← Chapters

အခန်း (၁၀၀)

Vol. 12 Ch. 100

အခန်း (၁၀၀)

Vol. 12 Ch. 100

🍼 Chapter 100

မည်သည့်နည်းလမ်းကို သုံးသည်ဖြစ်စေ ဖူဟန်အား အမြဲတမ်း အလျှော့ပေးအောင် လုပ်နိုင်စွမ်း ရှိသည်။

ယခုတစ်ကြိမ်တွင်လည်း ထိုသို့ပင်။ ဖူချန်းသယ်၏ "သနားစရာ" ဗျူဟာအောက်တွင် ဖူဟန်မှာ နောက်ဆုံးတော့ အရှုံးပေးလိုက်ရပြီး ယခုအပတ် ပိတ်ရက်တွင် မိသားစုလိုက် လာလည်မည်ဟု ကတိပေးလိုက်ရတော့သည်။

မဟုတ်လျှင်တော့ အဘိုးအိုမှာ သားရှိတာက ဝက်သားကင်ရှိတာထက် ပိုဆိုးကြောင်း၊ တစ်ချိန်က နူးညံ့သိမ်မွေ့ခဲ့သည့် ချွေးမဖြစ်သူပင်လျှင် ယခုတော့ မိဘကို ပစ်ပယ်တတ်သူ ဖြစ်သွားပြီဖြစ်ကြောင်း ငိုယိုကာ ညည်းတွားနေပေလိမ့် မည်။

"ပါး"

ဖခင်ဖြစ်သူ၏ အမှတ်မထင် ပြောလိုက်သည့် စကားကို ကြားလိုက်ရသဖြင့် ဖူဟန် ချက်ချင်းတည်ကြည်သွားသည်။

"ချင်ချင်က ပါးပါးဆီ မလာချင်လို့ မဟုတ်ပါဘူး၊ သူမမှာ ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိလို့ပါ၊ နောက်တစ်ခါကျရင် ဒီလို စကားမျိုး ထပ်မပြောဖို့ မျှော်လင့်ပါတယ်"

"ငါက ဘာပြောလိုက်လို့လဲ? အမှတ်မထင် ပြောမိတာပါ၊ တကယ်ကြီး အဲ့လို ထင်တာ မဟုတ်ပါဘူး"

ဖူချန်းသယ် တိုးတိုးလေး ရေရွတ်လိုက်သော်လည်း နောက် ဆုံးတွင်တော့ ချင်ချင်အား တိုက်ရိုက် ဝေဖန်ခြင်းမပြုတော့ပေ။

အမှန်စင်စစ် သူနှင့် သူ့ဇနီးသည်မှာ ကူးချင်ချင်အား ချွေးမအဖြစ် အလွန်ပင် သဘောကျခဲ့ကြသည်။ သူမသည် မိသားစုနောက်ခံ ကောင်းမွန်ရုံတင်မကဘဲ အလွန်ထူးချွန်ထက်မြက်သူဖြစ်ကာ ဖူမိသားစုအတွက် မြေးနှစ်ယောက်ကိုလည်း မွေးဖွားပေးခဲ့သည် မဟုတ်လား?

အရေးကြီးဆုံးအချက်မှာ သူမသည် သူတို့၏တစ်ဦးတည်းသောသားအား အလွန်အမင်း ချစ်မြတ်နိုးခြင်းပင်။

ဖူချန်းသယ်မှာ သူ့သား မည်ကဲ့သို့သော လူစားမျိုးဖြစ် သည်ကို အသိဆုံးပင်။

သူက မာနကြီးလွန်းသလို၊ အေးစက်လွန်းလှသည်။ ထိုမာနမှာ အပေါ်ယံမဟုတ်ဘဲ နှလုံးသားထဲတွင် နက်ရှိုင်းစွာကိန်း အောင်းနေခြင်း ဖြစ်သည်။

အကယ်၍ ဖူချန်းသယ်အနေဖြင့် သားဖြစ်သူအား ဖော်ပြရန် နာမဝိသေသန တစ်ခု ရှာရမည်ဆိုလျှင် "လွင့်မျောနေသော ဝိညာဉ်" ဟုသာ သုံးနှုန်းပေလိမ့်မည်။

ဖူဟန်မှာ သူတို့မိသားစုထဲတွင်၊ သို့မဟုတ် လက်ရှိကမ္ဘာထဲတွင် ပေါင်းစည်းနေသယောင် ထင်ရသော်လည်း၊ အနှစ် သာရအားဖြင့်တော့ သူသည် နာမည်ခံ ရာထူးတစ်ခုအား ရယူထားသည့် လွင့်မျောနေသော ဝိညာဉ်တစ်ခုမျှသာ ဖြစ်သည်။

သူသည် မိမိကိုယ်မိမိ မိသားစုဝင်တစ်ယောက်ဟု မသတ် မှတ်ခဲ့ပေ။ သူ့အတွက်တော့ မိသားစုဆိုသည်မှာ ဟိုတယ် သို့မဟုတ် တည်းခိုခန်းတစ်ခုကဲ့သို့ပင်။ အချိန်တန်လျှင် အိပ်ရန် ပြန်လာတတ်ပြီး မိုးလင်းသည်နှင့် ပြန်လည် ထွက်ခွာသွားစမြဲဖြစ်သည်။

ဇနီးဖြစ်သူ၏အခြေအနေ ပိုမိုဆိုးရွားလာသည်နှင့်အမျှ ထိုအချက်မှာ သိသာထင်ရှားလာခဲ့သည်။

ဖူချန်းသယ် ထိုပြဿနာ၏အမြစ်တွယ်ရာကို သိရှိသည်။ ထိုအရာမှာ သူ့ထံတွင်သာ ရှိနေခြင်းပင်။

သူသည် အလုပ်ထဲ၌သာ အလွန်အကျွံ နစ်မွန်းနေခဲ့သဖြင့် မိသားစုအား ပစ်ပယ်ထားခဲ့မိကာ ရလဒ်အနေဖြင့် သူ့သားကိုလည်း ဂရုမစိုက်မိခဲ့ပေ။

ကလေးမှာ လမ်းမှားမရောက်ခဲ့သလို တစ်ခါမျှလည်း အပြစ်မတင်ခဲ့သော်လည်း၊ တစ်နည်းအားဖြင့်ဆိုသော် သူသည် ဒုတိယမြောက် ဖူချန်းသယ်ဖြစ်လာခဲ့သည်။

၎င်းမှာ ဖူချန်းသယ် အကြောက်ဆုံးနှင့် အမုန်းဆုံးမြင် ကွင်းပင်။

သူသည် သူ့သားအား သူကိုယ်တိုင် အောင်မြင်မှုအထွတ် အထိပ် ရောက်သည့်အချိန်ကျမှ အမှားကို သိမြင်လာစေရန် မလိုလားသလို၊ အရာအားလုံး ပြုပြင်မရတော့သည့် အခြေအနေရောက်မှ နောင်တရစေရန်လည်း မလိုလားပေ။

ထို့ကြောင့် သူသည် သားဖြစ်သူ၏လမ်းကြောင်းအား ပြုပြင်ပေးရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု သိပ်မရခဲ့ပေ။

နောက်ဆုံးတွင် ဖူဟန်မှာ ဒုတိယမြောက် ဖူချန်းသယ်ဖြစ် လာခဲ့တော့သည်။

သူသည် ဖခင်ထံမှ စီးပွားရေး ပါရမီအား အမွေဆက်ခံခဲ့သော်လည်း မိသားစုအပေါ် အေးစက်မှုကိုလည်း အတူတူပင် အမွေရရှိခဲ့သည်။

ဖူချန်းသယ် သားဖြစ်သူနှင့် ရင်းနှီးသည့် ဆက်ဆံရေးမျိုး ရရှိရန် မမျှော်လင့်ဝံ့တော့သော်လည်း သားဖြစ်သူအတွက် တကယ့်အိမ်လေးတစ်ခု ရှိစေချင်ခဲ့သည်။

ကူးချင်ချင် ပေါ်ပေါက်လာမှုမှာ သူ့မျှော်လင့်ချက်အစပျိုးခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ဤသွက်လက်တက်ကြွသည့် မိန်းကလေးငယ်မှာ သူ့သားအား အလွန်ချစ်မြတ်နိုးကြောင်း ဖူချန်းသယ် တွေ့ရှိခဲ့ရသလို၊ သူ့သားကလည်း သူမအပေါ် အေးစက်မနေခဲ့သောကြောင့် ဖြစ်သည်။

ဒါဆိုလျှင် လုံလောက်ပါပြီ။

ဖူချန်းသယ် ထိုသို့ တွေးတောခဲ့သည်။ ကူးချင်ချင်သည် ဖူဟန်အား ပြောင်းလဲပေးနိုင်မည့် အမျိုးသမီးဖြစ်လိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။

ထို့ကြောင့် သူ ကလေးနှစ်ယောက်၏အချစ်အားဖြည့် ဆည်းပေးရန်အတွက် ကူးမိသားစုနှင့် လက်ထပ်ထိမ်းမြားမှုကို အတတ်နိုင်ဆုံး စီစဉ်ပေးခဲ့သော်လည်း မျှော်လင့်မထားသည်မှာ...

ဖုန်းချလိုက်ပြီးနောက် ဖူချန်းသယ် သူ့လက်ထဲမှ စာရွက် စာတမ်းများကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။

စာရွက်တစ်ရွက်ပေါ်တွင် ရှင်းလင်းစွာ ရိုက်နှိပ်ထားသည်မှာ - ခွဲခွာနေထိုင်ရန် လျှောက်ထားလွှာ၊ လျှောက်ထားသူ - ကူးချင်ချင်

ကူးချင်ချင်သည် သူမ ခင်ပွန်းမှကွာရှင်းစာချုပ်အား လက် မှတ်မထိုးပေးမည် စိုးသဖြင့် အပိုပြင်ဆင်မှုတစ်ခုကိုပါ လုပ်ဆောင်ခဲ့သည်ကိုး။

မြို့ပြရေးရာဌာနသို့ ခွဲခွာနေထိုင်ရန် လျှောက်ထားလွှာ တင်ခဲ့ခြင်းပင်။ အကယ်၍ ဇနီးမောင်နှံနှစ်ဦးမှာ နှစ်နှစ်ထက်မနည်း ခွဲခွာနေထိုင်ခဲ့လျှင် အလိုအလျောက်ကွာရှင်းပြီးသားဟု သတ်မှတ်မည်ဖြစ်သည်။

ကူးချင်ချင် ပျောက်ဆုံးနေသည်မှာ တစ်နှစ်ခွဲခန့် ရှိနေပြီဖြစ်သည်။ မကြာသေးမီက သူမ ပြန်ရောက်လာပြီဟူသော ကောလာဟလများ ရှိနေသော်လည်း ဖူချန်းသယ်တွင်တော့ အမှန်တရားကို စုံစမ်းရန် သူ့ကိုယ်ပိုင် နည်းလမ်းများ ရှိနေသည် မဟုတ်လား?

၎င်းမှာ အမှန်တကယ်တော့ သူ့ချွေးမမှာ သားဖြစ်သူနှင့် ခွဲခွာနေသည်မှာ တစ်နှစ်ခွဲလောက် ရှိနေပြီပေါ့ ?

သားဖြစ်သူ ထိုလျှောက်ထားလွှာအကြောင်း သိသလားဆိုသည်ကို ဖူချန်းသယ်မသိသော်လည်း၊ သူသည် ကလေးနှစ်ယောက်၏အိမ်ထောင်ရေးအား ကယ်တင်ပေးရန် လိုအပ်သည်ဟု ခံစားနေရသည်။

၎င်းမှာ လူကြီးဖြစ်နေခြင်း သို့မဟုတ် မြေးနှစ်ယောက်ရှိနေခြင်း ဆိုသည့် လောကဝတ်တွေကြောင့် မဟုတ်ပေ။

ကူးချင်ချင်နှင့် ဖူဟန်တို့ကြားတွင် တစ်ဦးနှင့်တစ်ဦး သံယောဇဉ် ရှိနေဆဲဖြစ်သည်ကို သူ အမှန်တကယ် မြင်တွေ့နေရသောကြောင့် ဖြစ်သည်။ ဤအတိုင်း လမ်းခွဲသွားကြမည်ဆိုလျှင် သူတို့နှစ်ဦးလုံးအတွက်ကြီးမားသော နောင်တတစ်ခု ဖြစ်သွားပေလိမ့်မည်။

တကယ်လို့ အစွမ်းကုန် ကြိုးစားပြီးမှ အိမ်ထောင်ရေးအား ကယ်တင်၍မရခဲ့လျှင်လည်း ဖူချန်းသယ် ဖူမိသားစု၏ အကြီးအကဲပီသစွာဖြင့် ကူးချင်ချင်အား လွတ်လပ်ခွင့်ပေးကာ လျော်ကြေးအချို့လည်း ပေးအပ်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ထိုစဉ်က သူတို့နှစ်ယောက်အားပေါင်း စည်းပေးရန် အပြင်းအထန် တိုက်တွန်းခဲ့သူမှာ သူကိုယ် တိုင်ပင် မဟုတ်လား?

ဖူချန်းသယ် ပင်ပန်းနွမ်းနယ်စွာ သက်ပြင်းတစ်ချက်ချရင်း ပြုစုစောင့်ရှောက်သူ၏ အကူအညီကို လက်ကာပြကာ ငြင်းလိုက်သည်။ သူ တုန်တုန်ယင်ယင်ဖြင့် စားပွဲတင်အံဆွဲကို ဖွင့်ကာ စာရွက်စာတမ်းများအား အထဲသို့ ထည့်လိုက်ပြီး ပြန်ပိတ်လိုက်သည်။

အဘိုးအိုမှာ ကုလားထိုင်လက်တန်းကို အားပြုကာ ဖြည်း ညှင်းစွာ မတ်တပ်ရပ်လိုက်သည်။ တစ်ချိန်က မားမားမတ် မတ် ရှိခဲ့သော ကိုယ်လုံးမှာ တဖြည်းဖြည်း ကျုံ့ဝင်သွားခဲ့ပြီ ဖြစ်သည်။ သူ ခါးလေးကို ကိုင်းကာ စာကြည့်ခန်းထဲမှနေ၍ ဘေးခန်းသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ တံခါးကို အသာအယာ ခေါက်လိုက်သော်လည်း ဘာတုံ့ ပြန်မှုမှ မရှိပေ။

ဖူချန်းသယ် ဂရုမစိုက်ေချ။ သူ တံခါးအား ဖွင့်လိုက်သည်။ အခန်းတွင်းရှိ ဆေးရုံအထူးကု လူနာဆောင်ကဲ့သို့သော ပြင်ဆင်မှုများအား လျစ်လျူရှုကာ ကုတင်ဘေးတွင် ထိုင်လိုက်ပြီး ကုတင်ပေါ်မှ လူ၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"ယွီအာ... ခဏလောက် ထပ်ပြီး တောင့်ခံထားဦးနော်၊ ငါတို့သား ပြန်လာတော့မှာ"

ဖူချန်းသယ် စကားကို ပြန်လည် တုံ့ပြန်သည်မှာ နှလုံးခုန်တိုင်းစက်၏အသံသာ။

"တီ... တီ... တီ..."

သူ့အကြည့် ရွေ့လျားသွားရာ ဆံပင်ဖြူများနှင့် အဘွားအိုတစ်ဦး ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။

အဘွားအို မျက်လုံးများမှာ မှိတ်ထားပြီး အမူအရာမှာ အေးချမ်းလှသည်။ ချိုမြိန်သော အိမ်မက်တစ်ခုထဲတွင် နစ်မျောနေသကဲ့သို့ပင်။

သူမသည် ပြင်ပကမ္ဘာအား ဘာတုံ့ပြန်မှုမှ မပြသော်လည်း ခင်ပွန်းဖြစ်သူ၏ တတွတ်တွတ် ပြောစကားများကိုတော့ မတားဆီးနိုင်ပေ။

ခဏမျှ စကားပြောပြီးနောက် ဖူချန်းသယ် အာခေါင်များ ခြောက်ကပ်လာသည်။ အဘွားအို နိုးမလာသေးသော် လည်း သူ ဂရုမစိုက်ေချ။ စကားပြောပြီးသည်နှင့် သူ တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ရပ်ကာ လက်နှစ်ဖက်အား နောက်ပစ်လျက် အခန်းထဲမှ ထွက်လာခဲ့သည်။

ပြုစုစောင့်ရှောက်သူ အချို့မှာ ဖူချန်းသယ် သူ့အခန်းသို့ ပြန်ရောက်သည်အထိ တံခါးအပြင်ဘက်မှ စောင့်ကြပ်နေကြပြီးနောက် အောက်ဆီဂျင်စက်များကို ပြင်ဆင်ရန် အလုပ်ရှုပ်သွားကြတော့သည်။

အကယ်၍ တစ်စုံတစ်ယောက်မှ ဖူချန်းသယ်၏အခန်းအား မြင်လိုက်ရလျှင် အဘွားအို အခန်းကဲ့သို့ပင် ဆေးရုံလူနာဆောင်နှင့် အလွန်တူနေသည်ကို အံ့ဩဖွယ် တွေ့ရှိရပေလိမ့်မည်။

သက်ကြီးရွယ်အို နှစ်ဦး၏ကျန်းမာရေးမှာ ဘေးချင်းကပ်အခန်းများအား ဆေးရုံလူနာဆောင်များအဖြစ် ပြောင်းလဲထားရသည်အထိ အခြေအနေ ဆိုးရွားနေခြင်းပင်။

ဖူဟန် သူ့ကတိအား ဖျက်မည့်သူ မဟုတ်ပေ။

ပိတ်ရက်မရောက်မီပင် နောက်တစ်နေ့နံနက်တွင် မိသားစုတစ်ခုလုံးအား ဖူမိသားစု အိမ်ဟောင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

တကယ့် ဖူမိသားစု အိမ်ဟောင်းဆိုသည်မှာ ဖူဟန်နှင့် မိသားစု လောလောဆယ် နေထိုင်နေသည့် ဗီလာမဟုတ်ဘဲ တခြားနေရာတစ်ခုတွင် ရှိခြင်းဖြစ်သည်။

ထိုနေရာသို့ ဗီလာမှ ကားမောင်းသွားလျှင် နာရီဝက်ခန့် ကြာမြင့်မည်ဖြစ်ရာ အသွားအပြန်ဆိုလျှင် သူတို့ အလုပ်နောက်ကျသွားမှာ သေချာသည်။

သို့သော်လည်း ဖူဟန် ပြောလိုက်ပြီဖြစ်ရာ ညီအစ်ကိုနှစ်ယောက်ဖြစ်သည့် ဖူစစ်ကျင်းနှင့် ဖူစစ်ချန်တို့မှာ ဘာမှမပြောဝံ့ဘဲ အသာတကြည် လိုက်ပါလာကြရသည်။

အမှန်ပင်... ချင်ချင့်ကိုလည်း ခေါ်လာခဲ့သည်။

ဖူဟန် ကူးလန် သို့မဟုတ် ပိုင်ချီယွီအား ဖုန်းဆက်ပြီး သူမကို လာကြိုခိုင်းရန် မူလက စဉ်းစားခဲ့သော်လည်း၊ သူ့ဖခင်၏ အရည်အချင်းဖြင့်ဆိုလျှင် ချင်ချင် ရှိနေသည်ကို သိပြီးလောက်ပြီဟု သူ တွေးလိုက်မိသည်။

သူ အစအနများကို ဖျောက်ဖျက်ထားခဲ့သော်လည်း ထိုမြေခွေးအိုကြီးကိုတော့ လုံးဝဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် သူ လက်လျှော့လိုက်ကာ ချင်ချင့်ကိုပါ ခေါ်လာခဲ့ခြင်း ဖြစ်သည်။

"ဦးဦး... ဘယ်သွားကြမလို့လဲ?"

ချင်ချင် ကလေးထိုင်ခုံပေါ်တွင် ထိုင်ကာ သူမ၏ခြေတိုခြေဖောင်းလေးများကို လှုပ်ယမ်းရင်း ဖူဟန်အား စပ်စုကာမေးမြန်းနေသည်။

"အဖွားအိမ် သွားမလို့လေ"

ဖူစစ်ချန် အမြန်ဆုံး ပြန်ဖြေလိုက်သည်။

"အဖွား?"

ချင်ချင် ခေါင်းလေးစောင်းကာ တွေးတောပြီးနောက် မျက်မှောင်ကြုတ်လျက် တည်ကြည်စွာ ပြောသည်။

"စစ်ချန်... အဲ့လို စကားမျိုး မပြောရဘူးလေ၊ အဖွားက ကောင်းကင်ဘုံကို သွားပြီပဲကို"

သူမသည် ဖူစစ်ချန် အဘွားအိုကူးအကြောင်းပြောနေသည်ဟု ထင်နေခြင်းပင်။

အဘွားအိုကူးအပေါ် သစ္စာရှိသည့် အိမ်တော်ထိန်းအန်တီတင်း ရှိနေသရွေ့ ချင်ချင့်အနေဖြင့် အဘွားအိုကူးအ ကြောင်း လုံးဝမမှတ်မိဘဲ နေမည်မဟုတ်ပေ။

သူ့ အမှတ်ရမှုထဲတွင် ထိုအဘွားအိုမှာ ကြင်နာပြီး နူးညံ့သိမ်မွေ့သူတစ်ဦး ဖြစ်သည်။ သူမနှင့် သူမ မောင်လေးအတွက် "အဖွား" မှာ ကူးမိသားစု၏ အရာအားလုံးကို အမွေပေးနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သူဖြစ်သည်။ ထို့ကြောင့် သူမအား ရိုသေသင့်ပြီး ကွယ်လွန်သွားပြီဖြစ်သော လူကြီးတစ်ဦးကို ပြက်ရယ်မပြုသင့်ဟု သူမ ယူဆသည်။

"ငါက ဘွားဘွားကြီးအကြောင်း ပြောတာ မဟုတ်ပါဘူး"

ဖူစစ်ချန် ရှင်းပြလိုက်သော်လည်း လေးနှစ်သမီးလေးတစ်ယောက်အား ပတ်သက်မှုတွေကို ဘယ်လိုရှင်းပြရမလဲဆိုတာ သူ မသိတော့ပေ။ နောက်ဆုံးတွင် သူ နည်းလမ်းပြောင်းလိုက်သည်။

"ငါက ချင်ချင်ရဲ့ 'အဖွား' ကို ပြောတာ မဟုတ်ဘူး၊ ငါ့ပါးရဲ့ မားမားကို ပြောတာ၊ ချင်ချင်ကလည်း သူမကို 'မားမား' လို့ပဲ ခေါ်ရမှာ"

"ဦးဦးရဲ့ မားမား?"

ဤတစ်ကြိမ်တွင်မူ ချင်ချင် နားလည်သွားသော်လည်း ထပ်မံ၍ ဝေခွဲမရ ဖြစ်သွားပြန်သည်။

"ဟင့်အင်း... ချင်ချင်က ဦးဦးရဲ့ မားမားကို 'မားမား' လို့ ခေါ်လို့ မဖြစ်ဘူးလေ၊ ဒါက မှားနေတာပဲ"

ပုံမှန်ဆိုလျှင်တော့ ဤသည်မှာ မျိုးဆက်တွေ ရှုပ်ထွေးသွားမှာ သေချာသော်လည်း၊ သူတို့ အခြေအနေမှာ ထူးခြားနေသည် မဟုတ်လား? ဖူဟန်ပင်လျှင် ချင်ချင်အား ထိုရှုပ်ထွေးလှသည့် ပတ်သက်မှုကို မည်သို့ ရှင်းပြရမည်နည်း။

တကယ်တော့ အချိန်ကြာလာသည်နှင့်အမျှ ချင်ချင့်ကိုယ်ခန္ဓာမှာ ကြီးထွားမလာသော်လည်း သူမ၏ အသိ ပညာမှာ တဖြည်းဖြည်း တိုးပွားလာနေသည်။

ချင်ချင် အခုဆိုလျှင် ခေါ်ဝေါ်ပုံနှင့် မျိုးဆက်သတ်မှတ်ချက်များကို မှန်ကန်စွာ စတင် နားလည်လာပြီ ဖြစ်သည်။

သူမသည် မိမိကိုယ်မိမိ ဤမျှ သေးငယ်နေပါလျက် အဘယ်ကြောင့် ဤမျှ ကြီးမားသော သားနှစ်ယောက်နှင့် ထိုနည်းတူ ကြီးမားသော မောင်လေးတစ်ယောက် ရှိနေရသနည်းဟု တစ်ကြိမ်ထက်မက တွေးတောခဲ့ဖူးသည်။

၎င်းမှာ လုံးဝ အဓိပ္ပာယ်မရှိပေ။

သို့သော်လည်း သူမ၏ မိသားစုဝင်များမှာ ထိုအခြေအနေအား ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံနေကြသဖြင့် ၎င်းမှာ မှန်ကန်သော နည်းလမ်းဖြစ်မည်ဟု သူမ ခံစားရပြန်သည်။

ထိုဆန့်ကျင်ဘက်ဖြစ်နေသော ခံစားချက်နှစ်ခုမှာ ချင်ချင့်စိတ်ထဲတွင် တိုက်ပွဲဖြစ်နေပြီး နောက်ဆုံးတွင် သူမကိုယ် တိုင်ပင် လုံးဝ နားမလည်နိုင်သည့် အသိစိတ်တစ်ခု ဖြစ်ပေါ်လာတော့သည်။

သူမ သားတွေက သားတွေပဲ၊ သူ့မောင်လေးက မောင်လေးပဲ၊ ကျန်တဲ့သူတွေကလည်း သူ့ ရင်းနှီးတဲ့ မိသားစုဝင်တွေပဲ။ သို့သော်လည်း ကျန်တဲ့သူတွေကတော့ ပုံမှန်သာ ဖြစ်ကြသည်။

ရှင်းရှင်းလင်းလင်း ပြောရလျှင် ချင်ချင် သူမ အခုလေး တင် ကြားလိုက်ရသည့် ဖူမိသားစု လူကြီးမိဘများအား ဤရှုထောင့်မှ ဖယ်ထုတ်ထားခြင်းပင်။

ထို့ကြောင့် သူမ ယခင်ကကဲ့သို့ အပြစ်ကင်းစင်စွာဖြင့် လူကြီးများ ပြောသမျှကို မျက်စိမှိတ် မယုံကြည်နိုင်တော့ပေ။ သူမ ဖူဟန်အားကို "ဦးဦး" ဟု ခေါ်နေသဖြင့် ဖူဟန်၏ မိခင်မှာ "အဖွား" မျိုးဆက်သာ ဖြစ်သင့်ပြီး သူ့ မားမားမျိုးဆက် မဖြစ်နိုင်ပေ။

ချင်ချင်၏အကျိုးအကြောင်းခိုင်လုံသော တုံ့ပြန်မှုကြောင့် ဖူစစ်ချန်မှာလည်း ဘာပြန်ပြောရမှန်း မသိတော့ပေ။

သူ မိုင်းကွင်းကို နင်းမိလိုက်ပြီဖြစ်ကြောင်း ရိပ်မိသွားကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ရင်းချက်ချင်းပင် ပါးစပ်ပိတ်လိုက်တော့သည်။

သို့သော်လည်း အဖြေမရသေးသည့် ချင်ချင်မှာ ဇွဲမလျှော့ဘဲ ထပ်မေးနေပြန်သည်။

"ဘယ်ကို သွားကြမလို့လဲဟင်?"

"ဦးဦးရဲ့ မိဘတွေဆီ သွားမလို့လေ"

ဖူဟန် ချင်ချင့်ဆံပင်လေးများကို အသာအယာ ဖွဖွပွတ်သပ်ရင်း ညင်သာစွာ ဆိုလိုက်သည်။

"ဦးဦးရဲ့ မိဘတွေဆိုရင် ချင်ချင်က 'ဘိုးဘိုး' နဲ့ 'ဘွားဘွား' လို့ ခေါ်ရမှာလား?"

ချင်ချင် ကလေးသံလေးဖြင့် မေးပြန်သည်။

"ဟုတ်တယ်"

ဖူဟန် ပြန်ဖြေလိုက်ပြီး သူ့သားနှစ်ယောက်ကိုလည်း ရှေ့ဆက်ပြီး ဘာမှမပြောရန် တားဆီးလိုက်သည်။

"ပါး..."

ဖူစစ်ကျင်း ဝေခွဲမရစွာဖြင့် "ပါးက ဒီတစ်ခါ ချင်ချင်ကိုပါ ခေါ်လာတယ်ဆိုတော့ ဘိုးဘိုးက သူမအကြောင်း သိနေပြီပေါ့၊ ဒါဆိုရင်..."

ဒါဆိုလျှင် ဘိုးဘိုးက ချင်ချင်မှာ ကူးချင်ချင် ဖြစ်ကြောင်း သိနှင့်နေလောက်ပြီဖြစ်ရာ သူတို့၏ဖုံးကွယ်ထားမှုများမှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

"မင်းရဲ့ ဘိုးဘိုးက လုံလောက်အောင်ထက်မြက်ပါတယ်"

ဖူဟန် ထိုသို့ပြောပြီးနောက် ကုလားထိုင်ပေါ်တွင် မှီလိုက် ကာ မျက်လုံးမှိတ်၍ အနားယူနေတော့သည်။ သူ ထပ်ပြီး ဘာမှမပြောချင်တော့သည်မှာ သိသာလှသည်။

သို့သော်လည်း ဖူညီအစ်ကိုနှစ်ယောက်မှာတော့ ဖခင်ဖြစ်သူ ဆိုလိုရင်းအား နားလည်သွားကြပြီဖြစ်သည်။

ထက်မြက်သူတစ်ယောက်မှာ လျှို့ဝှက်ချက်အချို့အား သိထားလျှင်တောင်မှ ဇွတ်အတင်း ဖွင့်ဟပြောဆိုမည် မဟုတ်ပေ။

၎င်းမှာ ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ၊ ထိုသို့ပြောရန် မလိုအပ်သောကြောင့်သာ ဖြစ်သည်။

အထူးသဖြင့် သူတို့သည် သားအဖတွေ ဖြစ်ကြသလို၊ သူတို့ဆက်ဆံရေးမှာလည်း အလွန်အမင်း ရင်းနှီးလှသည်တော့ မဟုတ်ပေ။

ဖူဟန်တို့အဖွဲ့ နံနက် ၇ နာရီဝန်းကျင်တွင် ထွက်ခွာခဲ့ကြပြီး၊ နံနက်စာ စားချိန်ဖြစ်သည့် ၈ နာရီတွင် ဖူမိသားစု အိမ်တော်ကြီးသို့ ရောက်ရှိသွားကြသည်။

ချင်ချင် ထိုနေ့နံနက်က နို့တစ်ဗူး သောက်ထားပြီးပြီ ဖြစ် သည်။ သူမ ဗိုက်မဆာသေးသော်လည်း အသားမုန့်လုံးကြီး တစ်လုံးကိုတော့ စားနိုင်သေးသည်။

အကယ်၍ အသားမုန့်လုံးကြီးများသာ ရှိခဲ့လျှင်ပေါ့...

အိမ်တော်ကြီးမှ အစေခံများမှာ မိသားစု၏ မျိုးဆက်သစ်များ ရုတ်တရက် ပြန်ရောက်လာမည်ကို လုံးဝ ပြင်ဆင်ထားခြင်း မရှိသဖြင့် ခေတ္တမျှတော့ ပျာပျာသလဲ ဖြစ်သွားကြသည်။

ကံကောင်းထောက်မစွာဖြင့် အိမ်တော်ထိန်းကြီးကျုံး၏ ဦးဆောင်မှုအောက်တွင် လူတိုင်း ချက်ချင်းပင် တည်ငြိမ်သွားကြသည်။

မီးဖိုချောင်တာဝန်ခံ အစေခံမှာ နံနက်စာ ပိုမိုပြင်ဆင်ရန် စားဖိုမှူးအား အကြောင်းကြားရန် ချက်ချင်း ပြေးသွားတော့သည်။ ထို့ပြင် အသက်သုံးလေးနှစ်အရွယ် ကလေးတစ်ယောက် ပါလာသဖြင့် ကလေးများ နှစ်သက်မည့် အာဟာရဖြစ်စေမည့် အစားအစာများကိုပါ နံနက်စာစာရင်းတွင် ထည့်သွင်းရန် အထူးတလည် မှာကြားလိုက်ရသေးသည်။

အကဲခတ်မြန်သော အစေခံအချို့မှာ ဖူချန်းသယ်အား အသိပေးရန် အပေါ်ထပ်သို့ ပြေးတက်သွားကြပြီး၊ အိမ်တော်ထိန်းကြီးမှာတော့ ကျန်သည့်ဝန်ထမ်းများကို ခေါ်ကာ ကြိုဆိုရန် ထွက်လာခဲ့သည်။

"သခင်လေး... ဘာလို့ ရုတ်တရက်ကြီး ပြန်လာတာလဲ? အကြောင်းလည်း မကြားဘဲနဲ့၊ အိမ်မှာ ဘာမှ မပြင်ဆင်ထားရသေးဘူး..."

"ရပါတယ် ဦးလေးကျုံး"

ဖူဟန် အိမ်တော်ထိန်းကြီးကျုံးကို တားလိုက်ပြီး အိမ်ထဲသို့ တန်းတန်းမတ်မတ် လျှောက်ဝင်သွားသည်။

"ကလေးတွေကို သူတို့ ဘိုးဘိုးဘွားဘွားနဲ့ တွေ့ပေးဖို့ ခေါ်လာတာပါ၊ လူသိရှင်ကြား အကြီးအကျယ် လုပ်နေဖို့ မလိုပါဘူး"

သူ ချင်ချင့်လက်အား ဆုပ်ကိုင်ထားသည်။ ချင်ချင် ခေါင်းလေးမော့ကာ ဟိုဟိုဒီဒီ စပ်စုကြည့်နေသည်။ အိမ်တော်ထိန်းကြီးကျုံး၏ အကြည့်နှင့် မတော်တဆ ဆုံသွားသောအခါ သူမ သူ့အား ချိုချိုသာသာလေး ပြုံးပြလိုက်သည်။

အိမ်တော်ထိန်းကြီးကျုံးမှာ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားကာ ချင်ချင့်အကြည့်အား ရှောင်ရှားရန် ချက်ချင်းခေါင်းငုံ့လိုက်မိသည်။

ဒီကလေးမလေး... ဘာလို့ မဒမ်နဲ့ ဒီလောက်တောင် တူနေရတာလဲ?

သူသည် ဖူမိသားစု အိမ်ဟောင်း၏ကိစ္စအရပ်ရပ်အား စီမံခန့်ခွဲရရုံတင်မကဘဲ ဖူချန်းသယ်အတွင်းရေးမှူးတစ်ပိုင်း အဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ထို့ကြောင့် သူသည် အလွန်လျှို့ဝှက်သည့် ကိစ္စအချို့အား သိထားသည်။ သခင်ကြီးနှင့် မဒမ်တို့မှာ သခင်လေးနှစ်ယောက် မွေးဖွားပြီးကတည်းက နောက်ထပ် ကလေးမရခဲ့ကြကြောင်း အပါအဝင်ပေါ့။

ထို့ကြောင့် ဤမိန်းကလေးငယ်လေးမှာ သခင်ကြီးနှင့် မဒမ်တို့၏ကလေး လုံးဝမဖြစ်နိုင်ပေ။

သို့သော် သူမသည် မဒမ်နှင့် တစ်ပုံစံတည်း တူနေသည်။ ဖြစ်နိုင်သည်မှာ ကူးမိသားစုမှ နီးစပ်သည့် သွေးရင်းကလေးတစ်ယောက် ဖြစ်ပေလိမ့်မည်။

ချင်ချင့် တည်ရှိမှုအား မသိရှိထားသော အိမ်တော်ထိန်းကြီးမှာ ဖူဟန် ဖြန့်ဝေထားသည့် သတင်းအမှားကို လုံးဝမရိပ်မိဘဲ မိမိဘာသာ ခန့်မှန်းနေတော့သည်။

ဖြစ်နိုင်သည်မှာ နောက်ပိုင်းတွင် ထိုသတင်းအမှားအား ကြားရသည့်အခါ သူသည် သူ့ခန့်မှန်းချက်မှာ ပိုမိုပင် မှန်ကန်သည်ဟု တွေးတောကာ ဘာမှ သံသယမရှိဘဲ ယုံကြည်သွားပေလိမ့်မည်။

မည်သို့ပင်ဆိုစေ လူတို့သည် သူတို့ ယုံကြည်ချင်သည့် "အချက်အလက်" ကိုသာ ယုံကြည်တတ်ကြသည် မဟုတ်လား?

"သခင်လေး... သခင်ကြီးက အခုထိ မထသေးဘူး၊ ကျွန် တော် လူလွှတ်ပြီး နှိုးခိုင်းထားပါတယ်၊ အောက်ထပ်မှာပဲ ခဏ စောင့်ဦးမလား?"

ဖူဟန် အပေါ်ထပ်သို့ တက်ရန် ပြင်နေသည်ကို မြင်သော အခါ အတွေးလွန်နေသည့် အိမ်တော်ထိန်းကြီးမှာ သတိပြန်ဝင်လာပြီး ဖူဟန်နှင့် ကျန်သည့်သူများကို တားဆီးရန် အရှေ့သို့ အပြေးအလွှား ရောက်လာသည်။

မိဘများ နေမကောင်းဖြစ်နေသည့် အကြောင်းကို သခင်လေးနှင့် မြေးနှစ်ယောက်ကို လုံးဝ အသိမပေးရန် သခင်ကြီးက အမိန့်ထုတ်ထားခဲ့သည် မဟုတ်လား?

"ဦးလေးကျုံး?"

ဖူဟန် ရပ်လိုက်သည်။ သူ့မျက်လုံးများထဲတွင် သံသယများ ပြည့်နှက်နေသည်။

"ကျွန်တော် မိဘတွေကို သွားတွေ့ချင်ရုံတင်ပါ"

လူကြီးတွေကို သွားတွေ့တာပဲ၊ ဘာလို့ အိမ်တော်ထိန်းကြီးက ဒီလောက်အထိ တုံ့ပြန်နေရတာလဲ?

ယခင်က ဘာမှ မစဉ်းစားမိခဲ့သော ဖူဟန်မှာ ယခုမူ သံသယများ စတင်ဝင်လာပြီ ဖြစ်သည်။

"ကျွန်တော့် မိဘတွေ ဘယ်မှာလဲ?"

သူ့လေသံမှာ အနည်းငယ် အေးစက်သွားသည်။

ပုံမှန်ဆိုလျှင် ဤအချိန်၌ သူ့မိခင်မှာ ဥယျာဉ်ထဲတွင် စော စောထ၍ ပန်းရေလောင်းနေရမည် ဖြစ်သလို၊ သူ့ဖခင်မှာလည်း နံနက်ခင်းသတင်း ကြည့်နေခြင်း သို့မဟုတ် နံနက်စာ စားရန် လမ်းလျှောက်ရာမှ ပြန်လာခြင်းမျိုး ရှိရမည်ဖြစ်သည်။

သို့သော် ယခုမူ မည်သူ့ကိုမှ မတွေ့ရခြင်းမှာ သိသိသာသာပင် ပုံမှန်မဟုတ်ပေ။

သံသယစိတ် ဝင်လာသည်နှင့် အရာအားလုံးမှာ အဆိုးဆုံးဘက်သို့သာ ဦးတည်သွားတော့သည်။

"ဦးလေးကျုံး... ဖယ်ပေးပါ"

ဖူဟန် အတင်းအကျပ် တိုးဝင်သွားတော့သည်။

အိမ်တော်ထိန်းကြီးမှာ အိုမင်းနေပြီဖြစ်သဖြင့် သူ့အား မတားနိုင်ပေ။ အထူးသဖြင့် ဖူဟန်၏နောက်တွင် "ကာကွယ်ပေးသူ" နှစ်ယောက် ပါနေသည် မဟုတ်လား? ဖူညီအစ်ကိုနှစ်ယောက်၏ ကြားဝင်မှုကြောင့် သူ တားချင်လျှင်တောင် မတားနိုင်တော့ပေ။ ကျန်သည့် အစေခံများမှာ ဒါကို မြင်လျှင်တောင် ကြားဝင်ရန် မဝံ့ရဲကြပေ။

မည်သို့ပင်ဆိုစေ သူတို့သည် လစာစားဝန်ထမ်းများသာ ဖြစ်ကြပြီး အိမ်ရှင်များ၏ အပြုအမူအား ဝင်ရောက်စွက်ဖက်ခွင့် မရှိကြပေ။

ဖူမိဘများမှာ ငါးထပ်ရှိပြီး အလွန်ကျယ်ဝန်းသည့် ဤအိမ်ဟောင်းကြီး၏ ဒုတိယထပ်တွင် နေထိုင်ကြသည်။

သို့သော် လူကြီးများမှာ အလွန်မြင့်သည့် နေရာတွင် မနေလိုကြဘဲ၊ ပထမထပ်မှာလည်း ဟာလာဟင်းလင်း ဖြစ်နေသဖြင့် ဒုတိယထပ်ကိုသာ ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ဤနေရာတွင် ဓာတ်လှေကား မရှိသဖြင့် အပေါ်အောက် သွားလာရန် လှေကားကိုသာ အသုံးပြုရသည်။

ဖူဟန် တက်လာစဉ် လှေကားတွင် ဘီးတပ်ကုလားထိုင်များ တက်ဆင်းရန် အထောက်အကူပြုသည့် စက်တစ်ခု တပ်ဆင်ထားသည်ကို သတိပြုမိလိုက်သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ သိသာလှသည်။

သူ့မျက်နှာ ပိုမို ညိုမှောင်သွားကာ ခြေလှမ်းများ မြန်လိုက်ပြီး ဒုတိယထပ်သို့ ချက်ချင်းပင် ရောက်ရှိသွားတော့သည်။ ချင်ချင် လိုက်မမှီနိုင်သဖြင့် သူမအား ပွေ့ချီကာ ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ထည့်ထားလိုက်သည်။

တိတ်ဆိတ်နေသည့် ပထမထပ်နှင့် မတူဘဲ ဒုတိယထပ်မှာမူ အတော်လေး လှုပ်လှုပ်ရှားရှား ရှိနေသည်။

အခန်းတစ်ခု၏ တံခါးမှာ ဟင်းလင်းပွင့်နေပြီး ပြုစုစောင့်ရှောက်သူ ဝတ်စုံဝတ်ထားသည့် လူအချို့ အပြင်ဘက်တွင် ရပ်နေကြသည်။ အခန်းထဲမှတော့ အဘိုးအိုတစ်ဦး၏ အသံကျယ်ကြီး ထွက်ပေါ်နေသည်။

"မြန်မြန်... မြန်မြန် လုပ်ကြစမ်း၊ ဒီပစ္စည်းတွေကို အမြန် ဖယ်ပေးကြ၊ ပြီးတော့ တောက်ပတဲ့ အဝတ်အစားတစ်စုံ ယူလာခဲ့... မင်းတို့ကောင်စုတ်လေးတွေ၊ လာမှာကို ကြိုတောင် မပြောဘူး! အခုတော့ ဒီလူအိုကြီးမှာ ဘောင်းဘီ မီးလောင်သလို စောစောထနေရပြီ၊ စောစောထရတာ ဘယ်လောက်တောင် ကြာသွားပြီလဲ..."

သူ အစပိုင်းတွင် တခြားသူများအား လောဆော်နေသော် လည်း၊ နောက်ပိုင်းတွင်တော့ ဖူဟန်အပေါ် ဒေါသပုံချနေတော့သည်။

မနေ့ညက တစ်စုံတစ်ယောက်ကို အိမ်ပြန်လာဖို့ ငိုယိုအော် ဟစ် ပူဆာခဲ့သူမှာ သူ မဟုတ်သည့်အလား

"ဒီလောက်တောင် ဆဲနိုင်ဆိုနိုင်ပြီး အားအင်တွေ ရှိနေသေး တာပဲ၊ သူမလည်း သေချာပေါက် အဆင်ပြေမှာပါ"

ဖူဟန် အားမလိုအားမရ ခေါင်းခါလိုက်ပြီး ချင်ချင့်အား မြေပြင်ပေါ်သို့ ချပေးကာ၊ သူမ လက်အားဆွဲ၍ ဖခင်ဖြစ်သူ၏ အခန်းတံခါးဝသို့ လျှောက်လာခဲ့သည်။

အခန်းတွင်း မြင်ကွင်းကို မြင်လိုက်ရသည့် ခဏမှာပင် သူ့ခန့်ညားသော မျက်နှာပေါ်မှ အပြုံးများခဲသွားပြီး မျက် ဝန်းအိမ်များ ကျုံ့သွားကာ ဖူဟန် ထိုနေရာ၌ပင် တောင့်တောင့်ကြီး ရပ်နေမိတော့သည်။

တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။

သားဖြစ်သူ ရုတ်တရက် ရောက်လာမည်ဟု မျှော်လင့်မထားသော ဖူချန်းသယ်မှာလည်း အဝတ်လဲနေရာမှ တောင့်ခဲသွားရသည်။

သူ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် အဝတ်အစားများကို အမြန်ဆုံး လဲလှယ်လိုက်သည်။ ထို့နောက်တွင်တော့ မျက်နှာပျက်ပျက်ဖြင့် အနေရခက်စွာ မေးလိုက်သည်။

"မင်း... မင်း အကုန်မြင်သွားပြီပေါ့?"

"ဟုတ်ကဲ့"

ဖူဟန် တိုးတိုးလေး ပြန်ဖြေလိုက်သည်။ သူ့အကြည့်မှာ ဖခင်ဖြစ်သူအပေါ်တွင်သာ စွဲမြဲနေသည်။

"ကျွန်တော့်ကို တစ်ခုခု ရှင်းပြသင့်တယ် မဟုတ်လား?"

"ဘာကို... ရှင်းပြရမှာလဲ? အိမ်ကို တစ်ခါမှ မပြန်လာတဲ့ မင်းလို မလိမ္မာတဲ့သားမျိုးကို ငါ ပြောစရာဘာမှမရှိဘူး"

ဖူချန်းသယ် စကားလမ်းကြောင်းလွှဲကာ ပြန်ပက်လိုက်သည်။

"ဒီဆေးရုံခန်းလို ပြင်ဆင်ထားတာတွေက ဘာလဲ? ပါးပါးနဲ့ မားမားကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ? ပါးပါးတို့ ဒီလောက်အထိ နေမကောင်းဖြစ်နေတာကို ဘာလို့ ဘယ်သူမှ ကျွန်တော့်ကို မပြောကြတာလဲ?"

ဖူဟန့်ဆက်တိုက်မေးခွန်းများမှာ ဖူချန်းသယ်အား အကျပ် ရိုက်သွားစေသည်။

သို့သော်လည်း မြေခွေးအိုကြီးမှာ အလွယ်တကူ အရှုံးပေးမည့်သူ မဟုတ်ပေ။ သားဖြစ်သူ သူ့အား မေးခွန်းထုတ်နိုင်လျှင် သူကလည်း ပြန်လည် မေးခွန်းထုတ်နိုင်သည် မဟုတ်လား?

"ဘာကို ပြောရမှာလဲ? မင်းသာ အိမ်ကို ပုံမှန်ပြန်လာမယ်ဆိုရင် အရာအားလုံးကို သိနေမှာပေါ့!"

သူသည် သားဖြစ်သူမှ မိဘများဆီ လာမတွေ့ခြင်းကို အပြစ်တင်လိုရင်း မဟုတ်သော်လည်း သူ့စကားလုံးများမှာ ထိုသို့သော အဓိပ္ပာယ် သက်ရောက်နေသည်။

ဖူဟန် ချက်ချင်းပင် တိတ်ဆိတ်သွားပြီး လေထုမှာထပ် မံ၍ တင်းမာလာပြန်သည်။

ပြုစုစောင့်ရှောက်သူများသည်လည်း ဤသားအဖ တိုက်ပွဲကြားထဲ မပါဝင်မိစေရန် အသက်ပင် မရှူဝံ့ကြပေ။

ခဏအကြာတွင် ဖူချန်းသယ် သူ့ ပြင်းထန်သော သဘော ထားအတွက် နောင်တရလာသည်။

မည်သို့ပင်ဆိုစေ သူ့သားမှာ အိမ်ကို အလာနည်းလှသည် မဟုတ်လား? သူ သားဖြစ်သူအား နှင်ထုတ်သလိုမဖြစ်စေချင်ပေ။

သူ အနေရခက်စွာဖြင့် လေထုကို လျှော့ချရန်ကြိုးစားလိုက်သည်။

"တကယ်တော့ ပါးက အဲ့လိုသဘောနဲ့ ပြောတာ မဟုတ်ပါဘူး၊ မင်းလည်း အလုပ်တွေနဲ့ အားမှာမဟုတ်ဘူးဆိုတာ ငါ သိ..."

"ကျွန်တော် တောင်းပန်ပါတယ်"

ထိုရုတ်တရက် တောင်းပန်စကားကြောင့် အရာအားလုံး ရပ်တန့်သွားရသည်။

"မင်း ဘာပြောလိုက်တယ်?"

ဖူချန်းသယ် အံ့အားသင့်စွာဖြင့် မေးလိုက်မိတော့သည်။

All Chapters