အခန်း (၁၀၄)
Vol. 12 Ch. 104
🍼 Chapter 104
ဓာတ်ပုံသုံးပုံစလုံးတွင် ဖူဟန် ပုံများ ဖြစ်နေသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
အမှန်စင်စစ်၊ သူ၏ ‘ဝေဝါးဝေဝါး ဓာတ်ပုံများ’ အား အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပြီးနောက် ဖူဟန်မှာ နေသားကျနေပြီ ဖြစ်သည်။
သူ့အား ပိုစိတ်အနှောင့်အယှက် ဖြစ်စေသည်မှာ ဤဓာတ်ပုံများနှင့် ယခင်ဓာတ်ပုံများကြားရှိ ကွာခြားချက်ပင်။
ယခင်ကမူ တစ်ဖက်လူ ရည်ရွယ်ချက်ရှိရှိဖြင့် သံသယဖြစ်ဖွယ် ဓာတ်ပုံမျိုးစုံ ဖန်တီးကာ ကူးချင်ချင်အား စိတ်ပျက်အားလျော့စေရန် ပေးပို့လေ့ရှိသည်။
ယခုမူကာ သူ့ ငယ်ဘဝဓာတ်ပုံ သုံးပုံဖြစ်နေသည်။
ပထမတစ်ပုံမှာ သူ သုံးနှစ်သားအရွယ် ကမ်းခြေတွင် ရိုက်ထားသောပုံ ဖြစ်သည်။
ဒုတိယတစ်ပုံမှာ မူကြိုကျောင်း ပထမဆုံးတက်သည့်နေ့မှ မိဘများနှင့်အတူ ရိုက်ထားသောပုံဖြစ်ပြီး၊ တတိယတစ်ပုံမှာမူ လမ်းကြားလေးတစ်ခုရှိ လုံခြုံရေးကင်မရာမှ ဖမ်းယူထားသော ပုံရိပ်တစ်ခု ဖြစ်သည်။
လမ်းကြားလေးမှာ မှောင်မည်းနေပြီး ထိုစဉ်က ဆယ်ကျော်သက်အရွယ်သာရှိသေးသော သူသည် ကျောင်းဝတ်စုံအား ဝတ်ဆင်ထားကာ လမ်းကြားထဲသို့ တစ်စုံတစ်ခုက စွဲဆောင်နေသည့်အလား စူးစိုက်ကြည့်နေသည်။
ဓာတ်ပုံများမှာ သက်တမ်းကြာမြင့်ပြီဖြစ်၍ အနားသတ်များမှာ ဝါကျင့်နေပြီး လူများ၏ မျက်နှာသွင်ပြင်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။
သို့သော် ကာယကံရှင်ဖြစ်သူ ဖူဟန်မှာမူ တစ်ချက်ကြည့်ရုံနှင့် မိမိကိုယ်မိမိ မှတ်မိလေသည်။
သူ ထိုဓာတ်ပုံသုံးပုံ၏ မြစ်ဖျားခံရာ အကြောင်းအရာများကို စာသားအဖြစ် ပြုစုကာ ပိုင်ချီယွီထံသို့ လျှို့ဝှက်ဖိုင်ဖြင့် ပြန်လည်ပေးပို့လိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် ပိုင်ချီယွီ အသံဖိုင်တစ်ခု ပေးပို့လာသည်။
“ဒီဓာတ်ပုံတွေက အရင်က ချင်ချင့်ဆီ ပို့နေကျပုံတွေနဲ့ မတူဘူး၊ ပို့တဲ့လူချင်းလည်း တူမှာမဟုတ်ဘူး”
“ငါ သိတယ်”
“ချန်ရှောက်တိ အဖမ်းခံလိုက်ရပေမဲ့ ချင်ချင့်ဆီကို ထူးဆန်းတဲ့ ပါဆယ်တွေ ရောက်နေတုန်းပဲ၊ ဒါက ချင်ချင့်ကို ပစ်မှတ်ထားနေတာ တစ်ယောက်ထဲမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ”
သူတို့ ထိုအချက်အား သံသယဝင်ခဲ့ပြီးသားဖြစ်ကာ၊ ယခု ပါဆယ်မှာ ခိုင်မာသော သက်သေတစ်ခု ဖြစ်လာခဲ့သည်။
“မဟုတ်ဘူး၊ ငါ ဆိုလိုတာက အဲဒါမဟုတ်ဘူး”
ပိုင်ချီယွီ၏ စူးရှသော သိမ်းငှက်မျက်လုံးများမှာ ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ ဓာတ်ပုံသုံးပုံပေါ်တွင် စိုက်ကြည့်နေသည်။ သူ၏ ရှည်လျားသွယ်လျသော လက်များမှာ ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားပြီး လေသံမှာလည်း နက်နဲလှသည်။
“ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရဆိုရင် ဒီဓာတ်ပုံ သုံးပုံက ခြိမ်းခြောက်တာထက် သတိပေးတာနဲ့ ပိုတူတယ်”
“သတိပေးတာ?”
ဖူဟန် မျက်ခုံးပင့်လိုက်သည်။
ရန်သူက စိတ်ပြောင်းသွားတာလား၊ ဒါမှမဟုတ် တစ်ဖက်အုပ်စုထဲမှာ သစ္စာဖောက် ပေါ်လာတာလား?
မှန်ပါသည်၊ ထိုကဲ့သို့ ခိုင်လုံမှုမရှိသော ခန့်မှန်းချက်မျိုးမှာ မဖြစ်နိုင်ပေ။
“ဟုတ်တယ်”
အနီရောင် အီလက်ထရွန်နစ်ဘောပင်ဖြင့် ဓာတ်ပုံတစ်ပုံချင်းစီပေါ်ရှိ သံသယဖြစ်ဖွယ် အချက်များကို အမှတ်အသား ပြုလိုက်သည်။
“ပထမတစ်ပုံက မင်း သုံးနှစ်သား၊ ဒုတိယပုံက မူကြိုအရွယ်၊ တတိယပုံကတော့ လမ်းကြားထဲမှာ၊ နောက်ဆုံးပုံကို ခဏဖယ်ထားဦး၊ ပထမနှစ်ပုံကိုပဲ ကြည့်လိုက် - တစ်စုံတစ်ယောက်က ရန်သူအစစ်အမှန်က ချင်ချင့်ရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီဖြစ်လို့ ငါတို့ကို ပိုပြီးသတိထားဖို့ တမင်သက်သက် သတိပေးနေတာလို့ မင်း မထင်ဘူးလား?”
ထိုဓာတ်ပုံသုံးပုံမှာ ကူးချင်ချင်ကိုယ်တိုင်ထက် ချင်ချင့်၏ လက်ရှိအုပ်ထိန်းသူဆီအား ပို့လိုက်တာဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။
သူတို့က ချင်ချင့်ရဲ့လျှို့ဝှက်ချက်ကို သိထားမှတော့ လေးနှစ်အရွယ်ကလေးတစ်ယောက်က ဒီဓာတ်ပုံတွေရဲ့ အဓိပ္ပာယ်ကို နားလည်မှာမဟုတ်ဘူးဆိုတာ သူတို့ သိမှာပဲ။ ဒါကြောင့် ဒီပုံတွေက ငါတို့လက်ထဲ ရောက်လာမယ်ဆိုတာ သူတို့ တွက်ထားပြီးသား။
“သူတို့က အရမ်းသတိကြီးတယ်၊ ဒါမှမဟုတ်ရင် တစ်ခုခုကို ဝန်လေးနေတာမျိုး ဖြစ်နိုင်တယ် ဒါပေမဲ့ သေချာတာတစ်ခုကတော့ သူတို့က ချင်ချင့်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး၊ တချို့အချိန်တွေမှာ ငါတို့ဘက်ကတောင် ဖြစ်နိုင်သေးတယ်”
“တကယ်လို့ အဲဒီလိုဆိုရင် အဲဒီလူကို ပိုပြီးတော့ ရှာတွေ့ဖို့ လိုတာပေါ့”
ဖူဟန် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ဘယ်သူမှန်းမသိ၊ သစ္စာတရားက ဘယ်ဘက်မှာမှန်းမသိတဲ့ ‘အကူအညီပေးသူ’ ထက်စာရင်၊ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ပြီး ငါတို့ကို တကယ်ကူညီပေးနိုင်တဲ့လူက ပိုကောင်းတယ်”
အရင်လူမှာ မရေရာမှုတွေ အများကြီး ရှိနေပေမဲ့၊ နောက်လူကတော့ အနည်းဆုံးတော့ ငါတို့ ထိန်းချုပ်မှုအောက်မှာ ရှိနေမှာပဲ။
သူတို့ရှာတွေ့တဲ့လူက ကူညီဖို့ ဆန္ဒမရှိရင်တောင် အနည်းဆုံးတော့ ဘာတွေဖြစ်နေလဲဆိုတာ ငါတို့ သိရတာပေါ့။
“ကောင်းပြီ၊ ငါ့ကို သုံးရက် အချိန်ပေးပါ”
၎င်းမှာ အနည်းဆုံး ခန့်မှန်းချက်သာ ဖြစ်သည်၊ အမှန်တကယ်တွင် တစ်ရက်ဆိုလျှင်ပင် လုံလောက်ပါသည်။
“ကောင်းပြီ”
ဖူဟန် ခေါင်းညိတ်လိုက်ပြီးနောက် ပိုင်ချီယွီ၏ မေးခွန်းအား ကြားလိုက်ရသည်။
“မင်းရဲ့ ပုဂ္ဂလိကကိစ္စကို ဝင်စွက်ဖက်ချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒီ နောက်ဆုံးဓာတ်ပုံက...”
“အဲဒီလမ်းက အထက်တန်းကျောင်းသွားဖို့ တစ်ခုတည်းသော လမ်းပဲ”
ဖူမျိုးရိုးမှာ ချမ်းသာကြသော်လည်း ကလေးများအား အလိုလိုက်လေ့မရှိပေ။
ထိုစဉ်က သူတို့အိမ်မှာ ကျောင်းနှင့် ဝေးပြီး ကျောင်းကလည်း အဆောင်မပေးသဖြင့် ဖူဟန်မှာ အိမ်မှကားဖြင့် လိုက်ပို့သည်ကို ဖြစ်စေ၊ မြေအောက်ရထား ဖြစ်စေ စီးရသည်။
ကားနှင့်ဆိုလျှင် ကားပိတ်ချိန်မပါဘဲ မိနစ်လေးဆယ်ကျော် ကြာတတ်သော်လည်း မြေအောက်ရထားမှာ မိနစ်နှစ်ဆယ်ခန့်သာ ကြာသဖြင့် ဖူဟန် ရိုးရိုးရှင်းရှင်းပင် မြေအောက်ရထားကိုသာ ရွေးချယ်ခဲ့သည်။
အချိန်ကုန် သက်သာသည်။
ကျောင်းမှ မြေအောက်ရထားဘူတာသို့ ငါးမိနစ်ခန့် လမ်းလျှောက်ရပြီး ထိုလမ်းကြားအား ဖြတ်သွားရခြင်း ဖြစ်သည်။
ထိုလမ်းကြားကို သုံးနှစ်ပတ်လုံး ဖြတ်သန်းခဲ့ရသဖြင့် ဖူဟန်မှာ သတိမထားမိဘဲ မှတ်မိနေခြင်း ဖြစ်သည်။ ထို့အပြင် ထိုနေရာတွင် ထူးခြားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ဖူးသဖြင့် ပို၍ပင် မှတ်မိနေရခြင်း ဖြစ်သည်။
“ဘာထူးခြားတဲ့ ဖြစ်ရပ်လဲ?”
ပိုင်ချီယွီ ဦးနှောက်ထဲတွင် အတွေးတစ်ခု လျှပ်ခနဲ ပေါ်လာသည်၊ သူ အလွန်အရေးကြီးသော သတင်းအချက်အလက်တစ်ခုကို ဆုပ်ကိုင်မိလိုက်ပြီဟု ခံစားလိုက်ရသည်။
“အဲဒါက သိပ်ပြီး ထူးထူးခြားခြားကြီးတော့ မဟုတ်ပါဘူး”
ဖူဟန် ဂရုတစိုက် ပြန်လည်စဉ်းစားကြည့်သည်။
“အဲဒီတုန်းက ငါ လုပ်စရာရှိလို့ ကျောင်းကနေ ည ကိုးနာရီ၊ ဆယ်နာရီလောက်မှ ထွက်လာတာ၊ အဲဒီလမ်းကြားကို ဖြတ်တော့ လူသတ်မှုတစ်ခုကို မတော်တဆ တွေ့ခဲ့ပုံရတယ်၊ အဲဒီဓာတ်ပုံက လမ်းဘေးက လုံခြုံရေးကင်မရာက ရိုက်ထားတဲ့ပုံ ဖြစ်ရမယ်၊ အခင်းဖြစ်တဲ့နေရာမှာ ငါ ဘာတွေ့ခဲ့လဲဆိုတာ အဲဒီပုံက ပြနေတာပဲ”
လမ်းဘေး လုံခြုံရေးကင်မရာ မှတ်တမ်းများမှာ အများဆုံး သုံးရက်မှ ခုနစ်ရက်အထိသာ သိမ်းဆည်းထားလေ့ရှိပြီး၊ မှတ်ဉာဏ်နေရာ မပြည့်စေရန် အလိုအလျောက် ဖျက်ပစ်လေ့ရှိသည်။ ထိုစဉ်က ရိုက်ထားသော ဓာတ်ပုံမှာ ယခုတိုင် ရှိနေသေးသည်ဆိုလျှင် ကျူးလွန်သူမှာ သူ့အား အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
“တွေ့ခဲ့ပုံရတယ်?”
ပိုင်ချီယွီ ဖူဟန်၏ စကားထဲမှ ဟာကွက်ကို ဖမ်းလိုက်သည်။
အဘယ်ကြောင့် ထိုကဲ့သို့ မရေရာသော လေသံဖြင့် ပြောရသနည်း?
“အေး၊ ဘာလို့လဲဆိုတော့ လူသတ်သမားက ငါရှိနေတာကို သိသွားတာနဲ့ ချက်ချင်း ထွက်ပြေးသွားလို့ပဲ၊ ငါက ခံရတဲ့သူအတွက် ရဲနဲ့ လူနာတင်ကား ခေါ်ပေးခဲ့တယ်၊ ခံရတဲ့သူကို လူနာတင်ကားပေါ် တင်ပေးပြီးတာနဲ့ ငါ ထွက်လာခဲ့တာပဲ”
“အဲဒီနောက် ဘာဖြစ်သွားလဲ?”
ပိုင်ချီယွီမှာ စပ်စုချင်စိတ်များ ေပါ်လာသည်။
ကံမကောင်းစွာဖြင့် ဖူဟန်၏ အေးစက်လှသော တုံ့ပြန်မှုမှာ သူ့စပ်စုချင်စိတ်အား ငြှိမ်းသတ်လိုက်တော့သည်။
“ငါ ဆက်ပြီး စုံစမ်းမနေတော့ဘူး”
လမ်းသွားလမ်းလာတစ်ယောက်အနေဖြင့် သူသည် လုံလောက်သော အကူအညီကို ပေးခဲ့ပြီးသားဖြစ်ရာ ထိုကဲ့သို့သော ကိစ္စများတွင် သူ ဆက်လက်ပါဝင်ပတ်သက်နေမည် မဟုတ်ပေ။
သူ ကယ်တင်ခဲ့သော ကလေးမှာ အသက်ရှင်သလား သေသွားသလားဆိုသည်ကိုပင် ဖူဟန် မသိချေ။ သေချာသည်မှာ သူ ထွက်ခွာသွားချိန်တွင် ထိုကလေးမှာ အသက်ရှိနေဆဲ ဖြစ်သည်။
လူနာတင်ကားပေါ် မတက်မီတွင်ပင် ထိုကလေးမှာ အက်ရှရှအသံလေးဖြင့် “ကျေးဇူးတင်ပါတယ်” ဟု ပြောခဲ့သေးသည်။
“အခု တစ်ဖက်လူက ဒီဓာတ်ပုံကို ပို့လာတယ်ဆိုတော့ ဒါက ဖြစ်နိုင်မလား...”
နှစ်ယောက်လုံးမှာ ဉာဏ်ရည်ထက်မြက်သူများပီပီ တစ်ချိန်တည်းမှာပင် အကြောင်းအရာတစ်ခု တွေးမိသွားကြသည်။
“နောက်ကွယ်က ကြိုးကိုင်သူက ဒီကိစ္စနဲ့ ပတ်သက်နေတယ်လို့ တစ်ဖက်လူက အရိပ်အမြွက်ပြနေတာပဲ”
သူတို့နှစ်ယောက် ပြိုင်တူ ပြောလိုက်ကြသည်။ စကားဆုံးသည်နှင့် ဖူဟန် ဘက်မှ ကြည်လင်သော ခေါင်းလောင်းသံလေး ထွက်ပေါ်လာသည်။
ညဉ့်အေးအေးတွင် ဝရန်တာမှာ မှောင်မည်းကာ တိတ်ဆိတ်နေသည်။ ဤကဲ့သို့ ပတ်ဝန်းကျင်တွင် ရုတ်တရက် ထွက်ပေါ်လာသော ခေါင်းလောင်းသံမှာ ကျောစိမ့်စရာကောင်းလှသည်။
ပိုင်ချီယွီမှာ ချက်ချင်းပင် ဖုန်းအား အဝေးသို့ ဆွဲခွာလိုက်ပြီး မျက်နှာမှာ ဖြူလျော့သွားသည်။ ဖူဟန်မှာမူ ဘာမှမဖြစ်သလို တည်ငြိမ်နေဆဲပင်။
“မင်းက သရဲကြောက်တာလား?”
ဆက်သွယ်ရ လွယ်ကူစေရန် သူတို့ ဗီဒီယိုကောပြောနေခြင်းဖြစ်ရာ တစ်ဖက်လူ၏ အခြေအနေအား ရှင်းရှင်းလင်းလင်း မြင်နေရသည်။
“မဟုတ်ပါဘူး”
ပိုင်ချီယွီ သူ့အားနည်းချက်ကို မည်သို့ ဝန်ခံနိုင်ပါမည်နည်း?
အရွယ်ရောက်ပြီးသား အမျိုးသားနှစ်ဦးမှာ တစ်ဖက်လူမှ သရဲကြောက်သလား၊ မကြောက်ဘူးလား ဆိုသည်ကို အပြင်းအထန် ငြင်းခုံနေစဉ်မှာပင် ခေါင်းလောင်းသံမှာ ပို၍ ကျယ်လောင်လာပြီးနောက် ချင်ချင်၏ နူးညံ့ချိုသာသော အသံလေး ထွက်ပေါ်လာသည်။
“ဦးဦး၊ ဒီမှာ ဘာလုပ်နေတာလဲဟင်?”
ဖူဟန် ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ပန်းပွင့်လေးများ ပါသော အဝါနုရောင် အိပ်ရာဝင်ဝတ်စုံလေး ဝတ်ဆင်ထားပြီး ခြေဗလာဖြင့် ရပ်နေသော ချင်ချင့်အား မြင်လိုက်ရသည်။ သူမ၏ ဖြူဖွေးနုနယ်သော ခြေထောက်လေးနှစ်ဖက်တွင် ငွေရောင်ခေါင်းလောင်းလေး နှစ်လုံးစီ ချိတ်ဆွဲထားသည်။ သေချာသည်မှာ ထိုအသံမှာ ချင်ချင့်လှုပ်ရှားမှုကြောင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူ့မားမှာ ထိုကလေးခြေကျင်းလေးများကို မည်သည့်နေရာမှ ရှာတွေ့ခဲ့သည်မသိ၊ ချင်ချင့်အား ဝတ်ပေးထားခြင်း ဖြစ်သည်။
“ချင်ချင်၊ ဘာလို့ ဒီကို ရောက်လာတာလဲ?”
ဖူဟန် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး တစ်ဖက်မှလူ မြင်ကွင်းအား မြင်နိုင်စေရန် ဖုန်းမျက်နှာပြင်ကို မသိမသာ လှည့်ပေးလိုက်သည်။
ပိုင်ချီယွီ - “...”
“အဘွားက စွပ်ပြုတ်လုပ်ထားတယ်၊ ဦးဦး သောက်မလားလို့ မေးခိုင်းလိုက်လို့”
လူလည်မလေးမှာ လူကြီးများ ခိုင်းလိုက်သည့် အလုပ်အား လာရောက်ဆောင်ရွက်နေခြင်း ဖြစ်သည်။
“အေး၊ ချင်ချင် အရင်ဝင်သွားနှင့်၊ ဦးဦး ခဏနေရင် လာခဲ့မယ်”
ဖူဟန် ချင်ချင့်အား ချော့မော့လွှတ်လိုက်ပြီးနောက် ပိုင်ချီယွီကို ပြောလိုက်သည်။
“မင်း ကြားတဲ့အတိုင်းပဲ၊ ငါ ဒီမှာ လုပ်စရာရှိတယ်၊ ဖုန်းချလိုက်တော့မယ်”
“...”
ပိုင်ချီယွီ - “မင်း ချင်ချင့်ကို ငါ့ကို ပြရဲလား?”
“မပြရဲဘူး”
ချင်ချင်နှင့် အချိန်အတော်ကြာ အတူရှိခဲ့ပြီးနောက် ဖူဟန်မှာလည်း ရွဲ့တတ်စောင်းတတ်နေပြီ ဖြစ်သည်။
ပိုင်ချီယွီ ဒေါသတကြီးဖြင့် ဖုန်းချလိုက်တော့သည်။
ဖူဟန်မှာ နှုတ်ခမ်းပါးလေးကို အနည်းငယ် ကွေးညွှတ်လျက် ပြုံးကာ ပျော်ပျော်ပါးပါးပင် အိမ်ထဲသို့ ဝင်လာခဲ့သည်။ ထိုအခါ အဖေဖြစ်သူမှ အမေဖြစ်သူအား ပြောနေသော စကားကို ကြားလိုက်ရသည်။
“ဒီအဝတ်အစားတွေက နှစ်တွေ ဒီလောက်တောင် ကြာနေပြီ၊ မင်းက သိမ်းထားတုန်းပဲလား”
“ဒါတွေက အမှတ်တရတွေပဲဟာ။”
“ဟေး၊ အဲဒီတုန်းက ငါ သိပ်မစဉ်းစားမိလိုက်ဘူး၊ မဟုတ်ရင် အဲဒီကောင်လေး ဘာမှမသိသေးတဲ့အချိန်မှာ မိန်းကလေးဝတ်စုံ ဝတ်ပေးပြီး ဓာတ်ပုံရိုက်ထားလိုက်ရင် အခု သူ့ကို ကောင်းကောင်း လှောင်လို့ရတာပေါ့၊ ကြည့်ရအောင် သူ ငါ့ကို ထပ်ပြီး စိတ်ဆိုးအောင် လုပ်ရဲသေးလားလို့၊ တကယ်လို့ သူ အရမ်းစိတ်ဆိုးလာရင် အဲဒီ ဝတ်စုံဝတ်ထားတဲ့ပုံကို အားလုံးကို ချပြပြီး လှောင်ခိုင်းလိုက်မှာ”
ယခု ချင်ချင် ဝတ်ထားသော ဂါဝန်လေးမှာ ဖူဟန် ငယ်ငယ်က ဝတ်ခဲ့ဖူးသည့် ဝတ်စုံဖြစ်နေသည်။
ဖူဟန် - “...”
တကယ်ကို ကျွန်တော့်ရဲ့ ပါးပါပဲ။
အဘွားဖူ သူမ ခင်ပွန်းအား မျက်စောင်းထိုးလိုက်သည်။
“ရှင် တကယ်များ တင်ရဲရင် တင်ကြည့်လိုက်လေ၊ အသက်ကသာ ကြီးလာတယ်၊ ပိုပြီး ကလေးဆန်လာတာပဲ”
“မင်း ဘာသိမှာလဲ? ဒါကို နုပျိုတယ်လို့ ခေါ်တယ်၊ ခေတ်ရေစီးကြောင်းကို ရင်ဘောင်တန်းနိုင်အောင် နေတာ၊ ဒါမှ ခေတ်နောက်မကျမှာ”
ဖူချန်းသယ် အလျှော့မပေးဘဲ ပြန်ပြောသည်။
“ရှင်နဲ့ စကားပြောနေရတာ ပျင်းဖို့ကောင်းလိုက်တာ၊ ကျမ ချင်ချင့်အတွက် စွပ်ပြုတ် သွားယူပေးဦးမယ်”
အဘွားဖူမှာ ထိုကလေးကြီးနှင့် ဆက်ပြီး စကားမပြောချင်တော့သဖြင့် ထကာ မီးဖိုချောင်သို့ ဝင်သွားတော့သည်။
ဖူချန်းသယ် နောက်မှ လိုက်သွားရန် ပြင်သော်လည်း တားဆီးခံလိုက်ရသည်။
“ရှင့်ခြေထောက်တွေက သိပ်မသန်ဘူး၊ လိုက်မလာနဲ့၊ ရှုပ်နေလိမ့်မယ်”
နောက်ဆုံးစကားမှာ စနောက်ရုံသက်သက်သာ ဖြစ်သည်၊ ဖူချန်းသယ်အား မုန်း၍ မဟုတ်ဘဲ အလွန်အမင်း ဂရုစိုက်ကြောင်း ဖော်ပြခြင်းသာ ဖြစ်သည်။ အမှန်စင်စစ် အဘွားဖူမှာ အတော်အတန် ကျန်းမာပြီး ကျောက်ကပ်ဆေးချိန်တွင်သာ အနည်းငယ် အားနည်းတတ်ခြင်း ဖြစ်သည်။
အမှန်တော့ ကျောက်ကပ်ဆေးပြီးကတည်းက သူမ စိတ်ကျန်းမာရေးမှာ ပိုမိုကောင်းမွန်လာပြီး အစားအသောက်များကိုလည်း အလွန်အမင်း ရှောင်ကြဉ်စရာ မလိုတော့ဘဲ အသင့်အတင့် စားသုံးနိုင်ပြီဖြစ်သည်။
၎င်းမှာ သူမ၏ စားချင်စိတ်ကို လှုံ့ဆော်ပေးရုံသာမက၊ ဟင်းချက်ရခြင်းအား ငြီးငွေ့နေပြီဖြစ်သော အဘွားဖူအား ဝါသနာကို ပြန်လည်အသက်သွင်းစေခဲ့သည်။
အထူးသဖြင့် အိမ်တွင် ကလေးနှစ်ယောက် ထပ်တိုးလာသဖြင့် သူမသည် သူတို့အတွက် ဟင်းချက်ပေးရသည်ကို အလွန်ပျော်မွေ့နေသည်။
မည်သည့်ဆုလာဘ်မှ မလိုအပ်ေချ၊ စားပြီးနောက် ကောင်းမွန်သော မှတ်ချက်လေး ပေးလိုက်ရုံနှင့် သူမမှာ ပီတိများ ဝေဖြာနေတော့သည်။
ထိုကလေးနှစ်ယောက်မှာ ချင်ချင်နှင့် ဖူချန်းသယ်တို့ ဖြစ်ကြသည်။
ဖူဟန်မှာမူ အရွယ်ရောက်ပြီးသူဖြစ်ရာ အိမ်တွင် ဤနှစ်ယောက်သာ ကလေးများဖြစ်ကြသည်။
အဘွားဖူ၏ ငါးစွပ်ပြုတ်မှာ ဂျင်းအများအပြား ထည့်ထားသဖြင့် ငါးညှီနံ့ မရှိတော့ဘဲ ပင်လယ်စာ၏ချိုမြိန်မှုနှင့် ဂျင်း၏ စပ်ရှိရှိအရသာသာ ကျန်တော့သည်။
အခြားသော ဟင်းခတ်အမွှေးအကြိုင်များနှင့်အတူ သုံးနာရီကျော်ကြာအောင် တည်ထားသဖြင့် အရသာမှာ အလွန်ထူးကဲလှပြီး အအေးမိခြင်းကို ပျောက်ကင်းစေကာ ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်သည်ဟု ဆိုကြသည်။
တစ်ယောက် တစ်ခွက်စီ ပေးဝေလိုက်ရာ စွပ်ပြုတ်အိုးမှာ ပြောင်သလင်းခါသွားတော့သည်။
ဖူချန်းသယ် ဖုန်းဖြင့် ဓာတ်ပုံရိုက်ကာ သူ့ WeChat Moments တွင် တင်လိုက်သည်။
“သားနဲ့ ချွေးမ လာလည်ကြတယ်၊ တစ်မိသားစုလုံး စုံစုံလင်လင်ပဲ။
[ပုံ - နို့နှစ်ရောင် ငါးစွပ်ပြုတ် လေးခွက်] (ဖူဟန်အား မမြင်ရအောင် ကန့်သတ်ထားသည်)။
ထိုအချိန်တွင် လူတိုင်းအားလပ်နေကြသဖြင့် မှတ်ချက်ကဏ္ဍမှာ ချက်ချင်းပင် စည်ကားသွားသည်။
အဘိုးကျန်း - မင်းသားက သိပ်သိတတ်တာပဲ၊ ငါ့သားနဲ့ မတူဘူး၊ အမြဲတမ်း အပြင်မှာပဲ။
အဘိုးလီ - အားကျလိုက်တာ
...
ဖူစစ်ကျင်း - ...
ဖူစစ်ချန် - ...?
ဖူစစ်ချန် - အဘိုး၊ တစ်ခုခုလိုနေတယ်လို့ မထင်ဘူးလား?
ဖူချန်းသယ် ဖူစစ်ချန်အားပြန်ဖြေသည် - “မဟုတ်ဘူး၊ ဘာမှ မလိုပါဘူး။”
ဖူစစ်ကျင်း ဖူချန်းသယ်အား ပြန်ဖြေသည် - “ခွင့်လွှတ်ပါဦး၊ ကျွန်တော်တို့က နာမည်တောင်ဖော်ပြခံရဖို့ မတန်ဘူးထင်တယ်”
အမြဲတမ်း တည်ငြိမ်ရင့်ကျက်လှသော ဖူစစ်ကျင်းပင်လျှင် ဤတစ်ကြိမ်တွင် ဝင်ရောက်ပြောဆိုလိုက်ရသည်အထိ သူတို့ ညီအစ်ကိုနှစ်ယောက်မှာ မိသားစုအကြီးအကဲ၏ လုပ်ရပ်အပေါ် မည်မျှအထိ လက်လျှော့လိုက်ရသည်မှာ သိသာလှပေတော့သည်။