ငါတို့က သိုးတွေပဲ (Chapter – 163)
Vol. 11 Ch. 163
“ရှင် လိမ်ပြောနေတာ။” ဝူလီလီက ဒေါသတကြီး ပြောလိုက်သည်။ “ကျွန်းနှစ်ကျွန်းက ဒီလောက်ဝေးတာ ဘာမှဖြစ်စရာ အကြောင်းမရှိဘူး။ ကျွန်မတို့ ဆန်းရှန်းကျွန်းမှာ အမြဲတမ်း ဘေးကင်းခဲ့တာ။ ရှင့်ကြောင့်သာ မဟုတ်ရင်… အားလုံး ရှင့်ကြောင့်ပဲ။ ကျွန်မတို့အားလုံး သေကုန်ပြီ။”
ကျောက်ကျင့်ထောင်းက ပြောလိုက်သည်။ “ဝေးနေရင် အဆင်ပြေမယ်လို့ ထင်လား။ ငါတို့ကြားမှာ ရေရှိရင် အဆင်ပြေမယ်လို့ ထင်လား။ ငါပြောမယ် ဂိမ်းက ရွေ့လျားနိုင်တယ်။”
ပိုင်ယို့ဝေ အံ့ဩသွားသည်။ “ဂိမ်းနယ်မြေက မတည်မြဲဘူးလား။”
ကျောက်ကျင့်ထောင်းက မျက်လုံးမှိတ်ပြီး သစ်သားရုပ်ကဲ့သို့ ပြန်ဖြေသည်။ “အစတုန်းကတော့ တည်မြဲခဲ့တာ… ဒါပေမဲ့ ၇ ရက်ဆက်တိုက် ကစားသမားတွေ ဂိမ်းထဲ မဝင်ဘူးဆိုရင် ဂိမ်းနယ်မြေက ရွေ့လျားသွားလိမ့်မယ်။ အမဲလိုက်တာနဲ့ တူတူပဲ… ငါတို့က သိုးတွေ။ ဝံပုလွေတွေက သိုးအများကြီးရှိတဲ့ နေရာကို အလိုအလျောက် ရှာဖွေလိမ့်မယ်”
လူသုံးယောက်လုံး ခေတ္တမျှ တိတ်ဆိတ်သွားကြ၏။
ဝူလီလီ ထိုသတင်းကို သိလိုက်ရတော့ ပိုပြီး ကြောင်သွားသည်။
သူမ ဆန်းရှန်းကျွန်းကို ရောက်ပြီးနောက် ကျောက်ကျင့်ထောင်းက လူတွေကို “အခြေစိုက်စခန်း” ဟု ခေါ်သောနေရာဆီ ပို့သည်ကို မြင်ဖူးသဖြင့် မှတ်မိနေသည်။ သူက အပတ်တိုင်း လုပ်သည်။ လူတိုင်းကလည်း ယုံကြည်သည်။ တစ်ခါတရံတွင် သံသယရှိသူအနည်းငယ်ကို “ရွေးချယ်” ပြီး နောက်အပတ်တွင်ထို နေရာသို့ ပို့တတ်သည်။… အချိန်ကြာလာသောအခါတွင် ကျန်ခဲ့သူများမှာ ကျောက်ကျင့်ထောင်းကို အလွန်သစ္စာရှိသူများသာဖြစ်သည်။ ဥပမာ သူမ၊ ကျန်းချီ၊ ဆန်းဝေ…
သို့သော်ထိုအရာအားလုံးကအလိမ်အညာများသာဖြစ်နေခဲ့သည်။
အခြေစိုက်စခန်းသည် ဘယ်မှာမှမရှိပေ။
ထိုလူများ အားလုံး သေကုန်ကြပြီဖြစ်သည်။
ထိုလူများ အားလုံး သေကုန်ကြပြီ။ ကျန်းချီတောင် ထိုနေရာတွင်သေခဲ့သည်။
ကျန်းချီ၏သေဆုံးခြင်းကို တွေးမိတော့ ဝမ်းနည်းပူဆွေးမှုများ လွှမ်းမိုးကာ သူမ လုံးဝ စိတ်မထိန်းနိုင်တော့ပေ။ သူမက ရှေ့သို့ပြေးဝင်ပြီး ကျောက်ကျင့်ထောင်းကို ရူးသွပ်စွာ ရိုက်နှက်တော့သည်။
“ရှင့်ကြောင့်ပဲ အားလုံး ရှင့်ကြောင့်ပဲ။ ဘာလို့ မသေတာလဲ။ သေလိုက်ပါတော့။”
ကျောက်ကျင့်ထောင်းက ကြိုးတုပ်ခံထားရသဖြင့် ပြန်မခုခံနိုင်ပေ။ သူဘာမှမပြောဘဲ အကြိမ်အနည်းငယ် အထိုးခံရပြီးနောက်တွင် သူ့မျက်နှာက ချက်ချင်း နီရဲပြီးရောင်ရမ်းသွားသည်။
ရှန်မိုက ဝူလီလီကိုဖမ်းဆွဲပြီး ရူးသွပ်နေသည်ကို တားဆီးလိုက်သည်။
ဝူလီလီမှာ ရှိုက်ကြီးတငင် ငိုနေကာ မောဟိုက်သွား၏။
ပိုင်ယို့ဝေ ထိုမြင်ကွင်းကို ကြည့်ရသည်မှာ ခေါင်းကိုက်လာပြီး ရှန်မိုကိုမေးလိုက်သည်။ “အခု ဘာလုပ်ရမလဲ။”
ရှန်မို ခဏစဉ်းစားပြီးပြောလိုက်သည်။ “အရင်ဆုံး ပြန်ခေါ်သွားပြီး ကျွန်းပေါ်ကလူတွေကို သူ့ဘာသာသူ ဖြေရှင်းပါစေ”
မည်သို့ပင်ဖြစ်စေ ရှန်မိုနှင့်ပိုင်ယို့ဝေက လမ်းကြုံလာခြင်းဖြစ်သည်။ ဦးလေးကျောက်က အသက်ပေါင်းများစွာကို သတ်ခဲ့သည့်အတွက် သူတို့ ဤကိစ္စကို တိုက်ရိုက် ဝင်ရောက်စွက်ဖက်ရန်မလွယ်ပေ။
ပိုင်ယို့ဝေ နှုတ်ခမ်းစူလိုက်ပြီး အနည်းငယ် စိတ်မပျော်မရွှင်ဖြစ်နေသည်။ “ဒါဆို ကျွန်မတို့ကို ဂိမ်းထဲ ဆွဲသွင်းခဲ့တာကို သူ့ကို ဒီအတိုင်းပဲ လွှတ်ထားတော့မှာလား။”
ရှန်မိုက သူမကို စူးစိုက်ကြည့်လိုက်သည်။ “မင်း ဒီကို လာချင်တာ မဟုတ်ဘူးလား။”
ပိုင်ယို့ဝေက ချွဲနွဲ့စွာဖြင့်ပြောလိုက်သည်။ “…ဟွန့်”
အမှန်တကယ်ပင်။
သူတို့ အစကတည်းက ထွက်သွားနိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ အခြေစိုက်စခန်းသို့ သွားရန် မဖြစ်မနေ လိုအပ်ချက်မရှိပေ။ သို့သော်လူတိုင်းက ထိုနေရာကို အလုအယက် သွားနေကြသောကြောင့် ရှန်မိုက စုံစမ်းချင်ခဲ့ခြင်းဖြစ်သည်။
ပိုင်ယို့ဝေကတော့ ရှန်မိုမရှိဘဲ မနေနိုင်ခြင်းမှာသဘာဝဖြစ်သည်။
သူမက ရှန်မိုရဲ့ လက်ကို ကိုင်ပြီး တိုးတိုးလေး ညည်းတွားလိုက်သည်။ “သူက ကျွန်မတို့ကို ပဟေဠိအပိုင်းအစတစ်ခု အလကားဖြုန်းတီးစေခဲ့တာ”
ရှန်မိုက သူ့နှုတ်ခမ်းထောင့်စွန်းကိုပင့်လိုက်ပြီး သူ့အိတ်ကပ်ထဲက ပဟေဠိအပိုင်းအစနှစ်ခုကို ထုတ်ယူကာ ပိုင်ယို့ဝေရဲ့ လက်ထဲ ထည့်ပေးလိုက်သည်။
“ဒါ အဆင်ပြေလား။”
တစ်ခုက ရှန်မိုဆီက၊ နောက်တစ်ခုက ကျောက်ကျင့်ထောင်းဆီကပင်။
ပဟေဠိအပိုင်းအစနှစ်ခုလုံးက ကိုယ်ခံအားကို အသုံးပြုပြီးဖြစ်သည်။ သို့သော် ပဟေဠိအပိုင်းအစကိုယ်တိုင်ကပင် ရှားပါးသော အရင်းအမြစ်တစ်ခုပဲဖြစ်၏။
ပိုင်ယို့ဝေ ပျော်ပျော်ရွှင်ရွှင် လက်ခံလိုက်သည်။
အပြန်လမ်းတွင် ရှန်မိုက ကျောက်ကျင့်ထောင်းကို ကြိုးဖြည်ပေးပြီး လှေကို မောင်းခိုင်းလိုက်သည်။
ထိုအဘိုးကြီး ဘာတွေးနေလဲ မသိပေ။ မဟုတ်မှ သူက ကျောက်နှလုံးသားနှင့် မွေးဖွားလာခြင်းလား။ သူ့မျက်နှာတွင် မည်သည့်အရာမှ မရှိ။ ရှက်ရွံ့ခြင်း သို့တည်းမဟုတ် ကြောက်ရွံ့ခြင်းလည်း မရှိ။ ကျွန်းကို ပြန်ရောက်ပြီး အမှန်တရားကို မသိသည့် လူများနှင့်ရင်ဆိုင်ရမှာကိုတောင် မကြောက်ရွံသကဲ့သို့ပင်။
ဝူလီလီက သူ့ကို တစ်ချိန်လုံး စိုက်ကြည့်နေသည်။ သူမမျက်လုံးတွေက မုန်းတီးမှုများနှင့်ပြည့်နှက်နေသည်။ သူ့ကို ပြေးဆွဲပြီး အပိုင်းပိုင်း ဖြတ်ပစ်ချင်နေခြင်းဖြစ်၏။
ဆန်းရှန်းကျွန်းကို လှေရောက်တော့ ဆန်းဝေက ဆိပ်ခံတံတားနံဘေးတွင် အလုပ်လုပ်နေသည်။ သူတို့ ပြန်လာသည်ကို မြင်တော့ အံ့ဩသွားသည်။
ယခင်က ကျောက်ကျင့်ထောင်း အခြေစိုက်စခန်းကို သွားရင် အမြဲတမ်း တစ်ယောက်တည်း ပြန်လာတတ်သည်။
“ဦးလေးကျောက် ဘာတွေဖြစ်နေတာလဲ…” ဆန်းဝေက သူတို့၏ မျက်နှာအမူအရာများ မူမမှန်သည်ကို ချက်ချင်း သတိထားမိလိုက်သည်။