အခန်း (၁၀၁)
Vol. 12 Ch. 101
🍼 Chapter 101
ဖူချန်းသယ် မှတ်ဉာဏ်ထဲတွင်မူ သူ့စိတ်တိုတတ်သော အကျင့်ဆိုးများကို အမွေဆက်ခံထားသည့် သားဖြစ်သူသည် တောင်းပန်စကားဆိုသည်မှာ ဘာမှန်းပင် သိသူမဟုတ်ပေ။ ထို့ကြောင့်လည်း ယနေ့ သားဖြစ်သူထံမှ တောင်းပန် စကားကို ကြားလိုက်ရသည့်အခါ ဖူချန်းသယ်မှာ အံ့ဩတုန်လှုပ်သွားရခြင်း ဖြစ်သည်။
ဖူဟန်သည်လည်း အနည်းငယ် အနေရခက်နေပုံရသည်။ ချင်ချင့်နားတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီး နောက်တွင်မူ ယခင်က ပြောထွက်ရန် ခက်ခဲလှသော ထိုစကားလုံးများမှာ ယခုအခါတွင် အလိုအလျောက်ပင် နှုတ်ဖျား၌ ကျင့်သားရနေပြီဖြစ်သည်။
မည်သို့ပင်ဆိုစေ ချင်ချင်သည် အရာရာကို အလေးအနက်ထားတတ်သည့် ကလေးငယ်တစ်ဦး မဟုတ်လား? အကယ်၍ တစ်စုံတစ်ခု မှားယွင်းသွားလျှင်ဖြစ်စေ၊ သူမအား စိတ်ဆိုးအောင် လုပ်မိလျှင်ဖြစ်စေ သေချာစွာ တောင်းပန်ခြင်း မပြုသရွေ့ ထိုကလေးမလေးက လုံးဝခွင့်လွှတ်မည်မဟုတ်ပေ။
"အတော်လေး... အတော်လေး နောက်ကျနေပြီပဲ၊ အရင်ဆုံး အောက်ထပ်ဆင်းပြီး စားကြစို့၊ ကလေးကို ဗိုက်ဆာ အောင် မထားနဲ့တော့"
ဖူဟန်သာ အနေရခက်နေသည်မဟုတ်ဘဲ ဖူချန်းသယ်သည်လည်း အားတုံ့အားနာ ဖြစ်နေမိသည်။
သူ အစောပိုင်းက မြည်တွန်တောက်တီးနေသည်များကို မေ့လျော့သွားပုံရကာ တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ရပ်၍ အပြင်သို့ ထွက်လာခဲ့သည်။
ဖခင်ဖြစ်သူ သူ့ဘေးမှ ဖြတ်သွားသည့်အခါ ဖူဟန် တိတ်ဆိတ်စွာပင် လက်ကိုဆန့်ထုတ်ကာ ဖခင်၏လက်မောင်း အား တွဲကူလိုက်သည်။
ဖူချန်းသယ် အလိုအလျောက်ပင် လက်ကိုရုန်းရန် ကြိုးစားလိုက်သော်လည်း သူ မလှုပ်ရှားနိုင်မီမှာပင် အခြားလက် တစ်ဖက်ကို နူးညံ့လှသော လက်ကလေးတစ်စုံဆုပ်ကိုင်ထားလိုက်ပြီဖြစ်သည်။
"ဘိုးဘိုး... ချင်ချင့်ကို ကူပေးခွင့်ပြုပါနော်"
ဖူချန်းသယ်အောက်စိုက်နေသော အကြည့်များနှင့် ဆုံမိသည့်အခါ ချင်ချင် သွားလေးတွေပေါ်အောင် ရယ်ပြလိုက် သည်။ သူမ၏ချစ်စဖွယ် အမူအရာလေးကို မြင်လျှင် မည်သူမှ ငြင်းဆန်နိုင်မည် မဟုတ်ပေ။
"လိမ္မာလိုက်တဲ့ ကလေး"
ကလေး၏လက်ကလေးကို အသာအယာဆုပ်ကိုင်လိုက်ရင်း ဖူချန်းသယ် ဤတစ်ကြိမ်တွင်မူ ကလေး စိတ်ထိခိုက်မည်စိုး၍ မငြင်းရဲတော့ပေ။
ချင်ချင်နှင့် ဖူဟန်တို့ တစ်ဖက်တစ်ချက်စီမှနေ၍ ဖူချန်းသယ်အား အောက်ထပ်သို့တွဲခေါ်လာခဲ့ကြသည်။
အဘိုးအိုမှာ ခြေလှမ်းမမှန်ဘဲ အနည်းငယ်လျှောက်ရုံနှင့် အသက်ရှူပင် မောနေရှာသည်။ သို့သော်လည်း သူ့ကျော ကို မတ်မတ်ထားကာ အနည်းငယ်မျှပင်ငုံ့မသွားစေရန် ဇွဲဖြင့် ကြိုးစားနေဆဲပင်။
ဖူချန်းသယ် လှေကားအတိုင်း ဆင်း၍မရသဖြင့် ဘီးတပ်ကုလားထိုင် အထောက်အကူပြုစက်ကို အသုံးပြုရသည်။ ထိုသို့ပင် ဖြစ်လင့်ကစား ဖူဟန် လမ်းတစ်လျှောက်လုံး သူ့ဖခင်လက်အား လုံးဝမလွှတ်ခဲ့ပေ။
သူ့ နောင်တများကို နှုတ်ဖြင့် ဖွင့်မပြောသော်လည်း လုပ်ရပ်များဖြင့်သာ အမှားအား ပြင်ဆင်နေမိသည်။
မိသားစုဝင်အားလုံး နံနက်စာစားရန် အောက်ထပ်သို့ ရောက်ရှိလာကြသည်။ စားဖိုမှူးသည် လူတိုင်း၏ အကြိုက်အား ဖြည့်ဆည်းပေးနိုင်မည့် ခမ်းနားလှသော စားဖွယ်စုံ ပြင်ဆင်ထားပြီး ဖြစ်သည်။
ဖူချန်းသယ် ထိပ်ဆုံးနေရာတွင် ထိုင်လိုက်ပြီး၊ ဖူဟန်ကလည်း ချင်ချင့်အား ဦးဆောင်ကာ သူ့ဘယ်ဘက်တွင် ဝင်ထိုင်လိုက်သည်။ ကျန်သည့်သူများကလည်း အသီးသီး နေရာယူလိုက်ကြသည်။
ဖူမိသားစုတွင် "စားနေစဉ်နှင့် အိပ်နေစဉ် စကားမပြောရ" ဟူသော တင်းကျပ်သည့် စည်းကမ်းမရှိသော်လည်း၊ အားလုံးကပင် တိတ်ဆိတ်စွာ စားသောက်ရန် ရွေးချယ်ထားကြပြီး သူတို့ကိုယ်သူတို့ မရှိသယောင်ပင် နေနေကြသည်။
ဤကဲ့သို့ တိတ်ဆိတ်နေသည့် အချိန်တွင် ကလေးငယ်၏ အသံလေးမှာ သိသိသာသာ ထွက်ပေါ်လာသည်။
"ချင်ချင် မုန့်လုံးလေး စားချင်တယ်"
ချင်ချင်မှာ ဖူဟန် ကျွေးသည့် ဆန်ပြုတ်ကို ငြင်းဆန်လိုက်ကာ အခြားတစ်ဖက်ရှိ အသားကင်မုန့်လုံးလေးများ ကိုသာ အတင်းအကျပ် တောင်းဆိုနေသည်။
အသားကင်မုန့်လုံးများနှင့် အနီးဆုံးတွင် ရှိနေသော ဖူစစ်ကျင်းမှာ ချက်ချင်းပင်မုန့်များကိုယူကာ ချင်ချင့်ရှေ့သို့ ချပေးလိုက်သည်။ ဖူဟန် ချင်ချင် ငြင်းလိုက်သည့် ဆန်ပြုတ်ဇွန်းကို မိမိပါးစပ်ထဲသို့ အသာအယာ ထည့်လိုက်ပြီးမှ၊ မုန့်လုံးလေးအားယူ၍ ချင်ချင် စားရလွယ်အောင် အပိုင်းအစလေးများဖဲ့ပေးကာ ခွံ့ကျွေးနေတော့သည်။
ဖူချန်းသယ် မျက်လုံးအပြူးသားဖြင့် အံ့ဩတုန်လှုပ်သွားရသည်။
သူ ဘာကို မြင်နေရတာလဲ?
သူ့ အေးစက်ပြီး အာဏာရှိလှသော သားဖြစ်သူ၊ အညစ်အကြေးကို အလွန်ပင်စက်ဆုပ်တတ်သည့် သားဖြစ်သူမှာ အခုတော့ တခြားသူ၏အကြွင်းအကျန်ကို စားနေသည့်အပြင် ကလေးကိုလည်း ဝတ္တရားမပျက် ခွံ့ကျွေးနေသည် တဲ့လား!
နေမင်းကြီးများ အနောက်ဘက်က ထွက်လာလေသလား?
အဘိုးအိုမှာ နေမင်းကြီးများ မြောက်ဘက် သို့မဟုတ် အနောက်ဘက်သို့ ရောက်နေသလားဟု အမှတ်မထင် လှမ်းကြည့်မိတော့သည်။
ဖြစ်နိုင်သည်မှာ သူ့ချဲ့ကားလှသော လှုပ်ရှားမှုမှာ ဖူဟန် အာရုံကို ဖမ်းစားသွားခြင်းပင် ဖြစ်ပေလိမ့်မည်။
ဖူဟန် သူ့တူကိုကိုင်ကာ ဖခင်ဖြစ်သူပန်းကန်ထဲသို့ ပြောင်းဖူးတစ်ဖတ် ထည့်ပေးလိုက်သည်။
"ပါးပါးရဲ့ သွေးချိုကအရမ်းမြင့်နေတယ်၊ ခေါက်ဆွဲတွေ ဆန်ပြုတ်တွေနဲ့ မသင့်တော်ဘူး၊ ဒါပဲ စားပါ"
"ငါ စားချင်တာ ငါ စားမှာပေါ့၊ မင်းနဲ့ ဘာဆိုင်လို့လဲ!"
ဖူချန်းသယ် ပြောင်းဖူးအား ဖယ်ထုတ်ရန်ပြင်လိုက်သော်လည်း မျက်စိလျင်သည့် ချင်ချင်က မြင်သွားသည်။
"ဘိုးဘိုးက အစားအစာရွေးနေလို့ မရဘူးလေ!"
ကလေးမလေးမှာ အသံကျယ်ကျယ်ဖြင့် အော်လိုက်ရာ ဖူမိသားစုဝင် အားလုံး၏အာရုံကိုသာမက၊ အစေခံများနှင့် ပြုစုစောင့်ရှောက်သူများပါ ပြုံးစိစိဖြင့် လှမ်းကြည့်မိသွားကြသည်။
ဖူချန်းသယ်မှာ တောင့်ခဲသွားရသည်။ "..."
ဒီကလေးလေးကတော့ သူ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ရန်စနေတာပဲ!
ပြုစုစောင့်ရှောက်သူမှာတော့ စိတ်ပူသွားရသည်။ စိတ်တိုတတ်သည့် အဘိုးကြီး ဒေါသထွက်သွားမည်ကို ကြောက်မိသည်။
ဖူချန်းသယ် မျက်နှာဆူဆူဖြင့် တူကိုင်ထားသည့် လက်အား မြှောက်လိုက်သော်လည်း... ပြောင်းဖူးကို ပြန်ထည့်လိုက်ကာ ဘာမှမပြောဘဲ တိတ်တဆိတ် စားလိုက်တော့သည်။
ဖူဟန့် မျက်ဝန်းထဲတွင် အပြုံးရိပ်တစ်ခု ဖျတ်ခနဲ ပေါ်လာပြီး ဖူချန်းသယ် ပန်းကန်ထဲသို့ ကြက်ဥပြုတ်နှင့် သစ်သီးအချို့ ထပ်ထည့်ပေးလိုက်သည်။
ထိုအစားအစာများမှာ အဘိုးအို အထူးတလည် ကြိုက်နှစ်သက်သည့် အရာများမဟုတ်ပေ။ သူ ငြင်းဆန်ချင်သော်လည်း သားဖြစ်သူ၏ ရှားရှားပါးပါး ဂရုစိုက်မှုနှင့် ချင်ချင့်၏ မျက်တောင်မခတ် စောင့်ကြည့်မှုအောက်တွင် အံကြိတ်ကာ စားလိုက်ရတော့သည်။
ဟွန်း... သူက ကလေးမလေး ငိုမှာစိုးလို့သာ စားတာပါ၊ သားကို ကြောက်လို့ မဟုတ်ပါဘူး။
ဤနံနက်စာမှာ အနေရခက်သော်လည်း နွေးထွေးမှုရှိနေသည်။ အဓိက ဇာတ်ဆောင်များဖြစ်သည့် ဖူဟန်နှင့် ဖူချန်းသယ်တို့သာမက၊ အနားတွင် ထိုင်နေကြသော ဖူညီအစ်ကိုများပင်လျှင် အနည်းငယ် အမ်းအမ်းတမ်းတမ်း ခံစားနေရသည်။
ကံကောင်းထောက်မစွာဖြင့် ထိုအနေရခက်မှုမှာလည်း အဆုံးသတ်သွားခဲ့သည်။
ဖူဟန် တူကို ချလိုက်ခြင်းမှာ အချက်ပြတစ်ခုသကဲ့သို့ပင်။ သူ ဗိုက်ဝသွားပြီဖြစ်ကြောင်း မြင်လိုက်ရသည်နှင့် ကျန်သည့်သူများလည်း ချက်ချင်းပင် တူများကိုချလိုက်ကြရာ အချို့ဆီမှ သက်ပြင်းချသံသဲ့သဲ့ကိုပင် ကြားလိုက်ရသည်။
ဖူဟန် လက်သုတ်ပုဝါကိုယူကာ ချင်ချင့်ပါးစပ်ကို သုတ်ပေးလိုက်ပြီးမှ ဖခင်ဖြစ်သူအား မော့ကြည့်သည်။
"မားမား ဘယ်မှာလဲ?"
အစောပိုင်းက မမေးခဲ့ခြင်းမှာ မိခင်ဖြစ်သူ၏ အခြေအနေမှာလည်း ကောင်းမည်မဟုတ်ကြောင်း သူ ကြိုတင်သိရှိထားသောကြောင့် ဖြစ်သည်။ ဖူဟန် မိသားစု၏ လေထုအား ချက်ချင်း မဖျက်ဆီးလိုသကဲ့သို့၊ အိမ်ပြန်ရောက်လာပြီ ဖြစ်သဖြင့် မိခင်အခြေအနေကို တစ်ချိန်မဟုတ် တစ်ချိန် သိရမှာဖြစ်သောကြောင့် ယခုအချိန်အထိ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
"မင်းမားမားက... မင်းမားမားက... အိပ်နေတယ်၊ ဟုတ်တယ် သူ အိပ်နေတာ"
ဖူချန်းသယ် သားဖြစ်သူ၏စူးစမ်းသော အကြည့်များကို ရှောင်လွှဲရန် ခေါင်းငုံ့လိုက်သည်။
"ကျွန်တော် သွားကြည့်မယ်"
ဖူဟန်မှာ ဖူချန်းသယ်အား တုံ့ပြန်ရန် အချိန်မပေးဘဲ မတ်တပ်ရပ်ကာ အပေါ်ထပ်သို့ ပြေးတက်သွားတော့သည်။
သူ့ကို မတားနိုင်တော့သဖြင့် ဖူချန်းသယ် ပြုစုစောင့်ရှောက်သူအား သူ့ကို အပေါ်ထပ်သို့ အမြန်တွန်းပို့ရန် လောဆော်ရတော့သည်။
လူတစ်စုမှာ ဖူမိသားစု၏ သခင်မကြီးရှိရာ အခန်းတံခါးဝသို့ အပြေးအလွှား လိုက်ပါသွားကြသည်။ ဟင်းလင်းပွင့်နေသည့် တံခါးကို မြင်လိုက်ရသည့်အခါ အားလုံး ခြေလှမ်းများ ရပ်တန့်သွားကြသည်။
သူတို့ ရှေ့သို့ မတိုးရဲကြပေ။ အသိစိတ်မှ သတိပေးချက်များ ထုတ်ပြန်နေသည်။ အကယ်၍ အခုအချိန်မှာ ဝင်ရောက်နှောင့်ယှက်မိ လျှင် အကျိုးဆက်က ဆိုးရွားပေလိမ့်မည်။
အားလုံးထဲတွင် ဖူချန်းသယ်တစ်ဦးတည်းသာလျှင် မျက်နှာအေးစက်စွာဖြင့် ပြုစုစောင့်ရှောက်သူ၏ အကူအညီအား ဖယ်ထုတ်ကာ ဇနီးဖြစ်သူရှိရာ တံခါးဝဆီသို့ တုန်တုန်ယင်ယင်ဖြင့် လျှောက်သွားခဲ့သည်။
"တီ... တီ... တီ..."
နှလုံးခုန်တိုင်းစက်မှ ထွက်ပေါ်နေသော အသံမှာ အလွန်ပင် ရှင်းလင်းနေသလို၊ ကျောက်ကပ်ဆေးစက် လည်ပတ်နေသည့် သဲ့သဲ့အသံကိုလည်း ကြားနေရသည်။
"ဒါက ဘယ်လောက်တောင် ကြာပြီလဲ?"
ဖူဟန့် အသံမှာ အနည်းငယ် တုန်ယီနေသည်။
"သိပ်မကြာသေးပါဘူး၊ တစ်နှစ်ခွဲလောက်ပဲ ရှိပါသေးတယ်"
ဖူချန်းသယ် အသံမှာ ခဏချင်းအတွင်း ဆယ်နှစ်လောက် အိုမင်းသွားသကဲ့သို့ပင်။
"ဘာလို့ ကျွန်တော့်ကို မပြောခဲ့တာလဲ?"
ဖူဟန် မျက်ဝန်းအိမ်များမှာ နီရဲလာပြီဖြစ်သည်။
"မင်းမားမားက မပြောပါနဲ့လို့ တားထားလို့ ငါလည်း မပြောရဲခဲ့တာ"
ဖူချန်းသယ် အခန်းထဲသို့ ဖြည်းညှင်းစွာ လျှောက်ဝင်သွားပြီး ကုတင်ဘေးရှိ တစ်ယောက်ထိုင် ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။
"တကယ်တော့ မင်းဇနီး သိပါတယ်၊ သူမ မင်းကိုပြောပြလိမ့်မယ်လို့ ငါတို့ ထင်ခဲ့တာ၊ အဲ့ဒါကြောင့် ငါတို့ အကြာကြီး စိုးရိမ်နေခဲ့တာ"
နောက်ဆုံးမှာတော့ ကြားလိုက်ရသည်မှာ ချွေးမဖြစ်သူ နိုင်ငံခြားသို့ ခရီးထွက်သွားသည်ဟူသော သတင်းနှင့်၊ စုံစမ်းကြည့်လိုက် သည့်အခါ သူတို့နှစ်ဦးမှာ ကွာရှင်းရန်ပြင်ဆင်နေကြသည်ဟူသော အချက်ပင်။ ဤသည်မှာ ဖူချန်းသယ်၏နှလုံးသားအား ချက်ချင်း အေးစက်သွားစေခဲ့သည်။
သူသည် ချွေးမဖြစ်သူမှာ မိဘအားပစ်ပယ်သူ သို့မဟုတ် နှလုံးသားမရှိသူဟုမယူဆခဲ့ပေ။ ၎င်းမှာ သားဖြစ်သူ၏အမှားကြောင့်သာ ဖြစ်မည်ဟု သူ ခံစားရသည်။
မခံမရပ်နိုင်လောက်သည့် အခြေအနေသို့ မရောက်ခဲ့လျှင် ချွေးမဖြစ်သူမှာ သားဖြစ်သူအား လုံးဝစွန့်ခွာသွားမည် မဟုတ်ပေ။
သို့သော် လူတို့သည် အသက်ကြီးလာသည်နှင့်အမျှ သားသမီးများ စည်းလုံးညီညွတ်စွာ နေထိုင်ကြသည်ကို မြင်လိုကြပြီး မိသားစု ပျော်ရွှင်သည်ကိုသာ တွေ့လိုကြသည်မဟုတ်ပါလား။
မနေ့က ဖိတ်ကြားလိုက်ခြင်းမှာလည်း အဘိုးအို၏ နောက်ဆုံး ကြိုးစားအားထုတ်မှုပင်။ အကယ်၍ အဆင်ပြေခဲ့လျှင် ကောင်း သော်လည်း၊ အဆင်မပြေခဲ့လျှင်လည်း သူ ကံကြမ္မာကိုသာ လက်ခံလိုက်မည်ဖြစ်သည်။ သို့သော် ဖူချန်းသယ်နှင့် သူ့ဇနီးသည်မှာ ကူးချင်ချင်အား သူတို့ချွေးမအဖြစ် အမြဲတမ်းလက်ခံနေမည်သာ။
"သူ ကျွန်တော့်ကို မပြောပြနိုင်ခဲ့ဘူး"
'မပြောပြခဲ့တာ' မဟုတ်ဘဲ 'မပြောပြနိုင်ခဲ့တာ' ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကူးချင်ချင်မှာ ချင်ချင်လေး ဖြစ်သွားခဲ့သဖြင့် သူမ အသက်အရွယ်နှင့် မှတ်ဉာဏ်များ အပါအဝင် အရာအားလုံး ဆုံးရှုံးသွားခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် သူမသည် ယောက္ခမများ၏ ပြင်းထန်သော ဖျားနာမှုအား မှတ်မိရန် မဖြစ်နိုင်သကဲ့သို့၊ ဖူဟန်ကိုလည်း ပြောပြနိုင်စွမ်း မရှိခဲ့ခြင်းဖြစ်သည်။
ဖူဟန် အဘယ်ကြောင့် ထိုအချက်အား ယခုထိ အလေးပေးနေမိသည်ကို မသိသော်လည်း၊ သူသည် အချိန်ကို တကယ်ကို... တကယ်ကိုနောက်ပြန်လှည့်ချင်နေမိသည်။
သူ အများကြီး မလိုအပ်ပါ၊ ဇနီးဖြစ်သူ ကိုယ်ခန္ဓာ မကျုံ့သွားမီ အချိန်သို့ ပြန်သွားနိုင်ရုံဖြင့် သူ အလုပ်အားလုံးကို ဖျက်သိမ်းကာ အိမ်သို့ အပြေးအလွှား ပြန်လာမည်ဖြစ်သည်။ ထို့နောက် သူမရှေ့တွင် ဒူးထောက်ကာ ခွင့်လွှတ်ပေးရန် တောင်းပန်မိပေလိမ့်မည်။
ချင်ချင်လေး ကိုယ်ခန္ဓာကျုံ့သွားသည့် နေ့မှစ၍ ဖူဟန် အကြောင်းရင်းအား စုံစမ်းခဲ့သည်။
တစ်နှစ်ခွဲခန့် ကုန်ဆုံးသွားခဲ့ပြီးနောက် သူ တိုးတက်မှုအချို့ ရရှိခဲ့ပြီ ဖြစ်သည်။
အမှန်တကယ်တော့ ချင်ချင် အဘယ်ကြောင့် ကျုံ့သွားသလဲဆိုသည့်အချက်ကို ဖူဟန် ခန့်မှန်းမိပြီးသား ဖြစ်သည်။
၎င်းမှာ အတင်းအကျပ် ခိုင်းစေခံရခြင်း မဟုတ်ဘဲ၊ သူမကိုယ်တိုင်၏ရွေးချယ်မှုသာ ဖြစ်သည်။
လျှို့ဝှက်ဆန်းပြားသည့် အင်အားတစ်ခုခုမှ သူမ ဆုတောင်းသံကို ကြားသွားခဲ့ပြီး၊ အကြောင်းပြချက် တစ်ခုခုကြောင့် ထိုဆုတောင်း အား ဖြည့်ဆည်းပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထာဝရကင်းမဲ့နေသော ကလေးငယ်တစ်ဦးအဖြစ် ရှင်သန်ရန်ပင်။
နောက်ဆုံးရလဒ်အနေဖြင့် ချင်ချင့်ဆုတောင်းမှာ ပြည့်ဝသွားခဲ့သည်။
သူမသည် ခန္ဓာကိုယ်ကျုံ့သွားခဲ့ကာ နောက်တစ်ကြိမ် ပြန်လည်ကြီးပြင်းလာတော့မည် မဟုတ်ပေ။ အပြစ်ကင်းစင်သော နဂိုမူလဘဝသို့ ပြန်လည်ရောက်ရှိသွားခဲ့ကာ ထာဝရ ပူပန်မှုကင်းသည့် ကလေးငယ်တစ်ဦးအဖြစ်သာ ရှင်သန်သွားတော့မည် ဖြစ်သည်။
သို့သော် ထိုမတရားမှုကြီးမှာ ချင်ချင့်အား အမှန်တကယ် ဂရုစိုက်ကြသူများအတွက်တော့ အလွန်ပင် ရက်စက်လွန်းနေသည် မဟုတ်လား?
ဖူဟန် ထိုအကြောင်းအား ဆက်မတွေးဝံ့တော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုမတရားမှုနှင့် ယှဉ်လျှင် သူတို့ကိုယ်တိုင် ချင်ချင့်အပေါ် ပေးခဲ့သည့် နာကျင်မှုများမှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်နေသောကြောင့် ဖြစ်သည်။
"မင်းလိုကောင်စုတ်က ဘာတွေ လာလုပ်ပြနေတာလဲ! မင်းမိဘတွေ မသေသေးဘူးကွ! ဒီလောက်အထိ ငိုချင်းချဖို့ မလောပါနဲ့ဦး!"
ရုတ်တရက် ထွက်ပေါ်လာသော အော်ဟစ်သံကြောင့် ဖူဟန် သတိပြန်ဝင်လာခဲ့သည်။
သူ ရုတ်ချည်းပင် ဒေါသချောင်းချောင်းထွက်နေသည့် ဖခင်ဖြစ်သူအား ကြည့်လိုက်ရာ၊ ဝေဝါးနေသော သူ့မျက်ဝန်းများမှာ တဖြည်းဖြည်း ပြန်လည်ကြည်လင်လာသည်။
"တောင်းပန်ပါတယ်"
နောက်ထပ် တောင်းပန်စကားတစ်ခွန်း
ဤတစ်ကြိမ်တွင်မူ ဖူချန်းသယ်မှာ အစောပိုင်းကကဲ့သို့ အံ့ဩမနေတော့ဘဲ ထိုစကားကို နားထဲ၌ အလွန်ပင် ကန့်လန့်ဖြစ်နေပုံရသည်။
သူ နားကိုကလော်သည့်ဟန် လုပ်ပြရင်း ရွံရှာသည့်အမူအရာဖြင့် "တစ်နေ့လုံး တောင်းပန်ပါတယ်ပဲ ပြောမနေနဲ့၊ အဲ့ဒီလို ပျော့ညံ့နေတဲ့ပုံစံက မင်းနဲ့ မလိုက်ဖက်ဘူး"
"ကျွန်တော့်အကြောင်း ကောင်းကောင်းလေး တစ်ခွန်းလောက် မပြောနိုင်ဘူးလား?"
ဖူဟန်မှာ အနည်းငယ် အားမလိုအားမရ ဖြစ်သွားသော်လည်း ထိုအဘိုးအိုနှင့် အခြေအတင် မဖြစ်လိုတော့ပေ။
သူသည် ဖခင်ဖြစ်သူ ဘေးတွင် သိမ်သိမ်မွေ့မွေ့ ဖိသိပ်ထားသည့် ဆေးမှတ်တမ်းများကို ကောက်ယူကာ သေချာစွာ လှန်လှောကြည့်ရှုလိုက်သည်။
ဖတ်ရှုနေရင်းနှင့်ပင် ဖူဟန့်လေးလံနေသော နှလုံးသားမှာ တဖြည်းဖြည်း ပေါ့ပါးလာခဲ့သည်။
အခြေအနေမှာ အကောင်းကြီး မဟုတ်သေးသော်လည်း၊ အနည်းဆုံးတော့ သူစိုးရိမ်ထားသကဲ့သို့ အဆိုးဆုံးအခြေအနေတော့ မဟုတ်သေးပေ။
သူ့မိခင် အခြေအနေမှာ အတော်လေး စိုးရိမ်ရသည်မှာ မှန်ပါသည်။ သူမတွင် ဆီးချိုရောဂါကြောင့်ဖြစ်သော ကျောက်ကပ်ပျက်စီးမှု ဝေဒနာ ခံစားနေရခြင်း ဖြစ်သည်။
အဘွားအိုမှာ ကိုယ်ခံအားနည်းလှပြီး အသက်လည်း အလွန်ကြီးနေပြီဖြစ်သဖြင့် ဆရာဝန်များမှ ကျောက်ကပ်အစားထိုးရန် အကြံမပြုကြပေ။ အကယ်၍ အစားထိုးနိုင်ခဲ့လျှင်တောင်မှ နှစ်အနည်းငယ်ထက် ပို၍ အသက်မရှည်နိုင်တော့ရာ၊ ကျောက်ကပ် ဆေးခြင်းတစ်ခုတည်းသာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာသည်။
အကယ်၍ ကျောက်ကပ်ပုံမှန်ဆေးပြီး ရောဂါအခြေအနေအား သေချာထိန်းချုပ်နိုင်မည်ဆိုလျှင် နောက်ထပ် ဆယ်နှစ်ခန့် အသက်ရှည်ရန်မှာ ပြဿနာကြီးကြီးမားမား မရှိနိုင်ပေ။
သူ့ဖခင် အခြေအနေမှာ ပို၍ရိုးရှင်းသည်။ သာမန်အအေးမိခြင်းနှင့် အနည်းငယ်မျှသော လေပြွန်ရောင်ရောဂါသာ ဖြစ်သည်။
အဘိုးအိုမှာ မကြာသေးမီကမှ ဖျားနာခဲ့ခြင်း ဖြစ်ရမည်။ ဆရာဝန်အနေဖြင့် ရောဂါမြစ်ဖျားခံရာ အရင်းအမြစ်ကို "အမြစ်ပြတ်" အောင် အရင်လုပ်ပြီးမှသာ တစ်ဆင့်ချင်း ကုသပေးရန် လိုအပ်ပေလိမ့်မည်။
ထို့ကြောင့်ပင် သူ့အခြေအနေ ကြည့်ရသည်မှာ အလွန်စိုးရိမ်ရပုံပေါက်နေခြင်း ဖြစ်သည်။ အမှန်တကယ်တော့ စနစ်တကျ ကုသမှုခံယူမည်ဆိုလျှင် တစ်ပတ်မှ နှစ်ပတ်အတွင်း အရှင်းပျောက်ကင်းသွားပေလိမ့်မည်။
အခုကြည့်လေ... အခုထိ အားပါပါနဲ့ ဆဲဆိုကြိမ်းမောင်းနိုင်နေတာပဲ၊ အဘိုးကြီးက စိတ်ဓာတ်တော့ တက်ကြွနေဆဲပင်။
ဒါပေမဲ့... အဓိကအချက်ကတော့ ဖူချန်းသယ် ကုသမှုအား ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိရမည်ဖြစ်သည်။
ဖူဟန်၏ မျက်နှာ အေးစက်သွားကာ တစ်ဖက်လူအား ရှိန်သွားစေလောက်သည့် အရှိန်အဝါမျိုး ထွက်ပေါ်လာသည်။
"ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်၊ ပြီးတော့ စပ်ပြီး အဆီအဆိမ့်များတဲ့ အစားအစာတွေ စားတယ်... ပါးက ကိုယ့်အခြေအနေကိုယ် မဆိုးသေးဘူးထင်လို့ ပိုဆိုးအောင် လုပ်နေတာလား?"
ဖူချန်းသယ်၏ တာဝန်ခံဆရာဝန်မှာ တိုင်တောရန် ကြံရွယ်ထားလေသလား မသိပေ။ ဆေးမှတ်တမ်းထဲတွင် ရောဂါအကြောင်း ရင်းနှင့် ကုသရန်အကြံပြုချက်များသာမက၊ အဘိုးအို၏ ကုသမှုအပေါ် ထားရှိသည့် သဘောထားကိုပါ အထူးတလည် မှတ်တမ်းတင်ထားသည်။
သူ ကုသမှုခံယူနေစဉ်အတွင်း လုပ်ဆောင်ခဲ့သမျှ "ကောင်းမှုကုသိုလ်" အားလုံးကို စာလုံးအကြီးကြီးများဖြင့် သေသေချာချာ ရေးသားထားရာ၊ တခြားသူများ နားမလည်မည်ကို စိုးရိမ်နေသည့်အလားပင်။
သူ့မလိုက်နာသည့် သဘောထားမှာ အထင်အရှားရှိနေသဖြင့် ဖူဟန်အနေဖြင့် လျစ်လျူရှုချင်လျှင်ပင် မရနိုင်တော့ပေ။