတစ်ခု ချိပ်ပိတ်၍ ဖိနှိပ်ခဲ့ရသည်။ ချူးယွင်ဖန်းသည် ထိုအကြောင်းကို တွေးမိသောအခါ အနည်းငယ် ထိတ်လန့်လာသည်။ ပြဿနာသည် ပို၍တွေးမိလေ ပို၍ကြီးမားလာဟန်ရှိသည်။
“ဒါဆို မွန်းစတားအုပ်ကြီး ရုတ်တရက် တိုက်ခိုက်လာတာက ဒီမွန်းစတားကြီးကို ကယ်ဖို့ပေါ့" ချူးယွင်ဖန်းက မေးလိုက်သည်။
“ဟုတ်ပါတယ်၊ အခု သူတို့ ရည်ရွယ်ချက် အောင်မြင်သွားပြီ။ ကျုပ်ဆရာက မွန်းစတားကြီးကို ဟန့်တားဖို့ ဒီနေရာကို အပြေးအလွှားလာခဲ့ပေမယ့် ကြိုတင်ပြင်ဆင်ထားတဲ့ မွန်းစတားဘုရင်တော်တော်များများရဲ့ အလစ်တိုက်ခိုက်တာကို ခံခဲ့ရတယ်" ယွင်ထျန်းက ဒေါသတကြီး ပြောလိုက်သည်။ စကားပြောနေစဉ် ယွင်ထျန်း၏ အမူအရာသည် အလွန်ခက်ထန်လာသည်။