← Chapters

အခန်း (၁၅၄၀-၁၅၄၂)

Vol. 103 Ch. 1540-1542

အခန်း (၁၅၄၀-၁၅၄၂)

Vol. 103 Ch. 1540-1542

အခန်း (၁၅၄၀) လောကကြီးအတွက်

“အလစ်တိုက်ခိုက်တာတဲ့လား” ချူးယွင်ဖန်း မျက်မှောင်ကြုတ်လိုက်သည်။

"ပုံစံအရတော့ ရုတ်တရက် ထတိုက်ခိုက်တာ မဟုတ်ဘဲ ကြိုတင်ကြံစည်ထားသလိုပဲ”

“ဟုတ်တယ်၊ သူတို့တွေ ကြိုတင်ပြင်ဆင်ထားကြတာ" ယွင်ထျန်းက ဆိုသည်။

“ဒါနဲ့ ဒီမှာ ဘာကိုချုပ်နှောင်ထားတာလဲ” ချူးယွင်ဖန်းက မေးလိုက်သည်။

"မွန်းစတားတွေ ဒီလောက်အထိ အာရုံစိုက်နေရင် ဒါကသာမန်မွန်းစတား မဟုတ်တာတော့ သေချာတယ်”

“ဟုတ်တယ်။ ဒါပေမယ့် အချိန်တွေ အများကြီး ကုန်လွန်ခဲ့ပြီဆိုတော့ မှတ်တမ်းအချို့ ပျောက်ဆုံးနေပြီ” ယွင်ထျန်းက ခေါင်းခါလျက် ပြောပြသည်။

"ကျုပ်တို့ သိထားတာကတော့ ဒီမွန်းစတားကြီးက အရမ်းထူးခြားတဲ့ သတ္တဝါတစ်ကောင်းပဲ၊ ဒီကမ္ဘာက မဟုတ်ဘဲ ကမ္ဘာ့အပြင်ဘက်က ရောက်လာခဲ့တာ။ ဒီကိုရောက်ရောက်ချင်း လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေလို့ ကျုပ်တို့ တည်ထောင်သူဘိုးဘေးက ချုပ်နှောင်ထားလိုက်တာ။ ဒီအချိန်အတောအတွင်းမှာလည်း သူ ဖောက်မထွက်နိုင်အောင် ဂိုဏ်းရဲ့မျိုးစဉ်မျိုးဆက် ဒီအတားအဆီးကို ခိုင်ခံ့အောင် မွမ်းမံခဲ့ကြတာ" ယွမ်ထျန်းက သက်ပြင်းချလိုက်သည်။

“ဒါပေမယ့် ဒီနေ့မှာတော့ အဲဒီမွန်းစတားကြီး လွတ်သွားပြီ။ ဒါကလောကကြီးအတွက် ကပ်ဘေးပဲ”

“ကပ်ဘေးတဲ့လား။ ကျုပ်ကတော့ မယုံဘူး၊ ကျုပ် ကိုယ့်ကိုယ်ကိုယ်ပဲ ယုံကြည်တယ်” ချူးယွင်ဖန်းက ဆိုသည်။

"ဒီနေရာက အဖောက်ခံလိုက်ရတာကို ခင်ဗျားက ဒီမှာ ဘာလုပ်နေတာလဲ။ ငရဲကြောင်ဘုရင်ရဲ့ အလစ်တိုက်ခိုက်တာကိုတောင် ခံလိုက်ရသေးတယ်”

“ကျုပ်မွန်းစတားနှိမ်နင်းရေးဓားကို အသက်သွင်းဖို့ ကြိုးစားနေတာ။ ဒါက ကျုပ်တို့ ဘိုးဘေးတွေ အင်မတန် ကြိုးစားအားထုတ်ခဲ့ရတဲ့ မှော်ဓားတစ်လက်။ အဲဒီဓားနဲ့ပဲ ဟိုမွန်းစတားကြီးကို နှိမ်နင်းခဲ့တာ။ အခု အဲဒီမွန်းစတား လွတ်သွားပြီဆိုတော့ ကမ္ဘာကြီးတော့ ဒုက္ခပင်လယ်တစ်ခု ဖြစ်လာတော့မယ်။ တကယ်လို့ တစ်နေ့ အဲဒီမွန်းစတားကြီး လွတ်သွားခဲ့ရင် မွန်းစတားနှိမ်နင်းရေးဓားကို အသက်သွင်းပြီး မွန်းစတားကြီးကို သတ်ပစ်ရမယ်လို့ ကျုပ်တို့ ဘိုးဘေးတွေ မှာထားခဲ့ဖူးတယ်။ အခုက အရေးကြီးဆုံး အချိန်ပဲ” ယွင်ထျန်းက ရှင်းပြလိုက်သည်။

“အခု အဲဒီမွန်းစတားကြီး လွတ်သွားရုံတင်မကဘဲ မွန်းစတားတွေ အနောက်ဘက်နယ်စပ်ကို အုပ်စုလိုက် ကျူးကျော်ပြီး တစ်ကမ္ဘာလုံးကိုတောင် ဝါးမြိုတော့မယ်။ အဲ့ဒါဘာဖြစ်လို့လဲ ခင်ဗျား သိလား”

ချူးယွင်ဖန်းက ခေါင်းခါပြလိုက်သည်။

"အဲဒီကိစ္စက အခုလွတ်သွားတဲ့ မွန်းစတားကြီးနဲ့ ပတ်သက်နေလို့လား”

“ဟုတ်တယ်။ အဲဒီမွန်းစတားကြီး ကျုပ်တို့ ဘိုးဘေးရဲ့ ဓားအောက်မှာ နှစ်ပေါင်းများစွာ ချုပ်နှောင်ခံထားရလို့ သူ့ခန္ဓာကိုယ်ထဲက သွေးတွေ မကျန်တော့သလောက်ပဲ။ တစ်နည်းပြောရရင် သူ မသေရုံတမယ် ဖြစ်နေတာ” ယွင်ထျန်းက ဆိုသည်။

"မွန်းစတားတွေက သူ့ကို အသေအလဲ ကယ်ထုတ်ခဲ့တာဆိုတော့ ဒီအတိုင်းတော့ အသေခံမှာ မဟုတ်ဘူး။ ကျုပ်တို့ ရထားတဲ့ သတင်းတွေအရ မွန်းစတားဘုရင်တွေက မွန်းစတားဂိုဏ်းမှာ သွေးဝိညာဉ် နှိုးထခြင်းမန္တန်ကို တည်ဆောက်နေကြတယ်။ အဲဒါက သေခါနီး လူတစ်ယောက်ကိုတောင် ပြန်ရှင်စေနိုင်တဲ့ အံ့မခန်း အစီအရင်မျိုး"

"ဒါပေမယ့် အဲဒီမန္တန်မှာ ပြဿနာတစ်ခုရှိတယ်။ ကယ်တင်ချင်တဲ့သူက ပိုပြီးအစွမ်းထက်လေ သွေးများများ ပိုလိုအပ်လေပဲ။ မွန်းစတားတွေ သတ်ဖြတ်လိုက်တဲ့ လူတွေရဲ့ သွေးတွေက နောက်ဆုံး အဲဒီမန္တန်အတွက် စွမ်းအင်တွေ ဖြစ်သွားလိမ့်မယ်။ တကယ်လို့ ကျုပ်တို့ သူတို့ကို မတားနိုင်ရင် ဝေ့တိုင်းပြည်တစ်ခုလုံး အစုလိုက်အပြုံလိုက် အသတ်ခံရလိမ့်မယ်။ ဒါကြောင့် ကျုပ်တို့ ဒီဓားကို ပြန်ပြုပြင်ဖို့ လာခဲ့တာ။ ဒါပေမယ့် အရေးကြီးဆုံးအချိန်မှာ ငရဲကြောင်ဘုရင်က အလစ်တိုက်ခိုက်ခဲ့တာ”

“ဪ၊ ဒီလိုကိုး။ ဒါကြောင့် မွန်းစတားတွေက လူတွေကို ဒီလောက် သတ်ဖြတ်နေတာကိုး” ချူးယွင်ဖန်း ခေါင်းညိတ်လိုက်သည်။

အကယ်၍ မွန်းစတားဂိုဏ်းသာ ဝေ့တိုင်းပြည်ကို သိမ်းပိုက်ရန်သာ ရည်ရွယ်ထားလျှင် မြို့တော်ကို အမြန်ဆုံး ဦးတည်တိုက်ခိုက်ကြပေလိမ့်မည်။ ထိုအခါ အုပ်ချုပ်သူမဲ့နေသော စစ်တပ်သည်လည်း စုစည်းနိုင်မည် မဟုတ်ဘဲ ဝေ့တိုင်းပြည်တစ်ခုလုံး ကျဆုံးရန် အချိန်ပိုင်းသာ ကြာမြင့်ပေလိမ့်မည်။ ဤသားရဲများတွင် ထိုကဲ့သို့သော ဗျူဟာမြောက် အတွေးအခေါ်များရှိနိုင်ခြင်းနှင့် ပတ်သက်၍ ချူးယွင်ဖန်း အနည်းငယ်မျှ မသံသယမဝင်မိပေ။ အဘယ်ကြောင့်ဆိုသော် မွန်းစတားဘုရင်အများစုသည် ဉာဏ်ရည်မြင့်မားသောကြောင့်ဖြစ်သည်။

ဤသည်မှာ သာမန်ကျသော ဗျူဟာမြောက် အတွေးအခေါ် ဖြစ်သောကြောင့် မွန်းစတားဘုရင်များ နားမလည်ထားရန် မဖြစ်နိုင်ပေ။ သို့သော် ယခုမူ မွန်းစတားများသည် မြို့တော်သို့ မချီတက်ဘဲ အနောက်ဘက်နယ်စပ် အနှံ့အပြားတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပြုလုပ်နေကြသည်။ ချူးယွင်ဖန်းသည် ကနဦးတွင် ဇဝေဇဝါဖြစ်နေခဲ့သော်လည်း ယခုအခါ အကြောင်းရင်းအမှန်ကို သိရှိသွားသည်။

“ကျုပ်တို့မှာ အချိန်အများကြီး မရှိတော့ဘူး။ အခု အနောက်ဘက်နယ်စပ်က လူအများစု အသတ်ခံလိုက်ရပြီ။ ထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေကလွဲရင် ကျုပ်တို့ဂိုဏ်းက ကယ်တင်ထားတဲ့ လူနည်းနည်းပဲ ကျန်တော့တယ်။ ဆိုလိုတာက ဟိုမွန်းစတားကြီး ထက်ဝက်လောက်ပဲ ပြန်သက်သာသွားရင်တောင် ကမ္ဘာကြီးတစ်ခုလုံး မွန်းစတားကြီးရဲ့ ပါးစပ်ထဲ ရောက်သွားလိမ့်မယ်” ယွင်ထျန်းက မတ်တတ်ရပ်ကာ ချူးယွင်ဖန်းကို အလေးအနက် ဦးညွှတ်လိုက်ပြန်သည်။

“ကျုပ် ကျရှုံးသွားပါပြီ။ ကျုပ် ဒဏ်ရာတွေ ပြင်းထန်လွန်းတော့ အချိန်တိုအတွင်း ပြန်မကောင်းနိုင်လောက်ဘူး။ ကျုပ်အင်အားနဲ့ ဒီဓားကို အသက်သွင်းနိုင်ရင်တောင် အခြေအနေကို ပြောင်းပြန်လှန်နိုင်ဖို့ မလွယ်တော့ဘူး”

ချူးယွင်ဖန်း၏ မျက်နှာသည် အလွန်လေးနက်သွားသည်။ ယွင်ထျန်းသည် အတိတ်က ရန်ငြိုးများကို ဘေးဖယ်၍ လောကကြီး၏ အသက်ပေါင်းများစွာအတွက် အမှန်တကယ် စိုးရိမ်နေကြောင်း သူ မြင်တွေ့နိုင်သည်။

“ခင်ဗျားက ဒီလောက်တောင် ပြောနေမှတော့ ကျုပ် မငြင်းတော့ပါဘူး။ ဒါပေမယ့် ဒီမွန်းစတားနှိမ်နင်းရေးဓားက ခင်ဗျားတို့ဂိုဏ်းရဲ့ ရတနာ မဟုတ်လား။ ကျုပ် ဒီဓားကို အသက်သွင်းပြီး ကိုယ့်လက်ရုံးလို သုံးနိုင်ဖို့အတွက် ကိုယ်တိုင် ပြန်ပြုပြင်ပြီး စင်ကြယ်အောင် လုပ်ရလိမ့်မယ်။ အဲဒီလိုဆိုရင် ဒီဓားက ခင်ဗျားတို့ဂိုဏ်းနဲ့ မသက်ဆိုင်တော့မှာကို စိုးရိမ်မိတယ်” ချူးယွင်ဖန်းက ပြောလိုက်သည်။

“သခင်လေးချူး၊ ကျေးဇူးပြုပြီး အမြန်ဆုံးသာ ဆောင်ရွက်ပေးပါ။ ဒီဓားကို ဖန်တီးခဲ့တာက ဟိုမွန်းစတားကြီးကို နှိမ်နင်းဖို့အတွက်ပါ၊ ဒါက ဒီဓားရဲ့ တာဝန်ပါ” ယွင်ထျန်းက ပြောလိုက်သည်။

“ကျုပ်တို့ဂိုဏ်းက တည်ထောင်သူ ဘိုးဘေးလက်ထက်နောက်ပိုင်းကတည်းက ဆုတ်ယုတ်လာခဲ့တာ။ ဘယ်သူမှ ဒီဓားကို မထိန်းချုပ်နိုင်ကြဘူး။ ကျုပ်က ကျုပ်အသက်ကို စတေးပြီး ဒီဓားရဲ့ စွမ်းအင်ကို အသက်သွင်းဖို့ စီစဉ်ထားတာ။ ဒါပေမယ့် သခင်လေးချူးကတော့ ကျုပ်တို့နဲ့ မတူဘူး။ ခင်ဗျားရဲ့ အနာဂတ်က ဒီရေကန်လေးထဲမှာပဲ မဟုတ်ဘဲ ကောင်းကင်ယံက ကြယ်တာရာတွေကြားမှာရှိနေတာ။ ဒါကြောင့် ဒီဓား ခင်ဗျားလက်ထဲ ရောက်သွားတာက ဓားရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှာ မဟုတ်သလို ဘိုးဘေးတွေကိုလည်း မျက်နှာပျက်စေမှာ မဟုတ်ပါဘူး။ ကျုပ်ဆရာသာ ဒီမှာရှိနေရင်လည်း ကန့်ကွက်မှာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်တယ်။ ကျေးဇူးပြုပြီး ဒီလောကကြီးအတွက်... ကူညီပေးပါ၊ သခင်လေးချူး” ယွင်ထျန်းက ထပ်မံ၍ အလေးအနက် ဦးညွှတ်တောင်းဆိုလိုက်သည်။

“ကောင်းပြီလေ၊ ဒါဆိုရင် ကျုပ် လက်ခံပါ့မယ်” ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ အခြေအနေသည် ယွင်ထျန်း ပြောသကဲ့သို့ အလွန်ဆိုးရွားနေသဖြင့် ချူးယွင်ဖန်းသည် မွန်းစတားနှိမ်နင်းရေးဓားကို အမှန်တကယ် လိုအပ်နေသည်။

“သိပ်ကောင်းတာပဲ။ ကျုပ် ဓားကို အသက်သွင်းတဲ့နည်းလမ်းနဲ့ ပြန်လည်စင်ကြယ်အောင် ပြုလုပ်တဲ့ နည်းလမ်းတွေကို လွှဲပြောင်းပေးပါ့မယ်" ယွင်ထျန်းက အလောတကြီး ပြောလိုက်သည်။

ပြီးနောက် ယွင်ထျန်းသည် မွန်းစတားနှိမ်နင်းရေးဓားကို အသက်သွင်းသည့် နည်းစနစ်များကို ချူးယွင်ဖန်း၏ စိတ်အာရုံထဲသို့ အမြန်ဆုံး ပေးပို့လိုက်သည်။ ရှုပ်ထွေးလှသော အသက်သွင်းမှု အစီအရင်များနှင့် စတေးမှု နည်းလမ်းများသည် ချူးယွင်ဖန်း၏ စိတ်အာရုံထဲသို့ ရောက်ရှိလာသည်။ ချူးယွင်ဖန်း၏ စိတ်အာရုံထဲရှိ နတ်ဘုရားဝိညာဉ်သည် ခေတ္တတောက်ပသွားပြီးနောက် သူသည် ထိုနက်နဲသော အကြောင်းအရာအားလုံးကို ချက်ချင်း နားလည်ကာ ဓားကို စတင်ပြုပြင်ရန် အသင့်ဖြစ်နေလေသည်။

အခန်း (၁၂၄၁) မွန်းစတားနှိမ်နင်းရေးဂိုဏ်းကို အောင်နိုင်ခြင်း

ချူးယွင်ဖန်းသည် ထိုနည်းလမ်းကို နားလည်သဘောပေါက်ရန် မလိုတော့သည့်အလား အစီအရင်ကို ချက်ချင်းစတင်ရန် ပြင်ဆင်နေကြောင်း မြင်လိုက်ရသောအခါ ယွင်ထျန်းသည် အလွန်အံ့အားသင့်သွားသဖြင့် အလျင်အမြန် မေးမြန်းလိုက်သည်။

"သခင်လေးချူး အရင်ဆုံး သေသေချာချာ နားလည်အောင် မလေ့လာတော့ဘူးလား"

“ကျုပ် လေ့လာပြီးပြီ။ ထပ်လေ့လာဖို့ မလိုတော့ဘူး" ချူးယွင်ဖန်းက ခေါင်းခါ၍ ပြန်ပြောလိုက်သည်။

ချူးယွင်ဖန်း၏ စကားကြောင့် ယွင်ထျန်း ဆွံ့အသွားသည်။ ချူးယွင်ဖန်းက အရာအားလုံးကို အပြီးတိုင် နားလည်သွားပြီဟု ဖြေကြားလိမ့်မည်ဟု သူ လုံးလုံးလျားလျား မမျှော်လင့်ထားပေ။ မွန်းစတားနှိမ်နင်းရေးဓားကို အသက်သွင်း၍ ပြန်လည်စင်ကြယ်သည့် နည်းလမ်းသည် အလွန်တရာရှုပ်ထွေးလှသည်။ သူသည် ယခင်အချိန် ထိုဓားကို အသက်သွင်းနိုင်ရန် တစ်လလုံးလုံး အချိန်ယူ လေ့လာခဲ့ရသည်။

၎င်းသည် မွန်းစတားနှိမ်နင်းရေးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်များသာ ဆက်ခံခွင့်ရသည့် ထူးခြားသော အမွေအနှစ်တစ်ခုဖြစ်သည်။ ယခုမူ ခဏအတွင်း အရာအားလုံး တတ်မြောက်သွားပြီဟူသော ချူးယွင်ဖန်း​၏ စကားကို သူမည်သို့မျှ ယုံကြည်နိုင်မည်နည်း။ သို့သော် ချူးယွင်ဖန်း၏ မျက်နှာအမူအရာအရ သူသည် နောက်ပြောင်နေခြင်း မဟုတ်ပေ။ ထို့အပြင် ချူးယွင်ဖန်းသည် ဤကဲ့သို့ အရေးကြီးသောကိစ္စတွင် နောက်ပြောင်မည်မဟုတ်ကြောင်း သူသိနေသည်။ ထို့ကြောင့် ယွင်ထျန်းသည် ဘေးသို့ တိုးကပ်ကာ ချူးယွင်ဖန်း၏ လက်ဟန်စည်းတံဆိပ်များ လုပ်ဆောင်ပြုကို စောင့်ကြည့်နေလိုက်သည်။ ဤသည်မှာ မွန်းစတားနှိမ်နင်းရေးဓားကို အသက်သွင်းသည့် အစပျိုးမှု အစီအရင်ဖြစ်ကြောင်း သူ မှတ်မိလိုက်သည်။

ချူးယွင်ဖန်းသည် လက်ဟန်စည်းတံဆိပ်တစ်ခုပြီးတစ်ခု လုပ်ဆောင်လိုက်သည်နှင့်အမျှ သူ၏ခန္ဓာကိုယ်အတွင်းရှိ ကြီးမားလှသော နတ်စွမ်းအင်များ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာကာ ဓားအတွင်းသို့ စီးဝင်သွားသည်။ ခေါင်းတလားအထက်တွင် တိတ်တဆိတ် ဝဲပျံနေသော ဓားသည် ချူးယွင်ဖန်း၏ စွမ်းအင်များကို တုံ့ပြန်လာ၍ အလွန်တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။

‘သူ တကယ် လေ့လာပြီးသွားတာကို’ ယွင်ထျန်းသည် သရဲတစ္ဆေတစ်ကောင် မြင်လိုက်ရသည့်အလား မယုံကြည်နိုင်ဖြစ်နေသော မျက်လုံးများဖြင့် ကြည့်နေမိသည်။ ချူးယွင်ဖန်းသည် ထိုနည်းလမ်းကို အမှန်တကယ် အသုံးပြုနိုင်ကြောင်း မြင်လိုက်ရသောအခါ ယွင်ထျန်း အလွန်တရာ တုန်လှုပ်သွားသည်။

ဤလူသည် မည်မျှထူးခြားဆန်းပြားသော မွန်းစတားမျိုးဖြစ်သနည်း။ မိမိကိုယ်တိုင်ပင် တစ်လအကြာမှ တတ်မြောက်ခဲ့သော အစီအစဉ်ကို ချူးယွင်ဖန်းသည် ခဏအတွင်း တတ်မြောက်သွားခဲ့သည်။ သူသည် ချူးယွင်ဖန်း​၏ အသက်အရွယ်နှင့် အသက်နှစ်ဆယ်အရွယ်တွင် ကမ္ဘာ့နံပါတ်တစ် ကျွမ်းကျင်သူဖြစ်လာခဲ့သည့် ဖြစ်ရပ်ကို တွေးနေမိသည်။ ယွင်ထျန်းသည် အသက်နှစ်ဆယ်အရွယ်၌ နတ်အဆင့်တွင်သာ ရှိသေးသည်။ ၎င်းတို့နှစ်ဦးကြားရှိ ကွာခြားချက်သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ခြားနားလှသည်။ အမှန်တကယ်ပင် ဤလောကတွင် ထိုကဲ့သို့ ထူးခြားသည့် ပါရမီရှင်များရှိနေလေသည်။

ယွင်ထျန်း မသိခဲ့သည်မှာ နတ်ဘုရားဝိညာဉ်၏ အကူအညီကြောင့် ချူးယွင်ဖန်း၏ သိမြင်နားလည်နိုင်စွမ်းသည် အခြားလူသားများထက် များစွာ သာလွန်နေခြင်းဖြစ်သည်။ ထို့အပြင် ချူးယွင်ဖန်းတွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များလည်းရှိနေသဖြင့် ဤကဲ့သို့သော အသက်သွင်းခြင်းနှင့် ပြုပြင်မွမ်းမံခြင်း အစီအစဉ်များကို နက်နက်ရှိုင်းရှိုင်း နားလည်နေခဲ့သည်။

ချူးယွင်ဖန်းသည် မြင့်မားသော အသိအမြင်ဖြင့် ဤနည်းလမ်းကို ကြည့်ရှုနေသဖြင့် အရာရာ ချောမွေ့နေသည်။ စစ်မဟာဗျူဟာအမြင်အရ ၎င်းသည် အလွန်ထူးခြားဆန်းကြယ်လှသည်။ ချူးယွင်ဖန်း၏ စွမ်းအင်များ ဆက်တိုက် စီးဝင်နေသည်နှင့်အမျှ မွန်းစတားနှိမ်နင်းရေးဓားမှ ပြင်းထန်သော ဖိအားများ ထွက်ပေါ်လာသည်။ ၎င်းသည် လှိုင်းတံပိုးများသဖွယ် ထွက်ပေါ်လာ၍ ချူးယွင်ဖန်း​၏ နတ်စွမ်းအင်များနှင့် ပဲ့တင်ထပ်လာသည်။ ထိုပဲ့တင်ထပ်မှုများ မြင့်တက်လာသည်နှင့် မွန်းစတားနှိမ်နင်းရေးဓားထံမှ ဖိအားများ လွတ်မြောက်လာသည်။ ထိုဓားသည် နှစ်ပေါင်းများစွာ အိပ်မောကျနေခဲ့၍ ယခုအခါ ချူးယွင်ဖန်း၏ နှိုးဆော်မှုကြောင့် နိုးထလာခဲ့သည်။ ချူးယွင်ဖန်း၏ စိတ်ထဲတွင် ကြီးမားသော ဓားကြီးတစ်လက် ပေါ်ပေါက်လာပြီးနောက် အသံတစ်ခုကို ကြားလိုက်ရသည်။

“ဘယ်သူက ငါ့ကို ခေါ်နေတာလဲ”

၎င်းသည် ဓားဝိညာဉ်​၏ အသံဖြစ်ကြောင်း ချူးယွင်ဖန်း သိလိုက်ရသည်။ သူသည် နတ်စွမ်းအင်များကို ပိုမိုတိုးမြှင့်ကာ ဓားအတွင်းသို့ သွန်းလောင်းလျက် ရှုပ်ထွေးသော လက်ဟန်များဖြင့် စွမ်းအင်မုန်တိုင်းတစ်ခု ဖန်တီးလိုက်သည်။ မလှမ်းမကမ်းရှိ ယွင်ထျန်းသည် ကြောက်လန့်တကြား အနောက်သို့ ဆုတ်ခွာသွားရသည်။ သူသည် ဓားကို အသက်သွင်းရန် တစ်နေ့နှင့် တစ်ည အချိန်ယူခဲ့ရသော်လည်း ချူးယွင်ဖန်းသည် ၎င်းကိုခဏအတွင်း အပြည့်အဝ နှိုးထလုနီးပါး ပြုလုပ်နိုင်ခဲ့သည်။

ဤလောကတွင် ပါရမီရှင်နှင့် သာမန်လူဟူ၍ ရှိနေကြောင်း သူဝန်ခံရပေလိမ့်မည်။ မိမိကိုယ်တိုင်ပင် သာမန်လူမဟုတ်ဘဲ ပါရမီရှင်တစ်ဦးဖြစ်သည်။ သို့သော် သူ့အရှေ့ရှိ ချူးယွင်ဖန်းသည် ပါရမီရှင်ထက်သာလွန်သော မွန်းစတားတစ်ကောင်သာဖြစ်ပေသည်။ မွန်းစတားများသည် လူသားမဟုတ်သည့်အတွက် လူသားများသည် မွန်းစတားများကို ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။ နောက်ထပ် နှစ်နာရီခန့် ကြာသောအခါ အဆုံးအစမဲ့သော ဓားအလင်းတန်းများ ကောင်းကင်သို့ ထိုးတက်သွားသည်။ ဂိုဏ်းအတွင်းရှိ လူအများအပြားသည် ပေတစ်သောင်းကျော် ရှည်လျား၍ ပေရာချီ ကျယ်ဝန်းသော ဓားအလင်းတန်းကြီး ကောင်းကင်သို့ ဖြိုခွင်းသွားကြောင်း မြင်တွေ့လိုက်ရသည်။

လေထုတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ဂိုဏ်း၏ အုတ်မြစ်ပင် တုန်လှုပ်သွားခြင်းကို အားလုံး ခံစားလိုက်ရသည်။ ထိုဓားအလင်းရောင်သည် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဂိုဏ်းပတ်ဝန်းကျင်ရှိ သားရဲများသည် ၎င်းတို့၏ သဘာဝရန်သူကို တွေ့လိုက်ရသည့်အလား အသည်းအသန် ထွက်ပြေးကြလေသည်။

“အဲဒီနေရာ… အဲဒီဓားအလင်းရောင်... ဒဏ္ဍာရီထဲက မွန်းစတားနှိမ်နင်းရေးဓားများလား" ရွှေအမတေပုံစံအဆင့် အကြီးအကဲတစ်ဦးသည် ပါးစပ်အဟောင်းသားဖြင့် ရေရွတ်လိုက်သည်။ ထိုအကြီးအကဲသည် သရဲတစ္ဆေ မြင်တွေ့လိုက်သည့်အလား ပြုမူနေသည်။

ဓားအလင်းတန်းသည် မဏ္ဍိုင်ကြီးတစ်ခုကဲ့သို့ ကောင်းကင်ယံသို့ ထိုးတက်သွားလေသည်။ မွန်းစတားနှိမ်နင်းရေးဂိုဏ်းအတွင်း မွန်းစတားနှိမ်နင်းရေးဓားကို မြင်တွေ့ဖူးသူ သိပ်မရှိပေ။ သို့သော် သူသည် ဂိုဏ်း၏ ခေါင်းဆောင် အကြီးအကဲတစ်ဦး ဖြစ်သည့်အတွက် လျှို့ဝှက်ချက်အားလုံးကို အသေးစိတ် မသိရှိသော်လည်း လုံးဝဥဿုံ နားမလည်သူ မဟုတ်ပေ။

အထူးသဖြင့် သေရေးရှင်ရေး အရေးကြုံလာချိန်တွင် ထိုသို့သော နတ်လက်နက်မျိုးတည်ရှိနေခြင်းကို ၎င်းတို့ သိထားကြသည်။ ယွင်ထျန်းသည် မွန်းစတားနှိမ်နင်းရေးဓားကို အသက်သွင်း၍ ၎င်း၏ ဖြစ်တည်မှုကို လူသိရှင်ကြား ထုတ်ဖော်လိုခဲ့သည်။ သို့သော် ဓားသည် နှစ်ပေါင်းများစွာကြာအောင် ငြိမ်သက်နေသောကြောင့် မွန်းစတားနှိမ်နင်းရေးဓား အမှန်တကယ် နိုးထလာခြင်းကို ၎င်းတို့ တစ်ခါမျှ မမြင်ဖူးကြပေ။ ပြီးနောက် ကောင်းကင်ယံသို့ ထိုးတက်သွားသော ကြောက်မက်ဖွယ် ဓားအလင်းတန်းသည် တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုကို ခံလိုက်ရသကဲ့သို့ တဖြည်းဖြည်း အားပျော့သွားကြောင်း လူတိုင်း ခံစားလိုက်ရသည်။

“လူငယ်ခေါင်းဆောင်က မွန်းစတားနှိမ်နင်းရေးဓားကို အသက်သွင်းနိုင်သွားပြီလား" အခြားတစ်ဦးက ဝမ်းသာအားရ ပြောလိုက်သည်။

မွန်းစတားနှိမ်နင်းရေးဓား၏ စွမ်းပကားသည် ဤဖြစ်စဉ်ဖြင့်ပင် ထင်ရှားလှသည်။ ၎င်းသည် အမှန်တကယ်ပင် အံ့မခန်း ထူးကဲပေသည်။ ဓားချက် တစ်ချက်တည်းဖြင့် မည်သည့် မွန်းစတားဘုရင်မဆို သုတ်သင်ခံရမည် ဖြစ်သည့်အပြင် ဓားတစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် မွန်းစတားပေါင်း ထောင်သောင်းချီ၍ သေကျေပျက်စီးသွားနိုင်သည်။ ၎င်း၏ စွမ်းအင်သည် သဘာဝအတိုင်း ကြီးမြတ်လွန်းလှသည်။ ခေတ္တမျှ ကြာမြင့်ပြီးနောက် ဓားအလင်းတန်းများ ပျောက်ကွယ်သွားကာ ဂိုဏ်း၏ ကျောက်တိုင်အောက်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် လူငယ်ခေါင်းဆောင် ယွင်ထျန်း မဟုတ်ဘဲ ရှေးဟောင်းဓားတစ်လက် ကိုင်ဆောင်ထားသော ချူးယွင်ဖန်းဖြစ်နေကြောင်း အားလုံး မြင်တွေ့လိုက်ရသည်။

ဤဖြစ်စဉ်သည် လူအများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသော်လည်း ယွင်ထျန်းက ချူးယွင်ဖန်းအနောက်မှ လိုက်ပါလာကြောင်း မြင်လိုက်ရသောအခါ အားလုံး စိတ်အေးသွားကြသည်။ ၎င်းတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပေ။ ဤသည်မှာ ယွင်ထျန်း​၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ကြောင်း ၎င်းတို့ နားလည်လိုက်ကြသည်။ ချူးယွင်ဖန်းသည် ကမ္ဘာ့နံပါတ်တစ် ကျွမ်းကျင်သူဖြစ်သည့်အတွက် ဒဏ်ရာရရှိနေသော ယွင်ထျန်းထက် ဤဓားကို ကိုင်ဆောင်ရန် ပို၍ သင့်တော်ပေသည်။

အခန်း (၁၅၄၂) ဓားစမ်းသပ်မှု၊ အတိုင်းအဆမဲ့စွမ်းအင်

ချူးယွင်ဖန်းသည် မွန်းစတားနှိမ်နင်းရေးဓားကို လက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ဓားအတွင်း၌ ကြောက်မက်ဖွယ် စွမ်းအင်များ ဆူပွက်နေသော်လည်း ချူးယွင်ဖန်းသည် ထိုစွမ်းအင်ကို အတင်းအကျပ် ဖိနှိပ်ထားသည်။

‘ဒီဓားက သာမန်လက်နက်တစ်ခု မဟုတ်ဘူးပဲ’ ချူးယွင်ဖန်းသည် လေးနက်သော အမူအရာဖြင့် ထိုသို့တွေးနေသည်။

သူသည် မွန်းစတားနှိမ်နင်းရေးဓားကို အသက်သွင်းခဲ့ပြီဖြစ်သောကြောင့် ဓားအတွင်းရှိ ချိပ်ပိတ်မှုကို ချိုးဖျက်နိုင်ပြီဟု ထင်မှတ်ခဲ့သော်လည်း ဓားကို စင်ကြယ်ရန် ကြိုးပမ်းပြီးနောက် ပထမအဆင့် ချိပ်ပိတ်မှုကိုသာ ဖွင့်နိုင်ခဲ့ကြောင်း သိရှိလိုက်ရသည်။ သူ့တွင် ဓားကို စင်ကြယ်နိုင်သည့် နည်းလမ်းရှိသော်လည်း သူ​၏ လက်ရှိအင်အားအရ ဓားအတွင်းရှိ ချိပ်ပိတ်မှုများအနက် ပထမဆုံးအလွှာကိုသာ ဖယ်ရှားနိုင်ခဲ့သည်။

ပထမအဆင့် ချိပ်ပိတ်မှုကိုသာ ဖယ်ရှားနိုင်သေးသော်လည်း မွန်းစတားနှိမ်နင်းရေးဓား၏ အစွမ်သည် အထွတ်အထိပ် ဝိညာဉ်လက်နက်အဆင့်သို့ ရောက်ရှိနေသည်။ ရွှေအမတေပုံစံအဆင့်ကို ကျော်လွန်သွားသော ရွှေအမတေအဆင့်ကျင့်ကြံသူများပင် အဆင့်မြင့် ဝိညာဉ်လက်နက်ကိုသာ ပိုင်ဆိုင်နိုင်ကြသည်။ သို့သော် ထိုသို့သော လက်နက်မျိုးသည် ရွှေအမတေအဆင့် ကျင့်ကြံသူတိုင်းတွင် ရှိနေခြင်းမဟုတ်ပေ။ အထွတ်အထိပ် ဝိညာဉ်လက်နက်များသည် ရွှေအမတေအဆင့်ကို ကျော်လွန်သွားသူများသာ ပိုင်ဆိုင်နိုင်သည့်လက်နက်မျိုးဖြစ်သည်။ ထို့ကြောင့် ဤမွန်းစတားနှိမ်နင်းရေးဓား မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းသည်ကို ခန့်မှန်းကြည့်နိုင်သည်။

“ပထမအလွှာ ချိပ်ပိတ်မှုကိုပဲ ဖယ်နိုင်ခဲ့တာတောင် ဓားက အထွတ်အထိပ် ဝိညာဉ်လက်နက်တစ်ခုရဲ့ စွမ်းအင်မျိုးရှိနေပြီပဲ" ချူးယွင်ဖန်းက သက်ပြင်းချလျက် ဆိုလိုက်သည်။

ဤမွန်းစတားနှိမ်နင်းရေးဓားရှိ ချိပ်ပိတ်မှုသည် တစ်ခုတည်းရှိနေခြင်း မဟုတ်ပေ။ အကယ်၍ ချိပ်ပိတ်မှုအားလုံးကိုသာ အပြည့်အဝ ဖယ်ရှားနိုင်ခဲ့ပါက ဤဓား၏စွမ်းအင်သည် ထိတ်လန့်ဖွယ်အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် ယွင်ထျန်း ပြောခဲ့သည်နှင့် မတူဘဲ ဓားသည် ဤကမ္ဘာတွင် ဖန်တီးထားခြင်း မဟုတ်ကြောင်း သူ သေချာပေါက်သွားသည်။

အကြောင်းမှာ မွန်းစတားနှိမ်နင်းရေးဓား၏ စွမ်းအင်သည် ဤကမ္ဘာ​၏ လက်နက် ဖန်တီးနိုင်စွမ်း အကန့်အသတ်ထက် ကျော်လွန်နေသောကြောင့်ဖြစ်သည်။ ဒေသတစ်ခု၏ သိုင်းပညာအဆင့်၊ ဆေးဖော်စပ်မှုအဆင့်နှင့် လက်နက်ဖန်တီးမှုအဆင့်တို့သည် အမြဲတစေ ဆက်စပ်နေလေ့ရှိရာ၊ လက်ရှိအဆင့်ထက် ဤမျှသာလွန်သော လက်နက်တစ်ခုကို ဖန်တီးရန် မဖြစ်နိုင်ပေ။ သို့သော် ချူးယွင်ဖန်းသည် ထိုအကြောင်းအရာများကို ယခုအချိန်တွင် အရေးမစိုက်အားပေ။ သူသည် မွန်းစတားနှိမ်နင်းရေးဓားကို ကောင်းကင်သို့ မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။

ဘုံး

ပေတစ်သောင်းကျော် ရှည်လျား၍ ကျယ်ပြန့်သော ဓားအလင်းရောင်သည် အဆုံးမရှိသော မွန်းစတားတပ်ကြီးဆီသို့ ပြိုဆင်းသွားကာ အရာအားလုံးကို ကြိတ်ခြေပစ်လိုက်သည်။ မြေပြင်တွင် ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွား၍ အက်ကွဲကြောင်းကြီးသည် မွန်းစတားတပ်ကြီးဆီ ဦးတည်သွားလေသည်။ ဓားအလင်းတန်း ဖြတ်သန်းသွားသည့် လမ်းကြောင်းပေါ်ရှိ မွန်းစတားများအားလုံး အစအနမကျန် ပျက်သုဉ်းသွားကြသည်။ ထိုတစ်ချက်တည်းဖြင့် မွန်းစတားပေါင်း သောင်းနှင့်ချီ၍ သေကျေပျက်စီးသွားကာ ကျယ်ပြောသော နေရာလွတ်ကြီးတစ်ခု ဖြစ်ပေါ်သွားလေသည်။

ဤဓားချက်၏ တုန်လှုပ်ဖွယ်စွမ်းအားကြောင့် မွန်းစတားနှိမ်နင်းရေးဂိုဏ်းတစ်ခုလုံး တုန်ခါသွားရသည်။ အားလုံးသည် ထိုမြင်ကွင်းကြောင့် မှင်သက်နေကြ၍ အံ့ဖွယ်နိမိတ်တစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားနေရသည်။ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသော ယွင်ထျန်းပင် ဤမြင်ကွင်းကြောင့် အလွန်ဆွံ့အသွားသည်။ သူသည် ထိုမြင်ကွင်းကို ကြည့်လျက် ဆဲရေးတိုင်းထွာမိသွားသည်။ မွန်းစတားနှိမ်နင်းရေးဓားသည် အလွန်အစွမ်းထက်ကြောင်း သိထားသော်လည်း ဤမျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ၎င်းသည် တစ်ချက်တည်းဖြင့် သောင်းနှင့်ချီသော မွန်းစတားများကို ချက်ချင်း သုတ်သင်ပစ်နိုင်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်ဖြစ်ပါစေ နတ်အဆင့်ဖြစ်ပါစေ ၎င်းတို့အားလုံး သေကျေပျက်စီးကုန်ကြသည်။

ထိုနေရာရှိ လူတိုင်း အံ့အားသင့်သွားကြသည်။ ချူးယွင်ဖန်း၏ ဓားချက်သည် ၎င်းတို့ကို မျှော်လင့်ချက်များ ရရှိလာစေသည်။ အစောပိုင်းတွင် ပျောက်ဆုံးသွားသော မျှော်လင့်ချက်များသည် ယခုအခါ ပြန်လည်နိုးထလာသည်။ တစ်ဖက်တွင် မရေတွက်နိုင်သော မွန်းစတားများကြားတွင် ပုန်းအောင်းနေသည့် ရွှေအမတေပုံစံအဆင့် မွန်းစတားဘုရင်များ အသည်းထိတ်မတတ် ကြောက်လန့်သွားကြသည်။

အကယ်၍ ထိုဓားချက်သာ ၎င်းတို့ကို ထိမှန်သွားပါက ၎င်းတို့၏ အဆုံးသတ်သည် ကောင်းမွန်မည်မဟုတ်ပေ။ ဤမွန်းစတားဘုရင်များသည် ရှေးဟောင်းပုံပြင်များတွင်ပါရှိသော မွန်းစတားနှိမ်နင်းရေးဓားနှင့်ပတ်သက်သည့် မှတ်တမ်းများကို သတိရသွားကြသည်။ ထိုပြင်းထန်သော ဖျက်ဆီးနိုင်စွမ်းသည် မွန်းစတားများကို နှိမ်နင်းရာတွင် အဓိကကျသော စွမ်းအင်ဖြစ်သည်။ ထိုမှတ်တမ်းများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့ခြင်းဖြစ်၍ ယခုအခါ ၎င်းတို့သည် ထိုအစွမ်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နေရသည်။ ဤဖြစ်စဉ်အရ ရှေးဟောင်းမှတ်တမ်းများသည် အကြောင်းမဲ့ ရေးသားထားခြင်း မဟုတ်ဘဲ အမှန်တရားများဖြစ်ကြောင်း သက်သေပြနေသည်။

“အခုမှ ထွက်ပြေးချင်နေတာလား၊ နောက်ကျသွားပြီ ထင်တယ်”

ချူးယွင်ဖန်းသည် အေးစက်စွာ လှောင်ရယ်ပြီးနောက် ဓားကို တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ခုတ်ချလိုက်သည်။ ဓားအလင်းတန်းများသည် တောင်တန်းကြီးများ ပြိုကျနေသကဲ့သို့ မွန်းစတားတပ်ကြီးဆီ ကျရောက်သွားကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ မရေတွက်နိုင်သော မွန်းစတားများ ပေါက်ကွဲကုန်ကြသည်။ ၎င်းအနက် မွန်းစတားဘုရင် ၁၀ ဦးထက်မနည်း ဓားအလင်းတန်းဖြင့် ထိမှန်သွားလေသည်။ ၎င်းတို့သည် စဉ်းစားချိန်ပင်မရလိုက်ဘဲ ထိုနေရာတွင် သေဆုံးသွားကြသည်။

ဤရွှေအမတေပုံစံအဆင့် မွန်းစတားများပင် ချူးယွင်ဖန်း၏ ဓားချက်အောက်တွင် သာမန်မွန်းစတားများကဲ့သို့ ပျက်စီးသွားရသည်။ ၎င်းတို့ကို ဦးဆောင်မည့် မွန်းစတားဘုရင်များ မရှိတော့သဖြင့် ဂိုဏ်းကို ဝိုင်းရံထားသော မွန်းစတားများအားလုံး အလျင်အမြန် ဆုတ်ခွာသွားကြသည်။ ကောင်းကင်တွင် ပျံသန်းနေသော ပုံရိပ်သည် ၎င်းတို့ကို လွှမ်းမိုးနိုင်သည့် ကြောက်မက်ဖွယ် စွမ်းအင်များရှိနေသည်။

“သိပ်အံ့ဩဖို့ကောင်းတာပဲ၊ သခင်လေးချူး” ယွင်ထျန်းက ဆိုလိုက်သည်။ ပြီးနောက် ချူးယွင်ဖန်း၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့လာကြောင်း သတိပြုမိသွားသည့်အတွက် အလျင်အမြန် မေးမြန်းလိုက်သည်။

“သခင်လေးချူး၊ အဆင်ပြေရဲ့လား"

“ကျုပ် အဆင်ပြေပါတယ်၊ နတ်စွမ်းအင် အသုံးများသွားလို့ပါ" ချူးယွင်ဖန်းက ခေါင်းခါ၍ ပြန်ပြောလိုက်သည်။

ချူးယွင်ဖန်းသည် ထိုအချိန်မှသာ အသက်ဝဝ ရှူနိုင်လေသည်။ ဆယ်ကြိမ်ထက်မနည်းသော ဓားချက်များသည် သူ၏ စွမ်းအင်များကို ကုန်ခမ်းသွားစေသည်။ မွန်းစတားနှိမ်နင်းရေးဓား၏ အစွမ်းသည် ခမ်းနားလှသော်လည်း အသုံးပြုသူအပေါ်ရှိ ဝန်ထုပ်ဝန်ပိုးသည် အလွန်ကြီးမားပေသည်။ ဤသည်မှာ နည်းပညာသုံး တိုက်ခိုက်ရေးလက်နက်များနှင့် ကွာခြားချက်ဖြစ်သည်။ နည်းပညာသုံးလက်နက်များသည် အသုံးပြုသူ၏ အင်အားအပေါ် မူတည်ခြင်းမရှိပေ။ အကယ်၍ နျူကလီးယားဗုံး အသုံးပြုမည်ဆိုပါက အကျိုးသက်ရောက်မှုသည် ယခုထက် ပိုမိုကောင်းမွန်မည်ဖြစ်၍ အသုံးပြုသူ၏ စွမ်းအင်သည်လည်း ကုန်ခမ်းလိမ့်မည် မဟုတ်ပေ။

ချူးယွင်ဖန်းသည် ချက်ချင်း သဘောပေါက်လိုက်သည်။ စွမ်းအင်ကုန်ဆုံးမှုသည် အလွန်များပြားလွန်းသဖြင့် မွန်းစတားနှိမ်နင်းရေးဓားသည် သာမန်မွန်းစတားများကို ရှင်းလင်းရန်အတွက် မသင့်တော်ပေ။ သူ၏ ကျင့်ကြံမှုအဆင့်များ ထပ်မံမြင့်တက်သွားမှသာ ထိုသို့အသုံးပြုရန် ဖြစ်နိုင်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူသည် မွန်းစတားနှိမ်နင်းရေးဓား၏ အစွမ်းကို အလွန်ကျေနပ်မိသည်။ ဤဓားဖြင့်ဆိုလျှင် ရွှေအမတေပုံစံအဆင့် မွန်းစတားဘုရင်တစ်ပါးကို သတ်ဖြတ်ခြင်းသည် ကစားပွဲတစ်ခု ကစားရသကဲ့သို့ လွယ်ကူပေလိမ့်မည်။ ရွှေအမတေပုံစံအဆင့်သာမကဘဲ ရွှေအမတေအဆင့် ကျင့်ကြံသူပင် ဤဓားချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ယွင်ထျန်းသည် ချူးယွင်ဖန်းကို အံ့အားသင့်စွာ ကြည့်နေမိသည်။ မွန်းစတားနှိမ်နင်းရေးဓား၏ စွမ်းအင် သုံးစွဲမှုနှုန်းကို သူ ကောင်းကောင်းသိသည်။ အကယ်၍ ထိုနေရာတွင် မိမိဖြစ်ပါက ဓားတစ်ချက်ခုတ်ရုံဖြင့် စွမ်းအင်အားလုံး ကုန်ခမ်းသွားပေလိမ့်မည်။ သူ၏ အသက်ဓာတ်များကို စတေး၍ စွမ်းအင်အဖြစ် ပြောင်းလဲအသုံးပြုမှသာ ဤဓား​၏ စွမ်းအင်အစစ်အမှန်ကို အသုံးပြုနိုင်မည်ဖြစ်သည်။ သူသည် ရွှေအမတေပုံစံအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ရွှေအမတေပုံစံအဆင့်သို့ မရောက်သေးသော်လည်း ဓားအလင်းတန်း ဆယ်ချက်ကျော်မျှကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်နိုင်ခဲ့သည်။ ဆိုလိုသည်မှာ ချူးယွင်ဖန်း၏ စွမ်းအင်ပမာဏသည် သူ့ထက် အနည်းဆုံးလျှင် ဆယ်ဆမက ပိုမိုအားကောင်းနေသည်။

‘သူက တကယ့်ကို မွန်းစတားတစ်ကောင်လိုပဲ’ ယွင်ထျန်း သက်ပြင်းချလိုက်မိသည်။

မွန်းစတားဟူသည် မွန်းစတားတစ်ကောင်သာဖြစ်သည်။ ၎င်းတို့သည် သာမန်လူများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ခဏအကြာတွင် ချူးယွင်ဖန်း၏ မျက်နှာသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ရုတ်တရက်ဆိုသလိုပင် မွန်းစတားနှိမ်နင်းရေးဂိုဏ်း​၏ အတွင်းပိုင်းမှ လူတစ်ဦးသည် ချူးယွင်ဖန်းနှင့် ယွင်ထျန်းတို့ရှိရာသို့ ပျံသန်းလာ၍ အော်ပြောလိုက်သည်။

“လူငယ်ခေါင်းဆောင်နဲ့ သခင်လေးချူး၊ ကျင်ကျန်းဟန်က သန်းနဲ့ချီတဲ့ စစ်သည်တွေ ခေါ်လာပြီး တောင်ဘက်ကို စစ်ချီနေပါပြီ၊ အခု သူတို့တွေ မြောက်ဘက် ကာကွယ်ရေးမျဉ်းကို ထိုးဖောက်ပြီးသွားပါပြီ”

All Chapters