အခန်း (၁၀၆)
Vol. 12 Ch. 106
🍼 Chapter 106
ပိုင်ချီယွီ ဟန်ဝေ့လန်၏ မျက်နှာချင်းဆိုင်တွင် တမင်နေရာယူလိုက်ခြင်းမှာ သူမနှင့် ကိုယ်တိုင်ကိုယ်ကျ စကားပြောရန် ရည်ရွယ်ထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဖူဟန် ဘေးမှနေ၍ သူတို့စကားဝိုင်းကို တိတ်ဆိတ်စွာ နားထောင်နေရင်း ချင်ချင့်အား ခေါက်ဆွဲကျွေးနေတော့သည်။
ကောင်မလေးမှာ မနက်က နို့တစ်ဗူးသာ သောက်ထားရသဖြင့် တော်တော်လေး ဗိုက်ဆာနေရှာပြီ။
သူမ ခေါက်ဆွဲများကို ပါးစပ်အပြည့် ထည့်ကာ အားရပါးရ ငုံ့စားနေသဖြင့် နင်သွားမည်ကိုပင် မစိုးရိမ်တော့ချေ။
“ဝါးစားဦးလေ ပြီးမှ မျိုချနော်”
ဖူဟန် ချင်ချင့်နှုတ်ခမ်းပေါ် ပေကျံနေသော စွပ်ပြုတ်ရည်များကို တစ်ရှူးဖြင့် ဂရုတစိုက် သုတ်ပေးလိုက်သည်။
ဟန်ဝေ့လန် သူတို့နှစ်ယောက်အား တစ်ချက်ကြည့်လိုက်ပြီးမှ ပိုင်ချီယွီဘက်သို့ လှည့်ကာ သူ့မေးခွန်းကို စောင့်ဆိုင်းနေသည်။
“မကြာသေးခင်က ကူးချင်ချင်ဆီကို ပါဆယ်တွေ ပို့ထားတာ ရှိလား?”
ပိုင်ချီယွီ စကားကို ကွေ့ပတ်မနေတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။ အသုံးမဝင်သော စကားများဖြင့် အချိန်ဖြုန်းနေရန် သူ ပျင်းရိနေပြီ ဖြစ်သည်။
“ရှိတယ်လေ”
ဟန်ဝေ့လန် ပွင့်ပွင့်လင်းလင်းပင် ဖြေသည်။
“လွန်ခဲ့တဲ့ နှစ်ရက်က ချင်ချင့်မွေးနေ့လေ၊ အဲဒါကြောင့် လက်ဆောင်တစ်ခု ပို့ပေးလိုက်တာ၊ မြို့တွင်းအမြန်ချောနဲ့ ပို့လိုက်တာဆိုတော့ အဲဒီနေ့မှာတင် ရောက်မှာပဲ”
“ဘာလဲ? လက်ဆောင်မှာ တစ်ခုခု ပြဿနာရှိလို့လား?”
ပိုင်ချီယွီ ထပ်မမေးနိုင်ခင်မှာပင် ဟန်ဝေ့လန် သူမဘာသာ သံသယဝင်လာသည်။
“ချင်ချင်က တစ်ခုခုနဲ့ မတည့်တာမျိုး ဖြစ်လို့လား? ဒါပေမဲ့ မဖြစ်နိုင်ပါဘူး၊ ငါက ချင်ချင့်ရဲ့ အသားအရေအမျိုးအစားနဲ့ အကိုက်ညီဆုံး အလှကုန်အစုံကို သေချာရွေးပေးလိုက်တာပဲ၊ သူမနဲ့ မတည့်စရာ အကြောင်းမရှိဘူး”
ကိုယ့်အသားအရေအကြောင်းကို ကိုယ့်ထက်ပိုသိသူမှာ ကိုယ့်အခင်ဆုံးသူငယ်ချင်းသာ ဖြစ်ပေလိမ့်မည်။
သံသယတွေ ပိုတိုးလာသော ပိုင်ချီယွီမှာ ဟန်ဝေ့လန် စကားကို အမြန်ဖြတ်ပြောလိုက်သည်။
“မင်း ကူးချင်ချင်ဆီကို တကယ်ပဲ ဘာပို့လိုက်တာလဲ?”
သူမ ပြောနေသည့်အရာအား သူ လုံးဝ နားမလည်နိုင်တော့သလို ခံစားနေရသည်။
“အသားအရေထိန်းသိမ်းတဲ့ skincare set လေ၊ X brand ရဲ့ နောက်ဆုံးထွက် မော်ဒယ်၊ အသားဖြူစင်စေပြီး အရွယ်တင်နုပျိုစေတဲ့ အာနိသင် အများကြီးပါတယ်၊ အသစ်ထွက်တာဆိုတော့ အရေအတွက် အကန့်အသတ်ရှိလို့ ငါ တစ်ညလုံး မအိပ်ဘဲ စောင့်ဝယ်ထားရတာ၊ ငါတောင် မသုံးရသေးဘူး၊ ချင်ချင့်ကို မွေးနေ့လက်ဆောင် ပေးလိုက်တာ”
ဟန်ဝေ့လန် ရိုးရိုးသားသားပင် ပြောသည်။
ချမ်းသာကြသော်လည်း ဤကဲ့သို့ ကြမ်းတမ်းသော အမျိုးသားများမှာ အသားအရေထိန်းသိမ်းမှုအကြောင်းအား ဘာမှမသိကြချေ။
ပိုင်ချီယွီနှင့် ဖူဟန်မှာ - “...”
၎င်းမှာ သူတို့အတွက် နားမလည်နိုင်သော နယ်ပယ်တစ်ခု ဖြစ်နေသည်။
ပိုင်ချီယွီ ဖူဟန်အား အချက်ပြလိုက်ရာ ဖူဟန် ဖုန်းထုတ်၍ စာတစ်စောင် ပို့လိုက်ပြီးနောက် ခေါင်းကို အသာအယာ ညိတ်ပြသည်။
ချင်ချင် ရရှိထားသော လက်ဆောင်များထဲတွင် အသားအရေထိန်းသိမ်းသည့် ပစ္စည်းအသစ်တစ်ခု တကယ်ပါဝင်ကြောင်း သူ အတည်ပြုလိုက် သည်။ ၎င်းမှာ အလွန်ဈေးကြီးပြီး အသားအရေအတွက် နူးညံ့ကာ ထိခိုက်လွယ်သောအသားအရေနှင့် သင့်တော်ကြောင်း သိရသဖြင့် ဟန်ဝေ့လန်မှာ လက်ဆောင်အတွက် တော်တော်လေး စိတ်နှစ်ထားကြောင်း သိသာလှသည်။
ကြားထဲမှ စာသားအရှည်ကြီးမှာမူ သူ့သားငယ်ဖြစ်သူမှ ထည့်ရေးပေးလိုက်ခြင်းဖြစ်ရာ ဖူဟန် တစ်ချက်ကြည့်ပြီး ကျော်လိုက်တော့သည်။
ဒီဘက်ခေတ် လူငယ်တွေကတော့ ကျားမမရွေး ကိုယ့်မျက်နှာကို ပြင်ဆင်ရမှာဆိုရင် တော်တော်လေး အလုပ်ရှုပ်ခံနိုင်ကြပါလား။
ဟန်ဝေ့လန်၏ ပါဆယ်မှာ ချင်ချင့်မွေးနေ့ မနက်မှာတင် ရောက်ရှိခဲ့သည်မှာ သူမ ပြောသည့်အတိုင်း မှန်ကန်နေပြီး ပိုင်ချီယွီ ရှာဖွေထားသော အချက်အလက်များနှင့်လည်း ကိုက်ညီနေသည်။
ဒါဆို သူတို့ အပြစ်မရှိသူတစ်ယောက်ကို အထင်မှားမိတာလား?
မဖြစ်နိုင်ပေ၊ သူတို့ ဤနေရာအထိ သဲလွန်စကို လိုက်လာနိုင်ခဲ့မှတော့ ပိုင်ချီယွီအနေဖြင့် စကားအနည်းငယ်နှင့်တင် လက်လျှော့မည့်သူ မဟုတ်ပေ။
“မင်းရဲ့ အချိန်ကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်၊ နောက်ထပ် မေးခွန်းတစ်ခုလောက် မေးပါရစေဦး”
“မေးလေ”
စားသောက်နေသော ဟန်ဝေ့လန်မှာ ပုံမှန်ထက် ပို၍ စကားပြောရ လွယ်ကူနေသည်။
“အကြောင်းတစ်ခုကြောင့် ငါ မင်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို မတော်တဆ စစ်ဆေးမိသွားတယ်၊ မင်းအဖေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က ထောင်ကျခဲ့တယ်လို့ သိရပေမဲ့ မင်း မောင်လေးကတော့ ဒီနှစ်မှာ ခြောက်နှစ်ပဲ ရှိသေးတယ်နော်၊ မေးပါရစေ၊ မင်းမောင်လေးရဲ့ အဖေက...?”
ခေါက်ဆွဲများကို ခူးယူနေသော တူများမှာ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ခေါက်ဆွဲများထဲသို့ အင်အားဖြင့် ထိုးစိုက်လိုက်သည်။
ဟန်ဝေ့လန် မော့ကြည့်လိုက်ရာ သူမ၏ လှပသော မျက်နှာလေးမှာ အေးစက်စက် ဖြစ်သွားပြီး ပိုင်ချီယွီ မျက်လုံးများကို စိုက်ကြည့်လျက်
“ရှင် မှားနေတာ နှစ်ချက်ရှိတယ်၊ ပထမအချက်က ကျမမှာ အေဖမရှိဘူး၊ သူ သေသွားတာ ကြာလှပြီ၊ ဒုတိယအချက်က ကျမမောင်က တရားမဝင်မွေးထားတဲ့ကလေး၊ သူ့ရဲ့ ပါးက ဘယ်သူမှန်း မသိဘူး၊ ဒီအဖြေက လုံလောက်ပြီလား? ထပ်မေးရင်တော့ ဒါက လွန်သွားပြီနော်”
“တောင်းပန်ပါတယ်”
ပိုင်ချီယွီ ချက်ချင်းတောင်းပန်လိုက်သည်။
သူ အပြင်လောကတွင် လူတိုင်း ကြောက်ရွံ့ရသောပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း၊ ယခုမူ ဤခေါက်ဆွဲဆိုင်လေးထဲတွင် မြေးတစ်ယောက်လို အဆူခံနေရသဖြင့် အလွန်စိတ်ပျက်အားငယ်ရသည်။
သူ့စိတ်အခြေအနေမှာ လုံးဝပျက်စီးသွားပြီး ခေါက်ဆွဲစားချင်စိတ်ပင် မရှိတော့ပေ။
ဟန်ဝေ့လန် သူမ ဖုန်းကို ကောက်ကိုင်ကာ ထရပ်လိုက်ပြီး ထွက်ခွာရန် ပြင်သည်။
“ဆိုင်ရှင်အန်တီ၊ သူတို့က ကျွန်မအတွက် ပေးပြီးသားနော်၊ မူရင်းဈေးအတိုင်းပဲ ယူလိုက်ပါ”
“ကောင်းပြီလေ!”
ဟန်ဝေ့လန် ထွက်သွားသည်ကို မြင်သောအခါ ပိုင်ချီယွီ လှမ်းတားရန် ပြင်သော်လည်း ဆိုင်ရှင်အန်တီမှ သူ့အား ပိုလျင်မြန်စွာ လှမ်းဆွဲလိုက်သည်။
“ရှင်က ပိုက်ဆံမပေးရသေးဘူးလေ၊ အမဲသားခေါက်ဆွဲ တစ်ပွဲကို တစ်ဆယ့်ငါးယွမ်၊ သုံးပွဲဆိုတော့ လေးဆယ့်ငါးယွမ်၊ လန်လန်က အစာတွေ အများကြီး ထည့်စားတာ၊ တစ်မျိုးကို နှစ်ယွမ်စီပိုပေးရတယ်၊ အဲဒါကြောင့် သူ့ပွဲက နှစ်ဆယ့်သုံးယွမ်၊ အားလုံးပေါင်း ခြောက်ဆယ့်ရှစ်ယွမ် ကျသင့်ပါတယ်”
“ပိုတာ ပြန်မအမ်းနဲ့တော့”
ပိုင်ချီယွီ ဆိုင်ရှင်အဒေါ်ကြီးအား ယွမ်တစ်ရာတန် တစ်ရွက်ကမ်းပေးလိုက်သည်။ သူ နောက်မှ လိုက်သွားချင်သော်လည်း ပွင့်လင်းလွန်းသော အဒေါ်ကြီးမှ သူ့အား လွှတ်မပေးပေ။
“ပိုတာ ပြန်မအမ်းနဲ့ဆိုတာ ဘာအဓိပ္ပာယ်လဲ? မင်းက ဘာလို့ ဒီလောက်တောင် လက်ဖွာရတာလဲ? ယွမ်အစိတ်၊ သုံးဆယ်လောက်ကို ဒီအတိုင်း ပေးပစ်လိုက်တာလား? အိမ်ရောက်ရင် ဖြုန်းတီးတယ်ဆိုပြီး ဇနီးသည်ရဲ့ ဆူတာကို ခံရဦးမယ်”
ဆိုင်ရှင်အဒေါ်ကြီးမှာ ပိုင်ချီယွီအား မျက်စောင်းထိုးလျက် အကြွေစေ့တစ်ခုမကျန် ပြန်အမ်းပြီးမှ လွှတ်ပေးတော့သည်။
ထိုအချိန်တွင် ဟန်ဝေ့လန်မှာ ပျောက်ခြင်းမလှ ပျောက်သွားပြီဖြစ်ရာ လိုက်ရှာရန်နေရာပင် မရှိတော့ချေ။
ပိုင်ချီယွီမှာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်မိတော့သည်။
“...”
ဆိုင်ရှင်အဒေါ်ကြီးမှာ ဟန်ဝေ့လန်အတွက် တမင် အချိန်ဆွဲပေးနေခြင်းမှန်း သူ မသိလျှင်တော့ သူ ရှင်သန်လာခဲ့သည့် နှစ်တွေက အလကား ဖြစ်ပေလိမ့်မည်။
ဆိုင်ထဲသို့ ပြန်လှည့်လာစဉ် ဖူဟန် ချင်ချင့်အား အေးအေးဆေးဆေး ခေါက်ဆွဲကျွေးနေသည်ကို မြင်သောအခါ ပိုင်ချီယွီ ဒေါသပေါက်ကွဲသွား တော့သည်။
“မင်းက ဒီအချိန်မှာ ခေါက်ဆွဲစားနိုင်သေးတယ်ပေါ့လေ?!”
ပိုင်ချီယွီ၏ ရုတ်တရက် အော်ဟစ်သံကြောင့် ချင်ချင်မှာ လန့်သွားပြီး စားလက်စ ခေါက်ဆွဲများကို ရပ်လိုက်ကာ၊ မျက်ရည်ဝိုင်းလေးများဖြင့် သူ့အား ကြောင်ကြည့်နေရှာသည်။
“တောင်းပန်ပါတယ်၊ ဦးဦးက သမီးကို ပြောတာမဟုတ်ဘူး၊ ချင်ချင်လေး လိမ္မာတယ်၊ ခေါက်ဆွဲ ဆက်စားနော်၊ ဦးဦး မှားသွားတယ်၊ စားစား၊ ဦးဦး ဘာမှ မပြောတော့ဘူး”
ချင်ချင့်အား အတင်းချော့မော့နေရသော ပိုင်ချီယွီမှာ မိမိကိုယ်ကို ဒုက္ခပေးမိပြီမှန်း နားလည်သွားတော့သည်။
ကောင်မလေး စိတ်ဆိုးသွားလျှင် ချော့ရသည်မှာ မလွယ်ကူပေ။ တောင်းပန်ရုံတင်မကဘဲ မုန့်တွေ၊ အရုပ်တွေ ဝယ်ပေးပါမည်ဟု ကတိပေးရသေးသည်။ မဟုတ်လျှင် သူမ တစ်ပတ်လောက် စိတ်ကောက်နေပေလိမ့်မည်။
မှတ်ဉာဏ်ကောင်းသော ကလေးများမှာ ရန်ငြိုးအား အကြာကြီး မှတ်ထားတတ်ကြသည်။
ချင်ချင့်ခေါင်းလေး ခေါက်ဆွဲပန်းကန်ထဲ ပြန်ရောက်သွားမှသာ ပိုင်ချီယွီ ဖူဟန်အား မကြည်မလင် ကြည့်လိုက်သည်။
“ဘာလို့ စောစောက နောက်ကနေ မလိုက်သွားတာလဲ?”
ဒီကောင် ဘေးကနေ ထိုင်ကြည့်နေတာ သက်သက်ပဲ။
“လိုက်လို့ မရဘူး၊ လိုက်စရာလည်း မလိုဘူး”
ဖူဟန် ပိုင်ချီယွီအား စကားခြောက်ခွန်းသာ ပစ်ပေါက်လိုက်သဖြင့် ပိုင်ချီယွီမှာ စကားပင် ဆက်မပြောနိုင်တော့ပေ။
သူ ဤအချစ်ပြိုင်ဘက်အား တကယ်ပင် စိတ်အနှောင့်အယှက် ဖြစ်မိသည်၊ အစက ချင်ချင် သူ့ကို ဘာများ ကြိုက်ခဲ့ပါလိမ့်။
ပိုင်ချီယွီ ခေါက်ဆွဲပန်းကန်အား ဆွဲယူကာ ဖူဟန့်မျက်နှာချင်းဆိုင်တွင် ထိုင်လျက် အမြန်ပင် စားသောက်ပစ်လိုက်သည်။
သူ မနက်စာ မစားရသေးသဖြင့် တကယ်ဆာနေပြီ ဖြစ်သည်။
ထို့အပြင် ဤဆိုင်လေးမှာ သေးငယ်သော်လည်း အမဲသားခေါက်ဆွဲမှာ တကယ်ပင် စေးပိုင်ပြီး အရသာရှိလှသည်။
“မင်းရော ဟန်ဝေ့လန်က အဲဒီလူလို့ ထင်လား?”
ခေါက်ဆွဲစားပြီးနောက် စိတ်တိုနေသော ပိုင်ချီယွီမှာ ချက်ချင်းပင် တည်ငြိမ်မှု ပြန်ရလာသည်။
အမှန်တော့ စောစောက သူ သရုပ်ဆောင်နေခြင်းသာဖြစ်သည်။
“မင်းကော သူမအပေါ် သံသယရှိနေတုန်းပဲ မဟုတ်လား?”
ဖူဟန် ချင်ချင့်အတွက် ရေနွေးနွေးလေး တစ်ခွက် ငှဲ့ပေးလိုက်သည်။
ခေါက်ဆွဲမှာ အနည်းငယ် ငန်သဖြင့် ချင်ချင့်အား အရသာပျက်အောင် ရေတိုက်ပေးခြင်း ဖြစ်သည်။
“ဟုတ်တယ်”
ပိုင်ချီယွီ ပွင့်ပွင့်လင်းလင်း ဝန်ခံသည်။
“ဒါတွေအားလုံးက အရမ်းတိုက်ဆိုင်လွန်းနေတယ်၊ တစ်ခါတစ်ရံမှာ တိုက်ဆိုင်မှုတွေ များလွန်းနေတာက တိုက်ဆိုင်မှု မဟုတ်တော့ဘူး”
ဟန်ဝေ့လန်၏ပုံရိပ်မှာ ပါဆယ်ပို့သည့် နေရာအနီးတွင် ပေါ်လာခဲ့သည်။
သူမ အိမ်မှာလည်း ပိုင်ချီယွီ စုံစမ်းထားသောနေရာဖြစ်နေသည်။
ချင်ချင့်မွေးနေ့တွင် တစ်ခုပြီးတစ်ခု ရောက်လာသော ပါဆယ်နှစ်ခုကလည်း သူမအပေါ် သံသယကင်းရှင်းစေရန် ပါးနပ်စွာ စီစဉ်ထားသလိုပင်။
ယနေ့ သူမတို့အိမ်အား လူတစ်ယောက်ယောက် လာရှာမည်မှန်း ကြိုသိနေသည့်အလား တည်ငြိမ်နေသည့် သူမ၏ အမူအရာ။
ဤတိုက်ဆိုင်မှုများကို တစ်ခုချင်း စီစစ်လိုက်လျှင် အမှန်တရားအား ဖော်ထုတ်ရန် လွယ်ကူလှသည်။
ဖူဟန် ငယ်ဘဝဓာတ်ပုံအား ပေးပို့သူမှာ ဟန်ဝေ့လန် ဖြစ်သည်။ သူမသည် ချင်ချင့်နောက်ကွယ်မှ ကြိုးကိုင်သူအား သိသလို၊ ချင်ချင် ခန္ဓာကိုယ် သေးငယ်သွားသည့် လျှို့ဝှက်ချက်ကိုလည်း သိထားသည်။ သူမသည် သူတို့အား ချင်ချင့်ကို ကာကွယ်ရန် တမင်သက်သက် သတိပေးခဲ့ခြင်း ဖြစ်သည်။
အကြောင်းအရာအားလုံး ဆက်စပ်ကြည့်လိုက်သောအခါ အရာများစွာ ရှင်းလင်းသွားတော့သည်။
ချင်ချင် ပျောက်ဆုံးသွားစဉ်အတွင်း ဟန်ဝေ့လန် ဘာလို့ နှုတ်ဖြင့် ခြိမ်းခြောက်ရုံသာလုပ်ခဲ့သနည်း?
သူ့အရင်းနှီးဆုံး သူငယ်ချင်းနှင့် တထေရာတည်း တူသော ကလေးမလေးအား မြင်သည့်အခါတွင်လည်း ဘာကြောင့် ဘာမှမမေးဘဲ သူတို့ ပြောသမျှကို ယုံကြည်ပေးခဲ့သနည်း?
အဘယ်ကြောင့်ဆိုသော်... ဟန်ဝေ့လန်မှာ အလွန်စေ့စပ်သေချာသူ ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် သူမသည် ကျွမ်းကျင်သော လေ့ကျင့်မှု များမရှိခဲ့သဖြင့် အသေးစိတ်အချက်အလက်အချို့မှာ ဟာကွက်များ ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် ကျွမ်းကျင်သူဖြစ်သော ပိုင်ချီယွီ ထိုဟာကွက်များကို ဖမ်းဆုပ်ကာ လျှို့ဝှက်ချက်အားဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
“ငါတို့ သဲလွန်စ အကြီးကြီး တစ်ခုရလိုက်ပြီ”
အမဲလိုက်သူနှင့် အမဲလိုက်ခံရသူ၏ ကစားပွဲတွင် သူတို့သည် ရန်သူ့ခြေရာအား နောက်ဆုံးတွင် မိလိုက်ပြီ ဖြစ်သည်။
“တော်လိုက်တော့”
ဖူဟန် ပိုင်ချီယွီ၏ လှုပ်ရှားမှုများကို ရုတ်တရက် တားဆီးလိုက်သည်။
“ဟန်ဝေ့လန်ကို ထပ်ပြီး အနှောင့်အယှက်မပေးနဲ့တော့၊ ဘာမှ မဖြစ်ခဲ့သလိုပဲ ထားလိုက်ရအောင်၊ သူမက ငါတို့ကို ဘာသတိပေးချက်မှ မပေးခဲ့သလို၊ ငါတို့လည်း သူမကို မတွေ့ခဲ့သလိုမျိုးပေါ့”
“ဒီလောက် အရေးကြီးတဲ့ သဲလွန်စကို ငါ့ကို လက်လွှတ်ခိုင်းတာလား? အကြောင်းပြချက် ပေးဦးလေ”
ပိုင်ချီယွီ ဒေါသထွက်မနေဘဲ တည်ငြိမ်စွာပင် ရှင်းပြချက် တောင်းလိုက်သည်။
“ဘာလို့လဲဆိုတော့ ချင်ချင် ဝမ်းနည်းသွားလိမ့်မယ်”
ထိုစကား ခုနစ်ခွန်းမှာ ပိုင်ချီယွီအား စကားမဲ့သွားစေသည်။
ဟန်ဝေ့လန်တွင် သူမကိုယ်တိုင် မသိစေချင်သော လျှို့ဝှက်ချက်များ ရှိနေပေမည်။
အကယ်၍ သူတို့ သူမအား သဲလွန်စအဖြစ် အသုံးချပြီး ဆက်လက်စုံစမ်းနေမည်ဆိုလျှင် သူမ၏ မသိသေးသော လျှို့ဝှက်ချက်များ ပေါ်လာကာ သူမကို ဒုက္ခပေးသလို ဖြစ်သွားနိုင်သည်။
မည်သူမျှ ထိုအကျိုးဆက်အား မခန့်မှန်းနိုင်ချေ။
သို့သော် ဖူဟန် ပြောသည့်အတိုင်း၊ ကူးချင်ချင်သာ သိသွားပါက သူမ အလွန်ဝမ်းနည်းသွားမည် ဖြစ်သလို၊ သူတို့ကိုလည်း စိတ်ဆိုးသွားပေလိမ့်မည်။
အခုအချိန်မှာ သူတို့ အလိုချင်ဆုံး မဟုတ်သည့်အရာမှာ ချင်ချင့်အား ဝမ်းနည်းအောင် လုပ်မိခြင်းပင်။
ပိုင်ချီယွီမှာ စိတ်ထဲတွင် အလိုမကျဖြစ်နေသည်၊ သူတို့ သဲလွန်စတစ်ခု ရခါမှ ဤအတိုင်း လက်လွှတ်လိုက်ရခြင်းကြောင့် ဖြစ်သည်။
“ပေးပို့သူက ဟန်ဝေ့လန်မှန်း အတည်ပြုနိုင်ပြီဆိုရင် ငါတို့ တော်တော်လေး စိတ်အေးသွားရပြီ”
သူ့ မကျေနပ်မှုကို မြင်သောအခါ ဖူဟန် သူ့ပြိုင်ဘက်အား ရှားရှားပါးပါးပင် နှစ်သိမ့်စကား ဆိုလိုက်သည်။
“ငါ သူ့အကြောင်း အများကြီး မသိပေမဲ့၊ ဟန်ဝေ့လန်က ချင်ချင့်ကို ဘယ်တော့မှ ဒုက္ခပေးမှာ မဟုတ်ဘူးဆိုတာ ငါသိတယ်၊ ချင်ချင့်ကို ဒုက္ခပေးချင်တဲ့သူနဲ့ သူမ ဘယ်လိုပဲ ပတ်သက်နေပါစေပေါ့”
“မင်းရဲ့ နှစ်သိမ့်စကားတွေကို ငါ မလိုပါဘူး၊ ဒီသဲလွန်စ မရရင်လည်း နေပါစေဦး၊ ငါ ဆက်ရှာဦးမှာပဲ၊ မြောင်းထဲမှာ ပုန်းနေတဲ့ အဲဒီကြွက်စုတ်ကို တစ်နေ့နေ့တော့ ငါ မိအောင် ဖမ်းပြမယ်”
ပိုင်ချီယွီ၏မှောင်မည်းသော မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
ဟန်ဝေ့လန်မှာ အိမ်သို့ အသက်မရှူနိုင်အောင် အပြေးအလွှား ပြန်လာခဲ့သည်။
သူမ စားပွဲပေါ်မှ ရေအေးခွက် ကောက်ယူကာ အကြိမ်ပေါင်းများစွာ သောက်လိုက်သော်လည်း အားမရသဖြင့် ရေစက်ထဲမှ ရေကို ထပ်မံ ဖြည့်သောက်နေပြန်သည်။
“ရေတွေ အများကြီးသောက်လို့ သေသွားမှာ မကြောက်ဘူးလား?”
ဟန်တိတိ အသံမှာ သူမနောက်ကွယ်မှ ထွက်ပေါ်လာသဖြင့် ဟန်ဝေ့လန် လန့်သွားပြီး ရေနင်သွားတော့သည်။
“အဟွတ်... အဟွတ်... အဟွတ်...”
သူမ ရေခွက်အား အမြန်ချလိုက်ကာ ပါးစပ်ကို ပိတ်၍ တဟွတ်ဟွတ် ချောင်းဆိုးနေတော့သည်။
သူမ၏ ချောင်းဆိုးသံမှာ အလွန်ပြင်းထန်လှသဖြင့် ဟန်တိတိပင် လန့်သွားရှာသည်။ ဟန်ဝေ့လန်နှင့် တူလှသော သူ၏ ဖီးနစ်မျက်လုံးများ ပြူးကျယ်သွားပြီး သူမ ကျောကို အမြန်လာပုတ်ပေးသည်။
“အ... အဆင်ပြေရဲ့လား? ဘာလို့ ဒီလောက် အတင်းသောက်ရတာလဲ? ဘယ်သူမှ လုသောက်နေတာ မဟုတ်ဘူးကို”
“ငါ့ကို ရေမသောက်အောင် တားနေတာ နင်ပဲလေ! တားတာတင် မဟုတ်ဘူး၊ ငါ့ကို သတ်ဖို့ ကြိုးစားနေတာ!”
နောက်ဆုံးတွင် အသက်ပြန်ရှူနိုင်သွားသော ဟန်ဝေ့လန်မှာ ကြမ်းပြင်ပေါ်သို့ ပုံရက်သား လဲကျသွားပြီး ပြန်မထနိုင်တော့ချေ။
“ကြမ်းပြင်ပေါ်မှာ မထိုင်နဲ့လေ၊ ညစ်ပတ်တယ်”
ဟန်တိတိမှာ မျက်မှောင်ကြုတ်လျက် သူမ ထလာနိုင်ရန် လက်မောင်းကို ဆွဲမပေးသည်။
သို့သော် ဟန်ဝေ့လန်မှာ လုံးဝမလှုပ်ချေ။ အရွယ်ရောက်ပြီးသူ တစ်ယောက်၏ အလေးချိန်မှာ ခြောက်နှစ်သားလေး မနိုင်နိုင်သော အရာပင် ဖြစ်သည်။
“ဟန်ဝေ့လန်!”
ဟန်ဝေ့လန် တမင်မထဘဲ နေနေမှန်း သိသွားသောအခါ ဟန်တိတိ ဒေါသထွက်သွားသည်။
“ဒီမှာ ရှိပါတယ်!”
ဟန်ဝေ့လန် အသံကျယ်ကြီးဖြင့် ပြန်ထူးလိုက်ကာ၊ စိတ်ပျက်နေသော မောင်ဖြစ်သူ မျက်နှာလေးအားကြည့်ပြီး ပြုံးနေတော့သည်။
သူမ ဤကလေးလေး ဒေါသထွက်နေသော်လည်း ဘာမှမတတ်နိုင်သည့် ပုံစံလေးအားမြင်ရသည်ကို အလွန်သဘောကျသည်။ ထိုမျက်နှာလေးမှာ ဟိုလူကြီးထက်စာရင် အများကြီးပိုပြီးအသက်ဝင်လှသည်။
“နင် အခုချက်ချင်းမထရင် ငါ့ပိုက်ဆံတွေ ပြန်ပေးတော့!”
ဟန်တိတိမှာ သူ့နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်သည်။
“ငါ နင့်ဆီက ပိုက်ဆံချေးထားလို့လား?”
ဟန်ဝေ့လန် သူမမောင် လိမ်နေသည်ဟု သံသယဝင်နေသည်။
“ချေးထားတာပေါ့! ဟိုတစ်နေ့က နင် ငါ့ကို ပါဆယ်တစ်ခုသွားပို့ခိုင်းတုန်းက မုန့်ဖိုး ဆယ်ယွမပေးမယ်ဆို? ငါ သွားပို့ပေးပြီးတာတောင် နင် ငါ့ကို ပို့ခတောင် ပြန်မပေးရသေးဘူး”
သူ အပင်ပန်းခံ သွားပို့ပေးရုံတင်မကဘဲ ကိုယ့်အိတ်ထဲမှစိုက်ထုတ်ပေးခဲ့ရသဖြင့် အလွန်ဒေါသထွက်နေရခြင်းဖြစ်သည်။
ဟန်ဝေ့လန်မှာ လူကောင်းမဟုတ်မှန်း သူ သိပြီးသားပင်။
“ငါ နင့်ကို ဒီနှစ်တွေအထိ ကျွေးမွေးလာတာ၊ ပို့ခတ်ခ ယွမ်အနည်းငယ်လောက် စိုက်ပေးတာ ဘာဖြစ်သွားလို့လဲ?”
ဟန်ဝေ့လန် သူမ မောင်အား စိတ်နှလုံးမရှိသော လူယုတ်မာတစ်ယောက်လိုအကြည့်မျိုးဖြင့် ဝမ်းနည်းဟန်ဆောင်ကာ ကြည့်လိုက်သည်။
ဟန်တိတိ - “...”
သူ ဟန်ဝေ့လန်၏ လက်မောင်းအား လွှတ်ချလိုက်ပြီး အိမ်စာလုပ်ရန် အပေါ်ထပ်သို့ တက်သွားတော့သည်။
သူသာ ဒီမိန်းမကိုထပ်ပြီး အဖတ်လုပ်ရင် သူ လူမဟုတ်ဘဲ ခွေးပဲ!