← Chapters

အခန်း (၁၀၂)

Vol. 12 Ch. 102

အခန်း (၁၀၂)

Vol. 12 Ch. 102

🍼 Chapter 102

"..."

သားဖြစ်သူ၏ ကြိမ်းမောင်းမှုကို ခံလိုက်ရသဖြင့် ဖူချန်းသယ် ဆွံ့အသွားရသည်။ သူ မျက်လုံးအပြူးသားဖြင့် မုတ်ဆိတ်မွေးများ တလှုပ်လှုပ်ဖြစ်အောင် ခေတ္တမျှ ဒေါသထွက်ပြနေပြီးမှ၊ သူh နဂိုအကွက်ဟောင်းအတိုင်း ပြန်လည်ဆဲဆိုရန် ပြင်လိုက်စဉ်မှာပင် မျက်လုံးထောင့်မှ ချင်ချင့် ပုံရိပ်လေးကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်တော့သည်။

ကလေးရှေ့မှာ ဘာမဆို လျှောက်ပြောလို့မဖြစ်ပေ၊ ကလေးက လိုက်မှတ်သွားလျှင် မကောင်းနိုင်ချေ။

"ဒီနေ့ကစပြီး ပါး ဆေးလိပ်နဲ့ အရက် လုံးဝမသောက်ရတော့ဘူး၊ ပြီးတော့ စားသောက်တဲ့နေရာမှာလည်း ဆရာဝန်ညွှန် ကြားချက်ကို သေချာလိုက်နာရမယ်၊ ကြိုက်တာကို နည်းနည်းပါးပါး စားလို့ရပေမဲ့ အလိုလိုက်လွန်းလို့တော့ လုံးဝမဖြစ်ဘူး!"

ဖူဟန် တစ်ခွန်းချင်း ပြောနေသည်နှင့်အမျှ ဖူချန်းသယ်၏ မျက်နှာမှာ ပိုပျက်ယွင်းလာခဲ့သည်။

သို့သော် နောက်ဆုံးတွင်တော့ သူ ရုတ်တရက် စိတ်သက်သာရာ ရသွားသယောင် ရှိသည်။ သူ ဒေါသမထွက်သည့်အပြင် အနည်းငယ်ပင် ရယ်ချင်စိတ်ပေါက်လာသေးသည်။

ဘာလို့လဲဆိုတော့ သူ သတိရသွားပြီဖြစ်သောကြောင့်ပင်။

ဒီကောင်စုတ်လေးက ဘယ်လောက်ပဲ လာရှုပ်ရှုပ်၊ သူတို့က ဒီနေ့တစ်ရက်ပဲ လာတာလေ၊ သူတို့ ပြန်သွားပြီဆိုရင်တော့ သူ ကြိုက်တာလုပ်လို့ ရပြီမဟုတ်လား?

"ဝမ်းသာတာ စောမနေနဲ့ဦး" ဟူသော စကားအတိုင်းပင်။

ဖူချန်းသယ် တစ်ယောက်တည်း ကြိတ်ပြီး ပျော်နေစဉ်မှာပင် အဘွားအိုဖူ နိုးလာခဲ့သည်။

သူမသည် သားဖြစ်သူ၏အသံကိုရော၊ ကလေးငယ်တစ်ဦး၏အပြစ်ကင်းစင်သော အသံလေးကိုပါ ကြားလိုက်ရသယောင် ရှိသည်။

အဘွားအိုဖူမှာ အိမ်မက်မက်နေသည်လား ဝေခွဲမရဖြစ်နေရင်း မျက်လုံးဖွင့်ကြည့်လိုက်ရာ၊ ကုတင်ဘေးတွင် ထိုင်လျက် ခင်ပွန်းဖြစ်သူနှင့် အခြေအတင် ဖြစ်နေသော သားဖြစ်သူအား တွေ့လိုက်ရသည်။

သားအဖနှစ်ယောက်မှာ အပြင်းအထန် ငြင်းခုံနေကြပြီး ဘယ်သူမှ အလျှော့မပေးကြပေ။ သို့သော် အဘွားအိုဖူ၏ အမြင်မှာတော့ ကလေးနှစ်ယောက် ရန်ဖြစ်နေကြသည့်အလားပင်။

"ဘာတွေ ဒီလောက်တောင် ဆူညံနေကြတာလဲ?"

အဘွားအို၏ အသံမှာ အားနည်းနေသော်လည်း၊ ဖူဟန်နှင့် ဖူချန်းသယ်တို့မှာတော့ နှလုံးသားထဲတွင် စွဲထင်နေသည့် ထိုနူးညံ့သော အမျိုးသမီးအသံအား ချက်ချင်းပင် မှတ်မိလိုက်ကြသည်။ စစ်ပြေငြိမ်းဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။

သူတို့ မိဘထံ ပြေးတိုင်သည့် ကလေးများကဲ့သို့ တစ်ယောက်ကိုတစ်ယောက် ချက်ချင်းပင် တိုင်တောတော့သည်။

သားဖြစ်သူ အသိမပေးဘဲ ရောက်လာပြီး သူ့အား အိမ်မက်ကောင်းနေတုန်း နှိုးသည်ဟု တစ်ဖက်ကပြောသလို၊ အခြားတစ်ဖက် မှလည်း ဖခင်ဖြစ်သူမှာ နေမကောင်းဖြစ်နေပါလျက် ဆရာဝန်စကား နားမထောင်ဘဲ ကျန်းမာရေးကို ဖျက်ဆီးနေသည်ဟု ဆိုကြသည်။

တစ်ယောက်တစ်မျိုးစီ အကြောင်းပြချက်တွေ ပေးနေကြတော့သည်။

အပြင်လောကတွင် အရှိန်အဝါကြီးမားလှသော ထိုအမျိုးသားနှစ်ဦးမှာ အိမ်ထဲတွင်တော့ အလွန်ပင် ကလေးဆန်ကာ စကားနိုင်လုနေကြသည်။

၎င်းမှာ တကယ့်ကို ခေါင်းခဲစရာပင်။

အဘွားအိုဖူမှာ ကျောက်ကပ်ဆေးနေဆဲဖြစ်သဖြင့် ထိုင်၍မရသေးပေ။ သူမသည် ဆေးသွင်းမထားသည့် ကျန်လက်တစ်ဖက်ဖြင့် နဖူးကို အားမလိုအားမရ ပွတ်သပ်နေမိသည်။ သူမ ခေါင်းမှာ အလိုအလျောက် ဘေးသို့စောင်းသွားရာ၊ တောက်ပလှသော မျက်ဝန်းအိမ်ကြီးများနှင့် ဆုံတွေ့လိုက်ရသည်။

သူမ အနည်းငယ် မှင်တက်သွားပြီးနောက် သေချာကြည့်မိသည့်အခါ၊ ထိုကလေးလေးမှာ အလွန်ပင် ချစ်စရာကောင်းလှသည်ဟု စိတ်ထဲမှ ချီးကျူးမိသွားသည်။

ထို့နောက်တွင်တော့ ထိုကလေးမှာ ရင်းနှီးနေသလို သူမ ခံစားရသည်။

ဘာလို့ သူ့ ချွေးမနဲ့ ဒီလောက်တောင် တူနေရတာလဲ?

"ကလေးလေး... ဒီကိုလာပါဦး"

အဘွားအိုဖူ ချင်ချင့်အား လက်လှမ်းခေါ်လိုက်သည်။

ချင်ချင့် ခေါင်းလေးစောင်းကာ အဘွားအိုဖူအား သေချာ စိုက်ကြည့်နေသည်။ သူမသည် ထိုသူမှာ လူကောင်းတစ်ယောက် ဟုတ်မဟုတ် အတည်ပြုရန် ကြိုးစားနေသည့်အလား။

ခဏအကြာတွင်တော့ ဤမျှ လှပသည့် အဘွားအိုမှာ လူဆိုးတစ်ယောက် မဖြစ်နိုင်ဟု ချင်ချင့် ယုံကြည်သွားကာ၊ သူမ၏ ခြေတိုခြေဖောင်းလေးများကို လှုပ်ခါလျက် အဘွားအိုဖူ့အနားသို့ ပြေးသွားတော့သည်။ ထို့နောက် ကျွမ်းကျင်စွာပင် အဘွားအို၏ လက်ဖဝါးအောက်သို့ သူမ ခေါင်းလေးကို တိုးဝင်လိုက်သည်။

အမှန်တကယ်တော့ အဘွားအိုဖူမှာ ချင်ချင့်အား ထိတွေ့ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

သူမရှေ့သို့ ရောက်လာသော ချစ်စဖွယ်ကလေးငယ်လေးကို မြင်လိုက်ရသည့်အခါ သူမ ခေတ္တမျှ ရပ်တန့်သွားပြီးမှ၊ နူးညံ့စွာ ပြုံးလိုက်ပြီး ချင်ချင့် ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

အဘွားအိုမှာ အင်အားချည့်နဲ့နေသော်လည်း သူမ၏ လှုပ်ရှားမှုများမှာ အလွန်ပင် ညင်သာလှသည်။ ချင်ချင့် ထိုနူးညံ့မှုကြောင့် စိတ်လှုပ်ရှားသွားရကာ အဘွားအိုဖူနှင့် ပိုမိုနီးကပ်စေရန် တိုးကပ်လိုက်မိသည်။

"ကလေးလေး... နာမည်က ဘယ်သူလဲ?"

"ချင်ချင်ပါ၊ ကျွန်မနာမည်က ကူးချင်ချင်ပါ"

ချင်ချင် အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်သည်။

"ကူးချင်ချင်?"

အဘွားအိုဖူသာမက ဖူချန်းသယ်ပါ ထိုနာမည်ကို ကြားလိုက်ရသည့်အခါ မှင်တက်သွားကြသည်။

သက်ကြီးရွယ်အို နှစ်ဦးသည် ကုတင်ပေါ်မှနေ၍ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီးမှ၊ ဘာမှမဖြစ်ခဲ့သလိုပင် တစ်ဖက်သို့ ပြန်လှည့်သွားကြသည်။

ဖူချန်းသယ်မှာ သားဖြစ်သူနှင့် ဆက်လက် တင်းမာနေဆဲဖြစ်သလို၊ အဘွားအိုဖူမှာတော့ ချင်ချင့်လက်ကလေးကို ဆုပ်ကိုင်ကာ သူမအား ကုတင်ဘေးသို့ ပို၍ နီးကပ်အောင်ဆွဲခေါ်လိုက်သည်။

"ချင်ချင် ဆိုတဲ့ နာမည်လေးက အရမ်းလှတာပဲ"

အဘွားအိုဖူ ပြုံးလျက် ချီးကျူးလိုက်ပြီးမှ ရုတ်တရက် စကားလမ်းကြောင်းလွှဲလိုက်သည်။

"ဘွားဘွားက အသက်ကြီးပြီဆိုတော့ နားသိပ်မကြားတော့ဘူး၊ ချင်ချင့်ရဲ့ နာမည်က ဘယ်လို 'ချင်' မျိုးလဲဆိုတာ ဘွားဘွားကို ပြောပြနိုင်မလား?"

စာဖတ်တတ်နေပြီဖြစ်သော ချင်ချင်မှာ တက်ကြွစွာပင် ချက်ချင်း ပြန်ဖြေလိုက်သည်။

"အပေါ်မှာ ဝါးပင်သင်္ကေတပါပြီးတော့၊ အောက်မှာ 'အစိမ်းရောင်' သင်္ကေတ ပါတဲ့ 'ချင်' ပါ"

သူ့အား တားဆီးရန် အချိန်မမီတော့သဖြင့် ဖူဟန် 'မတော်တဆ' ကဲ့သို့ သူ့ကို လှမ်းခေါ်လိုက်သည့် ဖခင်ဖြစ်သူအား မကျေမနပ် ကြည့်လိုက်သည်။

"မင်း ငါ့ကို ဘာလို့ အဲ့လိုကြည့်နေတာလဲ? ငါ မင်းကို ဒီလောက်နှစ်တွေအထိ ပြုစုပျိုးထောင်လာတာ၊ အခုတော့ မင်းနာမည်တောင် ခေါ်လို့မရတော့ဘူးလား?"

ထိုမြေခွေးအိုကြီးမှာ ကလေးဆန်ရုံတင်မကဘဲ မသိနားမလည်ဟန်ဆောင်ရာတွင်လည်း အလွန်ပင် ကျွမ်းကျင်လှသဖြင့် ဖူဟန် ဆွံ့အသွားရတော့သည်။

ဖူဟန် စိတ်ညစ်ညူးစွာဖြင့် နားထင်ကို ပွတ်သပ်လိုက်မိသည်။ မိမိအိမ်မှ မြေခွေးအိုကြီး နှစ်ကောင်အား သူ မယှဉ်နိုင်မှန်း သိလိုက်ရသဖြင့် အရှုံးပေးလိုက်ရတော့သည်။

"အားလုံး အပြင်ထွက်ကြတော့"

ပြုစုစောင့်ရှောက်သူများမှာ ချက်ချင်းပျောက်ကွယ်သွားကြတော့သည်။

ယခုအခါ အခန်းထဲတွင် ဖူမိဘနှစ်ပါး၊ ဖူဟန်နှင့် ချင်ချင်၊ ပြီးနောက် တစ်နည်းနည်းဖြင့် ခိုးဝင်လာကြသော ဖူညီအစ်ကိုနှစ်ယောက် တို့သာ ကျန်ရစ်တော့သည်။

မိသားစုဝင်တွေချည်းသာ ရှိတော့သဖြင့် စကားပြောရသည်မှာ ပိုလွယ်ကူသွားသည်။

"ချင်ချင်..."

သားဖြစ်သူအား တားဆီးလိုက်ရင်း ဖူချန်းသယ် နောက်ဆုံးတွင်တော့ ဖူမိသားစု အကြီးအကဲဟောင်း တစ်ဦး၏အရှိန်အဝါကို ထုတ်ဖော်ပြသလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါနဲ့ မင်းမားက စကားများတတ်တဲ့သူတွေ မဟုတ်ပါဘူး"

အချို့အရာများကို ဖွင့်မပြောဘဲ ထားလိုက်ခြင်းက အကောင်းဆုံးပင်။

သားအဖနှစ်ဦး၏ ငြင်းခုံမှုကို လျစ်လျူရှုကာ အဘွားအိုဖူ ချင်ချင့်လက်ကလေးကို ကြင်နာစွာ ဆုပ်ကိုင်ထားပြီး အကြိမ်အနည်း ငယ်မျှ အသာအယာ ညှစ်ပေးနေမိသည်။

ကလေး၏ နူးညံ့သော လက်ကလေးမှာ သူမလက် တစ်ဝက်မျှပင် မရှိပေ။ တိုတိုလေးနှင့် သေးငယ်လှသည်မှာ အလွန်ပင် ချစ်စရာကောင်းသော်လည်း စိတ်မကောင်းစရာလည်း ဖြစ်နေသည်။

"ငါတို့ရဲ့ ချင်ချင်လေး... ဘယ်လောက်တောင် ဒုက္ခတွေခံစားခဲ့ရရှာလဲ?"

အဘွားအိုဖူ မျက်ဝန်းမှ မျက်ရည်များမှာ ဝဲတက်လာသည်။

"မခါးပါဘူး၊ မခါးပါဘူး၊ ချင်ချင့်မှာ နေ့တိုင်း စားဖို့ သကြားလုံးတွေ ရှိတယ်"

ချင်ချင်မှာ အဘွားအိုဖူ ဘာကြောင့် သူမအား ကြည့်ပြီး ငိုနေသည်ကို နားမလည်ပေ။ သူမ သိတတ်သလိုသာ လျှောက်ပြီး နှစ်သိမ့်ပေးနေမိသည်။

ကလေးမလေး၏သိတတ်လှသော အမူအရာမှာ ပိုစိတ်မကောင်းဖြစ်စရာ ကောင်းလှရာ၊ ဖူချန်းသယ်ပင်လျှင် စိတ်ထဲ၌ နာကျင်သွားရသည်။

သူ သားဖြစ်သူကို စူးစိုက်ကြည့်ကာ တင်းမာစွာ ပြောလိုက်သည်။

"မင်း ငါ့နောက်ကို လိုက်ခဲ့!"

သားအဖနှစ်ယောက် အခန်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြရာ၊ ချင်ချင်၏စိုးရိမ်နေသော မျက်ဝန်းလေးများမှာ ဖူဟန် ကျောပြင်ဆီသို့ စွဲမြဲနေတော့သည်။

အဲ့ဒီဘိုးဘိုးက အရမ်းကြောက်စရာကောင်းတာပဲ! သူ ဦးဦးကို ရိုက်မလား မသိဘူး?

"မကြောက်ပါနဲ့၊ ဘိုးဘိုးက ဘာမှ မလုပ်ပါဘူး"

အဘွားအိုဖူမှာ ထက်မြက်သူတစ်ဦး ဖြစ်သည်မို့ ချင်ချင် ဖုံးကွယ်ထားသော စိုးရိမ်မှုများကို ဘယ်လိုလုပ် မမြင်ဘဲ နေပါ့မည်နည်း။

သူမ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ စိတ်လှုပ်ရှားသလို ခံစားရသလို၊ အမည်မဖော်နိုင်သော အပြစ်ရှိစိတ်များဖြင့်လည်း ပြည့်နှက်နေမိသည်။ ဒါတွေအားလုံး သူမ အမှားတွေပင်။ ထိုစဉ်က ခင်ပွန်းဖြစ်သူ စီးပွားရေးကိုသာ အာရုံစိုက်နေခဲ့သဖြင့် သူမ၏ တစ်ဦးတည်းသောသားကို ကောင်းမွန်စွာ မပြုစုပျိုးထောင်နိုင်ခဲ့ပေ။

ဤဇနီးမောင်နှံနှစ်ဦးမှာ ချင်ချင် ထိုကဲ့သို့ ဖြစ်သွားရခြင်းမှာ ဖူဟန် အမှားကြောင့်သာ ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်နေကြပုံရ သည်။

ကံမကောင်းစွာဖြင့် ချင်ချင်မှာ လူကြီးများ အတွေးအား နားလည်ရန် အလွန်ငယ်ရွယ်နေသေးသဖြင့် ဖူဟန်ကိုလည်း ရှင်းမပြနိုင်ရှာ ပေ။

ဖူညီအစ်ကိုနှစ်ယောက်မှာတော့ ဖူဟန် စာကြည့်ခန်းထဲတွင် သူတို့ဘိုးဘိုးနှင့် ဘာတွေ ဆွေးနွေးနေသည်ကို မသိကြပေ။ သို့သော် သူတို့ဘိုးဘိုးဘွားဘွားနှစ်ဦးလုံးမှာ သူတို့မားမားအား အလွန်ပင် ချစ်မြတ်နိုးကြသည်ကိုတော့ သိသာလှသည်။ ကလေးဘဝက မားမားကိုသာမက၊ လူကြီးဘဝမှ မားမားသည်လည်း သူတို့အချစ်အား အလွန်ပင် ရရှိထားမှာ သေချာသည်။

အမှန်စင်စစ် ဖူမိဘများ၏ အတင်းအကျပ် တိုက်တွန်းမှုသာ မရှိခဲ့လျှင် ဖူဟန်သည် ချင်ချင် တက္ကသိုလ်မဆင်းမီမှာပင် သူမအား လက်ထပ်ယူခဲ့လိမ့်မည် မဟုတ်ပေ။

သူတို့နှစ်ဦးကြားတွင် သံယောဇဉ် ရှိနေခဲ့လျှင်ပင်၊ ချင်ချင် တက္ကသိုလ်ဆင်းသည့်အထိ စောင့်ဆိုင်းပြီးမှသာ အိမ်ထောင်ရေးကို ဆွေးနွေးသင့်သည် မဟုတ်လား?

အဘွားအိုဖူ ကျောက်ကပ်ဆေးချိန်မှာ တစ်ပတ်လျှင်နှစ်ကြိမ်ဖြစ်ပြီး တစ်ခါဆေးလျှင် လေးနာရီကြာမြင့်သည်။

ဖူဟန်တို့ မိသားစု ရောက်လာချိန်မှာ အဘွားအိုဖူ ကျောက်ကပ်ဆေးနေချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံသွားခြင်းပင်။

သို့သော်လည်း ထိုကဲ့သို့ တိုက်ဆိုင်မှုသာ မရှိခဲ့လျှင် ဖူဟန် သူ့မိဘနှစ်ပါးလုံး နေမကောင်းဖြစ်နေသည်ကိုရော၊ သူ့အား အကြာကြီး ဖုံးကွယ်ထားကြသည်ကိုပါ သိရှိလိမ့်မည် မဟုတ်ပေ။

ဤဇနီးမောင်နှံမှာတော့ တကယ့်ကို တစ်မူထူးခြားသူများပင်။

ဖူဟန်မှာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်ချင်လာသည်။ သို့သော်လည်း ၎င်းအား အမှန်တကယ်ဟု မယုံကြည်လိုက်ပါနှင့်။ သူ၏ ရယ်မောသံမှာ အလွန်အမင်း ဒေါသထွက်ရာမှ ထွက်ပေါ်လာသော အလိုအလျောက် တုံ့ပြန်မှုတစ်ခုသာ ဖြစ်သည်။

နံနက်ခင်းမှသည် မွန်းတည့်ချိန်အထိ ဖူဟန်နှင့် သူ့ဖခင်မှာ စာကြည့်ခန်းထဲတွင် အမြဲတစေ ရှိနေခဲ့ကြသည်။

ရံဖန်ရံခါ ဖြတ်သွားသော အစေခံများမှာ အော်ဟစ်ဆဲဆိုသံ အချို့ ကြားလိုက်ရသဖြင့် ထိတ်လန့်တကြား အမြန်ဆုံး ထွက်ခွာသွားကြရသည်။

ထို့ကြောင့် နံနက်ခင်းပင် မကုန်သေးမီမှာပင် ဖူမိသားစု အိမ်တော်ရှိ လူတိုင်းမှာ သခင်ကြီးနှင့် သခင်လေးတို့ စကားများနေကြ ကြောင်း၊ အကြီးအကျယ် ရန်ဖြစ်နေကြကြောင်း သိသွားကြတော့သည်။

တကယ်တမ်းတွင်မူ ဖူချန်းသယ်တစ်ဦးတည်းကသာ သားဖြစ်သူအား အသုံးမကျကြောင်းနှင့် ကိုယ့်ဇနီးကိုပင် မထိန်းနိုင်ကြောင်း ဆဲဆိုကြိမ်းမောင်းနေခြင်းဖြစ်သည်။

ဇနီးဖြစ်သူ ကွာရှင်းရန် အစီအစဉ်တစ်ခုထက်မက ပြင်ဆင်ထားခဲ့သည်ကို သိရှိသွားချိန်မှစ၍ ဖူဟန် ထူးဆန်းသော တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားခဲ့သည်။

နက်မှောင်သော မြူခိုးများမှာ သူ့အား ဖုံးလွှမ်းထားသကဲ့သို့ပင်။ အမည်မဖော်နိုင်သော စိတ်ဓာတ်ကျမှုများမှာ အရာအားလုံးကို ဝန်းရံထားရာ၊ အဘိုးအို၏ ဆဲဆိုသံများပင်လျှင် ဝေဝါးနေတော့သည်။

ဖူချန် တစ်မနက်ခင်းလုံး စကားပြောခဲ့ရသဖြင့် လည်ချောင်းများပင် ခြောက်ကပ်နေပြီဖြစ်သော်လည်း သူ၏ကံဆိုးလှသောသား ဖြစ်သူမှာ တစ်ခွန်းမှ မကြားလိုက်ကြောင်း သိလိုက်ရသည့်အခါ—

“ဖူဟန်!” ဟိန်းဟောက်သံကြီးကြောင့် ဖူဟန်၏ နားစည်များပင် တုန်ခါသွားရသည်။

သူ သတိမပြန်လည်နိုင်ခင်မှာပင် အဘိုးအို၏ ဒေါသတကြီး ဝှေ့ယမ်းလိုက်သော တောင်ဝှေးမှာ ကျရောက်လာတော့သည်။

“ငါ ဒီလောက်ပြောနေတာကို မင်း နားထဲ တစ်ခုမှ မဝင်ဘူးလား!”

အဘိုးအိုမှာ ကြည့်ရသည်မှာ အလွန်ခက်ထန်လှသော်လည်း တောင်ဝှေးရိုက်ချက်တိုင်းမှာ ဆိုဖာလက်တန်းကိုသာ ထိမှန်ပြီး ဖူဟန်ကိုမူ တစ်ချက်ကလေးမှ မထိစေခဲ့ပေ။

အဘိုးအိုမှာ ဟန်ဆောင်ကောင်းလှသည်။

“ကျွန်တော် ကြားပါတယ်”

“ဒါပေမဲ့ အခုပြဿနာက ကျွန်တော် ချင်ချင့်ကို ပြန်ခေါ်နိုင်မှာလားဆိုတာ မဟုတ်ဘူး၊ ချင်ချင်ကရော ပြန်လှည့်လာနိုင်ပါဦးမလားဆိုတာပဲ”

အကယ်၍ ချင်ချင်သာ နဂိုအတိုင်း ပြန်မဖြစ်လာနိုင်ပါက သူတို့အိမ်ထောင်ရေးမှာ နောက်တစ်နှစ်ခွဲအတွင်း အလိုအလျောက် ပျက်ပြယ်သွားပေလိမ့်မည်။ ထိုအခါ သူ ကုစားဖို့ အခွင့်အရေးပင် ရတော့မည်မဟုတ်။

“ဒါဆိုရင်လည်း နည်းလမ်းတစ်ခုခုသွားရှာလေ၊ ဒီမှာ ဘာလာသက်သေပြနေတာလဲ? နေ့လယ်စာစားပြီးတာနဲ့ အိမ်ကို စောစောပြန်တော့၊ ကုမ္ပဏီကရော မအားဘူးလား? ငါ အပင်ပန်းခံ တည်ထောင်ထားတဲ့ လုပ်ငန်းတွေကို မင်းက အလေးအနက် မထားဘဲ ဖျက်ဆီးပစ်မယ်ဆိုရင်တော့ မင်းကို ငါ သတ်ပစ်မယ်!”

အဘိုးအိုမှာ ထိုစကားအရှည်ကြီးအား အသက်ပင်မရှူဘဲ ပြောသွားနိုင်သည်ကိုကြည့်ပြီး သူ တကယ်ဖျားနေတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလားဟု ဖူဟန် သံသယဝင်မိသွားသည်။

သို့သော် မည်သို့ပင်ဖြစ်စေ၊ လူကြီးနှစ်ယောက်အား သူ ရှင်းပြရမည့်အရာတစ်ခု ရှိနေသေးသည်။

“ကျွန်တော့်ကို အတင်းနှင်မနေပါနဲ့ဦး၊ မားမားကို အဖော်ပြုပေးဖို့အတွက် ချင်ချင်နဲ့အတူ အိမ်ဟောင်းမှာ ခဏလောက် နေဖို့ ဆုံးဖြတ်ထားတယ်”

သူ အဘိုးအိုအား အဖော်ပြုရန် မဖြစ်နိုင်သော်လည်း သူ့မားမားကိုမူ အဖော်ပြုပေးလိုသည်။

အဘိုးအိုအတွက်မူကာ? သူတို့ တစ်အိမ်တည်း အတူတူ နေဖြစ်သွားရုံသက်သက်သာ။

ဤသားအဖနှစ်ယောက်၏ ခံစားချက်ဖော်ပြပုံမှာ စကားလုံးဖြင့် ဖော်ပြမရနိုင်အောင်ပင် အနေရခက်လှသည်ဟု ဆိုရပေမည်။

နေ့လယ်စာစားချိန်ရောက်တော့ မားမားဖူမှာ ကျောက်ကပ်ဆေးခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားပြီဖြစ်သည်။

အဘွားအိုမှာ လန်းလန်းဆန်းဆန်းပင် ထလာပြီး ခန့်ညားထည်ဝါသော ချုံဆမ်းဝတ်စုံရှည်အား ဝတ်ဆင်ကာ ချင်ချင့်လက်ကလေးကိုဆွဲ၍ ပန်းပွင့်ဖတ်များခူးရန် ဥယျာဉ်ထဲသို့ ခေါ်ဆောင်သွားတော့သည်။

အဘွားဖူက ချင်ချင့်အတွက် ပန်းပွင့်လတ်လတ်ဆတ်ဆတ်ဖြင့် လုပ်ထားသော အုန်းနို့ဂျယ်လီ လုပ်ပေးမည်ဟု ဂတိပေးထားသည်။

ညစာမစားမီ အုန်းနို့ဂျယ်လီကို အအေးခံထားနိုင်ရန် နေ့လယ်ကတည်းက ပန်းပွင့်ဖတ်များခူးပြီး လုပ်ထားရန် လိုအပ်သည်။

“ချင်ချင်၊ သမီးကြိုက်တဲ့ ပန်းပွင့်ဖတ်လေးတွေကို ရွေးခူးနော်”

အဘွားဖူ ပြုံးလျက် ချင်ချင့်အား ပန်းခြင်းလေး ကမ်းပေးသည်။ ကောင်မလေးမှာ ခြင်းလေးကိုကိုင်ပြီး ပန်းခင်းထဲတွင် ဟိုဟိုဒီဒီ လျှောက်သွားနေသော်လည်း တစ်ပွင့်မှ မခူးချေ။

သူမမှာ တော်တော်လေး စိတ်ညစ်နေပုံရသည်။

“ဘာဖြစ်လို့လဲ? ချင်ချင်က ပန်းပွင့်လေးတွေကို မကြိုက်လို့လား?”

အဘွားဖူ ဒူးထောက်ထိုင်ကာ အသာအယာ မေးလိုက်သည်။

သူမ ထိုအချက်အား မစဉ်းစားမိခဲ့ပေ၊ အကယ်၍ ကလေးက မကြိုက်ပါက သူမ ဘာပဲလုပ်ပေးလုပ်ပေး အဆင်ပြေမည်မဟုတ်ပေ။

All Chapters