← Chapters

အခန်း (၁၀၇)

Vol. 12 Ch. 107

အခန်း (၁၀၇)

Vol. 12 Ch. 107

🍼 Chapter 107

ဟန်ဝေ့လန်ကို တိုက်ရိုက်စုံစမ်းစစ်ဆေး၍ မရသော်လည်း ပိုင်ချီယွီတွင် အခြားနည်းလမ်းရှိပါသည်။

ရန်သူအစစ်အမှန်မှာ ဟန်ဝေ့လန်နှင့် ပတ်သက်နိုင်ခြေရှိသည်ဟု အတည်ပြုနိုင်ပြီဖြစ်ရာ၊ သူမမှတစ်ဆင့် သူမပတ်ဝန်းကျင်ရှိ လူအားလုံးကို လိုက်လံစုံစမ်းနိုင်ပေသည်။

၎င်းမှာ ကာယကံရှင်များထံမှ အကူအညီရယူသလောက် အဆင်မပြေနိုင်သော်လည်း အချိန်ပိုပေးလိုက်ရုံသာ ရှိပါသည်။

သူတို့ ဤမျှကာလပတ်လုံး စောင့်ဆိုင်းခဲ့ပြီးပြီဖြစ်ရာ စိတ်ရှည်လက်ရှည်ဖြင့် ဆက်လက်စောင့်ဆိုင်းရန်လည်း ဝန်မလေးတော့ပေ။

သို့သော်ငြားလည်း ခက်ခက်ခဲခဲ ရရှိထားသော သဲလွန်စများမှာ အသုံးဝင်နေပါလျက်နှင့် ဖြတ်တောက်ခံလိုက်ရသည်မှာ အလွန်ပင် စိတ်ပျက်စရာကောင်းလှသည်။

ချင်ချင်နှင့် အချိန်ပေးချင်စိတ်ပင် မရှိတော့ဘဲ ပိုင်ချီယွီမှာ ခေါက်ဆွဲများကို ကုန်အောင်စားကာ မျက်နှာပျက်ပျက်ဖြင့် တစ်ယောက်တည်း ထွက်ခွာသွားတော့သည်။

“ဦးဦးပိုင် စိတ်ဆိုးသွားပြီ”

ပိုင်ချီယွီ ကျောပြင်အား လက်ညှိုးထိုးပြရင်း ချင်ချင် ဆိုသည်။ ကလေးမလေး၏ လူအကဲခတ်နိုင်စွမ်းမှာ တကယ်ပင် တိကျလှပေသည်။

“စိတ်မပူပါနဲ့၊ သူ သိပ်အကြာကြီး စိတ်ဆိုးနေမှာမဟုတ်ဘူး”

ချင်ချင့်ခေါင်းလေးကို အသာအယာပွတ်ပေးရင်း ဖူဟန် သူမ လက်ကလေးအား ဆွဲကာ ပြန်ရန် ပြင်လိုက်သည်။

မထင်မှတ်ဘဲ လက်ကလေး လွတ်ထွက်သွားပြီး ကောင်မလေးမှာ ပြေးထွက်သွားတော့သည်။

“ချင်ချင်!”

ဖူဟန်၏ မျက်နှာ အနည်းငယ် ပျက်သွားပြီး သူမနောက်သို့ အမြန်ပြေးလိုက်ရသည်။ ချင်ချင်မှာ ပိုင်ချီယွီခြေထောက်နားသို့ တိုးဝင်သွားပြီး၊ ဖောင်းအိနေသော လက်မောင်းလေးများဖြင့် ပိုင်ချီယွီ ခြေထောက်တစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ ခေါင်းလေးအား မော့လျက် တစ်စုံတစ်ခု ပြောရန်ကြိုးစားနေသည်ကို သူ မြင်လိုက်ရသည်။

ကြည့်ရသည်မှာ သူ့အား နှစ်သိမ့်ပေးပြီး စိတ်မဆိုးရန်ပြောနေခြင်း ဖြစ်ပေလိမ့်မည်။ ချင်ချင် သိပ်ကိုအလိုက်သိလွန်းလှသည်၊ သို့သော် ဖူဟန်မှာ တစ်ခါတစ်ရံတွင် သူမအား ထိုမျှအလိုက်မသိစေချင်ပေ။ သူသည် ကလေးတစ်ယောက်ဖြစ်နေစေကာမူ သူ့ ‘ဇနီးလောင်း’ မှ အခြားအမျိုးသား တစ်ဦးကို အာရုံစိုက်နေသည်ကိုမနှစ်မြို့ချေ။

သို့သော် ဤတစ်ကြိမ်တွင်မူ သူကိုယ်တိုင်မှားခဲ့ခြင်း ဖြစ်သည်။

ဖူဟန် သက်ပြင်းတစ်ချက်ချလျက် ရှေ့သို့ လှမ်းတက်ကာ ချင်ချင့်လွယ်အိတ်လေးကို ပိုင်ချီယွီထံကမ်းပေးလိုက်သည်။

“မင်း ဒီနေ့ အားတယ်ဆိုရင် သူမကို အပြင်ခေါ်သွားပြီး ကစားပေးလိုက်ပါ၊ ချင်ချင့်ကို ကစားကွင်းခေါ်သွားမယ်ဆိုတဲ့ ကတိကို မင်း မတည်ရသေးဘူးမလား၊ အခုပဲ ခေါ်သွားလိုက်တော့”

ချင်ချင့်အိတ်အား လှမ်းယူရင်း ပိုင်ချီယွီ နားမလည်နိုင်သောအမူအရာဖြင့် ဖူဟန်ကို ကြည့်လိုက်သည်။

“မင်းကော?”

သူ မလိုက်ဘူးဆိုရင် ပိုင်ချီယွီ တစ်ယောက်တည်း ချင်ချင့်အား ခေါ်သွားလို့ ဖြစ်ပါ့မလား?

ချင်ချင့်အပေါ် ထားရှိသော သူ့အချစ်မှာ ဖူဟန်ထက်မလျော့ကြောင်း၊ သို့မဟုတ် ပိkနက်ရှိုင်းကြောင်း ယုံကြည်ထားသော်လည်း ကလေးထိန်း ရန်ကိစ္စတွင်မူ ပိုင်ချီယွီမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မရှိလှပေ။

သူ့ တူဖြစ်သူမှာ အတော်လေး လူလားမြောက်နေပြီဖြစ်ရာ အစာကျွေးရုံ၊ ရေတိုက်ရုံနှင့် အဆင်ပြေသည်။ ချင်ချင်ကမူ အလွန်ငယ်သေးပြီး ပိုင်ချီယွီကိုယ်တိုင်လည်း ကလေးထိန်းသည့် အတွေ့အကြုံမရှိချေ။ အကယ်၍ သူမအား သေချာ ဂရုမစိုက်နိုင်ခဲ့လျှင် ဘယ်လိုလုပ်မလဲ?

“ငါ မင်းကို ယုံတယ်”

ဖူဟန် ပိုင်ချီယွီပုခုံးကို ပုတ်ကာ လှည့်ထွက်သွားတော့သည်။

အရေးကြီးသော သဲလွန်စတစ်ခု ဆုံးရှုံးသွားပြီဖြစ်ရာ ၎င်းနေရာတွင် အစားထိုးနိုင်မည့် ပို၍ အရေးကြီးသောအရာတစ်ခု သူ ရှာဖွေရမည် ဖြစ်သည်။

ဖူဟန့်မျက်လုံးများမှာ အေးစက်စက် တောက်ပနေသည်။

ဟန်ဝေ့လန် ပေးခဲ့သော ဓာတ်ပုံသုံးပုံမှ သဲလွန်စများမှာ သူ့အတွက် ရည်ရွယ်ခြင်း ဖြစ်သည့်အတွက် သူတစ်ယောက်တည်းသာ ဖော်ထုတ်နိုင်သည့် အချက်အလက်များပါဝင်နေပေလိမ့်မည်။

ဖူဟန် စိတ်ထဲတွင် ရန်သူအစစ်အမှန်နှင့် ပတ်သက်၍ ခန့်မှန်းချက်အချို့ ရှိနေပြီဖြစ်သော်လည်း အတည်ပြုရန်အတွက် တစ်စုံတစ်ဦးအား ဆက်လက်စုံစမ်းခိုင်းရန် လိုအပ်နေသေးသည်။

“ဦးဦး၊ ချင်ချင့်ကို ကစားကွင်း ခေါ်သွားမှာလားဟင်?”

ချင်ချင် ပိုင်ချီယွီ၏ ခြေထောက်အား တင်းတင်းဆုပ်ကိုင်ထားပြီး မျက်လုံးလေးများ တောက်ပလျက် မော့ကြည့်နေသည်။ သူမ လူကြီးများ၏ စကားဝိုင်းကို ကြားသွားပုံရသည်။

“ဟုတ်တယ်လေ”

ပိုင်ချီယွီမှာ စကားကို မဖျက်နိုင်တော့ပေ။

ထိုကတိအား သူ ဘယ်တုန်းက ပေးခဲ့မိသလဲဆိုတာ သူကိုယ်တိုင်တောင် မမှတ်မိသော်လည်းပေါ့။

“လမ်းမှာ နျန်ကောင်းကိုပါ ဝင်ကြိုပြီး အတူတူ သွားရအောင်လား?”

ချင်ချင်နှင့်အတူ ကားပေါ်တက်ရင်း ပိုင်ချီယွီ စဉ်းစားလိုက်သည်။

ကလေးတစ်ယောက် ခေါ်သွားမှတော့ မျက်နှာမလိုက်ရအောင် နောက်တစ်ယောက်ပါ ခေါ်သွားတာ ပိုကောင်းပေမည်။ နျန်ကောင်းမှာလည်း မကြာမီ မူလတန်း တက်တော့မည် ဖြစ်ရာ၊ မတက်မီတွင် ကစားကွင်းခေါ်သွားပေးခြင်းဖြင့် မူကြိုကျောင်းဆင်းပွဲ ဆင်နွှဲပေးရာ ရောက်ပေလိမ့်မည်။

လမ်းတွင် ပိုင်ချီယွီ သူ့အစ်ကိုဖြစ်သူအား ဖုန်းဆက်၍ ခရီးစဉ်အကြောင်းပြောပြလိုက်သည်။

သူ့အစ်ကိုမှာ တွေဝေခြင်းမရှိဘဲ သဘောတူသည့်အပြင် ကလေးအား ရက်အနည်းငယ်လောက် ထပ်ထိန်းပေးနိုင်မလားဟုပင် မေးလာသေးသည်။

သူနှင့် သူ့ဇနီးမှာ အကြိမ်ပေါင်းများစွာမြောက်သော ဟန်းနီးမွန်း ခရီးစဉ်ကိုထပ်မံထွက်ခွာရန် ပြင်နေကြခြင်းဖြစ်သည်။ သို့သော်လည်း အဘိုးနှင့် အဘွားမှာ သက်ကြီးရွယ်အို ခရီးသွားအဖွဲ့နှင့်အတူ သဲကန္တာရထဲ စပျစ်သီးသွားခူးရန် လိုက်သွားကြပြီ ဖြစ်သည်။

အိမ်တွင် မည်သူမျှမရှိသဖြင့် ဇနီးမောင်နှံနှစ်ဦးမှာ ကလေးအား ဘယ်သူ့ဆီ အပ်ရမလဲဟု စိတ်ပူနေကြခြင်းဖြစ်သည်။

သူတို့ ခရီးစဉ်အား ဖျက်သိမ်းရန် သို့မဟုတ် ကလေးကိုပါ ခေါ်သွားရန် စဉ်းစားနေကြစဉ်မှာပင် ညီဖြစ်သူ အကူအညီပေးလာခြင်း ဖြစ်သည်။

“ကောင်းပြီ၊ နျန်ကောင်း ငါ့ဆီမှာပဲ ထားလိုက်၊ အစ်ကိုတို့ နှစ်ယောက် ပျော်ပျော်ပါးပါး သွားကြပါ”

နျန်ကောင်းကို ထိန်းရသည်မှာ ခက်ခဲသောကိစ္စ မဟုတ်သဖြင့် ပိုင်ချီယွီ အလွယ်တကူသဘောတူလိုက်သည်။

အဖြေကောင်း ရရှိသည်နှင့် သူ့အစ်ကိုမှာ အလွန်အမင်း ပျော်ရွှင်စွာဖြင့် ဖုန်းချလိုက်တော့သည်။

ထို့နောက် သူ့ဇနီးထံသို့ အပြေးအလွှားသွားကာ သားဖြစ်သူ၏ အထုပ်အပိုးများကို အမြန်ပြင်ခိုင်းပြီး ညီဖြစ်သူ အိမ်သို့ ပို့ရန် ပြင်ဆင်တော့သည်။

နျန်ကောင်းမှာ အိမ်တွင် ရုပ်ပုံဆက်ကစားနည်း ကစားနေသည်။

အပိုင်းအစ သုံးရာကျော် ရှိနေစေကာမူ သူ စိတ်ရှည်လက်ရှည်ဖြင့် ပုံရိပ်ပေါ်လာသည်အထိ တည်ငြိမ်စွာ ဆက်နေနိုင်သည်။

ထိုအချိန်တွင် ချင်ချင်နှင့် ပိုင်ချီယွီတို့ ရောက်ရှိလာကြသည်။

နျန်ကောင်းတို့အိမ်သို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးသဖြင့် ချင်ချင်မှာ နျန်ကောင်း၏ မိဘများနှင့် ရင်းနှီးနေပြီ ဖြစ်သည်။

အိမ်ထဲသို့ ဝင်သည်နှင့် ကလေးမလေးမှာ ချိုသာစွာ နှုတ်ဆက်လိုက်သည်။

“ဦးလေးနဲ့ အန်တီ နေကောင်းကြလားဟင်”

“ချင်ချင်လေးက သိပ်လိမ္မာတာပဲ၊ နျန်ကောင်းက အပေါ်ထပ် ဝရန်တာမှာ ရှိတယ်၊ သွားရှာလိုက်လေ”

နျန်ကောင်း၏ မားမား မှာ အသာအယာ ဒူးထောက်ထိုင်ကာ ချင်ချင့်လက်ထဲသို့ မုန့်ထုပ်လေးတစ်ထုပ် ထည့်ပေးလိုက်သည်။

“ရော့၊ ဒါလေး စားလိုက်ဦး”

“ကျေးဇူးတင်ပါတယ် အန်တီ”

ချင်ချင် ချိုချိုသာသာပင် ကျေးဇူးတင်စကားဆိုကာ နျန်ကောင်း၏ မားမားပေးသော မုန့်များ ယူလျက် နျန်ကောင်းအား ရှာရန် အပေါ်ထပ်သို့ အပြေးတက်သွားတော့သည်။

နျန်ကောင်းတို့အိမ်၏ ဒုတိယထပ်တွင် အမိုးဖွင့် ဝရန်တာ အကျယ်ကြီး တစ်ခုရှိသည်။ နျန်ကောင်း၏ မားမား မှာ ထိုနေရာအား အိမ်တွင်းပန်းခြံငယ်လေးနှင့် ကလေးကစားကွင်းလေးအဖြစ် သေချာပြင်ဆင်ပေးထားသည်။ ကြမ်းပြင်ပေါ်တွင် နူးညံ့သော ကော်ဇောကို ခင်းထားပြီး နျန်ကောင်းမှာ ထိုနေရာတွင် လဲလျောင်းလျက် ရုပ်ပုံဆက်ကစားနေခြင်း ဖြစ်သည်။

“ကိုကိုနျန်ကောင်း”

ချင်ချင့်အသံသေးသေးလေး လှမ်းကြားလိုက်ရသည်နှင့် နျန်ကောင်း၏ နားရွက်လေးများ လှုပ်ခတ်သွားသည်။ သူ ချက်ချင်းပင် မော့ကြည့်လိုက်သည်။

“ညီမလေးချင်ချင်”

သူ ဆက်လက်ကစားနေသော ရုပ်ပုံအပိုင်းအစများကို စက္ကန့်ပိုင်းအတွင်း စွန့်လွှတ်လိုက်ကာ ထရပ်ပြီး လှေကားထိပ်သို့ ပြေးသွားသည်။ လှေကားပေါ်သို့ ဖြည်းဖြည်းချင်း တက်လာသော ချင်ချင့်အား အချိန်မီ ကြိုလိုက်နိုင်တော့သည်။

ချင်ချင်မှာ ကိုယ်လုံးသေးငယ်ပြီး ခြေထောက်တိုသဖြင့် လူကြီးများအတွက် သာမန်အမြင့်ဖြစ်သော လှေကားထစ်များမှာ သူမအတွက် တောင်ကုန်းကြီးတစ်ခုလို ဖြစ်နေသည်။

နျန်ကောင်း အပေါ်မှ ငုံ့ကြည့်လိုက်သည့်အခါ လက်ရောခြေရော အသုံးပြုကာ လှေကားပေါ်သို့ တက်လာနေသော ချင်ချင်လေးမှာ လိမ့်ဆင်းလာတော့မည့် ဂွမ်းလုံးလေးတစ်လုံးအလား သိပ်ကို ချစ်စရာကောင်းလှသည်။

ချင်ချင် ပြုတ်ကျသွားမည် စိုးသဖြင့် နျန်ကောင်းမှာ အောက်သို့ အမြန်ဆင်းသွားပြီး သူမ လက်ကလေးကို ဂရုတစိုက် ဆွဲကာ အပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။

“ဘာလို့ ဓာတ်လှေကား မစီးတာလဲ ချင်ချင်?”

သူ့အိမ်တွင် ဓာတ်လှေကားလည်း ရှိသည်လေ။

“...ချင်ချင် ခလုတ်ကို မမှီလို့”

ချင်ချင် နှေးကွေးစွာ ပြောလိုက်သည်။

အရပ်အမောင်းဆိုသည်မှာ ထိခိုက်လွယ်သော ကိစ္စဖြစ်ရာ ထိုကဲ့သို့ နာကျင်စရာ အကြောင်းအရာအား ဆွေးနွေးနေရန် မလိုအပ်ပေ။

မိသားစုဝင်အားလုံး ချင်ချင့်အား လျှို့ဝှက်ထားကြသော်လည်း သူမ သူငယ်ချင်းများမှာ တစ်နေ့ထက်တစ်နေ့ အရပ်ရှည်လာကြသဖြင့် ချင်ချင်မှာ ကွာခြားချက်ကို တဖြည်းဖြည်း သတိထားမိလာသည်။

သူမ ကိုယ်တိုင် အရပ်မရှည်လာသည်ကို သတိမမူမိသော်လည်း၊ သူမကိုယ်သူမ ဘာမှမပြောင်းလဲဘဲ ရှိနေသည်ဟု ခံစားနေရသည်။ အသိသာဆုံး ကွာခြားချက်မှာ အရပ်ပင် ဖြစ်သည်။

နှိုင်းယှဉ်ကြည့်ရလျှင် အစက ချင်ချင့်အရပ်မှာ နျန်ကောင်းနားရွက်လောက် ရှိသော်လည်း၊ ယခုမူ နျန်ကောင်းပုခုံးကိုပင် မီရုံသာ ရှိတော့သည်။

မျက်စိမမြင်ရသူပင် ဤမျှ ကြီးမားသော ကွာခြားချက်အား သတိထားမိနိုင်ရာ၊ ဉာဏ်ရည်ထက်မြက်သော ချင်ချင်လေးမှာ ပိုသတိထားမိပေ လိမ့်မည်။

ထို့ကြောင့် ကြာလာသောအခါ ကောင်မလေးမှာ သူမ အရပ်နှင့် ပတ်သက်လျှင် အနည်းငယ် ထိခိုက်လွယ်လာပြီး တခြားသူများ ပြောဆိုသည်ကို မနှစ်မြို့တော့ပေ။

အထူးသဖြင့် သူမ ပုနေသည်ဟု အရိပ်အမြွက် ပြသော စကားများကိုတမင်ဖြစ်စေ၊ မဟုတ်ဘဲဖြစ်စေ သူမ ငြင်းဆန်ရန်သာဆုံးဖြတ်ထားသည်!

သို့သော်ငြားလည်း ချင်ချင်မှာ နျန်ကောင်းအား သဘောကျပြီး နျန်ကောင်း တမင်ပြောခြင်းမဟုတ်မှန်း သိသဖြင့် သူ့ကို ချက်ချင်းပင် ခွင့်လွှတ်လိုက်ကာ သူနှင့်အတူ ရုပ်ပုံများ ဆက်ကစားနေတော့သည်။

နျန်ကောင်း၏ မားမား ပေးလိုက်သော မုန့်များကို ကလေးနှစ်ဦးမှာ ဦးနှောက်အတွက် အားဖြည့်စွမ်းအင်အဖြစ် အချင်းချင်း ဝေမျှစားသောက် ကြသည်။ မုန့်ထုပ်လေးမှာ မကြာမီမှာပင် ပြောင်သွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် ချင်ချင်မှာ ရုပ်ပုံဆက်ခြင်းတွင် အာရုံရောက်နေသဖြင့် ထပ်ပြီး မုန့်မတောင်းတော့ပေ။ အပေါ်ထပ်တွင် ကလေးများ ပျော်ရွှင်နေစဉ် အောက်ထပ်တွင်မူ အစ်ကိုဖြစ်သူမှာ သားဖြစ်သူအား ဂရုစိုက်ရန်အတွက် လိုက်နာရမည့် အချက်များကို ညီဖြစ်သူအား စိုးရိမ်တကြီးဖြင့် ရှင်းပြနေဆဲဖြစ်သည်။

အမှန်တကယ်တော့ ပိုင်ချီယွီအမြင်တွင်မူ သူ့အစ်ကိုမျက်နှာမှာ ဝန်ထုပ်ဝန်ပိုးဖြစ်သော ကလေးအားအမြန်စွန့်ထုတ်ပြီး ဇနီးသည်နှင့် ရိုမန်တစ်ဆန်သော အချိန်ကို ကုန်ဆုံးချင်နေသည့် ပီတိများကြောင့် ဝင်းလက်နေသည်ကိုသာ မြင်နေရသည်။

သူ နှုတ်ခမ်းအား တွန့်လိုက်ရင်း တိုးတိုးလေး သတိပေးလိုက်သည်။

“အစ်ကို၊ မျက်နှာပေးကို နည်းနည်းထိန်းဦး၊ အသံထွက်ပြီး ရယ်တော့မယ့်အတိုင်းပဲ”

“အဟမ်း... ပါးစပ်က နည်းနည်းလှုပ်သွားတာပါ၊ တကယ်တော့ ငါ ရယ်နေတာ မဟုတ်ပါဘူး၊ တကယ်ပါ!”

အဟမ်းဟု အသံပြုကာ တည်ငြိမ်ဟန်ဆောင်လိုက်သည်။

နျန်ကောင်းမားမား မှာ နျန်ကောင်းအတွက် ပြင်ဆင်ထားသော လက်ဆွဲအိတ်လေးကို ဆွဲယူလာပြီး၊ သူမ ခင်ပွန်းအား မျက်စောင်းထိုးလိုက်ကာ ပိုင်ချီယွီကို အားနာစွာဖြင့် ပြုံးပြလိုက်သည်။

“အနှောင့်အယှက် ပေးမိပြီနော် မတ်လေး၊ နျန်ကောင်းရဲ့ ပစ္စည်းတွေ အားလုံး ဒီထဲမှာ ရှိပါတယ်၊ သူက အခုတလော အပိုသင်တန်းတွေ တက်နေရတယ်၊ တယောနဲ့ လက်ရေးလှ သင်တန်းလေဦ မြို့လယ်က Children's Palace မှာ တက်ရတာ၊ မနက် ရှစ်နာရီဆို သွားပို့ပေးပြီး ၁၁ နာရီမှာ ပြန်ကြိုပေးရုံပါပဲ၊ တခြားအချိန်တွေမှာတော့ နျန်ကောင်းက သူ့ဘာသာ အချိန်စီမံနိုင်ပါတယ်၊ သိပ်ပြီး အလုပ်မရှုပ်စေရပါဘူး”

၎င်းမှာ မိခင်တစ်ဦး၏စစ်မှန်သော စိုးရိမ်ပူပန်မှု ဖြစ်သော်လည်း၊ သူ့အစ်ကိုကမူ တာဝန်အား အမြန်လွှဲချင်နေခြင်းသာဖြစ်သည်။

ယခင်ကလည်း နျန်ကောင်းအား ကူညီထိန်းပေးဖူးသဖြင့် ပိုင်ချီယွီ အိတ်ကို လှမ်းယူလိုက်ကာ သူ့အစ်ကိုနှင့် မရီးအား စိတ်ချရန် ပြောလိုက်သည်။

“ကျွန်တော် နျန်ကောင်းကို သေချာဂရုစိုက်ပေးပါ့မယ်”

“ကောင်းပြီ၊ အပေါ်က ကလေးနှစ်ယောက်ကို သွားခေါ်လိုက်ဦးမယ်၊ မင်းတို့ ကစားကွင်း သွားမှာ မဟုတ်လား? စောစောသွားကြ၊ မဟုတ်ရင် လူတန်းစီနေရလိမ့်မယ်”

“အခုသွားရင်လည်း တန်းစီရမှာပဲကို၊ VIP လက်မှတ်ဝယ်လိုက်ရင် ပြီးတာပဲဥစ္စာ”

အစ်ကိုပိုင် တိုးတိုးလေး ညည်းတွားလိုက်သည်။

“ရှင်က စကားသိပ်များတာပဲ၊ သွား၊ ကလေးတွေကို အမြန်သွားခေါ်ချေ”

ရုပ်ပုံဆက်ခြင်းထက် ကစားကွင်းမှာ ပိုဆွဲဆောင်မှုရှိပေသည်။

သူတို့ အပြင်ထွက်တော့မည်ဟု ကြားလိုက်ရသည်နှင့် ချင်ချင်နှင့် နျန်ကောင်းတို့မှာ လက်ချင်းချိတ်ကာ ပျော်ပျော်ပါးပါး အောက်ထပ်သို့ ပြေးဆင်းလာပြီး ပိုင်ချီယွီထံသို့ တန်းတန်းမတ်မတ် လာကြသည်။

“ဦးဦး/ လေးလေး!”

ကလေးများ၏ တက်ကြွလှသော အမူအရာများကြောင့် ပိုင်ချီယွီ မနက်ခင်း စိတ်ညစ်မှုများမှာ ချက်ချင်းပျောက်ကွယ်သွားပြီး၊ အပြင်ထွက်ကစား ရမည့် ပျော်ရွှင်မှုများကသာ အစားထိုးဝင်ရောက်လာတော့သည်။

ဤမြို့တွင် အလွန်နာမည်ကြီးသော ကစားကွင်း နှစ်ခုရှိသည်။ ဖူစစ်ကျင်း ချင်ချင့်အား တစ်ခုခေါ်သွားဖူးပြီး ဖြစ်ရာ၊ ယခုတစ်ကြိမ်တွင် ပိုင်ချီယွီ အခြားတစ်ခုသို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ထိုကစားကွင်းမှာ မိသားစုလိုက် လည်ပတ်ရန် ပိုသင့်တော်သည်။

ရင်ခုန်စရာကောင်းသော ကစားနည်းများထက် ကလေးများအတွက် နူးညံ့သော ကစားနည်းများ ပို၍ များပြားသည်။ သို့သော်လည်း သူ့အစ်ကို ပြောခဲ့သလိုပင် လူများလွန်းသဖြင့် အရာအားလုံးအတွက် တန်းစီစောင့်ဆိုင်းနေရသည်။

ယခုရာသီဥတုမှာ နွေရာသီကဲ့သို့ အပူဒဏ် မပြင်းလှသော်လည်း၊ ကစားနည်းတစ်ခုစီအတွက် အနည်းဆုံး မိနစ်သုံးဆယ်ခန့် တန်းစီနေရသည်မှာ အလွန်ပင် စိတ်ပျက်စရာကောင်းလှသည်။

မှန်ပါသည်၊ တန်းစီစရာမလိုဘဲ ယွမ်ရာဂဏန်းမျှ ပိုပေးကာ အမြန်လက်မှတ်ဝယ်ယူ၍လည်း ရနိုင်ပါသည်။

ဤသို့ဆိုလျှင် တခြားသူများ ပင်ပင်ပန်းပန်း တန်းစီနေစဉ်၊ သင်ကမူ အထူးလက်ပတ်လေး ဝတ်ဆင်ကာ အားကျသည့် အကြည့်များကြားတွင် ယုံကြည်ချက်ရှိရှိဖြင့် ကစားကွင်းထဲသို့ ဝင်ရောက်သွားနိုင်မည် ဖြစ်သည်။

ပိုင်ချီယွီ ထိုအတိုင်းပင် ပြုလုပ်လိုက်သည်။

သူ ပေါ့ပေါ့ပါးပါး နေထိုင်တတ်ပုံရသော်လည်း၊ စစ်တပ်မှ အနားယူပြီးနောက် လုံခြုံရေးကုမ္ပဏီတစ်ခု ဖွင့်လှစ်ထားသည်။ အရေးကြီးပုဂ္ဂိုလ် များအတွက် သန်မာသော သက်တော်စောင့်များ ပေးအပ်သည့်အပြင်၊ အမျိုးမျိုးသော အီလက်ထရွန်နစ် လုံခြုံရေးပစ္စည်းများကိုလည်း ရောင်းချသဖြင့် အမြတ်အစွန်းများစွာ ရရှိနေသူ ဖြစ်သည်။

သူ့မှာ ပိုက်ဆံရှိနေမှတော့ သူ့ကလေးများအား လူအုပ်ကြားတွင် တန်းစီကာ ပင်ပန်းခံခိုင်းနေရန် မလိုအပ်ပေ၊ ထိုသို့ဆိုလျှင် ပျော်စရာလည်း ကောင်းတော့မည်မဟုတ်ချေ။

ချင်ချင်တို့ ပထမဆုံး အားကျမိသည်မှာ ရေပေါ်ပူဖောင်းစီးခြင်းပင်။

လူများထည့်ထားသော ကြီးမားသော စက်လုံးကြီးကို ရေပေါ်သို့ ပစ်ချကာ ကစားရခြင်း ဖြစ်သည်။

မည်မျှပင် လုံးထွေးနေပါစေ၊ စက်လုံးမှာ နူးညံ့သဖြင့် ထိခိုက်ဒဏ်ရာ မရနိုင်သည့်အပြင် ပတ်ဝန်းကျင် အလှအပကိုလည်း ခံစားနိုင်သည်။

တစ်ခါတစ်ရံတွင် ရေထဲမှ ငါးလေးများကိုပင် အနီးကပ် မြင်တွေ့နိုင်သည်။

ပိုင်ချီယွီကိုယ်တိုင် မကစားသော်လည်း ချင်ချင်နှင့် နျန်ကောင်းတို့ အတူတူကစားနိုင်ရန် စီစဉ်ပေးလိုက်သည်။

ရေကန်ပေါ်တွင် လူအများအပြား ကစားနေကြပြီး၊ အချင်းချင်း တိုက်မိကာ မျောပါနေကြသော်လည်း မည်သူမျှ စိတ်မဆိုးကြဘဲ ရယ်မော ပျော်ရွှင်နေကြသည်။ သူတို့မျက်နှာပေါ်မှ အပြုံးများမှာ လုံးဝပျောက်ကွယ်မသွားချေ။

ပိုင်ချီယွီ သူ့ကင်မရာအား ထုတ်ကာ ချင်ချင်နှင့် နျန်ကောင်းတို့၏ပျော်ရွှင်ဖွယ် အခိုက်အတန့်များကို ဓာတ်ပုံများစွာ ရိုက်ယူခဲ့သည်။

ကလေးများ၏ တောက်ပသော အပြုံးများမှာ ကူးစက်တတ်လှသည်၊ အုပ်စုလိုက် စကားဝိုင်းထဲတွင် ထိုပုံများ တင်လိုက်သည်နှင့် တုံ့ပြန်မှုများ ချက်ချင်းထွက်ပေါ်လာတော့သည်။

[ဖူစစ်ချန် - ဟာ... ငါကတော့ ဒီမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတာကို၊ ခင်ဗျားတို့ကတော့ ငါ့ကွယ်ရာမှာ အပြင်ထွက်ကစားနေကြတာလား! ငါ့ကိုလည်း မခေါ်ကြဘူး!]

နောက်ဆုံးစကားမှာ အဓိကပင်။

[System သတိပေးချက် - 'ဖူစစ်ချန်' အား အုပ်ချုပ်သူ ကူးလန်မှ ဆယ်မိနစ်ခန့် အသံပိတ် (mute) ထားလိုက်ပါသည်]

[ကူးလန် - စည်းကမ်းရှိစမ်းပါ၊ လူကြီးတွေကို ရိုင်းရိုင်းစိုင်းစိုင်း မပြောနဲ့]

[ဖူစစ်ကျင်း - ဦးဦးပိုင်၊ ချင်ချင်နဲ့ နျန်ကောင်းကို ဘယ်ခေါ်သွားတာလဲ?]

[ပိုင်ချီယွီ - ကြယ်ရောင်စုံ ကစားကွင်းလေ]

[ဖူစစ်ကျင်း - ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးလည်း အဲဒီနားမှာ ရောက်နေတာ၊ ဒါပေမဲ့ ဦးဦးတို့ကိုတော့ မနှောင့်ယှက်တော့ပါဘူး]

သူသည်လည်း သီးသန့်အချိန်လေး ရယူချင်နေသည်လေ။

[ပိုင်ချီယွီ - ဒီည အတူတူ ညစာ စားကြတာပေါ့]

[ဖူစစ်ကျင်း - ဟုတ်ကဲ့]

All Chapters