အခန်း (၁၀၈)
Vol. 12 Ch. 108
🍼 Chapter 108
ချင်ချင်နှင့် နျန်ကောင်းတို့မှာ တစ်နေကုန် အားရပါးရ ဆော့ကစားခဲ့ကြသည်။ သူတို့မှာ အလွန်ပျော်ရွှင်နေကြသဖြင့် နေ့လယ်စာပင် မစားချင်ဘဲ ဆက်လက်ကစားရန်သာ ဆန္ဒရှိနေကြတော့သည်။
သို့သော်လည်း ပိုင်ချီယွီ သူတို့အား စားသောက်ဆိုင်သို့ အတင်းခေါ်သွားပြီး ဝမ်းဗိုက်ပြည့်လျှံသွားသည်အထိ ကျွေးမွေးခဲ့သည်။
အစာကြေစေရန်အတွက် ကလေးနှစ်ယောက်မှာ လက်ချင်းချိတ်ကာ ပိုင်ချီယွီ ရှေ့မှနေ၍ တန်းစီလမ်းလျှောက်နေကြသည်။
သူတို့အား မျက်စိအောက်မှ အပျောက်မခံလိုသဖြင့် ပိုင်ချီယွီ အနီးကပ် စောင့်ကြည့်နေ၏။
လမ်းလျှောက်နေရင်းနှင့် မိဘအများစုမှာ ကလေးများ ပျောက်မသွားစေရန်အတွက် သိုင်းကြိုးကဲ့သို့သော အရာတစ်ခုဖြင့် ကလေးများအား ချည်နှောင်ထားသည်ကို သူ သတိပြုမိသွားသည်။
၎င်းမှာ အသုံးဝင်သည်ဟု ယူဆမိသဖြင့် ပိုင်ချီယွီ သဘောကောင်းပုံရသော လူလတ်ပိုင်း အမျိုးသားတစ်ဦးကို တားလိုက်သည်။
“အားနာပါတယ်ခင်ဗျာ၊ ဒါလေးကို ဘယ်မှာ ဝယ်လို့ရမလဲ?”
သူ ထိုလူ့လက်ထဲမှ သိုင်းကြိုးအား လက်ညှိုးထိုးပြလိုက်သည်။
“ကလေးတွန်းလှည်းကို ပြောတာလား?”
လူစိမ်းတစ်ယောက်မှ တားလိုက်သဖြင့် ထိုလူ အနည်းငယ် အံ့သြသွားသော်လည်း ပိုင်ချီယွီ ခြေရင်းမှ ကလေးနှစ်ယောက်အား မြင်လိုက်ရသောအခါ အခြေအနေကို နားလည်သွားကာ ပြုံးလျက် လမ်းညွှန်ပေးလိုက်သည်။
“ဟိုဘက်က အမှတ်တရပစ္စည်းဆိုင်မှာ သွားကြည့်လိုက်ပါ၊ အဲဒီမှာ ရှိတတ်ပါတယ်”
“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်”
ကျေးဇူးတင်စကား ဆိုပြီးနောက် ပိုင်ချီယွီ ချင်ချင်နှင့် နျန်ကောင်းအား တစ်ဖက်တစ်ချက်စီ လက်ဆွဲကာ ဆိုင်သို့သွားပြီး ထိုကလေးထိန်းကြိုး နှစ်ချောင်း ဝယ်ယူလိုက်သည်။
ပန်းရောင်တစ်ချောင်း၊ အပြာရောင်တစ်ချောင်း၊ ကွက်တိပင်! ချင်ချင်နှင့် နျန်ကောင်းတို့ တစ်ယောက်တစ်ချောင်းစီ ဝတ်ဆင်လိုက်ကာ ကြိုးအစွန်းကို ပိုင်ချီယွီ၏ လက်တွင် ချည်နှောင်လိုက်သည်။
ဤသို့ဆိုလျှင် ကလေးထိန်းရသည်မှာ အများကြီး ပို၍ လွယ်ကူသွားပြီဖြစ်သည်။ အနည်းဆုံးတော့ ပိုင်ချီယွီအနေဖြင့် သူတို့အား တစ်ချိန်လုံး မျက်စိဒေါက်ထောက် ကြည့်နေစရာ မလိုတော့ဘဲ စိတ်အနည်းငယ် လျှော့နိုင်သွားသည်။
“အာတာပူစီ!”
ချင်ချင် အာတာပူစီဆိုင် တွေ့သွားပြီး မျက်လုံးလေးများ ချက်ချင်း တောက်ပလာကာ နျန်ကောင်းအား ဆွဲခေါ်သွားတော့သည်။
ပြေးသည်၊ ပြေးသည်၊ ဆက်ပြေးသည်... အိုး၊ ဆက်ပြေးလို့ မရတော့ဘူးလား?
ဝေခွဲမရဖြစ်နေသော ချင်ချင် လှည့်ကြည့်လိုက်သည့်အခါ သူမ လက်ကောက်ဝတ်မှ ကြိုးမှာ တင်းနေသည်ကို တွေ့လိုက်ရပြီး ပိုင်ချီယွီ နောက်မှ လိုက်မလာသေးမှန်း နောက်ကျမှ သတိထားမိသွားတော့သည်။
သူမ လူအုပ်ကြားထဲတွင် ပိုင်ချီယွီအား လိုက်ရှာသည်။ အရပ်ရှည်ရှည်နှင့် ပိုင်ချီယွီမှာ လူကြားထဲတွင် ထင်ရှားနေသဖြင့် ချင်ချင် ချက်ချင်းပင် မြင်လိုက်ရသည်။
“ဦးဦးပိုင်... ဦးဦး?”
ချင်ချင် ပြေးသွားချင်သော်လည်း လမ်းတစ်ဝက်တွင် တွေဝေသွားကာ ခြေလှမ်းများ ရပ်တန့်သွားသည်။
ပိုင်ချီယွီ ရှေ့တွင် ရပ်နေသော လူတစ်ယောက်အား သူမ မြင်လိုက်ရခြင်းကြောင့် ဖြစ်သည်။
ထိုသူမှာ အနက်ရောင် ဝတ်စုံရှည်ကြီးကိုဝတ်ထားပြီး ဦးထုပ်အနားသားမှာ သူ့မျက်နှာကို ဖုံးအုပ်ထားသည်။ သူ တစ်ကိုယ်လုံး လုံခြုံအောင် ဖုံးကွယ်ထားပြီး ပေါ်နေသင့်သော လက်များကိုပင် အနက်ရောင် လက်အိတ်များ စွပ်ထားသဖြင့် အလွန်ပင် လျှို့ဝှက်နက်နဲပုံရသည်။
“ဦးဦး”
ချင်ချင် တိတ်ဆိတ်နေသော်လည်း နျန်ကောင်းမှာတော့ ထိုသို့မဟုတ်ပေ။
သူ့ နားမလည်နိုင်သော အော်သံကြောင့် ပိုင်ချီယွီနှင့် ထိုလူ့အာရုံမှာ ကလေးများဆီသို့ ချက်ချင်း ရောက်လာတော့သည်။
လျှို့ဝှက်ဆန်းပြားသော ထိုလူ လှည့်ကြည့်လိုက်ရာ၊ သူ့အကြည့်မှာ ချင်ချင့်ထံသို့ ရောက်ရှိသွားပြီး အမူအရာမှာ ရှုပ်ထွေးသွားသည်။
ချင်ချင် ဘာမှ နားမလည်နိုင်ခင်မှာပင် ထိုလူ သူမထံသို့အမြန်လျှောက်လာပြီး သူမအနားတွင် ဒူးထောက်ထိုင်ချလိုက်သည်။
ထိုခဏမှာပင် ပိုင်ချီယွီလက်ကြီးမှာ ထိုလူ့ ပုခုံးအား တင်းတင်းဆုပ်ကိုင်လိုက်တော့သည်။
“စိတ်မပူပါနဲ့၊ ကျွန်တော် ဒုက္ခပေးဖို့လာတာ မဟုတ်ပါဘူး”
သူ့ပုခုံးပေါ်မှ ပြင်းထန်သောအင်အားကို ဂရုမစိုက်သည့်အလား ထိုလူ မော့ကြည့်လိုက်ပြီး ချင်ချင့်မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
ထင်ထားသည့်အတိုင်းပင် သူ အနက်ရောင်နှာခေါင်းစည်းတပ်ထားသဖြင့် သူ့ မှောင်မည်းသော မျက်လုံးများကိုသာ မြင်နိုင်တော့သည်။
ချင်ချင်ကလည်း သူ့အား ပြန်လည်စိုက်ကြည့်ရင်း၊ သူ့မျက်လုံးနက်နက်များထဲတွင် သူမ ပုံရိပ်အားအထင်အရှား မြင်နေရသည်။
၎င်းတို့မှာ အလွန်ကြည်လင်သော မျက်လုံးများ ဖြစ်သည်၊ ဤကဲ့သို့သော မျက်လုံးပိုင်ရှင်မှာ လူဆိုးတစ်ယောက်မဖြစ်နိုင်ပေ။
ကလေးများတွင် လူတစ်ယောက်၏စရိုက်ကို ဆုံးဖြတ်သည့် ကိုယ်ပိုင်နည်းလမ်း ရှိကြရာ၊ အနည်းဆုံးတော့ ချင်ချင် ဤထူးဆန်းသော ဦးဦးအား လူဆိုးဟု မထင်ပေ။
သူ့ထူးဆန်းသော သွင်ပြင်အား ဂရုမစိုက်ဘဲ သူမ မျက်နှာလေး မော့လျက် ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်သည်။
“ဦးဦး၊ ချင်ချင့်ဆီက ဘာလိုချင်လို့လဲဟင်?”
“ဦးဦး လမ်းပျောက်နေလို့ပါ”
သူသည် လမ်းပျောက်နေသည့် ပုံစံနှင့် လုံးဝ မတူသော်လည်း “ဦးဦး လမ်းရှာမတွေ့လို့၊ ညီမလေး လမ်းညွှန်ပေးနိုင်မလား?”
“လမ်းပျောက်နေတာလား?”
ချင်ချင် ခေါင်းလေးကို စောင်းလိုက်သည်။
“ဦးဦး ဘယ်ကို သွားချင်လို့လဲဟင်?”
လမ်းမေးမည်ဆိုလျှင်လည်း သွားမည့်နေရာ ရှိရမည် မဟုတ်ပါလား။
“ဦးဦးလည်း မသိဘူး၊ ညီမလေး လမ်းညွှန်ပေးတဲ့အတိုင်း သွားမှာ”
“အော်...”
ချင်ချင် နားမလည်နိုင်စွာဖြင့် ခေါင်းလေး ကုတ်လိုက်သည်။
“ချင်ချင်သာ အိမ်ပြန်လမ်းပျောက်နေရင်တော့ ရဲဦးဦးတွေကို သွားရှာမှာပဲ”
“အဲဒီလိုလား?”
ထိုလူ တိုးတိုးလေး ရေရွတ်လိုက်ပြီးမှ ရယ်မောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
သူ့ရယ်သံမှာ နွေဦးလေညင်းထဲမှ ဝါးတောတိုးသံလိုပင် သာယာကြည်လင်လှသဖြင့် ချင်ချင် ခဏမျှငေးမောသွားရသည်။
သူမ သတိပြန်ဝင်လာသည့်အခါ လက်ထဲတွင် လှပစွာထုပ်ပိုးထားသော လက်ဆောင်ဗူးလေးတစ်ခု ရောက်နေပြီး၊ ထိုလူ မထွက်ခွာမီ ပြောသွားသည့် စကားသံကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။
“ဒါက ညီမလေးအတွက် ကျေးဇူးတုံ့ပြန်တဲ့ လက်ဆောင်ပါ”
ချင်ချင့် စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရလိုက်သည်။ သူ ပြောချင်သည်မှာ ‘ကျေးဇူးတုံ့ပြန်တဲ့ လက်ဆောင်’ မဟုတ်ဘဲ ‘မွေးနေ့လက်ဆောင်’ ဟု ပြောချင်နေသကဲ့သို့ပင်။
ဒါပေမဲ့ အဲဒါက ဖြစ်နိုင်ပါ့မလား?
လူစိမ်းတစ်ယောက်က သူမ မွေးနေ့ကို ဘယ်လိုလုပ် သိနိုင်မှာလဲ၊ ပြီးတော့ သူ့မွေးနေ့က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ပြီးသွားပြီကို။
မွေးနေ့လက်ဆောင်ဖြစ်နေဦးတော့၊ အခုပေးတာက နောက်ကျလွန်းနေပြီ။
လျှို့ဝှက်ဆန်းပြားသော ထိုလူ ပေါ်လာခြင်းမှာ ရေကန်ထဲသို့ ကျောက်ခဲလေးတစ်လုံး ကျသွားသဖြင့် လှိုင်းဂယက်လေးအချို့ ထသွားသော် လည်း၊ မကြာမီမှာပင် ရေပြင်က ပြန်လည် တည်ငြိမ်သွားသည့်အလားပင်။
“ချင်ချင်၊ ရလာတဲ့ လက်ဆောင်ကို ဦးဦးကို ပြချင်လား?”
ပိုင်ချီယွီမှာ ထိုမည်သူမှန်းမသိသော လက်ဆောင်၏ဘေးကင်းမှုအား စိုးရိမ်သဖြင့် ချင်ချင့်ထံမှ ယူရန် ကြိုးစားလိုက်သည်။
“မလိုပါဘူး၊ ချင်ချင် ဘာသာပဲ ဖွင့်ကြည့်မယ်”
ချင်ချင် ပိုင်ချီယွီ၏ အကူအညီအား ငြင်းပယ်လိုက်ပြီး လက်ဆောင်ဗူးကို ကိုယ်တိုင် အမြန်ဖွင့်လိုက်သည်။
အထဲတွင် အနုစိတ်စွာ ပြုလုပ်ထားသော ရွှေသော့ခလောက်လေးတစ်ခု ရှိနေသည်။
၎င်းပေါ်တွင် “လာဘ်လာဘ ပေါများပြီး အလိုရှိရာ ပြည့်ပါစေ” ဟူသော စာသားများ ထွင်းထုထားသည်၊ ၎င်းမှာ လူကြီးများမှ ကလေးများအား ကာကွယ်ရန် ဆုတောင်းပေးတတ်ကြသည့် သက်ရှည်သော့ခလောက်မျိုး ဖြစ်ပေလိမ့်မည်။
သူ မှတ်မိသလောက်ဆိုလျှင် ဤကဲ့သို့သော သော့ခလောက်များအား ဖွင့်၍ ရနိုင်သည်၊ အထဲတွင်... ထင်ထားသည့်အတိုင်းပင် ချင်ချင့်အမည် ရေးထိုးထားသော ရွှေစင်အမည်ကတ်ပြားလေး တစ်ခု ရှိနေသည်။
ပိုင်ချီယွီ မျက်နှာ မှောင်ကျသွားတော့သည်။
၎င်းမှာ အလွန်စေ့စပ်လွန်းလှသည်၊ ရုတ်တရက် ပေးလိုက်သော လက်ဆောင်မျိုးမဖြစ်နိုင်ပေ။ တစ်ဖက်လူမှ လက်ဆောင်အား ကြိုတင်၍ သေချာ ပြင်ဆင်ထားခြင်းဖြစ်သည်။
“ချင်ချင်၊ နျန်ကောင်း၊ ငါတို့ ဒီနေ့ အိမ်ကို နည်းနည်း စောစောပြန်ရအောင်”
“ဟုတ်ကဲ့”
အမှန်တကယ်တော့ သူတို့မှာ ရှိသမျှ ကစားနည်း အကုန်နီးပါးကစားပြီးပြီဖြစ်ရာ၊ ကစားကွင်းမှာ ဆက်နေရန် အကြောင်းမရှိသဖြင့် ချင်ချင်နှင့် နျန်ကောင်းတို့ အလွယ်တကူပင် သဘောတူလိုက်ကြသည်။
သူတို့ သုံးယောက် ထွက်ခွာသွားပြီးနောက် လျှို့ဝှက်ဆန်းပြားသော ထိုလူမှာ ပြန်လည်ပေါ်ထွက်လာသည်။
သူ ထွက်ခွာသွားသော ချင်ချင့်ကျောပြင်အား စိုက်ကြည့်ရင်း၊ ဦးထုပ်နှင့် နှာခေါင်းစည်းကို ချွတ်လိုက်ရာ အသက် ၃၀ ခန့်ရှိသော ခန့်ညားသည့် အမျိုးသားတစ်ဦး၏ မျက်နှာပေါ်ထွက်လာသည်။
ထိုလူမှာ ထူးခြားစွာ ချောမောလှပသူ ဖြစ်သဖြင့် သူ့ရုပ်ရည်အစစ်အမှန်ပေါ်လာသည်နှင့် လမ်းသွားလမ်းလာများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။ သို့သော် သူကမူ ဂရုမစိုက်ဘဲ ချင်ချင် ပျောက်ကွယ်သွားသည်အထိ ကျောပြင်ကိုသာငေးကြည့်နေမိသည်။
ကြာမြင့်စွာတိတ်ဆိတ်နေပြီးမှ သူ့နှုတ်ခမ်းပါးလေးများ လှုပ်ခတ်လျက် စကားအချို့ တိုးတိုးလေးဆိုလိုက်သည်။
ဦးဦး သမီးကို ကာကွယ်ပေးပါ့မယ်။
တစ်စုံတစ်ခုကို ခံစားမိသည့်အလား ချင်ချင် လှည့်ကြည့်လိုက်သော်လည်း၊ သူမ မြင်လိုက်ရသည်မှာ ရှုပ်ထွေးနေသော လူအုပ်ကြီးသာဖြစ်ပြီး ထိုလျှို့ဝှက်ဆန်းပြားသော လူကိုမတွေ့ရတော့ချေ။
ချင်ချင့်အပေါ် ထူးခြားသော သဘောထား ရှိသည့် နောက်ထပ် လူတစ်ယောက်။
ပိုင်ချီယွီ မျက်မှောင်ကြုတ်လျက် ထိုအကြောင်းအား တခြားသူများကို ပြောသင့်မပြောသင့် ဝေခွဲမရ ဖြစ်နေသည်။
သူ သတင်းပေးရန် စဉ်းစားလိုက်သော်လည်း၊ ဟန်ဝေ့လန်နှင့် ပတ်သက်၍ သူ ကြုံတွေ့ခဲ့ရသော အတားအဆီးများကို သတိရလိုက်သဖြင့် ထိုစိတ်ကူးအား လက်လျှော့လိုက်သည်။
သဲလွန်စတွေကို သူကိုယ်တိုင်ပဲ ရှာနိုင်ပါတယ်၊ အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် “ကူညီ” နေဖို့ မလိုပါဘူး။
စောစောပြန်လာခဲ့သဖြင့် ဖူစစ်ကျင်းနှင့် ညစာစားရန် ချိန်းထားသည်ကို ဖျက်သိမ်းလိုက်ရသည်။ ပိုင်ချီယွီ စာပို့၍ အသိပေးလိုက်ပြီးနောက်၊ အားလုံး အဆင်ပြေကြောင်း ပြန်စာရရှိသည့်အခါ ကလေးနှစ်ယောက်အား အိမ်သို့ခေါ်လာခဲ့သည်။
သူ့အိမ်သို့ပင်။
ကားလေး ရပ်ကွက်ဝင်ပေါက်သို့ ရောက်ရှိလာသည့်အခါ ရင်းနှီးနေသော သွယ်လျသည့် ပုံရိပ်တစ်ခု အိမ်ရှေ့တွင် ရပ်နေသည်ကို သူ မြင်လိုက်ရသည်။
ပိုင်ချီယွီ ချက်ချင်းပင် ဘရိတ်အုပ်လိုက်ကာ မျက်မှောင်ကြုတ်လျက် ကြည့်လိုက်သည်။
“ဟန်ဝေ့လန်?”
ဟန်ဝေ့လန် သူမ ဘေးတွင် ရုတ်တရက် ရပ်လိုက်သော ကားကို သတိထားမိသွားပြီး၊ ဖြည်းဖြည်းချင်း နိမ့်ဆင်းလာသော ကားမှန်ကြားမှ ပိုင်ချီယွီအား ကျော်၍ နောက်ခန်းက ချင်ချင့်ထံသို့ သူမ အကြည့်များရောက်ရှိသွားသည်။
“ကျမကို ညစာ ဖိတ်ကျွေးချင်စိတ် ရှိလား?”
ဟန်ဝေ့လန် ပြုံးပြလိုက်သည်၊ သို့သော် ထိုအပြုံးမှာ သူမ အမြဲပြနေကျ ဆွဲဆောင်မှုရှိသော အပြုံးမျိုး မဟုတ်ဘဲ အတင်းအားယူ၍ ပြုံးနေရသည့်အလား ဖြစ်ကာ၊ သူမ မျက်နှာမှာလည်း ချမ်းအေးသော ရာသီဥတုကြောင့်လားမသိဘဲ ဖြူဖျော့နေသည်။
“တက်လေ”
ပိုင်ချီယွီ တံခါးဖွင့်ပေးလိုက်သဖြင့် ဟန်ဝေ့လန် ကားပေါ်တက်လာသည်။
သူမ ရှေ့ခန်းတွင် မထိုင်ဘဲ နောက်ခန်းတွင် ချင်ချင်တို့နှင့်အတူ တိုးဝှေ့ကာ ထိုင်လိုက်သည်။
“ငါ့ကို မှတ်မိသေးလား?”
ချင်ချင့် ကြည်လင်သော မျက်လုံးလေးများနှင့် ဆုံလိုက်သည့်အခါ ဟန်ဝေ့လန် ခေါင်းလေးကို အသာအယာ ငုံ့လိုက်ရင်း ရုတ်တရက် နီမြန်းလာသော မျက်လုံးများကို ဖုံးကွယ်ထားလိုက်သည်။
ချင်ချင် ဟန်ဝေ့လန်အား အကြာကြီး စိုက်ကြည့်နေပြီးမှ၊ သူမ၏ အေးစက်နေသော လက်ကလေးကို ဆွဲယူကာ သူမ ရင်ခွင်ထဲတွင် ထည့်၍ နွေးထွေးအောင် လုပ်ပေးလိုက်သည်။
“လန်လန်၊ နင့်လက်တွေ အေးနေတာပဲ၊ ချင်ချင် နွေးအောင်လုပ်ပေးမယ်နော်”
ကလေးမလေးထံမှ ထွက်ပေါ်လာသော နွေးထွေးမှုအား ခံစားလိုက်ရသည့်အခါ ဟန်ဝေ့လန်မှာ နှာခေါင်းလေးရှုံ့သွားကာ မျက်ရည်များဝုန်းခနဲ ကျလာတော့မလို ဖြစ်သွားရသည်။
သူမဘဝ ဤမျှ မြန်မြန်ဆန်ဆန်ပြောင်းလဲသွားလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးခဲ့မိပေ။
ယနေ့မနက်ပိုင်းကတင် ဒုက္ခတစ်ခုမှ လွတ်မြောက်ခဲ့လို့ ကျေးဇူးတင်နေမိသော်လည်း၊ ယခုမူ ခါးသီးသော လက်တွေ့ဘဝကြောင့် သူမ အတွေ့ချင်ဆုံးသော လူများနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အတင်းအကျပ် ဖိအားပေးခြင်းခံလိုက်ရသည်။
စကားပြောရန် အဆင်ပြေစေရန် ပိုင်ချီယွီ ဟန်ဝေ့လန်တို့အဖွဲ့အား သီးသန့်ဆန်သော စားသောက်ဆိုင်တစ်ခုသို့ ခေါ်ဆောင်သွားပြီး သီးသန့်ခန်းတစ်ခု ငှားလိုက်သည်။
“ကြိုက်တာ မှာလေ”
သူ လူကြီးလူကောင်းဆန်စွာဖြင့် ဟန်ဝေ့လန်ထံသို့ မီနူးကို အရင်ကမ်းပေးလိုက်ပြီး ဘာမှ ထပ်မမေးတော့ပေ။
သူမ ကိုယ့်ဘာသာ အရင်ရောက်လာမှတော့ သူမ လာရခြင်းရဲ့ ရည်ရွယ်ချက်ကို သေချာပေါက် ပြောပြပါလိမ့်မည်၊ အလျင်စလို လုပ်နေစရာ မလိုချေ။
ဟန်ဝေ့လန် မီနူးကို ယူကာ အစားအစာအချို့ မှာလိုက်သည်။ ပိုင်ချီယွီ သတိထားမိသည်မှာ ထိုအရာများမှာ ချင်ချင် အကြိုက်ဆုံး အစားအစာများ ဖြစ်နေခြင်းပင်။ သူ စားပွဲပေါ်တွင် လက်ချောင်းလေးများ ခဏမျှ တင်လိုက်သော်လည်း ဘာမှ မပြောခဲ့ပေ။
အစားအစာများ စောင့်နေစဉ်အတွင်း ဟန်ဝေ့လန်မှာ ခေါင်းငုံ့လျက် တိတ်ဆိတ်နေသဖြင့် အခန်းတွင်း လေထုမှာ အနေရခက်နေသည်။
ထိုတိတ်ဆိတ်မှု ဆက်ရှိနေလိမ့်မည်ဟု လူတိုင်း ထင်နေကြစဉ်မှာပင် ချင်ချင် စတင်၍ စကားပြောလိုက်သည်။
“လန်လန်”
ကောင်မလေး မတ်တပ်ရပ်လိုက်ပြီး စားပွဲပေါ်မှ အမြည်းပန်းကန်လေးများကို ဟန်ဝေ့လန်ဘက်သို့ တွန်းပို့ပေးလိုက်သည်။
“လန်လန်၊ စားလေ”
ဟန်ဝေ့လန် ချင်ချင်နှင့် အပြင်ထွက်စားသည့်အခါတိုင်း အမြည်းပန်းကန်လေးများ စားရသည်ကို သဘောကျတတ်သည်။
အဘယ်ကြောင့်ဆိုသော် သူမမှာ အလုပ်များလွန်းသဖြင့် ထမင်းစားချိန် မှန်လေ့မရှိရာ၊ အမြဲတမ်း ငတ်မွတ်နေသော သရဲတစ်ကောင်လို လက်လှမ်းမီရာကို စားတတ်ခြင်းကြောင့် ဖြစ်သည်။
အစားအစာများ စောင့်ရသည့် အချိန်မှာ သူမအတွက် အဆိုးရွားဆုံး ဖြစ်သည်၊ အစားအစာကိုလည်း မျှော်လင့်နေသလို ဆာလောင်မှုကိုလည်း မအောင့်နိုင်သဖြင့် အမြည်းလေးများကိုသာ အားကိုးနေရခြင်း ဖြစ်သည်။
၎င်းမှာ သေးငယ်သော အပြုအမူလေးသာ ဖြစ်ပြီး၊ မှတ်ဉာဏ်များ ပျောက်ဆုံးနေသော ချင်ချင်လေးမှာလည်း သူမ ဘာကြောင့် ထိုသို့လုပ်မိသည်ကို နားမလည်ပေ။
သို့သော် ဟန်ဝေ့လန်အတွက်မူ ၎င်းမှာ သူမ နှလုံးသားကို ကျောက်တုံးကြီးနှင့် ထုလိုက်သည့်အလား လေးလံလှသည်။
သူမ၏ စိတ်ခံစားချက်များမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားတော့သည်။
“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်...”
ဟန်ဝေ့လန် သူမ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ အဆက်မပြတ် ငိုကြွေးနေတော့သည်။
ပိုင်ချီယွီမှာ သူမ၏ ရုတ်တရက် ပေါက်ကွဲမှုကြောင့် လန့်သွားပြီး၊ သူမအတွက် တစ်ရှူးများ အလိုအလျောက် ထုတ်ပေးလိုက်မိသည်။
“အဆင်ပြေရဲ့လား?”
သူ ဖူဟန် စကားကို နားမထောင်ဘဲ ဟန်ဝေ့လန်အား သွားရောက် စနောက်မိခဲ့သည်ကို နောင်တရမိသွားသည်။ ချင်ချင့် စိုးရိမ်ပူပန်နေသော မျက်နှာလေးကို မြင်ရသည့်အခါ ထိုခံစားချက်မှာ ပိုပြင်းထန်လာသည်။
အခု ဘာလုပ်ရမလဲ?
ကံကောင်းထောက်မစွာဖြင့် ဟန်ဝေ့လန်မှာ ခဏမျှ ငိုပြီးနောက် တည်ငြိမ်မှု ပြန်ရလာကာ ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။
ဟန်ဝေ့လန် သူမ လက်များအား ချလိုက်ရာ၊ သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးထံမှ အရင်က မတွေ့ဖူးသော အားနည်းမှုနှင့် အားကိုးရာမဲ့မှုများ ခံစားနေရသည်။ အမြဲတမ်း သန်မာပုံရသော ဤအမျိုးသမီးအား ထိုကဲ့သို့သော အခြေအနေအထိ ရောက်အောင် မည်သည့်အရာက ဖိအားပေးခဲ့ပါလိမ့်။
“တောင်းပန်ပါတယ်၊ ရှင့်ဆီကို ပြန်မလာသင့်ဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ကျမမှာ တခြားရွေးချယ်စရာ မရှိတော့လို့ပါ”
ဟန်ဝေ့လန် တစ်ရှူးဖြင့် မျက်ရည်များ သုတ်ရင်း အက်ကွဲသောအသံဖြင့် ဆိုသည်။
“ကျမကို... ပိုက်ဆံခဏလောက် ချေးပေးနိုင်မလား?”
ပိုက်ဆံချေးမယ်?
ပိုင်ချီယွီ မျက်ခုံးအသာအယာ မြှင့်လိုက်သည်။
“ဘယ်လောက်လဲ?”
“ယွမ် ငါးသန်း”
၎င်းမှာ နည်းသောပမာဏ မဟုတ်သော်လည်း ပိုင်ချီယွီအတွက်မူ အများကြီးလည်း မဟုတ်ပေ။
“ရတာပေါ့”
“စိတ်မပူပါနဲ့၊ ငါ ငါ့ရဲ့ ဆိုင်တွေနဲ့ အိမ်ကို လွှဲပြောင်းဖို့ လုပ်နေပါပြီ၊ အခုက အရမ်းအရေးတကြီး လိုနေလို့ ရှင့်ဆီက ချေးရတာပါ၊ အဲဒီပစ္စည်းတွေ ရောင်းပြီးတာနဲ့ ချက်ချင်း ပြန်ဆပ်ပါ့မယ်... ရှင် ဘာပြောလိုက်တာလဲ?”
ဟန်ဝေ့လန်မှာ သူမ၏ ပြန်ဆပ်မည့် အစီအစဉ်အား တတွတ်တွတ် ပြောနေရင်းမှ၊ ပိုင်ချီယွီ တကယ်ပင် သဘောတူလိုက်မှန်း သိလိုက်ရသောအခါ ရုတ်တရက် ရပ်သွားတော့သည်။
သူမ မှင်တက်သွားရပြီး၊ သူမ၏ ဆွဲဆောင်မှုရှိသော ဖီးနစ်မျက်လုံးလေးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားရတော့သည်။