← Chapters

အခန်း (၁၀၃)

Vol. 12 Ch. 103

အခန်း (၁၀၃)

Vol. 12 Ch. 103

🍼 Chapter 103

“သမီးမကြိုက်ရင် တခြားဟာ စားကြတာပေါ့။”

“ဟင့်အင်း”

ချင်ချင် ခေါင်းခါလိုက်သည်။

“ချင်ချင်က မကြိုက်တာမဟုတ်ဘူး၊ ဒါပေမဲ့ ဆရာမက ပန်းလေးတွေ မြက်လေးတွေကို တန်ဖိုးထားရမယ်လို့ သင်ထားတယ်၊ ပန်းလေးတွေက သိပ်လှတာ၊ ချင်ချင်က သူတို့ကို ဆွဲခူးလိုက်ရင် သူတို့က နာလို့ ငိုကြလိမ့်မယ်”

မူကြိုဆရာမများမှာ ကလေးများအား ပုံပြင်ပြောပြရာတွင် ရုပ်ပုံများ သို့မဟုတ် ကာတွန်းများကို အသုံးပြု၍ပိုမိုကွက်ကွက် ကွင်းကွင်း မြင်သာအောင် သင်ကြားလေ့ရှိသည်။

လူသုံးအများဆုံး နည်းလမ်းမှာ ပန်းနှင့် အပင်များအား လူကဲ့သို့ သရုပ်ဖော်ခြင်းပင်။

ထို့ကြောင့် ကလေးငယ်များ၏ အပြစ်ကင်းစင်သော နှလုံးသားထဲတွင် ပန်းနှင့် အပင်များသည်လည်း လူသားများကဲ့သို့ ခံစားချက်ရှိသည်၊ နာကျင်လျှင်ငိုတတ်ပြီး ပျော်လျှင် ရယ်တတ်သည်ဟု ယုံကြည်နေကြကာ ၎င်းတို့အား သူတို့နှင့်တန်းတူ သက်ရှိများအဖြစ် သတ်မှတ်ထားကြသည်။

ချင်ချင်လေးမှာ စိတ်နှလုံး အလွန်နူးညံ့သိမ်မွေ့ရှာသည်။

အဘွားဖူ၏ အကြည့်များ နူးညံ့သွားရသည်။ သူမ ချင်ချင့်လက်ကလေးကို ဆွဲကာ အိမ်ထဲသို့ ပြန်လှည့်လာခဲ့သည်။

“ပန်းတွေ မခူးတော့ဘူးလားဟင်?”

ချင်ချင် အဘွားဖူအား နားမလည်နိုင်စွာ မော့ကြည့်သည်။

“မခူးတော့ဘူး၊ အဘွားက ချင်ချင့်အတွက် တခြားမုန့်တွေ လုပ်ပေးမယ်”

အုန်းနို့ဂျယ်လီ မရှိလျှင်လည်း အုန်းသီးကောက်ညှင်းလုံးရှိသေးသည်။

နို့နှင့် သကြားရောစပ်ထားသော ချိုမြိန်စေးပိုင်သည့် ကောက်ညှင်းမှုန့်ထဲတွင် အုန်းနို့ခဲလေးများ အစာသွပ်၍ လုံးထားကာ အုန်းသီးမှုန့်လေးများ ဖြူးထားသည်။

ဟင်းပွဲအပြည့်ရှိသော စားပွဲပေါ်တွင်ပင် ထိုကောက်ညှင်းလုံးလေးများမှာ အလွန်လူကြိုက်များလှသည်။

ဖူချန်းသယ် တစ်လုံး အရင်နှိုက်ရန် လက်လှမ်းလိုက်သော်လည်း အဘွားဖူ ခပ်ကြမ်းကြမ်းပုတ်ထုတ်လိုက်သည်။

“ရှင်က သွားတွေတောင် မရှိတော့ဘဲနဲ့၊ ဒါတွေ စားလို့မရဘူး၊ ချင်ချင့်အတွက် ချန်ထားလိုက်”

နောက်ဆုံးစကားမှာ အဓိကပင်။

“ကလေးတွေက အချိုတွေ အများကြီးစားရင် သွားပိုးစားလိမ့်မယ်”

ဖူချန်းသယ်မှာ ဇနီးသည်လုပ်ထားသော မုန့်အားမစားရသဖြင့် တတွတ်တွတ် ရေရွတ်နေသော်လည်း နောက်တစ်ကြိမ် ထပ်မနှိုက်ရဲတော့ပေ။

သူ ဇနီးအား ကြောက်နေခြင်း မဟုတ်ဘဲ ဇနီးသည်မှ သူ့ကို တကယ်စေတနာဖြင့် ဂရုစိုက်နေခြင်းမှန်း သိသောကြောင့် လိုက်နာခြင်းသာ ဖြစ်သည်။

အဘွားဖူမှာလည်း မျှတမှုကို နားလည်သူပီပီ ခင်ပွန်းသည်အား ကောက်ညှင်းလုံး မကျွေးသော်လည်း ခရမ်းရောင်ဆန်မုန့်လုံး လုပ်ပေးထားသည်။

၎င်းမှာ ပျော့အိနူးညံ့ပြီး အရသာမှာလည်း ပေါ့ပေါ့ပါးပါးရှိသဖြင့် သက်ကြီးရွယ်အိုများအတွက် အထူးသင့်တော်သည်။

တခြားသူများကိုလည်း လျစ်လျူမရှုပေ၊ တစ်ယောက်ချင်းစီအား ကောက်ညှင်းလုံးတစ်လုံးနှင့် ဆန်မုန့်လုံးတစ်လုံးစီ ပေးထားသဖြင့် အလွန်မျှတလှသည်။

“ကျေးဇူးတင်ပါတယ် အဘွား”

ဖူစစ်ချန် ချစ်စဖွယ်အမူအရာဖြင့် ပြုံးကာ ပြောသည်။

သူ့မားမားနှင့် ဆက်ဆံရေး သိပ်မကောင်းသော်လည်း အလိုလိုက်တတ်သည့် အဘိုးအဘွားနှစ်ယောက်အပေါ်မူ သူ ဘာမှ အပြစ်ပြောစရာမရှိပေ။

ထို့အပြင် အဘွားမှာ သူ စီးပွားရေးစတင်ရန် ရန်ပုံငွေအများစု ထောက်ပံ့ပေးခဲ့သူ ဖြစ်သည်။

ဖူစစ်ချန်၏ စတူဒီယိုရှိသော ရုံးခန်းအဆောက်အအုံမှာ မူလက အဘွားဖူ ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် အဘွား၊ အဘွားလည်း စားပါဦး”

တက်ကြွဖျတ်လတ်သော ညီဖြစ်သူနှင့် နှိုင်းယှဉ်လျှင် ဖူစစ်ကျင်းနှင့် အဘိုးအဘွားများ၏ ဆက်ဆံရေးမှာ အဆင်ပြေရုံမျှသာဖြစ်ပြီး သိသိသာသာ ခပ်စိမ်းစိမ်းရှိနေသည်။

၎င်းမှာ ပြဿနာမဟုတ်ဘဲ ဖူစစ်ကျင်း စရိုက်မှာ သူ့အဖေကဲ့သို့ပင် တည်ငြိမ်အေးဆေးပြီး စကားနည်းသောကြောင့် ဖြစ်သည်။

သို့သော်လည်း အဘွားဖူမှာ မြေးနှစ်ယောက်လုံးကို တန်းတူချစ်ခင်ပြီး ချင်ချင့်အား ဂရုစိုက်ပေးရင်းနှင့်ပင် မြေးနှစ်ယောက်ကိုလည်း သဘာဝကျကျ ဂရုစိုက်ပေးနေတတ်သည်။

ရလဒ်အနေဖြင့် သူတို့ သုံးယောက်လုံး ဗိုက်အလွန်တင်းသွားကြတော့သည်။

“အဘွား”

တစ်ယောက်ရှိနေလျှင် ဗိုက်ဆာသည်ဟု အဘွားမှ ဆုံးဖြတ်ပေးသော အဆာမျိုး ရှိတတ်စမြဲပင်။

အလွန်အကျွံ စားမိသွားသဖြင့်—

ဖူစစ်ကျင်းမှာ ဗိုက်ကယ်နေသောကြောင့် အစာကြေရန် လမ်းလျှောက်ဖို့ လိုအပ်လာသည်။ သူ လမ်းလျှောက်ထွက်မည်ဆိုသည်ကို ကြားသည်နှင့် ဖူစစ်ချန်ကလည်း ချက်ချင်းပင် လိုက်မည်ဟု ဆိုကာ ချင်ချင်လည်း လိုက်မည်ဟု ဇွတ်အတင်း ပြောလာတော့သည်။

ထိုအချိန်တွင် အဘွားအိုမှာ သားဖြစ်သူနှင့် သီးသန့်စကားပြောစရာရှိနေသဖြင့် ကလေးသုံးယောက်လုံးအား အပြင်ထွက်ကစားခွင့်ပေးလိုက်ပြီး အကြီးနှစ်ယောက်ကို ချင်ချင့်အား သေချာဂရုစိုက်ရန် မှာကြားလိုက်သည်။

အဘွား မမှာလျှင်လည်း ဖူစစ်ချန်နှင့် ဖူစစ်ကျင်းတို့မှာ ထိုသို့လုပ်ရန် အဆင်သင့်ပင် ဖြစ်သည်။

နေပူချိန်အနည်းငယ်ပြင်းသောကြောင့် စေ့စပ်သေချာတတ်သော ဖူစစ်ကျင်းမှာ ထီးတစ်ချောင်း ယူလာခဲ့သည်။

ထီးက မကြီးသော်လည်း ချင်ချင့်အား နေကာပေးရန် လုံလောက်ပါသည်။

ဖူမျိုးရိုးပိုင် ဘိုးဘွားအိမ်ဟောင်းမှာ တောင်ကုန်းတစ်ခု၏ခါးပန်းတွင် တည်ရှိပြီး အိမ်နောက်ဘက်တွင် သစ်တောအုပ်လေးတစ်ခု ရှိသည်။

ထိုနေရာတွင် သားရဲတိရစ္ဆာန်များ မရှိသဖြင့် ဘေးကင်းလှပြီး ညီအစ်ကိုနှစ်ယောက်မှာ ချင်ချင့်အား ယုံကြည်စိတ်ချစွာဖြင့် လမ်းလျှောက်ခေါ်သွားနိုင်ခြင်းဖြစ်သည်။

တောအုပ်ထဲတွင် များသောအားဖြင့် မေပယ်ပင်များရှိသော်လည်း ယခု ဆောင်းရာသီ အကုန်ပိုင်းတွင် အရွက်များအားလုံး ကြွေကျကုန်ပြီး သစ်ကိုင်းခြောက်များသာ ကျန်တော့သည်။

နေ့ဘက်တွင် အဆင်ပြေသော်လည်း ညဘက်တွင်မူ အနည်းငယ် ကြောက်စရာကောင်းပေလိမ့်မည်။

အစ်ကိုနှစ်ယောက် အတူရှိနေသဖြင့် ချင်ချင် ထီးအား ကိုယ်တိုင်ကိုင်စရာ မလိုပေ။

သူမ အစ်ကိုနှစ်ယောက်၏ လက်အား တစ်ဖက်စီ ဆုပ်ကိုင်ထားပြီး လက်မောင်းအင်အား အသုံးချကာ ရှေ့သို့ ကိုင်းလျက် ပျံတော့မည့်အလား ပျော်ပျော်ပါးပါး ဆော့ကစားနေသည်။

တစ်ခါတစ်ရံတွင် သူမ ခြေထောက်ကို ရည်ရွယ်ချက်ရှိရှိ ရုပ်သိမ်းလိုက်သဖြင့် လေထဲတွင် ဝဲနေတတ်သည်။ ဖူစစ်ကျင်းနှင့် ဖူစစ်ချန်တို့ သန်မာသောကြောင့်သာ တောင်ပေါ်တက်ရင်း ဆော့ကစားနေသော ထိုလူလည်မလေးအား ထိန်းထားနိုင်ခြင်း ဖြစ်သည်။

လမ်းလျှောက်နေရင်းနှင့် ချင်ချင် ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားသည်။

သူမ ရပ်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် ဆောင့်ကြောင့်ထိုင်ကာ မြေကြီးပေါ်ရှိ နေရာတစ်ခုအား လက်ညှိုးထိုးပြရင်း မေးလိုက်သည်။

“ဒါ ဘာကြီးလဲဟင်?”

ဖူစစ်ချန် အနားသို့ တိုးကြည့်လိုက်ပြီး သစ်ရွက်ခြောက်ပုံများကြားမှ ထွက်ပေါ်နေသော အရောင်စုံမှိုစုလေးများ မှိန်ပျပျ တောက်ပနေသည်ကို မြင်လိုက်ရသည်။

သူ ချင်ချင့်အား ချက်ချင်း ဆွဲခွာလိုက်ပြီး “အနားမသွားနဲ့၊ အဲဒါတွေက အဆိပ်ရှိတယ်”

“အဆိပ်ရှိတဲ့မှိုတွေလား?”

ဖူစစ်ကျင်းလည်း အရောင်စုံမှိုများကို မြင်လိုက်ရသည်။

တောထဲတွင် မှိုအား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး ပထမဆုံးတွေ့သည့် မှိုကပင် အဆိပ်ရှိနေသည်။

ကံကောင်းလိုက်ပုံများ!

“ဒါလေးတွေ ခူးပြီး စားလို့ရမလား?”

ချင်ချင် စမ်းကြည့်ချင်သော်လည်း ညီအစ်ကိုနှစ်ယောက်လုံး၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသည်။

“မရဘူး!”

မှိုများ အဆိပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဖူညီအစ်ကိုနှစ်ယောက်မှာ ချင်ချင့်အား စွန့်စားစားခိုင်းမည် မဟုတ်ပေ။

“ဟုတ်ကဲ့ပါ”

ချင်ချင် အနည်းငယ် စိတ်ပျက်သွားပြီး လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

“ငှက်ကလေးတွေတောင် စားနေကြတာကို။”

အလျှော့မပေးလိုသော ချင်ချင်မှာ ညီအစ်ကိုနှစ်ယောက် မသိအောင် ချက်ချင်းပင် ဆောင့်ကြောင့်ထိုင်ချကာ မှိုတစ်ပွင့်အား ဆွဲယူပြီး အိတ်ကပ်ထဲသို့ ခိုးထည့်လိုက်သည်။

ဖူစစ်ကျင်း အသံကြား၍ ငုံ့ကြည့်လိုက်သည့်အခါ ချင်ချင် ဘာမှမသိသလို အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ပြန်ကြည့်နေသည်။

ထူးခြားမှုမရှိသည်ကို မြင်သောအခါ ဖူစစ်ကျင်း လျင်မြန်စွာပင် ချင်ချင့်လက်ကို ပြန်ဆွဲကာ အိမ်သို့ ပြန်ခေါ်လာခဲ့သည်။

အပြင်ထွက်သည်မှာ နာရီဝက်ခန့် ရှိပြီဖြစ်ရာ ပြန်ချိန်တန်ပြီဖြစ်သည်။

နောက်မှ အဝတ်အစားများထုပ်ပိုးရန် အိမ်ပြန်ရဦးမည်။

ဖူစစ်ကျင်းမှာ သူ့ပါး အိမ်ဟောင်းတွင် ခေတ္တနေမည်ဖြစ်ကြောင်း သိပြီးသားဖြစ်သည်။ သူ့ပါး၏ သဘောထားမှာ သူနှင့် ညီဖြစ်သူတို့ နေချင်နေ၊ မနေချင်နေ မိမိသဘောသာဖြစ်သော်လည်း ဖူစစ်ကျင်းမှာ အတူနေရန် ဆုံးဖြတ်လိုက်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် အဘိုးအဘွားများ၏ ကျန်းမာရေးအခြေအနေကြောင့် တစ်ခေါက်တွေ့ရခြင်းမှာ တစ်ခေါက်လျော့နည်းသွားခြင်းပင် ဖြစ်သဖြင့် အချိန်ရတုန်း အတူတူရှိနေပြီး အမှားများ ပြင်ဆင်လိုသည်။

ဖူစစ်ချန်မှာမူ နေရန် အစီအစဉ်မရှိပေ။

သူ မိဘကို မရိုသေ၍ မဟုတ်ဘဲ သူ၏ ပေါ့ပေါ့ပါးပါးနေတတ်သော စရိုက်ကြောင့် ဤအချက်အား မစဉ်းစားမိခြင်းသာ ဖြစ်သည်။

ခံစားချက်ပိုင်းတွင် ဖူစစ်ချန်မှာ ဦးလေး၏ အစအနောက် နားမလည်သော စရိုက်အား အပြည့်အဝ အမွေရထားသည်၊ ထူးထူးခြားခြား တစ်ခုခု မခံစားရမချင်း သူ အလေးအနက် တွေးတောနေမည် မဟုတ်ပေ။

သုံးယောက်လုံး အိမ်ဟောင်းသို့ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြသည်။ ဖူဟန်မှာလည်း မိဘများနှင့် စကားပြောပြီးသွားပြီဖြစ်သည်။

မားမားဖူမှာ သားနှင့် ချွေးမဖြစ်သူ အိမ်ဟောင်းတွင်နေပြီး အဖော်ပြုပေးမည်ကို ဝမ်းသာနေသော်လည်း ဖူချန်းသယ်မှာမူ အနည်းငယ် လက်မခံချင်သလို ဖြစ်နေသည်။

သူ မြေးမြစ်တွေကြားမှာ တမ်းတနေတတ်သော အထီးကျန်အဘိုးကြီးမျိုး မဟုတ်ပေ။ သားဖြစ်သူအား လွမ်းမှသာ တစ်ခါတစ်ရံ ခေါ်တတ်ပြီး၊ မဟုတ်လျှင် သူ့ကို လာရောက် စီမံခန့်ခွဲနေမည့် သားဖြစ်သူနှင့် တစ်အိမ်တည်း မနေချင်ပေ။

ကံမကောင်းစွာဖြင့် သူ့သဘောထားအား သားအမိနှစ်ယောက်စလုံး ထည့်မတွက်ကြချေ။

အိမ်ဟောင်းတွင် ဖူဟန်၏ အခန်းနှင့် အဝတ်အစားများ ရှိပြီးသားဖြစ်၍ သူ ပြန်ယူစရာ မလိုပေ။

ချင်ချင့်အတွက် ပို၍ပင် လွယ်ကူသေးသည်။ ဖူဟန် ငယ်ငယ်က ဝတ်ခဲ့သော အဝတ်အစားများကို သူမအား ပေးဝတ်၍ ရသည်။

အမှတ်တရများ ပြည့်နှက်နေသော ထိုအရာများအား မားမားဖူ ဂရုတစိုက် သိမ်းဆည်းထားသဖြင့် ယခု ပြန်ထုတ်ကြည့်သည့်အခါတွင်လည်း အသစ်အတိုင်းပင် သန့်ရှင်းသပ်ရပ်နေဆဲဖြစ်သည်။

ထို့အပြင် သူမ၏ နာနီအိတ်ထဲတွင် အဝတ်အစား နှစ်စုံခန့် ပါလာသေးသဖြင့် တစ်ရက်နှစ်ရက်စာ လုံလောက်သည်၊ လူကြီးများ အဝတ်အစားအသစ်များ ဝယ်ပေးရန် အချိန်ရပါသည်။

ဖူစစ်ကျင်း၏ အခြေအနေမှာ ပို၍ ရှုပ်ထွေးသည်။ အိမ်ဟောင်းတွင် အခန်းရှိသော်လည်း ပရိဘောဂ အနည်းငယ်သာ ရှိသဖြင့် သူ နောက်နေ့တွင် ပြောင်းလာနိုင်ရန် အဝတ်အစားများသွားထုပ်ရဦးမည်။

ညစာစားပြီးနောက် ဖူစစ်ကျင်းနှင့် ညီဖြစ်သူမှာ အဘိုးအဘွားများအား နှုတ်ဆက်ကာ အိမ်သို့ ကားမောင်းပြန်သွားကြသည်။

“အဘွား ကြည့်ပါဦး! ဒိုင်နိုဆောကြီး!”

ချင်ချင် ပျော့ပျောင်းသော ကော်ဇောပေါ်တွင် ခြေဗလာဖြင့် ပြေးလွှားရင်း သူမ၏ ဒိုင်နိုဆော အရုပ်လေးကို အဘွားဖူအား ဂုဏ်ယူစွာ ပြနေသည်။

တစ်ဝက်တစ်ပျက်လောက်သာ အတူရှိရသေးသော်လည်း သူမသည် အဘွားဖူအား သူမ သူငယ်ချင်းသစ်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

ကလေးများမှာ အသက်အရွယ်အား ဂရုမစိုက်ကြချေ၊ သူတို့နှင့်အတူ စိတ်ရှည်လက်ရှည် ကစားပေးသူတိုင်းမှာ လူကောင်းများသာ ဖြစ်သည်။

ဖူချန်းသယ်မှာ အနည်းငယ် မနာလိုဖြစ်လာသဖြင့် ချင်ချင့်အား စကားပြောရန် အနားသို့ တိုးလာခဲ့သည်။

“ချင်ချင်၊ သမီး သင်္ချာတွက်တတ်လား?”

“မတွက်တတ်ဘူး”

သူမ အပြည့်အဝ ယုံကြည်မှုရှိစွာ ပြန်ဖြေသည်။

ဘေးနားရှိ မားမားဖူဆီမှ တိုးညင်းသော ရယ်သံလေး ထွက်ပေါ်လာသည်။ ဖူချန်းသယ် အလျှော့မပေးဘဲ ချင်ချင့်အား ထပ်မံ အားပေးသည်။

“အဘိုး သင်ပေးရမလား?”

“ဟုတ်ကဲ့!”

ချင်ချင်လေးမှာ ပညာလိုလားသော ကလေးလေးဖြစ်သည်။

“ချင်ချင်က တစ်ကနေ တစ်ရာအထိ ရေတွက်တတ်တယ်”

သူမ သင်ယူပြီးသမျှကိုပင် အစီရင်ခံနေသေးသည်။

“ဒါဆို အပေါင်းအနှုတ် သင်ကြတာပေါ့”

စီးပွားရေးလောကတွင် အောင်မြင်ကျော်ကြားသူတိုင်းမှာ သင်္ချာတော်ကြစမြဲဖြစ်သော်လည်း ယခုအချိန်တွင်မူ ဤလုပ်ငန်းရှင် ကြီးမှာ စားပွဲအသေးလေးပေါ်တွင် ကိုင်းညွတ်လျက် မူကြိုကလေးငယ်တစ်ဦးအား တစ်ပေါင်းတစ်သည် နှစ်ဖြစ်ကြောင်း သင်ကြားပေးနေလေသည်။

ရေချိုးပြီးကာစ အောက်ထပ်သို့ ဆင်းလာသော ဖူဟန်မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသည်။ သူ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဝရန်တာဘက်သို့ တိတ်တဆိတ်ဆုတ်ခွာသွားခဲ့သည်။

သူ့ဖုန်း တုန်ခါလာသည်၊ တစ်စုံတစ်ယောက်မှ ဖုန်းခေါ်နေခြင်းဖြစ်သည်။

“ငါပါ”

ဖုန်းနံပါတ်မှာ မရင်းနှီးသော်လည်း တစ်ဖက်မှ ပိုင်ချီယွီ၏ အသံ ထွက်ပေါ်လာသည်။

ဖူဟန် မအံ့သြပေ။ သူ တိုက်ရိုက်ပင် မေးလိုက်သည်။

“မင်း ရှာတွေ့ပြီလား”

"အေး... ပါဆယ်ထုပ်ထဲမှာ မင်းငယ်ငယ်တုန်းက ဓာတ်ပုံတချို့ ပါလာတယ်၊ ပေးပို့တဲ့သူက ဒီမြို့ထဲမှာပဲ နေတာ ဒါပေမဲ့ လိပ်စာကတော့... ပါဆယ်လက်ခံတဲ့ စခန်းတစ်ခုရဲ့ လိပ်စာပဲ ကြည့်ရတာ အဲ့ဒီလူက မြို့သစ်နားမှာ နေပုံရတယ်"

“သူ အဲဒီမှာ မနေတာလည်း ဖြစ်နိုင်တယ်”

ဖူဟန် တည်ငြိမ်စွာဆိုသည်။

“ငါ သိပါတယ်၊ ဒါပေမဲ့ အခု သဲလွန်စတစ်ခု တွေ့ထားပြီဆိုတော့ သွားစစ်ကြည့်ရမှာပဲ”

ပိုင်ချီယွီ သဲလွန်စတိုင်း၏ အရေးကြီးပုံကို နားလည်သည်။

“ကောင်းပြီ၊ မင်း အရင်သွားစစ်ကြည့်လိုက်၊ ငါ မနက်ဖြန် မင်းဆီ လာခဲ့မယ်”

“မလိုပါဘူး၊ ဒီလောက်ကိစ္စသေးသေးလေးကို ငါ တစ်ယောက်တည်း ကိုင်တွယ်နိုင်ပါတယ် ဒါပေမဲ့ အဲဒီဓာတ်ပုံတွေနဲ့ ပတ်သက်လို့ ငါ့မှာ သံသယတချို့ ရှိနေတယ်၊ အဲဒါတွေက ငါ့အတွက် မဟုတ်ဘူးဆိုတော့ ဘာအဓိပ္ပာယ်လဲဆိုတာ ငါ နားမလည်နိုင်ဘူး၊ ငါ အခု မင်းဆီ ပို့လိုက်မယ်၊ မင်း ကိုယ်တိုင်ပဲ ကြည့်လိုက်တော့”

“အေး”

သုံးစက္ကန့်ပင် မပြည့်မီမှာပင် ဓာတ်ပုံ သုံးပုံမှာ ဖူဟန် ဖုန်းထဲသို့ ရောက်ရှိလာသည်။

ထိုဓာတ်ပုံများကို အထူးကုဒ်လုပ်ထားပြီး လျှို့ဝှက်နံပါတ်ဖြင့်သာ ဖွင့်ကြည့်၍ ရသည်။

အကယ်၍ လျှို့ဝှက်နံပါတ် မှားသွားလျှင် သို့မဟုတ် လျှို့ဝှက်နံပါတ် ရိုက်ထည့်ရန် အချိန်အလွန်ကြာသွားလျှင် ဓာတ်ပုံများ ချက်ချင်း ဖျက်ဆီးခံရမည်ဖြစ်ပြီး မည်သည့်သဲလွန်စမှ ကျန်ရှိတော့မည် မဟုတ်ပေ။

ပိုင်ချီယွီ ဖူဟန်နှင့် ကူးလန်တို့အား လျှို့ဝှက်နံပါတ် ပြောပြထားပြီးသားဖြစ်သည်။ ၎င်းမှာ သူတို့ အချင်းချင်း သဘောတူထားသော လျှို့ဝှက်နံပါတ်ဖြစ်ပြီး၊ ယခုကဲ့သို့ လျှို့ဝှက်စာရွက်စာတမ်းများ ဖွင့်ကြည့်ရန်နှင့် အရေးကြီးသည့်အချိန်တွင် တစ်ဖက်လူ၏ မဟုတ်မှန်မှုအား စစ်ဆေးရန် အသုံးပြုခြင်း ဖြစ်သည်။

ကမ္ဘာကြီးမှာ အလွန်ပင် ဆန်းကြယ်လှသည်ဖြစ်ရာ ပိုင်ချီယွီ အထူးသတိထားရပေမည်။

လျှို့ဝှက်နံပါတ် ရိုက်ထည့်ပြီးနောက် ဖော်ထုတ်ခြင်းလုပ်ငန်းစဉ်မှာ အချိန်အနည်းငယ် ယူရသဖြင့် ဖူဟန် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။

မကြာမီမှာပင် အနားသတ်များ အနည်းငယ် ဝါကျင့်ကျင့်ဖြစ်နေပြီး ဝေဝါးနေသော ဓာတ်ပုံသုံးပုံမှာ တစ်ပုံချင်းစီ ပေါ်လာတော့ သည်။

All Chapters