ကျွန်တော်တို့ သူငယ်ချင်းတွေလား (Chapter – 159)
Vol. 11 Ch. 159
ရှန်မိုက ကတ်ကို ကိုင်ထားရင်း ခဏတာ တိတ်ဆိတ်နေပြီးနောက် အနက်ရောင်ကတ်ကို စားပွဲပေါ်သို့ ဖြည်းညှင်းစွာ ပြန်ပစ်ချလိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောသည်။ “ကျွန်တော် လက်ရှောင်လိုက်ပြီ။”
သူက ပဟေဠိအပိုင်းအစကို ပြသလိုက်သည်။
တစ်စက္ကန့်အကြာတွင် ရှန်မို၏ခန္ဓာကိုယ်သည် လူတိုင်း၏ အမြင်အာရုံမှ ပျောက်ကွယ်သွားတော့သည်။
…
အဖြူရောင်ကတ်- အသုံးပြုပြီးသား ကတ် ၁ ကတ်။
အနက်ရောင်ကတ်များ- ရွေးချယ်ရန် ၃ ကတ်နှင့် အသုံးပြုပြီးသား ၁ ကတ်။
စစ်ဆေးရေးမှူးက တိတ်ဆိတ်စွာ ပြုံးသွားသည်။
ပိုင်ယို့ဝေအလှည့်ဖြစ်သည်။
သူမက အလျင်အမြန် ကတ်ဆွဲခြင်းမပြုဘဲ ဝူလီလီနှင့် ကျန်းချီကို ကြည့်လိုက်သည်။
“ကျွန်မ ရှင်တို့ အားလုံးကို ခေါ်ထုတ်ချင်ခဲ့တာ၊ ဒါပေမယ့်…” ပိုင်ယို့ဝေက ဘေးနားက ဗလာနေရာကို ကြည့်လိုက်သည်။ “မြင်တဲ့အတိုင်းပဲ၊ မမျှော်လင့်တဲ့ ကိစ္စတစ်ခု ဖြစ်သွားတယ်။ အခု အဖြူရောင်ကတ် တစ်ကတ်ပဲ ကျန်တော့တယ်။ အဖြူရောင်ကတ် ရွေးတဲ့သူက အသက်ရှင်မယ်။ ဘယ်သူက ပိုပြီး အရည်အချင်းပြည့်မီလဲဆိုတာ ကျွန်မ မဆုံးဖြတ်ဘူး။ ရှင်တို့ ကိုယ်တိုင် ဆုံးဖြတ်ကြပါ။”
သူမ ပြောပြီးသည်နှင့် လက်ကိုမြှောက်ကာ စောင့်ဆိုင်းနေသည့် ကတ်သုံးကတ်ထဲမှ အနက်ရောင်ကတ်တစ်ကတ်ကို ကောက်ယူလိုက်ပြီးပြောသည်။ “ကျွန်မ စွန့်စားခန်းကို ရွေးမယ်။”
အနက်ရောင်ကတ်ကို လှန်လိုက်သည်။
[စွန့်စားမှုကြီး– မင်းရဲ့ ခန္ဓာကိုယ်ကို ခွဲပြီး ရေ၊ ပရိုတင်းနဲ့ ဓာတ်ပစ္စည်းတွေ အပြည့်အဝပါတဲ့ သွေးတွေကို ထုတ်ပစ်ရဲလား။]
ပိုင်ယို့ဝေက မျက်ခုံးပင့်လိုက်သည်။ “ဪ… ကံကောင်းလိုက်တာ။ ကိုယ်တိုင်ရေးခဲ့တဲ့ ကတ်ပဲ။”
စစ်ဆေးရေးမှူးလည်း မြင်သွားပြီး အပြုံးတစ်ဝက်ဖြင့် ပြောသည်။“လိမ္မာပါးနပ်တဲ့ မေးခွန်းပဲ။”
“ဟုတ်တယ်။” ပိုင်ယို့ဝေက အနက်ရောင်ကတ်ကိုယူပြီး ထက်မြက်သည့် အစွန်းနှင့် သူမလက်ချောင်းမှာ ဒဏ်ရာတစ်ခု ဖောက်လိုက်သည်။ အနီရောင်ရဲရဲ သွေးများ ပန်းထွက်လာပြီး သူမ၏အဖြူရောင်စကတ်ပေါ်သို့ ကျပြီး အစက်အပြောက်များ ထင်ကျန်ခဲ့သည်။
“ကျွန်မ ရေးတုန်းက ရှင် ပြောတာကို မှတ်မိတယ်။ ဒီလို ရေးတာ ကောင်းမယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် ရှင့်ရဲ့ လက်ရှိခန္ဓာကိုယ်က လူသားတွေနဲ့ မတူဘူး။ အလားတူ ပါဝင်မှုနဲ့ သွေးမထွက်နိုင်ဘူးမလား။”
သူမ ပြောပြီးသည်နှင့် ဒဏ်ရာကို ဖြည်းညှင်းစွာ စုပ်လိုက်ပြီး သူမမျက်လုံးညိုညိုတွေနှင့် စစ်ဆေးရေးမှူးကို တိတ်တိတ်ဆိတ်ဆိတ် စိုက်ကြည့်နေလေသည်။
စစ်ဆေးရေးမှူးက ခဏတာ တိတ်ဆိတ်နေပြီးမှ ပြုံးကာပြောသည်။ “ကောင်းပြီ။ ငါက အဲ့ဒါကို မလုပ်နိုင်ဘူး။ ကံကောင်းစွာပဲ မင်း ရခဲ့တာမလို့ပေါ့။”
ပိုင်ယို့ဝေ၏အနက်ရောင်ကတ်မှာ ပျောက်ကွယ်သွားတော့သည်။
နောက်တစ်ခုက ဝူလီလီ၏အလှည့်ဖြစ်သည်။
အဖြူရောင်ကတ် - အသုံးပြုပြီးသား ကတ် ၁ ကတ်။
အနက်ရောင်ကတ်များ - ရွေးချယ်ရန် ၂ ကတ်နှင့် အသုံးပြုပြီးသား ၁ ကတ်။
“မင်း ဘာကို ရွေးမလဲ။” စစ်ဆေးရေးမှူးက ဝူလီလီကို စိတ်ဝင်တစား ကြည့်သည်။ “အနက်ရောင်ကတ် နှစ်ကြိမ် ဆက်တိုက်ပြီးရင် မင်း အဖြူရောင်ကတ်ကို ရွေးရမယ်။ မဟုတ်ရင် အဖြူရောင်ကတ်တစ်ကတ်ကို ဖယ်ရှားဖို့ အနက်ရောင်ကတ် နှစ်ကတ်ကို သုံးရလိမ့်မယ်။”
ဝူလီလီက သူမမျက်လုံးနီနီတွေကို ပြင်းထန်သော စိတ်ပျက်အားငယ်မှုနှင့် ဖွင့်လိုက်သည်။
စစ်ဆေးရေးမှူးက ထိုအချိန်၌ သူမကို သဘောတကျ မေးသည်။ “မင်း ဘာကို ရွေးမလဲ။ မင်း အဖော်တွေအတွက် အခွင့်အလမ်း ရဖို့ အနက်ရောင်ကတ် နှစ်ကတ်ကို စွန့်လွှတ်ပြီး ရွေးမလား။ ဒါမှမဟုတ် ပုံမှန်အတိုင်းဖြစ်စေပြီး အဖြူရောင်ကတ်ကို ရွေးပြီး ကျန်တဲ့ အနက်ရောင်ကတ်တွေ အားလုံးကို မင်းရဲ့ အဖော်တွေအတွက် ချန်ထားခဲ့မလား။”
ဝူလီလီက နာကျင်စွာ ခေါင်းငုံ့ထားပြီး ကျန်းချီ၏မျက်နှာကို မကြည့်ရဲပေ။
သူမ မသေချင်ပေ။
ဒါပေမယ့် သူငယ်ချင်း သေတာကိုလည်း မကြည့်ချင်ပေ။
“လီလီ။ အဖြူရောင်ကတ်ကို ရွေးပါ။”
ကျန်းချီ၏အသံက ဘာလှိုင်းပုတ်မှုမှမရှိဘဲနှင့် တည်တည်ငြိမ်ငြိမ် ထွက်လာသည်။
“ကျွန်တော်တို့က အစကတည်းက သိပ်မရင်းနှီးခဲ့ကြဘူး။ ကျွန်းပေါ်မှာ နှစ်လလောက် အတူတူ နေခဲ့ကြရုံပဲ။ သူငယ်ချင်းလို့တောင် မသတ်မှတ်နိုင်ဘူး။ ဒါကြောင့် မလိုပါဘူး။”
ဝူလီလီ၏မျက်လုံးများမှာ ဝေဝါးနေကာ မျက်ရည်များ ပါးပြင်ပေါ် ကျလာနေသည်။
ကျွန်မတို့ တကယ်ပဲ သူငယ်ချင်းတွေ မဟုတ်ခဲ့ဘူးလား။
သူငယ်ချင်းတွေ မဟုတ်ရင် ပိုင်ယို့ဝေ ပြောတာတွေကို ဘာကြောင့် သူ့ကို ပြောပြသနည်း။
သူငယ်ချင်းတွေ မဟုတ်ရင် သူမဟန်ဆောင်တာကို ဘာကြောင့်မဖော်ထုတ်ခဲ့သနည်း။
ကျွန်မတို့ တကယ်ပဲ သူငယ်ချင်းတွေ မဟုတ်ဘူးလား။
“ဆုံးဖြတ်ပြီးပြီလား။” စစ်ဆေးရေးမှူးက မေးသည်။ “အမှန်တရားလား ဒါမှမဟုတ် စွန့်စားမှုလား။”
“လီလီ။ အဖြူရောင်ကတ်ကို ရွေးပါ။” ကျန်းချီက အသံကို လျှော့ချလိုက်သည်။ “ဒီတစ်လှည့်မှာ မင်း အနက်ရောင်ကတ် နှစ်ကတ် ရွေးရင်တောင်၊ သူ ကျန်တဲ့ အနက်ရောင်ကတ်ကို ဆွဲသွားရင်တောင် ကျွန်တော်တို့ မရှင်သန်နိုင်ဘူး။”
နောက်ဆုံး အနက်ရောင်ကတ်- မင်းကလွဲလို့ ကစားကွင်းထဲက ကစားသမားအားလုံးကို သတ်ရဲလား။
ဝူလီလီက ခေါင်းကို တင်းတင်းငုံ့ထားပြီး လက်ချောင်းတွေကို တုန်တုန်ရီရီ မြှောက်ကာ စားပွဲပေါ်သို့ တဖြည်းဖြည်း ချလိုက်သည်။
အမှန်တရား ဒါမှမဟုတ် စွန့်စားမှု?
အမှန်တရား?
စွန့်စားမှု?
လက်ချောင်းက နောက်ဆုံးတော့ တစ်ခုတည်းသော ကျန်ရှိနေသည်။ အဖြူရောင်ကတ်ကို ထိလိုက်သည်။ ဒါက ကျူရှောက်ဖန် မဖြေနိုင်ခဲ့တဲ့ မေးခွန်းပဲဖြစ်သည်။
[အမှန်တကယ် ပြောပြပါ– မင်း တစ်ယောက်ယောက်ကို ထိခိုက်အောင်လုပ်ဖူးလား]
“ကျွန်မ တောင်းပန်ပါတယ် ကျန်းချီ။”
ဝူလီလီက ခေါင်းကို တင်းတင်းငုံ့ထားပြီး ပူနွေးသည့် မျက်ရည်များက ပါးပြင်ကို လောင်ကျွမ်းစေသည်။
“ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ ရှင့်ကို ထိခိုက်စေခဲ့ပါတယ်! ကျွန်မ ရှင့်ကို ထိခိုက်စေခဲ့ပါတယ်! ကျွန်မ တောင်းပန်ပါတယ်!!!”
အဖြူရောင်ကတ်က ဖုန်မှုန့်များ ဖြစ်သွားသည်။ ဝူလီလီသည် တင်းမခံနိုင်တော့ဘဲ မျက်ရည်များ ကျလာသည်။