အခန်း (၁၅၄၃-၁၅၄၅)
Vol. 103 Ch. 1543-1545
အခန်း (၁၅၄၃) တော်ဝင်မြို့တော်၊ အဆုံးမဲ့သွေးပင်လယ်နှင့် မီးတောက်များ
ထိုသို့ကြားလိုက်ရသည့်အခါ ချူးယွင်ဖန်းနှင့် ယွင်ထျန်းတို့၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြသည်။ ကျင်ကျန်းဟန်သည် အခြေအနေကို အခွင့်ကောင်းယူကာ အမြတ်ထုတ်နေခြင်းဖြစ်သည်။ ယခုအခါ ကြီးမြတ်သော ဝေ့တိုင်းပြည်၏ စစ်အင်အားအများစုသည် အနောက်ဘက်နယ်စပ် ကာကွယ်ရေးလိုင်းတွင် စုပြုံရောက်ရှိနေကြသည်။ မြောက်ဘက် ကာကွယ်ရေးလိုင်းတွင်မူ စစ်သည်အနည်းငယ်သာ ကျန်ရစ်တော့သည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင်မဆိုနှင့် ပုံမှန်အခြေအနေ၌ပင် ကျင်ကျန်းဟန်၏ ၁၀ သန်းဝန်းကျင်ရှိသော စစ်တပ်ကြီး တောင်ဘက်သို့ ချီတက်လာခြင်းသည် ကြီးမြတ်သော ဝေ့တိုင်းပြည်အတွက် ကပ်ဘေးတစ်ခုဖြစ်နိုင်သည်။
"ကျွတ်... ဒီကျင်ကျန်းဟန် အရိုင်းအစိုင်းတွေတော့"
ယွင်ထျန်းသည် အလွန်တုန်လှုပ်၍ ဒေါသထွက်နေမိသည်။ မွန်းစတားနှိမ်နင်းရေးဂိုဏ်းသည် ကြီးမြတ်သော ဝေ့တိုင်းပြည်နှင့် တသီးတခြားတည်း လွတ်လပ်စွာရှိသော်လည်း အကယ်၍ ကြီးမြတ်သော ဝေ့တိုင်းပြည် ပျက်သုဉ်းသွားပါက ၎င်းတို့ဂိုဏ်းသည်လည်း မွန်းစတားအုပ်စု၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်မည်မဟုတ်ပေ။ ၎င်းသည် ဘေးဒုက္ခကြီးတစ်ခုသာဖြစ်ပေသည်။ ထို့အပြင် ကျင်ကျန်းဟန်ရှိ အဓိကဂိုဏ်းကြီးများသည်လည်း မွန်းစတားနှိမ်နင်းရေးဂိုဏ်း၏ ပျက်စီးမှုကို အလိုရှိနေကြသည်။ ထို့ကြောင့် မွန်းစတားနှိမ်နင်းရေးဂိုဏ်းသည် ကြီးမြတ်သော ဝေ့တိုင်းပြည်ကို လျစ်လျူရှုထားနိုင်သည်ဟု ထင်ရသော်လည်း ၎င်းတို့သည် လက်တွေ့တွင် အတူတကွ ရှင်သန်ရမည့် ဆက်ဆံရေးမျိုးဖြစ်သည်။
"ခန်းဘုရင်က သေတွင်းထဲ ခြေစုံပစ်ဝင်နေတာပဲ" ချူးယွင်ဖန်းသည် သတ်ဖြတ်ချင်စိတ်များဖြင့် အေးစက်စွာ ပြောလိုက်သည်။
သူသည် မွန်းစတားကျူးကျော်မှုကို ဦးစွာဖြေရှင်းပြီးနောက် ကြီးမြတ်သော ဝေ့တိုင်းပြည်၏အရေးကို စဉ်းစားရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ထိုသို့ပြုလုပ်ရန် မရတော့ပေ။
"သူ ဒီလောက် သေချင်နေမှတော့ သူ့ကို အရင်သတ်ပေးရတာပေါ့" ချူးယွင်ဖန်း၏ အမူအရာသည် ထိုသို့ပြောနေစဉ် တည်ငြိမ်အေးစက်လာသည်။
"ယွင်ထျန်း၊ ခင်ဗျား ဒီကမွန်းစတားတွေကို ခဏလောက် စောင့်ကြည့်ပေးထားပါ။ တစ်ခုခု ထူးခြားတာနဲ့ ကျုပ်ကို ချက်ချင်း အကြောင်းကြားလိုက်။ ကျုပ် အခု ခန်းဘုရင်ကို အရင်သွားရှင်းလိုက်ဦးမယ်၊ ပြီးမှ ဒီမွန်းစတားတွေကို ရှင်းကြတာပေါ့"
"ကောင်းပါပြီ" ယွင်ထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"စိတ်ချပါ၊ ဒီကိစ္စတွေကို ကျုပ်တာဝန်ထားလိုက်ပါ"
မွန်းစတားစစ်တပ်ကြီးသည် မကြာသေးမီက ဆုတ်ခွာသွားသည့်အတွက် ချက်ချင်း ပြန်ရောက်လာဦးမည် မဟုတ်ချေ။ ထိုကြောင့် ၎င်းတို့သည် လတ်တလော ခေတ္တအနားယူနိုင်သေးသည်။ ချူးယွင်ဖန်း၏ အံ့မခန်းအစွမ်းကို မြင်တွေ့ထားပြီဖြစ်သဖြင့် ခန်းဘုရင်ကို သတ်ဖြတ်နိုင်ခြင်းနှင့်ပတ်သက်၍ ယွင်ထျန်း အနည်းငယ်မျှ သံသယမရှိပေ။ ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားနှင့် မွန်းစတားနှိမ်နင်းရေးဓား၏ အစွမ်းတို့ ပေါင်းစပ်လိုက်ပါက မည်သူမျှ ယှဉ်နိုင်ကြမည်မဟုတ်ပေ။
"ခင်ဗျားတို့ဂိုဏ်းရဲ့ တယ်လီပို့ဖွဲ့စည်းပုံကို သုံးပါရစေ" ချူးယွင်ဖန်းက ပြောလိုက်သည်။
"ရပါတယ်၊ ဒါပေမယ့် ကျင်ကျန်းဟန် စစ်တပ်က တောင်ဘက်ကို ဆင်းလာပြီဆိုတော့ မြို့တော်တစ်ဝိုက်က နေရာတွေကို ပိတ်ဆို့ထားပြီးလောက်ပြီ။ အဲဒီကို တိုက်ရိုက်တယ်လီပို့လုပ်လို့ ရမှာမဟုတ်ဘူး" ယွင်ထျန်းက ရှင်းပြလိုက်သည်။
"ခင်ဗျားကို အနီးဆုံး မြို့တစ်မြို့ဆီပဲ ပို့ပေးလို့ရလိမ့်မယ်"
"ရပါတယ်" ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ တော်ဝင်မြို့တော်မှ စစ်ကူများ မရောက်နိုင်စေရန် ဟင်းလင်းပြင်ကို ပိတ်ဆို့ခြင်းသည် သာမန်စစ်ဗျူဟာတစ်ခုသာဖြစ်သည်။ ထိုသို့ မပိတ်ဆို့ထားပါက ကျင်ကျန်းဟန်သည် တော်ဝင်မြို့တော်၏ ခိုင်မာသော ကာကွယ်ရေးနှင့် စစ်ကူများကြောင့် တော်ဝင်မြို့တော်ကို အလွယ်တကူ သိမ်းပိုက်နိုင်မည်မဟုတ်ပေ။
ချူးယွင်ဖန်းနှင့် ယွင်ထျန်းတို့သည် မွန်းစတားနှိမ်နင်းရေးဂိုဏ်း၏ အနက်ရှိုင်းဆုံးနေရာရှိ တယ်လီပို့ ဖွဲ့စည်းပုံများဆီ ပျံသန်းသွားကြသည်။ ၎င်းတို့သည် အရေးပေါ်အခြေအနေများတွင် အသုံးပြုရန် ဝေ့တိုင်းပြည်၏ ဒေသများနှင့် ချိတ်ဆက်ထားသည့် ဖွဲ့စည်းပုံများဖြစ်သည်။ ချူးယွင်ဖန်းသည် တယ်လီပို့ ဖွဲ့စည်းပုံထဲသို့ ဝင် ရောက်ပြီးနောက် ခဏအတွင်း ပျောက်ကွယ်သွားလေသည်။
"သခင်လေးချူးရဲ့ ခရီးစဉ် ချောမွေ့ပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်" ယွင်ထျန်းက သက်ပြင်းချပြီးနောက် ဂိုဏ်း၏အကြီးအကဲများကို ပြောလိုက်သည်။
"အားလုံးပဲ၊ မွန်းစတားတွေ တပ်ဆုတ်သွားပြီဆိုပေမယ့် ပေါ့ပေါ့ဆဆတော့ မနေကြပါနဲ့။ သူတို့ ရုတ်တရက် ပြန်ရောက်လာရင် နောင်တရဖို့အချိန်တောင် ရှိမှာမဟုတ်ဘူး။ ကာကွယ်ရေးလိုင်းကို ဆက်ပြီး ကြိုးစားကာကွယ်ပေးကြပါ။ ကျုပ်တို့တွေက အနောက်ဘက်နယ်စပ်ရဲ့ တစ်ခုတည်းသော ခိုလှုံရာပဲ။ ပြီးတော့ တယ်လီပို့ ဖွဲ့စည်းပုံတွေ ဖွင့်ပြီး ဒီနေရာက အရပ်သားတွေကို အရှေ့ဘက်ခြမ်းကို ပို့ပေးလိုက်ပါ။ အဲဒီနေရာပဲ အခုချိန် အန္တရာယ်ကင်းနိုင်လိမ့်မယ်"
၎င်းတို့သည် ပြည်သူများကို ကနဦးကတည်း ပို့ဆောင်ပေးခဲ့သင့်သော်လည်း မွန်းစတားစစ်တပ်သည် ဟင်းလင်းပြင်ကို ပိတ်ဆို့ထားခဲ့သဖြင့် မည်သူမျှ ထွက်ခွာ၍ မရခဲ့ကြချေ။ မွန်းစတားအများစုသည် ဖွဲ့စည်းပုံအတတ်ပညာတွင် နက်နက်ရှိုင်းရှိုင်း ကျွမ်းကျင်ကြသူများဖြစ်ကြရာ၊ ဂိုဏ်းအနီးတစ်ဝိုက်ရှိ ဟင်းလင်းပြင်တစ်ခုလုံး ပိတ်ဆို့ခံထားရသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် သိန်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ မထွက်ခွာနိုင်ကြပေ။
"ဟုတ်ကဲ့ပါ လူငယ်ခေါင်းဆောင်" အကြီးအကဲများအားလုံးက ခေါင်းညိတ်လိုက်ကြသည်။
ဂိုဏ်းခေါင်းဆောင် ပြင်းထန်စွာ ဒဏ်ရာရနေသဖြင့် ယွင်ထျန်းသည် ဂိုဏ်းတွင် အမြင့်ဆုံး အမိန့်ပေးပိုင်ခွင့်ရှိသူဖြစ်လာသည်။ သူ နှစ်ရှည်လများစွာ တည်ဆောက်ခဲ့သော ဂုဏ်သတင်းသည် ယခုအခါ များစွာ အထောက်အကူဖြစ်လာသည်။ တစ်ဖက်တွင် ချူးယွင်ဖန်းသည် ဟင်းလင်းပြင်အတွင်း ရုန်းကန်အားတစ်ခုကို ခံစားလိုက်ရပြီးနောက် မပိတ်ဆို့ခံရသေးသည့် မြို့တစ်မြို့၏ ကောင်းကင်ယံတွင် ပေါ်ပေါက်လာသည်။ ထိုမြို့သည်လည်း ပရမ်းပတာအခြေအနေသို့ ရောက်ရှိနေသည်။ အနောက်ဘက်မှ မွန်းစတားများ တိုက်ခိုက်နေ၍ မြောက်ဘက်မှ ကျင်ကျန်းဟန် စစ်တပ်တို့သည် တောင်ဘက်သို့ ချီတက်နေကြသည်။ အလွန်နီးကပ်နေသည့်အတွက် မြို့တော်ကျဆုံးပါက ၎င်းတို့သည်လည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဤမြို့တော်သည် ပထမဆုံး အခိုက်အတန့်၌ပင် တိုက်စားချေမှုန်းခံရမည်ဖြစ်သည်။ တော်ဝင်မြို့တော်သည် ယခုအခြေအနေတွင် ကာကွယ်တိုက်ခိုက်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားကြပေ။ တော်ဝင်မြို့တော် ကျဆုံးရန် အချိန်ပိုင်းသာလိုတော့သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် မြို့အတွင်းရှိ လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြသည်။ မရေတွက်နိုင်သော လူများသည် အသက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို ဘေးလွတ်ရာသို့ ထွက်ပြေးရန် ကူညီပေးနေကြသည်။ တိုင်းပြည်တစ်ခုလုံးသည် ပျက်သုဉ်းတော့မည့် အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသည်။ တိုင်းပြည်အပေါ် ယုံကြည်မှုအရှိဆုံးလုများပင် ယခုအချိန်တွင် ယုံကြည်မှုကင်းမဲ့နေကြသည်။
သောင်းကျန်းနေသော မွန်းစတားများနှင့် အင်ပါယာ၏ ရန်သူတော်ဖြစ်သော ကျင်ကျန်းဟန်တို့သည် မည်သူမျှ မယှဉ်နိုင်အောင် အင်အားကြီးမားလှသည်။ ယခုအခါ ထိုနှစ်ဖက်စလုံး ပူးပေါင်းသွားကြပြီဖြစ်ရာ အင်ပါယာသည် နောက်ဆုံးနေ့ရက်များသို့ ဆိုက်ရောက်နေသည်။ ချူးယွင်ဖန်းသည် အရာအားလုံးကို မြင်တွေ့နေရသော်လည်း ထိုအကြောင်းများကို တွေးတောနေရန် အချိန်မရှိပေ။ သူသည် အလင်းတန်းကို စီးနင်းလျက် တော်ဝင်မြို့တော်ဆီ ဦးတည်သွားလေသည်။ ခဏအတွင်းမှာပင် သူသည် တော်ဝင်မြို့တော်၏ ဆင်ခြေဖုံးသို့ ရောက်ရှိလာသည်။ အဆုံးမရှိသော မြင်းစီးစစ်သည်တော်များသည် ပုရွက်ဆိတ်အုံများကဲ့သို့ မြို့တော်ကို ဝိုင်းရံထားကြသည်။
ထိုစစ်သည်တော် အရေအတွက်သည် သောင်းဂဏန်း၊ သန်းဂဏန်းပင် မကဘဲ သန်းနှင့်ချီ၍ရှိနေကြသည်။ ကျင်ကျန်းဟန်အတွက် လူတိုင်းသည် စစ်သည်တော်များဖြစ်ကြ၍ သာမန်အရပ်သားဟူ၍ မရှိပေ။ သာမန်တိရစ္ဆာန်ထိန်း ကျောင်းသူတစ်ဦးပင် မြင်းစီးခြင်းနှင့် မြှားပစ်ခြင်းအတတ်ပညာ၌ ကျွမ်းကျင်သူများဖြစ်ကြသည်။ မြို့တော်ပတ်ပတ်လည်ရှိ မြို့ငယ်လေးများသည် သိမ်းပိုက်ခံခဲ့ရပြီဖြစ်သည်။ မရေတွက်နိုင်သော ရွာပေါင်းများစွာသည် သွေးချောင်းစီးခြင်းနှင့် မီးဟုန်းဟုန်းတောက်ခြင်း ဘေးဒဏ်များကို ခံစားနေရကာ သန်းနှင့်ချီသော မြင်းစီးစစ်သည်များက ဖျက်ဆီးသောင်းကျန်းနေကြသည်။ မွန်းစတားများ၏ ဖျက်ဆီးမှုကို ခံစားခဲ့ရသည့် အနောက်ဘက် နယ်စပ်ဒေသနှင့် နှိုင်းယှဉ်လျှင် မြို့တော်ပတ်ဝန်းကျင်၏ အခြေအနေသည်လည်း ထူးမခြားနားစွာ ဆိုးဝါးလှပေသည်။
မရေတွက်နိုင်သော လူများစွာသည် သွေးအိုင်ထဲတွင် လဲကျသေဆုံးနေသည်။ ၎င်းတို့အားလုံး မည်မျှပင် ခုခံကာကွယ်ပါစေ သန်းနှင့်ချီသော မြင်းစီးစစ်သည်တော်များ၏ ရှေ့မှောက်တွင် အရာမထင်ခဲ့ပေ။ အမျိုးသားများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ သတ်ဖြတ်ခံခဲ့ရ၍ အမျိုးသမီးများသည် အတင်းအဓမ္မ ဆွဲခေါ်ခံရကာ အချို့မှာ ထိုနေရာတွင်ပင် စော်ကားဖျက်ဆီးခံနေရသည်။
"ချီးပဲ"
ချူးယွင်ဖန်း၏ မျက်လုံးများတွင် လူသတ်လိုစိတ်နှင့် ဒေါသစိတ်များဖြင့် ဟုန်းဟုန်းတောက်နေသည်။ သို့သော် ယခုအချိန် သာမန်စစ်သည်များကို လိုက်လံတိုက်ခိုက်နေရမည့် အချိန်မဟုတ်ကြောင်း သူ သိနေသည်။ သူသည် မြို့တော်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။
"အဲဒါဘယ်သူလဲ သတ်ကြစမ်း"
မြို့တော်၏ ကာကွယ်ရေးလိုင်းထဲသို့ ဝင်လာသည်နှင့် ကျင်ကျန်းဟန်၏ မြင်းစီးစစ်သည် ထောင်ပေါင်းများစွာက သူ့ကို ဝိုင်းထားကြသည်။ ခေါင်းဆောင်သည် ခြေလှမ်းတစ်ဝက် ရွှေအမတေပုံစံအဆင့် ကျွမ်းကျင်သူဖြစ်၍ ချူးယွင်ဖန်းကို မြင်သည်နှင့် သတ်ဖြတ်ရန် အမိန့်ပေးလာသည်။ သို့သော် ရုတ်တရက်ဆိုသလိုပင် ဓားအလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် ထိုစစ်သည် ထောင်ကျော်နှင့် ၎င်းတို့၏ ခေါင်းဆောင်သည် သွေးမြူများဖြစ်သည်အထိ အပိုင်းပိုင်း ပြတ်ထွက်သွားလေသည်။
အခန်း (၁၅၄၄) စစ်မြေပြင်ကို တုန်လှုပ်စေသည့် သတ်ဖြတ်မှု
ကျင်ကျန်းဟန်၏ စစ်သည်တော်များသည် ဤမျှအလွယ်တကူ အသတ်ခံရလိမ့်မည်ဟု တစ်ခါမျှ ထင်မထားခဲ့ကြပေ။ ၎င်းတို့သည် ဝေ့တိုင်းပြည်၏ နေရာအနှံ့အပြားမှ ရောက်ရှိလာမည့် စစ်ကူများကို ပိတ်ဆို့တားဆီးရန် ကင်းလှည့်နေကြသည့် ဂုဏ်ထူးဆောင် အထူးတပ်ဖွဲ့ဝင်များဖြစ်ကြသည်။ ထောင်ပေါင်းများစွာသော သာမန်တပ်ဖွဲ့ဝင်များရှိနေလျှင်ပင် ၎င်းတို့ကို အချိန်တိုအတွင်း ထိုးဖောက်ရန် မဖြစ်နိုင်ပေ။ သို့သော် ကံဆိုးစွာဖြင့် ၎င်းတို့သည် ချူးယွင်ဖန်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။ သူသည် မွန်းစတားနှိမ်နင်းရေးဓားကို ကိုင်ဆောင်ကာ အထူးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို တစ်စစီ ပိုင်းဖြတ်ပစ်လိုက်သည်။ ပြီးနောက် အလင်းတန်းကို စီးနင်းလျှက် တော်ဝင်မြို့တော်သို့ ဦးတည်ထွက်ခွာသွားသည်။
ချူးယွင်ဖန်းသည် သူ၏လှုပ်ရှားမှုကို လုံးလုံးလျားလျား ဖုံးကွယ်ထားခြင်းမရှိဘဲ ထင်ပေါ်စွာ သွားလာနေသဖြင့် သန်းနှင့်ချီသော မြင်းစီးစစ်သည်များသည် သူ့ကို ချက်ချင်း အာရုံစိုက်လာကြသည်။ သူသည် မဆင်မခြင်ပြုမူနေပုံရသော်လည်း အခါအားလျော်စွာ ထုတ်လွှတ်လိုက်သော ဓားအလင်းရောင်များသည် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်စွမ်းရှိသည့်အလား ပြင်းထန်လှသည်။ ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ထောင်ပေါင်းများစွာသော ကျင်ကျန်းဟန် မြင်းစီးစစ်သည်များ အသက်ပျောက်သွားကြသည်။
ဤသို့ ကြီးမားသော ရုန်းရင်းဆန်ခတ် ကိစ္စများ ဖြစ်ပွားပြီးနောက် ကျင်ကျန်းဟန်စစ်တပ်အတွင်းရှိ အင်အားကြီး ကျွမ်းကျင်သူအများအပြားသည် ချူးယွင်ဖန်းရှိရာသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာကြသည်။ ကျင်ကျန်းဟန်သည် တောင်ပိုင်းသို့ စစ်သည်သန်းပေါင်းများစွာကို စေလွှတ်ထားသည်။ ၎င်းတို့၏ထက်ဝက်ခန့်သည် တော်ဝင်မြို့တော်ကို ဝိုင်းရံထားလျှင်ပင် ကျန်ရှိနေသည့် ထက်ဝက်အတွင်း မရေတွက်နိုင်သော ကျွမ်းကျင်သူများ ပါဝင်နေဆဲဖြစ်သည်။
အထူးတပ်ဖွဲ့များသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ချူးယွင်ဖန်းကို တားဆီးရန် ဝေဟင်သို့ ပျံသန်းလာကြသော်လည်း ရလဒ်အနေဖြင့် ချူးယွင်ဖန်း၏ ဓားတစ်ချက်အောက်တွင် အားလုံး အသက်ဆုံးရှုံးသွားကြသည်။ သူ၏ ဓားချက်များသည် ဝင်ရောက်တိုက်ခိုက်လာသူများကို အပိုင်းပိုင်း ဖြတ်တောက်ခဲ့သောကြောင့် မည်သူမျှ ခုခံနိုင်စွမ်းမရှိကြပေ။
"သူ့ကို သတ်ကြစမ်း"
ကျင်ကျန်းဟန်၏ တော်ဝင်စစ်တဲအတွင်းရှိ ဒေါသတကြီး အော်ဟစ်လိုက်သံသည် စစ်စခန်းတစ်ခုလုံးကို တုန်ခါသွားစေသည်။ ချက်ချင်းဆိုသလိုပင် အလွန်တရာ အစွမ်းထက်သည့် ကျွမ်းကျင်သူ အယောက်တစ်သိန်းခန့်သည် သွေးရောင်လွှမ်းသော ဒီရေလှိုင်းကြီးအလား ထကြွလာကြသည်။ ထိုသိန်းချီသော ကျွမ်းကျင်သူများသည် ဝေဟင်သို့ ပျံသန်း၍ တိုက်ခိုက်ရန် ပြင်ဆင်လာသောအခါ အခြားစစ်သည်များသည် အားကျစွာဖြင့် ရပ်တန့်ကြည့်ရှုနေကြသည်။
၎င်းတို့သည် ကျင်ကျန်းဟန်၏ အထူးချွန်ဆုံးဖြစ်သည့် သွေးလူရိုင်းများတပ်ဖွဲ့ဖြစ်သည်။ ခန်းဘုရင်င၏ စစ်သည်တော်များအနက် ၎င်းတို့သည် အထူးချွန်ဆုံးဖြစ်၍ သွေးလူရိုင်းတစ်ဦး၏ အစွမ်းသည် သာမန်စစ်သည် တစ်ရာ သို့မဟုတ် တစ်ထောင်နှင့် ညီမျှပေသည်။ ကျင်ကျန်းဟန်သည် တောင်ပိုင်းသို့ ချီတက်ရာတွင် ဝေ့တိုင်းပြည်၏ ခံစစ်ကို ဖောက်ထွင်း၍ တော်ဝင်မြို့တော်ကို ဝိုင်းရံနိုင်ခဲ့ခြင်းသည် ဤတပ်ဖွဲ့ကြောင့်ဖြစ်သည်။
"သွေးလူရိုင်းတွေ"
ချူးယွင်ဖန်းသည် သူ့အရှေ့ရှိ စစ်တပ်ကိုကြည့်ကာ လှောင်ရယ်လိုက်သည်။ ဤတပ်ဖွဲ့နှင့် ရင်ဆိုင်ရခြင်းသည် ချူးယွင်ဖန်းအတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။ ဤသည်မှာ ရေစက်ဟု သတ်မှတ်နိုင်၍ ၎င်းရေစက်သည် သတ်ဖြတ်မှုများဖြင့်သာ ပြည့်နှက်နေသည်။ သွေးလူရိုင်း အယောက်တစ်သိန်းကျော်သည် ချူးယွင်ဖန်းအရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။ ၎င်းတို့အနက် ရွှေအမတေပုံစံအဆင့် ဒါဇင်ကျော်မျှ ပါဝင်နေသည်။ ကျင်ကျန်းဟန်၏ ကျွမ်းကျင်သူအရေအတွက်သည် ဝေ့တိုင်းပြည်ထက် များစွာ သာလွန်လှသည်။
"ကျုပ်ကို တားမလို့တဲ့လား၊ တကယ် တားနိုင်မယ်ထင်နေတာလား" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
ပြီးနောက် သူသည် ၎င်းတို့ကြားသို့ တိုးဝင်သွားကာ မွန်းစတားနှိမ်နင်းရေးဓားကို ဝှေ့ယမ်းလိုက်သည်။ ပေတစ်ထောင်ခန့် ရှည်လျားသော ဓားအလင်းတန်းသည် တောင်တန်းကြီးတစ်ခုဖြင့် ပစ်ပေါက်လာသည့်နှယ် ပြင်းထန်လှသည်။ ချူးယွင်ဖန်းသည် ဓားအလင်းတန်းကို ထိန်းချုပ်နေသောကြောင့် ပေတစ်ထောင်အတွင်းရှိ သွေးလူရိုင်းများအားလုံး ချက်ချင်း ပျက်သုဉ်းကုန်ကြသည်။ ရှေ့ဆုံးရှိ ရွှေအမတေအဆင့် ကျွမ်းကျင်သူများပင် မလွတ်မြောက်နိုင်ဘဲ ပေါက်ကွဲသွားကြသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကို မြင်တွေ့လိုက်သောအခါ ကျင်ကျန်းဟန်၏ ကျွမ်းကျင်သူများ အမှန်တကယ် ကြောက်ရွံ့ထိတ်လန့်သွားကြသည်။ ချူးယွင်ဖန်းသည် သာမန်စစ်သည်များကို သတ်ဖြတ်နိုင်ခဲ့သည့်အပြင် ယခုအခါ သွေးလူရိုင်းများ၏ ခံစစ်ဗျူဟာကို ခဏအတွင်း ဖျက်ဆီးပစ်၍ ရွှေအမတေအဆင့်ကျွမ်းကျင်သူများကိုပင် သတ်ဖြတ်ပစ်လိုက်သည်။ ၎င်းတို့သည် စစ်မှန်သော လူသတ်လက်နက်ကြီးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။ ဤသည်မှာ ကြီးမြတ်သော လူသတ်လက်နက်ဖြစ်သည်။ မွန်းစတားနှိမ်နင်းရေးဓားကို ကိုင်ဆောင်ထားသော ချူးယွင်ဖန်းသည် လူသတ်လက်နက်ကြီးတစ်ခုအသွင် ပြောင်းလဲနေ၍ သူ့ကို တားဆီးသူမှန်သမျှ သေဆုံးကြရသည်။
ချူးယွင်ဖန်းသည် ထိုဓားချက်ဖြင့် သွေးလူရိုင်းများ၏ သုံးပုံတစ်ပုံခန့်ကို သုတ်သင်လိုက်သည်။ သာမန်စစ်တပ်ဆိုလျှင် ယခုအချိန်တွင် ပြိုကွဲလောက်ပြီဖြစ်သော်လည်း သွေးလူရိုင်းများသည် ကျင်ကျန်းဟန်၏ အထူးတပ်ဖွဲ့ဝင်များဖြစ်ကြသည်။ ၎င်းတို့သည် အသေအပျောက်များနေသော်လည်း ချူးယွင်ဖန်းဆီ ဆက်လက်တိုးဝင်နေကြသည်။ ဤသည်မှာ ချူးယွင်ဖန်း၏ ဆန္ဒနှင့် ထပ်တူကျနေသည်။ သူသည် လူရိုင်းများကြားသို့ တိုးဝင်ကာ ဓားကို စိတ်ကြိုက်ဝှေ့ယမ်းလိုက်သည်နှင့် တစ်ခဏအတွင်း သွေးလူရိုင်းထောင်ပေါင်းများစွာ သေဆုံးကုန်ကြသည်။ ဓားချက်အနည်းငယ်ဖြင့် ခုတ်ထစ်ပြီးနောက် ကောင်းကင်ယံ၌ မည်သူတစ်ဦးတစ်ယောက်မျှ ကျန်ရှိမနေတော့ပေ။
ချူးယွင်ဖန်းသည် ဤသွေးလူရိုင်းများကြောင့် အလွန်အမင်း အကျပ်ရိုက်ခဲ့ရသည့် အချိန်ကို ပြန်သတိရသွားသည်။ ထိုအချိန်တွင် နျူကလီးယားဗုံးနှင့် တောင်တန်းမြစ်ပန်းချီကားသာမရှိခဲ့လျှင် သူ လွတ်မြောက်နိုင်ခဲ့မည် မဟုတ်ပေ။ ယခုမူ သိန်းချီသော သွေးလူရိုင်းများသည် သူ့ကို ခေတ္တမျှပင် မတားဆီးနိုင်ခဲ့ဘဲ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ချူးယွင်ဖန်းသည် ဆက်လက်မချီတက်သေးဘဲ ခေတ္တရပ်နားလိုက်သည်။ ဤတိုက်ခိုက်မှုများသည် သူ၏စွမ်းအင်များကို ကုန်ဆုံးစေခဲ့ရာ၊ ဤတိုက်ပွဲတွင် နတ်စွမ်းအင်များ ထိန်းသိမ်းခြင်းသည် အလွန်အရေးကြီးသည်။ သူ၏ စွမ်းအင်သည် ခဏအကြာတွင် ၇၀ မှ ၈၀ ရာခိုင်နှုန်းခန့် ပြန်လည်ပြည့်ဝလာသည်။
သိန်းချီသော သွေးလူရိုင်းများကို သုတ်သင်လိုက်သည့်သတင်းသည် ဝေ့တိုင်းပြည်စစ်တပ်နှင့် ကျင်ကျန်းဟန် စစ်တပ်ကြားသို့ ပျံ့နှံ့သွားကာ နှစ်ဦးနှစ်ဖက်စလုံးကို တုန်လှုပ်သွားစေသည်။ ၎င်းတို့သည် သာမန်စစ်သည် တစ်သန်းနှင့် ညီမျှပေသည်။ ဆိုလိုရင်းမှာ ချူးယွင်ဖန်းသည် စစ်သည် တစ်သန်းကို အချိန်တိုအတွင်း သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။ ဤသည်မှာ ရွှေအမတေပုံစံအဆင့် ကျွမ်းကျင်သူများပင် မလုပ်ဆောင်နိုင်သည့် အပြုအမူဖြစ်သည်။
သာမန်ရွှေအမေတပုံစံအဆင့် ကျင့်ကြံသူတစ်ဦးသည် သွေးလူရိုင်း တစ်သိန်းကျော်နှင့် ရင်ဆိုင်ရပါက အသက်လု၍ ထွက်ပြေးရပေလိမ့်မည်။ အကယ်၍ ဝိုင်းရံပိတ်ဆို့ခံရမည်ဆိုလျှင် အသက်သေဆုံးရမည်ဖြစ်သည်။ သွေးလူရိုင်းတစ်သိန်းကျော်သည် ရွှေအမတေပုံစံအဆင့်ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်နိုင်ရုံသာမျှမကဘဲ ရွှေအမတေအဆင့်ကျွမ်းကျင်သူပင် လွတ်မြောက်နိုင်ရန် မလွယ်ကူပေ။ ကျင်ကျန်းဟန်သည် ထိုသွေးလူရိုင်းတစ်သိန်းကျော်ရှိရုံဖြင့် လုံလောက်ပြီဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ထိုလူအားလုံးသည် ခဏအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ရလိမ့်မည်ဟု မည်သူ သိမည်နည်း။
"သူက လူရော ဟုတ်ရဲ့လား၊ ဒါဝေ့တိုင်းပြည်ရဲ့ ကျွမ်းကျင်သူတစ်ယောက်လား"
ကျင်ကျန်းဟန်ဘက်ရှိ ကျွမ်းကျင်သူများသည် တစ္ဆေခြောက်ခံရသည့်အလား ကြောက်ရွံ့နေကြသည်။ ဝေ့တိုင်းပြည်တွင် ဤမျှကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်မျိုးရှိနေခြင်းကို ၎င်းတို့အားလုံး မယုံကြည်နိုင်ဖြစ်နေကြသည်။ တစ်ဖက်တွင် စိတ်ဓာတ်ကျနေသော တော်ဝင်မြို့တော်၏ စစ်သည်များသည် ရောက်ရှိလာသူမှာ ဝေ့တိုင်းပြည်၏ နိုင်ငံတော်အတိုင်ပင်ခံ ချူးယွင်ဖန်းဖြစ်ကြောင်း သိလိုက်ရသောအခါ အားတက်သရော ဟစ်ကြွေးလိုက်ကြသည်။
"ဒါနိုင်ငံတော်အတိုင်ပင်ခံပဲ၊ သူ ကျုပ်တို့ကို ကယ်ဖို့ ရောက်လာပြီ"
"ကျုပ်တို့ အသက်ရှင်ပြီ"
အခန်း (၁၅၄၅) ခင်ဗျားလို အမှိုက်သရိုက်ကလား၊ ဒီလောက်နဲ လုံလောက်မှာ မဟုတ်ဘူး
တော်ဝင်မြို့တော်၏ အစောင့်အကြပ်များစွာသည် ထိုသတင်းကို လျင်မြန်စွာ သိရှိသွားကြသည်။ ချူးယွင်ဖန်း ပြန်လာသည့်သတင်းသည် မြို့တော်တစ်ခုလုံးသို့ တောမီးပမာ ပျံ့နှံ့သွားလေသည်။ အစောင့်အကြပ်များ၊ ကျွမ်းကျင်သူများနှင့် မြို့နေလူထုသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ သန်းနှင့်ချီသော စစ်တပ်ကြီးကို လူတစ်ဦးတည်းဖြင့် တွန်းလှန်ရန် မဖြစ်နိုင်ကြောင်း သိကြသော်လည်း သူသည် မနစ်မြုပ်မီ နောက်ဆုံးဆုပ်ကိုင်မိသည့် ၎င်းတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။ မြို့ရိုးပေါ်တွင် ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ပုံရိပ်သည် ချူးယွင်ဖန်းကို မြင်လိုက်ရသောအခါ အံ့ဩဝမ်းမြောက်သွားလေသည်။ ထိုလူသည် ဧကရာဇ်ဝေ့ဝူကျီမှလွဲ၍ အခြားလူမဟုတ်ပေ။
"တော်သေးတာပေါ့၊ သခင်လေးချူး ပြန်ရောက်လာလို့" ဝေ့ဝူကျီသည် ကနဦးတွင် အလွန်အမင်း စိတ်ပျက်အားငယ်နေခဲ့သည်။ ဤမျှ အန္တရာယ်များသည့် အခြေအနေမျိုးတွင်ပင် ချူးယွင်ဖန်းသည် သူ့ကို ကယ်တင်ရန် ရန်သူ့စစ်တပ်ကြီးထဲသို့ တိုးဝင်လာခဲ့သည်။ ဤသည်မှည သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပေသည်။
"အားလုံးပဲ နားထောင်ကြ၊ နိုင်ငံတော်အတိုင်းပက်ခံပုဂ္ဂိုလ် ပြန်ရောက်လာပြီ။ ကျင်ကျန်းဟန် စစ်တပ်တွေ သူတို့လုပ်ရပ်အတွက် မကြာခင် ပြန်ပေးဆပ်ရတော့မယ်" လူပေါင်းများစွာသည် ဝေ့ဝူကျီ၏ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ လိုက်လံထောက်ခံနေကြသည်။
ဝေ့ဝူကျီသည် အဝေးမှ အဆုံးအစမဲ့သော ကျင်ကျန်းဟန် စစ်တပ်ကြီးကို ကြည့်လျက် နာကျည်းမှုများ ခံစားနေရသည်။ သန်းနှင့်ချီသော စစ်တပ်ဟူသည် မည်သည်ဖြစ်သနည်း။ လူတစ်ယောက်ချင်းစီ ပစ်ခတ်လာသော မြားတစ်စင်းစီသည် မြို့တော်တစ်ခုလုံးတွင် ရှောင်တိမ်းမရနိုင်သော မြားမိုးရွာသွန်းများ ဖြစ်ပေါ်သွားပေလိမ့်မည်။ သူသည် အလွန် စိတ်ပျက်အားငယ်နေမိသည်။ ကျင်ကျန်းဟန်စစ်တပ်သည် ဤမျှပြတ်သားလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။ ၎င်းတို့သည် တုံ့ဆိုင်းမှုမရှိဘဲ တောင်ဘက်သို့ စစ်ချီလာကြသည်။ သန်းဆယ်ချီရှိသော စစ်တပ်ကြီးသည် ကြီးမြတ်သော ဝေ့တိုင်းပြည် မြောက်ပိုင်းရှိ စစ်သည်တစ်သန်းကို ချေမှုန်းပြီးနောက် မြို့တော်သို့ ဝင်ရောက်လာခဲ့သည်။
မြို့တော်တွင် နှစ်ရှည်လများစွာ မွမ်းမံတည်ဆောက်ထားသော အကာအကွယ်အတားအဆီးများရှိသော်လည်း ရန်သူ၏ ပြင်းထန်သော တိုက်ခိုက်မှုအရ ရက်အနည်းငယ်အတွင်း ပြိုလဲသွားနိုင်သည်။ ယခုအခါ ချူးယွင်ဖန်း ပြန်ရောက်လာသောကြောင့် သူသည် မြို့တော်ရှိ လူတိုင်းအတွက် မျှော်လင့်ချက်ဖြစ်လာသည်။
"ချူးယွင်ဖန်း၊ မင်း အတင့်ရဲလှချည်လား" ဒေါသတကြီး အော်ဟစ်လိုက်သံတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် နတ်ဘုရားကဲ့သို့သော ဖိအားကြီးကို ခံစားလိုက်ရသည်။ လူသားဧကရာဇ်ဝတ်ရုံနှင့် မတူသော ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပျံသန်းထွက်ပေါ်လာကြောင်း မြင်တွေ့လိုက်ရသောအခါ ကျင်ကျန်းဟန် စစ်တပ်တစ်ခုလုံး တုန်လှုပ်သွားကြသည်။ တိုက်ပွဲမဝင်ရသေးသော သန်းနှင့်ချီသည့် စစ်သည်အားလုံး မြေကြီးပေါ်တွင် ဒူးထောက်လိုက်ကြသည်။ အကြောင်းမှာ ထိုအမျိုးသားသည် ၎င်းတို့၏ အုပ်ချုပ်သူ ခန်းဘုရင်ဖြစ်နေသောကြောင့်ဖြစ်သည်။
ခန်းဘုရင်သည် ချူးယွင်ဖန်းကို စူးစိုက်ကြည့်နေခဲ့ရာ၊ သူ၏မျက်လုံးထဲတွင် အငြိုးအတေးများ သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသည်။ သူသည် ချူးယွင်ဖန်းကို အပိုင်းပိုင်းဖြတ်တောက်၍ သတ်ပစ်ချင်နေပုံရသည်။ ပြီးခဲ့သည့်အကြိမ် ချူးယွင်ဖန်းကြောင့် ဒဏ်ရရရှိခဲ့ခြင်းသည် သူ၏ဘဝတွင် အရှက်ရဆုံးသော အခိုက်အတန့်ဖြစ်ခဲ့သည်။ ထိုစဉ် သူသာ ထွက်မပြေးခဲ့ပါက ချူးယွင်ဖန်း၏ လက်ထဲတွင် သေဆုံးသွားနိုင်သည်။
ထိုအချိန်တွင် လူပေါင်းရာနှင့်ချီ၍ တစ်ပြိုင်နက်တည်း ပျံသန်းလာကြသည်။ ထိုသူများသည် ကျင်ကျန်းဟန်၏ ရွှေအမတေအဆင့် ထိပ်သီးကျွမ်းကျင်သူများဖြစ်ကြသည်။ ၎င်းတို့သည် စစ်ဗျူဟာအစီအရင်တစ်ခု ပြုလုပ်၍ ခန်းဘုရင်အနားတွင် ဝန်းရံနေကြသည်။ ဤကဲ့သို့သော လူအင်အားစုဖွဲ့မှုသည် ချူးယွင်ဖန်းကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။ ၎င်းတို့သည် ကျင်ကျန်းဟန်၏ အင်အားကို ကောင်းမွန်စွာ ထုတ်ဖော်ပြသလာခဲ့သည်။
"ခင်ဗျားဒဏ်ရာတွေ ပျောက်သွားပြီလား" ချူးယွင်ဖန်းက အေးစက်စက်အပြုံးဖြင့် မေးလိုက်သည်။
"ဒုက္ခပေးဖို့ ထွက်လာနိုင်သေးတယ်ဆိုတော့ အတော်လေး မြန်မြန်ဆန်ဆန် သက်သာလာပုံပဲ"
ထိုစကားကို ကြားသောအခါ လူတိုင်း၏ စိတ်နှလုံး လှုပ်ခတ်သွားကြသည်။ ကျင်ကျန်းဟန်အပြင် ကြီးမြတ်သော ဝေ့တိုင်းပြည်သည်လည်း ထပ်တူပင် ခံစားလိုက်ရသည်။ ထိုလူသည် ခန်းဘုရင်ဖြစ်ကြောင်း လူတိုင်းသိကြသည်။ သူသည် ခွန်အားအရ တစ်လောကလုံးတွင် ပြိုင်ဘက်ကင်းသူဖြစ်၍ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး ကျွမ်းကျင်သူဟူသော ဘွဲ့အမည်သည် အလဟဿရရှိခဲ့ခြင်း မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်း၏ စကားအရ ခန်းဘုရင်သည် ချူးယွင်ဖန်းကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားပုံရသည်။ ဤသည်မှာ မည်မျှ တုန်လှုပ်ဖွယ်ကောင်းသော သတင်းဖြစ်သနည်း။
"ဟုတ်တယ်၊ မင်းကြောင့် ရထားတဲ့ ဒဏ်ရာတွေကို ကျုပ် အိပ်ရာနိုးတဲ့အချိန်တိုင်း မှတ်မိနေတာ။ ကျုပ် ဒီနေ့ မင်းကို အပိုင်းပိုင်း ဖျက်ဆီးပစ်ရမယ်" ခန်းဘုရင်က အံကြိတ်ချက် ပြောလိုက်ရာ မျက်လုံးများမှ သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်နေသည်။
"ကျုပ်ကို သတ်မလို့တဲ့လား.. ခင်ဗျားတို့ အရည်အချင်းနဲ့လား" ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။
ပြီးနောက် သူသည် ခန်းဘုရင်ထံမှ မသိမသာ ထွက်ပေါ်နေသော မွန်းစတားစွမ်းအင်ကို ခံစားမိလိုက်သောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ လူသားကျွမ်းကျင်သူတစ်ဦးသည် မည်မျှကျင့်ကြံပါစေ မွန်းစတားစွမ်းအင်ကို ပိုင်ဆိုင်ရန် မဖြစ်နိုင်ပေ။ သူ၏ တိုက်ခိုက်မှုကြောင့် ရရှိလာသည့် ပြင်းထန်သော ဒဏ်ရာများအရ ခန်းဘုရင်သည် အချိန်အတော်ကြာ အနားယူနေသင့်သည်။ သို့သော် ယခုအခါ ခန်းဘုရင်၏ ဒဏ်ရာများ လုံးလုံးလျားလျား ပျောက်ကင်းသွားရုံသာမကဘဲ ကနဦး အထွတ်အထိပ် အခြေအနေသို့ပင် ရောက်ရှိနေပုံရသည်။ ဤသည်မှာ မွန်းစတားများနှင့် ဆက်စပ်နေကြောင်း ချူးယွင်ဖန်း ချက်ချင်း နားလည်သွားလေသည်။
သူသည် အရာအားလုံးကို ရုတ်ခြည်း သဘောပေါက်သွားသည်။ မွန်းစတားများနှင့် ကျင်ကျန်းဟန်တို့ ဤမျှနားလည်မှုရှိနေခြင်းသည် မထူးဆန်းတော့ပေ။ ကြီးမြတ်သော ဝေ့တိုင်းပြည်ကို မွန်းစတားများ ကျူးကျော်ချိန်တွင် ကျင်ကျန်းဟန်သည် ၎င်းတို့နှင့်အတူ ပူးပေါင်းခဲ့ကြသည်။ ၎င်းတို့သည် စစ်တပ်များကို ဦးဆောင်၍ တောင်ဘက်သို့ ချီတက်လာကာ သန်းပေါင်းများစွာသော စစ်သည်များဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ဤသည်မှာ နှစ်ဖက်စလုံး ပူးပေါင်းတိုက်ခိုက်ပြီးနောက် ကြီးမြတ်သော ဝေ့တိုင်းပြည်ကို ခွဲဝေယူရန် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။
နှစ်ဖက်စလုံးသည် ယခင်ကတည်းက သဘောတူညီချက်ရယူထားကြ၍ မွန်းစတားများသည် ခန်းဘုရင်၏ ဒဏ်ရာများကို ကုသရာတွင် ကူညီပေးခဲ့ပုံရသည်။ မွန်းစတားများသည် ၎င်းတို့အတွက် အကျိုးမရှိလျှင် မည်သည့်အရာကိုမျှ လုပ်ဆောင်ပေးမည် မဟုတ်ပေ။ ၎င်းတို့၏ ရည်မှန်းချက်သည် ရိုးရှင်းလှသည်။ ကျင်ကျန်းဟန်သည် ကြီးမြတ်သော ဝေ့တိုင်းပြည်၏ စစ်အင်အားကို တားဆီးနေစဉ် မွန်းစတားများသည် လူသားများကို သတ်ဖြတ်ကာ မွန်းစတားကြီးကို ပြန်လည် အသက်သွင်းရန်အတွက် ကြိုးစားချင်နေပုံပေါ်သည်။ ထိုသို့တွေးမိသည်နှင့် သူ၏မျက်လုံးထဲရှိ ရွံရှာမှုများ သတ်ဖြတ်လိုစိတ်အဖြစ် ပြောင်းလဲသွားသည်။
"လူရွှင်တော်တစ်သိုက်လောက်နဲ့။ ခင်ဗျားတို့ လူဘယ်နှစ်ယောက်ပဲ ခေါ်လာပါစေ ဒီကိုရောက်လာတာနဲ့ အကုန်လုံးသေရမှာပဲ။ ကျုပ်ဆီက အရိုက်ခံရတုန်းက ခွေးပြေးဝက်ပြေး ပြေးခဲ့ရတာကို မေ့သွားကြပြီလား"
ချူးယွင်ဖန်း၏ စကားကြောင့် ခန်းဘုရင်သည် အလွန်ဒေါသထွက်သွားသည်။ ချူးယွင်ဖန်း၏ လိုက်လံတိုက်ခိုက်မှုမှ လွတ်မြောက်ရန် သူ၏ အသက်ဓာတ်များကို လောင်မြိုက်၍ ထွက်ပြေးခဲ့ရခြင်းကို သူ မှတ်မိနေသည်။ မွန်းစတားများ၏ လျှို့ဝှက်နည်းစနစ်ဖြင့် အကူအညီမရခဲ့ပါက သူသည် ယခုအချိန်အထိ ဒဏ်ရာများကို ကုသလျက် ခွေးတစ်ကောင်ကဲ့သို့ ပုန်းအောင်းနေရပေလိမ့်မည်။ ချူးယွင်ဖန်း ခန့်မှန်းသည့်အတိုင်း ကျင်ကျန်းဟန်သည် မွန်းစတားများနှင့် ပူးပေါင်းထားခြင်းဖြစ်သည်။ မွန်းစတားများသည် ကြီးမြတ်သော ဝေ့တိုင်းပြည်၏ စစ်အင်အားကို ဟန့်တားရန်အတွက် ကျင်ကျန်းဟန်ကို အကျိုးခံစားခွင့်များစွာ ပေးအပ်ခဲ့သည်။ သူ၏ ဒဏ်ရာများကို ကုသပေးခြင်းသည် လက်ဆောင်တစ်ခုမျှသာဖြစ်၍ အခြားသော အကျိုးကျေးဇူးများစွာလည်း ရှိနေသေးသည်။
ခန်းဘုရင်သည် ရည်မှန်းချက်ကြီးသူဖြစ်၍ ကြီးမြတ်သော ဝေ့တိုင်းပြည်ကို တစ်ပြိုင်နက်တည်းဖြင့် ဝါးမြိုပစ်ချင်သည်။ ထိုအခါ ကျင်ကျန်းဟန်၏ အင်အားသည် ကောင်းကင်ယံသို့ ထိုးတက်သွားမည်ဖြစ်၍ ကြီးမြတ်သော ချီတိုင်းပြည်သည်လည်း ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ ထိုအခါ ခန်းဘုရင်သည် လူသားကမ္ဘာကို တစ်စည်းတစ်လုံးတည်း အုပ်ချုပ်နိုင်မည်ဖြစ်သည်။ ထိုအခါ မွန်းစတားဂုဏ်းရှိ မွန်းစတားများကိုပင် ကြောက်ရွံ့ရန် မလိုအပ်တော့ပေ။ မွန်းစတားများ၏ အကြံအစည်ကို သိသော်လည်း၊ သူ၏အမြင်တွင် ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး အသုံးချနေခြင်းသာဖြစ်သည်။
ယခုအခါ ချူးယွင်ဖန်းက သူ၏ အရှက်ရဖွယ် အနာဟောင်းကို ဆွလိုက်သဖြင့် သူ ထိန်းချုပ်ထားသော ဒေါသများ မီးတောင်ကဲ့သို့ ပေါက်ကွဲသွားသည်။
"သူ့ကို သတ်ကြစမ်း"