ပုံမှန်စေလွှတ်ခြင်း (Chapter – 162)
Vol. 11 Ch. 162
တောင်ကုန်းအောက်ခြေတွင် လှေကားထစ်များ ရှိပြီး ဘီးတပ်ကုလားထိုင်သွားနိုင်သည့် လမ်းမရှိပေ။ ပိုင်ယို့ဝေသည် ဘီးတပ်ကုလားထိုင်ဖြင့် ဆင်း၍မရနိုင်ဘဲ တောင်ကုန်းထိပ်တွင်သာ နေကာ စိတ်ပူနေခဲ့သည်။
“ရှန်မို… ရှန်မို…” သူမ အကြိမ်ကြိမ် အော်ခေါ်နေသည်။
ဝူလီလီသည် မျက်ရည်များသုတ်လျက် ဖော်ရွေစွာဖြင့် မေးလိုက်သည်။”ကျွန်မ တွန်းပေးရမလား။”
ပိုင်ယို့ဝေသည် သူမကို စိတ်မရှည်စွာ မျက်လုံးလှန်လိုက်သည်။ “ရှင်က ဘယ်လောက်တောင် အားသန်လို့လဲ။ ကျွန်မရှင်နဲ့အတူ လှိမ့်မဆင်းသွားချင်ဘူး။”
ဝူလီလီသည် နာကြည်းစွာ အောက်နှုတ်ခမ်းကို ကိုက်လိုက်၏။
ပိုင်ယို့ဝေက သူမကို ထပ်မံ အမိန့်ပေးလိုက်သည်။ “ဆင်းသွား။ ကျွန်မအစ်ကိုကို ရှာ။”
“ဒီနေရာက အရမ်းကျယ်တယ်… ဘယ်မှာ ရှာရမှာလဲ။” ဝူလီလီက ပြောလိုက်သည်။
“ရှာခိုင်းတာ ရှာပါ။ ဘာလို့ စကားတွေ အများကြီးပြောနေတာလဲ။။” ပိုင်ယို့ဝေက အော်လိုက်သည်။ “မရှာဘဲနဲ့မတွေ့နိုင်ဘူးဆိုတာ ရှင် ဘယ်လိုသိမှာလဲ။”
ဝူလီလီသည် သူမကို ကြောက်သဖြင့် မျက်ရည်များသုတ်လျက် ဆင်းသွားလေသည်။
ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် အဝေးတွင် ရွာအိမ်တစ်အိမ်၏ တံခါးဖွင့်နေသည်ကို တွေ့ရပြီး ရှန်မိုသည် လူတစ်ယောက်ကို လက်ဆွဲကာ အတွင်းမှ ထွက်လာသည်။ ထိုလူသည် ဦးလေးကျောက်ပင် ဖြစ်၏။
“ရှန်မို” ပိုင်ယို့ဝေက သူ့ကို လှမ်းအော်လိုက်သည်။
ရှန်မိုသည် လက်တစ်ဖက်ကို လွှတ်ကာ ဝှေ့ယမ်းပြသည်။
ပိုင်ယို့ဝေက ဝူလီလီကိုပြောလိုက်သည်။ “ငါ့ကို တွန်းလိုက်။”
“အာ” ဝူလီလီ ကြောင်သွားသည်။ “ဒါပေမဲ့ ခုနက ရှင် ပြောခဲ့တာ မဟုတ်လား…”
“တွန်းခိုင်းရင် တွန်းလိုက်။” ပိုင်ယို့ဝေ စိတ်ပြန်ဆိုးသွားသည်။ “ရှင်က တော်တော်လေး နှေးတယ်။”
“…” ဝူလီလီသည် သူမကို ရန်မစဝံ့တော့ဘဲ တိတ်ဆိတ်စွာ ဖြင့်ဘီးတပ်ကုလားထိုင်၏ လက်ရန်းကို ကိုင်ပြီး လှေကားထစ်များမှ ဆင်းသွားသည်။
သူတို့ ပိုမိုနီးကပ်လာသောအခါ ကျောက်ကျင့်ထောင်းကို ရှန်မိုက ကြိုးတုပ်ထားသည်ကို တွေ့ရှိရသည်။ အဘိုးအိုသည် မျက်နှာညှိုးငယ်နေပြီး တစ်ခွန်းမျှမပြောပေ။ သူ ပြောစရာ ဘာမှမရှိတော့ပုံရသည်။
“အရုပ်တွေ အားလုံးက အဲဒီအိမ်တွေထဲမှာ” ရှန်မိုက ဟိုဘက်က တဲအိမ်ကို လက်ညှိုးထိုးပြပြီး “လူတိုင်းရဲ့ ခရီးဆောင်အိတ်တွေလည်း အဲဒီမှာပဲ။ သူက အလုပ်ကို အရမ်းဂရုစိုက်တယ်။ လူတစ်ယောက် ဂိမ်းထဲဝင်တာနဲ့ သူက ဘေးနားမှာ ရပ်ပြီး စောင့်ကြည့်နေတတ်တယ်။ လူတစ်ယောက် အရုပ်ဖြစ်သွားတာနဲ့ သူ့ကို အိမ်ထဲ ဆွဲထည့်ပြီး ဝှက်ထားတတ်တယ်။ ခရီးဆောင်အိတ်တွေလည်း အဲဒီလိုပဲ။ ဒီနည်းနဲ့ နောက်တစ်ခါ လူတွေကို ကျွန်းပေါ်ပို့တဲ့အခါ ဘယ်သူမှရှာမတွေ့နိုင်တော့ဘူး”
“သူက ကျွန်မတို့နဲ့အတူ လာတာ။ ဘာလို့ သူ အဆင်ပြေနေတာလဲ။” ပိုင်ယို့ဝေက မေးလိုက်သည်။
ရှန်မိုက မျက်လုံးများကို အောက်ချကာ ဦးလေးကျောက်ကို ကြည့်လိုက်ပြီးနောက် စိတ်အေးလက်အေးဖြင့် “ငါ သူ့ကို မေးကြည့်တော့ ကစားသမားတွေက တူညီတဲ့ဂိမ်းထဲကို ထပ်ခါတလဲလဲ ဝင်လို့မရဘူးလို့ သူပြောတယ်။ ဒါကြောင့် သူ အရုပ်ဂိမ်းဧရိယာထဲကို ဝင်သွားရင်တောင် ဂိမ်းက အစပျိုးမှာ မဟုတ်ဘူး”
ပိုင်ယို့ဝေကပြောလိုက်သည်။ “အင်း… ဟုတ်တယ်။ အဆင့်တစ်ခုကို ရှင်းတဲ့နည်းကို ကျွမ်းကျင်သွားပြီး ဂိမ်းဆုလာဘ်တွေကို ထပ်ခါတလဲလဲ ပြန်ယူရင် အလိမ်အညာဖြစ်သွားပြီ”
ဝူလီလီသည် သူတို့ကဲ့သို့ စိတ်တည်ငြိမ်ခြင်း မရှိပေ။ သူမက ရှေ့သို့ ပြေးဝင်ပြီး အဘိုးအို၏အဝတ်အစားများကို ဆွဲကိုင်ကာ ဒေါသတကြီး မေးခွန်းထုတ်သည်။
“ကျောက်ကျင့်ထောင်း ရှင် ဘာလို့ ဒီလိုလုပ်တာလဲ။ ဘာလို့လဲ။တခြားလူတွေကို သတ်တာ ထားပါတော့။ ဒါပေမဲ့ ဘာလို့ ကျန်းချီကို သတ်တာလဲ။ကျန်းချီနဲ့ ဆန်းဝေတို့က ရှင့်ကို ကျွန်းပေါ်မှာ ကူညီနေတာ။ ရှင်က ဘာနဲ့ လုပ်ထားတာလဲ။ဘာလို့ ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ။ အာ ဘာလို့လဲ။”
ဦးလေးကျောက်က ခေါင်းမော့ကြည့်လိုက်သည်။ သူ့မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိ။ “သူက ဒီကို မဖြစ်မနေ လာချင်တာ။ မင်းတို့လည်း အဲဒီလိုပဲ”
--- ဖြောင်း။
ထို့နောက် ဝူလီလီမှာ ဒေါသထွက်လွန်းသဖြင့် အဘိုးအို၏မျက်နှာကို အားနှင့် ရိုက်လိုက်တော့သည်။
“တိရစ္ဆာန်” သူမ အော်ငိုလိုက်သည်။
ကျောက်ကျင့်ထောင်းကတော့ မလှုပ်မယှက်ပဲ သူ့မျက်နှာက ထုံထိုင်းနေ၏။
ပိုင်ယို့ဝေက ဝူလီလီကို ကြည့်လိုက်ပြီးနောက် ဦးလေးကျောက်ကို ကြည့်ကာ စူးစမ်းစွာ မေးလိုက်သည်။ “ဟေး နားမလည်တာ တစ်ခုရှိတယ်။ ရှင် ဒီကျွန်းမှာ အန္တရာယ်ရှိတယ်ဆိုတာ သိရက်နဲ့ အမြန်ဆုံး ရှောင်ရှားလို့ရရဲ့သားနဲ့ ဘာလို့ လူတိုင်းကို ဒီကျွန်းမှာ လုံခြုံတဲ့ နေရာတစ်ခုရှိတယ်လို့ လိမ်ပြောတာလဲ။”
ဦးလေးကျောက်က ခေါင်းငုံ့ပြီး လျစ်လျူရှုထားသည်။
ပိုင်ယို့ဝေက ဆက်ပြီး ခန့်မှန်းနေသည်။ “ကျွန်းပေါ်မှာ လူတွေ အရမ်းများနေလို့ ဒါကြောင့် ရှင်က အရင်းအမြစ်တွေ ချွေတာဖို့ သူတို့ကို ကျွန်းပေါ် ပို့လိုက်တာလား။… အင်း အဲဒါ မဖြစ်နိုင်ပါဘူး။ အခု ကျွန်းပေါ်မှာ လူ ၆၀၊ ၇၀ လောက်ပဲ ရှိသေးတာ။ အများကြီး မဟုတ်ဘူး။ လူဦးရေ ထပ်လျှော့သွားရင် ကျွန်မတို့ ငါးဖမ်းတာ၊ သစ်ခုတ်တာတွေ လုပ်နိုင်တော့မှာ မဟုတ်ဘူး…”
သူမ၏မျက်လုံးများက ဦးလေးကျောက်ဆီသို့ ပြောင်းသွားသည်။ “ဒါဆို… ရှင်ကတကယ်တော့ လူသတ်သမားတစ်ယောက်ဖြစ်ရတာကိုပျော်နေတာလား။”
“ဟား” ကျောက်ကျင့်ထောင်းက လှောင်ပြောင်လိုက်သည်။ “မင်းတို့ ဘာမှမသိဘူး။ ငါ လူတွေကို ပုံမှန် ဂိမ်းထဲ မပို့ခဲ့ဘူးဆိုရင် ဆန်းရှန်းကျွန်းပေါ်က လူတိုင်း သေကုန်တာကြာပြီ။”